အမကြီးအမိရာ

Posted on

အမကြီးအမိရာ(စ/ဆုံး)

——————–

“ဖြန်း”

“ရိုက် ရိုက် သေအောင်သာရိုက်”

“သမီး သေမှအေးမှာ”

နှင်းရီ အိမ်ရှေ့က အသံတွေကြောင့် စိုးရိမ်စိတ်တွေနဲ့

ထွက်ခဲ့လိုက်တော့ အဖေ အိမ်အောက်ကို ခြေလှမ်း

ကျဲကျဲ တွေနဲ့ ဆင်းသွားတာတွေ့လိုက်ရတယ်

အိမ်ရှေ့ ကြမ်းပေါ်မှာ အငယ်မ ဝေမာ က

မှောက်ရက်ကြီး ငိုလို့

“ညီမလေး ဘာဖြစ်တာလဲ”

“လာမမေးနဲ့” “နင်လည်း အတူတူဘဲ”

“နင် လင်ပစ်ခံရတာနဲ့ ငါ့ကို ဆုံးမတယ် ခေါင်းစဉ်

တပ်ပြီး ဟိုပြောဒီပြောနဲ့” ” အဖေ့ ကိုလည်း

တို့လိုက် ထောင်လိုက်နဲ့ ” “ငါ့ ကို လာမပြောနဲ့”

“နင်ပြောတာ ငါ ဘာမှမကြားချင်ဘူး” “မုန်းတယ်”

“နင့်ကိုရော အဖေ့ကို ရော မုန်းတယ်”

ပြောချင်ရာပြောပြီး အခန်းထဲဝင်သွားတဲ့ ဝေမာ့ကို

ကြည့်ရင်း နှင်းရီ သက်ပြင်းချလိုက်မိတယ်

အဖေ ရော ဝေမာ ရော ဘယ်သူမှ အလျော့ပေး

ကြမှာမဟုတ်ဘူး

နှင်းရီ ကရော “ဟင့်အင်း အလျော့မပေးဘူး”

အမေ ဆုံးကတည်းက ညီမလေးကို အမေလိုတမျိုး

အမလို တမျိုးနဲ့ စောင့်ရှောက်ခဲ့ရတာ

နောက်ဆုံး ဘဝနဲ့တောင်လဲခဲ့ရတယ်

ခုတော့ “လင်ပစ်မ” တဲ့ ပြောရက်လိုက်တာ

ဘယ်သူကရော အာ့လို အဖြစ်ရောက်ချင်ပါ့မလဲ

နှင်းရီလည်း ကိုယ့်ချစ်လို့ယူထားတဲ့သူနဲ့ တသက်လုံး

မခွဲမခွာနေချင်တာပေါ့

ရင်ထဲမှာ ဖြစ်လာတဲ့ နာကျင်တဲ့ ခံစားချက်ကြောင့်

တချိန်တုန်းက သူ ကားပေါ်တက်သွားတော့

ကြိတ်မှိတ်မြိုသိပ်ခဲ့ရတဲ့ အချိန်လေးကို

သတိရမိသွားတယ်

“နှင်းရီ အကို သွားမယ်နော်” “လကုန်လောက်ကျတော့

အကို ပြန်လာခဲ့မယ်” နှင်းရီ ကားပေါ်တက်သွားတဲ့

ခင်ပွန်းဖြစ်သူကိုငေးရင်း

အတူလိုက်သွားချင်စိတ်တွေက

ထိန်းမရ ကားအောက်ကနေလက်ပြရင်း မငိုမိအောင်

မနဲဟန်ဆောင်ပြီး နေခဲ့ရဖူးတယ်

နှင်းရီ အိမ်ထောင်ပြု ပြီး အဖေ နဲ့ ညီမလေးကို

စိတ်မချတာကြောင့်ရော ညီမလေး အားငယ်မှာ

စိုးတာကြောင့်ရော အဖေ့တိုနဲ့ တအိမ်ကျော်မှာ

ငှါးနေလိုက်တာကြောင့် အစစအရာရာအဆင်ပြေ

ခဲ့ပေမဲ့ အိမ်ထောင်ကျပြီး ၁ နှစ်လောက်မှာ

ခင်ပွန်းဖြစ်သူက ရာထူးတိုးပြီး တောင်ပေါ်မြို့လေး

တမြို့ကို ပြောင်းရတာကြောင့် နှင်းရီ

လိုက်သွားဖို့အခက်တွေ့ခဲ့ရတယ်

အရွယ်ရောက်စ ပျိုမြစ်နုနယ် လှသွေးကြွယ်နေတဲ့

ညီမလေး ကို ချစ်သူကြိုက်သူပေါတာကတကြောင်း

တနေကုန် အလုပ်သွားပြီး ခပ်အေးအေးနေတတ်တဲ့

အဖေ့ ကို စိတ်ပူမိတာက တကြောင်းမို့

အကြီမ်ကြိမ်စဉ်းစားရင်း အမေ မဆုံးခင်

“သမီးအဖေနဲ့ ညီမလေးကိုစောင့်ရှောက်ပါ သမီးရယ်”

ဆိုတဲ့ အမေ့စကားသံ ပြန်ကြားယောင်ရင်း

နောက်ဆုံးမှာတော့ ခင်ပွန်းဖြစ်သူနောက်မလိုက်

နိုင်တော့ဘဲ ငှါးထားတဲ့ အိမ်လေးပြန်အပ်လို့

အဖေ့ အိမ်ပေါ်ပြန်ရောက်ခဲ့ရတယ်

အစကတော့ နှင်းရီ နဲ့ အမျိုးသားက လကုန်ရင်

တလှည့်စီ သွားကြပြန်ကြ လုပ်ကြပေမဲ့

စရိတ်ထောင်းတာကတမျိုး စိတ်ကစားနေတဲ့ ဝေမာ

ကြောင့် နှင်းရီ အလိုက်ကြဲလာရသလို

ခင်ပွန်းဖြစ်သူကလည်း ရုံးပိတ်ရက်များများရမှဘဲ

ပြန်လာနိုင်တော့တယ်

ဝေမာ့ ရဲ့ လက်ကြောမတင်းတဲ့အပြင် အရက်ကလေး

တမြမြ နဲ့ သောက်ပြီးရစ်တတ်တဲ့ ရည်းစားဦးလေးနဲ့

ဝေမာ ခိုးရာမလိုက်ခင် ခွဲပစ်နိုင်ခဲ့ပေမဲ့လည်း

နှင်းရီ ခင်ပွန်း ဖြစ်သူ ပို့လာတဲ့ ကွာရှင်းစာချုပ်

လေးကိုတော့ အချိန်မီ မတားဆီးနိုင်ခဲ့

နှင်းရီ မျက်ရည် စက်လက်နဲ့လိုက်သွားခဲ့ပေမဲ့

ခင်ပွန်းဖြစ်သူက ငယ်ရွယ်ပြီး ချစ်စရာ့ကောင်မလေးနဲ့

နောက်တမြို့ပြောင်းဖို့အဆင်သင့်ဖြစ်နေခဲ့တာကြောင့်

နှင်းရီ မျက်ရည်သုတ်ရင်းပြန်လာခဲ့လိုက်တယ်

နောက်တော့လည်း ဝေဒနာတွေကို အချိန်က

ကုစားပြီး နောက်ထပ် ဘဝသစ်မရှာဘဲ အဖေ နဲ့

ညီမလေး အတွက်ဘဝကို မြုပ်နှံထားလိုက်မိတယ်

ခုတော့ ညီမလေး အရွယ်ရောက်လို့ အစစအရာရာ

ချင့်ချိန်နိုင်ပြီထင်ခဲ့တာ ပိုတောင်ဆိုးနေသလားဘဲ

အဖေ စိတ်ဆိုးပြီး ထွက်သွားတာမလာသေးတာမို့

နှင်းရီ စိတ်ပူပြီး အိပ်မပျော် အိမ်ရှေ့ခန်းမှာ

လမ်းလျောက်ရင်း အဖေ့ကိုမျော်နေမိတယ်

ညီမလေးကတော့ အသံမကြားရတော့

မောမောနဲ့ အိပ်ပျော်သွားပြီလားမသိ

“ရုပ်ကလေး လှပေမဲ့ အတွေးအခေါ် နဲရှာတယ်”

“အသက်သာ ရလာတယ် ခုထိမရင့်ကျက်ပါလား”

တွေးမိနေတုန်း အဖေ အိမ်ထဲဝင်လာတာတွေ့လို့

“အဖေ ပြန်လာပြီလား” “သမီး ထမင်းခူးလိုက်မယ်နော်”

“မစားတော့ပါဘူး သမီးရယ်” “သမီး ညီမရော”

“အိပ်နေပြီ ထင်တယ်အဖေ” “ထမင်းမစားရင်လည်း

အိုဗာတင်းလေး သောက်လိုက်ပါလား အဖေရယ်”

“တော်ကြာ အစာမရှိလို့ ဗိုက်အောင့်နေမယ် နော်အဖေ”

အဖေ က နှင်းရီကို အားမရှိသလိုကြည့်ရင်း

ခေါင်းငြိမ့်ပြတာကြောင့် နှင်းရီ အှိုဗာတင်းတခွက်

မြန်မြန်ဖျော်လိုက်ပြီး မုန့်ပါပန်းကန်နဲ့ထည့်လို့

အဖေနားချထားလိုက်တယ်

တအောင့်ကြာတော့မှ နှင်းရီ အဖေ့ ခြေသလုံးတွေ

နှိပ်ပေးရင်း “အဖေ နောက်ဆို ညီမလေးကို

သမီးပြောပါ့မယ်” “ပြီးတော့ ဘယ်လိုဘဲဖြစ်ဖြစ်

ညီမလေးကိုမရိုက်ပါနဲ့နော်” “အမေ မရှိကထဲက

အဖေ့ကိုဘဲ အမေလိုအားကိုးပြီး ချစ်လာတာဆိုတော့

အဖေ ရိုက်လိုက် ဆူလိုက်ရင် ပိုဆိုးမှာပေါ့အဖေရယ်”

“သမီးရယ် သမီးညီမ လုပ်ပုံ သမီးလည်းသိသားပဲ”

“အဖေ လည်း ပြောဆို ဖြောင်းဖျနေတဲ့ကြားက

ညနေ က သမီးညီမက ဇွတ်တိုးပြီး

လက်ထပ်မယ်ဆိုတော့ အဖေ့လည်း မျက်လုံးတွေ

ဝေဝါးပြီး စိတ်မထိန်းဖြစ်သွားတယ် သမီးရယ်”

“သမီးလည်း အဖေတို့အပေါ် အနစ်နာခံ ပေးဆပ်

ရတာတွေများနေပါပြီကွယ်” ” သမီးအတွက်လည်း

အဖေ တွေးမိတိုင်း ရင်နာမိတယ်”

“အို အဖေ ရယ် သမီး အတွက်

စိတ်မကောင်းမဖြစ်နဲ့နော်” “အဖေ နဲ့ ညီမလေး

အတွက် ဘာဘဲဖြစ်ဖြစ် သမီးကျေနပ်ပါတယ်”

မနက် ကျတော့ အဖေအလုပ်သွားတာနဲ့

နှင်းရီ ဝေမာ့အနား သွားလိုက်ပြီး

“ညီမလေး အဖေ ရိုက်လိုက်လို့ အဖေ့ကို

စိတ်ဆိုးနေတာလား” ဝေမာ ဘာမှပြန်မပြောဘဲ

အရေးမစိုက်သလိုလုပ်နေတာမို့

“အဖေ က ညီမလေးကို ချစ်လို့ စိတ်မထိန်းနိုင်

ဘဲရိုက်လိုက်မိတာ” “အဖေ့ကိုစိတ်မဆိုးတော့နဲ့နော်”

“အဖေ မှ မဟုတ်ဘူး အမလည်း ညီမလေးကို

သဘောမတူနိုင်ဘူး”

ဝေမာ နှင်းရီ ကို ဆတ်ကနဲ မော့ကြည့်လိုက်တယ်

ဝေမာ့ မျက်နှာက ခနိုးခနဲ့နဲ့

“သူ့ မှာ ဘာအပြစ်ရှိလို့လဲ” “အသက်ကြီးတာ

အပြစ်လား” “အိမ်ထောင်ကျဖူးတာ အပြစ်လား”

“အမလည်း ကိုယ်ကြိုက်တာ

ကိုယ်ယူခဲ့တာဘဲမှတ်လား” ” အမ ယောကျာင်္းက

အမကို ထားခဲ့တာနဲ့ ယောကျာင်္းတွေကိုမုန်းနေတာလား”

“သူများတွေကိုအမြဲ အပြစ်ဘဲကြည့်နေတတ်တယ်”

ဝေမာ တရစပ် ပြောပြီးမောသွားဟန်နဲ့

ရေထသောက်လိုက်တယ်

“ညီမလေး တွေးတာ ထင်တာတွေ လွဲနေပြီ”

“အမပြောတာနားထောက်အုံး”

“အသက် ၂၀ လောက်နီးပါးကြီးတာ ခုချိန်မှာ

အပြစ်မဟုတ်ပေမဲ့ လက်ထပ်ပြီး

အပျော်တွေကုန်သွားတဲ့အခါ အပြစ်ဖြစ်လာမှာစိုးတာ”

“အိမ်ထောင်ကျဖူးတာ အပြစ်မဟုတ်ဘူး

လက်ရှိ အိမ်ထောင် ရှိနေမှာဘဲစိုးတာ”

“အမ ကိုယ့်သဘောနဲ့ကိုယ် အိမ်ထောင်ပြုခဲ့တယ်”

“ကိုယ့်သဘောနဲ့ကိုယ် အမ အမျိုးသားက်ို

လက်လွတ် ဆုံးရှုံးခံခဲ့တယ်”

“ဘယ်သူ့ကြောင့်ပါလို့ အမပြောခဲ့ဘူးသလား”

“ခုချိန် အမ အိမ်ထောင်ပြုမယ်ဆို အမကို

ကမ်းလှမ်းတဲ့သူမရှိဘူးထင်လို့လား”

“အမ လူတိုင်းကို အပြစ်မမြင်ဘူး”

“ဒါပေမဲ့ ညီမလေး ဘဝထဲကို

ဝင်လာမဲ့သူတိုင်းကိုတော့အမ အပြစ်တွေရှာမိတယ်”

“အာ့တာ ညီမလေး ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့

ဖြတ်သန်းနေတာမြင်ချင်လို့ဘဲ”

” မသိဘူး ဘာမှလာမပြောနဲ့”

“ညီမတို့ လကုန်တာနဲ့ လက်မှတ်ထိုးတော့မှာ”

“ဘာ မြန်လိုက်တာ ဝေမာရယ်”

“နဲနဲပါးပါး အချိန်ယူုပြီးလေ့လာပါအုံးတော့လား”

“တွေ့တာတောင် ၆ လ ပြည့်သေးလို့လား ဟင်”

“အို ၆ လ မပြည့်သေးတာနဲ့

လက်မထပ်ရတော့ဘူးလား”

“ညီမတို့ တယောက်ကိုတယောက် ချစ်တယ်”

” တယောက်နဲ့တယောက် နားလည်ကြတယ်”

“သူ့ဘဝ က သနားစရာပါအမရယ်”

“ဟေ အမ ကတော့ သနားစရာကောင်းတာ

ငါ့ညီမလားလို့”

“အမ မသိပါဘူး”

“သူ က ကွာရှင်းထားပြီးသားလား”

“သူ့အမျိုးသမီးနဲ့ ရပ်ကွက်ရုံးမှာ ကွားရှင်းထားပြီးသား”

“အတူလည်းမနေတော့ဘူး” “အိမ်ခွဲနေကြပြီ” တဲ့

“ညီမလေးနဲ့ ဒီလကုန်ရင် နှစ်ဦးသဘောတူ

လက်မှတ် အရင်ထိုးထားချင်တယ်” တဲ့

“ညီမလေးကိုကွာရှင်းစာချုပ်ပြလား သူက”

“သူက ဝေမာကြည့်ချင်ရင်ပြမယ်တဲ့”

“ဒါပေမဲ့ ကြည့်ပြီး ဝေမာစိတ်မကောင်းဖြစ်မှာ

စိတ်ပူမိတယ်တဲ့” “သူ့ကို ယုံပေးပါတဲ့”

“အာ့တာကြောင့် သူ့ကိုမယုံသလိုဖြစ်မှာစိုးလို့

မကြည့်တော့ဘူး” “သူပြောသလိုဘဲ လူရော

စိတ်ရော ဝေမာ ရပြီးသားဘဲဟာ”

နှင်းရီ ဝေမာ ပြောတာတွေနားထောင်ရင်း

ဘယ်လို တရားချရမှန်းမသိတော့

“သူ့ အမျိုးသမီးက ညီမလေးတို့အကြောင်းသိလား”

“သိတယ် တဲ့”

“သိတော့ဘာမှမပြောဘဲ အလွယ်တကူ လက်ခံပြီး

ကွာပေးလိုက်တယ်ပေါ့”

“သူ ပြောတာတော့ သူတို့က

မိဘပေးစားလို့သာယူရတာ”

“တယောက်နဲ့တယောက်မချစ်ကြဘူး” တဲ့

“ညီမလေးကိုတွေ့မှ အချစ်ဆိုတာသိလိုက်ရတာ” တဲ့

“ခု လက်မှတ်ထိုးထားပြီး သူ့မိန်းမ မွေးပြီးတာနဲ့

ခမ်းခမ်းနားနား မင်္ဂလာဆောင်ပေးမယ်တဲ့”

ဝေမာ့ စကားဆုံးတော့ နှင်းရီ ဟက်ဟက်ပက်ပက်

ရီချလိုက်တယ်

ဝေမာကနားမလည်သလိုကြည့်နေတာမို့

“ညဉ်းလူ က အိမ်ထောင်ကျတာ ကြာပြီလား”

“ကလေး ဘယ်နှယောက်လဲ”

“မသိဘူး ဒါ က ဒုတိယ ကလေးတဲ့”

“ဝေမာရယ် အသက်သာ အစိတ်ပြည့်တော့မယ်

အတွေးအခေါ်လေးလည်း ရင့်ကျက်စမ်းပါအုံးဟဲ့”

“မချစ်ဘဲ ယူရတဲ့သူက စိတ်ညစ်ညစ်နဲ့

ကလေး ၂ ယောက်ပေါ့ ဟုတ်လား”

” ငါ့ ညီမ နဲ့တွေ့မှ အချစ်ဆိုတာဘာလဲ သိပြီး

မိန်းမ နဲ့ ကွာရှင်းထားပြီးကာမှ မင်္ဂလာဆောင်ဖို့ကို

ကလေးမွေးတာ စောင့်ပါအုံးတဲ့လား မိဝေမာရဲ့”

“အို အမက ဘာသိလို့လည်း သူက သိပ်

ကြင်နာသနားတတ်တာ” “ညီမလေးကိုဆိုလည်း

လက်ဖျားနဲ့တောင်မထိဘူး” “သူ့ကြောင့် တန်ဖိုး

လျော့သွားမှာစိုးတယ်တဲ့” ” လက်မှတ်ထိုးပြီးမှဘဲ

သူပိုင်ဆိုင်ချင်တယ်တဲ့” “ခုလည်း ကိုယ်ဝန်နဲ့

သူ့မိန်းမက်ို ထားခဲ့ရင် ပတ်ဝန်းကျင်က ပြောမှာ

စိုးတယ်”တဲ့ “သူ့ကိုပြောတာထက်

ဝေမာ့ ကိုပြောတာ မခံနိုင်ဘူး” ပြောတယ်အမရဲ့

” ပြီးတော့လေ ”

ဝေမာ ဆက်မပြောဘဲ ရှက်သလိုလို ပီတိဖြစ်သလိုလို

လုပ်နေတာကြောင့် နှင်းရီ မနေနိုင်တော့ဘဲ

“ဆက်ပြောလေ ဝေမာရဲ့ ပြီးတော့ဘာဖြစ်လဲ”

“လက်မှတ်ထိုးပြီးတာနဲ့ ဝေမာနဲ့သူ

ခရီးထွက်ကြမှာလေ”

ပြောပြီး ဝေမာ တဟိဟိ နဲ့ လုပ်နေလို့

နှင်းရီ ဝေမာ့ကိုကြည့်ပြီး

အတော်စိတ်ဓါတ်ကျမိသွားတယ်

ညနေ အဖေပြန်လာတော့ သားအဖ ၃ ယောက်

တယောက်နဲ့တယောက်ရှောင်နေမိကြတယ်

နှင်းရီ ဝေမာ့ကို စိတ်လိုက်မာန်ပါမလုပ်ဖို့နဲ့

ဒီကြားထဲ သူနဲ့အဆက်အသွယ် သိပ်မလုပ်ဖို့

နှင်းရီ လေ့လာပြီး ဝေမာ့ကို တကယ်ချစ်တာ

မှန်ခဲ့ရင် သဘောတူမယ်

ဆိုပြီးချော့ထားတာကြောင့် ဝေမာ ပျော်ပြီး

အိမ်ထဲမှာဘဲငြိမ်နေတယ်

ဝေမာ့ လူက အိမ်ရှေ့ကနေ နေ့လျှောက်လိုက်

ညလျှောက်လိုက်နဲ့ ခေါက်တုံ့ခေါက်ပြန်

လမ်းသလားနေတယ်

ဝေမာ အိမ်ထဲကနေ မသိမသာကြည့်ရင်း

နှင်းရီ ကို ဘယ်လာက်ချစ်လဲတွေ့လား ဆိုတဲ့

ပုံစံမျိုးနဲ့ မေးတငေါ့ငေါ့နဲ့

၁၀ ရက်လောက်ကြာတော့ နှင်းရီ ဝေမာ့ ကိုခေါ်ပြီး

မနက်စောစော ကားငှားပြီး ထွက်လာခဲ့လိုက်တယ်

ဝေမာ က အစကတော့ ဘုမသိဘမသိပုံနဲ့

ပါလာပေမဲ့ ရပ်ကွက် တခု ထိပ်မှာကားရပ်လိုက်တော့

ဘာလို့ဒီကို လာရတာလဲ ဆိုတဲ့ပုံစံနဲ့

နှင်းရီကို ကြည့်နေလို့

နှင်းရီ ဝေမာ့ ကို ခေါ်ပြီးကားပေါ်ကဆင်းလာလိုက်ပြီး

အိမ်တအိမ်နဲ့ မလှမ်းမကမ်းရောက်တော့ အကွယ်လေး

ကနေ နှင်းရီ ဝေမာ့ကို လှမ်းပြလိုက်တယ်

အိမ်ရှေ့ ရေတိုင်ကီဘေးမှာ ကိုယ်ဝန် နဲ့ အမျိုးသမီးကို

သူ့အမျိုးသားက ကြင်ကြင်နာနာ နဲ့

ရေလောင်းပေးလိုက်

ခေါင်းလျော်ဖို့ဝိုင်းလုပ်ပေးလိုက်နဲ့

အနားက သမီးငယ်လေးက ရေနဲ့ သူတို့ကို

လှမ်းပက်လိုက် တခစ်ခစ်ရီလိုက်နဲ့ မနက်ခင်း

ကြည်နုးစရာ မြင်ကွင်းလေးက သက်ဝင်လှပလို့

ကြည့်နေတုန်း မိသားစုတွေ ရေချိုးပြီးသွားလို့

အိမ်ပေါ်တက်သွားကြလေရဲ့

နှင်းရီ ဝေမာ့ကို ကြည့်လိုက်မိတော့

လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း

အိမ်ထဲကိုမမှိတ်မသုန်ကြည့်နေတာမို့

နှင်းရီ ဝေခွဲမရဖြစ်နေတုန်း

အဖေလုပ်သူက သမီးလေးကိုချီလို့

အမေ လုပ်သူက အဖေလုပ်သူရဲ့လက်မောင်းကို

တင်းတင်းကိုင်ရင်း အိမ်ထဲကနေ အပြင်ထွက်လာ

ကြတာတွေ့လိုက်တော့ ဝေမာ ရပ်နေတဲ့

အကွယ်လေးကနေ အပြင်ကိုလှမ်းထွက်သွားလို့

နှင်းရီ လှမ်းဆွဲလိုက်ပေမဲ့ မမိလိုက်ဘူး

အဖေလုပ်သူက ခြံတံခါးပိတ်ရင်း ချီထားတဲ့

သမီးကလေးကို နမ်းနေရာကနေ အမေလုပ်သူကို

အမှတ်မထင် နမ်းလိုက်တာကြောင့် ရီသံတွေ

ဝေဝေဆာဆာထွက်လာတော့ ဝေမာ ချော်လဲမလို

ယိမ်းယိုင်သွားလိုက်ပေမဲ့ ဖြေးဖြေးခြင်း

ရှေ့ကိုဆက်လျောက်သွားနေပြန်တယ်

ကြည်နုးပျော်ရွှင်နေတဲ့

မိသားစုလေးအနားအရောက်မှာတော့

ဝေမာ ကလေးဆီ လက်လှမ်းလိုက်ရင်း

“အကို့သမီးလေးလား” “ချစ်စရာလေးနော်”

အဖေ လုပ်သူက အံ့သြသွားရာကနေ

ဇဝေဇဝါ ဖြစ်နေတဲ့ သူ့မိန်းမ လက်ကို အမြန်

ဆွဲယူလိုက်ပြီး နောက်တလှမ်းဆုတ်လိုက်ရင်း

“ညီမ လူမှားနေတယ်ထင်တယ် ”

“ညီမ ကို အကိုတို့မသိဘူး”

ပြောပြောဆိုဆိုနဲ့ သူ့အမျိုးသမီးလက်ကို မလွတ်တမ်း

ဆွဲကိုင်လို့ ခပ်သွက်သွက် ထွက်သွားလေရဲ့

ဝေမာ က သူတို့ကျောပြင်ကိုငေးရင်း

မတုန်မလှုပ် ရပ်မြဲရပ်လျှက်

နှင်းရီ စိုးရိမ်စိတ်နဲ့ ဝေမာ့ဆီ အပြေးထွက်လာခဲ့တော့

ဝေမာ နှင်းရီ ကို ကြည့်နေတဲ့့ မျက်လုံးထဲမှာ

ကြေကွဲရိပ်တွေ

နောင်တ တရားတွေအပြည့်နဲ့ တောင်းပန်တဲ့

အကြည့်တွေရောယှက်လို့

ညီအမ ၂ ယောက် တိတ်တိတ် ဆိတ်ဆိတ်

အိမ်ပြန်လာခဲ့လိုက်ကြတယ်

အာ့နေ့က အဖေပြန်လာတော့ ဝေမာ အဖေ့ကို

ထိုင်ကန်တော့တယ် အဖေ မျက်ရည်တွေဝဲလို့

ဆုတွေပေးနေတာလည်း အကြာကြီး

အိပ်ခါနီး ဝေမာ နှင်းရီ အခန်းထဲရောက်လာပြီး

“အမရယ် ဝေမာလေ ရူးရူးမိုက်မိုက်နဲ့

သူများမိသားစုကို ဖျက်ဆီးမိတော့မလို့”

“အမကြောင့် အချိန်မနှောင်းခင် သိခွင့်ရပြီး

အသိတရားတွေ ရလိုက်လို့

ကျေးဇူးတင်ပါတယ်အမရယ်”

“ဝေမာ နောက် မမိုက်တော့ပါဘူး”

“အရင်ကအမအပေါ်ပြောဆိုခဲ့မိတာတွေ

တောင်းပန်ပါတယ် အမရယ်” တဲ့

နှင်းရီ လည်း ညီမလေးကိုကြည့်ပြီး တခါမှမရဘူးတဲ့

ကြည်နုးမှုတွေနဲ့ ဝမ်းသာပီတိဖြစ်နေမိတယ်

အာ့ညက အိပ်မက်ထဲမှာ အမေရယ်လေ

အဝတ်အစားသစ်တွေနဲ့ ပျော်နေလိုက်တာ

ပြီးတော့နှင်းရီကိုလည်းအကြာကြီး ဖက်ထားသေးတယ်

အိပ်မက်ထဲမှာအမေနဲ့နှင်းရီ ဘာတွေသဘောကျပြီး

ပျော်နေမိမှန်းမသိ အသံတွေထွက်အောင်

ရီနေလိုက်ကြတာ

ဝေမာ လာနိုးတော့မှ

အိပ်မက်ကနေနိုးလာမိတော့တယ်

ခုတော့ ဝေမာလည်း ပိပိပြားပြားနဲ့ လိမ္မာနေပြီမို့

အဖေနဲ့ နှင်းရီ ရင်မမောရတေ့ာဘူး

နှင်းရီ အမေ့ကို သတိရမိတိုင်း စိတ်ချပါအမေ

အဖေ နဲ့ ညီမလေးကို သမီးဘယ်တော့မှ

မထားခဲ့ပါဘူးလို့ ရင်ထဲကနေ

ထပ်ခါ ထပ်ခါ ပြောနေမိတော့တယ်

နွေပုရစ်ဖူး