အသံမဲ့တံခါးများနောက်ကွယ်

Posted on

အသံမဲ့တံခါးများနောက်ကွယ်(စ/ဆုံး)

————————————–

မိသားစုအားလုံး ထမင်းစားစားပွဲတွင် နေရာယူပြီးချိန် စားပွဲပေါ်ရောက်လာသည့် စားစရာများကြောင့် မောင်တူး စိတ်ဓာတ်ကျသွားသည်။ တစ်ခါတရံ မောင်တူးတို့ ထမင်းစားစားပွဲပေါ်သို့ အလည်အပတ် ရောက်လာတတ်သည့် ဧည့်သည် ဆန်ပြုတ်။ မောင်တူး အမုန်းဆုံး စားသောက်စရာပြပါဆိုလျှင် ဆန်ပြုတ်က နံပါတ်တစ် ဖြစ်ရမည်။ သည်နေ့မြင်ရသည့် ဆန်ပြုတ်ကိုတော့ အခါတိုင်းနေ့တွင် မြင်ရသည့် ဆန်ပြုတ်ထက် ပို၍ မုန်းတီးနေမိသည်။

‘ဆန်ပြုတ်တော့ မသောက်ချင်ဘူးဗျာ’ ဟုပြောကာ ထမင်းစားပွဲက ထသွားလိုက်ချင်သော်လည်း မထဖြစ်။ စားပွဲထိပ်တွင် မိန့်မိန့်ကြီးထိုင်ကာ ဆန်ပြုတ်ကို ကမ္ဘာ့ အကောင်း ဆုံးအစားအစာပမာ မြိန်ရေရှက်ရေစား သောက်နေသည့် အဖေရှိနေသည်။ မောင်တူး စိတ်ထင်တိုင်းထသွားချင်စိတ်က အဖ့အကြည့်တစ်ချက်ဖြင့် ချွန်းအုပ်ပြီးသားဖြစ်သွားသည်။ အဖေ့ဒေါသက အချိန်မရွေး၊ နေရာမရွေး ထပေါက်ကွဲနိုင်သည့် စနစ်တံဖြုတ်ထားသောဗုံးပမာ ကြောက်စရာကောင်းကြောင်း အတွေ့အကြုံပေါင်းများစွာကြောင့် မောင်တူးသိနေသည်။

“မောင်တူး စားစရာရှေ့ထားပြီး စိတ်က ဘယ်ရောက် နေတာလဲ”

‘ဆန်ပြုတ်က စားလို့မှမရတာ။ သောက်ရတာ’ ဟု စိတ်ထဲမှအဖေ့ကို တိတ်တခိုး အငေါ်တူးလိုက်မိသည်။ လက်ကတော့ ဆန်ပြုတ်ပန်းကန်တွင် တပ်ထားသည့် ဇွန်းကို ကိုင်ပြီးသားဖြစ်နေ၏ ။ ဇွန်းဖြင့် ဆန်ပြုတ်ခပ်ကာ သောက်ဖို့ပြင်လိုက်သည်။ ပါးစပ်သို့ ဇွန်းမရောက်ခင် ကိုယ့်လက်ကိုပြန်မြင်ရသည်မှာ အော့နှလုံးနာစရာ ကောင်းလွန်းလှ၍ ဇွန်းကိုင်ထားသည့်လက် ပါးစပ်သို့ မရောက်မီ တန့်သွားပြန်၏ ။ နေထွက်မှနေဝင်အထိ ပန်းကန်ဆေး၊ အိုးတိုက်ရလွန်း၍ ရေနူးကာ ရေဝဲစား နေသည့်လက်ကို မမြင်ချင်ဘဲမြင်ရသည် ။ ကိုယ့်ရှေ့က ဆန်ပြုတ်ပန်းကန်ကုန်ဖို့သာအဓိကဟု စိတ်ကိုတင်းကာ ဆန်ပြုတ်တွေကို ခပ်မြန်မြန် ခပ်သောက်လိုက်သည်။ ရင်တွင်းမှ ဝမ်းနည်းနာကျင်မှုတွေကို ဆန်ပြုတ်နှင့်ရောကာ မြိုချလိုက်သည်။ သို့သော် …. တစ်ဇွန်း…နှစ်ဇွန်း…သုံးဇွန်းမြောက်…

“ ဝေါ့…ဝေါ့…”

ဝမ်းဗိုက်အတွင်းမရောက်ဘဲ ပြန်အန်ထွက်ချင်နေသည့် ဆန်ပြုတ်များကို အပြင်မရောက်စေရန် မောင်တူး ကြိုးစား၍ထိန်းလိုက်သော်လည်း …

“ဟာ… ဒီလောက်ဖြစ်လှတဲ့ကောင်…ကဲကွာ….ကဲကွာ….”

“အင့်….အင့်…ဝေါ့…”

စားပွဲထိပ်တွင် ထိုင်နေသည့်အဖေ ဘယ်အချိန်က မောင်တူးအနောက်သို့ ရောက်လာမှန်းမသိလိုက်သော်လည်း အဖေ့ခြေဖနောင့်က မောင်တူး၏ကျောပြင်ကို မိတ်ဆက်ပြီးသားဖြစ်နေပြီ။ အဖေ့ကန်ချက်ကြောင့် မောင်တူးလည်ချောင်းမှ ပြန်ထွက်ဖို့ချောင်းနေသော ဆန်ပြုတ်က ထမင်းစားစားပွဲပေါ်သို့ ခုန်ချသွားလေတော့သည်။ မိသားစုထမင်းစားစားပွဲတွင် မောင်တူး အန်ချလိုက်သည့် ဆန်ပြုတ်များက နေရာအနှံ့ဖြန့်ကျက်လျက်။ မောင်တူး၏စိတ်တွင် ခံစားချက်တွေပြင်းထန်လွန်း၍ မျက်ရည်များက ပါးပြင်ပေါ်သို့ ပိုးပိုး ပေါက်ပေါက်ကျလာသည်။ အဖေ့ကန်ချက်၏ မိတ်ဆက်ပေးမှုကြောင့် စားပွဲနှင့် မျက်နှာထိလုမတတ် နီးကပ်သွားရာမှ မောင်တူးကုန်းထကာ အဖေ့ကို မကျေနပ်သည့် အကြည့် စူးစူးဖြင့် မော့ကြည့်လိုက်မိသည်။

“ အဖေ….ဖေ…ကျွန်….တော့ကို…ဘာလို့…..”

မောင်တူးသည် မကျေနပ်ချက်များကိုတန်းစီ၍ အဖေ့အား ပြောလိုက်ချင်သော်လည်း ထစ်အနေသည့် စကားလုံးများကြောင့် ရှေ့ဆက်မရ၍မရခဲ့။ စကားစပြောတတ်ကတည်းက လျောလျောရှုရှု စကားပြောလို့မရဘဲ စကားထစ်သည့် မောင်တူး။ စိတ်ခံစားမှု ပြင်းထန်လျှင် ပိုဆိုးတတ်သည်က မောင်တူး၏ မွေးရာပါဝဋ်ကြွေးပင်။ အလုပ်ရှင်သူဌေး၊ လုပ်ဖော် ကိုင်ဖက်များအားလုံးက မောင်တူးကို ‘အ…ထစ်…အ..ထစ်လို နေစမ်းပါ’ ဆိုသည့် အပြောနှင့် အမြဲအနိုင်ပိုင်းတတ်ကြသည်။ ထိုသို့ လူချင်းတူအောင် စကားမပြောနိုင်သည့် ကိုယ့်ကိုယ်ကိုယ်လည်း မုန်းသည်။ အနိုင်ကျင့်တတ်သည့် ပတ်ဝန်းကျင်မှလူများနှင့် မောင်တူးကို မချစ်သည့် အဖေ့ကိုပါ စိတ်နာလာသည်။

မောင်တူးစိတ်ခံစားချက်ကို ကိုယ်ချင်းစာနားလည်ပေးမည့်သူ မရှိခဲ့။ မောင်တူးရင်ထဲမှာလည်း တခြားသူတွေလိုပဲ ချစ်တတ်၊ မုန်းတတ်သည့် နှလုံးသားပါကြောင်း အသိအမှတ်ပြုပေးဖို့ မေ့လျော့နေကြသည်။ အလုပ်ရှင်သူဌေး၏ ခွေးကိုပင် သူဌေးကိုဖားချင်သည့် အလုပ်သမားတွေက ချစ်ပြ၊ ယုယပြနေကြတာ မြင်ရ တိုင်း ‘ငါက သူဌေးခွေးလောက်တောင် အဖိုးမတန်တဲ့ လူတစ်ယောက်ပါလား’ ဟု အားငယ်ရသည်။

မောင်တူး၏ အဖေကိုယ်တိုင်က မောင်တူးကို နှိမ့်ချ ဆက်ဆံသည်။ တိရစ္ဆာန်တစ်ကောင်လို သဘောထားကာ ရိုက်နှက်ကန်ကြောက်သည်။ အဖိုးမတန်သည့် သေမထူး နေမထူးဘဝမို့ အဖေတစ်ခါတည်းရိုက်သတ်၍ သေလည်း အေးတာပဲဟုတွေးကာ အဖေ့ကို မကျေနပ်ကြောင်း ကိုတော့ ပြဖြစ်အောင်ပြလိုက်ခြင်းဖြစ်သည်။

“ မင်းငါ့ကို ဘယ်လိုကြည့်နေတာလဲ မောင်တူး၊ ဘာလဲ…မင်းကမကျေနပ်တာလား၊ တခြားသူတွေက ထမင်း၊ ဟင်းတွေစားပြီး မင်းတစ်ယောက်တည်းကို ဆန်ပြုတ် တိုက်နေလို့လား၊ ငါကိုယ်တိုင် မင်းတို့နဲ့ အတူ ဆန်ပြုတ် သောက်နေတာ၊ ကျန်တဲ့သူတွေလည်း တစ်ခွန်းမှ အတွန့် မတက်ကြဘူး၊ မင်းက ဘာကောင်မို့ ဒီလိုပုံစံ ဖြစ်နေရတာလဲ…”

အဖေ့ကို ပြောချင်သည့်စကားလုံးတွေက ရင်ထဲတွင် ပြည့်သိပ်နေသော်လည်း မပြောတတ်တော့၍ မောင်တူး အဖေ့ရှေ့မှ ချာကနဲလှည့်ကာ အိမ်ပေါ်မှ ပြေးဆင်းခဲ့တော့သည်။

(၂)

မောင်တူးခြေထောက်တွေ တရွတ်တိုက်ဆွဲနေပြီ။ ခြေဦးတည့်ရာလျှောက်သွားနေသည်မှာ အချိန်ဘယ် လောက် ကြာသွားမှန်းမသိတော့။ နေ့လယ်စာစားပြီးကတည်းက ဘာမှမစားရသေးသည့် ဗိုက်ကလည်း အသံမျိုးစုံပေး၍ ဆန္ဒပြနေပြန်သည်။ နေ့လယ်စာဆိုသည်မှာလည်း ပန်းကန်တစ်ချပ်တည်းတွင် ထမင်းနှင့်ဟင်း ပုံပေးထားသည့် တစ်ပန်းကန်ကို စားခဲ့ရခြင်းပင်။

‘မြန်မြန်စားကြဟေ့ ကိုယ့်အိမ်ကိုယ့်ယာမှာစားသလို ဇိမ်ဆွဲစားမနေကြနဲ့’ ဆိုသည့် လူမျိုးခြားအလုပ်ရှင်၏ စာနာခြင်းမဲ့စွာ လောဘဇောကပ်နေသည့်အသံကြောင့် ဗိုက်ပြည့်ပြီးရော ထမင်းဟင်းကို အရသာခံမနေနိုင်ပဲ ပါးစပ်ထဲ ပစ်ထည့်ပြီး ပလုပ်ပလောင်းမြိုချခဲ့ရသည်။

မောင်တူးအဖြစ်က မြင်သာမြင် မကြင်ရသည့် ဘဝ။ စားသုံးသူတွေအတွက် တရုတ်၊ ကုလား၊ မြန်မာအစားအစာအားလုံးကို မစားရအညှော်ခံရင်း တစ်နေ့လုံး ဝန်ဆောင်မှုပေးရသည်။ မျက်စိနှင့်စား၊ နှာခေါင်းဖြင့် အနံ့ခံနေရာမှ ပါးစပ်ဖြင့် အားပါးတရစားလိုက်ချင်စိတ်ကို မြိုသိပ်ရသည်မှာ မောင်တူးအတွက် ခက်လှသည်။ ရသည့်လခဖြင့် ဝယ်စားဖို့လည်း မတတ်နိုင်။ မောင်တူးဘဝတွင် ပျော်စရာဆိုသည်မှာ ဘာမှန်းပင်မသိ။ အဝတ်အစားဆိုသည်ကလည်း အစ်ကိုတွေ၏ အကျကိုသာ ဝတ်ရပြီး အဝတ်စားသစ်မဝတ်ဖူးသည်မို့ မက်မောဖို့လည်း နားမလည်။ မောင်တူးသိသည်က အသားဟင်း ကောင်းကောင်းစားရဖို့ပင်။ ထိုသို့ လျှာအရသာခံနေရချိန်သည်သာ မောင်တူးအတွက် လူဖြစ်ကျိုးနပ်သည် ဟုယူဆသည်။

အသက် (၁၂) နှစ်အရွယ်ကတည်းက စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ခဲ့ရသည့် မောင်တူး။ ကိုယ့်မိသား၏ အခြေအနေကိုသိနေတာမို့ မိဘအပေါ် မငြူစူခဲ့။ အိမ်တွင် အဖေ့ပင်စင်လစာသာ ပုံမှန်ဝင်ငွေရှိသည်။ အမေကလည်း အိမ်မှုကိစ္စကလွဲ၍ ငွေမရှာတတ် ။ မောင်နှမ (၅) ယောက်တွင် မောင်တူးက အငယ်ဆုံး သား။ မောင်တူး၏အစ်ကို၊ အစ်မတွေလည်း မောင်တူးလို အရွယ်ကတည်းက စျေးရောင်းသူရောင်း၊ ပန်းရံလုပ်သူက လုပ်ကြရသည်။ တခြားကလေးက မိဘအရိပ်တွင် အေးအေးချမ်းချမ်း ပညာသင် နေရသည့်အချိန်တွင် မောင်တူးတို့ မောင်နှမတွေက လက်လှုပ်မှ ပါးစပ် လှုပ်ရသည့်အဖြစ်။ မောင်တူးတို့ ရပ်ကွက်နှင့် တစ်ရပ်ကွက်ကျော်က စားသောက်ဆိုင်တွင် စားပွဲထိုး အလုပ်သမားအဖြစ် အလုပ်လုပ်ရန် အမေကိုယ်တိုင် လိုက်ပို့သည်။ မောင်တူးအလုပ်စဝင်သည့်နေ့ကတည်းက သုံးလစာ ကြိုထုတ်သွားသည့် အမေ့လက်ထဲကငွေတွေကို ကြည့်ပြီး မောင်တူးကျေနပ်ပါသည်။ ‘ ငါ့အိမ်အတွက် ငါငွေရှာ ပေးနိုင်ပြီ’ ဆိုသည့် ပီတိနှင့်ပါ။ သို့သော် ထိုပီတိသည့် နာရီပိုင်းအတွင်း ပျက်စီးခဲ့ရတော့သည်။

‘မောင်တူးရေ…’ ဆိုသည့် အဆက်မပြတ်ခေါ်သံများ၏ နောက်မှာကပ်ပါလာသည့် အလုပ်များကြောင့် မောင်တူး၏ ဒူးတွေပင် ချောင်ကုန်ပြီလားဟု အောင့်မေ့ရသည်။ လူရှင်းလို့ခဏထိုင်ရမည်လား မမှတ်နှင့်။ ဆေးကြောရမည့် အိုး၊ ခွက်ပန်းကန်တွေက မောင်တူးကို လက်ယပ်ခေါ်ကာ ကြိုဆိုနေပြန်သည်။ အလုပ်ချိန် က မနက်လေးနာရီမှ ညနေလေးနာရီအထိ။ တစ်နေကုန်ပင်ပန်းထား၍ ညတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်လျှင်တောင် အိပ်မက်ထဲက ‘မောင်တူးရေ..’ ဆိုသည့် ခေါ်သံကြောင့် လန့်နိုးရသည့် အဖြစ်။ ဒါတွေ ကို အဖေမသိပါ။ သူများဆိုင်တွင် တစ်နေ့လုံး ပင်ပန်း ဆင်းရဲရသည့် ဒုက္ခများကို စီကာပတ်ကုံး ဖွဲ့နွဲ့မပြောနိုင်သည့် မောင်တူးကို အဖေ ကိုယ်ချင်းမစာသည့်အပြင် ရက်စက်လွန်းလှသည်။

(၃)

သည့်နေ့တစ်နေ့လုံး မောင်တူးအလုပ်လုပ်ရသည်ကို တက်ကြွနေခဲ့၏ ။ အမေကြိုထုတ်သွားသည့် သုံးလစာအတွက် အလုပ်လုပ်ပြီး၍ လေးလပင်ပြည့်ခဲ့ပြီမို့ တစ်လစာ လစာထုတ်ရမည့်နေ့ ။ ညနေအိမ်ပြန်ရာက် လျှင် မောင်တူးရဲ့လစာ အမေ့ကိုအပ်ရင်း ညစာကို ဝက်သားဟင်းချက်ကျွေးပါဟုပြောရမည်။ အိမ်မှာက မိသားစုခုနှစ်ယောက်ရှိသည်မို့ အသားဟင်းချက်လျှင် တစ်နပ်စာကိုပင် ငါးဆယ်သားဝယ်မှလောက်သည်။ အိမ်လခနှင့် ထမင်းနပ်မှန်ဖို့ပင်အနိုင်နိုင်မို့ ဟင်းကောင်းကို တစ်လမှသုံးလေးနပ်အပြင် ဝယ်မချက်နိုင်။ ငါးပိ၊ ငါးခြောက်၊ ဟင်းသီးဟင်းရွက်နှင့်ပြီးရသည်က ခပ်များများ။ မောင်တူးကလည်း ငါးနဲ့ပတ်သက်တာ မှန်သမျှ မကြိုက်တတ်။ ကြားထဲဆန်ဖိုးပြတ်သည့်နေ့မျိုးဆိုလျှင် ဆန်ပြုတ်ပင် အဆစ်ပါလိုက်သေးသည်။ မောင်တူးစိတ်ဓါတ်ကလည်း ‘ဆန်မရှိအစားကြီးသည်’ဟု ပြောချင်ပြော။ ဘဝတူ အလုပ်သမားတွေလို ဆိုင်ရှင်မသိအောင် ခိုးစားတာမျိုး၊ စားသောက်သူတွေကျန်သည့် စားကြွင်းစားကျန်များကို အိမ်ယူသွားတာမျိုးမလုပ်ချင်။ ထမင်းဖြူကိုဆီဆမ်းပြီး ကြက်သွန်နီသာ ကိုက်စားလိုက်မည်။ သူများစားပြီးသားဟင်းအကျန်ကို စားချင်စိတ်မရှိ။ ထို့ကြောင့် ဟင်းကောင်းမက်လွန်းသည့် မောင်တူး အိမ်ကဟင်းကောင်းချက်မည့်နေ့ကိုသာ မျှော်နေရသည်။

“ မောင်တူး…မင်းမပြန်သေးဘဲ ဘာလုပ်နေတာလဲ ”

“ဟို..ဟို…ကျွန်တော့ လစာထုတ်ချင်လို့ပါ သူဌေး ”

စကားထစ်သည့် မောင်တူး သယ်ယူပို့ဆောင်ရေး၊ ဆေးကြောရေး နေရာမှာသာနေရပြီး သွက်လက်ချက်ချာ သည့် စားပွဲထိုးများက စားသုံးသူတို့လိုအပ်ချက်ကို မှာကြားပေးသည့်နေရာနေရသည်။ ဆိုင်မှာ တစ်နေကုန်နေလို့ စကားကောင်းကောင်းမပြောဖြစ်သည့် မောင်တူး ဆိုင်ရှင်ကို ‘လစာထုတ်ချင်လို့’ ဆိုသည့် စကားကိုတော့ အဆင်ပြေပြေပြောလိုက်နိုင်သည်။

“ သြော်…ဟုတ်သားပဲ ၊ ငါပြောဖို့ မေ့နေတာ၊ နေ့လယ်က မင်းအဖေ မင်းရမယ့်လစာကို လာထုတ်သွားပြီးပြီ ”

အဖေလစာလာထုတ်သွားသည်ဆို၍ မောင်တူး နည်းနည်းတော့ ထူးဆန်းသည်ဟုထင်မိ၏။ အပြင်ထွက်ရသည့် ကိစ္စရှိလျှင် အမေသာ အထွက်များသည်။ အဖေက အပြင်ထွက်ခဲသည်။ သို့သော် အရေးမကြီး ။ အိမ်ကလစာထုတ်သွားပြီမို့ ဟင်းကောင်းတော့ ချက်လိမ့် မည်ဟုထင်ခဲ့သည်။ သို့သော်…။

“ဟေ့ကောင်လေး….မောင်တူး…လာအုံး၊ ဒီမှာ မင်းအတွက် ဝက်သားတုတ်ထိုးချန်ထားတယ်၊ ထမင်းလည်းရှိတယ်၊ စားသွားလိုက်”

မောင်တူးအတွေးလွန်နေရာမှ လေးထွေးခေါ်သံကြောင့် စိတ်ကပစ္စုပ္ပန်သို့ပြန်ရောက်လာ၏။

ဝက်သားတုတ်ထိုးသည် လေးထွေးက မောင်တူးတို့ ရပ်ကွက်လမ်းထိပ်တွင်နေပြီး အိမ်ရှေ့တွင် ဝက်သားတုတ်ထိုးရောင်းသည်မှာ မောင်တူးသိတတ်စအရွယ် ကတည်းကပင်။ လူပျိုကြီးဖြစ်သော်လည်း မုဆိုးမနှမနှင့် နှမမွေးထားသည့် တူ၊ တူမနှစ်ယောက်ကို ဝက်သားတုတ်ထိုးရောင်းပြီး ရှာကျွေးနေသူ။ မောင်တူး ကလေး ဘဝကတည်းက မကြာခဏခေါ်ပြီး ဝက်သားတုတ်ထိုး ကျွေးနေကျ။ မောင်တူးအိမ်လမ်းကြားလေးထဲသို့ လေးထွေးဆိုင်ရှေ့လမ်းမကသာဝင်၍ရသည်။ ဟိုးယခင်အကြိမ်တွေက လေးထွေးခေါ်ကျွေးသည့် ဝက်သားတုတ်ထိုးကို ဘာရယ်ညာရယ်မတွေးဘဲ ဝင်စားတတ်သော်လည်း သည်တစ်ကြိမ်တွင်တော့ ‘ငါ့အဖေနေရာမှာ လေးထွေးလို စာနာကြင်နာတတ်သူ ဖြစ်ရင်ဘယ်လောက်ကောင်းလိုက်မလဲ’ ဟုတွေးကာ မငိုချင်သော်လည်း မျက်ရည်ကျမိပြန်သည်။

“မောင်တူး …လာလေကွာ…မင်းအလာကို ဆိုင်သိမ်းရင်း စောင့်နေရတာ မိုးတောင်ချုပ်နေပြီ”

“ကျွန်တော့ကို ဘာလို့ စောင့်..စောင့်…”

“ကဲပါကွာ..မေးချင်တာ နောက်မှမေး၊ စားမှာသာ အရင်လာစားစမ်းပါ”

မောင်တူးလည်း ပန်းကန်ပြားထဲတွင်မြင်နေရသည့် ဝက်ကလီစာတွေ၊ ဝက်သားတွေကိုကြည့်ရင်း ​သွားရည်ကျချင်လာသည်။ လေးထွေးပေးသည့် ထမင်းကြမ်း ဇလုံကိုယူပြီး ဟင်းတွေဖြင့် အားပါးတရ စားပစ်လိုက်သည်။ အေးစက်စပြုနေသည့် ဟင်းချိုကိုလည်း ဇွန်းဖြင့်ခပ်သောက်ရတာအားမရ၍ ပန်းကန်လိုက်မော့သောက်ရသည်မှာ အရသာရှိလွန်းလှသည်။

“စားပြီးရင် ပန်းကန်တွေမဆေးနဲ့ထားခဲ့လိုက်၊ လေးထွေး မင်းကိုပြောစရာရှိလို့”

“ပြော…ပြောလေ လေးထွေး ကျွန်တော် ဘာလုပ်ပေးရမလဲ”

“ဘာမှလုပ်ပေးစရာမလိုဘူး မောင်တူး၊ ဒီနေ့ မင်းအဖေနဲ့ ပြဿနာဖြစ်တယ်ဆို၊ မင်းအဖေက မင်းအပေါ်ကို ရက်စက်တယ် မညှာတာဘူးလို့ မင်းစိတ်ထဲ ထင်နေတယ် မဟုတ်လား”

လေးထွေးဆီက မောင်တူးမကြားချင်သည့် အဖေ့အကြောင်း ကြားရ၍ စိတ်ပျက်သွားသည်။ အဖေသည် မောင်တူးမကောင်းကြောင်းကို လေးထွေးအား ပြောထားပြီးပြီထင်၏ ။ ဖြစ်နိုင်လျှင် မောင်တူး အိမ်သို့ ပြန်မသွားချင်။ အိမ်ပြန်လျှင် အဖေ့၏ ရိုက်နှက်ခြင်းကို ခံရမည်မှာသေချာသည်။ အိမ်မပြန်လျှင်လည်း မောင်တူးမှာ သွားစရာနေရာမရှိ။ ထို့ကြောင့် ရပ်ကွက်ထဲမှ လမ်းကြိုလမ်းကြားမကျန် လျှောက်သွားနေခြင်းဖြစ်သည်။ သွားစရာမရှိသည့်အတူတူ အိမ်ပြန်ရမည်လားအတွေးဖြင့် လေးထွေးဆိုင်ရှေ့သို့ ရောက်လာရခြင်းပင်။
မောင်တူး ဆိတ်ဆိတ်နေခြင်းကို ဝန်ခံခြင်းဟု လေးထွေး ယူဆလိုက်သည် ထင်၏

“တကယ်တော့ မင်းအဖေက မင်းကို တခြား သားသမီးတွေထက် အားနည်းချက်ရှိတဲ့ သားအငယ်ဆုံးလေးဆိုပြီး ပိုချစ်ခဲ့တာပါ၊ ဒီနေ့ မင်းအိမ်မှာ မင်းအလုပ်သွားနေတုန်း ဘာတွေဖြစ်ခဲ့လဲဆိုတာ ကြားပြီးပြီလား”

မောင်တူး ခေါင်းကိုခါယမ်းပြလိုက်သည်။ အိမ်မှာ ဘာတွေဖြစ်ခဲ့သည်လဲ မောင်တူးမသိပါ။

“တကယ်တော့ မင်းအဖေက မင်းအပေါ်ကို ရက်စက်တာ မဟုတ်ဘူး၊ အဖေတာဝန် မကျေဘူးလို့ သူ့ကိုယ်သူ သိမ်ငယ်စိတ်တွေက သူ့ကိုဒေါသကြီးနေစေတာ၊ ဒီနေ့လည်း မင်းအစ်ကိုအလတ် ညွန့်လွင် အလုပ်ထဲမှာ ရန်ဖြစ်တယ်၊ တစ်ဖက်လူက ခေါင်းကို ခြောက်ချက် ချုပ်လိုက်ရတယ်တဲ့၊ သူတို့ လိုချင်တဲ့ လျော်ကြေးမရရင် ရဲစခန်းတိုင်မယ်ဆိုလို့ မင်းအဖေအိမ်မှာရှိတဲ့ပိုက်ဆံစု၊ မင်းရမယ့်လစာပါထုတ်ပြီးရှိသလောက်နဲ့ တောင်းပန်ပြီးလျော်ပေးလိုက်ရတယ်၊ ဒါကြောင့် ဒီနေ့ညစာကို ဆန်ဝယ်ဖို့တောင်ပိုက်ဆံမကျန်လို့ ရှိတဲ့ဆန် နည်းနည်းကို ဆန်ပြုတ်ချက်လိုက်ရတာ ”

မောင်တူး လေးထွေးပြောပြမှ ဇာတ်ကြောင်းကုန်စင်သိရတော့သည်။ သေချာပြန်စဉ်းစားကြည့်မှ သည်နေ့ အိမ်တွင် အခါတိုင်းရက်တွေလို တစ်ယောက်တစ်ပေါက် သံစုံမြည်နေသံတွေမကြားရဘဲ တိတ်ဆိတ်နေသည်ကိုး။

“မင်းအစ်ကိုအပေါ်ဖြစ်နေတဲ့ ဒေါသက မင်းအပေါ်ကို ပုံကျသွားတာကို နားလည်ပေးလိုက်ပါ မောင်တူးရယ်၊ အရင်က မင်းကို ငါကျွေးခဲ့တဲ့ ဝက်သားတုတ်ထိုးတွေ၊ ဒီနေ့မင်းကို ကျွေးတာတွေက ဘယ်သူကျွေးတာထင်လဲ”

“လေး…လေးထွေး ကျွေးတာလေဗျာ”

“မဟုတ်ဘူး မောင်တူး၊ လေးထွေးလည်း ဒီဆိုင်လေးက ဝင်ငွေနဲ့ လူလေးယောက်ရဲ့ စားဝတ်နေရေးကို ဖြေရှင်း နေရတာ၊ စေတနာရှိရင်တောင် မင်းကိုအလကား ကျွေးနိုင်တဲ့ အခြေအနေမရှိဘူး၊ မင်းကိုကျွေးတာ မှန်သမျှ မင်းအဖေက မင်းကိုကျွေးလိုက်ပါလို့ပြောပြီးပေးခဲ့တဲ့ ပိုက်ဆံနဲ့ချည်းပဲ ”

“မဖြစ်…နိုင်ဘူး လေးထွေး၊ ဒါဆို ကျွန်…ကျွန်တော့်ကို ဘာလို့မပြောတာလဲ”

“မသိစေချင်လို့ပေါ့ကွာ၊ ကျန်တဲ့သားသမီးတွေက ထမင်းကိုဘာနဲ့စားစား စားနိုင်တယ်၊ မင်းက ထမင်းကို ဟုတ်တိ ပတ်တိမစားဘဲ အသားဟင်းမက်တယ်၊ ဒါကိုသိတဲ့မင်းအဖေက တစ်မိသားစုလုံးကို ချက်မကျွေးနိုင်တဲ့အခါ မင်းကိုကျွေးလိုက်ဖို့ သူ့မှာရှိတဲ့ပိုက်ဆံ ငါ့ကိုလာပေးထားတတ်တယ်၊ ဘယ်သူကိုမှ မပြောဖို့လည်း နှုတ်ပိတ်ထားတယ်၊ သူ့ခမျာ မင်းတစ်ယောက်တည်း မွေးထားတာမဟုတ်တော့ ကျန်တဲ့သားသမီးတွေသိသွားရင် မျက်နှာလိုက်တဲ့ အဖေဆိုပြီး အပြစ်မြင်ကြမှာ စိုးရိမ်ရှာတယ်လေ ”

လေးထွေးနေရာမှာ တခြားတစ်ဦးကပြောလျှင် သည်စကားတွေကို မောင်တူးယုံလိမ့်မည်မဟုတ်။ စကားနည်း အနေအေးပြီး မုသားပြောတတ်ခြင်းမရှိသည့် လေးထွေးကို မောင်တူးယုံသည်။ သို့သော် သည်တစ်ခါ လေးထွေး၏စကားကို ယုံလိုက်ဖို့မဝံ့ရဲခဲ့။ မိသားစုအပေါ် အပြုံးအရယ်မရှိ၊ စည်းကမ်းပျက်လျှင် ရိုက်နှက် ဆုံးမတတ်သည့် အဖေက သူ့ကိုချစ်သည်ဆိုပါလား။

“ဟိုး…မှာ …ထင်းခွဲထားတာတွေတွေ့လား မောင်တူး”

လေးထွေးလက်ညှိုးညွှန်ပြရာနေရာတွင် ထင်းစိုက်၍ ရပြီဖြစ်သည့် ထင်းခွဲခြမ်းအတော်များများ တွေ့ရသည်။ လေးထွေးဝက်သားပြုတ်သည့်အခါ ထင်းသုံး၍ ချက်ပြုတ်သည်မို့ ထင်းခွဲထားတတ်သည်က မထူးဆန်း။

“မင်း…မင်းအဖေကို မကျေမနပ်ဖြစ်ပြီး အိမ်ပေါ်က ဆင်းပြေးသွားတော့ မင်းအဖေ မင်းနောက်ကိုလိုက်ခဲ့တယ်၊ မင်းကိုတော့ မမီဘူးပေါ့ကွာ။ ငါ့ဆိုင်ရှေ့ရောက်တော့ ဒီနေ့မင်းတို့ဖြစ်ပျက်သမျှကို မင်းအဖေက ငါ့ကိုပြန်ပြောပြတယ်၊ သူမှားသွားတယ်ဆိုတဲ့အကြောင်းပြောရင်း မင်းအဖေမျက်ရည်ကျတယ်၊ ငါနဲ့မင်းအဖေက မင်းမမွေးခင်ကတည်းက အခုအချိန် အထိ အတူပေါင်းလာတဲ့ သူငယ်ချင်းတွေပါ၊ ငါက စစ်သား စိတ်မာတယ်လို့ မကြာခဏရေရွတ်တတ်ခဲ့တဲ့ မင်းအဖေ မျက်ရည်ကျတာဒီတစ်ခါပဲ ငါမြင်ဖူးတယ်၊ ဒါတွေကိုမသိဘဲ အဖေအပေါ်ပြစ်မှားရင် မင်းပဲ ငရဲကြီးလိမ့်မယ် မောင်တူး”

လေးထွေးပြောသည်မှာ အမှန်ပင် ။ အဖေ့လောက် စိတ်မာသည့်သူ၊ ခံစားချက်ကင်းမဲ့တတ်သည့်သူ သည်ကမ္ဘာမှာ နှစ်ယောက်မရှိနိုင်ဟု မောင်တူး ထင်မှတ်ထားသည်။ မောင်တူးကြောင့် အဖေမျက်ရည်ကျသည်ဆို၍ မောင်တူးဝမ်းနည်းလာပြန်သည်။ သူမျှော်လင့်ထားသည်က သူအိမ်ပြန်အလာကို အိမ်ပေါက်ဝမှ ရိုက်နှက်ဆုံးမဖို့ စောင့်နေမည့် အဖေ့မျက်နှာ ခပ်တင်းတင်းကိုပင်။

“မင်းအခုစားထားတဲ့ ဝက်သားတုတ်ထိုးဖိုးက ဒီထင်းခြမ်းတွေကို မင်းအဖေခွဲပေးထားတဲ့ ထင်းခွဲခပါ၊ ပိုက်ဆံမရှိလို့တဲ့၊ ငါကျွေးလိုက်ပါ့မယ်…ထင်းမခွဲပါနဲ့လို့ တားပေမယ့် မင်းအဖေက လက်မခံခဲ့ဘူး၊ သူ့သားမို့ သူပဲကျွေးချင်တယ်တဲ့၊ မင်းကို ဘာမှမပြောဘဲ ဗိုက်ဝအောင်သာ ကျွေးလိုက်ပါလို့ မင်းအဖေကငါ့ကို သေချာမှာသွားတယ်”

မောင်တူး သည်တစ်ခါလည်း ပြေးရပြန်ပြီ။ သည်တစ်ခါ ပြေးရသည်က အဖေနှင့်ဝေးရာကိုမဟုတ်။ အဖေနှင့် အနီးဆုံး အဖေ့နှလုံးသားဆီကိုဖြစ်သည်။
ဆင်းရဲမွဲတေမှုက မိသားစုအချင်းချင်းကို သည်းခံစိတ်နည်း စေကာ အထင်လွဲမုန်းတီးမှုကို ဖန်တီးပေးတတ်သလား။ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြသဖို့ ခက်ခဲစေခဲ့လေသလား မောင်တူးမသိ။ မောင်တူးသိသွားသည်မှာ မောင်တူးအပေါ်ထားသည့် အဖေ့၏ ကြီးမားသည့် မေတ္တာတွေကိုပင်။ စစ်သားအဖြစ်တာဝန်ထမ်းဆောင်စဉ် ရှေ့တန်းတစ်နေရာ တွင် ဘယ်ဘက်လက်ဒဏ်ရာရထားသည့် အဖေ။ အဖေ့အတွက် ညာလက်တစ်ဖက်တည်းကိုအားပြု၍ ပုဆိန်ဖြင့် ထင်းခွဲ ရသည်မှာ လွယ်ကူမည်မဟုတ်။ သို့သော် မောင်တူးကို ဗိုက်ဝအောင်ကျွေးချင်သည့် စေတနာဖြင့် အဖေရအောင်လုပ်ခဲ့သည်ပဲ။

အဖေနှင့်မောင်တူးကြားက ခြားနားထားသမျှ အရာအားလုံးကျိုးပျက်သွားခဲ့လေပြီ။ မောင်တူးဘဝ၏ မပြည့်စုံခြင်းမှန်သမျှ ဘာမှမရှိတော့ပေ။ အဖေ့ချွေးနှင့်ရင်းထားသည့် အဖေ့ချစ်ခြင်းတွေကို စားသုံးခွင့်ရပြီးမှတော့ အဖေတိုက်သည့် ဆန်ပြုတ်ကို မောင်တူးကျေကျေနပ်နပ်သောက်နိုင်ပါပြီ။ အဖေ့ကို ပြစ်မှားမိသမျှ ဝန်ချတောင်းပန်ဖို့ အိမ်သို့အမြန်ပြန် ပြေးနေမိသည်။ မောင်တူး အဖေ့ကို တွေ့ချင်လှပြီလေ။

နှင်းနွယ်(ကလေး)
မြဝတီမဂ္ဂဇင်း
February 2019