အမေ့အချစ်ဆုံးသားမိုက်(စ/ဆုံး)
———————————-
အမေဆုံးတာ လာမည့်နိုဝင်ဘာ (၁၈)ရက်ဆို (၃)နှစ်ပြည့်တော့မည်။
အမေက သားသမီးငါးယောက်နှင့် အဖေ့ကို ထားရစ်ကာ လူ့လောကမှ ထွက်ခွာသွားသော်လည်း ကျွန်တော့်စိတ်ထဲ မနေ့ တစ်နေ့ကလိုပင် ခံစားနေရသည်။
အချိန်တိုင်း အမေသာလွှမ်းမိုးနေခဲ့၏။
အမေဆုံးမည့်နေ့က မှော်ဘီရောက်နေသော ကျွန်တော့်ကို မောလျအားငယ်သောအသံဖြင့် ဖုန်းဆက်ပြီး အခါခါ လှမ်းခေါ်သည်။
ကျွန်တော်အားချင်း ရောက်သွားသော်လည်း အမေ့ဘေးကြာရှည် မနေဖြစ်ပါ။
အမေက မောနေလျက်မှ လေအေးပေးစက် မအေးသဖြင့် (ပြင်ပေးဖို့) တခုတ်တရစေခိုင်းသောကြောင့် လေအေးပေးစက်ပြင်ဆရာတစ်ယောက်ကို ခေါ်ပေးကာ အလုပ်ကိစ္စရှိရာသို့ ထွက်လာမိခဲ့သည်။
ကျွန်တော့်ဘ၀အတွက် အမေဟူသော မဟာအုတ်တံတိုင်းကြီး ထိုနေ့က နောက်ဆုံးပြိုလဲမည့်နေ့ ဖြစ်သည်အား ကြိုတင်မသိခဲ့သလို ပေါ့ဆမိတာလည်း ပါ၏။
တိုက်ဆိုင်စွာပင် အရောင်းအ၀ယ်ကိစ္စ စကားပြောရန်၊
ဧည့်သည်တစ်ဦးနှင့် အရေးတကြီး ချိန်းထားမိလျက်သား ဖြစ်နေခဲ့သည်။
“သား အလုပ်ရှိသေးလို့ပြန်လာခဲ့မယ် အမေ”ဟု လွယ်လင့်တကူ ကတိပေးကာ အမေ့ထံပါးမှ အလျင်စလို ထွက်လာခဲ့ခြင်းပင်။
“သား မြန်မြန်ပြန်ခဲ့နော် ဒီနေ့ နေရတာ သိပ်အဆင်မပြေဘူး၊အရေးအကြောင်းဆို ငါ့သားက အရမ်းအားကိုးရတယ်လေ”ဟု အမေခပ်ယဲ့ယဲ့ပြောတာ မှတ်မိသည်။
ကျွန်တော် အမေ့စကားကို ဘာသာမပြန်နိုင်ခဲ့။ဘာသာပြန်ဖို့လည်း မကြိုးစားမိခဲ့။သားသမီးငါးယောက်မှာ သားအလတ်ဖြစ်သောကျွန်တော်။ငယ်စဉ်ကပင် အမေကျွန်တော့်ကို သိပ်မချစ်ဟု မှတ်ထင်နေမိတာ ။
ကလေးဘဝကတည်းက အစ်ကိုအစ်မတွေနှင့် စကားများလည်း
“နင်က အကြီးတွေကို ခံပြောရသလား”ဟူသောစကား၊
ညီ၊ညီမတို့နှင့်ခွန်းကြီး ခွန်းငယ် ပြောလည်း
“နင်ကိုက အငယ်တွေကို မညှာတာပဲ”ဟူသောစကားတွေသာ ကျွန်တော်အမြဲကြားယောင် နေတတ်သူပါ။
သားအလတ်ဖြစ်၍ အိမ်မှာတစ်ခုခုဆို ကျွန်တော်သာ အဆူခံ နေရသည်ဟု ကလေးအတွေးဖြင့် ယူဆခဲ့မိသည်။
အစ်ကိုအစ်မနှင့် ညီညီမ တစ်ယောက်စီ ရှိနေခဲ့သော ကျွန်တော့်အဖို့ တခုခုဆို သူတို့အပေါ် မနာလိုဖြစ်ခဲ့တာလည်း ယခုတော့ဝန်ခံပါမည်။
+++++++++++++++++++++
အမေက စျေးသည်ဘဝဖြင့် နှစ်ပေါင်းများစွာ ကျွန်တော်တို့ မောင်နှမတွေကို ရုန်းကန်ရင်း ကျောင်းထားပေးခဲ့ခြင်းဖြစ်သည်။
အမေစျေးရောင်းထွက်တိုင်း အမေ့ထမီစလေးဆွဲကာ ကျွန်တော်က တုတ်လေးတစ်ချောင်းကိုင်လျက် ခွေးတစီစီဟောင်လျှင် ခြောက်လှန့်ရင်း အမေ့နောက် တကောက်ကောက် လိုက်ခဲ့၏။
အမေကား အင်းစိန်မီးရထား ဆေးရုံရှေ့က အရုဏ်စျေးမှာ တညင်းသီးအစိမ်း လက်ကားရောင်းချသူပါ။
ယခင် ကီလီစျေး(ယခု သီရိမဂ်လာစျေး)မှာ ဖောက်သည်ယူ၍ အင်းစိန်ရှိ အရုဏ်စျေးမှာ ရောင်းခြင်းပင်။
အရုဏ်စျေးဖြစ်၍မနက် (၃)နာရီမထိုးခင် အမေက အိပ်ရာထကာ စျေးဗန်းပြင်တတ်ပါသည်။
အမေ့သနပ်ခါး တရှဲရှဲသွေးသံကြားလျှင် ကျွန်တော်ပို၍ အိပ်ချင်ယောင်ဆောင်လေ့ရှိသည်။အိပ်ရာထပျင်းတတ်သော ကျွန်တော့်မှာ အမေအတင်းအကြပ်နှိုးလာမှ အိပ်ရာက မထချင်ထချင် ထပါသည်။ မျက်နှာပင်မသစ်ဘဲ အမေ့စျေးဗန်းကို မပင့်ချင်ပင့်ချင် ပင့်ပေးလျက် မျက်နှာရှစ်ခေါက်ချိုးအမူအရာဖြင့် စျေးရောင်း လိုက်ရပါသည်။
အတိတ်ကုသိုလ်ကံအရ ကလေးသာသာအရွယ်ကပင် အမေ့ထမီစလေးဆွဲကာ နှစ်ပေါင်း လပေါင်းများစွာ စျေးသည်ဘ၀ ဖြတ်သန်းခဲ့ရတာ ပုံပြင်မဟုတ်ပါ။
စျေးရောက်သည်နှင့် နှီးဗန်းကြီးတစ်ချပ်ထဲမှာ ကျွန်တော် ဝင်အိပ်တော့တာပါပဲ။
ထိုအခါ ကျွန်တော်ကနောက်မှ ဗန်းကြီးထဲ ပုဆိုးလေးခြုံ၍ ဝင်အိပ်။အမေကရှေ့မှာ စျေးထိုင်ရောင်း။
ငယ်စဉ်က မီးခွက်လေးတွေထွန်း၍ အမေနှင့်ကျွန်တော် အရုဏ်စျေးထွက်ခဲ့ရတာ ၊ မေ့နိုင်စရာ မရှိပါ။
+++++++++++++++++++++
အမေက စျေးသည်ဘဝမှ ကုန်သည်တစ်ဉီးဖြစ်အောင် နှစ်ပေါင်းများစွာ စျေးဗန်းခေါင်းရွက်လျက် နေပူမိုးရွာမရှောင် ဒုက္ခများစွာ ခါးစည်းခံခဲ့သူပါ။
အဖေက အထည်စက်ရုံဝန်ထမ်း။အလွန် ရိုးသားသူ။
အလုပ်ကိုတစ်ရက်မှ ပျက်ခံသူမဟုတ်။ရာထူးတိုးလျှင်အဖေမပါ။
ရုံးပေါ်မှ ဘွဲ့ရစာရေး ဆယ်တန်းအောင်သူတွေသာ အဖေ့အထက်မှာ(အကြိမ်ကြိမ် ) နေရာတွေ ရကုန်ကြသည်။
ဤကြောင့် အဖေနှင့်အမေက သူတို့လိုမဖြစ်အောင် သားသမီးတွေကို ပညာတတ်စေလိုကာ မပြည့်စုံသည့်ကြားမှ ကျောင်းထားပေးခဲ့၏။
ဘွဲ့ရပညာတတ်•••ဟူသည့်စကားကို အမြဲပင် ကျွန်တော်တို့ခေါင်းထဲ ရိုက်သွင်းပေးနေကြ။
ပညာမသင်ခဲ့ရသော အဖေနှင့်အမေက သားသမီးအားလုံးကို ဘွဲ့ရအောင် ကျောင်းထားပေးနိုင်ခဲ့သည်။
ကျွန်တော်တို့ဘွဲ့က ဘာမျှမဟုတ်လှသော်လည်း အဖေနှင့်အမေမှာ ရပ်ကွက်လမ်းထဲ ကြွားမဆုံး ဂုဏ်ယူမဝ ဖြစ်ခဲ့ကြပါသည်။
အမေက ကျွန်တော်သိသလောက် အင်းစိန်စျေးမှာ ဆေးရိုးတွေ ဆေးရွက်ကြီးတွေ ရောင်းဖူး၏။
မုန်ကျွဲသဲ အရပ်ထဲ လည်ရောင်းတာ မြင်ဖူးသည်။
ငယ်စဉ်က မုန့်ကျွဲသဲရောင်းမကုန်သော အမေ့စျေးဗန်းထဲမှ မုန့်တွေကို ဗိုက်ဆာဆာနှင့်ကျွန်တော်တို့မောင်နှမတွေ အလုအယက် နှိုက်စားခဲ့ဖူးသည်။
အိမ်ဘေးက နေ့ပြန်တိုးပေးစားသော၊ဒေါ်တင်မြင့် မှာ ထိုနေ့အတွက် နေ့သွင်း မသွင်းနိုင်သဖြင့် လက်ညှိုးငေါက်ငေါက်ထိုးကာ အမေ့ကို ဆဲဆိုကြိမ်းမောင်း (ရန်တွေ့)တာ မျက်မြင်ကြုံဖူးသည်။
မည်သို့ဖြစ်စေ အမေ့မုန့်ကျွဲသဲများကို ကျွန်တော်တို့ မောင်နှမများ အားပါးတရ နှိုက်စား ခဲ့တာပါပဲ။
မုန့်ကျွဲသဲဗန်းထဲမှာ မိုးရေနှင့် အမေ့မျက်ရည်စက်တို့ ရောယှက်နေခဲ့တာ ၊ကျွန်တော်ယခုမှ မြင်ယောင်ရင်း ရင်ထဲ
နင့်ကနဲ ဖြစ်ခဲ့ရပါပြီ။
+++++++++++++++++++++
အမေမဆုံးခင် အထူးကုဆေးရုံ တစ်ကြိမ် တက်ခဲ့ရသည်။
ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ အဆက် မပြတ် ကုသခဲ့ရ၏။ဆီးချိုဆေးတွေသောက်ရင်း သွေးတိုးနှင့်နှလုံးပါ လိုက်လာ၏။
ဆေးပြင်းတွေ ထိုးလိုက် သောက်လိုက်လုပ်နေလျက် အစာမဝင်တာကြာတော့၊ ကျောက်ကပ်ပါ ထိသွားခဲ့သည်။
အမေ့မျက်နှာနှင့် ခြေထောက်တွေမှာ ယောင်အမ်းနေခဲ့၏။
အထူးကုတစ်ခါပြလျှင် သုံးသိန်းခွဲ၊လေးသိန်း ကုန်ကျသည့်၊ဆေးဖိုးငွေများ လစဉ်၊အပတ်စဉ် ရှင်းခဲ့ရပါသည်။
အထူးကုဆေးရုံမှ ဆင်းပြီး မကြာမီ အမေ လေဖြတ်သတိလစ်သွားသဖြင့် နာရေးကူညီမှုအသင်း လူနာတင် ယာဉ် ဖုန်းဆက်အကူအညီတောင်းခံကာ ရန်ကုန်ဆေးရုံကြီး တင်ခဲ့ရသေးသည်။
ထိုစဉ်က အမေအိမ်ပြန်မရောက်နိုင်တော့ဟု အားလုံး၊ မှတ်ထင်ခဲ့ကြ၏။
ဆေးရုံတွင် ရက်အနည်းငယ်နေသောအခါ အမေပြန်ကောင်းလာသည်။ အားလုံး အံ့သြဝမ်းသာ ဖြစ်ကြသည်။အဖေတစ်ယောက် ဝမ်းသာလိုက်သည်မှာ မပြောပါနှင့်တော့။
သို့နှယ် သေရွာပြန်အမေ့ကို မည်သူမှ ဆုံးပါးဉီးမည် မထင်ကြ။ကျွန်တော်အမေ့ကို နောက်ဆုံးနေ့က၊စနောက် ခဲ့သေးသည်။
“အမေက ဘာမှမဖြစ်ပါဘူး
အမေရာ”
“အင်းပါ သားရယ်”
“သားရှိရင် စကားတွေ အားပါးတရပြောတာ နားထောင်ပြီး၊အမေနားငြီးနေမှာလေ”
“ဘယ်က နားငြီးရမှာလဲ သားရဲ့”
“သားမရှိမှ အမေစိတ်ချမ်းသာမှာ မဟုတ်လား”
“ဟယ် ဘယ်က လာသားရယ်”
“ဟား ဟားဟား”
အမေ့ကို ရောဂါသက်သာစေရန် မရိုမသေ စခဲ့မိပါသည်။
” သားရှိရင် အမေဘယ်တော့မှ စိတ်မဆင်းရဲပါဘူး”
ဤစကားက အမေကျွန်တော့်ကို နောက်ဆုံးပြောခဲ့သောစကား ပါပဲ။
++++++++++++++++++
အပိုင်း(၂)
အမေက နှစ်ပေါင်းများစွာ စျေးသည်ဘဝ ကျင်လည်ခဲ့ရ၏။ထိုကာလတွေမှာ လွန်စွာခက်ခဲ ကြမ်းတမ်းလွန်းခဲ့ပါသည်။
သို့သော် အမေမည်သည့်အခါမျှ၊စိတ်ပျက် အားငယ်ခြင်းမရှိခဲ့။အမေနှင့် အလွန်ခင်မင်ရင်းနီးသောမိတ်ဆွေတစ်ဦးက စျေးသည်ဘဝမှ ကုန်သည်ဖြစ်အောင် အမေ့ကို စည်းရုံးဆွဲဆောင်ခဲ့၏။
သူတို့က အင်းစိန်စျေးမှာအမေနှင့်စျေးအတူရောင်းခဲ့ဖူးသော ကိုဖိုးသာအောင်တို့ လင်မယားပင်။
ကိုဖိုးသာအောင်က စျေးသည်ဘဝစိတ်ကုန်ကာ ရှမ်းပြည်ဘက်ထွက်သွား၏။သူက အောင်ပန်းမှာ မွေးဖွားခဲ့သူ။သူ့ဇနီးက ကလောမြို့သူ။မ၀င်းကြည်စော။အမေ့ကို အနှီလင်မယားက အစ်မတစ်ယောက်လို ချစ်ကြသည်။
နှစ်ပေါင်းများစွာ စျေးအတူရောင်းရင်း အမေ့၏ရိုးသား ကြိုးစားမှု၊ကျွန်တော်တို့ သားသမီးများအား ဆင်းရဲပင်ပန်းစွာ အပတ်တကုတ်ရုန်းကန်၍ စားဝတ်နေရေးအပြင် ခေတ်ပညာတတ်အောင် သင်ယူစေလိုမှု စသည့် မွန်မြတ်သောမိခင်စိတ် အမြစ်တွယ်နေပုံတို့ကို ရင်သပ်ရှုမောကာ လေးစားအားကျ ခဲ့သူများဖြစ်ပါသည်။
ကိုဖိုးသာအောင်က ရှမ်းပြည်ထွက် အသီးအနှံများကို ခြံတွေထဲထိ လိုက်လံဝယ်ယူလျက် ရန်ကုန်ပို့သည်။အမေ့ကို “သီရိမင်္ဂလာစျေး’မှ ပွဲရုံတွေဆီ လိုက်စပ်ခိုင်း၏။
အမေတစ်ယောက် နှစ်ရှည်လများ “ကီလီစျေး”မှသည် ယခု “သီရိမင်္ဂလာစျေး”အထိ စျေးပြောင်းရွှေ့ရာတလျှောက်မှာ ခေါက်ပြန်ပေးသဘောမျိုးဖြင့် ကုန်ယူရောင်းခဲ့တာ နာမည်ပျက်မရှိ၊၊အကြွေးတစ်ကျပ်တစ်ပြားပင် မကျန်အောင် အထင်ကရ ဝယ်ယူဖြုန်းအားကောင်းခဲ့သူ။
အမေ့၏ သူ မတူသော ရိုးသားမှန်ကန်သည့် ဂုဏ်ပုဒ်ကြောင့် ကိုဖိုးသာအောင်တို့ တင်ပို့သော ကုန်မှန်သမျှ ပွဲရုံတွေဆီ နေ့တဓူဝ ချပေးရန် ပြောဆိုသိမ်းသွင်းရာတွင် အခက်အခဲ တစ်စုံတရာမရှိခဲ့။
အမေကုန်ပို့သော တညင်း၊ပန်းသီး၊လိမ္မော်၊ဉနီ၊ဆီးသီး၊လိမ္မော်သီး၊သစ်တော်သီး၊ခရမ်းချဥ် ၊ရှမ်းပန်းစသည်ဖြင့် မည်သည့်ကုန်ဖြစ်စေ ပွဲရုံတွေက အချိန်မရွေးလက်ခံရောင်းချပေးရုံမက အမေ့ကို “ပြည့်စုံ”ကုန်စည် ဒိုင်မှ ဒေါ်အေးသန်းနှင့်”ထိပ်တန်း”ပွဲရုံမှ ဉီးထွန်းရင်တို့ သူဌေးနှစ်ဉီးမှ လိုသမျှငွေ ထုတ်ပေးလျက် ရှမ်းနယ်ဘက်မှ ကုန်ရသမျှတင်ပို့ပေးရန်နှင့် အခြားမည်သည့်ပွဲရုံများကိုမှ ကုန်မတင်ဘဲ ယင်းတို့ပွဲရုံတွေအတွက်သာ ဉီးစားပေးတင်ပို့ရန် ယုံကြည်စွာ အပ်နှံတာဝန်ပေးစေလွှတ်ခြင်း ခံခဲ့ရသည်။
ထိုအခါ အမေက ရန်ကုန်မှာ အစ်ကိုအကြီးဆုံးကို သူ့နေရာထားခဲ့ပြီး ကိုဖိုးသာအောင်တို့ ရှိရာ ရှမ်းပြည်သို့ တက်သွားခဲ့သည်။သူတို့ကလည်းကြည်ဖြူစွာ အမေ့ကို လက်တွဲခေါ်ခဲ့တာကြောင့် တိုတောင်းသောနှစ်အနည်းငယ်အတွင်းမှာပင် အမေကအလွန်တရာလတ်ဆတ်ကောင်းမွန်သော ရှမ်းကုန်တင်ပို့သည့် ကုန်သည်ကြီးတစ်ဉီးအဖြစ်ကျော်ကြား လာခဲ့၏။
အစ်ကိုဖြစ်သူကိုလည်း သီရိမင်္ဂလာစျေးမှာပင် ဆိုင်ခန်းဝယ်ယူစေကာ ရှမ်းကုန်ရောင်းချသည့် ပွဲရုံတစ်ရုံတည်ထောင်ပေးခဲ့သည်။အဖြစ်အပျက်တို့က အပြောင်းအလဲ မြန်ဆန်လွန်းလှစွာ အမေ့ကြောင့်မိသားစုစီးပွားရေး သိသိသာသာထောင်တက်သွားခဲ့သည်။
သို့သော် အဖေက အလုပ်မထွက်။ပင်စင်ရသည်ထိ ဝန်ထမ်းဘဝကို မက်မောစွာ လုပ်ကိုင်ရင်း စံပြ လုပ်သားသုံးနှစ်ဆက် အရွေးချယ်ခံရပြီးမှ သက်ပြည့်ပင်စင်ယူခဲ့ခြင်းဖြစ်သည်။
အမေက လမ်းဘေးစျေးသည်ဘဝမှ ကုန်သည်ဖြစ်အောင်၊ပွဲရုံတည်ထောင်နိုင်အောင် မိန်းမသားတန်မဲ့ လုပ်ဆောင်နိုင်ခဲ့သော်လည်း အိုနာသေကိုတော့ မကျော်လွှားနိုင်ခဲ့။
+++++++++++++++++++++
အမေ့တွင် သူ့နားဝန်းရံနေသော ကျွန်တော့်အစ်ကိုအကြီးဆုံးနှင့် စည်ပင်မှာ ညွှန်မှူးဖြစ်နေသောနို့ညှာသား ညီအငယ်တို့ ရှိ၏။
အမေ့အိမ်ရှေ့ စတိုးဆိုင်ဖွင့်ထားသော ညီမအငယ်ဆုံးနှင့် တညင်းကုန်းလက်ကားစျေးမှာ ကုန်စည်ဒိုင်ဖွင့်ထားသောအစ်မအပျိုကြီးတို့လည်း ရှိနေသေးသည်။
ကျွန်တော်က အိမ်ခြံမြေဝယ်ရောင်း သမား။ အရောင်းအ၀ယ်လိုလို၊စီးပွားရေးလိုလို ၊စာရေးဆရာလိုလို ယောင်ချာချာ လူတစ်ယောက်။
အမေနှင့်အဝေးဆုံး မှော်ဘီမှာ အိမ်ခြံဝယ်ကာ ရွှေပြည်သာထဲ အဆောင်ဖွင့်ထားသူ။
အမေ့နား ငယ်စဉ်ကလို ကပ်သည်မရှိ။ကြုံရာအိပ် ကျရာစား။
ယခုနောက်ပိုင်း ပိုဆိုးသည်။
ပိုက်ဆံရဖို့ထက် ကဗျာရေးဖို့သာ အားသန်နေမိသူ။ဟိုတုန်းက စာမူတစ်ပုဒ်ပါဖို့ နှစ်ချီစောင့်ခဲ့ရသည်။
မျက်မှောက်ကာလမှာ ခုရေး ခု လိုင်းပေါ်တင်။ခု ပီတိစား။
လိုက်ကြည့် မန့်ဖတ်၊အိပ်ရေးပျက်ဘဝကို ခုံမင်နေမိသူ။
အမေ့ကို နေမကောင်းတာသိလျက် ခပ်ပေါ့ပေါ့ ဘာမှမဖြစ်လောက်ဟု ယူဆကာ ကြည့်မြင်တိုင်က တိုက်ခန်းတစ်ခန်းကို ကြည့်ဖို့သွားခဲ့မိသည်။
ကိုဗစ်ကာလမို့ အပြန်မှာ အမေ့အိမ် ဝင်ခဲ့သေးသော်လည်း အိမ်ပေါ်တက်မတွေ့ဘဲ ကိုယ့်မှာ ရောဂါကပ်ပါလာလျှင် အမေ့ဆီကူးစက်နိုင်သဖြင့် ညီမအား”ညမှပြန်လာမယ်” ဟု တီးတိုးမှာကာ မှော်ဘီအိမ်ကိုပြန်ခဲ့မိသည်။
မှော်ဘီမှာ သိမ်းစရာပစ္စည်းတချို့နှင့် ငွေစအနည်းငယ်ရှိသေးတာ စိတ်ထဲရောက်နေတာမို့ အမေ့နားနေဖို့ထက် အိမ်ပြန်ဖို့ စိတ်စောနေခဲ့တာ ကျွန်တော့်တစ်ဘဝစာလုံး နောင်တရဖို့ ဖြစ်သွားခဲ့တာပါပဲ။
တကယ်တော့ အမေကျွန်တော့်အား ထိုနောက်ဆုံးနေ့က သားသမီးငါးယောက်အနက် မိမိတစ်ဦးတည်းကို သူ့အနားခေါ်ထား၊ စကားတွေပြောခဲ့တာပါ၊၊
မောနေတာသိလျက် တစ်ဘဝတစ်ခါမျှရနိုင်ခဲသော အမေဆိုသည့် အနန္တကျေးဇူးရှင်ကြီးကို ဉပေက္ခာပြုကျောခိုင်းခဲ့မိသည်။
မှော်ဘီပြန်ရောက်တော့ ညခုနှစ်နာရီခွဲခန့် ရှိနေ၏။ရေမိုးချိုး ထမင်းစားပြီးမှ အမေ့အိမ် သွားအိပ်မှာမို့ စိတ်အေးလက်အေး ဖုန်းလေးထုတ်ကာ ကဗျာတစ်ပုဒ်ပင် ရေးတင်ဖို့ ကြံနေလိုက်သေးသည်။
ထိုစဉ် ညီမထံမှဖုန်းဝင်လာ၏။
“အမေ ဆုံးပြီ”တဲ့။ ။
အောင်မြင့်သောင်း(ဘူမိဗေဒ)