“အမှောင်ည”
………………………………..
ကျွန်တော် ပထမဆုံးရေးခဲ့တဲ့ စာလေးပါ
ဒီစာလေးရေးရာကနေ အမှတ်မထင်
ရဲထွန်း Strangerland ဆိုပြီး နာမည်တစ်ခုရလာခဲ့ပါတယ်
ကိုယ့်ကိုကိုယ် စာပေပိုင်းမှာပါရမီပါတယ်လို့လဲ မထင်ခဲ့ပါဘူး ကျွန်တော့်ကို ဒီကနေ စပြီး
စာရေးဖို့ တွန်းအားပေးခဲ့ကြတော့တာပါပဲ….
သရဲ ဆိုတာကို ကျွန်တော်အယုံအကြည်တော့မရှိခဲ့ပါဘူး
သို့ပေမယ့် ကိုယ်တိုင်ကြုံတွေ့ရတာတွေများလာတော့လည်းပြောရခက်ပါပေတယ်…
အခုတလော ထူးထူးဆန်းဆန်း မြင်ရတွေ့ရတာတွေ စိပ်လာတာကြောင့် ကိုယ် ကြုံတွေ့ခဲ့တာလေးတွေ ကို….ယခုလို စာလေးတွေနဲ့ ရေးတင်ဖို့ စိတ်ကူးပေါ်လာတာကြောင့် ….စတင်ရေးဖြစ်ပါတော့တယ်…..
ထိုနေ့က နွေရာသီ ကာလ လွန်စွာပူအိုက်နေတဲ့
၉၀ ခုနှစ်များကာလအချိန်ပါ
ကျွန်တော်တို့ လမ်းထဲမှာ
ကလေးပေါင်းသောင်းခြောက်ထောင်
အပူအပင်မရှိ….ဆော့ကစားကြတဲ့ညနေခင်းတွေ
ရှိခဲ့ပါတယ်
ထို ညနေခင်းတွေကို လူကြီးတွေက နွားရိုင်းသွင်းချိန်
နေဝင်ရီတယော အပုပ်ချိန် ထိုသို့ အမျိုးမျိုး နာမည်မှဲ့တတ်ကြတယ်
ထိုအချိန်မျိုးမှာ….မိန်းကလေးဆို ဆံပင်ဖားလျှားချပြီးအပြင်မသွားရဘူး
အသားစိမ်း ငါးစိမ်း မသယ်ရဘူး
စသည်ဖြင့်ပေါ့……
လူကြီးတွေ အမျိုးမျိုးခြောက်လှန့်တတ်ကြတဲ့
စကားတွေပေါ့ဗျာ
ငယ်စဥ်က ထိုအချိန်တွေဆို
အပြင်ထွက်ရမှာကိုပင် ကြောက်နေရတဲ့ ခံစားမှု့မျိုး
တိမ်တောက်နေတာကိုပင် ခြောက်ခြားနေသယောင်
ဖြစ်ခဲ့ကြဖူးပါတယ်
ထိုကာလတွေမှာ…..လူကြီးတွေက
အိမ်အပြင်ထွက်ပြီး ခုံတွေချ…
အိမ်နီးနားအချင်းချင်း စကားတွေပြောကြ နဲ့
ကျွန်တော်တို့ ရပ်ကွက်ထဲ စည်ကားလျှက်ရှိနေပါတယ်
ကျွန်တော်သူတို့ကို ကြည့်ပြီးတွေးမိတာက
သူတို့ပြောပြောနေတဲ့ နွားရိုင်းသွင်းချိန် အပုပ်ချိန်ကို
သူတို့ကျမကြောက်ဘူးလားဆိုတာပဲ
လူကြီးတွေက ကလေးတွေတော့ပြောချင်ရာပြောပြီး
သူတို့ကျအပြင်မှာထွက်ထိုင်နေကြပါလားဆိုပြီး
ကျွန်တော် ခပ်ငေါ့ငေါ့ တွေးမိပါသေးတယ်
အဲဒီလိုနဲ့ ကျွန်တော် အိမ်ရှေ့ဧည့်ခန်းက ခုံလေးမှာထိုင်ပြီး
အပြင်လမ်းမမှာထိုင်နေတဲ့ သူတွေကိုကြည့်ပြီးတောင်တွေး မြောက်တွေး တွေးမိနေပါတော့တယ်
ဒီလိုနဲ့ တစ်နေ့မှာတော့……
ညနေ မီးပျက်ချိန်….
ထုံးစံ အတိုင်း
လူကြီးတွေ ကတော့ လမ်းမ ထွက်
စကားတွေဖောင်ဖွဲ့ နေကြလေရဲ့
ကျွန်တော်ကတော့…အိမ်ရှေ့က ထိုင်နေကျ
ထိုင်ခုံလေးမှာသူတို့ကို….ကြည့်နေရင်း
လူကြားထဲ မှ အဖွားအို တစ်ဦးကို ရုတ်တရက်မြင်လိုက်ရပါတော့တယ်…အဖွားအိုက….
လူကြားထဲ ဟိုရပ် ဒီရပ်
ဟိုလူ့ကို စကားရပ်ပြော
ဒီလူ့ကိုစကားရပ်ပြော နဲ့…..
တစ်ယောက်ပြီးတစ်ယောက်ကို
စကားလိုက်ပြောနေတာတာကို ကျွန်တော်လှန်းမြင်လိုက်ရတယ်
ဒါပေမယ့် …သူ့ကို ဘယ်သူမှ စကားပြန်မပြောကြပါဘူး ထိုအဖွားက အူကြောင်ကြောင်ဖြင့်
ရှေ့ကနေ ဖြတ်သွားလိုက်ပြန်ဝင်လာလိုက်ရယ်ပေါ့
မျက်နှာကတော့ဝေးနေလို့ ဘယ်သူဘယ်ဝါ
မသဲကွဲ မီးကပျက်နေတာကြောင့် လဲပါပါမယ်
ဒီလိုနဲ့ ကျွန်တော် ထိုအဖွားကို သေချာလိုက်ကြည့်နေမိတယ် သူက ဘာဖြစ်ချင်နေမှန်းကို မသိတာ
ကျွန်တော့်စိတ်ထဲ ဒီအဖွားကြီးကလဲ…ငြိမ်ငြိမ်မနေဘူးပေါ့ ထိုင်လဲမနေဘူး ဟို လူ့နားသွားလိုက်
ဒီလူ့နားသွားလိုက် နဲ့ ဆိုပြီးတွေးနေတုန်း….
ရုတ်တရက် ထိုအဖွားကြီးနဲ့..ကျွန်တော် မျက်လုံးချင်း
ဆုံ မိလေတော့တယ်…မှောင်နေပေမယ့် သူ့မျက်ဝန်းတွေက တောက်ပနေတယ်
အဖွားကြီး ကျွန်တော့်ကို လှန်းမြင်လိုက်ပြီလို့ ကျွန်တော် ယူဆလိုက်တဲ့ အချိန်မှာ သူ ကျွန်တော့်ကိုအမှန်ပင်သေချာစွာစိုက်ကြည့်နေပါတော့တယ်
ဒါနဲ့ ….ကျွန်တော် ထိုအဖွားကို စိုက်ကြည့်နေတုန်း
အဖွားကြီးက ဘေးတစ်စောင်းကြီး..
လူအုပ်ထဲ ကနေ ခုန်ခုန်ထွက်လာပါတော့တယ်…..
ကျွန်တော် ခေါင်းနပန်းကြီးပြီး
ဘယ်လုပ်လို့ ဘာကိုင်ရမှန်းမသိ
အံ့သြခြောက်ခြားစွာ..ကြောင်ကြည့်နေမိချိန်မှာပဲ
သူက လူအုပ်ထဲမှ
ဘေးစောင်းကြီးထပ်ခုန်ပြီး တိုးထွက်လာတယ်
ကျွန်တော်ကြောက်အားလန့်အားနဲ့
သေချာကြည့်လိုက်တော့
ထိုအဖွားကြီးမှာ …တခြားလူမဟုတ်
လွန်ခဲ့သော….၁လအတွင်းက ကွယ်လွန်ခဲ့သော
လမ်းထဲမှ ဒေါ်ခင်အေး ပင်ဖြစ်ပါတော့တယ်
ကျွန်တော် တအားကို ကြောက်လန့်နေပါပီ
ထိုအချိန်
သူနောက်တစ်ကျော့ ထပ်
ခုန်ပြီးရွေ့ မလာခင်ကျွန်တော်အိမ်ထဲ ကိုဝင်ပြေးခဲ့ပါတော့တယ်
ကျွန်တော်အိမ်ခန်းထဲ အရောက်
လှည့်ကြည့်မိတဲ့ အချိန်မှာ
သူက ကျွန်တော့်အိမ်တံခါးဝကို ရောက်နေပါပီ
ကျွန်တော် ကြောက်လန့်တကြားနောက်ဖေး ကို ဝင်ပြေးခဲ့တယ် …….
ထူဆန်းတာက အိမ်ပေါ်မှာ လူတစ်ယောက်မှ မရှိဘူး
ကျွန်တော်လည်း အိမ်ကလူတွေကိုအော်ခေါ်မိတယ်
ဘယ်သူမှ ပြန်မထူးကြဘူး..
ကျွန်တော်အရမ်းကြောက်နေပီ
ဒါနဲ့ ….အိမ်ရှေ့ကနေ..နောက်ဖေးကိုကာထားတဲ့
လိုက်ကာကို တွန်းဖယ်လျှက် ကျွန်တော်အိမ်နောက်ဖေးသို့
ဝင်ပြေးခဲ့ပါတယ် နောက်ဖေးရောက်တော့
လွင့်နေသော ..လိုက်ကာကို
ကြောက်ကြောက်လန့်လန့်ဖြင့် ကျွန်တော်ပြန်လှည့်ကြည့်နေမိတယ် ခုန အဖွားကြီး…ရောက်လာမလားဆိုတဲ့ အတွေးနဲ့ပေါ့
နောက်ဖေးမှာလည်း ကိုယ်ကတစ်ယောက်ထဲ
မီးတွေကလဲ ပျက်..ဖယောင်းတိုင်မီးအလင်းသာရှိပါတယ်
အိမ်ကလူတွေ ဘယ်နားမှာလဲမသိ
ကျွန်တော်အဖေ့ကို အော်ခေါ်လိုက်ချိန်….
ဘုတ် ဆိုတဲ့အသံကြီးနဲ့…အိမ်ရှေ့ လိုက်ကာရှေ့မှာ….
ခုန အဖွားကြီးအရိပ်ကို မြင်တွေ့လိုက်ရပါတော့တယ်
ကျွန်တော် သူဝင်လာမှာကို တအားကြောက်နေမိပါတယ်
အဲဒီ အချိန်မှာပဲ ထိုအဖွားကြီးကအိမ်ရှေ့
လိုက်ကာအကွယ်ကနေ လှန်းမေးတယ်
” ဟဲ့….. နင်ငါ့ကို မြင်လား” တဲ့
” မေးနေတာဖြေလေ…..နင်ငါ့ကို မြင်ရလား”
ဆိုပြီး အော်မေးတယ်….
ကျွန်တော်လည်း …ကြောက်လွန်းတာကြောင့်
” ဟုတ် တွေ့တယ်…တွေ့တယ်” ဆိုပြီး………ပြောလိုက်မိတယ်
အဲဒီအချိန်မှာသူက…..ထပ်ပြောတယ်
” ငါ့ကို တစ်ခုလောက်ကူညီပါလား” တဲဲ့
” ဘာလဲ ပြော ဘာလဲ ပြော….ကျွန်တော်ကြောက်တယ် ကျွန်တော်ကြောက်တယ်” ဆိုပြီး ကျွန်တော် အသဲအသန်ပြန်ပြောတော့
သူက ပြောတယ်
” ငါ နင်တို့ ဆိုင်မှာ မုန့် ၃ခု အကြွေးယူစားထားတာရှိတယ်….ငါအဲ့တာကို စိတ်က စွဲနေတာ
အခု အဲဒီအကြွေး ၃၀၀ …ကို ငါ့အိမ်က လူတွေကိုသွားပြောပြီး
ဆပ်ခိုင်းပေးပါ……ကြားလား” လို့ သူကပြောတယ်
သူပြောနေပေမယ့်…..
ကျွန်တော်ဘားမှပြန် မပြောနိုင်
ကြောက်လွန်းလို့ တုန်ရီနေစဥ်
“နင်ကြားလား ..ကြားရဲ့လားးးးး
ကြားလားးးးး” ဆိုပြီး
လိုက်ကာကို ဖွင့်ပြီးဘေးတိုက်ကြီး
ကြောက်စရာကောင်းလောက်အောင်
တဆက်ဆက် ခုန် …ခုန် တိုး…ပြီး ကျွန်တော်ဆီ ပြေး၍ဝင်လာပါတော့တယ်…
ထိုစဥ်…..ကျွန်တော်..ရုတ်တရက်
“အားးးးးးးး ” ဆိုတဲ့ အသံ နဲ့ အိမ်ရှေ့မှာထိုင်နေတဲ့
နေရာမှာပင် လန့်နိုးလာခဲ့တယ်
အမှန်တော့ ကျွန်တော်ထိုင်နေတဲ့ ထိုင်ခုံနေရာလေးမှာပဲ ထိုင်နေရင်း အိပ်မက်မက်နေတာပါ
အဲဒီလိုနဲ့ ကျွန်တော် လန့်နိုးနိုးလာချင်းထအော်တော့
အိမ်ကလူတွေက …ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ
ဆိုပြီးကျွန်တော့်အနားကို ဝိုင်းအုံလာကြတယ်
အကုန်လုံးက …ကျွန်တော့်ကို
စိတ်ဝင်တစားဝိုင်းကြည့်နေကြတယ်
ကျွန်တော်လည်းမောမောနဲ့
“အိပ်မက် ကြီး အိပ်မက်ကြီး ကြောက်စရာကြီး”
ဆိုပြီး…….
ပြောတော့ သူတို့က
“ဘာတွေ မက်လို့တုန်း” လို့ သံ ပြိုင်မေးကြလေတယ်
ကျွန်တော် မောမောပန်းပန်း နဲ့
“ကျွန်တော် အိပ်နေတုန်း
ရှေ့က လူအုပ်ထဲ မှာ ဒီလမ်းထဲ က ….ဆုံးသွားတဲ့
ဒေါ်ခင်အေး ကို တွေ့လိုက်တယ်” လို့ကျွန်တော်က
ပြောတော့…
အားလုံးက အံ့သြပြီး ဆက်မေးတယ် သူကဘာလုပ်လို့လဲတဲ့
“သူ အိမ်ထဲက ကျွန်တော်ကြည့်နေတာကို လှန်းမြင်သွားပြီး….လူတွေကြားထဲ ကနေ
ဘေးတိုက်ကြီးခုန်ထွက်လာတယ်
ပြီးတော့ ရှေ့တစ တစ ခုန်ပြီးလာတာ
အနားရောက်တော့ ဒေါ်ခင်အေးကြီးဖြစ်နေတယ်”
လို့ပြောလိုက်တော့
အိမ်က လူတွေရဲ့ မျက်လုံးတွေက….
အံ့သြတကြီးဘာဆက်ဖြစ်မလဲ သိချင်နေကြတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်ကို
“ဆက်ပြောပါဦးသားရယ်” ဆိုပြီး
အဒေါ်က မေးတယ်
” အဲ့တာ အဲ့ဒီ့ ဒေါ်ခင်အေးက
အိမ်ပေါ်ထိ တက်လိုက်လာပြီး ဒီအခန်းဝမှာ
ကျွန်တော့်ကိုပြောတယ်…
နင်တို့ အိမ်မှာ မုန့် ဝယ်စားထားတဲ့
အကြွေး ၃၀၀ ဆပ်ဖို့ အိမ်ကိုပြောပေးပါဆိုပြီးပြောတယ်”
ထိုအချိန်မှာ ကျွန်တော့်စကားကိုနားထောင်နေတဲ့
အဖေက အိမ်ရှေ့မှာ ရှိနေတဲ့ ဆိုင်ခန်းလေးထဲက စာရင်းစာအုပ်လေးကို ကမန်းတတမ်း ဆင်းယူလာတယ်
အိမ်က တမိသားစုလုံး..အဖေ့ရဲ့ စာရင်းစာအုပ်
တစ်ရွက်ချင်းလှန်နေတာကို စိတ်ဝင်တစားကြည့်နေကြတယ်
ထိုအချိန်မှာ…
အဖေက…”ဟာ….ဒီမှာ…၃၀၀ လို့ရေးထားပါလား”
ဆိုပြီး…အကြွေးစာရင်းစာအုပ်ကို
အံ့သြတကြီး အိမ်ကလူတွေကို ပြတော့ …ကျွန်တော်အပါအဝင် တစ်မိသားစုလုံး တုန်လှုပ်
အံ့သြသွားကြရပါတယ်
သူလာပေးတဲ့ အကြွေးကလဲ ၃၀၀
စာရင်းထဲကအကြွေးကလဲ ၃၀၀ ကွက်တိဖြစ်နေတာက ကျွန်တော့်ကို လုံးဝ ထိတ်လန့်သွားစေခဲ့တာပါပဲ
ဒါနဲ့ ကျွန်တော်လဲ …ခုန အိပ်မက်က
တကယ်လားဆိုတဲ့ အတွေးတွေနဲ့ တညလုံးပြန်အိပ်ဖို့ ခဲယဥ်းခဲ့လေတော့တယ်
ဒီလိုနဲ့ မနက်လင်းတော့….အိမ်ကလူတွေက
ထို ဒေါ်ခင်အေး အိမ်ကို
ညကဖြစ်စဥ် အကျိုးအကြောင်း ကို သွားပြောပြီး အကျွေးကို ဆပ်တဲ့သဘော
၃၀၀ ကျပ် ကို ယူလာခဲ့ကြတယ်…
တစ်အိမ်လုံး ညက ထိုအဖြစ်အပျက်ကို အံ့သြစရာကောင်းလို့ အံ့သြနေကြရင်း တစ်စနဲ့တစ်စ
တစ်ရပ်ကွက်လုံး….ထိုအဖြစ်ကိုသိကုန်ကြတော့တယ်…
ဒီလိုနဲ့…..နောက်တစ်နေ့ညဖက် ၉နာရီ အချိန်မှာတော့
အိမ်က အိမ်အကူ အစ်မ နဲ့ ကျွန်တော် …ရေခဲသေတ္တာနားမှာ ရေသောက်နေချိန်
အိပ်ခန်းထဲက…..ကုတင်ခြေရင်းမာ ဒူးထောင်ပြီးထိုင်နေတဲ့..ဒေါ်ခင်အေး ကို ကျွန်တော် အိပ်မက်မဟုတ်ပဲ အပြင်မှာ နှဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရပါတော့တယ်
ဒီ တစ်ခါက အိမ်မက်မဟုတ်တာကြောင့်…
ကျွန်တော်သောက်နေတဲ့ ရေဗူးပင် လွတ်ကျသွားပါတော့တယ်
ရေဗူးလွတ်ကျသွားချိန်…အိမ်အကူအစ်မက
”မောင်လေး ဘာဖြစ်လို့……..ဟယ်..
အားးးးးး…ကုတင်ပေါ်မှာ ဒေါ်ခင်အေး ကြီး….”
ဆိုပြီး ကျွန်တော် ဘားမှ မပြောရသေးခင်
သူက ငယ်သံပါအောင် ထအော်တော့တယ်
ဒီလိုနဲ့ သူနဲ့ကျွန်တော်….အိမ်ကစျေးဆိုင်ထဲ
ကြောက်လန့်တကြား ပြေးဆင်းလာကြရတော့တယ်
ထိုစဥ် ဆိုင်အောက်ထဲကနေ ကျွန်တော်တို့ နှစ်ယောက်
အိမ်ပေါ်ကိုပြန် လှန်းကြည့်ချိန်…
တစ်နေရာစီ ထွန်းထားတဲ့ ဖယောင်းတိုင်၄တိုင်ရဲ့မီးဟာ ရုတ်တရက် အကုန် ငြိမ်းသွားတယ်
ချက်ခြင်း ဆိုင်းထဲအထိပြေးဆင်းရင်းမောမောနဲ့
” အစ်မ အစ်မ ….အစ်မပါ ဒေါ်ခင်အေးကို..မြင်ရတာလား” လို့မေးတော့ မြင်တယ်လေတဲ့…
ငါကြောက်လိုက်တာ ဆိုပြီး ငိုတော့တာပါပဲ
အဲဒီအချိန် အိမ်ကလူတွေ စျေးဆိုင်ထဲဝင်လာပြီး
ဘာဖြစ်တာလဲ မေးတော့ ဖြစ်ကြောင်းကုန်စင်ပြောပြီး…မီးပြန်လာမှသာ ကျွန်တော်တို့ အိမ်အပေါ် ပြန်တက်နိုင်ကြပါတော့တယ်……
ထိုညက အိပ်ယာဝင်တော့ …..
အိမ်ရှေ့မှာ လူအကုန်လုံး တန်းစီ အိပ်တယ် ကျွန်တော်လည်း ကြောက်တဲ့အရှိန်ရှိတာကြောင့်
မအေးပေမယ့် စောင်ကို ခြုံထားရပါသေးတယ်
ဒီလိုနဲ့….တအိမ်လုံး အိပ်နေရင်း….
ည ၁၁ ..၄၅ မိနစ်လောက်မှာ ….ကျွန်တော်ရုတ်တရက်ပြန်နိုးလာတယ်…..
ကျွန်တော်အိပ်ပျော်ပြီးမှ ပြန်နိုးလာရတာကို
အတော်မုန်း အတော်စိတ်ညစ်ပါတယ် ဒီနေ့ကပိုဆိုးပါတယ်
ကျွန်တော့်ကြောက်စိတ်က တားမရ…ချွေးဆိုတာရေလိုကျနေပါတော့တယ်…..မျက်စိမှိတ်ထားပေမယ့် အိပ်မပျော်တော့ပါဘူး ဘေးက လူတွေကတော့
တန်းစီပြီး အိပ်မောကျနေကြပါတော့တယ်
ထိုစဥ်
ခြေသံ ကျွန်တော်ကြားလိုက်ရပါတော့တယ် နောက်ဖေးကနေလျှောက်လာတဲ့ခြေသံပါ ထိုခြေသံကို ကျွန်တော် ပီပီသသ ကြားနေရတာပါ…
ဒီလိုနဲ့…ခြေသံက
လိုက်ကာကိုကျော်ပြီး အိမ်ရှေ့ရောက်လာတော့ ရုတ်တရက်အမွှေးနံ့စူးစူးတခု ရလိုက်တယ်
စံပါယ်လိုအနံ့မျိုး…..
အဲဒီ့အချိန်မှာ ကျွန်တော်မြင်လိုက်ရတာက
နောက်ဖေးကနေ ပြောင်းပြန်ကြီး အိမ်ရှေ့ကိုလျှောက်လာတဲ့
ဒေါ်ခင်အေး……ခေါင်းတချက်ငြိမ့်ပြပီး….
အိမ်ပေါ်ကနေ နောက်ပြန်ကြီးဆင်းသွားပါတော့တယ်
ဘာပဲ ပြောပြောသူမွှေးမွှေး ကြိုင်ကြိုင်ဖြစ်သွားတာကိုက ….ကျွန်တော်ကြောက်ပေမယ့် ဝမ်းသာနေမိနေပါတော့တယ်
အဲ့နေ့ကစပြီး…သူ့ကို မတွေ့ရတော့သလို အိမ်မက်လဲမမက်တော့ပါဘူး
ကျွန်တော့အထင် …သူစိတ်စွဲနေတဲ့အရာတခုကြောင့် မကျွတ်မလွတ်ဖြစ်နေတာကို အကူအညီလိုက်တောင်းပြီး သူ့ကိုတွေ့နိုင် မြင်နိုင်တဲ့ သူကိုရှာနေတာပါလားလို့ကျွန်တော်နားလည် လိုက်တယ်…
ကိုယ့်ကိုတွေ့မှ…သူပြောချင်တာကို ပြောရပြီး
အစွဲဖြစ်နေတဲ့အရာကနေ
လွတ်မြောက်သွားတယ်လို့ပဲ ထင်မိပါတော့တယ်
ထိုအကြောင်းအရာကလည်း ကျွန်တော့်ဘဝရဲ့ အမှတ်တရတစ်ခုပါပဲ
ဒီအကြောင်းအရာဟာ ကျွန်တော် စာရေးဆရာမဖြစ်ခင်က
ရေးသားဖော်ပြခဲ့တဲ့ ကိစ္စတစ်ခုပါ အမှတ်ရစရာတစ်ခုအနေနဲ့
တင်ပြခြင်းဖြစ်ပါတယ်။