အိမ်အထိ ပါလာသည်(စ/ဆုံး)
—————————-
သပြေတောရွာလေးမှာတော့ ကိုမောင်ဦးဆိုလျင် မသိတဲ့သူ မရှိပေ။ ကောင်း၍၊ တော်၍ သိကြသည်မဟုတ်ပဲ ဆိုးပေနေ၍ လူအများက သိကြသည်ပင်။ ရွာထဲ၌ အရက်သောက်သည်။ ထန်းရည်သောက်သည်။ ဖဲရိုက်သည်။ ပြီးတော့ အမြဲတစေ မူးရူးနေကာ တစ်ခါတစ်ခါမှာလည်း တွေ့သမျှလူတွေကို ရန်ရှာတတ်သေးသည်။ ဒီလို နေ့စဥ်နေ့တိုင်း နှစ်ပါးသွားနေတဲ့အခါ တစ်ရွာလုံးက သိနေကြသည်။
ကိုမောင်ဦးမှက အဖေနဲ့အမေလည်း မရှိရှာတော့။ အဒေါ်တစ်ယောက်၏ အိမ်ဘေးမှာ အဖီလေးတစ်ခုဆွဲပြီး နေလေသည်။ ယခုဆိုလျင်တော့ ကိုမောင်ဦးက အသက်ပင် ၃၅ နှစ်ကျော်ကာ ၄၀ နားပင် ကပ်နေချေ၏။ ယခုအထိတော့ ဘယ်အလုပ်မှ မယ်မယ်ရရ မလုပ်သေးပေ။
သူ့မှာက ကောင်းကွက်ဆို၍ တစ်ခုတော့ ရှိလေသည်။ ဒါကတော့ အရက်သောက်ဖို့ ဖဲရိုက်ဖို့ ငွေမရှိရင်တော့ ဘယ်သူ့ဆီကမှ လက်ဝါး မဖြန့်တတ်ပေ။ အဒေါ်ဆီကလည်း မတောင်း။ သူရဲ့ အလုပ်ကတော့ တောထဲကို တက်ကာ ထင်းခုတ်သည်။ တစ်ခါတစ်ရံမှာတော့ ထင်းခုတ်အဖွဲ့တွေနှင့် တောထဲကို လိုက်သွားတတ်သည်။ သူ့အတွက် သုံးဖို့စွဲဖို့လေး ရလျင်တော့ ပြန်လာတော့လေ၏။ ရလာတဲ့ ပိုက်ဆံကိုတော့ အရည်ဖျော်ပစ်တာက များသည်။
သူ့ရဲ့ ဝစီကိုက နှုတ်ကြမ်းနေလေတော့ ထင်းခုတ်အဖွဲ့တွေက သိပ်မခေါ်ချင်ကြပေ။ သို့ပေမယ့် ကိုမောင်ဦးက အလုပ်လုပ်လျင်တော့ အားသွန်ခွန်စိုက် လုပ်သည့်အတွက် အောင့်အီးသည်းခံကာ တစ်ခါတစ်ရံတော့ ခေါ်သွားလေ့ရှိကြသည်။ ဒီလိုနှင့် ငွေကြေးလေးရလာလျင်တော့ ဖဲလေးပါ ရိုက်လာတတ်သည်။ ဖဲနိုင်နေရင်တော့ နောက်ထပ် ဘာအလုပ်မှမလုပ်။ အရက်လေး ထန်းရည်လေး တမြမြနှင့် ဇိမ်ကြနေတတ်သည်။
အဒေါ်ဖြစ်သူကတော့ ဒေါ်အုန်းမေ ဖြစ်ပြီး အပျိုကြီးတစ်ယောက် ဖြစ်နေလေတော့ သူ့အိမ်ဘေးမှာ ကိုမောင်ဦးကို အဖော်သဘောမျိုးသာ ခေါ်ထားရပေမယ့် အရက်သောက်နေတာတော့ မကြိုက်ပေ။ သို့ပေမယ့် ပြောမိဆိုမိလျင်တော့ သူ့ကိုပင် ပြန်ပက်ပြီး ရန်ရှာတတ်သည်။
ကြာလာတော့လည်း ဒေါ်အုန်းမေခမြာ မပြောသာတော့ပဲ လွှတ်ထားလိုက်တော့သည်။ ပြောမရတဲ့ တူတစ်ယောက်ကို အမောခံ၍ ပြောမနေတော့။ မောင်ဦး ဆိုတာလည်း အစ်မဖြစ်သူ ဒေါ်မြမေ၏ သားဖြစ်နေလေတော့ တူတစ်ယောက်အနေဖြစ်သာ အိမ်တွင်ခေါ်ထားလိုက်ရပေမဲ့ တော်ရုံတော့ စကားမပြောတတ်ပေ။ အကြောင်းကိစ္စရှိမှသာ ခေါ်ပြောလေ့ရှိလေသည်။
***** *****
တစ်နေ့ ညနေပိုင်းမှာတော့ မောင်ဦးတစ်ယောက် အရက်ဆိုင်ကို ရောက်နေလေ၏။ ဖဲဝိုင်းမှာကလည်း ဖဲနိုင်ထားလေသောကြောင့် အသားကုန်ပင် မူးအောင် သောက်နေလေသည်။ သူရဲ့အတူ သောက်နေသူတွေကတော့ ခဏအကြာမှာ ရေချိန်ကိုက်သွား၍ အသီးသီးပင် ပြန်သွားကြလေသည်။
ဒီလိုနဲ့ သူ၏ ဝိုင်းမှာ လူတွေမရှိတော့လည်း တခြားဝိုင်းက လူတွေကို စကားပြောလိုက် သောက်လိုက်နှင့် အချိန်က အတော်ပင် ကြာသွားခဲ့တော့၏။ ညကိုးနာရီ ထိုးခါနီးတော့ ဆိုင်ပိတ်တော့မည် ဖြစ်ကြောင်းကို ဆိုင်ရှင်လာပြောလေမှ မထချင်ထချင်နဲ့ ထပြန်လာခဲ့တော့သည်။
အိမ်အပြန်မှာတော့ ရွာလမ်းတစ်လျောက် မူမူးရူးရူးနှင့်ပင် သီချင်းတွေကို အော်ဟစ်ဆိုလာခဲ့သည်။
“ထွေးညိုလေးရယ်.. အဆွေးဆိုတာ ဖျောက်ဖျက်ပြစ်ရတယ်.. ဒူနယ်နယ်.. ဒူနယ်နယ်..”
စသဖြင့် တွံတေးသိန်းတန်၏ သီချင်းတစ်ပုဒ်အား ရသလောက်ကို အာလေး လျှာလေးဖြင့် အော်ဟစ်သီဆိုလာခဲ့၏။ ဒီလိုမျိုး သီချင်းဆိုလာရင်း နှုတ်ကလည်း ဟိုဆဲဒီဆဲဖြင့် ကြမ်းတမ်းစွာပြောဆိုလျက် ယိမ်းထိုးကာ သိုင်းကွက်နင်းပြီး လျောက်လာလေသည်။
တစ်နေရာ အရောက် မှာတော့ အပေါ့အပါး သွားချင်လာ၍ လမ်းဘေး အပင်တစ်ပင် အောက်သို့ ဝင်လိုက်လေသည်။ သို့ပေမယ့် ပါးစပ်ကတော့ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုပြီး အပင်ကြီးတစ်ပင်ကို မျက်နှာမူကာ ဖြေရှင်းနေလိုက်၏။
*****
ကိုမောင်ဦးတစ်ယောက် ဒီလိုမျိုး ပြုမူလုပ်ဆောင်နေတာကို အပင်ပေါ်ကနေ အံတကြိတ်ကြိတ်နဲ့ ကြည့်နေတဲ့ ပရလောကသား တစ်ကောင်ကိုတော့ သူလည်း မမြင်ခဲ့ပါချေ။
ဒီလိုနဲ့ အပေါ့အပါးသွားပြီးတော့ အိမ်ပြန်ဖို့အတွက် ဦးတည်လိုက်တဲ့ အချိန်မှာတော့ ကိုမောင်ဦးအရှေ့မှာ မဲမဲသဏ္ဌာန်ကြီးတစ်ခုက ဖွားခနဲ ပေါ်လာတော့လေသည်။ ဒီတော့ ကိုမောင်ဦးလည်း ရုတ်တရက်ဆိုတော့ လန့်သွားမိလိုက်ပြီး မူးကလည်း မူးနေတော့ ဘာမှန်းမသိပဲ အော်ပြောလိုက်သည်။
“ဟေ့.. ဘယ်သူလည်းကွ.. ငါမေးနေတယ်လေ.. အေ့.. ငါ့အရှေ့က ရပ်နေတာက ဘယ်သူလည်း… အေ့… ဘာလည်း အရက်တောင်းသောက်မလို့လား.. ကုန်ပြီ.. ဘာ.. မှ.. မရှိတော့ဘူးကွ”
ထိုသို့ မေးလိုက်ပေမယ့် ထိုမဲမဲအကောင်ကြီးဆီမှ ဘာအသံမှထွက်မလာပဲ ရပ်မြဲရပ်နေလေသည်။ ကိုမောင်ဦးလည်း မူးနေလေတော့ သေသေချာချာ သဲသဲကွဲကွဲ မတွေ့ရပေ။ စိတ်ထဲမှာလည်း လူတစ်ယောက်လို့ပဲ ထင်မိနေလေသည်။ ဒါ့ကြောင့် ထပ်ပြီးပြောလိုက်မိ၏။
“ဟေ့ကောင်.. အရှေ့မှာ ပိတ်ရပ်နေတာ ဘယ်သူလည်းကွ သေချင်လို့လား.. မင်းကဘာကောင်လည်း ငါ့ရှေ့ ဖယ်စမ်း”
ဒီလို ထပ်ပြောလိုက်တဲ့အခါမှာ ရပ်နေတဲ့ အကောင်ကြီးဆီမှ ခပ်လေးလေးနဲ့ စကားသံကြီးက ထွက်လာပါတော့သည်။
“ငါက ဟိုအပင်ပေါ်မှာနေတဲ့ အကောင်ပဲကွ.. မင်းက ငါနေတဲ့အပင်ကိုလည်း သေးနဲ့ပန်းသေးတယ်.. ငါ့ကိုလည်း စော်ကားသေးတယ်.. ဒီည မင်းနဲ့ငါနဲ့တွေ့ပြီ”
ဆိုပြီး ပြောလိုက်ကာ တစ်ဆက်ထဲ မောင်ဦးဆီကို တစ်လှမ်းချင်းပင် လှမ်းလာခဲ့တော့သည်။ မောင်ဦးလည်း ဒီလိုအသံကြီးကို ကြားလိုက်ရတော့ စိတ်ထဲ အနည်းငယ်တော့ ထိတ်လန့်သွားမိတော့သည်။ ဒါပေမယ့်လည်း စိတ်ကို ဖြေတွေးကာ စိတ်တင်းနေတုန်းမှာပဲ ထိုမဲမဲကြီးမှာ သူ့အရှေ့ဆီကိုပင် ရောက်နေတော့လေသည်။ ဒီတော့မှ ထိုအကောင်ကြီးကို မျက်ဝါးထင်ထင် မြင်လိုက်လေတော့သည်။
ဦးခေါင်းမှာ ဂျိုနှစ်ချောင်းက ငေါထွက်နေပြီး မျက်လုံးနီနီရဲရဲ နှစ်လုံးက ပြူးထွက်နေလေသည်။ နှာခေါင်းကတော့ မရှိပဲ နှာခေါင်းနေရာမှာ အပေါက်နှစ်ပေါက် ပါပြီး ပါးစပ်ကြီးကတော့ ပြဲထွက်နေကာ ပါးစပ်ထဲက အစွယ်ကြီးနှစ်ချောင်းကိုလည်း ထင်ထင်ရှားရှား မြင်နေရသည်။ ထိုအကောင်ကြီး၏ အသားရောင်ကတော့ မဲတူးကာ အနက်ရောင်ဖြစ်နေတော့သည်။ ထိုအသားပေါ်မှာတော့ အမွှေးမဲမဲကြီးတွေပါ ပေါက်နေတာကိုလည်း တွေ့မြင်လိုက်ရလေသည်။ ကြောက်မက်ဖွယ်ရာ အကောင်ကြီး တစ်ကောင်ပင်။
မောင်ဦးလည်း ဒီလို အသေအချာ မြင်လိုက်ရတော့ မူးနေတာတွေတောင် ပျောက်သွားပြီး ခေါင်းတွေကြီးလာကာ ကြက်သီးတွေလည်း ထလာတော့သည်။ တော်တော်လေးလည်း ကြောက်သွားမိကာ ဘာမှ ဆက်မပြောတော့ပဲ ခြေလှမ်းတွေကိုသာ ပြင်လိုက်လေတော့ ထိုအကောင်ကြီးက အမွှေးအမြင် ထူထူရှိတဲ့ လက်ကြီးနှစ်ဖက်က ရှေ့ကို ထွက်လာခဲ့ပြီး အာလုပ်သံကြီးနှင့် သူ့ကို ပြောလိုက်တော့၏။
“ဒီည မင်းသေရမယ်.. မင်းသေရမယ်”
ဆိုပြီး ပြောလည်းပြော အရှေ့ကိုလည်း တိုးလာလေတော့ မောင်ဦးလည်း အရင်ထဲက ကြမ်းတမ်းခက်ထန်သူပီပီ ဒီအချိန်မျိုးမှာ ဘုရားတရားကို သတိမရနိုင်ပဲ ကြောက်စိတ်ကသာ ပိုနေခဲ့ပြီး အိမ်ကိုပင် ပြေးလာခဲ့တော့သည်။ သူ့အနောက်မှာတော့ မဲမဲအကောင်ကြီးက ခြေသံတဖုန်းဖုန်းဖြင့် ပြေးလိုက်လာတာကိုလည်း သိလိုက်ရတော့ သူလည်း လမ်းပေါ်က တွေ့ကာနဲ့ ကောက်ပေါက်လိုက်ပြီး ဆက်ပြေးပြန်သည်။
ဒီလိုဖြင့် အတန်ကြာတော့ သူရဲ့အိမ်ရှေကိုတောင် ရောက်ခဲ့တော့သည်။ မောင်ဦးလည်း တော်တော်လေးကို မောနေပါပြီ။ အနောက်မှာတော့ ဘာကိုမှ မတွေ့ရတော့ပေ။ ဒီတော့မှသာ သက်ပြင်းချနိုင်ကာ အိမ်ထဲကို ဝင်လိုက်တော့သည်။ ဒီအချိန်မှာ မောင်ဦးရဲ့ အနောက်ကနေ ခြံထဲကို ဝင်လာတဲ့ မဲမဲသဏ္ဌာန်ကြီးကိုတော့ မောင်ဦးတစ်ယောက် မမြင်မိလိုက်တော့ပေ။
အိမ်ပေါ်ကို တက်လိုက်တော့ သူ့အဒေါ်ဖြစ်သူ မအိပ်သေးပဲ မောင်ဦးတစ်ယောက် ချွေးသံရွှဲရွှဲနဲ့ ဝင်လာတာကိုတွေ့တော့ အံ့ဩနေကာ မေးကြည့်လေသည်။ ဒီတော့ သူလည်း ဖြစ်ခဲ့ပုံကို ပြောပြလိုက်တဲ့အခါမှာပဲ ရုတ်တရက်ဆိုသလို အိမ်ကြီးက တဝုန်းဝုန်းနဲ့ပင် လှုပ်ခါသွားလေသည်။ ထိုအခါ ဒေါ်အုန်းမေလည်း ဘုရားတလိုက်ကာ..
“ဟဲ့ မောင်ဦး.. နင်လုပ်တာ ပြသနာတွေ တတ်တော့မှာပဲ.. အိမ်အထိ ပါလာပြီလားတောင် မသိဘူး”
“ဟာ.. အဒေါ်ကလည်း မပါလာပါဘူးဗျာ.. အိမ်ရှေ့ရောက်တော့ ဘာမှမတွေ့ရတော့ဘူး”
ဆိုပြီး ပြန်ပြောလိုက်ပါတယ်။ ထိုအခါ ဒေါ်အုန်းမေကလည်း..
“ဟဲ့ ပါလာလား.. မပါလာလားဆိုတာ ပြောရမလား.. ငါတော်တော် စိတ်ညစ်ပါတယ်..အခုတောင် အိမ်လှုပ်သွားတာ နင်မတွေ့ဘူးလား”
ဒီလို ပြောဆိုနေတုန်းမှာပဲ သူတို့အိမ်က တဝုန်းဝုန်းနဲ့ ထပ်ပြီး လှုပ်လာပြန်ပါတယ်။ ဒီတော့ ဒေါ်အုန်းမေနဲ့ မောင်ဦးလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာလုပ်ရမှန်းမသိအောင်ပင် ဖြစ်သွားပါတော့သည်။ တစ်ဆက်ထဲမှာပဲ အိမ်နောက်ဖေးမီးဖိုချောင်ထဲက ပန်းကန်တွေ ဇွန်းတွေကို တစ်ယောက်ယောက်က လွှင့်ပစ်နေသလို ဂလုံးဂလွမ်းနဲ့ အသံတွေကို ကြားလိုက်ရပြန်သည်။ ပြီးတော့ အိမ်နောက်ဖေးပေါက်ကနေ အိမ်ပေါ် တက်လာတဲ့ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ခြေသံတွေကိုလည်း ဆက်တိုက်ပင် ကြားလိုက်ရချေတော့၏။
ထိုအခါ ဒေါ်အုန်းမေလည်း ဘုရားစာတွေကိုသာ အဆက်မပြတ် ရွတ်နေတော့သည်။ ဒီတော့ အိမ်နောက်ဖေးကနေ အိမ်ရှေ့အပေါက်ဆီကို တဒုန်းဒုန်းနဲ့ ပြေးဆင်းသွားသလို ခြေသံကြီးကို ကြားလိုက်ရပြန်သည်။ ဒေါ်အုန်းမေလည်း ဘုရားစာသာ ရွတ်နေရပေမယ့် အကြောက်ကတော့ မပြေသေးပေ။ ဒီလိုနဲ့ ခဏနေတော့ ဘာအသံကိုမှ ဆက်ပြီး မကြားရလေတော့။ သူတို့လည်း အထိတ်ထိတ် အလန့်လန့်ဖြင့် ဘယ်အခါ ဘာဖြစ်မလည်း ဆိုတာကိုသာ တွေးမိပြီး စိတ်မအေးနိုင်တော့ပေ။ ထိုအချိန်မှာပဲ အိမ်အောက်ဘက် ခြေရင်းကနေ တဟားဟားနဲ့ ရယ်သံ သြသြကြီးကို ကြားလိုက်ရပြီး တစ်ဆက်ထဲမှာပဲ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
“မကျေနပ်ဘူး.. ငါ.. မကျေနပ်ဘူး..”
ထိုအသံကြီးနဲ့အတူ အိမ်ကြီးကပါ တစ်ယောက်ယောက်က ဆွဲလှုပ်လိုက်သလို တဝုန်းဝုန်းနဲ့ပင် လှုပ်ခါလာတော့သည်။ ထိုအချိန်မှာပဲ မောင်ဦးလည်း စဥ်းစားမနေတော့ပဲ အဒေါ်ဖြစ်သူကို လက်ဆွဲကာ အိမ်ပေါ်မှ ဆင်းပြေးပါတော့သည်။
သူတို့အိမ်က ဘုန်းကြီးကျောင်းနဲ့လည်း သိပ်မဝေးလှတော့ ရှည်ရှည်ဝေးဝေး မတွေးတော့ပဲ ထိုဘုန်းကြီးကျောင်း အပေါ်ကိုသာ တက်ပြေးကြတော့၏။ ရွာမှာက တစ်အိမ်နဲ့တစ်အိမ်က ခြံအကျယ်ကြီးတွေ ဖြစ်တဲ့အတွက် အခုလို ဖြစ်ပျက်နေတာကို ဘယ်သူမှ မသိခဲ့ကြခြင်းပင်။
ဒီလိုနဲ့ ရွာကျောင်း ဆရာတော်ကို အကျိုးအကြောင်းလျောက်တင်မိတော့ ဆရာတော်လည်း အံ့ဩနေလျက် မောင်ဦးကို ဆုံးမပါတော့သည်။
“ဟဲ့..မောင်ဦး.. အဲ့ဒီလို ပရလာကသားတွေကို အကြောင်းမဲ့သက်သက် မစော်ကားရဘူးကွယ်.. သူ့စည်း ကိုယ့်စည်းဆိုတာ ရှိတယ်.. ကိုယ့်ဘက်က အကြောင်းမဲ့သက်သက် လုပ်လိုက်မိတော့ သူ့တို့က စိတ်တိုပြီး အခုလိုတွေ ဖြစ်ကြတာပေါ့.. ကဲပါ ဒကာမကြီးတို့လည်း ကြောက်မနေကြပါနဲ့တော့ ဘုန်းကြီး စီစဥ်ပေးပါ့မယ်”
ဆိုပြီး ပြောလိုက်လေသည်။ သူတို့ တူရီးနှစ်ယောက်လည်း အိမ်မပြန်တော့ပဲ ဘုန်းကြီးကျောင်းမှာသာ အိပ်စက်လိုက်တော့စည်။
မနက်ရောက်တော့မှ မောင်ဦးနဲ့အတူ ဆရာတော်နဲ့ ရွာသားတစ်ချို့က မောင်ဦးအိမ်ကို သွားလိုက်ကြပြီးနောက် ပရိတ်တွေ ရွတ်ဖတ်ပြီး ပရလောကသား တွေကိုလည်း အမျှပေးဝေကာ သာဓုခေါ်ခိုင်း လိုက်တော့သည်။ မောင်ဦးလည်း နောက်နောင် ဒီလိုမဖြစ်ဖို့ကိုလည်း ဆရာတော်ထံမှာ ကတိပေးခဲ့တော့၏။ နောက်ပိုင်းမှာတော့ ကိုမောင်ဦးတစ်ယောက်လည်း အရက်နဲ့ဖဲကို မပြတ်နိုင်ပေမဲ့ ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုခြင်းကိုမူ မပြောတော့။ သူလည်း သတိသံဝေက ရခဲ့လေသလား တစ္ဆေသရဲနှင့် ကြုံခဲ့ရ၍ ကြောက်ရွံသွားခဲ့ လေသလားတော့ မပြောတတ်တော့ပေ။
***** *****
.. ပြီးပါပြီ ..
Credit