အမှောင်ထုနဲ့ဝေးရာ(စ/ဆုံး)
…………………………..
“တောက်… စစ်နိုင်ကွာ ဘယ်လို မိန်းမမျိုးယူလာတာလည်း…..အငယ်ဆုံးမို့အလိုလိုက်ထားတာ..ခုတော့ အမှိုက်တွေပါခေါ်လာပြီ”
“ဟုတ်ပအက်ိုကြီးရယ် မိဘအရှိန်အဝါ၊ ဂုဏ်ကိုမှမထောက်…ညီမလေးတို့… ပတ်ဝန်းကျင်ကို… ဘယ်လိုမျက်နှာပြရမှာလည်း.စိတ်ပျက်တယ်။
ခု… သူ့ကြောင့်အမေလည်း… အိပ်ရာထဲလဲနေပြီ။ ရှက်လွန်းလို့တဲ့….တောကြိုအုံကြားက ဘယ်က တောသူမကို ယူလားမှန်းမသိဘူး”
“ဆိုးပေ တေလေနေပြီး အိမ်က ငွေတွေခိုးပြီးထွက်သွားတယ်။
ခုတော့….. ဘယ်ကမှန်းမသိတဲ့ မိန်းမက ကိုယ်ဝန်နေ့စေ့၊ လစေ့ကြီး ဒုက္ခပါပဲ”
လင်ဖြစ်သူရဲ့ အကို၊အမများ ရဲ့ မစာနာပြောဆိုသံများကြောင့် နှင်းမြ စိတ်မကောင်းဖြစ်မိသည်။
လင်ဖြစ်သူကို အားကိုးပြီးလိုက်လာတဲ့ သူ့အတွက်
ဖေးမမယ့်သူမရှိ…… မလိုလားမှုများနဲ့စတင်ခဲ့လေပြီ။ ဂုဏ်သိက္ခာ ထည်ဝါလှတဲ့ လင်ဖြစ်သူရဲ့ အသိုင်းအဝိုင်းမှာ အနှိမ်ခံရပြီဆိုတာ နှင်းမြသိလိုက်ပြီ။
မိမိတို့ ရွာလေးကို ကိုစစ်နိုင်ရောက်လာခဲ့တာ နှင်းမြရဲ့ အစ်ကို ဝမ်းကွဲနဲ့ဖြစ်သည်။ စီးပွားရေးလုပ်မယ်ဆိုပြီးရောက်လာကာ နှင်းမြနှင့်သိကျွမ်းကာ အချိန်တိုအတွင်း လက်ထပ်ခဲ့ကြသည်။
ရပြီးမှ ပေါ့ပေါ့နေပေါ့ပေါ့စား ကိုစစ်နိုင်ကြောင့် မိဘတွေကိုလည်း အားနာခဲ့ရသည်။
အစ်ကို ဝမ်းကွဲဖြစ်သူကလည်း သူနဲ့ အတူတူ စရိုက်တူဖြစ်၍ ဘာမှ ပြော စရာမရှိတော့ပေ။
ကိုယ်ဝန်ရင့်မာလာ၍ သူ့မိဘတွေဆီ ပြန်နေမယ်ပြော၍ လင်ဖြစ်သူနောက် နှင်းမြလိုက်လာခဲ့ခြင်းဖြစ်သည်။
ခုတော့ နှင်းမြအတွက် ကံဆိုးခြင်းတွေက ရောက်ရှိလာပေပြီ။
ကလေးမွေးပြီးကတည်းက သုံးလလည်းပြည့်ရော
အိမ်အလုပ်တွေကို အိမ်ဖော် ဒေါ်နုနဲ့အတူ လုပ်ရသည်။မစာနာခိုင်းကြသည်။
လင်ဖြစ်သူကလည်း အပေါင်းအသင်းတွေနဲ့သာ အချိန်ကုန်နေသည်။ပိုက်ဆံတောင်းသည်။မပေးလျှင်ခိုးသည်။ အမျိုးမျိုးဂျီကျ၊ ခြိမ်းခြောက်သည်။
လင်ကို မနိုင်တိုင်း မယားဖြစ်သူ နှင်းမြ ကိုသာ အားလုံးက ဝိုင်းပြီး အပြစ်တင်ကြသည်။
ဆရာဝန်၊အင်ဂျင်နိယာ၊ အရာရှိ၊အရာခံ သူတို့ဆွေမျိုးကြားမှာ ကိုစစ်နိုင်တစ်ယောက်သာ စုန်းပြူးဖြစ်ခဲ့သည်။
မိမနိုင်၊ဖမနိုင် သူကို အားလုံးက လက်မြှောက်ထားသည်။ အိမ်ထောင်ကျတော့လည်း…အလကားပင်..ဘယ်တော့မှ စရိုက်မပြောင်း၊ စရိုက်ဆိုး၍ သာ နေနေတော့သည်။
သမီးကြီး သုံးနှစ်မှာ ဒုတိယကိုယ်ဝန်ရသည်။
အကျင့်မပြောင်း၊ စရိုက်မပြောင်း သားသမီးမျက်နှာလည်းမထောက်ပေ။ လိမ္မာရန် အလုပ်လုပ်ရန်ပြောတော့လည်း…
“ငါ့မိဘတွေရှိတယ်..ဘာမှ လုပ်စရာမလိုဘူး။
မင်းလည်း အေးဆေးနေ။ငါ့ကို ဘာမှ လာမပြောနဲ့ ကြားလား။မနေချင် ဆင်းသွားကွာ”
ဘာမှ ပြောလို့မရ၍ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့်
ဝဋ်ဒုက္ခ ကို ကောင်းကောင်းကြီးခံနေရသည်။
အစားတစ်လုတ်အတွက် အပြောအဆိုခံရတာတွေက မထိုက်တန်ပေ။
ပညာဂုဏ်၊စည်းစိမ်ဂုဏ်၊ မာန်မာနတွေနဲ့ သူတို့ရဲ့ မောင် အငယ်ဆုံးရဲ့ကလေးတွေတောင် ကြင်နာမှုမရှိ။စေတနာမရှိပေ။ မိဘများကလည်း သူတို့ရဲ့ မြေးလို့ အသိအမှတ်မပြု၊ လင်ဖြစ်သူကလည်း ဂရုမစိုက် ပစ်ပယ်ထား၍ နှင်းမြဘဝက ပိုပြီး ဆင်းရဲ ဒုက္ခရောက်ရသည်။
သူတို့ တစ်ခုခု အလုပ် အဆင်မပြေတိုင်း နှင်းမြတို့ သားအမိကိုသာ အပြစ်ရှာနေတော့ နှင်းမြတို့ အဖို့
ဆင်းရဲဒုက္ခက နေ့တိုင်းပင်။
သမီးလေးပင် အရွယ်နဲ့မလိုက် သူတို့သားသမီးများ၏ ခိုင်းဖတ်ဖြစ်ခဲ့ရသည်။
ရင်ထုမနာဖြစ်ခဲ့ရတဲ့နေ့တွေ ဒုတိယကိုယ်ဝန် မွေးဖွားလာပြီး သားလေးအခါလည်အရွယ်ရောက်တာတောင် ကို စစ်နိုင်ရဲ့အကျင့်က မပြင်တော့…
သားနဲ့သမီး ရှေ့ရေးအတွက် နှင်းမြ စဥ်းစားရပြီဖြစ်သည်။
အနင်းခံ၊အနှိမ်ခံ ဘဝကနေ လွတ်ဖို့ဆိုတာ နှင်းမြ တခုခု ဆုံးဖြတ်မှ ရတော့မည်။
…………….
“ဟဲ့ နှင်းမြ…နင့် သမီး …ငါ့လက်စွပ်ယူသွားလား”
“မခင်မမ မြနှစ်သမီးမှာ ဒီလို စိတ်ဓာတ်မရှိဘူး”
“အံမယ် လူပါးဝလို့…ထမင်းစားကျွန်ခံတောသူမက
…နင့်သမီးပဲ… ငါ့အခန်းထဲဝင်တာလို့ ငါ့သားသမီးတွေက ပြောတယ်”
“ဝတ်ရည်ဖူး ဝတ်ရည်ဖူး လာစမ်းဒီ နင် ဒီအခန်းထဲဝင်ပြီး…. လက်စွပ်ယူတယ်ဆို …”
“သမီး…သမီးမယူဘူးမေမေ အာကာက ဒီအခန်းထဲ ကားရုပ် သမီးကိုယူခိုင်းလို့ ယူပေးတာပဲရှိတယ်”
“အမလေးဟဲ့…. သူခိုးက ခိုးတယ်ပြောမလားဟဲ့”
“ဒီ မှာ ဒေါ်ခင်မမ.. ကျွန်မသည်းမခံနိုင်တော့ဘူး။
ရှင် သားသမီးချင်း ကိုယ်ချင်းစာစမ်းပါ။ ဒါလည်း ရှင့်တူမပါပဲ”
“ထွီး… ငါတို့ကဘာမှအဆင့်မရှိသူကို သွေးမရောဘူးဟေ့ ကျက်သရေမရှိဘူး။ အဆင့်မရှိတဲ့ သူခိုးမတွေ”
“ရှင့် ရှင် လွန်လာပြီနော်….
ကျွန်မကို ဘယ်လို ပြောပြော ကျွန်မသားသမီးတွေကို မပြောနဲ့ ကျွန်မသည်းခံမှာ မဟုတ်ဖူးနော်”
မိမိသမီးလေးကို ချိုးနှိမ်စော်ကားသောစကားများက နှင်းမြအတွက် နားထဲသံရည်ပူလောင်းထည့်သလိုပင် ခံစားရသည်။တသက်လုံး မျိုသိပ်လာခဲ့သမျှ သည်တခါတော့ လုံးဝသည်းမခံနိုင်တော့။သူ့ကို ပြန်ပြော၍ ဒေါ်ခင်မမ တယောက် ဆွေ့ဆွေ့ခုန်နေတော့သည်။
“ဘာပြောတယ် အောက်တန်းစားမ ကလေကဝတွေ
နင်ကများငါ့ကို”
“ဖြန်း”
နှင်းမြရဲ့ ပါးတဖက် ထူပူသွာသည်။
ရှင် ရှင် နောက်တချက်ရ်ိုက်မယ်လုပ်တော့ နှင်းမြသည်းမခံနိုင်တော့။ ဒေါသနဲ့ အားကုန်တွန်းလှဲလိုက်သည်။
“အမလေး”
အရှိန်ပြင်းသွား၍ ခုံစောင်းနဲ့ ထိကာ ဒေါ်ခင်မမ
ခေါင်းမှာသွေးတွေဖြာသွားသည်။
သူတို့အမကို ထိ၍ နှင်းမြကို အမဲဖျက်သလို ဖျက်ရန်..ဝိုင်းအုံလာကြသည်။
“နင် နင်….အောက်တန်းစား ကလေကချေမ နင်ကများ ငါ့အမကို သွေးထွက်အောင်လုပ်တယ်”
နှင်းမြနီးရာ ဟင်းလှီးဓါးကို ကိုင်၍
“ရှေ့မတိုးလာနဲ့ နော်..
အားလုံးအသက်ချင်း လဲပလိုက်မယ်.”
သူတို့အသားထိမှာတော့ နာကြသည်။ ရှေ့ကို တိုးမလာရဲကြပေ။အစကတည်းက သည်အိမ်ကြီးမှာ မထားချင်ကြသူများမို့ ခွေးမောင်းသလို မောင်းထုတ်ကြလေသည်။
“အံမယ်..ကောင်မ ထွက်သွားစမ်း အောက်တန်းစားမ ငါတို့အိမ်က ခုချက်ချင်းထွက်သွား”
နှင်းမြလည်း သည်မှာ နေဖို့ စိတ်ကူးမရှိတော့ပေ။
“ထွက်တယ် သွားမှာပါခွေးလောက်တောင် အဆင့်အတန်းမရှိတဲ့လူတွေ..။ရှင့်တို့မှာ..ငွေရှိပြီးလူစိတ်မရှိ အတ္တမာန နဲ့ ရှင်သန်နေတဲ့ အရိပ်အောက်မှာ နေရတာ ငရဲထက်ပူတယ်။လူဖြစ်ပြီး စာနာမှုခေါင်းပါးတဲ့ အရိပ်ထက်…ဆင်းရဲပြီး ကိုယ်ချင်းစာတတ်တဲ့…ကျွန်မမိဘကရှင်တို့ထက်..ပိုပြီးမြင့်မြတ်တယ်”
“ကောင်မက..မြန်မြန်သွား မြင်ရတာ ရွံ့စရာကောင်းတယ်”
………..
မိန်းမနဲ့သားသမီးကို ကာကွယ်ဖို့ဝေးစွ ရှိတယ်လိုတောင်မထင်တဲ့ လင်ယော်ကျားနဲ့လည်း သည်မှာ
ပဲ…. သံယောဇဥ်ဖြတ်လိုက်ပြီဖြစ်သည်။စိတ်ထဲလုံးဝမရှိတော့ပေ။
အခါလည်သားကို ကျောပိုး၍ သမီးကြီးလက်ကို ဆွဲကာ နှင်းမြ လူ့ဘီလူးတွေ ရဲ့ လက်က ရုန်းထွက်ခဲ့သည်။
အိမ်ပြန်ချိန် ခြေလှမ်းတွေက လွတ်လပ်ပေါ့ပါးနေပြီဖြစ်သည်။ ငရဲဆိုတဲ့ အမှောင်ထုအောက်က…
နှင်းမြတို့ သားအမိ သုံးယောက် ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သည်။ ရှေ့မှာတော့ ဆီးလို့ကြိုနေမယ့်…
နှင်းမြရဲ့ မိဘတွေ က သမီးနဲ့မြေးတွေကို လက်ကမ်းကြိုနေပါလိမ့်မည်။
ပြီး
#ဆောင်းမာန်ဝင့်အောင်