အမှတ်တရ ပွဲတော်ည(စ/ဆုံး)
——————————
ဒီညမှာတော့ သူငယ်ချင်းတစ်သိုက်က သရဲပွဲတော်ဖြစ်သည့်အတွက် အသေချာပင် ပြင်ဆင်နေကြလေသည်။ ထွေထွေထူးထူးတော့ မဟုတ်ပေမဲ့ သူတို့အဖွဲ့ကို မြင်လိုက်သည်နှင့် ကြောက်လန့်သွားအောင် ပြင်ဆင်ရ၏။ သူတို့အဖွဲ့ကား စုစုပေါင်းမှ ငါးယောက်ထဲပင်။ လင်းစက်၊ မောင်မောင်၊ ဇေယျ၊ မေခနှင့် ရတီ တို့ပင် ဖြစ်၏။ ယောကျာ်းလေး သုံးယောက်ထဲမှာ မိန်းကလေးက နှစ်ယောက် ပါဝင်လေသည်။ ဒါက ကိစ္စတော့မရှိချေ။ ငယ်ငယ်လေးထဲက ပေါင်းလာသည့် သူငယ်ချင်းများ ဖြစ်ကြသည်ဆိုတော့ အထူးအထွေတော့ ပြသနာမရှိပေ။
သူတို့၏ အပြင်အဆင်ကား ကြောက်စရာကောင်းသည့် သရဲခေါင်းစွပ်တွေ စွပ်ထားကြခြင်းဖြစ်သည်။ သည်ခေါင်းစွပ်တွေကို ပွဲတော်ညမတိုင်ခင်ထဲက ကြိုတင်စုဆောင်းထားခြင်း ဖြစ်၏။ ငါးယောက်ဆိုပေမဲ့ ခေါင်းစွပ်ငါးခုကတော့ မတူညီကြပေ။ တစ်ယောက်ကို ပုံစံတစ်မျိုးနှင့် ကြောက်စရာကောင်းအောင်ပင် ပြင်ဆင်ထားရသည်။
ဒီညမှာတော့ သူတို့မြို့လေးရှိ အိမ်တွေအရှေ့သွား၍ သီချင်းဆိုကြမည်။ သကြားလုံး၊ စားစရာမုန့် စသည်တို့ကို သွားတောင်းကြပြီး လမ်းတွေ့သူ့များကိုလည်း ကြောက်စရာကောင်းအောင် ခြောက်လှန့်ကြမည် ဖြစ်သည်။ သည်ညကတော့ တစ်ညလုံး မအိပ်ပဲ လှည့်လည်ရမည့် ညဖြစ်လေသည်။
“ငါတော့ ဒီခေါင်းစွပ်ကြီးတွေ စွပ်ထားရတာ အသက်တောင် ရှုမဝဘူးကွာ”
လင်းစက်က ဒီလိုပြောလိုက်လေတော့.. ရတီကလည်း ပြန်လည်ပြောလိုက်သည်။
“ဟာ နင်ကလည်း တစ်နှစ်မှာ ဒီလိုတစ်ညပဲ ပျော်ရတာကို”
“ဟုတ်တယ်ကွ.. ခနနေရင် အသားကျသွားမှာပါ”
ဒီတော့ မေခကလည်း..
“ကဲ.. ပြင်ဆင်လို့ ပြီးကြပြီလား.. အချိန်တောင် တော်တော်လင့်နေပြီ သွားကြတော့မလား”
“အေး.. အားလုံးပြီးရင် သွားကြမယ်”
ဟု ဆိုကာ ဆော်ဩလိုက်ပြီး သူတို့ သူငယ်ချင်းတစ်သိုက်လည်း စထွက်လာကြသည်။
အပြင်ရောက်သည်နှင့် အအေးဓာတ်က ပိုလာလေသည်။ သူတို့လည်း အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်နဲ့မို့ တော်သေးသည်ဟု ပြောရမည်။ လမ်းပေါ်မှာတော့ သူတို့လိုပင် သွားလာနေသည့် လူတော်တော်များများကိုလည်း တွေ့နေရသည်။ တချို့ဆိုရင် ဝိုင်းဖွဲ့ကာ ဂစ်တာတီးပြီး သီချင်းတွေဆိုနေတာကိုလည်း တွေ့နေရလေသည်။
“ဝူး.. ဟား.. ဟား.. ဟား..”
“ဝေး….”
ကားတစ်စီးပေါ်မှ လူတစ်စုက သူတို့ကို စနောက်သွားသေးသည်။ ကြည့်လိုက်တော့ သူတို့လိုပင် သရဲခေါင်းစွပ်တွေနှင့်။ ကားပေါ်ကနေ သူတို့အဖွဲ့ကို တဝူးဝူး တဟားဟားနှင့် အော်သွားကြသေးသည်။ လမ်းတွင်တွေ့ရသည့် လူတွေကလည်း တချို့ဆိုလျင် တော်တော်လေးကို ကြောက်စရာကောင်းလှသည်။
“ဟဲ့.. ငါတို့ ဘယ်သွားကြမလည်း”
မေခက ဒီလိုပြောလိုက်လေတော့ လင်းစက်က..
“ငါတို့ မြို့ပြင်ကို အရင်သွားကြမလား.. အဲ့ဒီကနေ မြို့ထဲကို ပြန်လျှောက်ကြမယ်”
“အေး အဲ့ဒါကောင်းတယ်”
သူတို့တွေလည်း မြို့ပြင်ကို ထွက်လာကြသည်။ မြို့ပြင်ကနေ စပြီး မြို့ဆုံးတဲ့အထိ လျှောက်ကြလျှင် ပို၍ ပျော်စရာကောင်းမည်ဟုလည်း ထင်လိုက်ကြသည်။
မြို့ပြင်ကို ရောက်တော့ လူတော့မတွေ့ရတော့ပေ။ ကားတစ်စီးတစ်လေ မောင်းသွားသည်ကိုသာ တွေ့ရလေသည်။ ထိုအချိန်မှာတော့ လမ်းဘေးသစ်ပင်တစ်ပင်အနားမှာ လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။
“ဟဲ့.. ဟိုမှာ လူတစ်ယောက်ပါလား”
ရတီက ပြလိုက်၍ ကျန်လူတွေကလည်း အသီးသီးကြည့်လိုက်မိတော့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ လူမျက်နှာနှင့်တော့ မဟုတ် သရဲတစ္ဆေမျက်နှာဖုံးနှင့် အပင်အောက်မှာ ရပ်နေသည့် လူတစ်ယောက်။ ဘာလုပ်နေမှန်းတော့ သူတို့လည်း မသိပေ။
“ဟဲ့.. တစ်ယောက်ထဲလား မသိဘူး”
“တစ်ယောက်ထဲဆို နင်ကဘာလုပ်မလို့လည်း”
ရတီ၏ အပြောကို မောင်မောင်က ပြန်လည် ချေပလိုက်သည်။ ဒီတော့ ရတီလည်း..
“မဟုတ်ဘူးလေဟာ.. အဖော်မရှိလို့ တစ်ယောက်ထဲဖြစ်နေတာလား မသိလို့”
ထိုသို့ ပြောနေစဥ်မှာပဲ ထိုသူက သစ်ပင်အောက်က ထွက်လာပြီး သူတို့ရှိရာကို လျှောက်လှမ်းလာခဲ့တာကို တွေ့လိုက်ရသည်။ သည်လို လာတော့မှ တွေ့လိုက်ရသည်က ယောကျာ်းလေးမဟုတ် မိန်းကလေးတစ်ယောက်ပင် ဖြစ်လေသည်။ သရဲခေါင်းစွပ်ကြီးကို စွပ်ထားသည်မှာလည်း ကြောက်လန့်စရာပင် ကောင်းလှသည်။ သူမစွပ်ထားသည့် ခေါင်းစွပ်ကလည်း တကယ့်သရဲတစ္ဆေနဲ့ တော်တော်လေး ဆင်တူလှ၍ သူတို့ပင် အံ့အားသင့်သွားရပေသည်။ အဝတ်အစားနဲ့ ခန္ဓာကိုယ်ကြောင့်သာ မိန်းကလေးတစ်ယောက် ဖြစ်မှန်း သိလိုက်ကြသည်။ သူတို့လည်း အံ့ဩတကြီး ကြည့်နေကြရင်း သူမက စကားစလိုက်သည်။
“ဒီက အစ်ကိုတို့ အစ်မတို့က သရဲပွဲတော်မှာ ပါဝင်ကြမလို့ထင်တယ်”
အသံကလည်း မိန်းမလေး ငယ်ငယ်တစ်ယောက်၏ အသံမျိုးပင်။
“ဟုတ်ပါတယ် ဒါနဲ့ ဒီက ညီမက ဘယ်သူလည်း”
လင်းစက်လည်း ပြန်လည်မေးလိုက်သည်။ အားလုံး သိချင်နေကြသည့် မေးခွန်းပင်။ ဒီတော့ သူမက..
“ညီမနာမည်က ယမုံပါ.. နေတာကတော့ ဟိုးအရှေ့နားမှာလေ”
သူမ ညွှန်ပြရာနေရာက မြို့ပြင်မှာရှိသည့် တဲစုလေးတွေ ဆီကိုပင် ဖြစ်၏။
“ဒါထက် ဒီမှာ ဘာလုပ်နေတာလည်း”
“ညီမ တစ်ယောက်ထဲပါ.. မြို့ထဲကိုသွားမလိုလေ.. တစ်ယောက်ထဲဆိုတော့ မသွားရဲလို့ ပြန်ရင်ကောင်းမလား စဥ်းစားနေတာ အစ်ကိုတို့အစ်မတို့ကို တွေ့တော့ အတူတူသွားမလား မေးမလို့ ထွက်လာလိုက်တာ”
ဒီတော့ သူတို့အနေနဲ့လည်း စဥ်းစားကြသည်။ ကိုယ်နဲ့မသိတဲ့ သူတစ်ယောက်ကို ခေါ်သွားဖို့မှာ သိပ်တော့မလွယ်ပေ။ တစ်ဖက်က ကြည့်ပြန်တော့လည်း သူမမှာကလည်း အဖော်မပါ တစ်ယောက်ထဲပင်။ သူတို့အချင်းချင်းလည်း တစ်ယောက်မျက်မှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ဒီအချိန်မှာပဲ ထိုကောင်မလေးက ပြောလိုက်ပြန်သည်။
“ညီအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရပါဘူး.. ပြီးတော့ ညီမက လူကောင်းတစ်ယောက်ပါ.. အစ်ကိုတို့ အစ်မတို့အတွက်လည်း ဘာမှမဖြစ်စေရပါဘူးရှင်”
သည်လို ပြောလာလေတော့ သူတို့တွေလည်း ခေါ်သွားဖို့ကို သဘောတူလိုက်ကြတော့သည်။ မေခကလည်း ထိုကောင်မလေးကို ပြောလိုက်သည်။
“ကဲ လာညီမ.. အစ်မတို့နဲ့ ပွဲတော်ညမှာ အတူတူပျော်ကြတာပေါ့”
ထိုအခါ ကောင်မလေးလည်း ပျော်ရွှင်သွားပုံရ၏။ ထိုအခိုက်မှာ ဇေယျကလည်း သူ၏ဖုန်းကို ထုတ်လျက်..
“ကဲ ဒါဆို အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ကြမယ်”
“ဟေး.. ဟုတ်တယ် အဲ့ဒါကောင်းတယ်”
ဆိုလျက် တဖျပ်ဖျပ်နှင့် ဓာတ်ပုံတွေရိုက်ကြတော့သည်။ ပြီးနောက်..
“ကဲ အခု မြို့ထဲသွားကြမယ်.. အားလုံးပျော်ပျော်ပါးပါးပေါ့”
ဟုဆိုလိုက်လေပြီး မြို့ထဲသို့ ထွက်ခဲ့ကြတော့သည်။ အချိန်ကတော့ သန်ခေါင်ယံပင် ကျော်လွန်လာခဲ့တော့သည်။
**********
သူတို့အဖွဲ့ကား ယခုတော့ ခြောက်ယောက် ဖြစ်ခဲ့လေသည်။ လမ်းတွင်တစ်ဦးတိုးခဲ့၍ ခြောက်ဦးဆိုသော်လည်း မြိုင်မြိုင်ဆိုင်ဆိုင်နှင့်ပင် ပျော်စရာကောင်းလှပေသည်။ သူတို့လည်း မြို့ထဲဝင်လာသည်နှင့် လူအများကို တွေ့လာရသည်။ လမ်းမပေါ်တွင်ကား သူတို့လိုပင် ကြောက်စရာမျက်နှာဖုံးများဖြင့် စနောက်နေကြသည်ကိုလည်း တွေ့နေရသည်။ အချင်းချင်း စနောက်လိုက်၊ အသိအိမ်တွေကို သွားကာ မုန့်တွေတောင်းကျ စကြနှင့် ပျော်စရာကောင်းလှပေသည်။ အိမ်တွေကလည်း သည်လိုသရဲပွဲတော်ည ရောက်ပြီဆိုလျင် မုန့်၊ အအေးနှင့် စားသောက်ဖွယ်ရာများကို စီစဥ်ထားပြီး လာရောက်တောင်းသူများကို ပေးတတ်လေသည်။
သူတို့လည်း မြို့အဝင်ရှိ အသိအိမ်တစ်အိမ် ဝင်လိုက်လေတော့ အိမ်ရှင်အဒေါ်ကြီးက ပြုံးရွှင်သော မျက်နှာဖြင့် ထွက်လာလေသည်။ ပြီးနောက် မုန့်များကိုလည်းပေးရင်း..
“ငါ့တူတို့ တူမကြီးတို့ ငါးယောက် အလွန်အကျွန်တော့ မပျော်ကြနဲ့နော်”
“ဟုတ်ကဲ့ပါ”
ဟု သံပြိုင်ပြောလိုက်ကြပြီး လင်းစက်က တစ်စုံတစ်ခုကို သတိရသွားကာ..
“အန်တီရေ ခြောက်ယောက်ပါဗျ ငါးယောက်မဟုတ်ပါဘူး”
ထိုအခါ အဒေါ်ကြီးလည်း ဇဝေဇဝါဖြစ်သွားကာ ပြန်လည်ကြည့်ရှု့လိုက်လေသည်။ ထိုအခါ လမ်းတွင်ပါလာသည့် ယမုံ ဆိုသူ မိန်းကလေးက ရှေ့ထွက်လာကာ..
“သမီးရော ပါပါတယ်အန်တီရဲ့”
“အမယ်လေး မျက်နှာဖုံးကြီးက ကြောက်စရာကြီးပါလား”
ဆိုကာ မျက်လုံးပြူးလျက် အထိတ်တလန့်ပင် အော်လိုက်မိတော့သည်။ ပြီးမှ သက်ပြင်းကိုချကာ..
“အေးအေး.. ဂရုတစိုက်နဲ့ သွားကြပါကွယ်”
ဆိုကာ အိမ်ထဲကို ပြန်ဝင်သွားကြတော့သည်။ သူတို့လည်း ထိုအိမ်မှ ပြန်ထွက်ရင်း လမ်းရောက်လေတော့ မေခက ယမုံဆိုသူကို ပြောလိုက်လေသည်။
“ယမုံ.. ညီမမျက်နှာဖုံးက တော်တော်ကြောက်ဖို့ကောင်းတယ်နော်.. အစ်မတို့တောင် လန့်မိတယ်”
ဇေယျကလည်း..
“ဟုတ်တယ်.. အစ်ကိုလည်း ပြောမလို့ ကြောက်စရာတော်တော်ကောင်းတယ်”
ထိုအခါ ယမုံကတော့ တဟင်းဟင်းပင် ရယ်မောကာ ဘာမှတော့ ပြန်မပြောခဲ့ပေ။ ထို့နောက် တခြားအိမ်သို့ ဝင်သွားသည့်အခါတွင်လည်း ယမုံ၏ မျက်နှာဖုံးကိုပင် ကြောက်လန့်ကြကာ စကားတောင် ခပ်ကြာကြာ မပြောကြတော့ပေ။ သူတို့လည်း ထွေထွေထူးထူး ဘာမှတော့ မပြောဖြစ်ပေမဲ့ ယမုံ့ရဲ့ မျက်နှာဖုံးကိုတော့ ချီးကျူးမိလေသည်။ ကြောက်စရာကောင်းသည့် မျက်နှာဖုံး ဖြစ်သည့်အတွက် ချီးကျူးမိခြင်းသာ။
“ကဲ.. လျောက်ရတာလည်း မောပြီဟာ.. ဆိုင်တစ်ခုခု ထိုင်ကြရအောင်”
“အေး ကောင်းသားပဲ”
မေခ၏ အပြောကို မောင်မောင်ကလည်း ထောက်ခံလိုက်သည်။ ထိုအခါ ယမုံကတော့ မျက်နှာငယ်ဖြင့်..
“ညီမ ဒီနားမှာပဲ စောင့်နေမယ်လေ ဆိုင်မထိုင်ချင်လို့”
ထိုအခါ ရတီမှ..
“ညီမကလည်း လာပါ မိတ်ဖြစ်ဆွေဖြစ်ပေါ့နော်.. ခနတော့ ထိုင်နားကြမယ် လာ”
ဒီတော့မှသာ မလိုက်ချင်သည့်ပုံဖြင့် ပါလာခဲ့တော့သည်။ သူတို့လည်း အမှောင်နည်းနည်းကျသည့် စားပွဲဝိုင်းတွင် ထိုင်ပြီး မျက်နှာဖုံးများကို အသီးသီး ချွတ်လိုက်ကြသည်။ ယမုံကတော့ မချွတ်ပေ။ သူတို့လည်း ဘာမှတော့ မပြောမိပဲ စားပွဲထိုး ကောင်လေးတစ်ယောက်ကိုသာ လှမ်းခေါ်လိုက်လေသည်။ ကောင်လေးတစ်ယောက်က အပြေးအလွှားရောက်လာရင်း..
“ဘာမှာကြမလည်း အကိုတို့အစ်မတို့”
ထိုအခါ ကော်ဖီ၊ လဖက်ရည်၊ မုန့် စသဖြင့် အသီးသီးမှာလိုက်ကြပြီး လင်းစက်က ယမုံဆိုသည့် မိန်းကလေးကို ကြည့်ကာ မေးလိုက်လေသည်။
“ညီမရော ဘာမှာအုန်းမလည်း”
ထိုအခါမှာတော့ စားပွဲထိုးကောင်လေးက လင်းစက်အား နားမလည်သလို လှမ်းကြည့်နေလေသည်။ ယမုံကတော့ ခေါင်းခါယမ်း လိုက်လေသည်။ ဒီတော့ လင်းစက်လည်း စားပွဲထိုးလေးအား..
“ရပြီညီလေး..အဲ့ဒါပဲ လာပို့လိုက်တော့”
ကောင်လေးလည်း လင်းစက်ကို နားမလည်ဟန်ဖြင့် ကြည့်လိုက်လေပြီး ခေါင်းကိုကုတ်ကာ ထွက်ခွါသွားတော့သည်။ သူတို့ကတော့ ဘာမှန်းမသိတာကြောင့် တခြားမတွေးမိတော့ပဲ အေးအေးပင် နေလိုက်ကြတော့သည်။ ထို့နောက် စားသောက်ကြလေပြီး ခနကြာတဲ့အခါ ထိုဆိုင်မှထလာခဲ့ကြတော့သည်။
**********
သည်နောက်မှာတော့ သူတို့တွေလည်း တခြားအသိအိမ်တွေဆီ ဝင်ကြလေသည်။ ထိုအခါ သတိထားမိသည်က ယမုံ့ကိုမြင်တိုင်းမှာ ကြောက်လန့်တကြား ဖြစ်သွားတတ်ကြခြင်းပင်။ တချို့တွေဆိုလျင် ငါးယောက်ထဲလားဟုတောင် မေးကြလေသည်။ သို့ပေမဲ့ ထွေထွေထူးထူးတော့ မတွေးမိခဲ့ပေ။ တဖြေးဖြေးနှင့် အချိန်တွေ နှောင်းလာခဲ့လေတော့ ယမုံက ပြန်ဖို့ ပြောလာချေပြီ။ သူတို့အားလုံးလည်း ခြေထောက်တွေ ညောင်းညာလာကာ နားချင်နေတော့၏။
“ညီမကို မြို့အထွက်ထိပဲ ပြန်ပို့ပါ ညီမဘာသာ ပြန်ပါ့မယ်”
ဒီလို ယမုံ၏ စကားကို ကျန်သူတွေမှလည်း ထွေထွေထူးထူး မပြောတော့ပေ။ မြို့အထွက်အထိသာ လိုက်ပို့လိုက်ကြတော့၏။ အပြန်တွင်တော့ လင်းစက်က..
“သူငယ်ချင်းတို့ ဒီည ငါ့အိမ်ပဲလိုက်ခဲ့တော့လေ မနက်မိုးလင်းမှပဲ ပြန်ကြတော့”
“အေး အဲ့ဒါကောင်းတယ်”
ဆိုကာ ပြောဆိုကြရင်း လင်းစက်၏ အိမ်သို့ ချီတက်ခဲ့ကြတော့သည်။ သူ၏ အိမ်ရောက်လေတော့ ခြေပစ်လက်ပစ်နားကြရင်း ဇေယျဆိုသူက ရိုက်ထားသည့် ဓာတ်ပုံများကို ပြန်လည်ကြည့်မိလိုက်ပြီး အထိတ်တလန့်ဖြင့် ပြောဆိုလိုက်တော့သည်။
“ဟာ.. ဒီ ဒီမှာ လာကြည့်ကြပါအုန်းဟ”
“ဘာလည်းဟာ အလန့်တကြားနဲ့”
ထိုသို့ မေခ၏ အမေးကို ဇေယျလည်း..
“လာပါ လာကြည့်ပါဟ.. ဒီမှာ ထူးဆန်းနေလို့”
ထိုအခါ ကျန်သူများကလည်း ဇေယျ၏ ဖုန်းကို ဝိုင်းကြည့်လိုက်ကြလေတဲ့ အခါမှာတော့..
“ဟင်.. ဘယ်လိုဖြစ်တာတုန်း”
“ဟော သူက ဘယ်ရောက်သွားတာလည်း”
“ဘာလို့ မပါလာတာလည်း”
စသဖြင့် အသံတွေက အသီးသီးပေါ်ထွက်လာကြသည်။ အကြောင်းကတော့ ဓာတ်ပုံတွေထဲမှာ ယမုံဆိုသည့် မိန်းကလေး၏ ပုံမှာ ပါမလာခဲ့ခြင်း ဖြစ်ပေသည်။ ဓာတ်ပုံတွေထဲမှာက သူတို့ ငါးဦးသာပါပြီး ယမုံတစ်ယောက်ကတော့ ပျောက်ချင်းမလှ ပျောက်နေတာကိုလည်း တွေ့လိုက်ရလေသည်။
သည်တော့ သူတို့တွေလည်း အံ့အားသင့်မိကြပြီး မတွေးတတ်နိုင်အောင် ဖြစ်မိကြတော့သည်။ ရတီက တွေးဆဆဖြင့် ပြောလိုက်သည်။
“ဟဲ့.. မဟုတ်မှလွဲရော.. ယမုံက လူမှ ဟုတ်ရဲ့လား”
“လူပါဟာ.. လူဖြစ်လို့လည်း”
လင်းစက်ကလည်း သူ၏ အတွေးကို ပြောပြလေသည်။ သို့ပေမဲ့ ရဆီ၏ ပြန်လည် အပြောကြောင့် သူတို့အားလုံးလည်း ငေးငိုင်ကာ စဥ်းစားသွားကြပြန်သည်။
“လူဆိုရင် ပုံထဲမှာ ဘာလို့မပါလည်း.. ငါတို့အားလုံးပုံပါပြီး သူ့ပုံကြမှ ကွက်ပျက်နေတယ် နင်တို့ပဲ စဥ်းစားကြည့်”
ဟုတ်တော့လည်း ဟုတ်သည်။ ရတီပြောသည်မှာ မလွဲပေ။ ဒီတော့ ယမုံက လူတစ်ယောက် ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ဒါဆို ဘာလို့ သူတို့နှင့်အတူပါလာသလည်း ဆိုတာတော့ တွေးမရပေ။ သူတို့အားလုံးလည်း တွေးရင်းနှင့် အသားတွေပိုအေးလာကာ ကြက်သီးတွေ ထလာသလိုပင် ခံစားလိုက်ကြရသည်။ နေရသည်မှာပင် နောက်ကျောမလုံတော့ပေ။ ထို့နောက် လင်းစက်က တစ်ခုခုကိုတွေးမိလိုက်ပြီး ပြန်လည်ပြောလိုက်လေသည်။
“ဒီလိုလုပ်ဟာ.. မနက်ကြရင် ငါတို့သွားခဲ့တဲ့ အိမ်တွေက အဒေါ်ကြီးတွေကို တစ်ချက်မေးကြည့်မယ်”
ဒီတော့ ရတီက တစ်ခုခုကို တွေးမိဟန်ဖြင့် ဝင်ပြောလိုက်သည်။
“ငါတစ်ခုစဥ်းစားမိတယ်ဟ.. ငါတို့ ဆိုင်ထိုင်တုန်းက စားပွဲထိုးကောင်လေး အမူအယာက ထူးဆန်းနေသလိုပဲ”
“ဟင်.. ဘယ်လိုလည်း”
“ဒီလိုဟ.. အဲ့ကောင်လေးက လင်းစက်ကို ကြည့်နေတာ တမျိုးပဲ.. ထူးဆန်းနေတယ်လို့ ငါထင်မိလိုက်တာ.. အဲ့တုန်းက လင်းစက်က ယမုံ့ကို စကားပြောနေတာလေ.. အဲ့ဒါကို သူကကြည့်ပြီး အံ့ဩနေတဲ့ ပုံစံဖြစ်နေတာကို ငါသတိထားမိလိုက်တယ်”
ဒီစကားကြောင့် လင်းစက်လည်း..
“ဒါဆို မနက်ရောက်ရင် အဲ့ကောင်လေးကိုပါ မေးကြည့်ရမယ်.. ကဲ ဒီညတော့ ဖြစ်သလိုသာ အိပ်ကြမယ်ဟေ့”
သူတို့အားလုံးလည်း မနက်လင်းတော့မှာ ဖြစ်သည့်အတွက် ထိုင်ခုံပေါ်တွင်အိပ်သူကအိပ်၊ လှဲသူကလှဲနှင့် မနက်လင်းအောင်သာ စောင့်လိုက်ကြတော့သည်။
မနက်လင်းလာလေတော့ သူတို့အားလုံးမှာ ညကသွားခဲ့ဖူးသည့် အိမ်တွေကို ချီတက်ခဲ့ကြသည်။ ထိုအိမ်တွေကို ရောက်တော့ ညကအကြောင်းတွေကို ပြောပြရင်း မေးလိုက်သည်။ အိမ်ရှင်တွေကတော့ ညက သူတို့၏ အိမ်ကို လာသည့်လူက များသည့်အတွက် မှတ်မိခြင်းမရှိပေ။ ထို့ကြောင့် သူတို့ထိုင်ခဲ့သည့် စားသောက်ဆိုင်ကိုသာ ချီတက်ခဲ့ကြလေသည်။ ထိုဆိုင်မှာတော့ မျက်နှာဖုံးတွေ ချွတ်ထားသည့်အတွက် မှတ်မိချင် မှတ်မိပေလိမ့်မည်။ သူတို့လည်း ထိုဆိုင်ရောက်သွားလေတော့ ညကတွေ့ခဲ့သည့် ကောင်လေးကို ခေါ်ပြီး အကျိုးအကြောင်းမေးကြည့်လေတော့ ထိုကောင်လေးထံမှာ ထူးဆန်းသည့် စကားကို ကြားလိုက်ကြရလေတော့သည်။
“ညက အစ်ကိုတို့ကို ကျနော် မှတ်မိပါတယ်.. အစ်ကိုတို့ ငါးယောက် လာထိုင်တာလေ”
ထိုအခါ လင်းစက်က..
“ခြောက်ယောက်လေ ညီလေးရဲ့.. မမှတ်မိဘူးလား”
“ကျနော်တွေ့တာ ငါးယောက်ထဲပါ အစ်ကိုတောင်မှ ဘယ်သူမှမရှိတဲ့ ဘက်ကို ဘာစားမလည်း မေးနေလို့ ကျနော်တောင် လန့်သွားသေးတယ်”
ထိုစကားကြောင့် လင်းစက်အပါအဝင် ကျန်သူတွေလည်း အံ့ဩသွားခဲ့ရသည်။ ညက သူတို့ငါးယောက်ထဲဆိုတော့ ယမုံ့ကို ဘာလို့မမြင်မိတာလည်း မသိတော့ပေ။ ယမုံဆိုသည်က လူအစစ်တစ်ယောက်လည်း မဟုတ်နိုင်တော့။ တွေးရင်း ကြက်သီးတွေလည်း ထလာရတော့သည်။ ပုံထဲမှာလည်း သူမကို မတွေ့ရ။ ညကထိုင်ခဲ့သည့် ဆိုင်တွင်လည်း သူတို့ငါးယောက်ကိုပဲ တွေ့ရပြီး ယမုံက ပျောက်ချင်းမလှ ပျောက်နေလေသည်။
သူတို့တွေးမိသည်က ယမုံမှာ လူမဟုတ်နိုင်တော့ပေ။ သူတို့နှင့် အတူလိုက်ပါခဲ့သည့် ပရလောကသား တစ်ဦးပင် ဖြစ်နိုင်လောက်သည်။ ထိုသို့တွေးမိရင်း ကျောချမ်းလာကာ အသားထဲကပင် စိမ့်တက်လာမိတော့သည်။ သူတို့လည်း ထိုဆိုင်မှ ပြန်လည်ထွက်ခွါလားရင်း ညကအကြောင်း တွေးမိပြီး ထိတ်လန့်လာမိတော့သည်။ ပရလောကသား တစ်ဦးနှင့် အတူတူ သရဲပွဲတော်မှာ ဝင်နွဲမိသည့်အဖြစ်ပင်။ ထိတ်လန့်ပေမဲ့ ထိုတစ်ညကတော့ သူတို့အားလုံးအတွက် မမေ့နိုင်တော့သည့် အမှတ်တရ ပွဲတော်ညလေးတစ်ညပင် ဖြစ်ခဲ့တော့လေသည်။
**********
.. ပြီးပါပြီ ..
Credit