အရင်းအနှီး(စ/ဆုံး)
——————-
“မွေးပြီဟေ့…မွေးပြီ…ယောက်ျားလေးဟေ့…ယောက်ျားလေး…တစ်လုံးတစ်ခဲကြီး…ချစ်စရာလေးဟေ့”
အခန်းတွင်းမှ လက်သည်ဒေါ်နု၏ အော်ဟစ်သံကြောင့် အပြင်မှာဘုရားစာရွတ်ရင်း ရပ်စောင့်နေသော ကျော်ကြီး ထခုန်မတတ် ဝမ်းသာဖြစ်မိသည်။ ကျော်ကြီး အပျော်လွန်သည်မှာလည်းမဆန်း။ အိမ်ထောင်သက်ခြောက်နှစ်ရှိသည့်တိုင် သားသမီးမထွန်းကားခဲ့သော သူတို့လင်မယား။အခုတော့ သားဆုပန်လို့ရသည်ဆိုသော ဆရာသမားတစ်ယောက်ဆီသွားရာမှ ယတြာတွေချေရင်း မျှော်လင့်ချက်တွေပြည့်ဝခဲ့ရသည်။ ဟုတ်သည်မဟုတ်သည်အပထား။ ကလေးအရမ်းလိုချင်နေသော ကျော်ကြီးတစ်ယောက် သားဦးလေးရပြီမို့ ရူးမတတ်ပျော်ရွှင်နေမိသည်။
“ဒေါ်နုရေ..ကျွန်တော်..အထဲဝင်လို့ရပြီလားဗျ”
“ဟဲ့..ကျော်ကြီး..ဘယ်လိုဖြစ်နေတာလဲ..အဖြစ်ကိုသည်းလွန်းတယ်..ဝင်လို့ရပြီဆို ငါပြောမယ်..စိတ်မပူနဲ့..ကလေးရော အေးသီရော ကျန်းမာတယ်..”
ဒေါ်နုက အခန်းတွင်းမှ အော်ပြောလိုက်သည်။ ကျော်ကြီးမှာတော့ ခြေမကိုင်မိ လက်မကိုင်မိဖြင့် ဂဏှာမငြိမ်ဖြစ်နေခဲ့ရသည်။
“ကဲဟေ့..ဝင်လို့ရပြီ ကျော်ကြီးရေ..”
ဒေါ်နု၏ အသံမဆုံးမီမှာပင် ကျော်ကြီး အခန်းတွင်းသို့လှစ်ခနဲဝင်လိုက်တော့သည်။
“အေးသီ…နေလို့ကောင်းရဲ့လား…”
အေးသီ၏ လက်ဖဝါးလေးကို အသာဆုပ်ကိုင်ရင်း မေးလိုက်သည်။ အေးသီက ပြုံးရင်းခေါင်းညိတ်ပြသည်။ အေးသီဘေးနားမှ အနှီးဖြင့်ပတ်ထားသော သူ၏ သားလေးကို ရင်ခုန်စွာနှင့် ကြည့်လိုက်သည်။
“ဟာ..ငါ့..ငါ့..သားလေးက ချောလိုက်တာ..ငါနဲ့တူလိုက်တာဟာ…နော်..အေးသီ..နော်”
“အမလေး..ကျော်ကြီးရယ်..နင်ကပိုကိုပိုလွန်းတယ်..”
ဒေါ်နုသည် သူ့အားဝင်၍ခနဲ့လိုက်သည်။သူကတော့ အပျော်လွန်နေ၍ ဘာကိုမှပင်ဂရုမစိုက်အားပေ။
“သားလေးရေ…ဖေ့သားလေးရေ..ေဩာ်.အေးသီ..ငါ..ငါ.ကလေးကိုချီလို့ရမလားဟင်”
“ကိုကျော်ကြီးရယ်…ချီတတ်ပါ့မလား..”
“နေ..နေ..အေးသီ..ငါလာပြီ”
ဒေါ်နုသည်ကလေးကို အသာအယာပွေ့ယူပြီး သူ၏ ပေါင်ပေါ်သို့တင်ပေးလိုက်သည်။ကျေသူ၏ မျက်နှာတစ်ခုလုံးသည် ပီတိတွေဖြင့်ဖုံးလွှမ်းနေပြီး နှုတ်ခမ်းပင်စေ့မရအောင်ဖြစ်နေခဲ့ရသည်။ သူ အိပ်မက်မက်ခဲ့သောပြည့်စုံသည့် မိသားစုဘဝလေးရလာပြီဖြစ်သည့်အတွက် အရမ်းကိုကြည်နူးနေခဲ့ရသည်။ သူ့ကိုကြည့်ရင်း အေးသီပင် ပီတိတွေဝေဆာနေခဲ့သည်။ ထိုပျော်ရွှင်မှုနှင့်အတူ သူပို၍အလုပ် ကြိုးစားရမည်ဆိုသော အသိတရားကလည်း သူ၏ခေါင်းထဲသို့ ဝင်ရောက်လာခဲ့တော့သည်။
(၂)
“ကွမ်းယာ..ရမယ်..ဆေးလိပ်ရမယ်..ရေသန့်ရမယ်..”
မီးပွိုင့်မိနေသော ကားများကြားထဲတွင် ရင်ခွင်ပိုက်ခြင်းတောင်းလေးဖြင့် ကျော်ကြီးရောင်းချနေသည်။ တနေကုန်တနေခမ်း နေပူမရှောင်မိုးရွာမရှောင်လုပ်နေရပေမယ့် ယခုအလုပ်လေးက တွက်ခြေတော့ကိုက်လှသည်။ ပညာအရည်အချင်းက ခြောက်တန်းပင်မအောင်တော့ စက်ရုံအလုပ်ရုံတွေမှာ ဝင်လုပ်ဖို့ကသူ့အတွက်မဖြစ်နိုင်။ယခင်က အေးသီသည် အိမ်မှကွမ်းယာတွေကိုယာပေးသည်။ သူကတော့ ယခုလိုထွက်ရောင်းသည်။ဆိုင်ဖြင့်ရောင်းချဖို့အတွက်ကျတော့လည်း ဆိုင်ခန်းအတွက်အရင်းအနှီးမရှိသောကြောင့် အိပ်မက်ပင်မမက်နိုင်ခဲ့ပါ။ ကားမှတ်တိုင်မှာထိုင်ရောင်းမည်ဆိုတော့လည်း ဈေးသည်တွေကရှိနှင့်ပြီးသားမို့ ယခုလိုကားကြိုကားကြားလိုက်လံရောင်းချနေရခြင်းဖြစ်သည်။
အေးသီက ယခုကလေးမွေးပြီးကာစမို့ ကွမ်းယာပေးဖို့အဆင်မပြေ။မွေးခါနီးနှစ်လလောက်အလိုတည်းက အေးသီကို သူမှဘာမခိုင်းပဲ ထမင်းဟင်းကအစ သူချက်ပြုတ်ပေးခဲ့သည်။မနက်အစောကြီးထ ထမင်းဟင်းချက်ပြီးသည်နှင့် ကွမ်းယာတွေကိုထိုင်ယာပြီးသည်နှင့် ဈေးရောင်းထွက်ရသည်မှာ ကျော်ကြီး၏ နိစ္စဓူဝလုပ်ငန်းစဉ်ပင်ဖြစ်သည်။
မည်မျှပင် ဆင်းရဲပင်ပန်းပါစေ။ကျော်ကြီးသည် မိသားစုအတွက် ရှာဖွေကျွေးမွေးနေရတာကိုပင် ပျော်ရွှင်ကျေနပ်နေသူဖြစ်သည်။
(၃)
“ကျော်ကြီးရေ..ညနေမိုးအေးအေးနဲ့ သွားကစ်ရအောင်..”
“ဟာ ဖိုးစိန်ရာ..ငါမသောက်တတ်တာလည်းသိသားနဲ့..”
“မင်းမသောက်တတ်တာသိပါတယ်ကွ..အချိုရည်သောက်ပြီး အမြည်းစားပေါ့ကွာ..အရင်လည်းမင်းလိုက်နေတာပဲကို”
“အေး..အရင်ကတခါတလေ လိုက်တာကဟုတ်တယ် အခုငါက ကလေးရနေပြီကွ..ပိုက်ဆံတစ်ရာနှစ်ရာကအစ ငါ့အတွက်အရေးကြီးနေတယ်.မလိုက်တော့ပါဘူးကွာ.ဆောရီးပဲဖိုးစိန်ရာ”
အရက်သွားသောက်ရန်အဖော်ညှိနေသော သူငယ်ချင်းဖိုးစိန်အား ကောင်းမွန်စွာပင်ငြင်းလိုက်သည်။ ဒီနေ့မှ ဈေးရောင်းကလည်းသိပ်မကောင်းသည့်အပြင် မိုးကလည်းရွာထားသောကြောင့် နေရထိုင်ရတာကိုက ဖျားချင်သလိုနာချင်သလိုဖြစ်နေသည်။ မနက်က ဈေးရောင်းမထွက်ခင် အေးသီပြောသော စကားကို နားထဲပြန်လည်ကြားယောင်လာမိသည်။
“ကိုကျော်ကြီး..ကလေးနို့မှုန့်က.ကုန်ခါနီးနေပြီ..အေးသီလည်း..ကိုကျော်ကြီးကို..ပြောသာပြောနေရတယ်..ဒါတွေအားလုံးက..အေးသီမကောင်းလို့ဖြစ်ရတာပါ..”
မျက်ရည်လေးစမ်းစမ်းဖြင့် ပြောလာသော အေးသီစကားကြောင့် သူစိတ်မကောင်းဖြစ်ခဲ့ရသည်။ မည်သို့ပင်ဆိုစေ အိမ်ထောင်ဦးစီးဖြစ်သည့်သူ့အတွက် အရာအားလုံးကတာဝန်ရှိနေသည်မို့ အေးသီကိုလည်းအပြစ်မတင်လိုပါ။
“အေးသီမကောင်းလို့မှမဟုတ်ပဲအေးသီရာ..မငိုပါနဲ့”
“ဟုတ်တယ်လေ.. အေးသီညံ့ဖျင်းလို့ဖြစ်ရတာ မိခင်ဖြစ်ပြီးနို့မထွက်လို့ ကိုယ့်သားသမီးကို အပြင်ကနို့မှုန့်ဖျော်တိုက်နေရတယ်လေ.အေးသီသာ နို့ထွက်ရင်ကိုကျော်ကြီးလည်း ပိုက်ဆံအပိုမကုန်တော့ဘူးလေ”
“ဒါကတော့ အေးသီရယ် ကံကဒီလိုဖြစ်ဖို့ အကြောင်းတရားပါလာတာပဲ..သားလေးကိုလပေါင်းများစွာ အသက်နဲ့ရင်းပြီး မွေးလာတာနဲ့တင်ပြည့်စုံနေပြီလေ..နို့ထွက်တာမထွက်တာကအရေးမကြီးပါဘူး..နို့မထွက်လည်း နို့မှုန့်ဖျော်တိုက်လို့ရနေတာပဲ. ကဲ..အပြန်သားလေးအတွက်နို့မှုန့်ဝယ်ခဲ့မယ်နော်..မငိုနဲ့..ဟုတ်ပြီလား”
အေးသီကို ခေါင်းလေးပုတ်ရင်းပြောလိုက်သည်။ အေးသီသည် သူ့ထက်သုံးနှစ်လောက်ငယ်ပြီး အရမ်းကိုရိုးလွန်းအလွန်းသူဖြစ်သည်။ သူ့ကိုပင် သမီးရည်းစားဘဝထဲက ယခုအချိန်ထိ ကိုကျော်ကြီးဟုပင် နှုတ်ကျိုးခဲ့သူဖြစ်သည်။ နှစ်ဦးစလုံး မိဘမရှိ တစ်ကောင်ကြွက်ဘဝတွေမို့ တစ်ဦးကိုတစ်ဦး သံယောဇဉ်ပိုခဲ့ရသည်။ မနက်ကဖြစ်ရပ်များကိုပြန်လည်တွေးရင်း စိတ်မသက်သာမှုတွေက သူ့ရင်တစ်ခုလုံးကြီးစိုးနေခဲ့ရသည်။ဈေးရောင်းကလည်းပါးသောကြောင့် အတွေးတွေကမငြိမ်မသက်ဖြစ်နေခဲ့သည်။ လက်မှာပတ်ထားသော နာရီအစုတ်လေးကိုကြည့်လိုက်တော့ နေ့လယ်နှစ်နာရီထိုးတော့မည်ဖြစ်သည်။ အချိန်ရှိသေးတာပဲဆိုပြီး အားတင်းလိုက်သည်။ ကလေးနို့မှုန့်ဖိုး ၊အေးသီနှင့်သူ့အတွက် စားစရိတ်တွေက သူ့အတွက်မဖြစ်မနေ ကြိုးပမ်းရမည့်အရာတွေပင်ဖြစ်သည်။ ထို့ကြောင့်ပင် မီးပွိုင့်မိနေသော ကားတွေကြားထဲသို့ဝင်၍ ပုံမှန်ထမ်းဆောင်နေရသည့်တာဝန်ကို သရုပ်ပြလိုက်ရတော့သည်။
“ကွမ်းယာ..ရမယ်..ဆေးလိပ်ရမယ်..ရေသန့်ရမယ်..”
(၄)
“အေးသီရေ….အေးသီရေ…”
သူ အိမ်အောက်မှ တကြော်ကြော်အော်ခေါ်နေသော်လည်း အေးသီ၏တုန့်ပြန်လာသော အသံကိုမကြားရပါ။ထို့ကြောင့် စိုးရိမ်ပူပန်နေသော သူ၏စိတ်တွေသည် အတိုင်းအဆမဲ့စွာပြင်းထန်နေခဲ့ရသည်။
အိမ်ပေါ်တက်မည်အပြု အိမ်ပေါ်မှ အမှတ်တမဲ့ကြားလိုက်ရသော စကားသံအချို့ကြောင့် သူထရံပေါက်မှချောင်းကြည့်ရင်းနားစွင့်လိုက်သည်။
အိမ်ပေါ်တွင်အေးသီငိုနေတာကိုတွေ့လိုက်ရသည်။အေးသီ၏ဘေးနားတွင်ဒေါ်နုထိုင်နေသည်။ဒေါ်နုလည်းမျက်ရည်တွေသုတ်နေသည်။ အရက်သွားသောက်မည်ဆိုသော ဖိုးစိန်ကလည်း သူ့အိမ်ပေါ်ရောက်နေပြန်သည်။ ထို့ပြင် ရပ်ကွက်လူကြီးဦးဝင်းတင်နဲ့အတူ သူတစ်ခါမှမမြင်ဖူးသော လူစိမ်းတစ်ဦးလည်းရောက်နေသည်။
သိလိုဇောတွေပြင်းထန်စွာဖြင့် သူတို့ဘာပြောကြမည်ဆိုတာကိုနားထောင်နေလိုက်သည်။
“အခုကိစ္စက..ကျွန်တော့်သားမှားတာပါ..ဒါပေမယ့် တမင်ရည်ရွယ်ပြီးမှားတာမဟုတ်ပါဘူး..ဘာပဲဖြစ်ဖြစ် ကိစ္စအားလုံးကိုတာဝန်ရှိတာမို့ ကျွန်တော်တို့အစအဆုံးတာဝန်ယူပေးပါမယ်”
အသက်ငါးဆယ်ကျော်ခန့်ရှိသော လူစိမ်းပုဂ္ဂိုလ်ကြီး၏ ပြောစကားကိုကြားလိုက်ရသည်။ ဘာကိုဆိုလိုနေမှန်းတော့သူမသိပါ။ အေးသီကတော့ ဘာမှမပြောပဲ ငို၍သာနေတော့သည်။
“အေးသီ..သမီးဆန္ဒကို ပြောဦးလေ..”
ရပ်ကွက်လူကြီးက အေးသီကိုဝင်ပြောလိုက်သည်။ ဘာတွေဘယ်လိုဖြစ်နေကြတာလဲဆိုသည်ကိုသူနားမလည်ပါ။
“သမီး..ဘာမှမပြောတတ်တော့ပါဘူး ဦးလေးရယ်..သမီးသေချင်တာပဲသိတယ်”
“သမီးသေလို့ဖြစ်မလား..သမီးမှာသားလေးရှိသေးတယ်လေ”
ဒေါ်နုက အေးသီအားရင်ခွင်ထဲထည့်ရင်းနှစ်သိမ့်လိုက်သည်။ဘာတွေဘယ်လောက်များ စိတ်ညစ်စရာတွေရှိ၍ အေးသီသေချင်နေရတာလဲ သူမသိပါ။ သူမသိသော မည်သည့်ကိစ္စတွေအေးသီမှာရှိနေသလဲ။သူအတွေးများစွာဖြင့် ဆက်ပြီးနားထောင်နေလိုက်သည်။
“ကျွန်တော်အားနာနာနဲ့ပဲပြောပါ့မယ်ဗျာ..ဒါငွေနဲ့တန်ဖိုးဖြတ်တာလည်းမဟုတ်ပါဘူး..ဖြစ်ပြီးသားကိစ္စတွေကလည်း ပြန်ပြီးပြင်လို့မှမရတော့တာ..နောက်ပြီး ကျွန်တော်တို့ဘက်က မတော်တဆအမှားဆိုပေမယ့် ပေးဆပ်လိုက်ရတဲ့တန်ဖိုးကကြီးမှန်းလည်းသိပါတယ် ရှောင်ပြေးလို့ရပေမယ့်လည်း တာဝန်ရှိတဲ့သူမို့တာဝန်သိစွာနဲ့ ဒီကိုလိုက်လာတာပါ..ဘယ်လိုမှသဘောမထားပါနဲ့ဗျာ..ဖြစ်ပျက်ခဲ့သမျှကိစ္စတွေအတွက် သိန်းတစ်ရာကိုလျော်ကြေးအဖြစ်မဟုတ်ပဲ ကူညီပေးတယ်လို့ပဲ သဘောထားစေချင်ပါတယ်”
နားထောင်လို့ကောင်းသော လူစိမ်းပုဂ္ဂိုလ်ကြီး၏ စကားတွေက ဘာကိုဆိုလိုနေမှန်းမသိပါ။
“ကျွန်မက အဲဒီငွေတွေနဲ့ လဲရမှာတဲ့လားရှင်..ကျွန်မဘက်ကလည်း.စဉ်းစားပေးပါဦး.သိန်းပေါင်းဘယ်လောက်များစွာဖြစ်နေပါစေ ကျွန်မအတွက် ဘာမှအရေးမကြီးဘူး..”
အေးသီက ငိုကြွေးရင်းပြောလိုက်သည်။
“မဟုတ်သေးဘူးလေ..သမီးမှာသားလေးရှိသေးတယ်..ရှေ့ဆက်ရမယ့်အနာဂတ်ရှိသေးတယ်..ဘယ်လိုရပ်တည်မှာလဲ. သမီးဆုံးဖြတ်ချက်မမှားဖို့တော့လိုတယ်လို့ ဦးဝင်ပြောပါရစေ သမီးလက်ခံလိုက်မယ်ဆိုရင်လည်း မောင်ကျော်ကြီးက သမီးကိုအပြစ်တင်မှာမဟုတ်လောက်ပါဘူး သူကြည်ဖြူ မှာပါ..အခုက သမီးတို့သားအမိနှစ်ယောက်ရှေ့ဆက်ဖို့ အချိန်တွေအများကြီးရှိသေးတယ်လေ..”
.ရပ်ကွက်လူကြီးက အေးသီအား ဝင်၍ဖြောင်းဖြနေသည်။သူ့ကိုပင် ကြည်ဖြူပေးနိုင်မည်တဲ့။ ဘာတွေလဲဆိုတာ သူလုံးဝနားမလည်နိုင်တော့ပါ။
“ဟုတ်ပါတယ်..အေးသီရယ်..အခုနင်ငိုနေလည်း ကျော်ကြီးကအသက်ရှင်လာတော့မှာမှမဟုတ်တာ..နင်တို့သားအမိကို ကျော်ကြီး စိတ်ချလက်ချဖြစ်အောင် ငါလက်ခံသင့်တယ်လို့ထင်တာပဲ..”
“ဟင်”
အေးသီကို ပြောလိုက်သောဖိုးစိန်စကားကြောင့် သူအံ့ဩမှုတွေဖြစ်ခဲ့ရသည်။ အိမ်ပေါ်ကပြောဆိုပုံတွေအရ စကားတွေကိုဆက်စပ်မိသောအခါ သူနားလည်လာသလိုလိုတော့ရှိလာသည်။
“အခုဒီဦးလေးရဲ့သားက ကျော်ကြီးကိုမတော်တဆတိုက်မိတာပါ မတော်တဆဆိုတာကလည်း ကျော်ကြီးကအမြန်ဖြတ်ကူးလို့ဖြစ်ရတာပါ..အခုသူတို့က တာဝန်ရှိစွာနဲ့ မိသားစုဝင်တွေဆီလိုက်ချင်တယ်ဆိုလို့ ငါကလိုက်ပို့ပေးရတာပါ”
.ဖိုးစိန်၏ စကားကြောင့် အရာအားလုံးကို သူသဘောပေါက်သွားမိတော့သည်။ ယခုဆိုလျှင် သူသည်ကားတိုက်၍ သေဆုံးသွားခဲ့ပြီဖြစ်မှန်းသိလိုက်ရသည်။ဖြေမဆည်နိုင်သော မျက်ရည်များက တရစပ်စီးကျလာသည်။ရင်ဘတ်တစ်ခုလုံးမှာလည်း ဆို့နင့်ခြင်းတွေအပြည့်။ အရာအားလုံးကိုမြင်တွေ့နေရပေမယ့် ထိုအရာအားလုံးသည် သူနှင့်မသက်ဆိုင်တော့မှန်း ခံစားသိရှိလာခဲ့ရတော့သည်။
“ကျွန်မ..ဘာလုပ်ရမလဲမသိတော့ပါဘူးရှင်..ကျွန်မကို လက်ခံလိုက်လို့ ကိုကျော်ကြီး ရောက်ရာဘဝက ခွင့်မလွှတ်နိုင်မှာစိုးတယ်”
အေးသီ၏ ပြောစကားတွေကြောင့် အေးသီသူ့အပေါ်မှာ မေတ္တာတရားရော သစ္စာတရားပါကြီးမားသည်ကို ကျေနပ်စွာသိရှိလိုက်ရပြီဖြစ်သည်။
“အေးသီ..နင်.လက်ခံလိုက်..သူတို့ပေးတဲ့ပိုက်ဆံကိုနင်လက်ခံလိုက်ပါ..ငါ..ငါ..နင့်ကိုခွင့်လွှတ်တယ်သိလား..နင်လက်ခံလိုက်နော်”
ဝေခွဲရခက်နေသော အေးသီအား အိမ်ရှေ့ဝမှ အသံကုန်ဟစ်ရင်းအော်ပြောလိုက်သည်။ အေးသီကတော့ ကြားနိုင်မည်မထင်ပေ။ အေးသီငိုကြွေးနေသလို သူလည်းငိုကြွေးနေပါသည်။ဘာပဲဖြစ်ဖြစ် အေးသီနှင့်သားလေးအတွက် သူစိတ်ချချင်သည်။ ယခုစိတ်မချ၍ပင် သေဆုံးသည်ကိုမသိနိုင်ပဲအိမ်ကိုရောက်လာခဲ့ရသည်။
“လက်ခံလိုက်ပါ..အေးသီရယ်..ငါခွင့်လွှတ်ပါတယ်…”
“ကောင်းသလိုသာစီစဉ်ကြပါတော့ရှင်”
ထိုသို့ပြောရင်း အေးသီသည်ဒေါ်နုရင်ခွင်ထဲသို့တိုးဝှေ့ကာငိုလိုက်သည်ကိုမြင်တွေ့လိုက်ရသည်။ဘာပဲဖြစ်ဖြစ် သူကျေနပ်နိုင်ခဲ့ပါပြီ။အေးသီနှင့်သားလေးအတွက် သူအရင်းအနှီးပြုပေးနိုင်ခဲ့ပြီလေ။ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ပီသစွာမိသားစုကိုအထောက်အပံ့ပြုနိုင်ခဲ့သည်ဟုတွေးရင်း သူအားရစွာ ပြုံးလိုက်မိတော့သည်။သို့သော်လည်း သူ့ပါးပြင်မှာ မျက်ရည်စတွေနှင့်…။
ပိုင်ဆု(အင်းစိန်)