အိမ်ထောင်(စ/ဆုံး)
—————–
ဒေါ်စိန်စိန်တယောက်သားမက်တော်သက်လွင်ဦးကိုကြည့်မရတာအတော်ကြာချေပြီ၊သမီးမာလာမြင့်မရှိချိန် သက်လွင်ဦးကအောက်ထပ်မှာဖုန်းတလုံးနဲ့ဘယ်သူနဲ့တွတ်ထိုးနေမှန်းမသိ၊အနီးအနားကိုတခုခုသွားယူဟန်နဲ့နားစွင့်တော့ မနှစ်မြို့သလိုကြည့်ပုံက ပိုလို့မသင်္ကါစရာ။
ဒေါ် စိန်စိန်ကခင်ပွန်းဦးရဲမြင့်ကိုစိတ်ထဲရှိတဲ့အတိုင်းဖွင့်ပြောလိုက်တယ်။
‘သက်လွင်ဦးအောက်ထပ်မှာတိုးတိုးတိုးတိုးနဲ့ ဘယ်သူနဲ့ပြောနေတာလဲမသိဘူး၊နေ့တိုင်းကိုပြောနေတာ၊သမီးရှာဖွေရသမျှတွေသူကိုင်တာဆိုတော့ သူ့မိဘဆွေမျိုးတွေကိုပေးကမ်းနေလား အသစ်တွေ့နေတာလား ဘာမှန်းမသိဘူး’
‘မင်းကထင်ရာလျှောက်တွေးနေတာကိုးကွာ၊သူကပေးရင်တောင် သူ့မိဘတွေ အမျိုးတွေကလက်ခံမှာမဟုတ်ဘူး၊သူတို့သားဂုဏ်ငယ်အောင် အပြောခံရအောင်လုပ်မှာမဟုတ်ဘူး၊နောက်ပြီးမင့်သားမက်ပုံမလာပန်းမလာ ဘယ်ကလေးမကကြိုက်မှာလဲ’
‘တော်က သူများဘက်ကလိုက်ပြောနေပြန်ပြီ၊သူ့အိမ်ကိုသူပေးချင်ပေးမှာပေါ့၊နောက်ပြီး ခုခေတ်က သွားမပါချင်နေကားပါရင်ပြီးရော တော်ဘာသိလို့လဲ’
‘ပူစရာမရှိ ပူစရာရှာကွာ၊သူကမင့်သမီးကိုဖင်တုန်အောင်ကြောက်တဲ့ကောင်၊မဟုတ်တာမလုပ်ရဲပါဘူး၊မင့်သမီးကလဲ ရုံးမှာအကြီးအကဲလုပ်နေတဲ့သူပဲ မညံ့ပါဘူး’
‘ဘာပဲဖြစ်ဖြစ် တော်သူ့ကိုသတိထားကြည့်ဦး’
‘အေး မင်းလဲသမီးကိုမသေချာဘဲ ဘာမှမပြောနဲ့ဦး၊လင်မယားရန်တိုက်သလိုဖြစ်နေမယ်”
〰〰〰〰〰〰〰〰
ဒေါ်စိန်စိန်ရဲ့တာဝန်ပေးချက်အရ ဦးရဲမြင့်ဟာသက်လွင်ဦးရဲ့သွားလာလှုပ်ရှားမှုတွေကိုစောင့်ကြည့်ပြီး လေးရက်လောက်ကြာတော့ ဒေါ်စိန်စိန်ကိုအစီရင်ခံတယ်။
‘မနက်၈နာရီ မင့်သမီးရဲ့ကားအိမ်ကထွက်သွားပြီဆိုတာနဲ့ ဖုန်းကောက်ကိုင်တော့တာပဲ၊ညနေသမီးပြန်မလာခင်တကြိမ်ပြောတယ်၊တရက်နှစ်ခါဆယ်မိနစ်လောက်တော့ပုံမှန်ပြောတာပဲ၊ငါလဲဂျာနယ်ဖတ်ရင်း သူပြောတာတွေကိုနားစွင့်ထားတယ်၊ကြားတချက် မကြားတချက်ပေါ့ကွာ’
‘ကျုပ်ထင်တာမှန်တယ်မို့လား၊ဘယ်ကောင်မနဲ့ပြောနေတာလဲ’
‘ရှင်းရှင်းလင်းလင်းတော့ဘယ်ကြားရမလဲကွ၊သူ့အမျိုးတွေနဲ့ပြောချင်လဲပြောမှာပေါ့’
‘သူ့အမျိုးတွေဆိုရင် ကျယ်ကျယ်ပြောပါလား၊ခုတော့ရည်းစားစကားပြောတာကျနေတာပဲ၊ဘာပြောမှန်းမသိ’
‘မင်းသိသွားရင် မင့်သမီးနားရောက်မှာစိုးလို့ဖြစ်မှာပေါ့ကွာ၊မရိုးမသားတော့ဟုတ်မယ်မထင်ပါဘူး’
‘ကဲပါ၊ဟိုကပြောတာမကြားရင်လဲ သူပြောတာတွေပြော’
‘သူပြောတာက လာတော့လာချင်တာပေါ့တဲ့၊သူလည်းစိတ်ပူတာပေါ့တဲ့၊သားအစမ်းစာမေးပွဲပြီးရင်တော့ဖြစ်ချင်ရာဖြစ် လာခဲ့မယ်တဲ့’
‘ကျုပ်ထင်တာမှန်နေပါပြီ၊တခါတခါငူငူကြီးထိုင်ပြီးဘာတွေတွေးနေလဲမသိဘူး၊ဟိုကောင်မကအမိဖမ်းချင်လို့မရရအောင်ခေါ်နေတာဖြစ်မယ်၊ဒါနဲ့နေစမ်းပါဦး၊သူကဘာကိုစိတ်ပူတာတဲ့လဲ’
‘ငါလဲဘယ်သိမလဲကွ၊မင်းလျှောက်တွေးနေမဲ့အစား ပွင့်ပွင့်လင်းလင်းမေးကြည့်လိုက်ပါလား’
‘မမေးချင်ပါဘူးတော်၊သူမပြောချင်လို့မပြောတာကို၊မေးရင်လဲအမှန်ပြောချင်မှပြောမှာပေါ့’
‘အေး သူကလဲမင်းမယုံမှန်းသိလို့ မပြောတာဖြစ်မှာပေါ့၊မင်းမမေးချင်ရင် ငါမေးလိုက်မယ်၊သားစာမေးပွဲပြီးရင်လာခဲ့မယ်ဆိုတော့ ဒီကိစ္စသိထားမှဖြစ်မယ်၊မင့်မြေးစာမေးပွဲအပြီးဆို ဆယ်ရက်လောက်ပဲလိုတော့တယ်’
〰〰〰〰〰〰〰
ကြင်စဦးမှာသက်လွင်ဦးတို့မောင်နှံဟာ သာသာယာယာ၊မာလာမြင့်ကသူ့ထက်သုံးနှစ်ငယ်တော့ ချစ်ခင်မှု အားကိုးမှု ယုယမှုတွေနဲ့’အကို ‘နဲ့’ညီမ’ပေါ့။
သက်လွင်ဦးတို့မယားချစ်လိုက်ပုံကတော့ အဲ့ခေတ်ငွေတန်ဖိုးနဲ့လူတိုင်းမကိုင်နိုင်တဲ့ GSMဖုန်းသိန်းငါးဆယ်ဆိုလဲ ကိုယ်မကိုင်ရချင်နေ ကိုယ့်ဇနီးလေးမော်ကြွားနိုင်ဖို့သာအဓိက။
ရွှေဆိုင်ကြော်ငြာလို လက်ကောက်တံတောင်ဆစ်အထိဝတ်ပြီးရွှင်ပျနေတဲ့ဇနီးအလှအတွက်ဘာပဲလုပ်ရလုပ်ရပေါ့။
သားဦးလေးမွေးပြီးတော့လင်မယားနှစ်ယောက်လုံးအလုပ်ဆင်းနိုင်ဖို့ ကလေးထိန်း အိမ်စောင့်လိုလာခဲ့ပြီ၊မာလာမြင့်ရဲ့ရွာကမိဘနှစ်ပါးနဲ့ညီမငယ်တို့အိမ်ပေါ်ရောက်လာခဲ့ပြီ။
ဌာနမှာနေရာကောင်းလေးရလို့ အောက်ဆိုဒ်မြိုးမြိုးမြက်မြက်ရတဲ့သက်လွင်ဦးက ဇနီးချောရဲ့သွားလာရေးအတွက်ကားဝယ် ယောက္ခမနှစ်ပါးကိုနာမည်ကြီးဆေးရုံတွေမှာပြ ခယ်မလေးကဆယ်တန်းအောင်တော့တက္ကသိုလ်ဆက်တက် ဟိုသင်တန်းဒီသင်တန်းတွေတက် သူတို့ပျော်ရင်ချစ်ဇနီးလည်းပျော် သူလည်းပျော်။
သူဟာအိမ်ထောင်ကျပြီးနောက်ပိုင်းမိဘတွေကိုတပြားတချပ်မှမထောက်ပံ့နိုင်တဲ့အပြင် ရွာကိုလည်းတခေါက်တကျင်းမှမပြန်နိုင်တော့။
သူ့မိသားစုကိုတော့မြို့ပြရဲ့အသုံးအဆောင်တွေနဲ့လိုလေသေးမရှိ ပြည့်ပြည့်စုံစုံထားပေးနိုင်ခဲ့တယ်၊ချစ်မယားရယ် သားရယ် နွဲ့ဆိုးဆိုးတဲ့ခယ်မရယ် သဘောမနောကောင်းတဲ့ယောက္ခမတွေရယ် လှပလွန်းတဲ့သူ့ဘဝ လူဖြစ်ကျိုးနပ်ပေစွပေါ့။
‘ဟဲ့ နင့်အကိုအတွက်အသားကောင်းတာလေးတွေဦးချပြီးမှစား၊ဟော ဟိုမှာပြန်လာပြီကော၊ဘာတွေဝယ်လာလဲမသိဘူး၊ကြိုလိုက်ကြဦး’
ရွှေသမက်ငွေသမက်မို့ အနေခက်လောက်အောင်လေးစားကြည်ဖြူကြတော့ သက်လွင်ဦးမှာပီတိဖြာ၊ယောက္ခမတွေဆိုးတယ်ဆိုတာမယုံချင်စရာ။
〰〰〰〰〰〰〰〰
ညားပြီးဆယ်နှစ်ကျော်လို့ ခေတ်တွေစနစ်တွေပြောင်းလာတဲ့အခါမှာတော့ သက်လွင်ဦးဟာရာထူးတိုးသွားပေမဲ့ အောက်ဆိုဒ်မရတော့၊သားနဲ့ခယ်မရဲ့ပညာသင်စရိတ် အိမ်ငှားခ အိမ်အသုံးစရိတ်တွေကတရိပ်ရိပ်တက်။
သူကအပိုဝင်ငွေမရပေမဲ့ မာလာမြင့်ရဲ့အလုပ်ကအဆင်ပြေလာတော့ မိသားစုဟာအခြေမပျက်နေနိုင်ခဲ့တယ်၊မိသားစုမှာငွေရှာနိုင်သူကဩဇာအာဏာရှိတော့ ခုချိန်မှာမာလာမြင့်ကဘုရင်မ သူကနန်းကျဘုရင်ပေါ့။
သူဟာမနက်စောစောထပြီးယောက္ခထီးကိုအိမ်မှုကိစ္စဝိုင်းလုပ်ဝိုင်းကူ၊တနေ့တော့ ချစ်ဇနီးကသူ့ကိုအမိန့်ချတယ်။
‘အကိုအလုပ်ထွက်လိုက်တော့၊အကို့လခဘယ်လောက်မှမရှိဘူး၊သွားရလာရပင်ပန်းတာနဲ့မကာဘူး၊အဖေလဲအသက်ကြီးပြီ၊ဈေးသွားခိုင်းရတာစိတ်မချဘူး’
မဟေသီကိုလွန်ဆန်လေ့မရှိတဲ့သက်လွင်ဦးကရှည်ရှည်ဝေးဝေးမစဥ်းစား၊သူဘွဲ့ရပြီးနှစ်ပေါင်းနှစ်ဆယ်ကျော်လုပ်ခဲ့တဲ့အလုပ်ကထွက်လိုက်တယ်၊သူဟာဇနီးအလှကြိုးဆွဲရာကနေတဲ့’ရုပ်သေးရုပ်’။
အစိုးရိမ်ကြီးတဲ့ယောက္ခမနဲ့မယားကအိမ်ဖော်မငှား၊တအိမ်လုံးမြှောက်စားထားတဲ့ခယ်မချောက မီးဖိုချောင်ကိုယောင်လို့တောင်မဝင်။
ရောဂါထူတဲ့ယောက္ခမကိုစာရင်းပယ်ပြီး ၆၀ကျော်ယောက္ခထီးကိုငဲ့ညှာလိုက်တော့ဈေးသွား ချက်ပြုတ် ဆေးကြော အိမ်မှုအလုပ်တွေဟာသူ့ဝန်တာ၊အဝတ်လျှော်စက်ရှိလို့တော်သေး။
ဘယ်လောက်ပဲလုပ်လုပ် မိန်းမလုပ်စာကိုအခန့်သားထိုင်စားနေတဲ့ ‘အလုပ်လက်မဲ့’ ‘မှီခို’လို့မြင်ကြလေတော့ မိသားစုရဲ့သူ့အပေါ်ဆက်ဆံရေးကတနေ့တခြားပြောင်းလဲလာခဲ့တယ်၊အထူးသဖြင့်ဇနီးနဲ့ယောက္ခမ။
သက်လွင်ဦးခမျာ ဘုရင်မမာလာမြင့်အလုပ်ကပြန်လာရင်ပျာပျာသလဲကြို၊ဖုန်းခေါ်ရင်ချက်ချင်းကိုင်၊’အကို’ခေါ်ရင်မြန်မြန်လာ၊ချက်ချင်းအခစားမရောက်ရင်မိုးချုန်းသံအလား ‘အကိုး….’
တချိန်က ‘အကို’လို့မူနွဲ့နွဲ့ခေါ်သံနဲ့တခြားစီ၊သူ့မှာတစုံတရာလစ်ဟင်းမှုမရှိအောင်အမြဲသတိ။
ယောက္ခမကြီးကတော့ သားမက်ကလေးကောင်းစားစဥ်ကအားလုံးစိတ်ချမ်းသာအောင်အစွမ်းကုန်ဖြည့်ဆည်းပေးခဲ့တာ မေ့ရှာလေပြီ၊ချိုမြတဲ့အပြုံးတွေအစား မယုံသင်္ကာအကြည့်တွေကြောင့် သက်လွင်ဦးစိတ်မသက်သာ။
ယောက္ခမကိုမိဘလိုသဘောထားစေချင်ကြပေမဲ့ သားမက်ကို’သား’လိုမချစ်နိုင်ကြရှာပါလား။
မေတ္တာအတုအယောင်ဟန်ဆောင်အပြုံးတွေကို တံလျှပ်ရေထင်မိခဲ့တဲ့သက်လွင်ဦးတယောက်အသိနောက်ကျချေပြီ။
‘ယောက္ခမအိမ်တက် သားမက်မျက်နှာငယ်’ဆိုရိုးရှိပေမဲ့ သက်လွင်ဦးကတော့ သူ့အိမ်မှာသူနေရင်းမျက်နှာငယ်ရရှာ၊ချစ်သူဘဝစိတ်ကူးယဥ်ခဲ့တုန်းက ဒါတွေမပါ။
ယခင်ကမိသားစုနဲ့သူနဲ့တသားတည်းလို့ထင်ခဲ့ပေမဲ့ ခုတော့သူတယောက်တည်း၊ရယ်မောသံတွေတဖြည်းဖြည်းဆိတ်သုံးခဲ့တဲ့သူအိမ်ဟာ နွေးထွေးမှုသာယာပျော်ရွှင်မှုတွေကင်းမဲ့ရာ စိတ်ကျဥ်းကျပ်ဖွယ်တကယ့်’အိမ်ထောင်’ ။
〰〰〰〰〰〰〰〰
မာလာမြင့်ရုံးသွားတဲ့တနေ့မှာ ဦးရဲမြင့်ကသက်လွင်ဦးကိုချော့မော့မေးတယ်၊သူကယောက္မမဒေါ်စိန်စိန်လောက်မဆိုး၊သူလည်းမိန်းမကြောက်ရတယ်လေ။
‘ငါ့သား-မျက်နှာမရွှင်မပျနဲ့၊ထမင်းလဲသိပ်မစားဘူး၊ဘာများစိတ်ညစ်စရာရှိလို့လဲ၊ပြောစမ်းပါဦးကွာ’
‘အမေအသည်းရောဂါဖြစ်နေတယ် အဖေ၊တော်တော်အခြေအနေဆိုးတယ်တဲ့၊ညီတွေညီမတွေကကျွန်တော့်ကိုရွာပြန်ခဲ့ဖို့ခေါ်နေကြတာကြာပြီ’
‘ဒါများကွာ စောစောကပြောရောပေါ့၊တို့ကနေ့တိုင်းမင်းဘယ်သူနဲ့ဖုန်းပြောနေပါလိမ့်လို့’
‘ပြောလို့ဘာထူးမှာလဲဗျာ၊အဖေ့သမီးကလွှတ်မှာမှမဟုတ်တာ၊ဆူခံရတာပဲအဖတ်တင်မယ်၊ဒီမှာလည်းလုပ်မဲ့လူမရှိဘူးလေ’
‘ဟာကွာ ငါလုပ်နိုင်ပါတယ်၊မင်းသာမင့်အမေအခြေအနေမဆိုးရင်မြန်မြန်ပြန်ခဲ့၊စိန်စိန်ကိုငါပြောမယ်၊သမီးတော့မင်းပဲပြော’
တာဝန်ခွဲဝေပြီးတော့ ဦးရဲမြင့်က ဒေါ်စိန်စိန်ကိုအဖြစ်စုံပြောပြလိုက်တယ်၊သူကသနားတတ်တော့သာသာထိုးထိုးလေးပြောပေးတာပေါ့။
‘မင့်ခမည်းခမက်ဒေါ်ကြည်ဝင်းကအသည်းကင်ဆာဖြစ်နေတာကြာပြီ၊နေ့လားညလားမသိဘူးတဲ့၊အဲ့ဒါသူ့သားကိုမျှော်နေလို့ သူ့ညီမတွေကခဏခဏဖုန်းဆက်နေတာ၊မင်းထင်သလိုရှုပ်ရှုပ်ယှက်ယှက်မဟုတ်ပါဘူးကွာ၊သွားချင်လဲအသက်မီအောင်မြန်မြန်သွားပါစေ၊သူမရှိလဲငါလုပ်နိုင်ပါတယ်’
‘အမယ် ဟိုကမျက်ရည်ခံထိုးတာနဲ့ သူကထောက်ခံနေပြန်ပြီ၊သူ့ဖာသူရွာပြန်ချင်လို့ပြောတာလဲဖြစ်နိုင်တာပဲ၊ရွာမှာသူ့ငယ်ရည်းစားရှိတယ်တဲ့၊နောက်ပြီးဒီကမြေးလဲစာမေးပွဲမပြီးသေးဘူး၊တော့်သမီးသဘောလဲရှိသေးတယ်’
‘မင်းက သံသယအားကြီးလွန်းတာကိုးကွာ၊ခုကမင့်မြေးတောင်ဆယ့်ငါးနှစ်ရှိနေပြီ၊ဟိုကသူများနဲ့ညားပြီးရောပေါ့’
‘အေး မဟုတ်တာတခုခုဖြစ်လို့ကတော့ တော့်သမီးကအားပေးအားမြှောက်လုပ်တဲ့တော့်ကိုပါဆူမှာ’
ဘာပဲဖြစ်ဖြစ် ဒေါ်စိန်စိန်ကတော့မီးစိမ်းပြပြီ၊သဘောကောင်းတဲ့ဦးရဲမြင့်က သက်လွင်ဦးကိုမာလာမြင့်ရဲ့ခွင့်ပြုမိန့်ရဖို့တိုက်တွန်းအားပေးရပြန်ပေါ့။
〰〰〰〰〰〰〰
ညနေမာလာမြင့်ပြန်လာချိန်မှာ သက်လွင်ဦးဟာမိခင်လူမမာထံသွားခွင့်ရဖို့အရေး ရည်းစားစကားပြောခဲ့တုန်းကထက်တောင်ရင်ဖိုနေမိတယ်။
သူဟာ’ဇနီးသည်စိတ်ကောင်းဝင်နေပါစေ’လို့အကြိမ်ကြိမ်ဆုတောင်းရင်း သူမရေချိုး ထမင်းစားပြီးသည်အထိတိုလီမိုလီကူညီရင်းရစ်သီရစ်သီ၊အကင်းပါးတဲ့မာလာမြင့်က မိခင်ကဖုန်းဆက်ထားလို့သိပြီးဖြစ်ပေမဲ့မသိသယောင်။
‘အကိုဘာပြောမလို့လဲ’
‘အကို့အမေအသည်းအသန်ဖြစ်နေလို့ ရွာကိုခဏပြန်လာဖို့အိမ်ကဖုန်းဆက်တယ်၊အဲဒါမနက်ဖြန်ညီမလဲရုံးပိတ်တယ်၊သားလဲကျောင်းပိတ်တယ်၊အကိုရွာကိုခဏပြန်မလားလို့’
‘သားစာမေးပွဲကဗုဒ္ဓဟူးနေ့မှပြီးမှာမဟုတ်လား၊အကို့အမေတကယ်ဖြစ်နေရင်လဲ သားစာမေးပွဲဲပြီးမှသွားရမှာပေါ့၊စာမေးပွဲကပိုအရေးကြီးတာကို’
‘အကိုလဲသိပါတယ်ကွာ၊ဒါပေမဲ့အစမ်းစာမေးပွဲလဲဖြစ် သားလဲစာတွေရပြီးသားမို့လို့ပြောတာပါ၊အသက်မမီမှာစိုးလို့ပါကွာ’
ယခင်က သက်လွင်ဦးဟာချစ်ဇနီးကိုတခွန်းထက်ပိုလို့အထွန့်မတက်ရဲ၊ခုတော့ ဘယ်ကသတ္တိတွေရနေပါလိမ့်။
မာလာမြင့်ကလင်တော်မောင်ကိုတချက်ကြည့်ပြီး-
‘ကဲ ဒါလောက် သွားချင်နေရင်လဲသွား၊ဘယ်နေ့ပြန်လာမှာလဲအတိအကျပြော’
‘အတိအကျတော့ ပြောဖို့ခက်တယ်၊အမေ့အခြေအနေအရပဲ၊မပြောကောင်းမဆိုကောင်းအမေဆုံးခဲ့ရင် ဆွမ်းပြီးမှပြန်ရမှာ’
မာလာမြင့်ကသတ္တိတွေကောင်းနေတဲ့သက်လွင်ဦးကိုခပ်တင်းတင်းကြည့်လိုက်တယ်။
‘မလိုချင်ဘူး၊နေ့ချင်းရောက်တဲ့ဥစ္စာ အသွားအပြန်ခြောက်ရက်ပဲ၊မနက်ဖြန်စနေနေ့သွားရင်ဗုဒ္ဓဟူးနေ့မှာငါးရက်ပြည့်ပြီ၊ကြာသပတေးနေ့အပြန်ကားလက်မှတ်တခါထဲဖြတ်ထား၊အဲ့ထက်ပိုကြာချင်ရင်တော့ ကွာရှင်းစာချုပ်လက်မှတ်ထိုးသွား’
စိတ်ထဲကပါလားမပါလားမသိ၊’ကွာရှင်း’ဆိုတာကတော့ အလိုမကျတိုင်းပြောလေ့ရှိတဲ့မာလာမြင့်ရဲ့လက်သုံးစကား၊မာနကိုရှေ့တန်းတင်တော့ တဦးတည်းသောသားရဲ့ရှေ့ရေးကိုမမျှော်တွေး။
‘အကိုလဲဘယ်သွားချင်ပါ့မလဲကွာ၊အကိုကအကြီးဆုံးဆိုတော့မသွားလို့မကောင်းဘူးလေ၊ဟိုရောက်လို့အမေ့အခြေအနေထင်သလောက်မဆိုးရင် ငါးရက်တောင်မနေပါဘူး၊သုံးလေးရက်နဲ့ပြန်ခဲ့မှာပါ’
မည်သို့ဆိုစေ မာလာမြင့်ကကားဂိတ်ကိုဖုန်းဆက်ပြီး သူ့ဆုံးဖြတ်ချက်အတိုင်းအသွားအပြန်ကားလက်မှတ်ဖြတ်လိုက်တယ်။
‘ကူပံ့ငွေကတော့ သုံးသိန်းပဲနော် အကို၊ဒီ့ထက်တော့မပိုနိုင်ဘူး…’
အနိုင်ယူတတ်သူကအနိုင်ရချင်စမြဲ၊အရှုံးပေးတတ်သူကလည်းအရှုံးနဲ့အသားကျနေလေပြီ။
〰〰〰〰〰〰〰〰
ယောက္ခထီး ယောက္ခမ ဇနီးတို့ရဲ့ခွင့်ပြုမိန့်ကိုအဆင့်ဆင့်ရယူပြီး သက်လွင်ဦးဟာ၁၇နှစ်ခန့်ကင်းကွာနေတဲ့မွေးရပ်မြေကိုခြေချခွင့်ရခဲ့တယ်။
ရောဂါနှိပ်စက်ခံရတဲ့အမေဟာ အရင်နှစ်ကရန်ကုန်ကိုဘုရားဖူးလာစဥ်ကထက်အများကြီးကျဆင်းသွားခဲ့ပြီ၊အသက်အရွယ်နဲ့မမျှ သွက်လက်ဖျတ်လတ်ခဲ့တဲ့အမေမဟုတ်တော့ပြီ။
အိပ်ရာကလူးလဲထပြီး သူ့ကိုကြည့်နေတဲ့အမေ့မျက်ဝန်းကမျက်ရည်စတွေကိုသူသတိထားမိတယ်။
အမေကအရိုးပေါ်အရေတင်နေတဲ့လက်အစုံနဲ့သူ့လက်ကိုဆုပ်ကိုင်ထားတယ်၊ဒီသားကြီးကိုအမေစောင့်မျှော်နေခဲ့တာဘယ်လောက်များကြာနေပြီလဲမသိ။
သူကတော့သားမယားနဲ့မွေ့ပျော်ပြီး အဖေနဲ့အမေကို သာကြောင်းမာကြောင်းလေးပင်မေးဖော်မရဘဲ နှစ်ရှည်လများမေ့ထားခဲ့ပါလား။
‘မအားမလပ်တဲ့ကြားကဘာလို့လာရတာလဲ သားရယ်၊အိမ်မှာရောနေကောင်းကြရဲ့လား’
အမေ့အသံကအားနည်းဖျော့တော့ပေမဲ့ မေတ္တာကရုဏာပြည့်လျမ်းလျက်…..
သက်လွင်ဦးဟာငိုချင်စိတ်ကိုအနိုင်နိုင်ထိန်းပြီး-
‘အားလုံးနေကောင်းပါတယ်၊အမေသာနေကောင်းအောင်ကြိုးစား၊ရန်ကုန်ကအထူးကုဆေးရုံကြီးတွေမှာကုရအောင် သားပြန်ရင်လိုက်ခဲ့နော်’
အမေကယဲ့ယဲ့လေးပြုံးတယ်၊အဖေကတော့သားအမိနှစ်ယောက်ကိုအသာကြည့်နေတယ်၊ခုမှလာချွဲနေမှန်းသိပေမဲ့ကြည်နူးနေရှာ။
တကယ်တော့ သက်လွင်ဦးမိဘတွေရန်ကုန်လာရင် သူ့အိမ်မှာတည်းခိုခွင့်မရကြ၊ချွေးမကအပြောချိုပေမဲ့ မကြိုဆိုမှန်းသူတို့ခံစားမိတယ်လေ။
သူဟာယောက္ခမနှစ်ပါးကို ပန်းလှိုင် ကန်သာယာGrand Hantha Victoria Sakura SSC…တို့လိုဆေးရုံကြီးများမှာပြသပေးခဲ့ဖူးပေမဲ့ အသက် ၇၀အရွယ်မိဘနှစ်ပါးရဲ့ကျန်းမာရေးအတွက်အားဆေးလေးဘာလေးတေါင်မဝယ်ပေးဖြစ်ခဲ့။
အဖေက စိတ်ဖိစီးမှုများကြောင့်အသက်ထက်ပိုပြီးရင့်ရော်နေတဲ့သူ့ကို ကရုဏာအကြည့်နဲ့ဆုံးမစကားဆိုတယ်။
‘ငါ့သားရုံးမှာအဆင်ပြေရဲ့လား၊ဟိုတုန်းကထက်အလုပ်တွေပိုများမှာပေါ့ကွာ၊အထက်လူကြီးစကားနားထောင်ပြီး ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ပေါ့သားရယ်’
ရိုးအေးတဲ့အဖေဟာအထက်တန်းကျောင်းအုပ်ဆရာကြီးရာထူးနဲ့အငြိမ်းစားယူချိန်အထိ ဝန်ထမ်းဘဝကိုဒီလိုပဲဖြတ်သန်းခဲ့ဟန်တူရဲ့။
သူ့သားရဲ့လက်ရှိအထက်လူကြီးဟာ အဖေဆိုလိုတဲ့ရုံးကအထက်လူကြီးမဟုတ်မှန်း အဖေမသိရှာ။
〰〰〰〰〰〰〰〰〰〰
အမေဟာ သူရောက်တဲ့နေ့ကစပြီးအစာပိုဝင်လာလို့ အမျိုးတွေကဝမ်းသာနေကြတယ်၊ညလည်းသိပ်မညည်းတော့ဘူး လန်းလာတယ်လို့ အားတက်သရောပြောကြတယ်။
‘အစ်မကဒီသားကြီးကိုအချစ်ဆုံးဆိုတော့နေ့ချင်းညချင်းကိုထောင်လာတာပဲ၊ဒီနေ့ကင်မွန်းချဥ်ဟင်းနဲ့ငါးဖယ်အောင်းကင်လေးစားမယ်ဆိုပါလား’
သူရောက်လာလို့အမေသက်သာတယ်ဆိုပြီး ညီမတွေက’အကိုကြီး အကိုကြီး ‘နဲ့အလေးအမြတ်ထားပြီးကျွေးကြမွေးကြ၊အမျိုးတွေကလည်းစားကောင်းသောက်ဖွယ်တွေပို့ကြ ထမင်းစားဖိတ်ကြပေါ့။
ရန်ကုန်အိမ်မှာ ကျုံးရုန်းလုပ်ပေမဲ့သိမ်ငယ်နေရတဲ့သက်လွင်ဦးဟာ မိဘအိမ်မှာတော့အမေ့နားမှာရှိနေပေးရုံနဲ့အချစ်တွေအလျှံပယ်၊မေတ္တာရေဝေးနေတဲ့သူ့နှလုံးသားဟာ သူ့ရွာရောက်မှရေတွေ့ကြာပမာ၊ဖြစ်နိုင်ရင် ရန်ကုန်အိမ်မပြန်ဘဲ မေတ္တာအေးရိပ်မှာအပန်းဖြေနားနေလိုက်ချင်ရဲ့။
ဇနီးရဲ့အမိန့်ကိုဦးထိပ်ပန်ဆင်ပြီး ကြာသပတေးနေ့ပြန်မဲ့နံနက်မှာသက်လွင်ဦးကမိဘနှစ်ပါးကိုကန်တော့တယ်၊မပြန်စေချင်ကြပေမဲ့ လုပ်ငန်းခွင်ဝင်ရမဲ့သူ့ကိုအားလုံးကနားလည်ပေးကြတယ်။
မိဘဆွေမျိုးများဟာသူ့အိမ်ကိုအရောက်အပေါက်နည်းတော့ သက်လွင်ဦးအလုပ်ထွက်ပြီးဆိုတာမသိရှာကြ၊သူကလည်းမပြော။
မာလာမြင့်ပေးလိုက်တဲ့သုံးသိန်းကို အမေကပြန်ပေးတယ်။
‘ဒီမှာအားလုံးပြည့်စုံပါတယ်သားရယ်၊သားတို့ရန်ကုန်မှာစရိတ်စကတွေကြီးတယ်၊မြေးလေးမုန့်ဖိုးယူသွားလိုက်ပါကွယ်’
သက်လွင်ဦးဘယ်လိုပြန်ပေးပေး အမေရောအဖေရောလက်မခံ၊သူတို့က ပိုက်ဆံကိုမျှော်တာမဟုတ်၊သားကိုမျှော်တာ။
‘ကျွန်တော် ခွင့်ရရင်ရသလိုလာခဲ့မယ်နော်အမေ၊အားရှိအောင်များများစားပေး’
အမေ့ကိုနှစ်သိမ့်အားပေးပြီးဆွေမျိုးတွေရဲ့အိမ်ပြန်လက်ဆောင် ငါးပိ ငါးခြောက် ပုစွန်တွေနဲ့မော်တော်ဆိပ်ကိုဆင်းခဲ့တယ်၊မြို့ရောက်မှရန်ကုန်သွားမဲ့ကားကိုစီးရမယ်လေ၊နွမ်းလျနေတဲ့အမေ့ပုံရိပ်ကတရစ်ဝဲဝဲ။
အဖေကခြံပေါက်ဝထိလိုက်ပို့ပြီး ကျောခိုင်းထွက်ခွာသွားတဲ့သူ့ကိုမျက်စိတဆုံးငေးလျက်၊တွေ့ရခဲတဲ့ဒီသားကြီး ပြန်လည်ဆုံတွေ့ဖို့မရေရာ။
〰〰〰〰〰〰〰
‘ဟဲလို-အကိုကြီးလား၊အမေအခုပဲဆုံးပြီ အကိုကြီး၊ဆယ်နာရီလေးဆယ့်ငါး’
မြို့ကိုရောက်လို့ ရန်ကုန်ကားထွက်ခါနီးမှာပဲငိုရှိုက်သံတဝက်နဲ့ညီမငယ်ဆီကဖုန်းဝင်လာတယ်။
‘အေး အေး အကိုကြီး ရန်ကုန်အိမ်ကိုဖုန်းဆက်လိုက်ဦးမယ်နော်’
သက်လွင်ဦးဟာညီမကိုစကားဖြတ်ပြီး-
‘ကားဆရာ-ခဏလေးနော် ‘
ကားဆရာကိုခွင့်တောင်းပြီး အောက်ဆင်းလိုက်တယ်၊ဇနီးကိုဖုန်းဆက်ပြီးခွင့်ထပ်တောင်းမယ်ပေါ့။
‘ညီမရေ -အကိုကားဂိတ်ရောက်နေပြီ၊ဒါပေမဲ့ခုပဲညီမလေးဖုန်းဆက်ခဲ့တယ်၊အမေဆုံးပြီတဲ့၊အဲဒါ မော်တော်အဆန်နဲ့အကိုရွာကိုပြန်လိုက်သွားမလို့၊ဒီနေ့ရန်ကုန်မပြန်လာနိုင်တော့ဘူးနော် ညီမ၊အမေ့ကိစ္စတွေပြီးမှပြန်ခဲ့တော့မယ်’
‘ခုလည်းရွာကဆက်နေတာပဲမဟုတ်လား၊ကားဂိတ်ဖြင့်မရောက်ဘဲနဲ့၊အကို့ကိုပြောထားပြီးသားပဲ၊ဒီထက်ပိုနေချင်ရင် ကွာရှင်းစာချုပ်သာလက်မှတ်ထိုးလိုက်တော့၊ခုချက်ချင်းပို့လိုက်မယ်’
ပြောပြောဆိုဆို မာလာမြင့်ကဖုန်းချလိုက်တယ်။
မိခင်ဆုံးရှုံးရမှုအတွက်ဝမ်းနည်းစကားမဆိုဘဲ ရန်စကားဆိုရက်တဲ့ ချစ်မယား၊သူမအတွက်ယောက္ခမဆုံးတာအရေးမပါ၊သူမအမိန့်အာဏာတည်ဖို့သာပဓာန။
သက်လွင်ဦးမှာမိခင်ထံအပြေးသွားလိုက်ချင်တာကတဖက် မဟေသီရဲ့ရာဇသံကတဖက် ဘဝနဲ့ဆန္ဒထပ်တူမကျနိုင်လို့ ရင်မှာမော။
‘ဟိုအကိုကြီး-ကားထွက်တော့မယ် ခင်ဗျ’
စပယ်ယာရဲ့အော်သံကြားမှ စိတ်နှစ်ခွဖြစ်နေတဲ့သက်လွင်ဦးဟာကားပေါ်ကိုကမန်းကတန်းတက်လိုက်တယ်၊နေရာမှာထိုင်မိတယ်ဆိုရင်ပဲမျက်ရည်တွေဒလဟောကျပြီး မိခင်ကိုတဖွဖွတောင်းပန်နေမိတယ်။
ဈာပနကိစ္စကိုရပ်ရွာဓလေ့ဝိုင်းဝန်းဆောင်ရွက်ကြမှာဖြစ်ပေမဲ့ ဝမ်းနည်းပူဆွေးနေတဲ့ဖခင်ဘေးမှာသားသမီးစုံညီရှိနေပေးချင်တဲ့သူ့ဆန္ဒမပြည့်ဝနိုင်ခဲ့။
“သားလူမိုက်ကြီးကိုခွင့်လွှတ်ပါအမေ၊အမေ့အခြေအနေကိုသိရက်နဲ့အမေ့ကိုပစ်ထားခဲ့မိတယ်၊ရွာပြန်မဲ့မော်တော်ကိုမီရက်နဲ့ အမေ့နောက်ဆုံးခရီးကိုသားမပို့နိုင်ခဲ့ဘူး၊ကျေးဇူးမသိတဲ့သား တာဝန်မကျေတဲ့ဒီသားကိုအမေအားကိုးရကျိုးမနပ်ခဲ့ဘူး၊အသုံးမကျတဲ့သားကြီးကိုခွင့်လွှတ်ပေးပါအမေရယ်”
သက်လွင်ဦးဟာ’၁၅၀၀’ အချုပ်အနှောင်’အိမ်ထောင်’ ထဲပြန်ဝင်ဖို့ရန်ကုန်ကိုသွားနေပေမဲ့ စိတ်အစဥ်မှာတော့ အမေချစ်တဲ့သားကြီးမပါတဲ့မွေးရပ်မြေက မိခင်ရဲ့ဈာပနကိစ္စကိုမြင်ယောင်လျက်။
သာယာချမ်းမြေ့ကြပါစေ။
#အင်ကြင်း (ကသာ)
3.11.2024