” အမေ့စာ ” (စ/ဆုံး) 

Posted on

” အမေ့စာ ” (စ/ဆုံး)

==============================

အေးသန္တာကျော်တစ်ယောက်အခန်းထဲကို ခုန်ပေါက်ပြီး ၀င်လာ ကတည်းက လေးခင်သိလိုက် သည်။ သူ့အိမ်မှ စာလာသည်ပဲ ဖြစ်ရမည်။ မိုးလုံးလေလုံးတမျှ ကြွားဝါသည့်စကားတွေကို ကြား ရဦးမည်မို့ မသိဟန်ပြုကာ စောင် ကို ခေါင်းမြီးခြုံပြီး အိပ်နေလိုက် ချင်သော်လည်း မကောင်းတတ် လွန်း၍ စားပွဲမှာ ဟန်မပျက်ထိုင် နေလိုက်ရ၏။ သို့တိုင်အောင် နောက်ကို လှည့်မကြည့်ဘဲ စာထဲ မှာ အလွန်စိတ်၀င်စားနေဟန်ဖြင့် ခေါင်းကို စိုက်ထားလိုက်သည်။ ပြီး တော့မှ သင်္ချာစာအုပ်ဖြစ်နေသည် ကို သတိရကာ ခဲတံဖြင့် ဟိုခြစ် သည်ခြစ်လုပ်ရပြန်၏။ သို့တိုင် အောင် အေးသန္တာကျော်အသံက နားထဲသို့ တိုး၀င်လာသည်။ နှစ် ယောက်တည်းရှိသည်ဆိုတော့ သူ့စကားကို စိတ်မ၀င်စားသော်လည်း အသိအမှတ်ပြုဟန်ပြရ ၏။

‘‘သိပ်ပျော်သွားပြီ မလေးရေ၊ သိပ်ပျော်သွားပြီ’’

‘‘အိမ်က စာလာတယ်ပေါ့လေ’’

‘‘ဒါပေါ့’’

အေးသန္တာကျော်သည် ခုတင်ပေါ်ပစ်လှဲကာ စာအိတ်ကို ဖောက်မဖတ်မီ ရုပ်ရှင်ထဲကလို ရင်ခွင်မှာအပ်ကာ ၀မ်းသာဟန် လုပ်နေလိုက်သေးသည်။ လေးခင်သည် အမေ့ဆီက စာမလာတာ ကြာပြီကို သတိရကာ ‘မမကြည် တို့ မအားလို့နေမှာပဲ’ဟု တွေးလိုက်မိ၏။

အေးသန္တာကျော်သည် စာအိတ်၏ တစ်ဖက်ထိပ်မှ စာဖောက်ထားမှန်းမသိနိုင်လောက်အောင် ဘလိတ်ဓားလေးဖြင့် လှီးပြီး ဖွင့် သည်။ ပြီးတော့ သူ့ပြုမြဲထုံးစံအတိုင်း စာကို မီးရောင်ကြောင့် ကောင်းကောင်းမမြင်ရသည့်ပုံဖြင့် လေးခင်ဘက်သို့ လှည့်ကာ ဖြန့်ဖတ်သည်။ အင်္ဂလိပ်စာလုံးများနှင့် မြန်မာစာလုံးများ ရောနေသောစာကို လေးခင်မမြင်ချင်ဘဲ မြင်ရပြန်သည်။ အေးသန္တာကျော်ပေးဖတ်၍ သူတို့အိမ်မှရေးသော စာတွေကို လေးခင်မကြာမကြာ ဖတ်ရသည်။ မဖတ်ချင်၍လည်း မရ။ ‘‘မာမီက ဒီလိုရေးလိုက်တာ မလေးရဲ့’’ဟု အစချီကာ အေးသန္တာကျော်က သူ့အမေစာကို အစအဆုံးဖတ်ပြသည်။ သူ့အမေသည် ငယ်စဉ်ကပင် သာသနာပြုကျောင်းမှာနေခဲ့သူဖြစ်၍ အင်္ဂလိပ်စာ တော်ကြောင်း၊ အိမ်မှာ သူတို့ကို စကားပြောလျှင် အင်္ဂလိပ်လိုပင် ပြောကြောင်းကိုလည်း လေးခင် နားထောင်ရဖန်များ၍ ရိုးနေပေ ပြီ။

ယခုလည်း အေးသန္တာကျော်သည် စာကို လေးခင်မမြင်မြင်အောင် ရှေ့တိုးကာဖတ်သည်။ လေးခင်သည် အေးသန္တာကျော်၏ အသံထွက်စာဖတ်သံကို မကြားတစ်ချက်၊ ကြားတစ်ချက်ဖြစ်နေသော်လည်း ကြားဟန်ပြုကာ နားထောင်နေရသည်။

‘‘မာမီကတော့လေ သိပ်ကို စိတ်ပူတတ်တာပဲ၊ အရင်တစ်ပတ်က သန္တာစာပြန်တာ တစ်ရက်လေးနောက်ကျတာနဲ့ စိတ်ပူလို့တဲ့လေ၊ ဟင်း ဟင်း’’

အေးသန္တာကျော်သည် စာ ရွက်ခေါက်လေးကို စာအိတ်ထဲသို့ တရိုတသေပြန်ထည့်ရင်း ပြောနေပြန်လေသည်။ လေးခင်သည် စားပွဲပေါ်ရှိ စာအုပ်ကို ပြန်၍မျက်နှာမူလိုက်ရသော်လည်း စိတ်ထဲ ကတော့ ရွာမှာရှိသော အမေ့ကို မြင်ယောင်နေလေသည်။

‘‘အမယ်လေး သနပ်ခါးတုံးတွေပြန်ထုတ်ထားခဲ့တယ်။ ဒီလို သနပ်ခါးတုံး စစ်စစ်ကောင်းကောင်း ရန်ကုန်မှာ ဘယ်ရမလဲ လေးခင်ရယ်၊ ရဦးတော့ စျေးကြီးမှာပေါ့၊ မိတ်ကပ်တွေ ဘာတွေလည်း မလိမ်းပါလေနဲ့အေ၊ တို့အသားနဲ့ မလိုက်ပါဘူး၊ ငါကလည်း တစ်နှစ်စာလောက်အောင် ထည့်ပေးထားတာအေရဲ့’’

‘‘လေးလွန်းလို့ပါ အမေရယ်’’‘‘အိုအေ၊ ဒီက စံရွှေတို့ကားနဲ့ တင်ပေးလိုက်မယ့်ဟာကို၊ ကိုယ်ရွက်သွားရမှာလိုက်လို့’’

‘‘အမေ့ သရက်သီးတွေကလည်းရှိသေးတယ်’’

‘‘စားရတာပေါ့ လေးခင်ရယ်၊ဟိုရောက်ရင် သူငယ်ချင်းတွေလည်း လက်ဆောင်ပေးရ၊ ရောက်ရောက်ချင်း အဆောင်မှာ ထမင်းမရခင် ငါးပိကြော်လေးနဲ့ရော မမြည်းရပါလား’’

လေးခင်က သက်ပြင်းကို ခိုး၍ ရှိုက်လိုက်မိ၏။ တက္ကသိုလ်အဆောင်သို့ ပြန်သွားမည့် သမီးအတွက် အမေထည့်ပေးသည့် ပစ္စည်းတွေက စုံလင်လှသည်နှင့် အမျှ ၀န်စည်စလယ်ကလည်း များလှသည်။ ကားကြုံနှင့် တင်ပေး လိုက်မည်ဆိုသော်လည်း လမ်းဆုံ မှ သဇင်ဆောင်ထိ သယ်သွားရ မည့်ကိစ္စမှာ လွယ်ကူသည်မဟုတ် ချေ။ ပြီးတော့ ထင်းရှူးသေတ္တာ တွေ၊ ခြင်းတွေထဲ သိုသိုသိပ်သိပ် ထည့်သွားရသည့် ပစ္စည်းတွေဆို သိပ်အရေးမကြီး၊ ကြံစည်းလို ထည့်မရ သိုမရ၊ လူမြင်ခံပြီး သယ်ရမည့်အရာတွေကိုတော့ လေးခင်က လုံး၀ထားပစ်ခဲ့ရန် ဆုံးဖြတ်ရ သည်။ လေးခင်တို့ အိမ်ခြေလေးဆယ်ရွာမှာ အသီးအနှံပေါ၍ သရက်သီး၊ စိမ်းစားဥ၊ ကြံ၊ ပြောင်းဖူးစသည်တို့မှာ ရာသီအလိုက်ပေါ်မြဲဖြစ်၏။ အမေက လည်း သူ့ခြံထွက်၊ ယာထွက်တွေ ကို သမီးအလှတက္ကသိုလ်ကျောင်းသူကြီး စားစေချင်လွန်း၍ တခုတ် တရလူကြုံပါးတတ်ပါ၏။ အမေ့ ကို မသိတတ်ရန်ကောဟု အပြစ် မဆိုထိုက်သော်လည်း သယ်လာ ရသည့် လူကြုံတွေကို လေးခင် များစွာအားနာရ၏။ ယခုလည်း အမေက လေးခင်ကို ရတတ်သမျှ အသီးအနှံတွေစုံအောင် ထည့် ပေးနေပြန်သည်။ အမေ့ကို ‘မယူ ချင်ဘူး’ဟု ပြောရန်စိတ်ကူးသော် လည်း လေးခင်သယ်မသွားချင် မှန်း အမေက ရိပ်မိဟန်ဖြင့် မျက်နှာမကောင်းတာမြင်ရတော့ အားလုံး သိမ်းကျုံးသယ်သွားရန် ဆုံး ဖြတ်ရပြန်သည်။

‘‘လေးခင်စာမှန်မှန်ရေးနော်၊ ကျန်းမာရေးလည်း ဂရုစိုက်သိလား၊ အပြင်ချည်းပဲ ထွက်လည်မနေပါနဲ့အေ၊ ငွေကို ကိုစံပတို့ ရန်ကုန်သွားတိုင်း ထည့်ပေးလိုက်မယ်၊ ဆေးလည်းမှန်မှန်သောက်နော်၊ ၀မ်းချုပ်မခံနဲ့၊ ငါဖော်ထားတဲ့ ဆေးက အ၀င်မဆိုးပါဘူးအေ၊ မနက်အိပ်ရာထ ကွမ်းသီးခြမ်းလောက်လေးမျိုရတာကို၊ အညောင်းပြေတယ်အေ့၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်ကြီးမတပ်ရအောင်ပါအေ’’

‘‘ဟုတ်ကဲ့၊ ဟုတ်ကဲ့’’

လေးခင်၏ ‘ဟုတ်ကဲ့’သည် အမေ၏ ရှည်လျားသော မှာတမ်း ကြီးကို မြန်မြန်ဖြတ်တောက်ပစ် ခြင်း ဖြစ်၏။

‘‘ဘုရားလည်း မှန်မှန်ရှိခိုးနော်’’

‘‘အင်းပါ’’

‘‘လျက်ဆားပုလင်းပါပြီလား’’‘‘ပါပါတယ်’’

‘‘ရော့ အကြွေလေးတွေ ယူ သွားဦး၊ ဘတ်စ်ကားစီးတော့ အသင့်ဖြစ်တာပေါ့’’

ပိုက်ဆံကိုတော့ လေးခင်က မြန်မြန်လှမ်းယူ၏။ မတ်စေ့နှင့် ငါးမူးစေ့လေးတွေမှာ အနည်းဆုံး နှစ်ဆယ်ဖိုးခန့်တော့ ရှိမည်။ အမေသည် ငယ်စဉ်ကပင် ပိုက်ဆံစုတာ ဝါသနာပါ၏။ လေးခင်လည်း အစက ပိုက်ဆံစုတတ်သော်လည်း အဆောင်မှာ ကော်ရုပ်လေးထဲ ပိုက်ဆံအကြွေတွေထည့်သည်ကို အခန်းအဖော် အေးသန္တာကျော်က အံ့သြဟန်ဖြင့် ကြည့်သည်ကို မလုံမလဲဖြစ်ကာ ပိုက်ဆံမစုဖြစ်တော့ ပေ။ နောက်တော့ စု၍လည်းမရ။ အိမ်မှပို့သော ပိုက်ဆံကို အလျဉ် မီအောင် မနည်းသုံးနေရသည်။ အမေက ငွေကို စာတိုက်မှ မပို့ဘဲ လူကြုံနှင့် ပို့သဖြင့် လူကြုံမလာလျှင် လေးခင်မှာ ငွေပြတ်တတ်သည်။ အမေ့ဆီစာရေးတိုင်းလည်း ပြန်စာက မရတတ်ပေ။ အ ကြောင်းသော် အမေသည် စာကို ကောင်းစွာမရေးတတ်၍ သူများကို ရေးခိုင်းရသောကြောင့် ဖြစ် လေ၏။

ပထမနှစ်ကျောင်းရောက်စက အမေ့ဆီက စာတွေရောက်လာသေးသည်။ စာအိတ်ပေါ်မှာ ခဲတံဖြင့် ခပ်ဖိဖိရေးထားသော အမေ့လက်ရေးက စွေစောင်းနေ သည့်အပြင် စာလုံးပေါင်းလည်း မှားသေးသည်။ တက္ကသိုလ် ရောက်မှ ပြောင်းသော လေးခင်၏ ‘လေးလေးခင်’ဟူသည့်နာမည်ကို ‘လေလေခင်’ဟု ရေးလိုက်သဖြင့် စာဝေသည့် မမက ရေးထားသည့် အတိုင်း ဖတ်လိုက်ရာ ကြားသူတွေက ရယ်ကြ၏။ လေးခင်က ရှက်လှသဖြင့် ငိုချင်ချင်ဖြစ်ကာ အနားမှာ အေးသန္တာကျော်မရှိသည်ကိုပင် ၀မ်းသာရပြန်သည်။ နောက်တော့ အမေစာရေးလျှင် ရွာမှာ သားဖွား ဆရာမလုပ်နေသော မမကြည်ကို ရေးခိုင်းဖို့မှာရသည်။ ထိုအချိန်မှ စ၍ အမေ့ဆီမှ စာတွေအလာကျဲ သွားသည်။ အကြောင်းထူးရှိမှ စာ ရေးတော့၏။ အမေ့လက်ရေး အစား မမကြည်၏ လက်ရေးဝိုင်းဝိုင်းစက်စက်လေးတွေကို အမေ့ စာအဖြစ် လူတကာရှေ့မှာ ဖြန့် ဖတ်ရတိုင်း လေးခင်စိတ်ကမလုံ။ သို့သော် လေးခင်၏ ဘ၀မှန်ကို ရင်မဆိုင်ရဲသော တလွဲစိတ်က လေးခင်ကို လွှမ်းမိုးထားသည်။

အဆောင်က သူငယ်ချင်း တွေကတော့ အမေထည့်ပေး လိုက်သော စားစရာတွေကို ၀မ်းမြောက်၀မ်းသာမျှော်ကြစမြဲ။ ‘‘မလေးတို့ရွာကို လိုက်တောင် လိုက်ချင်ပြီကွာ’’ဟု ပြောတတ် သည်။ လေးခင်ကတော့ အေး သန္တာကျော်တို့၏ ပြင်ဦးလွင်အိမ် ကြီးအတွင်းမှ ပင်စင်စားအရာရှိ ကြီး၏ မိသားစုတွေ တပျော်တပါး ဝိုင်းဖွဲ့ပုံကို အတွေးဖြင့် မြင်ယောင်ကာ သူတို့များတော့ ကုသိုလ် ကောင်းလိုက်တာဟု တွေးနေမိ ၏။

လေးခင်တို့မှာ ငယ်စဉ်ကပင်ယာထဲတွင် မြေပဲနုတ်ကာ စိမ်းစားဥနုတ်ကာဖြင့် ဘ၀စည်းစိမ်ကို မြေကြီးထဲမှ ရယူခဲ့သဖြင့် မြေနှင့် နီးစပ်လှပေသည်။ မုဆိုးမဖြစ်သူ အမေ့မှာ ရွှေတွေ၊ ငွေတွေစုဆောင်းထားနိုင်ခဲ့သော်လည်း လူနေမှုအဆင့်အတန်းကတော့ တောသူ တောင်သားတို့၏ သဘာ၀က မ တက်နိုင်။ အစ်ကိုအကြီးတစ်ယောက်က စစ်ထဲလိုက်သွားပြီး အစ်မတစ်ယောက်က အိမ်ထောင်ကျကာ တိုက်ကြီးမြို့မှာ ရောက်နေသော်လည်း အမေက သူ့ယာကို မစွန့်နိုင်။ သမီးထွေး လေးခင် ဘွဲ့ရ၍ အလုပ်၀င်လျှင်သော်မှ ရွာမှာပဲ ကျောင်းဆရာမ ပြန်လုပ်စေ ချင်သည်တဲ့။ လေးခင်ကတော့ နောင်ခါလာ နောင်ခါစျေးပဲ။ နောက်မှ အမေ့ကို တဖြည်းဖြည်း နားချပြီး ရန်ကုန်ကို မပြောင်းနိုင်သော်မှ ပဲခူးလောက်၊ ညောင်လေးပင်လောက်တော့ ပြောင်းနေရ သော်ကောင်းမည်ဟု စိတ်ကူးလေသည်။

လေးခင်သည် အမေ့အကြောင်းကို တွေးနေဆဲ အေးသန္တာကျော်သည် သူ့အိမ်မှလာသော စာခေါက်လေးကို စားပွဲပေါ်ပစ်တင်ကာ အင်္ဂလိပ်တေးသွားတစ်ခုကို ညည်းညူရင်း ရေချိုးခန်းသို့ ထွက်သွားလေသည်။

အမေ့ဆီမှ စာမလာသည်မှာ တစ်လခန့်ကြာသွားသည်။ သည်ကြားထဲမှာ လေးခင်စာတစ်စောင် ထည့်လိုက်သေးသည်။ မမကြည် ဆီကိုလည်း တစ်စောင်သတ်သတ်ရေးရ၏။ အမေ့ကိုမေးပြီး ပြန်စာရေးပေးဖို့အကြောင်း တောင်းပန်ရသည်။ သို့သော် မမကြည်ဆီကလည်း ပြန်စာမရပေ။ အမေငွေပို့လိုက်သော လူကြုံကလည်း လေးခင်နှင့် လွဲသွားပြန် သည်။ ငွေနှင့် ပြောင်းဖူးတစ်စည်းကိုသာ လေးခင်ရရှိသည်။ စာက တော့ ပါမလာပေ။

စာမေးပွဲကနီးနေသဖြင့် လေးခင်ရွာပြန်၍လည်း မဖြစ်ပေ။ စာကျက်နေရသော်လည်း လေး ခင်စိတ်က ရွာကို ပြန်ရောက်နေ ၏။ လေးခင်တို့ ငယ်ငယ်က ရွာရှိ မူလတန်းကျောင်းတွင် စာသင်ပြီး လေးတန်းအောင်သောအခါ ဒိုက်ဦးမြို့ အထက်တန်းကျောင်းကို သွားတက်ရသည်။ နံနက်စောစောစျေးသည်တွေနှင့်အတူ လမ်းလျှောက်ပြီး ကျောင်းတက်ရသော ဘ၀ကို လေးခင်မမေ့။ ခုနစ်တန်းအောင်မှ အမေက လေးခင်ကို စက်ဘီးတစ်စီး၀ယ်ပေးသည်။ ထို နှစ်က အဖေဆုံး၍ အစ်မလည်း နောက်တစ်နှစ်မှာ အိမ်ထောင်ကျသည်။ ဦးကြီး၊ ဘကြီးများက လေး ခင်ကို ကျောင်းထွက်စေချင်သော်လည်း အမေက
မထွက်ခိုင်းပေ။ ဆယ်တန်းအောင်တော့လည်း ရွာမှာ အခြားမိန်းကလေးတွေလို သူနာပြုသင်တန်းတွေ၊ ဆရာဖြစ် သင်တန်းတွေတက်ရန် မတိုက်တွန်းပေ။ လေးခင်ဆန္ဒအတိုင်း နေစေခဲ့သည်။ အမေ့ဆန္ဒက တစ်ခုတည်းသာရှိသည်။ လေးခင်ကိုတော့ သမီးထွေးမို့ အတူနေစေချင်သည်။ လေးခင်သွားချင်သည့် တက္ကသိုလ်ကိုသွားပြီးလျှင် ရွာကို ပြန်လာစေချင်သည်။

လေးခင်သည် အမေ့အ ကြောင်းစဉ်းစားရင်း အမေ့မျက်နှာကို မြင်ယောင်လာ၏။ မြေကြီးထဲမှာ ကြက်လိုယက်၍ အစာရှာ ကျွေးရသောအမေ၊ မွေးကတည်းက အလုပ်နှင့် လက်နှင့်မပြတ်သော အမေ၊ နေလောင်နေသော အသားအရေမွဲခြောက်ခြောက် ဖြင့် ကျရာနေရာမှာ နေခဲ့သော အမေ။ အမေသည် ငယ်စဉ်က ဘုန်းကြီးကျောင်းမှာသာ နေခဲ့ရ ၏။ ခေတ်ပညာကို မတတ်ပေ။ ဘုန်းကြီးကျောင်းစာကိုပင် ရေးတတ်၊ ဖတ်တတ်ရုံသာရှိ၍ အမေသည် စာကို သွက်သွက်ဖတ်တတ်သူ မဟုတ်ပေ။ အမေတို့ မိဘများ က ‘သေစာ ရှင်စာတတ်ရင် တော်ရောပေါ့’ဟု သဘောထားခဲ့သူများဖြစ်၏။ အမေ့လက်ထက်မှာတော့ သားသမီးတွေကို ခေတ် ပညာသင်ပေးရန် ထက်သန်ခဲ့ပြီ။ အမေသည် သူ့ဘ၀ကို မြေကြီးထဲမှာ မြှုပ်နှံရင်း သားသမီးတွေကို မြှင့်ပေးလိုသော ဆန္ဒရှိသည်။

လေးခင်သည် အေးသန္တာ ကျော်၏ ‘မာမီကလေ’ဟူသော အသံလေးမှာ သာယာမနေနိုင် တော့ဘဲ အမေ့ကို တမ်းတမိပြန် ၏။ ထို့ကြောင့် အမေ့ဆီ စာတစ် စောင်ကောက်ရေးပြန်သည်။

အမေ

အမေ့ဆီက စာမလာလို့ သမီးမျှော်နေပါတယ်။ အမေ နေလို့ကောင်းရဲ့လား။ သမီးလည်း စာမေးပွဲနီးနေလို့ စာတွေကျက်နေ ရတယ်။ သမီးနေကောင်းပါ တယ်။ လူကြုံနဲ့ ပို့လိုက်တဲ့ ငွေနဲ့ ပြောင်းဖူးတွေရတယ်။ မမကြည် တို့အားရင်စာရေးခိုင်းပါဦး-

လေးခင်သည် အခန်းထဲသို့ ၀င်လာသော အေးသန္တာကျော်၏ အသံကို ကြားရသဖြင့် ရေးလက်စ စာကို ကမန်းကတန်းဖုံးထားလိုက်သည်။ အေးသန္တာကျော်က စာကိုယူဖတ်လျှင် လေးခင်၏ အမေကို စာမရေးတတ်မှန်းသိသွားက မခက်ပါလေလား။

ပထမအစမ်းစာမေးပွဲပြီး သွားသည့်တိုင် အမေ့ဆီကစာ မရောက်လာပေ။ လေးခင်စိတ်ပူလာသည်။ ရွာမှ လူကြုံကို မျှော်ရသည်။ ပြီးတော့ မမကြည်ဆီ စာတစ်စောင်သတ်သတ်ရေးသည်။ နောက်တော့ လေးခင်မနေနိုင်သဖြင့် မြို့ထဲမှ ဒိုက်ဦး-ညောင်လေး ပင် ကားဂိတ်သို့သွားကာ ကားသမား ဦးစံရွှေကို ရှာသည်။

‘‘ဦးလေးရွာကို ၀င်ဖြစ်သေးလား၊ အမေ့ကို မတွေ့ဘူးလား ဟင်၊ စာလည်းမလာလို့’’

‘‘ဟေ နင့်အမေ အရင်တလောကတော့ နေမကောင်းဘူး ကြားတယ်၊ ခုတော့ ကိုင်းထဲပြန်ဆင်းနေပါပြီ’’

‘‘ဟုတ်လား၊ ကျွန်မလည်း စိတ်ပူနေတာ ဦးလေးရယ်၊ စာလည်းမရလို့’’

‘‘နင့်အမေက စာရေးတတ်လို့လား’’

လေးခင် ငိုင်သွားသည်။

‘‘အင်း၊ ရေးတတ်ပါတယ်။ ဟိုလေ မမကြည် မမကြည် သူ့စာနဲ့အတူတူထည့်ပေးနေကျပဲ’’

လေးခင်က မတင်မကျဖြေသည်။

‘‘သြော် အေးဟဲ့၊ ဟိုဆရာမ မငွေကြည်ရွာမှာမရှိတော့ဘူး လေ၊ ပြောင်းသွားပြီ’’

‘‘သြော် ဒါဖြင့် ဒီစာကို အမေ့ ဆီဆက်ဆက်ပေးလိုက်ပါ။ စာလည်း ဆက်ဆက်ပြန်ရေးပါလို့ ပြောပါနော်။ ဦးလေးကို ပေးချင်လည်းပေးလိုက်၊ ဒါမှမဟုတ်လည်း စာတိုက်က ထည့်ပေးလိုက်ပါလို့ ပြောပါ၊ တစ်ရက် နှစ်ရက်နေရင် ကျွန်မတစ်ခေါက်ထပ်လာခဲ့မယ်’’

‘‘အေး အေး’’

လေးခင်အဆောင်ကို ပြန်ခဲ့ သည်။ သြော်အခုတော့ အမေသည် သမီးတက္ကသိုလ်ကျောင်းသူဆီကို စာမရေးဝံ့ရှာတော့ပြီထင့်။ လေးခင်သည် ပထမဆုံးအကြိမ် ဘ၀မှန်ကို ရင်ဆိုင်ရန် အသိတရားရကာ မျက်ရည်လည်မိလေသည်။ လေးခင်တို့မှာ ဘာကိုများ ရှက်ရွံ့ဖုံးကွယ်စရာရှိသလဲ။ ဘ၀ကို နေရာယူတာချင်းမတူကြသော်လည်း ကိုယ့်ဘ၀နှင့်ကိုယ် ရည်ရွယ်ချက်တွေ၊ အားမာန်တွေ၊သတ္တိတွေရှိကြသည်ပဲ။ ပြီးတော့ မိဘ၏ မေတ္တာတရားသည် ခေတ်မီလှပသော စာသားလေးတွေနဲ့ သာ ဖော်ထုတ်လို့ရသည်ချည်းမှ မဟုတ်ပါဘဲ။

အေးသန္တာကျော်က ‘မာမီ့ ဆီက စာလာတယ်’ဟု ပြောသော်လည်း လေးခင်သည် အားကျရမည်ဟု မထင်တော့ပေ။ အမေ့စာကိုသာ စိတ်စောစွာ မျှော်နေမိ လေ၏။

အမေ့ဆီမှ လူကြုံဖြင့် ငွေနှစ်ရာ၊ သရက်သီးသနပ်တစ်ပုလင်း နှင့် စာတစ်စောင်ချက်ချင်းရောက် လာလေသည်။

သမိလေခင်

အမေနေကောင်းသွား ပါပြီး။ မကြည်တို့ ရွာဂပြောင်းသွားလို့ အမေစာမရေး။ အမေ စာကောင်ကောင်မရေတတ်လို့ သမိရှက်မှာစိုးတာကြောင့် စာမရေခြင် ဖြစ်သည်။

လေးခင်သည် အမေ့စာကို ကိုင်ရင်း လက်တွေတဆတ်ဆတ် တုန်လာ၏။ ရင်တွေ တလှပ်လှပ် ခုန်လာ၏။ ‘အို အမေရယ်’ဟု စိတ် တွင်းမှ တမ်းတမိ၏။ ရှက်ခြင်းနှင့် ၀မ်းနည်းခြင်းရောထွေးကာ မျက်ရည်တွေကျလာ၏။ သည်တစ်ခါ လေးခင်ရှက်သည်က စာလုံး ပေါင်းမမှန်၊ လက်ရေးမလှသော အမေ့စာကြောင့်မဟုတ်။ အမေ့ကို စိတ်ဆင်းရဲအောင်ပြုမိသော သူမ၏ အဓိပ္ပာယ်မရှိသည့် စိတ်ဓာတ်ကိုသာ ဖြစ်၏။

ယခုတော့ အေးသန္တာကျော်၏ ခြေသံကိုလည်း လေးခင်ဂရု မစိုက်မိတော့။ အမေ၏ ညိုဝါညစ်နွမ်းသော စာရွက်လေးပေါ်မှ ယိမ်းယိုင်ရွဲ့စောင်းနေသည့် မှိန်လိုက် လင်းလိုက်စာလုံးလေးတွေပေါ် သို့ မျက်ရည်စက်တွေကိုသာ ခြွေ ချနေမိလေတော့သည်။

ပြီး။။။

မိုးမိုး (အင်းလျား)
လှိုင်းဘွဲ၊ မေ၊ ၁၉၈၀
#တမာသားလေးဘလော့ဂ် မှ
#crd