အိမ်ရှင်မစစ်ဆင်ရေး(စ/ဆုံး)
—————————
“ဝါနုရေ….အမေဆုံးပြီးတာခြောက်လပြည့်တော့မယ် ကိုတို့အခုထိအမေ့ကိုရည်မှန်းဆွမ်းအုပ်လေးတစ်အုပ်တောင်ကျောင်းသွားမလှူနိူင်ဘူးကွယ်..ကို့အစ်ကိုရဲ့မိန်းမကို့မရီးကဟိုတစ်နေ့သူတို့ဘက်ကိုရောက်တော့မထိတထိရိသဲ့သဲ့နဲ့”
“ဟင်….ဘယ်လိုရိသဲ့လိုက်သလည်း..ပြောစမ်းကို..ဝါနုတို့ကိုလေ အဲ့မိန်းမအမြဲနိုင်ချင်သလိုနှိမ်ချင်သလိုလုပ်တာ သူတို့ကချမ်းသာပြီးလှူနိုင်တန်းနိုင်တယ်ယောက္ခမမသေခင်ကလည်းသူတို့ပဲအိမ်ခေါ်ဆေးကုရတာနဲ့ဆေးရုံတင်ပေးရတာနဲ့ငွေဘယ်လောက်ကုန်ကျရတယ်ဆိုတာမျိုး ယောက္ခမဆုံးတော့လည်းနာရေးကအစသူတို့ပဲငွေကုန်ကြေးကျခံရတယ်ဆိုတဲ့အပေါက်မျိုး..ဝါနုသိပ်ခံပြင်းတယ်နော်ကို့
ကို့မေမေဝါနုယောက္ခမနေမကောင်းလို့သူ့အိမ်နေသူ့အိမ်မှာပဲကုရပေမယ့် ဟောဒီကမိဝါနုက အောက်ခြေသိမ်းအကုန်လုပ်ရတာပါနော်.. သားလေးမူကြိုကိုတောင်ဘေးခန်းကအစ်မတွေနဲ့တာဝန်လွဲဲပြှီးဝါနုပဲ..ယောက္ခမနေမကောင်းတဲ့ဆီပြေးရ ချေးသေးအစဝါနု လက်ဝါနုခြေ…သူတို့ကငွေလေးအိတ်စိုက်ထုတ်ရရုံဝါနုသာလူမမာနား..နေ့နေ့.ညည…”
“ကို.သိပါတယ် ဝါနုလေးရယ်..မေမေလူမမာနဲ့အတူဝါနုလေးပါပင်ပမ်းပြီးပိန်ကျသွားတာကိုသိတာပေါ့..ေကျးဇူးလည်းတင်ပါတယ်မိန်းမရယ်…”
ဝါနုသည် လင်ညီအစ်မဖြစ်သူ.မမိုးရည်ကိုမျက်စိထဲမြင်ကာမိန်းမသားပီပီမနာလိုစိတ်အနည်းငယ်ဖြစ်မိသည်ကလွဲ၍..သူသာစေငါနာစေဆိုသောစိတ်မျိုးမမွေးတတ်သူဖြစ်သည်။ပြိုင်ဆိုင်လိုစိတ်လည်းအနည်းငယ်မျှမရှိ။ မနာလိုစိတ်ဆိုတာတော့ဒီပြင့်ဟာမဟုတ်။ ခင်ပွန်းနှင့်သူမယောကျ်ားကိုမျိုးထွန်းကအထက်အောက်ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး..အလုပ်ခြင်းလည်းတူ ရာထူးခြင်းကလည်းမတိမ်းမယိမ်း
သို့သော်.. ဝါနုက.သူမခင်ပွန်းစိုးထွန်း၏လစာမှလွဲ၍ ဘာမှမလုပ်တတ်မကိုင်တတ်။ ရသည့်လစာက၃သိန်းကျော်သည်ဆိုရုံ။သားလေး၅နှစ်အရွယ်ကတစ်ယောက်။ တစ်လတစ်လကို ကိုစိုးထွန်းရုံးမှာထမင်းချိုင့်အတွက် လူရာသူရာလေးဝင်ပါစေတော့ဟုဆိုကာ
မနက်အဆာပြေအတွက်နှင့်နေ့လည်ထမင်းကြီးစာအတွက်ဝါနုမှာ..အဆင်ပြေအောင်..ဟင်းကောင်းကလေးများချက်ထည့်ပေးရသည်။သားလေးမူကြိုမှာကလေးခြင်းမျက်နှာမငယ်စေရန်အတွက်လည်းဝါနုမှာကြည့်ကျက်ကောင်းအောင်စီမံပေးရသည်။ အပြင်အလုပ်သာထွက်မလုပ်ရတာ..တစ်နေ့တစ်နေ့ သားအဖနှစ်ဦးစားဖို့ဖတ်သီဖတ်သီဝါနုအချိန်တွေကုန်လို့ကုန်နေမှန်းပင်မသိ။
စိုးထွန်းအစ်ကိုမျိုးထွန်းရဲ့မိန်းမမမိုးရည်ကတော့ သမီးနှစ်ယောက်နှင့်ဝါနုထက်၃နှစ်လောက်သာကြီးပြီးမမိုးရည်ကဖြူနုချောမောကာသဘောကောင်းစိတ်ကောင်းရှိရုံပုံပေါ်လွင်ပြီးစျေးထဲအထည်ဆိုင်လေးဖွင့်ထားသည်။ မမိုးရည်မိဘလက်ထက်ပွားမို့မမိုးရည်ကိုမျိုးထွန်းရတာအလွန်ကံကောင်းကြောင်းယော္ခမမသေခင်ကယောက္ခမဘက်မှအမျိုးများက စိုးထွန်းမိန်းမဝါနုကိုဝါနုနောက်ကွယ်မှာ ကြည့်ပြီးနှိုင်းယှဥ်ပြောကြသည်ကိုဝါနုပြန်ကြားရသည်။ဝါနုသည်ခံပြင်းသော်လည်းနာကျည်းစရာများကိုကြာရှည်သိမ်းဆည်းမထားတတ်။ဝါနုတို့မိဘတွေကိုကအစိုးရဝန်ထမ်းများမို့ဝါနုစိတ်ကအလိုလိုရှိတာလေးနဲ့ရောင့်ရဲတင်းတိမ်ကျေနပ်နေတတ်တာအကျင့်ဖြစ်နေပြီ။
မနာလိုတာကစိတ်အနည်းငယ်ဆိုတာက မမိုးရည်၏သွက်လက်ချက်ချာပြောတတ်ဆိုတတ်လူရာဝင်တတ်မှုနှင့်သူ့လုပ်ရည်ကိုင်ရည်ကြောင့်ရွှေငွေလည်းပြည့်ပြည့်စုံစုံဝတ်ဆင်နိုင်သည့်အပြင်အထည်ရောင်းသမားမို့နေ့စဥ်ဝမ်းဆက်တမျိုးပြီးတမျိုးမရိုးရအောင်ဝတ်စားနိုင်သည်မို့ အားကျပြီးသူလိုဝတ်ချင်စားချင်သော်လည်းသူလိုအရည်အချင်းမျိုးမိမိမှာမရှိသည်ကိုသိမ်ငယ်စွာမနာလိုစိတ်သက်သက်ဖြစ်မိရုံသာ။သို့သော်..မိမိနဂိုအနေအေးသောစိတ်ကြောင့်ပူပူလောင်လောင်ကြီးမဖြစ်။ မဖြစ်မိပေမယ့်လင်ညီအစ်မတွေရဲ့ထုံးစံအတိုင်းသူမယောကျ်ားရဲ့ညီမိန်းမဝါနုကချို့တဲ့နေတာကိုမမိုးရည်ကဒီအတိုင်းမနေပဲနောက်ကွယ်မိန်းမသားဘာဝအတင်းပြောရယ်သွမ်းသွေးသည်။ကဲ့ရဲ့သည့်ပုံမပေါက်မိအောင်ဂရုဏာသက်မိပုံတမင်ဖမ်း၍ နှိမ်တာမျိုးလည်းမပေါက်အောင် ဝါနုအားမြင်လျှင်တမျိုးမဟုတ်တမျိုးရိသဲ့သဲ့ခနိုးခနဲ့ဆန်ဆန်ပြောတတ်သည်။
“ဝါနုရေ…၂ရက်နေ့ကျရင် တို့လမ်းထဲကမသီတာရဲ့သမီးလေးမွေးနေ့လေ…ဝါနုသားဟိန်းစိုးမိုးလေးနဲ့ရက်အတူတူမဟုတ်လား..ကလေးကိုမွေးနေ့လေးတော့လုပ်ပေးလိုက်ပါလားဝါနုရယ်..တို့ကိတ်မုန့်ဖိုးစိုက်မယ်လေ…မသီတာသမီးလေးမွေးနေ့ဖိတ်ထားသေးလား..တို့ကတော့…ကိုယ့်သမီးမွေးနေ့မှာသူတို့နိုင်ငံခြားကမှာထားတဲ့မွှေးပွဝက်ဝံရုပ်လေးလက်ဆောင်ပေးထားလို့အခုသူ့အလှည့်မှာသူ့ထက်သာအောင်ဘာပြန်ပေးရမလဲစဥ်းစားရကြပ်နေတာ
ဝိုင်းပြီးစဥ်းစားပေးပါဦးလားဝါနုရယ်..”
ဝါနုသည် နဂိုအမြင်မကြည်ချင်စိတ်ကြောင့်လင်ညီအစ်မဖြစ်သူမမိုးရည်ဘာပြောပြော..သူမကိုနှိမ်ကိုနှိမ်သည်ဟုပဲတထစ်ချယုံကြည်သည်။သို့သော်လည်း သူမရဲ့နဂိုနေစရိုက်ကိုကပြန်မချေပတတ်။ ဟန်မဆောင်တတ်သောမျက်နှာတည်တည်နဲ့ပဲ
“ကျမမအားလို့မစဥ်းစားနိုင်သေးပါဘူးမမိုးရည်
ကျမသားလေးမူကြိုဝတ်စုံကဟောင်းလာလို့ နောက်ထပ်အသစ်တစ်ထည်ထပ်ဝယ်မလားလို့ လာတာ”
မကောင်းတတ်၍ လင်ညီအစ်မဆိုင်မှာအထည်အဝတ်အစားဝင်ဝယ်ရတိုင်း ဒီသို့မမိုးရည်၏အပေါ်ယံပကာသနကိုယ်ရည်သွေးစကားများနားထောင်ရတတ်သေးလေသည်။ဝါနုကမာနရှိ၏။အကြွေးလည်းဘယ်တော့မှမဝယ်သလို
တစ်ကျပ်တစ်ပြားလည်းဘယ်သူ့ဘက်ကမှအစွန်းမခံ။ဒါကိုပဲ မမိုးရည်ဘက်ကကြည့်တော့ဝါနု၏မရှိဆင်းရဲသားမာနကိုကဲ့ရဲ့စရာလှောင်ရယ်စရာဖြစ်နေသည်။ဖြစ်ဆို မမိုးရည်၏မောင်ကယူထားသောယောင်းမကအစအကို၏မိန်းမတွေကအစ မမိုးရည်ကိုငွေကြေးအချေးအငှားမလွတ်ကင်းကြအောက်ကျခံဖားလျားဆက်ဆံကြရာ ဒီဘာမဟုတ်သည့်လင်ညီအစ်မကျမှ မျက်နှာကြောကမာကျောလွန်းလှလေသည်ကိုအသဲယားစဖွယ်တွေ့ရသည်မို့ သူမဘက်ကအခွင့်သာရင်သာတိုင်းစကားလုံးလှလှလေးများဖြင့်ထိုးနှက်နေရခြင်းဖြစ်သည်။
“ဒီမှာ..ကို…ကို့မေမေနှစ်ပတ်လည်ကိုလေ..ဝါနုကိုယ်တိုင် ကိုယ့်အိမ်မှာကိုယ်ဘုန်းကြီးသုံးပါးဆွမ်းကပ်မယ်။သင်က်န်းလည်းလှူနိုင်အောင်လုပ်မယ်။ ပြီးတော့…ကို့အမေဝါနုယောက္ခမက ဝါနုကိုမဂ်လာဦးလက်ဖွဲ့အဖြစ်ပေးထားတဲ့ ဒီဆွဲကြိုးတစ်မတ်သားလေးကို နောက်ထပ်ပြီးတစ်မတ်သားထပ်ဖြည့်မယ်…လက်ဖွဲ့ရတာခြင်းအတူတူကို သူကသူ့ပိုက်ဆံနဲ့တစ်ကျပ်သားထပ်ဖြည့်နိုင်ကြောင်းဟိုတစ်နေ့က ဝါနုသူ့ဆိုင်ဘေးက ကုန်စိမ်းဆိုင်မှာကြက်ဟင်းခါးသီးဝယ်နေတုန်းကို ဘေးဆိုင်ကလူတွေပြောပြသလိုလိုနဲ့စောင်းပြီးပြောနေကြွားနေတာ..ဟောဒီကမိဝါနုကသူ့လိုအတိတ်ကံနဲ့မိဘအထောက်အပံကြောင့်မချမ်းသာရပေမယ့် ကိုယ့်လင်လခစားသမားရဲ့လစာငွေလေးထဲကခြစ်ခြုတ်ပြီးရွှေတစ်မတ်သားနဲ့ယောက္ခမနှစ်ပတ်လည်အတွက်ဆွမ်းပါကပ်နိုင်တဲ့အိမ်ရှင်မအဖိုးတန်တစ်ယောက်ဖြစ်ကြောင်း သူ့အပြင်အားလုံးသိသွားအောင်ဝါနုလုပ်ပြမယ်…”
ဒုတိယပိုင်းဇာတ်သိမ်းကိုမျှော်ပါ။
#အိမ်ရှင်မစစ်ဆင်ရေး#(ဒုတိယပိုင်း+ဇာတ်သိမ်း)
“မိန်းမရယ်. မင်း ဖြစ်ချင်တာကခြောက်လအတွင်းနဲ့ဖြစ်လာပါ့မလားကွာ..ဖြစ်နိုင်ရင်ကိုကပိုပြီးကို့မိန်းမကိုသူတို့ထက်သာအောင်ဆင်ချင်တာပေါ့ ကို့အမေအတွက်လည်းကုသိုလ်ကောင်းမှုကိုကိုယ့်လုပ်စာနဲ့ကိုယ်ကုသိုလ်ကောင်းမှုလုပ်ပေးချင်တာပေါ့”
“ဒါဆို ကိုဝါနုစကားနားထောင်လေ…”
နောက်ဆုံးတော့ ဝါနုစကားအား ကိုစိုးထွန်းက သူစိတ်ချမ်းသာရင်ပြီးရော။ အဆင်ပြေမှာပါလေလို့ နဂိုနေခပ်ရိုးရိုးအေးအေးချမ်းချမ်းနေလိုသောသူ့စရိုက်အတိုင်းငြိမ်သက်သွားသည်။
ခြောက်လစီမံကိန်းအတွက် ချစ်ဇနီးဝါနုလက်စွမ်းကပြပါလေပြီ။
“ကို…အလုပ်ကပြန်လာပြီဆိုရင်ရေတန်းမချိုးနဲ့ဦးနော် ဒီမှာဝါနုကို့ကိုခိုင်းစရာရှိတယ်”
“ကိုရေ…တွေ့လားရှေ့ကခြံစည်းရိုးနဲ့ဝါနုတို့အခန်းရှေ့ဖိနပ်ချွတ်ကနေလှမ်းကြည့်လိုက်..တွေ့လား၆ေပ၁၂ပေလောက်မြေကြီးတွေလွတ်နေတာလေ..အဲ့မှာ ဝါနုကို မြေကြီးလေးပေါက်ပေးစမ်းပါ..လူသွားလို့ရအောင်တစ်ပေလောက်လမ်းလေးကြားထဲမှာခြားလိုက်သစ်မြောင်းနှစ်မြောင်းစာရလာလိမ့်မယ်..”
“ဝါနုရေ…ကိုယ်တို့နေတာ ဝန်ထမ်းအိမ်ရာလေမိန်းမရယ်..ဘာတွေစိုက်ပျိုးအုံးမှာလဲ..မြေကြီးကဒီနားကလူတွေလမ်းသွားလမ်းလာလုပ်ဖို့ထားလိုက်ပါကွယ်”
“ကိုနော်..အဲ့လိုအထွန့်တွေပြန်တက်တာဝါနုမကြိုက်တာ..ဝန်ထမ်းအိမ်ရာထဲပဲတစ်ချို့တွေရတတ်သလောက်သစ်ပင်လေးတွေစိုက်နေတာကိုမမြင်ဘူးလား..ဝါနုကို ဘာမှဆင်ခြေပေးမနေပါနဲ့..အခုမြောင်းဖောက်ပေး…ရော့..ဒီမှာ.အဖေ့အိမ်ကနေတကူးတကသယ်လာရတဲ့ပေါက်တူး”
သစ်မြောင်းကလေးနှစ်မြောင်းကအတော်ကျယ်ပါသည်။ ဝါနုက ဝါးခြမ်းကတ်ကလေးတွေသူမဘာသူမခွဲစိပ်ဖြာပြီးသစ်မြောင်းဘက်ကြက်၊ငှက်နှင့်အခြားတိရိစ္ဆာန်မဝင်ရအောင်ကာသည်။ ရုံးကဆင်းလာတိုင်းစိုးထွန်းခမျာသူ့မယားအလှလေးခိုင်းသလိုလုပ်ပေးရရှာသည်။တစ်လခွဲအတွင်း စိုးထွန်း ဝါနုတို့အခန်းရှေ့မှာကန်စွန်းစိမ်းစိုစို ချဥ်ပေါင်စိမ်းစိုစိုတို့ထွက်လာလေပြီ။
ဒီတင်လားမထင်လိုက်နဲ့။ မနက်မနက် စိုးထွန်းတို့ရုံးမှာစိုးထွန်းမျက်နှာမငယ်ရအောင်ဆိုပြီး ညားစကထည်းကဝါနုနေ့တိုင်းလိုလိုအစွမ်းပြချက်ပြုတ်ထည့်ပေးတတ်သောထမင်းချိုင့်အတွင်းမှာလည်းဟင်းလျာများပြောင်းလဲလာသည်။ “ဟင်းက…ဒီနေ့ချဥ်ပေါင်ရွက်နဲ့မျှစ်နဲ့ကြော်တာဟိုအရင်လိုပုဇွန်ခြောက်တို့ဝက်သားတို့နဲ့မဟုတ်တော့ဘူး ပုဇွန်ခြောက်ပါလေဟန်နဲ့ပုဇွန်ငပိနံသင်းသင်းလေးနဲ့ဆီအိအိလေးဖြစ်သွားတယ်..ပဲပုဇွန်သီးကိုရေနွေးဖျောပြီးသုပ်ပေးထားတာအရမ်းကောင်းတာပဲ..မိန်းမရေ..မင်းချက်ပေးတဲ့ဟင်းတွေလေ..ကိုတို့ရုံးမှာမျက်နှာပန်းသိပ်ပွင့်တာပဲ..” “ဘာလဲ…ကိုရွဲ့နေတာလားဟင်”
“မရွဲ့ရပါဘူးမိန်းမရယ်…အရင်ကဆို ကြက်ကြော်၊ကြက်သားဆီပြန်၊ဝက်သားဟင်း၊ဝက်ကိုအမျိုးမျိုးလဘက်အသားနဲ့နှပ်ချက်လိုက် ပုန်းရည်ကြီးနဲ့ချက်လိုက်နဲ့မင်းအမျိုးမျိုးလက်စွမ်းပြနေတာ..အခုတော့…ဟင်းကောင်းတွေအစား…မင်းပြင်ဆင်ချက်ပြုတ်ပေးလိုက်တဲ့ဟင်းတွေကပိုပြီးစားကောင်းနေတာအမှန်ကွ..အခုဆိုရုံးမှာ..စိုးထွန်း လာပြီသူ့ထမင်းချိုင့်ဖွင့်ဟေ့..ဒီနေ့ဘာဟင်းတွေပါလာမလဲနဲ့ရုံးကလူတွေရုံးစုရုံးစုဖြစ်နေတာ.ထမင်းစားချိန်ဆိုသူတို့ပါလာတဲ့ဟင်းတွေကို့ဆီပြောင်းထည့်ပေး..သူတို့စားမယ့်အထဲကို့ဟင်းတွေအလုအယက်ပုံထည့်နဲ့မယုံရင်တစ်နေ့လောက်ရုံးကိုလိုက်ကြည့်ပါလားဝါနုလေးရဲ့.ကိုအကောင်းပြောတာ”
ဝါနုပြုံးနေမိသည်။ ကိုစိုးထွန်းက ဒီပြင့် အပြင်ဗာဟီရမရှိ။အရက်ဆေးလိပ်၊ကွမ်းအခြားလောင်းကစားဘာညာစိတ်မဝင်စားတတ်။ သူဝင်စားတာကအစားကောင်းအသောက်ကောင်းပင်။ထို့ကြောင့် ဝါနုမှာ ချစ်ခင်ပွန်းအကြိုက် ဟင်းကောင်းလေးများဖွယ်ဖွယ်ရာရာချက်ပြုတ်ကျွေးလာခဲ့ရသည်။ထို့ကြောင့်လည်းစုမိဆောင်းမိသည်ဆိုတာမရှိခဲ့။
အခုတော့….
“ကဲ…မနက်ဖြန်အတွက်ကို ပဲလင်းမြွေသီးကိုငါးဖယ်ခြစ်စင်းကောချက်ပြီးအဆာသွပ်နှပ်ထားတာထည့်ပေးဖို့စီစဥ်ထားတယ်..ပဲကြီးနှပ်ကလေးကိုကြက်သွန်စိမ်းနဲ့သုပ်ပေးမယ်..ညနေ ကိုပြန်လာရင် ငါးကျည်းကိုခြောက်ခြောက်ကလေးဆီပြန်အိုးကပ်ချက်ထားမယ် မကျည်းရွက်ဟင်းချိုလေးချက်ထားမယ်နော်”
“မဝါနုရေ…ကန်စွန်းရွက်၂၀၀ဖိုးနဲ့ချဥ်ပေါင်ရွက်၃၀၀ဖိုးလုပ်ပါအုံးဟေ့…”
“လာပြီအန်တီအေးရေ…လာပြီ…အဲ့ကန်စွန်းမြောင်းတစ်မြောင်းမနက်ဖြန်လောက်ဆိုကုန်ပြီကိုရေ..ကိုမနက်ဖြန်ညနေ..မြောင်းလေးဖောက်ပေးပါဦး..ဝါနုကန်စွန်းပဲပြန်စိုက်မလို့လေ..အခုတစ်မြောင်းကုန်ရင်ဝါနုအတွက်ငွေသုံးသောင်းလောက်ရလိုက်တယ်ချဥ်ပေါင်မြောင်းကပိုရတယ်..ချဥ်ပေါင်တစ်မြောင်းကလေးသောင်းခွဲလောက်ရတယ်ရှင့်”
စိုးထွန်းသည်ပြုံးနေမိသည်။
************************************************
စိုးထွန်းအမေကွယ်လွန်သည့်နှစ်တစ်ပတ်အခါလည်သို့ရောက်ရှိလာပါလေပြီ။
ယောက္ခမဖြစ်သူအားရည်စူး၍ ကုသိုလ်ကောင်းမှုပြုလုပ်ကြရာ ညီအငယ်စိုးထွန်း၏အိမ်ခန်းမှာသာလုပ်မည်ဖြစ်ကြောင်း မျိုးထွန်းက သူ့ဇနီးမမိုးရည်အားပြောပြတော့ မမိုးရည်ကလှလှပပလေးမဲ့ရွဲ့ကာ
“အိုး..ဆန်မရှိ သောက်စားကကြီး…ကြှီးကြီးကျယ်ကျယ်နဲ့တော်…သေတုန်းကလည်းမိုးရည်တို့အိမ်ကနေဆေးရုံတက်ရင်းသေတာ..နာရေးလုပ်တော့လည်းမိုးရည်တို့အိမ်ကပဲအားလုံးဒိုင်ခံလုပ်ပေးရတာ နှစ်ပတ်လည်ကျမှ သူ့အိမ်အစုတ်လေးနဲ့လုပ်ချင်သတဲ့လား..ကဲ..ပြော..မိုးရည်တို့ကအကြီးဆိုတော့ ဘယ်လောက်စိုက်ပေးရမှာတဲ့လဲ..သူ့အလှူက ကိုယ့်အလှူပဲနောက်တော့ဖြစ်မှာပါမထူးပါဘူး။ ဘာအလုပ်မှမရှိပဲ.လင့်လုပ်စာနဲ့..နှပ်ချေးငပိလုပ်စားတဲ့သူတွေကများ”
“ငါတို့ဆီက တစ်ပြားတစ်ချပ်မှမယူပါဘူးကွာ သူတို့ဘာသာသူတို့စုဆောင်းထားပြီးအမေ့အတွက်ရည်စူးလှူပေးကြမှာပါ. မင်းကလည်း..”
အလှူ့နေ့ မနက်ကျတော့ တစ်ခါတစ်ခေါက်မှမရောက်ဖူးသူ မဝါနုတို့အိမ်ဆီသို့မမိုးရည်တို့သားအမိသားအဖလေးဦးစလုံးရောက်လာကြသည်။
အိမ်ခန်းမှာ ဝန်ထမ်းအိမ်ရာမို့အတန်အသင့်ကျယ်ပြန့်ပြီးရှင်းလင်းသပ်ရပ်နေသည်။ အခန်းရှေ့မှာ စိမ်းစိုနေသောသီးပင်စားပင်ကလေးများကရေဖြန်းထားသောကြောင့်စိမ်းစိုလတ်ဆတ်နေသည်။ မနက်ခင်း၏ဆောင်းတွင်းနေအရောင်ဖြိုးဖျောက်ကြားမှာ..သံဃာတော်၃ပါးကြွလာပြီး..မဝါနုတို့အိမ်ခေါင်းရင်းခင်းထားသောအခင်းပေါ်မှာထိုင်ပြီးတရားပေးသည်။ မဝါနုသည်ရေစက်ခွက်ကိုယ်တိုင်ကိုင်၍ ပုဝါခဲသားရောင်ပေါ်ငွေမှုံလက်လက်ကြားထဲမှာတွဲရရွဲခိုကျနေသော ရွှေဆွဲကြိုးငါးမူးသားနှင့်တစ်မတ်သားကျောက်စိမ်းဆွဲသီးလေးတို့မှာ မဝါနု၏ဝါနုစိုပြေနေသောအသားရောင်နှင့်လိုက်ဖက်လွန်းလှသည်။ ထို့မှတဆင့် ရေစက်ခွက်ကိုင်သော မဝါနု၏ လက်သန်းကြွယ်မှာရွှေလက်စွပ်လေးကလည်းလိုက်ဖက်နေသည်။ မမိုးရည်သည် ဝါနုကိုပဲအကြည့်ရောက်နေမိသဖြင့် ဘုန်းကြီးတရားရေစက်ချပြီးတာတောင်မသိလိုက်။ အများက ဦးချတော့မှသာ ရောယောင်ဦးချမိရက်သားဖြစ်နေသည်။ မမိုးရည်သည်…ဝါနုတို့အခန်းလေးအား ထိုင်ရာမပျက်လိုက်၍ စေ့စေ့ငုငုစပ်စုကြည့်မိသည်။အခန်းသည် ပေါလစ်ရောင်တောက်နေသေမဂ်လာဦးဗီရိုနှင့်စိုးထွန်းအလုပ်လုပ်သောကွန်ပြူတာတင်ထားသောစားကြည့်စားပွဲခုံသာတွေ့သည်။
ဘုရားဆောင်မှာကျွန်းသားဖြင့်ပြုလုပ်ထားသောလူ့တစ်ရပ်အမြင့်ဘုရားဆောင်ဖြစ်ပြီး ကျောက်စိမ်းဆင်းတုကိုယ်တော်မှာအဖြူရောင်ကျောက်စီထားသောမှန်ကျောင်းဆောင်နှင့်လိုက်ဖက်လွန်းလှသည်။ ဘုရားပန်းအိုးများမှာ ကျောက်စိမ်းနို့နှစ်ရောင်ကြွေအိုးများဖြစ်ပြီး ဂန္ဓမာပွင့်အဖြူကြီးများကကြွားကြွားရားရားရှိသည်။ ဘုရားရှေ့ဝယ် အမွှေးနံသာတိုင်နှင့်ဆွမ်းထမင်းဟင်းများသက်တော်ထင်ရှားရှိနေသည့်ကိုယ်တော်မြတ်ဘုရားအားတရိုတသေကပ်လှူထားသည့်နှယ်မြိုင်ဆိုင်ကာကြည်ညိုမြတ်နိုးစဖွယ်ရှိလှသည်။ အိမ်ကနေစျေးထဲကအထည်ဆိုင်ဆီ မနက်စျေးဖွင့်အမှီရောက်ဖို့အရေး ကျီးမနိုးခင်ကအိပ်ရာထကာ မျက်နှာသစ်ရေချိုး မိတ်ကပ်လူးပြီး အဝတ်အစားနေ့စဥ်မထပ်စေရန်ညထဲကအဆင်သင့်မှန်တင်ခုံပေါ်ပစ်တင်ထားသောဝတ်စုံကိုဝတ်ပြီး ဘုရားဆောင်ရှေ့ လက်အုပ်သာမိုးရုံမိုးနိုင်သည်။ တန်ဖိုးကြီးကျောင်းဆောင် တန်ဖိုးကြီးဘုရားပန်းတန်ဖိုးကြီးအစားအသောက်အသုံးအဆောင်တွေနှင့်မြတ်ဘုရားအားလူမြင်ကြည်ညိသပ္ပါယ်အောင်ပြင်ဆင်ထားပါသော်လည်း…နေ့စဥ်…ရေချမ်းကပ်လှူပေးဖို့ရန်မေ့သည်။ ဆွမ်းကပ်လှူပေးရန်အချိန်မရှိ။ မီးဖိုချောင်တာဝန်ယူသောသူမဘက်မှပါလာသောညီမဝမ်းကွဲတစ်ယောက်က သူ့တာဝန်ကျေရုံသာချက်ပြုတ်ရှင်းလင်းပေးပြီး ဖုန်းအချိန်ပြည့်မျက်နှာအပ်နေသည်။ သမီးနှစ်ယောက်ကလည်း အရွယ်ကမရောက်သေး အသုံးအဖြုန်းနှင့် သူတို့လူငယ်ချင်းချင်းကြားမှာပြိုင်ဆိုင်မော်ကြွားကာ မအေဆီလက်တဖြန့်ဖြန့်ရှိနေသည်။ မသိမသာနှင့် ေနာက်ဖေးဘက်ရေအိမ်သွားရန်အကြောင်းပြကာ ဏေချိုးခန်းအိမ်သာ။ အိမ်ခန်းထဲထိ မမိုးရည်လိုက်ဝင်စပ်စုသည်။ သူမတို့လိုဘိုထိုင်မဟုတ်သော်လည်း ရေချိုးခန်းအိမ်သာသည်တစ်နေကုန်လူဝင်ထိုင်နေချင်စရာကောင်းလောက်အောင်သန့်ပြန့်လွန်းနေသည်။ အိမ်ခန်းထဲမှာလည်းပစ္စည်းပစ္စယများသူမတို့အိမ်လို့မရှုပ်ပွေနေ။ သူ့နေရာနှင့်သူသန့်ရှင်းသပ်ရပ်နေသည်။ မမိုးရည်သည် မဝါနုတို့ဇနီးမောင်နှံအား အပြန်မှာ နှုတ်ဆက်ခဲ့ပြီးတစ်လမ်းလုံးကားပေါ်မှာအတွေးတွေပွားလာခဲ့ရင်းငြိမ်သက်နေမိသည်။ တစ်ကယ်တော့ အိမ်ထောင်တစ်ခုမှာ လင်ရောမယားရောပိုက်ဆံရှာတတ်ရုံနှင့်မပြီးပါလား။ ဒီသို့လည်း အိမ်ထောင်မှုနိုင်နင်းသော မိန်းမဖြစ်ရတာဂုဏ်ရှိလိုက်တာ ဝတ်နိုင်စားနိုင်မှလူရာဝင်မည်ထင်ခဲ့မိပါသော်လည်းဝတ်လည်းဝတ်နိုင် အိမ်၏အစစအရာရာမှာလည်းစီမံခန့်ခွဲမှုနိုင်နင်းပါမှ အိမ်တစ်အိမ်၏ကျက်သရေဆောင်ဇနီးမယားကောင်းပီသတော့ပေမပေါ့။
ယခုတော့ ဟိုအရင်ကလို မမိုးရည်တို့ပပလွှားလွှားမရှိတော့။ အိပ်ရာအစောဆုံးထလည်း မီးဖိုဝင်သူမကိုယ်တိုင်စီမံခန့်ခွဲချက်ပြုတ်ရင်း လက်ညိုးထိုးခိုင်းစေတတ်လာသည်။ စျေးသို့ကြော့ကြော့လေးသွားကာအထည်ဆိုင်ခင်းသော်လည်း တစ်ဖက်သားအားရိသဲ့သဲ့ခနိုးခနဲ့မပြောတော့
သမီးများအားလည်းလိုအက်တာထက်ပိုငွေကြေးတောင်းခံမှုကိုမဖြည့်ဆည်းပေးတော့သည့်အပြင် မှးဖိုချောင်ဝင်တတ်လုပ်တတ်ကိုင်တတ်အောင်ရေချိုးခန်းအိမ်သာအလှအပအသန့်အပြန့်ဖြစ်နေအောင် အဓိကကျသောဘုရားဆောင်အားဟိုအရင်ကထက်ခမ်းနား၍ကြည်ညိုသပ္ပါယ်မဆုံးဖြစ်အောင် သူမကိုယ်တိုင် သူမညီမဝမ်းကွဲရှေ့မှာစံနမူနာလုပ်ဆောင်ပြရင်းဖြင့်
“ဖေဖေ..မေမေ..အခုတလောဘာတွေဖြစ်လာလည်းမသိဘူး..သမီးတို့ကိုဟိုအရင်လိုလက်လွယ်လွယ်နဲ့ငွေမထုတ်ပေးသလိုခိုင်းလိုက်တာလည်းထောင့်ကိုစေ့လို့
ကျောင်းကပြန်လာလို့လိုင်းပေါ်တက်သူငယ်ချင်းတွေနဲ့စာပို့ရမလားမှတ်တယ် သူ့မှာလူမြင်ရင်ခိုင်းစရာကိုထောင့်စေ့လို့ အဟုတ် ပဲ..ဖေဖေ့မိန်းမ..အပများမှီနေသလားလို့”
“သမီးကြီးနော်…ကိုယ့်အမေကိုမဟုတ်ကဟုတ့ကတွေမဝေဖန်ရဘူး.. သူပြောရင်နားထောင်လိုက် ပြန်မပြောနဲ့”
“တကယ်က..အပမှီတာမဟုတ်ဘူးဟေ့…သမီးတို့မေမေနဲ့..သမီးဦးလေးမိန်းမဝါနုတို့ အိမ်ရှင်မစစ်ဆင်ရေးတွေဆင်နွှဲနေကြတာ…ဘယ်သူနိုင်နိုင်..အိမ်ထောင်မှုမှာနိုင်ရင်တော့အောင်ပွဲပေါ့သမီးတို့ရာ”
မမိုးရည်သည်ပြုံးနေမိသည်။
ကျေးဇူး တင်ပါတယ် ရှင်
ဆက်လက်၍ကြိုးစားရေးသားပါဦးမည်။
#ဝါလှဖြူ(ရွက်ဝါရင့်ရင့်)