အိမ်ထောင်ဦးစီး

Posted on

အိမ်ထောင်ဦးစီး(စ/ဆုံး)

———————–

 

“တော်ပါတော့ ကိုသိန်းရယ်။ ရှင်တော်တော်လွန်နေပြီနော်။ခင်လေး မပြောပဲနေခဲ့တာကြာပြီ။ ခင်လေး သားသမီးတွေကို ကိုယ်ထိလက်ရောက်ရိုက်နှက်ပြီးမဆုံးမပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ။ ရှင့်ကို ခင်လေး တောင်းပန်နေတာပါ ကိုသိန်း။ ဒီအရွယ်တွေက ပြောပြ သင်ပြရင်နားလည်တတ်တဲ့အရွယ်ရောက်နေပြီ။ ငါအဖေ ငါခိုင်းတာလုပ်ဆိုတာမျိုးတွေ မလုပ်ပါနဲ့တော့။ ပြီးတော့ ရှင် သောက်စားလာပြီး သားသမီးတွေ မဆုံးမပါနဲ့။ ”

 

“တော်တော့ ခင်လေး။ မင်းသားသမီးတွေ မင်းနိုင်လား ဟင် မင်းသား အဲ့လိုတွေဖြစ်နေတာ မင်းကြောင့်နားလည်လား။ ငါ့စကားနားမထောင်ရင် ငါ့အိမ်မှာမနေကြနဲ့။ ကျောင်းလဲဆက်တက်မနေနဲ့ ။ စာအုပ်တွေအကုန် မီးရှို့ပစ်မယ်။ အလကား ခွေးဖြစ်ချင်နေတဲ့ကောင်။ သူတောင်းစားသာသာလောက်ရှိတဲ့အလုပ်လုပ်ချင်နေတာ။

ကြီးပွားမယ်မထင်နဲ့။ မင်းသားဖက်လိုက်နေရင် မင်းပါ အိမ်ပေါ်က

ဆင်းတော့။ ”

 

“အဲ့လိုလဲမဟုတ်သေးပါဘူး ကိုသိန်းရယ်။ သားသမီးတွေ ကိုယ့်အရိပ်မှာရှိနေတဲ့အချိန်လေး မှန်ကန်တဲ့ ဆိုဆုံးမမှုလေးတွေနဲ့ သွန်သင်လမ်းပြပေးစေချင်တာပါ ။ အကိုသိန်းသောက်ထားတာဆိုတော့ ခဏလေးအိပ်လိုက်နော်။ ကိုသိန်းအိပ်ယာကနိုးမှ ခင်လေးတို့

ဆက်စကားပြောကြတာပေါ့။ ပြီးတော့ ကလေးတွေကို အိမ်ပေါ်က

နှင်ချတဲ့အလုပ်မျိုး ဘယ်တော့မှမလုပ်ပါနဲ့ ကိုသိန်း”

 

ကိုသိန်းကို မနည်းချော့ပြီး အိပ်ခိုင်းလိုက်ရသည်။ သားကြီး ဖြိုးဇင်က အဖေကိုစိတ်ဆိုးပြီးအပြင်ထွက်သွားတော့သည်။ ဒီကိစ္စတွေက

ခင်လေး သားကြီးဖြိုးဇင် ဆယ့်သုံးနှစ်လောက်ထဲက စလာခဲ့တဲ့ဇာတ်လမ်းပါ။ အခုသားလေး ဆယ့်ရှစ်နှစ်အရွယ်ရောက်လာတော့

အိမ်တွင်းစစ် ခင်းနေရတာ နှစ်ချီလာခဲ့ပါပြီ။

 

××××××××××

 

အပိုင်း(၂)

 

အိမ်တစ်အိမ်မှာ ဖခင်တစ်ယောက်ရဲ့ ကိုယ်ကျင့်တရားက သိပ်ကိုအရေးကြီးလှသည်။ မိသားစုအပေါ်နားလည်ပေးနိုင်မှု၊ နွေးထွေးမှု

ဦးဆောင်လမ်းပြပေးနိုင်မှုတွေက မိမိလက်အောက်မှာရှိနေတဲ့ သား

သမီးလေးတွေ ဘ၀တိုးတက်မှုအတွက် အများကြီးအထောက်ကူပြု

နိုင်တယ်လို့ ခင်လေး သိထားသည်။ ကိုသိန်း အသောက်စားဖက်လာတဲ့နောက်ပိုင်း အလိုလိုစိတ်ဆိုးတတ်လာသည်။ အလုပ်မှာအဆင်မပြေတာလား ဘာကြောင့်ရယ်လို့ ခင်လေးတို့သိခွင့်မရကြ။

မေးတော့လဲ ကိုသိန်း မဖြေခဲ့။ အိမ်မှာမကြာခဏရန်ပွဲတွေများလာတော့ လူပျိုပေါက်၊ အပျိုရွယ်ဖြစ်လာသည့် သားသမီးများ ရှက်တတ်လာသည်။ ညဘက်စကားများရန်ဖြစ်ကြပြီး မနက်ပိုင်းလမ်းထွက်ချိန် ပတ်၀န်းကျင်က ကဲ့ရဲ့ပြစ်တင်သည့်အကြည့်တွေ၊ သနားကြည့်တွေ သူတို့မုန်းတတ်လာသည်။ အရက်သမားသားဆိုသည့်

အပြောတွေ၊ အကြည့်တွေကြောင့် သူတို့ဘ၀လုံခြုံမှု ကင်းမဲ့လာနေတာ ကိုသိန်း မသိလေရော့သလား။ ကိုသိန်းက ဘွဲ့ရပညာတတ်တစ်ယောက်ပါ။ အသိဥာဏ် ဒီလောက်မမဲ့သင့်ဘူးလို့ ခင်လေး ထင်မိသည်။ မိဘနှင့်သားသမီးကြား ယုံကြည်မှုကင်းမဲ့လာနေပြီမို့ ကိုသိန်းနဲ့ ခင်လေး သေချာညှိနှိုင်းဆွေးနွေးမှ ဖြစ်တော့မည်။

 

“ဟလို သားလေး ပြန်မလာသေးဘူးလား။ မိုးချုပ်နေပြီ ပြန်လာတော့နော်။ ”

 

“အဖေရော အမေ။ သားစိတ်ညစ်တယ် အမေရာ။ အဖေက သူဖြစ်ချင်တာပဲ သိတယ်။ သားလုပ်ချင်တာ ဖြစ်ချင်တာတွေ ဘာမှခွင့်မပြုဘူး။ သား မဟုတ်တာလုပ်နေတာမှမဟုတ်တာ အမေရာ။ အကျိုးသင့် အကြောင်းသင့် ရှင်းပြလဲ အဖေလက်မခံဘူး။ သား

အိမ်မှာနေရတာ အဆင်မပြေဘူးအမေ။ သား ပြန်မလာချင်ဘူး။”

 

“သားခံစားချက်ကို အမေနားလည်ပါတယ် သားရယ်။ သားအဖေကသားအပေါ် ရည်မှန်းချက်အကြီးကြီးထား ထားတော့ သားအရွယ်မရောက်ခင် လမ်းလွဲသွားမှာစိုးရိမ်နေတာပါ။ အဖေနဲ့သား အေးအေးဆေးဆေးဆွေးနွေးလို့ရအောင် အမေ ပြောပေးပါ့မယ်။

သားပြန်လာခဲ့နော်။ ”

 

“ညှိလို့ရမယ်လဲမထင်ပါဘူး အမေ။ အဖေက တကယ့်တယူသန်ကြီး

သူဖြစ်ချင်တာကြီးပဲ လုပ်ခိုင်းနေတော့တာ ။ သား ကျောင်းတက်ရင်း ၀ါသနာပါတာလေး လုပ်နေတာလေ။ အဖေ ခွင့်ပြုသင့်တာပေါ့။ ပြီးတော့ အဖေက အရက်သောက်ပြီး အမြဲမူးနေတာ။ ရပ်ကွက်ထဲ ရန်ဖြစ်ရင်သားတို့အိမ်ကြီးပဲ။ ရှက်စရာကောင်းနေပြီ။

မမူးတဲ့အချိန်ကြဘာမှမပြောဘူး။ မူးလာရင်ပြဿနာစပြီ။ ”

 

“အေးပါ သားရယ်။ မိသားစုဆိုတာတော့ ဒီလိုပဲပေါ့။ အဖေက မှားခဲ့ရင်တောင် စေတနာအမှားပဲ ဖြစ်မှာပါ။ သား အဖေ့အပေါ်ကြည်လင်တဲ့အမြင်လေးနေဲ့ ကြည့်ပေးမှရမယ်။ ပြနမလာခဲ့တော့နော်သား ။ သူများအိမ်မှာ အကြာကြီးမနေစေချင်ဘူး။ ”

 

ခင်လေး သားကိုမနည်းချော့မော့ခေါ်ခဲ့ရသည်။ သားလုပ်သူ အိုင်တီကျောင်းတက်နေထဲက ကိုသိန်း မျှော်လင့်ချက်ကြီးမားလာသည်။

အဖေလုပ်သူက ရှာနိုင်ဖွေနိုင်တယ် ဘယ်သားသမီးမှ အားမကိုးဘူး

လို့ မာန်တက်သလို သီချင်းဆို၀ါသနာပါလာတဲ့ သားက ကျောင်းတက်နေရင်း စားသောက်ဆိုင်မှာ သီးချင်းဆို၊ ဂီတာတီးရင်း၀င်ငွေရှာနိုင်လာတာမို့ အဖေ့ကို ခြေရာတိုင်းချင်လာပြီ ထင်ပါရဲ့။ ခင်လေး နှစ်ဖက်ကြားအနေရခက်တာကတော့ အမှန်ပါပဲ။ သားစိတ်ကို သေချာစမ်းစစ်ကြည့်တော့မှ အရက်သေစာသောက်စားပြီး ပြောဆို

ဆုံးမတတ်လာတဲ့ ဖခင်အပေါ်အရိုသေတန်လာခဲ့တာပါ။

 

××××××××××××

 

အပိုင်း(၃)

 

“သွား အခုငါ့အိမ်ပေါ်ကဆင်း။ ပညာလေးတော်လို့ အရေးပေးထား

ခဲ့မိတာ မှားတာပဲ။ ခင်လေး ဒီမှာတွေ့လား မင်းသားပြီးတော့ မင်းသမီး။ မင်း အိမ်မှာနေပြီး ဘာတွေလုပ်နေတာလဲ။ ကလေးတွေ

ဖြစ်ချင်တိုင်း ဖြစ်နေတော့တာ။ မင်းအိမ်မှာ ဘာလုပ်နေလဲ။ ”

 

ကိုသိန်း ပြောလိုက်တဲ့စကား ခင်လေးရင်ထဲစူးနေအောင် နာပါတယ်။

မိန်းမတစ်ယောက်ကို အိမ်မှာဘာလုပ်နေသလဲတဲ့လား။

 

“ဒီမှာကိုသိန်း ပြန်ပြောလိုက်ပါအုန်း။ အိမ်မှာဘာလုပ်နေသလဲ ဟုတ်လား။ မနက်လင်းတာနဲ့ ကလေးတွေ ကျောင်းသွားဖို့၊ ရှင်အလုပ်သွားဖို့ အ၀တ်စားကအစ ထမင်းချိုင့်အဆုံး အားလုံးအဆင်သင့်ဖြစ်အောင် တနေကုန် အလကားနေရတယ် ထင်နေသလား။

အဝတ်လျှော်၊ မီးပူတိုက်၊ ထမင်းဟင်းချက်၊ အိမ်သန့်ရှင်းရေး၊ ဘုရားစင်ကစလို့ အိမ်သာအဆုံး ရှင်တို့လက်တွေပါခဲ့သလား။

အိမ်ကနေ ကျော့ကော့နေအောင်ထွက်သွားပြီး ပိုက်ဆံရှာတာနဲ့တာ၀န်ကျေပြီထင်နေတာမလား။ ပြန်လာတော့လဲ ရှိရှိသမျှအားလုံး

ခင်လေး လက်ကြီးပဲ အဲ့တာနဲ့တောင်မှ ဘာလုပ်နေလဲမေးနေရသေးသလား။ ”

 

“ပိုက်ဆံရှာရတာရော လွယ်တယ်မင်းထင်နေသလား။ ရှာကြည့်လေ

ငါ ရှာသလောက် မင်းရှာနိုင်မလားလို့။ ”

 

“တော်ပါတော့ အမေရာ။ အဖေက အမြဲဒီလိုကြီးပဲ။ မူးလာရင် ပြဿနာ လှည့်ရှာတော့တာ။ တစ်ယောက်မဟုတ်တစ်ယောက်။

ထုံးစံကြိးကိုဖြစ်နေပြီ။ ”

 

တကယ်လဲအမှန်ပါပဲ။ အရင်ကမိသားစုစည်းစည်းလုံးလုံးနဲ့ပျော်ရွှင်ခဲ့သလောက် ကိုသိန်း အရက်သောက်တတ်လာပြီးနောက်ပိုင်း မိသားစုတွေ အမြဲပူလောင်နေခဲ့ရတော့သည်။ ကိုသိန်းပြောတာ ဆိုတာ မမှားပေမဲ့ မှန်လဲမမှန်ခဲ့ပါဘူး။ ဒေါသနဲ့လက်လွတ်စပယ်ပြောတဲ့စကားတွေကြောင့် သားသမီးတွေကလေးစားမှုတဖြေးဖြေးလျော့

လာခဲ့သည်။ အမှန်တော့ ကိုသိန်း အရက်သောက်နေတာ မဟုတ်ပဲ

အရက်က က်ုသိန်းကို သောက်လာသည့်အခြေနေရောက်မှန်းမသိ

ရောက်လာခဲ့ခြင်းပါ။ အရက်သောက်တာများလာပြီမို့ သွေးဆူလွယ်ပြီး ဒေါသထွက်မြန်သည်။ စဥ်းစားဆင်ခြင်မှုအားနည်းလာပြီး တွေ့သမျှရန်လိုလာတတ်တော့သည်။ အလိုမကျတိုင်း စကားကြမ်းကြမ်းတွေထွက်လာပြီး ဇနီးသားသမီးကအစ စိတ်မရှည်ဖြစ်လာခြင်းပါ။ နေ့စဥ်နှင့်အမျှ အဖေပြန်လာရင်ဘာများပြောအုန်းမလဲ။

အပြင်သွားပြီး အိမ်မ၀င်ခင် မိဘတွေရန်များဖြစ်ထားသလား သူတို့

လေးတွေ တွေးပူတတ်နေတာ ကိုသိန်းကိုသိစေချင်လှသည်။ အဖေ့

အရိပ်ကိုမှီခိုပြီး တိုးတက်လမ်းမရှာတော့ပဲ အရွယ်မတိုင်ခင်အဖေ့အရိပ်ကပြေးထွက်ဖို့ ကြိုးစားလာနေပြီမို့ ခင်လေးတို့မိသားစု အဆိုးနဲ့ရင်ဆိုင်လာရသည့်အခြေနေကနေ ပြိုကွဲကြဖို့အထိဖြစ်လာခဲ့တော့သည်။ သားသမီးတွေကို လက်ပါခြေပါဆုံးမတိုင်း ခင်လေးနဲ့

ပြဿနာတက်ကြ၊ ရန်ဖြစ်ကြတာအကြိမ်ရေများလာပြီး နောက်ဆုံး

အိမ်ထောင်ပြိုကွဲဖို့ထိဖြစ်လာခဲ့သည်။

 

××××××××××××

 

အပိုင်း(၄)

 

“စဥ်းစားပါအုန်း ခင်လေးရယ်။ အိမ်ထောင်တစ်ခုပြိုပျက်ရလောက်အောင် မောင်သိန်းမမိုက်လောက်ပါဘူး။ အဲ့လောက်ဆိုးတဲ့ကလေးမှ မဟုတ်တာပဲ။ ”

 

“ဒေါ်လေးပြောတာ အရင်ကကိုသိန်းပါ။ အခုကိုသိန်းက လူစိတ်မရှိတော့ဘူး ဒေါ်လေးရဲ့။ အရက်တွေအမူးလွန်လာပြီး လူစိတ်မရှိ

ရိုက်နှက်လာတာ ခင်လေးတင်မဟုတ်တော့ဘူး။ ကလေးတွေပါ

ဖြစ်လာနေပြီ ဒေါ်လေး။ သားနဲ့သမီးက အရွယ်ရောက်လာကြပြီဆိုတော့ အော်ကြီးဟစ်ကျယ်စကားများရန်ဖြစ်တာရှက်တတ်လာပြီလေ။ ခင်လေး သားနဲ့သမီးကို သိပ်သနားတာပဲ။ ကလေးတွေက

ဆိုးတဲ့ကလေးတွေမဟုတ်ပါဘူး။ ကိုသိန်း ကိုယ်တိုင်ကတယူသန်ပြီး

အတ္တများနေတာ ဒေါ်လေး။ ခင်လေး တတ်နိုင်သလောက်ချော့မော့

ပြောခဲ့ပြီးပြီ။ သူ ပြောင်းလဲမလာဘူး။ သူဖြစ်ချင်တာကြီးပဲ အတင်း

ကြပ်လုပ်နေတော့ ခင်လေး သားသမီးကို ခင်လေး ကာကွယ်ပေးမှ

ရတော့မှာ။ နို့မို့ဆို ကလေးတွေ လမ်းဘေးရောက်ကုန်ကြတော့မယ်။

နေ့စဥ်ရက်စက်သောကတွေနဲ့ နေနေရတယ်။ လူတွေကြားမှာလဲ

ခင်လေးတို့ အရှက်ရပေါင်းမနည်းတော့ဘူး။ အရက်သမား သားမယားဖြစ်ရတာ သိပ်ဂုဏ်ငယ်တာပဲ ဒေါ်လေးရယ်။ ရှာဖွေကျွေးနေလို့ ထမင်းမငတ်ပေမဲ့ စိတ်မချမ်းမသာနဲ့ အတ္တကြီးလွန်းတဲ့သူ့အရိပ်က ခင်လေးတို့ကို နွေးထွေးလုံခြုံမှုမပေးနိုင်တော့ဘူး။

အခု သားကြီးကဆို အိမ်ပြန်လာခါနီးတိုင်း အမေ အိမ်မှာအေးဆေး

ရဲ့လား။ အဖေ ပြဿနာရှာနေလားနဲ့ မေးတိုင်း ခင်လေး ရင်ထဲတကယ်မကောင်းဘူး။ သမီးလေးဆို ပိုဆိုးတယ် ။ မိန်းကလေးဆိုတော့ အပြင်လဲမထွက်ရဲ အိမ်ထဲမှာငြိမ်ကုပ်နေပြီး ကြိတ်ငိုနေတာ။

ရပ်ကွက်ထဲလဲကျောင်းအတူနေတဲ့ကလေးတွေရှိနေတော့ အပေါင်းသင်းတွေကြားမျက်နှာငယ်နေရရှာတာ။ ”

 

“အင်း သေရေ သေရက် မကောင်းမှန်းသိသိကြီးနဲ့ သောက်နေကြတော့တာကိုး။ အခုလိုညည်းတို့ထွက်လာကြလို့လဲ ပြဿနာကပြီးသွားမှာမှမဟုတ်တာ။ မောင်သိန်းနဲ့သေချာညှိကြပါအုန်း။ မိသားစုပြိုကွဲလောက်တဲ့ထိတော့ မောင်သိန်းမမိုက်သင့်ဘူး။ ”

 

“ခင်လေး အမျိုးမျိုးစမ်းသပ်ကြည့်ပြီးပြီ။ အရက်ဖြတ်ဖို့ ဘယ်လိုမှ

ဖြစ်နိုင်မယ်မထင်တော့ပါဘူး ဒေါ်လေးရယ်။ ခင်လေး လင်ဆိုးမယားဘ၀ရောက်နေပါပြီ။ အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ဦးစီး

အဖေဆိုတာ သိပ်အရေးကြီးတာ ဒေါ်လေးရဲ့။ လင်ယောင်္ကျားလုပ်သူက ဇနီးကိုချစ်ခင်ကြင်နာ နွေးထွေးမှ ဇနီးမယားပျော်ရွှင်အေးချမ်းရသလို မိခင်ပျော်ရွှင်အေးချမ်းနေမှ သားသမီးလေးတွေ

နွေးထွေးအေးချမ်းပျော်ရွှင်ကြရတာ။ အားလုံးက ဆက်စပ်နေတာ။

ကိုသိန်း တစ်ယောက်အသိ၀င်လာမယ်မထင်တော့ဘူး။ သူငွေရှာနိုင်တယ်၊ သူရှာကျွေးနေတယ်၊ သူ့အိမ်၊ သူမွေးထားတာ သူ့လုပ်ချင်သလိုလုပ်မယ်နဲ့ အတ္တတွေကြီးလာလိုက်တာ ပူလောင်လွန်းလို့ ခင်လေးတို့ သားအမိတွေအတွင်းကလီစာတွေလောင်ကျွမ်းကုန်ပြီ။

ဒီထက်ရှေ့ဆက်ရင် ကလေးတွေအနာဂတ်နဲ့ဘ၀တွေပါ လောင်ကျွမ်းကုန်ရင်မခက်ပေဘူးလား။ ခင်လေးက လင်သားမို့

သည်းခံနိုင်တယ်ထား၊ အပျံသင်ခါစ အရွယ်မရောက်သေးတဲ့ကလေးတွေ ငြိမ်ခံနေမယ်ထင်သလား ဒေါ်လေး။ မေတ္တာတရားမရှိတော့ပဲ အတ္တတွေပူလောင်နေတဲ့ နေရာကနေ အချိန်မတိုင်ခင်ထွက်သွားရင် အကုန်လမ်းမှားရောက်ကုန်ကြလိမ့်မယ်။ အဲ့ဒီခါကျမှ

ခင်လေး ရင်ကွဲရလိမ့်မယ်။ အခုလဲ ခင်လေးအပြီးပြတ်လုပ်လိုက်တာမဟုတ်ပါဘူး။ ကိုသိန်းတစ်ယောက်နောင်တ ရတန်ကောင်းရယ်လို့ မျှော်လင့်မိတာပါပဲ။ ဒေါ်လေးဆီ ခင်လေးတို့လာမယ်လို့ သူထင်မှာ မဟုတ်ဘူး။ မြို့ထဲမှာသာ လှည့်ပတ်ရှာနေမှာပေါ့။”

 

“အေးပါအေ။ ငါတော့ ကလေးတွေသနားတာပါအေ။ အရင် ငါတို့

လာတုန်းက ညည်းတို့အဆင်ပြေပြေနဲ့ အေးချမ်းနေခဲ့တာကိုး။ ကလေးတွေကြီးခါမှ ဒီလိုဖြစ်တော့ စိတ်မကောင်းလိုက်တာ။ ကဲ

ကဲ နားကြတော့။ ငါ ညနေစာလေးချက်လိုက်အုန်းမယ်။ ”

 

ခင်လေးတို့ အိမ်ထောင်သက်တွေ မနည်းခဲ့ဘူးလေ။ ခင်လေးတို့မရှိလို့ ကိုသိန်းအဆင်ပြေမှာ မဟုတ်တာသိပေမဲ့ သားသမီးလေးတွေကို

ခင်လေး ကာကွယ်မှရတော့မှာမို့ပါ။ အရွယ်လေးတွေရလာကြတော့

ရည်စားလေးတွေ ထားတတ်လာကြပြီ။ သူငယ်ချင်းတွေနဲ့ ပျော်ပါး

လာတတ်ချိန်မှာ အဖေအရက်သမားဆိုပြီး လက်ညှိုးထိုးခံနေကြရတော့သည်။ စိတ်မကြည်ရင်မကြည်သလို့ လူရှေ့မရှောင်ဆူငေါက်

တတ်သည်။ မခံနိုင်လို့ကလေးတွေ ပြန်ပြောတော့ ဒေါသအလျှောက်လက်ပါလာသည်။ နောက်နေ့ မသိသလိုလုပ်နေတတ်ပြန်သည်။ အကြိမ်ရေများလာတော့ ကလေးတွေအိမ်မှာမပျော်တော့ပဲအကြောင်းပြလမ်းထွက်နေကြတော့သည်။ ဒီတိုင်းဆက်ထားနေရင် သားကလမ်းမှားရောက်ပြီး၊ သမီး အိမ်ထောင်စောစောကျသွား

တော့မှာ ခင်လေး ကြိုသိနေသည်။ နွေးထွေးလုံခြုံမှုမရှိတဲ့အိမ်ကို

စွန့်ခွာပြီး စိတ်အထင်နဲ့လမ်းမှားတွေ ရွေးခြယ်သွားကြတော့မှာမို့

ခင်လေး အရဲစွန့်ပြီး ထွက်လာခဲ့ခြင်းပါ။ သားနဲ့သမီးအတွက်

ခင်လေးတော့ စာနာမှုနဲ့နွေးထွေးတဲ့ မေတ္တာတရားတွေပေးသင့်တယ်မလား။

 

×××××÷××××××

 

ဇာတ်သိမ်း

 

ညကအတော်မူးသွားတာမို့ နေ့လည်ရောက်မှကျွန်တော် နိုးတော့သည်။ ကလေးတွေကျောင်းသွားကုန်လောက်ပြီ။ ခင်လေး

တစ်ယောက်ထဲ မို့ ဘာသံမှမကြားရတာနေမည်။ အိပ်ယာထဲက

လူးလဲထလိုက်ပြီး ရေအိမ်အရင်၀င်လိုက်ရင်း မီးဖိုထဲကြည့်တော့ ခင်လေးကို မတွေ့ရပဲ အမေက ဟင်းချက်နေတာမို့ ကျွန်တော်မျက်စေ့ပြူးသွားမိသည်။ အမေ ကျွန်တော့်အိမ်လာခဲသည်။ တော်ရုံအကြောင်းကိစ္စမရှိပဲ အမေရောက်မလာတတ်တာမို့ စိတ်ထဲထင့်သွားမိသည်။ ရေအိမ်ကထွက်လာပြီး ဘေစင်မှာမျက်နှာသစ်နေတုန်း အမေစကားစလာတော့သည်။

 

“မျက်နှာသစ်ပြီး ဧည့်ခန်းထဲလာခဲ့ မနက်စာလုပ်ထားတယ်။ ”

 

အမေ့အသံကအနည်းငယ် မာတန်နေသည်။ ခင်လေး ကိုလဲမမေးရဲ။

ဒီမိန်းမ ဘယ်သွားနေပါလိမ့်။ အိမ်ရှေ့ထွက်လာတဲ့ထိ ခင်လေး

မျက်နှာမမြင်ရသေး။

 

“ဘာရှာနေတာလဲ ရှာမနေနဲ့။ ခင်လေးတို့ သားအမိတွေ အိမ်ပေါ်က

ဆင်းသွားကြပြီ။ ရော့ ဒီမှာကွာရှင်းစာချုပ်။ မင်းကိုတော့ ငါအံ့သြတယ် ငသိန်း။ မင်းအသက်လဲ ပြန်ကြည့်အုန်း။ အသောက်စားတွေလုပ်လာထဲက ငါ အတန်တန်ပြောခဲ့တယ်။ အခုမင်းက သောက်စား

မူးရူးပြီး မိသားစုတွေနှိပ်စက်တဲ့အထိဖြစ်နေပြီဆို။ တစ်စိပ်ရှိဒေါသကရှေ့က။ မင်းဖြစ်ချင်တာတွေကြီး မင်းလုပ်နေလို့ရမလား။ ခုခေတ်ကလေးတွေမပြောနဲ့ မင်းတောင် မိဘတွေစကားနာခံခဲ့လို့လား။အခု

ကြည့်ပြဿနာက မိုးမီးလောင်ပြီ။ ဒီချိန်ထိနေလာခဲ့ကြပြီးမှ ကွဲကြကွာကြဆိုတော့ လူကြားလဲမကောင်းဘူး။ ငါကြည့်သလောက် ဖြိုးဇင်လေးရော၊ ပန်းဝေ ရော သူ့အတိုင်းတာနဲ့သူလိမ်မာကြပါတယ်။ ကလေးတွေက ကျောင်းတန်းလန်းနဲ့။ပြီးတော့ခင်လေးက မင်းနဲ့အိမ်ထောင်ကျထဲက ဘာစီးပွားမှ ရှာခဲ့ရတာမဟုတ်ဘူး။ခင်လေး အရွယ်ရှိတုန်းကတော့ မယားစိတ်မချတာနဲ့ ဘာမှမခိုင်းခဲ့ပဲနဲ့ ခုကျမှ ထွက်ရှာဆိုတာက ဘာစကားလဲ။ သူလဲအိမ်ထောင့်တာ၀န်ကျေနေတာပဲ။ ခုကျမှ မိန်းမသားတစ်ယောက်ကိုချိုးနှိမ်ပြီး အပြစ်ရှာတာ ရိုက်နှက်တာမင်းမရှက်ဘူးလား။ ”

 

“အမေကလဲဗျာ ။ သူတို့ပြောသမျှ အမေယုံနေတာ။ အမေက အဝေး

မှာနေတာ အမေဘာသိမှာလဲ။ သူတို့သားအမိတွေ ကျွန်တော့်ကိုအာခံချင်နေကြတာ အမေရ။ ၀င်ငွေလေးရှိလာတော့ လေကြီးလေကျယ်ပြောလာကြပြီ ။ ”

 

“ခဏနေအုန်း ထွန်းသိန်း။ ငါ့စကားမဆုံးသေးဘူး။ မင်းငယ်ငယ်က

မင်း အဖေခိုင်းတာတစ်မျိုး မင်းလုပ်ချင်တာတစ်မျိုး ပြဿနာ

ဖြစ်ကြတော့ မင်းအဖေ ဘယ်လိုလုပ်ပေးခဲ့သလဲ ပြန်စဥ်းစား။ မင်း

ဘွဲ့ရပြီးသား။ ဦးနှောက်ရှိတယ်။ မင်းကိုဖျက်နေတာ အရက် သိရဲ့လား။ ကြာရင်ရူးကြောင်ကြောင်ပါဖြစ်လာလိမ့်မယ်။ သားသမီးမွေးထားတာလေ ကိုယ်မဖြစ်ခဲ့ရတဲ့ဘ၀တွေကို ဖြစ်အောင်ဖန်တီးယူရမဲ့

သက်မဲ့တွေမဟုတ်ဘူး။ အခု ဖြိုးဇင်လေး ကျောင်းစာလုပ်ရင်း သူ့၀ါသနာအရ ဂီတလမ်းကြောင်းလျှောက်တယ်။ အဖေတစ်ယောက်အနေနဲ့

လမ်းမှားရောက်မှာ စိတ်ပူတာလက်ခံတယ်။ ဒါပေမဲ့ အတင်းကြပ်

မတားဆီးနဲ့။ အဓိကနဲ့ သာမညခွဲခြားပြီးလုပ်ဖို့ မင်းဂိုက်လိုင်းချပေး

ရမှာ။ ပန်းဝေလေး တက္ကသိုလ်စတက်ရတော့မယ် ရည်းစားထားတာ ဆန်းသလား။ မင်းတို့ခေတ်လို မဟုတ်ကြတော့ဘူး ခုခေတ်

တစ်ဆယ်စကျော်တာလေးနဲ့ရည်းစားရနေတာတွေ တစ်ပုံကြီး။ အဲ့တာကို လူသိရှင်ကြားအော်ဟစ်ဆုံးမနေရသလား။ မင်း ဦးနှောက်တွေ ဘယ်ရောက်ကုန်တာလဲ။ သူများတွေက ကြည့်ပြီး အားကျနေခဲ့ရတဲ့ မိသားစုက အခုကျမှပြိုကွဲရပြီ။ ခင်လေးက သူပြောချင်တာတွေ အကုန်ပြောထားခဲ့တာ။ ငါနားထောင်သမျှတော့ ခင်လေးပြောတာ အမှန်တွေကြီးပဲ။ အဲ့တာ ငါ့မြေးတွေပြန်ရှာတောင်းပန်ပြီး ပြန်ခေါ်လာခဲ့။ ကိုယ်မွေးထားတဲ့သားသမီး အထာမှမနပ်ရင် မင်း အသုံးမကျလို့ပဲ။ ”

 

“အမေက သူတို့ဘက်ကကြီးပဲ။ ကျွန်တော်လဲမကွဲပါဘူး။ ”

 

“မကွဲလို့ရမလား။ ခင်လေးက အကုန်ပြောသွားပြီး စာချုပ်ထားခဲ့တာ။မင်းကို အတော်စိတ်ပျက်နေတာ။ မူးရူးသောက်စားပြီး နှိပ်စက်နေမှတော့ ကွဲသာကွဲလိုက်တော့။ ”

 

“အမေကလဲဗျာ။ ”

 

ကျွန်တော် အမေ့ကို ခွန်းတုံ့ပြန်မိသည်။ တကယ်လဲ ကျွန်တော် ကွဲမပေးနိုင်ပါ။ အရက်သောက်လာတာ နှစ်ဆယ်ချီလာပြီးတဲ့နောက် အလိုလိုဒေါသထွက်တတ်လာသည်။ အပြင်မှာ အလုပ်ကိစ္စအဆင်မပြေလဲ အိမ်က မိသားစုအပေါ်မဲတတ်လာသည်။ စိတ်ကြမ်းလူကြမ်းဖြစ်လာပြီး တွေ့သမျှအပြစ်မြင်လာတတ်တာ ကြာခဲ့ပါပြီ။

ခင်လေးက သားသမီးကွယ်ရာချော့မော့ပြောလဲ ကျွန်တော်နားမဝင်

နိုင်ခဲ့တာမို့ အခုတော့ ကျွန်တော့်ကိုထားခဲ့ပြီ။ တကယ်တော့ အရက်သောက်တိုင်း သွေးဆူလွယ်ပြီး သွေးဆိုးတတ်တာ ကျွန်တော့်အ

ကျင့်ပါ။ အမေကျွန်တော့်ကို ဆူပူပြီးပြန်သွားတော့ ခင်လေးတို့ သားအမိကို လိုက်ရှာရတော့သည်။ အမျိုးရှိသမျှ လှည့်ပတ်ရှာပေမဲ့

မတွေ့တာကြောင့် စိတ်ပူလာမိသည်။ အရက်ပုလင်းကိုင်မိတိုင်း

ခင်လေးနဲ့အတူ သားနဲ့သမီးမျက်နှာမြင်ယောင်လာသည်။ သားသမီးတွေ အရွယ်ရောက်လာတော့ အဖေကိုခြေစုံကန်ထွက်တယ်၊ မိန်းမ

လုပ်သူကလဲ သားသမီးအားကိုးနဲ့ အာခံတယ်လို့ စိတ်ထဲတွေးထင်ပြီး ကိုယ့်အုပ်ချုပ်မှုအောက်ကို အတင်းဆွဲသွင်းပြီး အုပ်ထားခဲ့မိသည်။ မေတ္တာတရားနဲ့နွေးထွေးမှုပေးပြီး ဆုံးမရမဲ့အစား ဒေါသနဲ့

ပြဿနာတိုင်းဖြေရှင်းနေခဲ့တော့ အမှားတွေဆက်တိုက်ဖြစ်လာနေခဲ့သည်။ ဒီကြားထဲ မူးလာတိုင်းပြဿနာရှာတတ်တဲ့ ယောင်္ကျား၊ အရွယ်ရောက်လာနေတဲ့ သားသမီးတွေကို ပတ်၀န်းကျင်မှာမျက်နှာ

ငယ်စေခဲ့တဲ့အပြင် ကြင်နာနွေးထွေးမှုလုံခြုံမှုမပေးနိုင်တဲ့ ဖခင်ကို

စွန့်ပစ်သွားကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ကျွန်တော် အရက်ဖြတ်

ပြီး ခင်လေးရယ် သားနဲ့သမီးကို တွေ့အောင်ရှာပြီးပြန်ခေါ်လာမှာပါ။

အမေပြောသွားတဲ့စကားလေး တစ်ခွန်းကို ကျွန်တော်သေသည်အထိမှတ်သားလိုက်နာသွားမှာပါ။

 

အိမ်တစ်အိမ်ရဲ့ အရေးကြီးဆုံးကခေါင် ဖြစ်သလို အိမ်ထောင်တစ်ခုရဲ့ အရေးပါဆုံးက အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေပဲတဲ့။ မိသားစုအတွက် နွေးထွေးလုံခြုံမှုကို အပေးနိုင်ဆုံးကလဲ အဖေ့မေတ္တာဆိုတာ ကျွန်တော်အသေချာနားလည်ခဲ့ပါပြီ။ ဒီနေ့ရက်ကစလို့ မေတ္တာ

လွှမ်းခြုံပြီး နားလည်မှုအပြည့်နဲ့ သားသမီးဖြစ်ချင်တာကို ဦးစားပေးစဥ်းစားပြီး ညှိနှိုင်းယူဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါပြီ။ မူးရစ်စေတံ့အရာမှန်သမျှ ဘယ်အရာမှမကောင်းတာမို့ အရက်လဲဖြတ်လိုက်ပါပြီ။ အစတော့အပျော်သောက်၊ အပျင်းပြေသောက်နဲ့ ကြာတော့မသောက်ရမနေနိုင် ဖြစ်လာတော့အရက်သမားဘ၀ရောက်မှန်းမသိရောက်လာခဲ့တော့တာပါပဲ။ အရက်ကြောင့်မိသားစုဘ၀ပျက်နိုင်သလို အသက်ဘေးပါ ရောက်နိုင်တာကျွန်တော်အသိနောက်ကျခဲ့တာပါ။ ဒီနေ့ကစ မေတ္တာဓာတ်တွေပြည့်ဝပြီး နွေးထွေးကြင်နာပြီး နားလည်မှုတွေနဲ့အိမ်ကလေး တည်ဆောက်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။

 

ကြယ်စင် / လားရှိုး

 

၂၇-၉-၂၃

 

ရတနာပုံသတင်းစာ