အမွေစု

Posted on

အမွေစု(စ/ဆုံး)

————

မနက်က ညီမဖြစ်သူ သန္တာဆီကဖုန်းလာသည်။
အမေသိပ်နေမကောင်း၍ အိမ်ဘက်သို့လာခဲ့ပါဦး လို့ပြောပါသည်။
အိမ်ဘက်သို့လာခဲ့ပါဦး..ဆိုပေမယ့် လက်ဗလာဖြင့်သွား၍မရပါ။
အနည်းဆုံး တော့နှစ်သောင်း၊သုံးသောင်း ပါသွားရပါမည်။
အခုရက်ပိုင်း ကျွန်မယောကျာ်း ကိုဖုန်းမြတ်တစ်ယောက်အလုပ်အကိုင်မကောင်း။
ကုမ္ပဏီ တစ်ခုမှာ ဆီဘော်ဆာကားတွေကိုနယ်ဝေးမောင်းရသူမို့ လစာနဲ့ခေါက်ကြေးရသည်။
တိုင်းရေးပြည်ရာမကောင်းသည့်အပြင် တချို့နယ်ဘက်တွေ နယ်မြေမတည်ငြိမ်၍ ကားမထွက်ရပဲ
ကုမ္ပဏီ မှာသာအထိုင်နေရ၍ လစာတစ်ခုတည်းသာရနေခြင်းဖြစ်သည်။

လဆန်းရက်တိုင်းအမေအတွက်ဆိုပြီး တလတစ်သိန်းထောက်ပံ့ပေးထားသည်။
သန္တာက ကျွန်မအောက်ကအငယ်မ။
အသက်ကလေးဆယ်နားကပ်နေပြီ။
အိမ်ထောင်မရှိသူလူလွတ်မို့ အမေနဲ့အတူတူနေသည်။
သန္တာက အိမ်မှာပဲအော်ဒါထည်လေးတွေယူချုပ်သည်။
အထည်ပါးသည့်ရက်၌ဘာမှမလုပ်။
ကျွန်မအမေအတွက်ထောက်ပံ့သည့်ငွေတစ်သိန်းရယ်၊
အိမ်တစ်ခြမ်းကိုအိမ်အငှားတင်ထားသည့်လစာရယ်နှင့်သားအမိနှစ်ယောက်လောက်ငအောင်သုံးစွဲကြခြင်းဖြစ်သည်။
အမေနေမကောင်းသည့်အခါမျိုးမှာတော့ ကျွန်မတို့လင်မယားကအမေကိုဆေးခန်းလိုက်ပို့ပေးရပါသည်။

အရင်ကတော့ အမေနေမကောင်းဘူးဆိုလျှင်မဆိုင်းမတွပြေးသွားလိုက်ရုံပင်။
အခုတော့ ကိုဗစ်ကာလနဲ့နိူင်ငံရေးကြားမှာကျွန်မလည်းလုံးပါးပါးပြီး ခုသာခံသာပင်မရှိတော့ပေ။
ကိုဖုန်းမြင့် ကို ဖုန်းဆက်ပြီးအကျိုးအကြောင်းပြောတော့

“”နီလာရယ်…မင်းမှာရွှေတိုငွေစတွေရှိသေးတာပဲ။
တစ်ခုခုကိုပေါင်နှံလိုက်လေ။
မင်းအမေကအသက်ကြီးနေပြီ။
ဂရုစိုက်ပေးလိုက်ပါ ငွေဆိုတာအချိန်မရွေးပြန်ရှာလို့ရတယ်…”””

တဲ့လေ။
ဒါကြောင့် လက်စွပ်တစ်ကွင်းကို ငါးသောင်းနဲ့သွားပေါင်လိုက်တယ်။
အမေအတွက်သုံးသောင်းလောက်ကုန်ပြီးပိုတာလေး
အိမ်မှာသုံးဖို့ချန်ထားရမယ်။
သားအကြီးကောင်လေးကျုရှင်ကပြန်လာပြီမို့ အငယ်မလေး ဖူးဖူးကို လက်ကဆွဲလို့သုံးလမ်းကျော်ကျော်က
အမေရှိရာအိမ်လေးဆီထွက်လာလိုက်တော့တယ်။

####################

“”ဟဲ့..နီလာ…ညည်းကိုမတွေ့ရတာကြာပြီ။
ညည်းအခု ဘယ်သွားမလို့လဲ””

လှည့်ကြည့်လိုက်တော့ အမေတို့ခေါင်းရင်းခြံကသူငယ်ချင်း ညိုမာဦး ဖြစ်နေပြန်သည်။

“”သြော် ညိုမာဦးပါလား
အိမ်ကိုခဏလာတာ၊ အမေနေမကောင်းဘူးဆိုလို့…””

“”အေး ဟုတ်တယ်ဟ မနက်က သန္တာပြောနေတာကြားတယ် ကြီးစန်းနေမကောင်းဘူးဆိုလား..””

ကျွန်မနဲ့ ညိုမာဦးအတူတူလျှောက်လာခဲ့ကြသည်။
ညိုမာဦးပြောပြသောညီမဖြစ်သူ သန္တာအကြောင်းများကိုခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ရင်း
ခြံရှေ့ရောက်လာတော့သည်။

“”ဟဲ့…နီလာ နင်သိပါစေဆိုပြီးပြောပြတာနော်
ပြသနာတွေလည်းဖြစ်မနေကြနဲ့
တော်ကြာငါမကောင်းဖြစ်တော့မယ်…””

“”အေးပါဟယ်””

အဲ့နေ့က အမေ့ကိုဆေးခန်းပြတာကတစ်သောင်းနဲ့
အမေစားချင်တာလေးတွေဝယ်ခြမ်းပေးခဲ့တာခုနှစ်ထောင်ကုန်သွားသည်။
သန္တာမသိအောင် အမေကိုပိုက်ဆံလေးတစ်သောင်းခိုးပေးပြီးအိမ်ပြန်လာခဲ့လိုက်တော့သည်။

#######################

ကျွန်မခင်ပွန်း ကိုဖုန်းမြတ် က မိဘနှစ်ပါးလုံးမရှိကြတော့ဘူး။
အမဖြစ်သူကမန္တလေးမှာနေတာဖြစ်ပြီး ကိုဖုန်းမြတ်ကိုအရမ်းချစ်ရှာတယ်။
မန္တလေး မှာ ယောကျာ်းဘက်က အိမ်ပိုင်ဝန်းပိုင်တွေနဲ့မို့ ကျွန်မတို့လင်မယားကိုအိုးပိုင်အိမ်ပိုင်လေးဖြစ်အောင် မိဘအမွေအိမ်လေးကို ယောင်းမကပေးနေစေခဲ့တယ်။
ကာလပေါက်စျေးထက်အဆပေါင်းများစွာလျှော့ပေးပြီး အိမ်တန်ဖိုးရဲ့ သုံးပုံတပုံကို အဆင်ပြေမှပြေသလိုပေးဆိုသည့်ပုံစံနဲ့သာပြန်အမ်းစေခဲ့တယ်။
ဒါကြောင့် ကျွန်မတို့လင်မယား မိဘချန်ခဲ့တဲ့အိမ်လေးမှာ နေနိူင်ခဲ့တာပါပဲ။
ကျွန်မအမေကို အတူတူလာနေဖို့ခေါ်ခဲ့ဘူးတယ်။
အပျိုမသန္တာကို တစ်ယောက်တည်းမထားသင့်ဘူးလေဆိုတဲ့အကြောင်းပြချက်နဲ့ အမေလာမနေနိူင်ခဲ့ဘူး။
ကျွန်မယောကျာ်းကိုဖုန်းမြတ်က ယောက္ခမကိုသိပ်ချစ်ရှာတာ။
နှစ်ဘက်လုံးပေါင်းမှတစ်ဦးတည်းသာရှိတဲ့ ယောက္ခမကို အမေလိုသဘောထားခဲ့တယ်။

အိမ်ထောင်ဘက်ဆိုတာမျိုးက အလုံးစုံစိတ်တိုင်းကျနိူင်သူမျိုးတော့ဘယ်ရှိနိူင်မလဲ။
ဒါပေမယ့်…ကျွန်မအမေကိုမိခင်တစ်ယောက်လိုသဘောထားပေးတဲ့ခင်ပွန်းကို ကျွန်မအနေနဲ့ ပြစ်မှားစရာအကြောင်းမရှိတော့ဘူးလေ။
လစဥ်လတိုင်း အမေအတွက်ကို မငြိုမငြင် ထောက်ပံ့ပေးခဲ့တယ်။
အခုလို အလုပ်အကိုင်မကောင်းဖြစ်နေချိန်တောင်
အမေအတွက်စဥ်းစားပေးတဲ့ခင်ပွန်းကိုဘယ်လိုကျေးဇူးတင်မှန်းမသိတော့ဘူး။

ခက်နေတာက…ကျွန်မညီမ သန္တာ
ညနေကသူငယ်ချင်းညိုမာဦးကပြောတယ်။

“”အိမ်ဘက်ကိုခဏ ခဏလာကြည့်ပါဟာ
အခုဆိုရင်သန္တာက အရင်က သန္တာမဟုတ်တော့ဘူး။
ထမင်းရယ်ဟင်းရယ်လို့ ဖွယ်ဖွယ်ရာရာမချက်အားတော့ဘူး။
စားခါနီးမှကမန်းကတမ်းချက်တဲ့ဟင်းတွေ၊ လက်ဖက်သုပ်တွေ၊ အနီးအနားထမင်းဆိုင်ကဟင်းတွေနဲ့
နှစ်ပါးသွားနေတာ သူ့အဖို့ရာတော့အဆင်ပြေတာပေါ့
နင်တို့အမေကဘယ်အဆင်ပြေမလဲ နီလာရယ်…””

“”သန္တာကထမင်းဟင်းတောင်မချက်အားပဲဘာလုပ်နေတာလဲ ဟင်…:””

“”နင့်ညီမ အသက်ကြီးမှ ရည်းစားရနေတာလေ
လိုင်းပေါ်ကတွေ့တဲ့ကောင်လေး
အိမ်ကိုလာနေတာတောင်သုံးလေးခါရှိပြီ။
ကောင်လေးက အခုမှနှစ်ဆယ်ကျော်သာသာလေး
ရုပ်ကလေးဗန်းပြပြီးနင့်ညီမကိုချူစားတာနေမှာ
ကြည့်ထိန်းဦး””

တကယ်လည်းအိမ်မှာထမင်းပဲချက်ပြီးမနက်က
အမေ့ကိုဟင်းဆိုင်ကဟင်းဝယ်ကျွေးခဲ့လေသတဲ့။
အမေ့ဟာ ဖြစ်သလိုတွေစားနေရလို့ ခံတွင်းပျက်ပြီးနေမကောင်းတာကိုသဘောပေါက်မိတယ်။
ကိုဖုန်းမြတ် ကိုပြောပြတော့

“”အေး မိန်းမရေ အိမ်ကနေသာအမေ့အတွက်ဟင်းချက်ပြီးပို့လိုက်….””…တဲ့လေ။

##############################

“”ဒါဆို.. နင်က အိမ်ထောင်ပြုတော့မယ်ပေါ့””

ကျွန်မအမေးကို သန္တာကခေါင်းညိတ်ပြီးဖြေသည်။
သန္တာပုံစံကအေးတိအေးစက်နှင့် မလွှဲသာ၍
အသိပေးရုံသက်သက်ပုံစံမျိုးဖြစ်နေသည်။

“”ယောကျာ်းလေးရှင်ဘက်ကလာမြန်းမှာလား””

“”မမြန်းပါဘူး သူ့မိဘတွေကဟိုးအဝေးကြီးမှာနေတာ
၊ဘယ်သူ့ကိုမှ ဒုက္ခ မပေးဘူး။
နှစ်ဦးသဘောတူပဲ ။ မဂ်လာအသိအမှတ်ပြုဆွမ်းကျွေးလေးတော့ အခုလာမယ့် တနဂ်နွေ့မှာလုပ်မယ်””

အိမ်ပေါ်ကိုဝေ့ဝဲကြည့်လိုက်တော့ ပုဆိုးတစ်ထည်လှမ်းထားတာတွေရပြီး ယောကျာ်းလေးဝတ်ရှပ်အကျီ်တစ်ထည်လည်း အဝတ်တန်းမှာလှမ်းထားတာတွေ့လိုက်သည်။

“”သန္တာရယ် လင်ယူမယ်ဆိုလည်းနည်းနည်းပါးပါး
မတိုင်ပင်ဘူး။
ပြီးတော့ ကိုယ့်ထက်အသက်အများကြီးကွာတဲ့သူကိုယူမှာ။
ဟိုကအတည်မပေါင်းပဲပစ်သွားရင် ရင်နာရဦးမယ်””

“”မနီလာက သန္တာကိုစိတ်ပူနေတာလား
ချိုးချိုးဖဲ့ဖဲ့ပြောချင်နေတာလား..””

သန္တာရဲ့ခွန်းတုန့်ပြန်စကားကြောင့် ကျွန်မ စိတ်အရမ်းတိုသွားသည်။
အမဖြစ်သူကသူ့အတွက်ပြောတာလား
စေတနာနဲ့ပြောတာလားကိုပင် မစဥ်းစားတော့။
ကျွန်မလည်းဒေါသဖြစ်ဖြစ်နှင့် ဆက်ပြောလိုက်သည်။

“”ဟဲ့….ညည်းကိုချိုးဖဲ့ပြောနေတာမှ မဟုတ်တာ။
ညည်းပြောလို့ပြောဦးမယ်။
ညည်းဘာသာပဲ မဂ်လာဆောင်ဆောင်၊ဆွမ်းပဲကပ်ကပ် ညည်းလုပ်ချင်ရာလုပ်။
အမေဆွဲကြိုးနှစ်ကုံးနဲ့ လက်ကောက်နှစ်ကွင်းကညည်းသိမ်းထားတာဆို အခုဘယ်မှာလဲ””

“”အို…ခုနှစ်ဆွေးရှစ်ဆွေးက ပစ္စည်းတွေ လာမေးနေတယ်။ ကုန်တာကြာပေါ့””

ကျွန်မတို့ညီအမ ပြသနာအကြီးအကျယ်တက်တော့သည်။
အမေကတော့မျက်နှာငယ်လေးနှင့် နှစ်ယောက် လုံးကိုတော်ကြဖို့ပြောလာသည်။
ကျွန်မလည်းပြောလက်စနှင့် စကားတွေအကုန်ဆက်ပြောလိုက်တော့သည်။

“”ညည်းကိုလင်မယူလို့ဆိုပြီးအမေနဲ့အတူနေစေတာ။
ညည်းတို့ဘာသာညည်းတို့လင်မယူတာနဲ့ မိဘတွေပစ္စည်းကို ညည်းတို့လူလွတ်တွေပိုပြီးပိုင်သင့်တယ်ဆိုတဲ့ အချိုးကို ညည်းတအားချိုးတယ်။
ညည်းတို့လင်မယူတိုင်းအခွင့်ထူးခံလူတန်းစားမဟုတ်ဘူး။
အေး…အရင်ကတော့ လင်မယူသေးလို့သီးခံနေခဲ့တာ။
အခုလင်ယူတော့မယ်ဆိုတော့ ငါလည်းသီးမခံတော့ဘူး။
တလျှောက်လုံး ငါတို့လည်းအမေ့ကိုထောက်ပံ့နေခဲ့တာ။ အခုညည်းလင်ယူမယ်ဆိုရင်အမွေခွဲမယ်။
အိမ်ကိုရောင်းပြီးခွဲမယ်။
အမေ့ကိုငါတာဝန်ယူပြီးခေါ်ထားမယ်….””

ထိုကိစ္စနှင့်ကျွန်မတို့ လူကြီးအိမ်အထိရောက်ကြရသည်။
ကျွန်မခင်ပွန်းကတော့ ကျွန်မကိုသာအပြစ်တင်စကားဆိုသည်။
အမွေဆိုတာစားထိုက်မှရမှာ….တဲ့လေ။
ဘယ်လိုပြောပြော ကျွန်မဘက်ကအလျှော့မပေး။
ပေလေးဆယ် ခြောက်ဆယ်အကွက်ကြီးကို သူတယောက်တည်းမောင်ပိုင်စီးထားသည်။
အခု လင်ယူရင်သူစိမ်းကပါလာပြီ။
ကိုဖုန်းမြတ်တားနေသည့်ကြားက ကျွန်မလည်း
အမွေကိစ္စကို ဆိုင်ရာလူကြီးတွေဖြင့်စကားပြောသည်။
အမေကတော့ နှစ်ယောက်လုံးကိုရပ်တန်းကရပ်ကြဖို့ပြောလာရှာသည်။
ကျွန်မတို့ပြသနာတက်နေမှန်းသိ၍အိမ်ပွဲစားတွေကလည်းခြေချင်းလိမ်နေတော့သည်။

ကျွန်မ ရပိုင်ခွင့်ကိုမက်မောနေ၍မဟုတ်ပါ။
သန္တာယူလိုက်သည့်ယောကျာ်းဆိုသူ၏အချိုးကိုလည်းမကြိုက်၍သာဖြစ်သည်။
သန္တာ မဂ်လာ ဆောင်ကို ကျွန်မမသွားခဲ့။
သူတို့ကလည်းလမ်းတွေ့လို့တောင်မခေါ်ကြတော့ပဲ
ကျွန်မ ထက်ပင်ပိုပြီးတင်းမာနေကြသည်။
တနေ့သား……
အမေဟာ ကျွန်မအိမ်ကိုရောက်ချလာတယ်။
သန္တာနဲ့မနေလိုတော့ကြောင်း၊ သန္တာတို့လင်မယားတွေလည်းတကျက်ကျက်ရန်ဖြစ်နေကြကြောင်းပြောပြလာတယ်။
သည်ကြားထဲ သန္တာတို့လင်မယား အိမ်ကိုပေါင်ဖို့ကြိုးစားနေကြောင်းကြားသိရတယ်။
ကျွန်မလည်း ရပ်ကွက်ရုံးကနေထပ်ပြီးဖြေရှင်းဖို့ သူတို့ကိုခေါ်ခိုင်းရတယ်။
အခြေအတင်တွေအတော်လေးဖြစ်ကြရတယ်။
အမေကလည်းကျွန်မနဲ့သာနေနေပြီမို့ အသာစီးရလာတယ်။

“”သိပ်အမွေခွဲချင်နေရင် အိမ်နဲ့ခြံကိုစျေးဖြတ်ပြီးတဝက်အမ်းလိုက်လေဗျာ..””

ဒီစကားကိုဝင်ပြောသူက ကျွန်မညီမသန္တာမဟုတ်ပဲ
သူရဲ့ယောကျာ်းဖြစ်နေတယ်။
ရပ်ကွက်လူကြီးက ဝင်ဟန့်တယ်။
မင်းဝင်ပြောစရာမလိုကြောင်း သူတို့ညီအမချင်းရှင်းပါစေဆိုတဲ့အကြောင်းကိုပြောလိုက်မှ ပါးစပ်ပိတ်သွားတယ်။
နောက်ဆုံးတော့ သက်ရှိထင်ရှားရှိနေတဲ့ အမေကတစ်စု၊ ကျွန်မတို့ညီအမနှစ်ယောက်
ကတစ်စုစီယူကြဆိုပြီး ဆုံးဖြတ်လိုက်တယ်။
အိမ်ကိုမရောင်းလိုတာကြောင့် ကိုဖုန်းမြတ် အမကိုအကျိုးအကြောင်းပြောပြရတယ်။
ယောင်းမဖြစ်သူက သန္တာကိုပေးရမယ့်ဝေစုကိုအမ်းပေးမယ် စိတ်မပူနဲ့ဆိုတာကြောင့်သာတော်ပါသေးသည်။

သန္တာလည်းရတဲ့ငွေကြေးတွေပိုက်ပြီးသူ့လင်ခေါ်ရာနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားတော့တယ်။
ခြောက်လလောက်ကြာတော့ ညကြီးမိုးချုပ်မှာသန္တာရောက်လာတယ်။
မမှတ်မိလောက်အောင်ပိန်ချုံးပြီး အရွယ်တွေပါကျနေတယ်။
ရောက်လာလာချင်းတော့ဒေါသစိတ်နဲ့မောင်းထုတ်ချင်မိတယ်။
နောက်တော့တစ်ဦးတည်းသောညီမလေးဆိုတဲ့သွေးသားသံယောဇဥ်နဲ့ လက်ခံရတယ်။
သူ့လင်ယောကျာ်းပိုင်းလုံးကငွေတွေအကြိုက်သုံးဖြုန်းလို့ကုန်တော့ မနေနိူင်အောင်နှိပ်စက်ပြီး
မောင်းထုတ်လိုက်ပြီလေ။

တစ်လခန့်ကြာတော့ကျွန်မညီမသန္တာ ပြည့်ပြည့်ဖြိုးဖြိုးလေးပြန်ဖြစ်လာတယ်။
အရင်က သန္တာမဟုတ်တော့ဘူး။
အခုက ကျွန်မစီမှာမှီခိုရသူဖြစ်သွားပြီလေ။
အသိတရားတွေလည်းဝင်သွားပြီ။
တစ်ခုလပ်လည်းဖြစ်ကျန်ခဲ့ပြီ။
ကျွန်မတို့မိသားစုမှာပဲဝိုင်းလုပ်ဝိုင်းစားဆက်နေသွားတော့တယ်။
ကျွန်မတို့ အမွေဆိုင်အိမ်ကလေးကတော့
ယောင်းမကောင်းမူ့ကြောင့်သာမပျောက်မပျက်ဆက်ရှိနေခဲ့တယ်။
အဲ့အကြွေးအေးကိုလည်းကျွန်မတို့အခုထိဆပ်နေရပါသေးတယ်။
သန္တာကတော့ အခုဆိုရင်လုံးဝ(facebook ) မသုံးတော့ပါဘူး။
တစ်ခုခု ဆိုအမဖြစ်သူကျွန်မမျက်နှာလေးမော့မော့ကြည့်နေပါတော့တယ်။

ယွန်းနှင်းဆီခိုင်