အမေ့မေတ္တာ

Posted on

အမေ့မေတ္တာ(စ/ဆုံး)
——————–
ကျောင်းလွှတ်ပြီးနောက် အိမ်ကို ပြန်ရသည်။ အရေးကြီးသည်က ထမင်းတစ်လုံးချက်ရမည်။ ဟင်းကတော့ ရေချိုး၊ အဝတ်လျှော်ပြီး ပြန်တက်လာမှ တစ်ခုခု စီစဉ်ရမည်။

မိုးပြတ်ချိန်ဆိုလျှင် ရေရှားသည်။ ကျွန်တော်နေရသည့် တဲတွင်လည်း တိုင်ကီကမရှိ။ ကျောက်အိုးပြတ်တစ်လုံး ထဲတွင်ရေရှိသော်လည်း မျက်နှာသစ်၊ ခြေလက်ဆေးရန်ထားရဦးမည်။ သို့ဖြစ်ရာ ချောင်းထဲကိုဆင်းပြီး ရေချိုးရ အဝတ်လျှော်ရသည်။

ချောင်းကမ်းဘေးတွင် ဆိုက်ထားသော ဝါးဖောင်ပေါ်တွင် အဝတ်လျှော်၊ ရေချိုးပြီးနောက် ကျွန်တော် တဲဆီကိုပြန်ခဲ့သည်။ ချောင်းထဲက တက်လာပြီး ကျောင်းကုန်းကိုဖြတ်ရသည်။ ကျောင်းလှေကားပေါ်တွင် ကလေးတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဘယ်သူများပါလိမ့်

“ဟ … ရွှေနီ … ဘာထိုင်လုပ်နေတာလဲ”

ရွှေနီက ကျွန်တော်မေးလိုက်မှ ဒူးခေါင်းထဲ မျက်နှာဝှက်လိုက်သည်။ ကျွန်တော်က လျှော်လာသည့် အဝတ် များကို ကျောင်းဝရန်တာ လက်ရမ်းပေါ်တင်လိုက်ပြီး

“သားခေါင်းမော့စမ်း” ဟုပြောလိုက်သည်။

ရွှေနီက တသိမ့်သိမ့်ရှိုက်ပြီး ငိုနေသည်။

“သား … ဘာဖြစ်လာသလဲ … ဘာဖြစ်လို့ ငိုတာလဲ ခေါင်းမော့စမ်း”

ရွှေနီက ပါးပြင်တွင် မျက်ရည်စီးကြောင်းတွေကို သုတ်လိုက်သည်။

“ဘာဖြစ်လို့ ကျောင်းမှာ လာငိုနေတာလဲ”

“အမေကရိုက်လို့”

“အမေက ဘာဖြစ်လို့ရိုက်တာလဲ”

“သားက အဖေ့အတွက် ချက်ထားတဲ့ ငါးဟင်းကို ယူစားလို့”

“ဘာဖြစ်လို့ သားက ငါးဟင်းတွေ စားလိုက်တာလဲ”

“ကျောင်းက ပြန်ရောက်ရောက်ချင်း ဆာတာပေါ့။ အဲဒါ အုပ်ဆောင်းထဲမှာကလည်း ငါးဟင်းပဲရှိတာ။ ဆာတော့ လည်း နည်းနည်း ယူစားမိတာပေါ့။ အဲဒါ အဖေ့အတွက်ထားတာဆိုပြီး သားကိုရိုက်တယ် … သားက သိမှာလား … ဟီး … အီး … အီး”

“ဟုတ်ပြီ … ဟုတ်ပြီ … ဆရာ သိပြီ … လာ … အဝတ်တွေ ယူလိုက် … ဆရာ့ကို တဲလိုက်ပို့ဦး”

ရွှေနီက ကျွန်တော် ဝရန်တာလက်ရမ်းတွင် တင်ထားသည့် အဝတ်တွေကို လက်ပေါ်တင်ကာပွေ့လိုက်သည်။ သူအသင့်ဖြစ်ချိန်တွင် ကျွန်တော်က ကျောင်းကုန်းပေါ်ကဆင်းလိုက်ပြီး ရွာထဲလမ်းကို ဝင်လိုက်သည်။ ရွှေနီက ကျွန်တော့်နောက်မှ လိုက်လာသည်။

ရွာလယ်တွင် အိမ်ဆိုင်ရှိသည်။ ကျွန်တော်က အိမ်ဆိုင်ထဲဝင်ပြီး ချက်စားရန် ဘာရှိသနည်းဟု လိုက်ကြည့် သည်။ ရွှေဖရုံသီးနှင့် ဘဲဥပဲရှိသည်။ ကျွန်တော်က ရွှေဖရုံသီးတစ်စိတ်နှင့် ဘဲဥနှစ်လုံးဝယ်လိုက်သည်။ ထို့နောက် တဲဘက်ကိုလျှောက်လာသည်။

တဲကိုရောက်သည့်အခါတွင်

“ရွှေနီရေ … ဆရာ့ကို ထင်းပေါက်ပေးပါဦး”

ရွှေနီက အိမ်ရှေ့တွင် ပုံထားသည့် ထင်းတုံးကြီးများကို ပုဆိန်ဖြင့်ခွဲပေးနေပြီး မီးဖိုချောင်ထဲ ယူလာသည်။ ကျွန်တော်က

“သားရေ … ဘုန်းကြီးကျောင်းကန်ထဲမှာ သောက်ရေ တစ်ထမ်းလောက် သွားထမ်းပါဦးလား”

ရွှေနီက သွက်နေသည်။ ရေပုံးနှစ်ပုံးကို ယူသွားပြီး အပြေးလေး ထွက်သွားသည်။

ကျွန်တော်က ကလေးတွေကို အဝတ်လျှော်၊ ထမင်းချက်၊ ရေခပ်ခိုင်းခြင်းများ မည်သည့်အခါမျှ မလုပ်ခိုင်းပါ။ ယနေ့ ရွှေနီကို ထင်းလည်းပေါက်ခိုင်းသည်။ သောက်ရေလည်း ခပ်ခိုင်းသည်။

ရွှေနီပြန်လာချိန်တွင် ဖရုံသီးဟင်းကကျက်ပြီ။ ကျွန်တော်က ဘဲဥကို မွှေကြော်သည်။ ငါးပိရည်ဖျော်ပြီး အပင်မှ ငရုတ်သီးတောင့်လေးတွေခူးကာ ထောင်းထည့်လိုက်သည်။ တို့စရာက မျှစ်ပြုတ်ဖြစ်သည်။

“ရွှေနီရေ”

“ဗျာ … ဆရာကြီး”

“ထမင်းသွားခူးချေ”

ရွှေနီက မီးဖိုချောင်ဝင်သွားကာ ပန်းကန်တစ်ချပ်ထဲတွင် ထမင်းတွေထည့်လာသည်။ ကျွန်တော့်ရှေ့တွင် ပန်းကန်ကို ရိုသေစွာ ချလိုက်ပြီး ထိုင်နေသည်။

“သားဖို့ရော”

“သားမစားပါဘူး”

“ဘာလို့မစားရမှာလဲ … သွား ထမင်းတစ်ပန်းကန် သွားထည့် … သွားလေ”

ရွှေနီက ကြောက်ကြောက်နှင့် ထသွားသည်။ ကျွန်တော့်ရှေ့တွင် ထိုင်ချလိုက်ပြီး ကြောင်ကြည့်နေသည်။ ကျွန်တော်က ဖရုံသီးတစ်ဇွန်း သူ့ပန်းကန်ထဲထည့်သည်။ ထို့နောက် ဘဲဥကြော်ကို ထက်ပိုင်းခြမ်းလိုက်ပြီး သူ့ထဲကို တစ်ပိုင်းထည့်ပေးလိုက်သည်။

“ငါးပိရည် … တို့စရာ … ဖရုံသီး ကြိုက်သလောက်စား … ဘဲဥကတော့ တစ်ယောက် တစ်ဝက်ပဲရမယ်”

ရွှေနီက ကျွန်တော့်ကိုကြည့်ပြီး မျက်ရည်တွေကျလာကာ

“ဟီး … အီး … အီး” ဟု ငိုပါတော့သည်။

“ဘာဖြစ်သလဲကွ”

“ဆရာကြီးလို အမေက … ဟင့် … ဟင့် … အဲလိုစိတ်မျိုးနဲ့ ကျွေးရင်ကောင်းမှာပဲ … ဟင့် … ဟင့်”

“ဟေ့ကောင်စား … ဘာလဲ မင်းက မိန်းမလား … မျက်ရည် ဒါလောက်လွယ်သလား … စားစမ်း”

ကျွန်တော် ငေါက်လိုက်သဖြင့် ရွှေနီက ထမင်းကိုစားသည်။ စားရင်းနှင့် ခံတွင်းတွေ့သွားပုံရသည်။ ငါးပိရည် တို့စရာတွေနှင့် ပလုတ်ပလောင်းစားနေသည်။

“ဆာနေသလား”

“ဟုတ်ကဲ့”

“ကဲ … ရွှေဖရုံသီးလေး လက်စသတ်လိုက်စမ်းပါဦး”

ရွှေနီက ရွှေဖရုံသီးပန်းကန်ကိုလည်း ထမင်းတွေနှင့်လူးပြီး လက်စသိမ်းလိုက်သည်။

“သား … ရွှေနီ”

“စားကောင်းလား”

“အရမ်းကောင်းတယ် … သားကထမင်းဆာနေတာ … ဆရာကြီးက သိပ်ပြီးကောင်းတယ် … အမေက ဆရာကြီးလို မဟုတ်ဘူး”

“ဘာမဟုတ်တာလဲ”

“စားရင် စားပြန်ပြီဆိုပြီး ဆူနေတာပဲ”

“ရွှေနီ … ဆရာနဲ့မင်း ဘာတော်သလဲ”

“ဘာမှ မတော်ဘူး”

“ဘာမှမတော်တဲ့ဆရာက သားကို ထမင်းတွေ … ဟင်းတွေချက်ကျွေးတာ ဘာကြောင့်လဲ သိလား”

“ဆရာကြီးက … ဟိုလေ … ဟိုဒင်း”

“မင်းက ဆရာ့ကို ပထမဆုံး ရေထမ်းပေးတယ်။ ရေထမ်းတာက တစ်ထမ်း ပြား ငါးဆယ် တန်တယ်။ ဆရာ သောက်ရေ တစ်ထမ်း ပြားငါးဆယ်ပေးပြီး ဖိုးထူးကို ထမ်းခိုင်းနေကျ သိလား။ နောက်ပြီး မင်းက ဆရာ့ကို ထင်းပေါက် ပေးတယ်။ ထင်းတွေက အများကြီးပဲ။ ထင်းပေါက်ရင် ဆရာက ဖိုးထူးကို တစ်မတ်ပေးတယ်။ တစ်မတ်ဖိုးက နည်းနည်းလေး … မင်းက ခုပေါက်ထားတဲ့ ထင်းတွေက အများကြီး … ငါးမူးဖိုးလောက်ရှိမယ်”

“ဆရာကြီးက ပိုက်ဆံပေးတယ်”

“အေး … ဆရာက ဘယ်သူ့မှ အလကားမခိုင်းဘူး …တန်ရာတန်ကြေးပေးတယ် … ဆရာ့ဆီမှာ ဘယ်သူ့ကိုမှ အလကား ထမင်းမကျွေးဘူး … ခု … သားစားနေတဲ့ ထမင်းက တစ်ကျပ်ဖိုးပဲ … သိလား”

“ဟင်”

“အေး … ဘာမှအလကားမရဘူး … သားအိမ်မှာ ထင်းပေါက်ပေးလား … ရေထမ်းပေးလား”

“ဟင့်အင်း”

“သားအိမ်မှာ ထမင်းအလကားစားရတာပဲကွ … အဲဒါကို အမေက ဆူလို့ စိတ်ကောက်ပြီး ထွက်လာရသတဲ့လား … သားအိမ်မှာ အချိန်တန်ရင် ထမင်းနဲ့ဟင်းကို အလကား လက်ဆေးပြီး စားရတာပဲမဟုတ်လား”

“ဟုတ်ကဲ့”

“သားအဖေနဲ့ အမေက ထမင်းအလကားကျွေးနေတာ ဘယ်လောက်ကျေးဇူးတင်စရာကောင်းသလဲ … ဆရာက မင်းသာ ထင်းမပေါက်ပေးရင် … သောက်ရေမခပ်ပေးရင် ထမင်းကျွေးမှာ မဟုတ်ဘူး … အဖေနဲ့အမေက သားတို့ အချိန်တန်ရင် လက်ဆေးစားဖို့ လယ်ထဲ ကိုင်းထဲမှာ အပင်ပန်းခံနေရတာ သိလား … အဲဒါကို စိတ်ကောက်သလို မလုပ်ရဘူး”

“ဟုတ်ကဲ့”

“လာ … အိမ်ပြန်မယ် … ဆရာလိုက်ပို့ပေးမယ်”

ကျွန်တော်က ရွှေနီကိုခေါ်ပြီး သူ့အိမ်ကို ပြန်လာသည်။ သူ့အိမ်ရှေ့အရောက်တွင်

“မတင်ကြည် … ဟေး … ကိုရွှေအောင်”

“ဟာ … ဆရာကြီး လာတယ် … ဟိုမှာ … မင်း … သားပါလား”

“ဟုတ်တယ် … ဒီကောင့်ကို ရွာထဲမှာတွေ့လို့ … ဒါနဲ့ ခင်ဗျားဆီမှာ ပျားရည်ရောင်းဖို့ရှိဆို”

“ဟုတ်တယ် ဆရာကြီး … မနေ့ကမှ တောထဲကရခဲ့တာ … သိပ်အကောင်းကြီးတော့ မဟုတ်ဘူး … ဒါပေမဲ့ စစ်တယ်”

“ကျုပ်ကို တစ်ပုလင်းရောင်းဗျာ … မြို့ပြန်ရင် လက်ဆောင်ပေးစရာရှိလို့”

ရွှေနီ့အမေ မတင်ကြည်က သူ့သားကို လက်ဆွဲခေါ်ပြီး

“သားရယ် … ဘယ်လျှောက်သွားနေတာလဲ … အမေက သားအတွက် ဘဲဥကြော်ပေးထားတယ်။ စောစောက ငါးဟင်းက နည်းနည်းသိုးနေလို့ သားကို မစားစေချင်လို့ပြောတာပါကွယ်”

ကျွန်တော်က ရွှေနီကိုကြည့်လိုက်ပြီး

“ရွှေနီ”

“ဆရာကြီး”

“မင်းအမေက မင်းကို ငါးဟင်းက သိုးနေလို့ မစားစေချင်တာတဲ့”

“ဟုတ်ကဲ့ … ဟီး … ဟီး … ဟီး”

“ဟဲ့ … ကလေး ဘာဖြစ်လို့ ငိုတာလဲ”

“ဘာမှမဖြစ်ဘူး … ခင်ဗျားသားကို ကျုပ်အိမ်မှာ ထမင်းကျွေးခဲ့ပြီးပြီ … ခင်ဗျား ဘဲဥကြော် မစားနိုင်မှာ စိုးလို့ ငိုတာဖြစ်မယ်”

“ဆရာကြီး”

“ဘာလဲကွ”

“ဟုတ်လဲ … ဟုတ်ပဲနဲ့ … သားက ဝမ်းနည်းလို့”

“အေး … မင်းအမေက ဆူတာကို ဘာကြောင့်လဲဆိုပြီး တစ်သက်လုံး တွေးပြီး ဝမ်းနည်းနေရမှာ ကြားလား”

“ဟုတ်ကဲ့ … ဆရာကြီး”

#တင်ညွန့်

၂၄.၉.၂၀၁၉