“အိမ်အပြန်ည”📖📖📖
**********************
…………………
ရဲထွန်း (Strangerland)
🚗🚗🚗🚗🚗🚗🚗🚗
“မသိဘူး ….မသိဘူး သမီးဘားမှ မသိဘူး
သမီးကြောက်တယ် သမီးကြောက်တယ်”
“ဘာဖြစ်လာတာလဲ သမီး ဘာဖြစ်လာတာလဲ”
“မသိဘူး…သမီး ဘားမှ မသိတော့ဘူး”
ကတုံကယင် ဖြစ်နေသော သမီးဖြစ်သူ ရိုစီအား
မိခင် ဒေါ်ရွှေမမ မှ မည်သို့အကြောင်းအရာ
ဖြစ်ပျက်လာခဲ့သည်ကို သိရှိရန် ကြိုးစားမေးနေတော့သည်။
ထို့နောက် ရိုစီတစ်ယောက် လှုပ်ရှားရုန်းကန်နေရာမှ ရုတ်တရက် ရပ်တန့်သွားပြီး
အိမ်အပေါက်ဝသို့ လက်ညိုးထိုးပြလိုက်သည်။
“မေမေ…..တိုးတိုးနေနော် ဟိုမှာတွေ့လား”
ရိုစီ လက်ညှိုးညွှန်ပြရာ နေရာသို့
ဒေါ်ရွှေမမ လှန်းကြည့်လိုက်ရာ
အိမ်ရှေ့တွင်ရပ်ထားသောကားတစ်စီးအား
ဒေါ်ရွှေမမ မြင်လိုက်ရသည်။
ထို့နောက် အိမ်ရှေ့တွင်ရပ်ထားသောကားရှိရာလို့
ဒေါ်ရွှေမမ တစ်လှမ်းချင်းလှမ်းလာစဥ်..
⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️
(ထိုအဖြစ်အပျက်များမတိုင်မီ ၂နာရီ အလို)
ရန်ကုန်မြို့ပြ၏ မွန်းကျပ်မှု့တွေကြားထဲ
ရိုစီတစ်ယောက် ပြည်လမ်းမ ထက်၌
ကားမောင်းရင်းအိမ်သို့ပြန်ခဲ့လေသည်။
ကားမှန်ပေါ်မှ ညမီးအလင်းများသည်လည်း
ဝေ့ကနဲ ဝေ့ကနဲ တရိပ်ရိပ်လှုပ်ရှားနေသည်။
ရိုစီ့ မျက်လုံးဝတွင် လိမ်းချယ်ထားသော
အိုင်းလိုင်နာ မှာလည်း အရောင်များပျံ့လွင့်လျှက်ရှိသည်။
ရိုစီတစ်ယောက် ဆုပ်ကိုင်ထားသော ကားစီယာတိုင်ကိုလည်း တစ်ချက်တစ်ချက် လက်သီးဆုပ်ဖြင့်
ထုရိုက်လိုက်သေးသည်။
ပျက်ပျယ်ပြီးပေကျံနေသော
မျက်ဝန်းရှိလိုင်နာများကြားမှ မျက်ရည်တွေဟာ
တစ်ချက်တစ်ချက်တိုး၍ ကျဆင်းနေသည်။
မျက်ရည်ကို ပြန်ဆယ်လိုက်
လိုင်နာများက ပို ပျက်ပြယ်လိုက်ဖြင့်
ရိုစီ့မျက်နှာတွင် ပေကျံနေပေတော့သည်။
ထိုသို့ ရိုစီတစ်ယောက်ကားမောင်းနေစဥ်
နဘေးမှ ဖုန်းသံထွက်ပေါ်လာတော့သည်။
လာနေသောဖုန်းအား…
ကားမောင်းနေစဥ် လှန်းကြည့်လိုက်ရင်း
လက်တစ်ဖက်ဖြင့် လှန်းကိုင်လိုက်ပြီး
ဖုန်း စပီကာအားဖွင့်လိုက်သည်။
” ဟယ်လို ”
” အေးပြော သန္တာ ”
“ဟဲ့ ရိုစီ နင်အဆင်ကောပြေရဲ့လား အိမ်ပြန်ရောက်တော့မှာလား ငါစိတ်ပူလို့သူငယ်ချင်းရယ်”
“ငါ စိတ်ညစ်လို့ ကားပတ်မောင်းနေတာ သန္တာ
ဝင်းမော် ငါ့ကို လုပ်ရက်တယ်ဟာ
ငါတို့ ချစ်သူသက်တမ်းပဲ ၁၀ နှစ်ရှိနေပြီ
ငါ့ကို ဖြတ်စရာလားဟာ
ပြီးတော့ အားလုံးဆုံနေကြတဲ့ပွဲထဲက လူတွေအရှေ့မှာ
ငါတော်တော်ခံပြင်းတယ်ဟာ ရှက်လဲရှက်တယ်”
“အေးလေဟာ … ဒီကောင် လူလည်ကောင်မှာ
မိန်းကလေးတစ်ယောက်ကို အဲ့လိုပြောဖို့တော့ မသင့်ပါဘူး
မိန်းကလေးတွေကို ဘယ်လိုသဘောထားနေလဲ မသိဘူး
စိတ်ပျက်ဖို့ကောင်းလိုက်တာ
သူငယ်ချင်းနင် စိတ်မညစ်နဲ့ သိလား
ဒီကောင် အခုရထားတဲ့ စော်ကလည်း
ကြာကြာမခံပါဘူးဟာ နင်စောင့်ကြည့် ပြတ်မှာပဲ”
“ဘာ….ဘာပြောတယ် သူက ရည်းစားအသစ်ရနေပြီဟုတ်လား နင် …နင် ဒါတွေ ဘယ်လိုလုပ်သိတာလဲ သန္တာ
ငါ့ကို နင်ဘာလို့ ဒီ အကြောင်းတွေ မပြောပြခဲ့တာလဲ ”
“ဟို…ဟိုလေ…..ဟို”
သန္တာကျွံသွားသောစကားများအားပြန်နှုတ်မရ
အခက်ကြုံနေတော့သည်။
“သန္တာ…နင် မှန်မှန်ပြော ဝင်းမော် ဖောက်ပြန်နေတယ်ဆိုတာ နင် အစောကြီးကတည်းက သိတယ်မဟုတ်လား”
“ရိုစီ …အဲ့ …အဲ့လိုမဟုတ်ပါဘူးဟ ..ငါ..ငါ”
တီ…..တီ…..တီ…….
သန္တာ့စကားမဆုံးခင်မှာပင် ရိုစီဖုန်းချလိုက်တော့သည်။
“တောက်”
ကျယ်လောင်လှသော တောက်ခေါက်သံ နှင့်အတူ
“အား………… အလိမ်တွေ လူလိမ်လူညာတွေ ”
ကားအားအရှိန်ဖြင့်မောင်းနေစဥ် …
ဝင်းမော် ဆီမှခေါ်ဆိုလာသော ဖုန်းထမြည်လာပြန်တော့သည်။ထို့နောက် ရိုစီဖုန်းအားထက်မံ၍ ကောက်ကိုင်လိုက်သည်။
“ပြော…ဘာကိစ္စလဲ”
“ရိုစီ မင်းကို ငါ မချစ်နိုင်တော့ဘူးပြောတာနဲ့ပဲ
လူတကာကိုမင်းပတ်ရမ်းနေတော့မှာလား
ငါအခုပဲ သန္တာနဲ့ ဖုန်းပြောပြီးပြီ”
“ဝင်းမော် သေချာနားထောင်
ငါ နင့်ရော သန္တာ့ကိုရော ရွံတယ် ရှင်းလား
သန္တာက နင် နောက်ရည်းစားထားတာသိသိကြီးနဲ့
ငါ့ကို အရူးလုပ်ထားတာ ဒါနဲ့ နင်ကရော ဘာလဲ နင်နဲ့ သန္တာက ဘာတွေပက်သတ်နေလို့ ဒီလောက်တောင် အထိမခံနိုင်ဖြစ်ပြီး နာနေတာလဲ ”
“ရိုစီ ငါမကြိုက်တာ အဲ့တာတွေပဲ
နင့် အဲ့လို ပုံစံတွေ ငါမကြိုက်လို့
နင့်ကိုငါ လမ်းခွဲလိုက်တာ
ငါနဲ့ သန္တာသူငယ်ချင်းဆိုတာလဲ နင် သိရဲ့သားနဲ့
နင်ပါတ်ရမ်းမနေပါနဲ့”
“တော်စမ်းပါဝင်းမော်ရာ….သန္တာကပြောတယ်
နင်အခုချစ်သူရထားတယ်တဲ့…
အဲဒီ စကားအရ နင်ဖောက်ပြန်တာ
သန္တာကပါ မသိသလိုနေပေးနေတာ ရှင်းနေတာပဲ
ဒီနေ့ကိစ္စဖြစ်မှ သူ လွှတ်ကနဲ ပြောထွက်လာတာ
သူငယ်ချင်းစိတ်ဓါတ်မရှိတဲ့ ဟာမ
အေး …ပြီးတော့ နင့်အခုရထားတဲ့ နင့်ဟာမက
ငါ့ထက် သာမလားစောင့်ကြည့်ရသေးတာပေါ့ ဒါပဲ”
ရိုစီ ပြောချင်ရာပြော၍ ဖုန်းအားပစ်ချရင်း တောက်တစ်ချက်ခေါက်လိုက်သည်။
“တောက်”
ထိုစဥ် ဖုန်းမှာ ထပ်မံ မြည်လာပြီး ဖုန်းနံပါတ်သို့ လှန်းကြည့်လေရာ သန္တာ့ဖုန်းဖြစ်နေတာကြောင့် ရိုစီ ဖုန်းအား ပိတ်ရန် ဖုန်းကိုလှန်းယူစဥ်”
အုံး…………..
ကျယ်လောင်လှသော အသံကြီးတစ်ခု နှင့်အတူ ကားမှာလမ်းမကြီးထက်တွင် ရုတ်တရက် ထိုးရပ်သွားတော့သည်။
“အမလေး”
ရိုစီ ဘယ်အရာကို ဝင်၍တိုက်လိုက်မိမှန်းမသိပေ
ကားရှေ့လမ်းမသို့ လှန်းကြည့်သော်လည်းဘားမှပင် မမြင်ရထို့ကြောင့် ရပ်သွားသောကားအား စက်ပြန်နှိုးနေစဥ်…
တီ တီတီ…..
ဖုန်းသံ ထပ်မံပေါ်ထွက်လာသည်။
“ဟာ ဒီ ဖုန်းကတစ်မျိုး”
ရိုစီ စိတ်တိုစွာ ဖုန်းအားလှန်းကိုင်၍
ကားအား လမ်းဘေးသို့ ခတ္တထိုးရပ်လိုက်သည်။
ထိုနောက် အဆက်မပျက်လာနေသောဖုန်းအား
ကိုင်မည်အကြံ ဖုန်းမှာ ကျသွားသောကြောင့်
သန္တာ့ဖုန်းအား ရိုစီတစ်ယောက်ဒေါသတကြီးဖြင့်
ပြန်ခေါ်လေတော့သည်။
ဖုန်းခေါ်နေစဥ်မှာပင် ရှေ့နောက် ဘေးဘက်များသို့ ရိုစီ ဝေ့ဝိုက်၍ ကြည့်သည်။
လမ်းပေါ်တွင် မည်သည့်အရာမျှမတွေ့
“ဒီ ဟာမ ဖုန်းကို ခေါ်တုန်းကခေါ်ပြီးပြန်ခေါ်တော့လည်းမကိုင်တော့ဘူး အာရုံတော်တော်နောက်တဲ့ ဟာတွေ ”
ပြောပြောဆိုဆိုဖြင့် ရိုစီ ဖုန်းအားဘေးသို့ ပြန်ချပြီး
ကားစက်နှိုး၍ လမ်းမကြီးအတိုင်း ကားဆက်မောင်းလာတော့လေသည်။ ထိုသို့ မောင်းထွက်လာရင်း အတန်ကြာသော်
မီးပွိုင့်တစ်နေရာသို့ ရောက်လာစဥ် မီးနီနေခြင်းကြောင့်
ကားအားအရှိန်လျော့၍ ရပ်လိုက်သည်။
ထိုသို့ ရပ်ထားစဥ် ရိုစီ့ခေါင်းထဲတွင်
အတွေးပေါင်းများစွာ ဖြင့်ရှုပ်ထွေးပွေလီနေသည်။
ကားမောင်းရသည်မှာလည်း လေးလံလာသလို ခံစားနေရသည်။ထိုစဥ်….
“ဘုန်း ဘုန်း ဘုန်း…..”
နဘေး ကားမှန်ကား လက်ဖြင့် ပုတ်သံ ရုတ်တရက်ထွက်ပေါ်လာသောကြောင့် ရိုစီ အတော်လေး လန့်သွားသည်။
ကားနဘေးသို့ လှန်းကြည့်လိုက်စဥ်…
“မမ မုန့်ဖက်ထုပ်လေးအားပေးပါဦး”
ကားဘေးတွင် မှန်ဖြင့်ကပ်လျှက် မုန့်ဖက်ထုပ်ရောင်းနေသော ကောင်လေးအား ရိုစီ အနီးကပ် တွေ့လိုက်ရလေတော့သည်။
“ဟာ…..သွားစမ်း သွားစမ်း စိတ်ညစ်ရတဲ့ ကြားထဲ
နင်ကတစ်မျိုး …သွား ဘာမုန့်ဖက်ထုပ်မှ မဝယ်ဘူး….သွား…သွား”
ရိုစီတစ်ယောက် ကြမ်းတမ်းစွာ မုန့်ဖက်ထုပ်သယ်ကောင်လေးအား မောင်းထုတ်လိုက်သည်။
ရိုစီစိတ်လက်မကြည်တော့ပေ တစ်ယောက်ထဲ ဒေါသသာလိမ့်ထွက်နေတော့သည်။ ထို့နောက် မီးပွိုင့်စိမ်းချိန် ကားစက်အား နှိုး၍ အရှိန်ဖြင့် မောင်းထွက်လာခဲ့ပြန်တော့သည်။ အတန်ကြာသော်
“အုံး…….”
ကျယ်လောင်သောအသံ ဖြင့် ရိုစီ့ကား ရုတ်တရက်ထိုးရပ်သွားပြန်တော့သည်။
” အမလေး….”
ရိုစီတစ်ယောက် ထိတ်လန့်စွာ အော်ဟစ်မိပြန်လေသည်။
“ဘာဖြစ်ပြန်တာလဲ ဟ….ငါ့ကားက ဘာကိုဝင်ဝင်တိုက်မိနေတာပါလိမ့်”
ရိုစီ ကားပေါ်မှ ဆင်းလျှက် ကားအရှေ့သို့ ထွက်လာကြည့်လေတော့သည်။
ရိုစီ ကားအရှေ့တွင် ပေကျံနေသောသွေးများအား
တွေ့လိုက်ရတော့သည်။
“အမလေး ဒါ…ဒါ ဘယ်ကသွေးတွေလဲ
ငါ….ငါ ဘာကိုများတိုက်ခဲ့မိတာလဲ
ခွေးတွေကြောင်တွေများလား ဘုရား…ဘုရား”
ရိုစီ ထိုသွေးများအားကြောက်လန့်တကြားကြည့်နေစဥ်…
“မမ”
မမ ဟု ခေါ်သောအသံအား ရိုစီ ရုတ်တရက်ကြားလိုက်ရပြန်တော့သည်။
“အမလေး……”
ရိုစီ အသံလာရာကို ဝေ့ဝိုက်ကြည့်သည် ပတ်ဝန်းကျင်တွင်မည်သူမျှမတွေ့ ထိုစဥ်…
“မမ မုန်ဖက်ထုပ်လေးအားပေးပါဦး”
“အမလေး…..”
အသံသာကြား၍ မည်သူမျှမရှိသောကြောင့် ရိုစီတစ်ယောက် ကားပေါ်အမြန်ပြေးတက်၍ ကားစက်အား ကတုံကယင် နှိုးလျှက် အရှိန်ဖြင့် ဆက်၍မောင်းနှင်လာတော့သည်။
“ဘုရား…ဘုရား…. ဘာကြီးလဲ အဲ့သံကြီးက
ဘယ်ကလဲ ….လမ်းမပေါ်လည်း လူတစ်ယောက်မှ မရှိပါလား
စိတ်ညစ်လိုက်တာ ဒီ နေ့မှပဲ အိမ်ကလဲ ရောက်ကိုမရောက်နိုင်တော့ဘူး ငါကိုကရှည်ပြီး လျှောက်ပတ်မောင်းခဲ့မိတာ”
ထိုသို့မောင်းနှင်လာစဥ် မီးပွိုင့်တစ်ခုအားဖြတ်ကျော်ပြီး
နောက်ထပ်တစ်ကြိမ် “အုံး” ဆိုသောအသံ နှင့်အတူ ကားမှာထပ်မံရပ်တံ့သွားပြန်တော့သည်။
“ကျွီ………….အုံး….”
“အမလေး….”
ရိုစီတစ်ယောက် ကားအားသတိဖြင့် လမ်းဘေးသို့ ထိုးရပ်လိုက်ရတော့သည်။ လမ်းမထက်တွင်လည်း
မည်သူတစ်ဦးတစ်ယောက်မျှမရှိ ကားစက်မှာလည်းပြန်နှိုး၍မရဖြစ်နေတော့သည်။ထိုစဥ်
“ဘုတ် ဘုတ်”
ရိုစီ့ နဘေး ကားမှန်တံခါးအားလက်ဖြင့် ပုတ်သောအသံ ပေါ်ထွက်လာသည်။ သို့ပင်မယ့် အပြင်၌
မည်သူမှ မရှိပေ
“အမလေး…ဘုရား…ဘုရား ဘာသံကြီးလဲ”
ရိုစီကြောက်လန့်နေစဥ်မှာပင်
ကား မှန်တံခါး ပတ်ပတ်လည်အား အသဲအသန်ပုတ်ခက်ရိုက်နှက်နေသောအသံ ကြီး ကြယ်လောင်စွာထွက်ပေါ်လာတော့သည်။
“ဘုန်း…ဘုန်း….ဘုန်း….ဘုန်း..”
“အမလေး အမလေး ဘာကြီးလဲ ဘာတွေဖြစ်နေတာလဲ ”
ရိုစီအလွန်ကြောက်လန့်နေလေပြီ တံခါးပတ်ပတ်လည်အားကုန်းရုန်း၍ လော့များပွင့်နေသလား လိုက်ပတ်ကြည့်ပြီး
နဘေးရှိဖုန်းအားကောက်ကိုင်၍
ဝင်းမော် ဆီသို့ ကတုံကယင် ဖုန်းခေါ်လိုက်လေသည်။
” ဟ…ဟ…ဟယ်လို …ဟယ်လို ..ဝင်းမော် ဝင်းမော်”
“ရိုစီ မင်းဘာတွေဖြစ်ပြန်ပြီလဲ ငါအာရုံတော်တော်နောက်နေပြီနော်”
“အဲ့ ကိစ္စတွေ အသာထားစမ်းပါဟာ
ငါ့ကို ..ငါ့ကို လာခေါ်ပေးပါ ငါကြောက်လို့သေတော့မယ်”
“ရိုစီ နင်ဘာတွေဖြစ်နေတာလဲ ဖုန်းလိုင်းကလဲ ကြားတစ်ချက် မကြားတစ်ချက်နဲ့ နင်ဘာတွေပြောနေတာလဲ”
“ဟာ….ဝင်းမော် ….ငါ့ကို လာကယ်ပါလို့”
“ဟယ် လို…..ဟယ်လို ရို…စီ….”
“ဟယ်လို ဟယ်လို…..ဟာအရေးထဲ ဖုန်းကလဲ”
ရိုစီဖုန်းအား နောက်တစ်ကြိမ်ပြန်ခေါ်ရင်း ကားရှေ့ဝန်းကျင်အား ကားထဲ မှ ထိုင်၍ ကြောက်ကြောက်လန့်လန့်ဖြင့်
ဝေ့ဝိုက်ကြည့်နေတော့သည်။ထိုစဥ် ဖုန်းအတွင်းမှ
(လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ….)
“ဟာ…..”
ရိုစီ စိတ်တိုစွာဖြင့် ဖုန်းအားနဘေးခုံသို့ လှန်းတင်လိုက်စဥ်…..
“မမ…မုန့်ဖတ်ထုပ်လေး….”
“အား………………..”
ရိုစီ ငယ်သံပါအောင် ထအော်လေတော့သည်။
ကားနဘေးတွင် လာ၍ မုန့်ဖတ်ထုပ်ရောင်းသောကလေးမှာ
ခေါင်းတစ်ခြမ်းမရှိသလောက်ပဲ့ထွက်နေပြီး မျက်နှာတွင်လဲ သွေးအလိမ်းလိမ်းဖြင့် ရိုစီ့အားကြည့်လျှက်
ရပ်နေသည်ကို ရိုစီ ထင်ထင်ရှားရှားမြင်လိုက်ရခြင်းကြောင့်ပင်ဖြစ်တော့သည်။
“အမလေး…..အမလေး ဘုရား ဘုရား
ကယ်ကြပါဦး ကယ်ကြပါဦး…အီး….ကယ်ကြပါဦး
ကျွန်မအရမ်းကြောက်လို့ပါ ကယ်ကြပါ”
လမ်းမကြီးထက်
ကားအတွင်း၌ ကားမှန် အလုံပိတ်၍
အော်နေသော ရိုစီ့မျက်စိရှေ့မှ
ထိုကလေးမှာရုတ်တရက်ကားအနောက်ဖက်သို့ ထွက်ပြေးသွားလေသည်။
“ဟင်….”
ရိုစီတစ်ယောက် ထွက်ပြေးသွားရာနောက်သို့ ကားအတွင်းမှ ထိုင်လျှက် လိုက်ကြည့်ရင်း ရင်ဘက်မှာ တဒိန်းဒိန်း တုန်ရီနေတော့သည်။ ထို့နောက် ကားအား အဆက်မပြတ်
စက်ပြန်နှိုးနေစဥ်…ဖုန်းသံ ပေါ်ထွက်လာတော့သည်။
တီ…တီ…တီ…
ရိုစီ ကမမ်းကတမ်းဖုန်းအားကောက်ကိုင်လိုက်သည်။
“ဟယ်…လို…..ဟယ်လို…ဝင်မော်လား ဟယ်လို
ဟယ်လို….ဟယ်လို”
တစ်ဖက်ဖုန်းမှာ ဘာစကားမျှပြန်မပြောပေ
အနည်းငယ်ကြာသော် ဖုန်းလိုင်းမှာ ရုတ်တရက်ကျသွားပြန်လေတော့သည်။
“ဟမ်..ဖုန်းကျသွားပြန်ပြီ…ဟာ….ဒုက္ခပါပဲ”
ထိုသို့ ငြီးတွားနေစဥ် ကားမီးထိုးထားသောအရှေ့လမ်းမမှ အရာတစ်ခု လိမ့်လာနေသည်ကို ရိုစီတွေ့လိုက်ရလေတော့သည်။ထိုအရာအား သေချာစူးစိုက်ကြည့်နေလေရာ ထိုအရာမှာ ရိုစီ့ ကားအရှေ့သို့ ဦးတည်လိမ့်၍လာနေသော မုန့်ဖတ်ထုပ် တောင်းကြီးပင်ဖြစ်လေသည်။
တစ်လိမ့်ပြီး တစ်လိမ့် လိမ့်လာသည်ကို ရိုစီ ကြောင်၍
စိုက်ကြည့်မိနေစဥ် ကားအရှေ့တည့်တည့်အရောက်တွင်
ထို မုန့်ဖက်ထုပ်တောင်းမှာ ရပ်တန့်သွားတော့သည်။ရိုစီ ကြောက်ကြောက်လန့်လန့်ဖြင့် ထိုတောင်းအားငြိမ်သက်လျှက်ထိုင်ကြည့်နေမိလေသည်။
တောင်းမှာ တချက် တချက် လှုပ်လှုပ်သွားသည်။
ရိုစီ့ နှလုံးခုန်သံများမှာလည်း ဝုန်းဒိုင်းကျဲ လှုပ်ရှားနေသည်။
ထိုစဥ်မူလတောင်းလိမ့်လာရာ နေရာမှ
တရိပ်ရိပ်တက်လာသော
အရာတစ်ခုအား ရိုစီထက်မံမြင်တွေ့လိုက်ရပြန်သည်။
ထိုအရာမှာ ကားလမ်းမအတိုင်းမှောက်လျှက်သား တရွတ်တိုက်လာနေသော ကလေးတစ်ယောက်ပင်ဖြစ်နေတော့သည်။
“ဟမ်….ဘာကြီးလဲ ဘာကြီးလဲ….”
ရိုစီ အတွေးလွန်နေစဥ်မှာပင် ထို မှောက်လျက်သားလာနေသော ကလေးမှာ ရိုစီ့အားဒေါသမျက်နှာထားဖြင့် လှန်းကြည့်ရင်း ကားရှေ့သို့ အားကုန်ပြေးလာတော့လေသည်။
“အမလေး……….သွားသွား မလာနဲ့ မလာနဲ့”
ထိုကလေးမှာ ခုနကားဘေးမှန်အားလာခေါက်သောကလေးပင်ဖြစ်သည်။ကလေးမှာ ကားမှန်ရှိရာသို့ ခုန်တက်လာပြီး မှန်အား…အားရပါးရ ထုရိုက်လေတော့သည်။
“ဒုံး…ဒုံး…ဒုံး……”
“အား….အား….ကယ်ကြပါဦး ကယ်ကြပါဦ”
ရိုစီတစ်ယောက် မျက်စိအားစုံလုံးမှိတ်လျှက် ကားခေါင်းအတွင်း ငယ်သံပင်ပါအောင် ထွန့်ထွန့်လူးအော်ဟစ်နေတော့သည်။ ထိုစဥ်…
“တီ…
တီ….တီ…..”
အနောက်ဘက်မှ ကားဟွန်းတီးသံကြောင့် ရိုစီ ရုတ်တရက် အနောက်ဖက်သို့လှည့်ကြည့်လေရာအနောက်တွင်
ကားတစ်စီးမှ လမ်းလယ်ခေါင်တွင်ရပ်နေသော
ရိုစီ့အားကား ဟွန်းတီးနေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။
လမ်းမထက်တွင် အဖော်ကားတစ်စီးအားတွေ့၍ ရိုစီ ကြောက်လန့်နေရာမှ လွန်စွာဝမ်းသာသွားသည်။ ထို့နောက်ရိုစီတစ်ယောက် ကားဘောနက်အဖုံးပေါ်သို့ ပြန်ကြည့်လေရာ
ခုနကားမှန်အားထုရိုက်နေသော မုန့်ဖက်ထုပ်သယ် ကလေးအားမတွေ့တော့ပေ…ထို့နောက်အနောက်ဖက်မှ အဆက်မပြတ်ဟွန်းတီးနေသော ကားအား
အကူအညီတောင်းရန်
ရိုစီတစ်ယောက် ကားခုံခါးပတ်အားချွတ်၍ ပြေးဆင်းလာချိန် လမ်းမထက်တွင် မည်သည့်ကားမှမတွေ့ရတော့ပဲ တစ်လမ်းလုံးတွင် ရိုစီ့ကားတစ်စီးသာရှိနေသည်။ ရိုစီ ရုတ်တရက်ကြောင်သွားသည်။ထို့နောက် နဘေးမှ
“မမ”
“အမလေး”
မမ ဆိုသောအသံဟာရိုစီ့ နားထဲ သို့ စူးစူးနင့်နင့်ဝင်ရောက်လာတော့သည်။ထိုအသံ ကြားရသည်နှင့် တစ်ပြိုင်နက် ရိုစီ အသိစိတ်ပြန်ကပ်၍ ကားပေါ်သို့ အမြန်ပြန်တက်ပြီးနောက် ကားစက်အားနှိုးသည်။ကားစက်မှာ နိုးသွားသောကြောင့် ကြောက်လန့်တကြားဖြင့် အိမ်သို့ အရှိန်ပြင်းပြင်း လျှင်မြန်စွာမောင်းနှင်လာပါတော့သည်။ ပါးစပ်တွင်လည်း ဘုရားစာပေါင်းစုံရွတ်ဆိုလျှက် ကားအားအရှိန်ဖြင့်မောင်းနှင်နေတော့သည်။ထို့နောက် နဘေးရှိဖုန်းအားကောက်ကိုင်လျှက်
သန္တာ့ဆီသို့ဖုန်းဆက်လေသည်။
“ဟယ်လို”
“ဟယ် လို….ဟယ် လို …သ..သန္တာလား….”
“ဟဲ့ ရိုစီ နင်ဘာဖြစ်နေတာလဲ နင့် အသံကဘာဖြစ်နေတာလဲ”
“ငါ…အရမ်းကြောက်လို့ သေတော့မယ်ဟာ
ကယ်ပါဦး…ငါ့ကိုကယ်ပါဦး”
“ဟဲ့ အခုချိန်ထိ နင် အိမ်ပြန်မရောက်သေးဘူးလား
ရိုစီရယ်…စိတ်လိုက်မာန်ပါတွေမလုပ်ပါနဲ့
အိမ်ကိုအရင်ပြန်ပါဟာ…ခုနကိစ္စ….”
“ဟာ သန္တာ ငါအခု အဲ့ကိစ္စတွေ စိတ်မဝင်စားနိုင်ဘူး
ငါ့ကားနောက်ကို ကလေးတစ်ယောက်လိုက်နေတယ်”
“ဟဲ့ ဘယ်လို….ကလေးတစ်ယောက်က
နင့်ကားနောက်ကို ဘယ်လိုလိုက်တာတုန်း ငါ့ကို နားလည်အောင်ပြောစမ်းပါဟယ်”
“ဟာ…ရိုးရိုးကလေးမဟုတ်ဘူး မုန့်ဖက်ထုပ်ရောင်းတဲ့ ကလေးဟ”
” ဟဟဟဟဟ ရိုစီရယ် မုန့်ဖက်ထုပ်ရောင်းတဲ့ ကလေးလိုက်တာများကြောက်ရတယ်လို့ ဟယ်
နင်မဝယ်ချင်မဝယ်နဲ့လေ သူ့ကို အာရုံရမနေနဲ့လေ
ငါ အူတွေနာနေပြီ ဟဟဟဟဟ”
“ဟဲ့ သန္နာ နင်ဘာတွေ ရယ်နေတာလဲ ငါပြောတာလည်း နားထောင်ဦး…အဲဲ့ကလေးက လူမဟုတ်ဘူးဟ ငါကြောက်တယ် ငါကြောက်တယ်”
“ဟင် ရိုစီ ..နင်…နင် အတည်ပြောနေတာလား
သူက ဘယ်လိုကြီးဖြစ်နေလို့လည်း နင်အမြင်များမှားသလား အခုရော သူက နင့်နောက်ကို လိုက်နေတုန်းလား”
“အခုတော့ မတွေ့တော့ဘူး
ငါကားအမြန်မောင်းနေတာဘယ်တွေရောက်မှန်းတောင်မသိတော့ဘူးဟာ ရူးချင်နေပြီ အဲ့ကလေးက
ခေါင်းနဲ့မျက်နှာကြီးတစ်ခြမ်းလုံးပဲ့ပြီးသွေးတွေထွက်နေတာ ငါ့ကို မမ မမ နဲ့ တစ်လမ်းလုံး လိုက်ခေါ်နေတာဟ”
“အမလေး …ဘုရား ဘုရား ဟဲ့ ဟဲ့ ….နင့်ဟာကြီးကလည်း ကြောက်စရာကြီး နင် စိတ်ကို ခဏ စုစည်းပြီး
အိမ်ကိုအမြန်ဆုံးရောက်နိုင်မယ့်လမ်းကိုတွေး
ပြီးရင်အိမ်ကိုအမြန်ပြန်တော့ နင့်ဟာကြီးငါတောင်ကြက်သီးတွေထတယ် ကြောက်လိုက်တာဟယ်”
“အေးအေး ငါအမြန်မောင်းနေတယ် ငါ တစ်ခုခုဆို နင့်ကိုဖုန်းပြန်ဆက်မယ် နင်မအိပ်သေးဘူးမလား”
“အေးပါ ရတယ်ဆက်ဆက် ငါမအိပ်သေးဘူး
ဟဲ့ …နင် သတိထားပြီးလည်းမောင်းဦး”
“အေးအေး ဒါပဲဟာ ဒါပဲ ဒါပဲ”
ရိုစီဖုန်းကိုချလျှက် အိမ်သို့တစ်ရှိန်ထိုးမောင်းနှင်လာလေတော့သည်။
အချိန်အတန်ကြာသော် အိမ်ရှိရာ လမ်းသွယ်ထဲသို့
တအိအိဖြင့် ကားမောင်းရင်းဝင်လာတော့လေသည်။
ရင်ဘက်တခုလုံးမှာလည်းကြောက်စိတ်ကြောင့်
ဗလောင်ဆူနေလေသည်။ လမ်းမှာလည်း တအိအိဖြင့်အရင်ကထက်ပင် ပိုကြာနေသယောင်ရိုစီ့စိတ်ထဲ တွင်ခံစားနေရတော့သည်။ လမ်းထဲတွင်လည်း မည်သူမျှမရှိသည့်အပြင် လမ်းမီးများပျက်နေ၍
ကားမီးအလင်းရောင်အထိသာ ရှေ့မြင်ကွင်းအားမြင်နေရသည်။ နေ့စဥ်မောင်းနေသောကားမှာလည်း အသံမျိုးစုံထွက်နေပြီး မောင်း၍ မကောင်းနေသောခံစားချက်ကြီးအား ရိုစီ ခံစားနေရလေသည်။
“အရေးထဲ လမ်းမီးတွေကလည်းပျက်နေသေးတယ်ဟာ စိတ်ရှုပ်လိုက်တာ”
ကားမောင်နေရင်း ရိုစီ ကားနောက်ထိုင်ခုံအား နောက်ကြည့်မှန်မှ ရုတ်တရက် လှန်းကြည့်လိုက်စဥ်
“အမလေး….ဘုရား ဘုရား…..အီး…..ဒုက္ခပဲ ဒုက္ခပဲ”
ရိုစီ အသက်ပင်ဝဝမရှုရဲ ကားစီယာတိုင်အား ကျစ်ကျစ်ပါအောင်ကိုင်လျှက် အသံတိတ် အံကို ကြိတ်၍
အိမ်သို့အမြန်ရောက်ရန်သာ မောင်းလာတော့သည်။
ကားနောက်ခုံတွင်ခေါင်းတစ်ခြမ်းပဲ့နေသောကလေးတစ်ယောက် ထိုင်လျှက်သားပါလာသည်ကို နောက်ကြည့်မှန်မှမြင်လိုက်ရခြင်းဖြစ်သည်။
“အီး…..ဒါအမှန်မဟုတ်ဘူး ဒါအမှန်မဟုတ်ဘူး
ဘုရား ဘုရား ”
ရိုစီ စိတ်ကိုတင်းထားချိန် ကားအနောက်ခန်းမှ …
“မမ”
ကွဲအက်အက် အသံဟာ ရိုစီ့နားထဲသို့ ခပ်ကြမ်းကြမ်းဝင်လာခဲ့တော့သည်။ရိုစီ တစ်ခွန်းမျှပြန်မဖြေ
အံကြိတ်၍ အားတင်းထားသည်။
လက်ဖဝါးများမှာလည်း ချွေးစေးများပင်ထွက်နေလေပြီ
နားထင်တစ်လျှောက် ဇောချွေးများစီးကျနေပြီး
စိတ်ထဲတွင်လည်း…
“မဟုတ်ဘူး…..မဟုတ်ဘူး ဒါ တကယ်မဟုတ်ဘူး”
“မမ…..မမ….မမ…”
မမဆိုသောအသံအနေအထားမှာ ပိုမိုပျက်ရွင်းလာပြီး လွန်စွာကြောက်စရာကောင်းနေတော့လေသည်။
နောက်ဆုံး ရိုစီ ဘယ်လိုမှ သည်းမခံ နိုင်တော့ပဲ အားကုန်ထအော်လေတော့သည်။
“အား……..သွား သွား
သွားကြ ထွက်သွားကြ အားးးးးး”
ရိုစီ ကားအား အိမ်ရှေ့သို့ အသဲအသန်မောင်း၍
အော်ဟစ်လျှက် အိမ်ရှေ့အရောက်တွင်ကားအားရပ်လိုက်တော့သည်။ထို့နောက် ကားထဲမှ အမြန်ပြေးဆင်းလျှက် …
“မေမေ …မေမေ….ရေ….ကယ်ပါဦး…
ကယ်ပါဦး”
ရိုစီ ကားတံခါးပင်ပြန်မပိတ်နိုင် အိမ်ထဲသို့ပြေးဝင်
လာခဲ့တော့သည်။
မိခင်ဖြစ်သူ ဒေါ်ရွှေမမ သမီးဖြစ်သူအသံကြောင့်အခန်းအတွင်းမှ ပြေးထွက်လာတော့သည်။
ပုံသဏ္ဏန်ပျက်ရွင်းနေသော သမီးဖြစ်သူရိုစီ့အား
“ဟဲ့ ဘာဖြစ်လာတာလဲ သမီး…သမီး…ဟဲ့
ဘာဖြစ်လာတာလဲ အမေ့ကိုပြောပါဦး”
“မသိဘူး ….မသိဘူး သမီးဘားမှ မသိဘူး
သမီးကြောက်တယ် သမီးကြောက်တယ်”
“ဘာဖြစ်လာတာလဲ သမီး ဘာဖြစ်လာတာလဲ”
“မသိဘူး…သမီး ဘားမှ မသိတော့ဘူး”
ကတုံကယင် ဖြစ်နေသော သမီးဖြစ်သူ ရိုစီအား မိခင်ဖြစ်သူ ဒေါ်ရွှေမမ မှ မည်သို့အကြောင်းအရာ ဖြစ်ပျက်လာခဲ့သည်ကို သိရှိရန် ကြိုးစားမေးနေတော့သည်။ ထို့နောက် ရိုစီတစ်ယောက် လှုပ်ရှားရုန်းကန်နေရာမှ ရုတ်တရက် ရပ်တန့်သွားပြီး အိမ်အပေါက်ဝသို့ လက်ညိုးထိုးပြလိုက်သည်။
“မေမေ…..တိုးတိုးနေနော် ဟိုမှာတွေ့လား”
ရိုစီ လက်ညှိုးညွှန်ပြရာ နေရာသို့ ဒေါ်ရွှေမမ လှန်းကြည့်လိုက်သည်။ ထို့နောက် ဒေါ်ရွှေမမ အိမ်ရှေ့တွင်ရပ်ထားသောကားရှိရာလို့ တစ်လှန်းချင်းလှန်းလာရင်း
ကားအောက်ဖက်သို့ ငုံ့ကြည့်လိုက်လေရာ….
အိမ်ရှေ့ ရပ်ထားသော ကားအောက်တွင် ….
“အား…………အမေလေး”
ကားအောက်တွင် ကလေးတစ်ယောက် ရုပ်ပျက်ဆင်း
ပျက် ငြိ၍ ပါလာသည်ကို ဒေါ်ရွှေမမ မြင်လိုက်ရလေတော့သည်။ ထို့နောက် သမီးဖြစ်သူရိုစီ့အနားသို့ ပြန်ပြေးလာပြီး သမီးဖြစ်သူအား အားရပါးရ ဖက်၍ အော်ဟစ်ငိုလေတော့သည်။
“သမီး…..သမီး….. ဒုက္ခတော့ရောက်ပြီ
ငါ့သမီးလေးတော့ ဒုက္ခရောက်ပါပြီ”
အမေဖြစ်သူ ဖက်ထားသော ရိုစီမှာ အူကြောင်ကြောင် ရယ်လိုက်ငိုလိုက်ဖြင့် စိတ်မူမမှန်ဖြစ်လာတော့လေသည်။
တကိုယ်လုံးမှာလဲ ချွေးစေးများထွက်လျှက်
မျက်လုံးအပြူးသားဖြင့် အော်ဟစ်နေလေတော့သည်။
” သမီး သတိထားလေ ….သမီးလေး
သမီး……..”
*******
၂လ ခန့်အကြာ
(စိတ်ကျန်းမာရေးထိန်းသိမ်းဆောင်)
အဖြစ်အပျက်များ လွန်ပြီး နောက်
ဝင်းမော် နှင့် သန္တာတို့ နှစ်ယောက် သူငယ်ချင်းဖြစ်သူ
ရိုစီ ဆီသို့ လာတွေ့ကြလေသည်။
ဆေးရုံသို့လာတွေ့သော သူငယ်ချင်းနှစ်ယောက်ကိုပင် ရိုစီ မမှတ်မိပေ ကုတင်ပေါ်တွင်ထိုင်လျှက် ပြတင်းအပြင်ဖက်သို့ ငေးကြည့်ရင်း တစ်ယောက်ထဲ စကားများပြောဆိုနေတော့သည်။အချိန်အတန်ကြာသော်…သန္တာမှ ဝင်းမော်အား
“ဟဲ့ ဝင်းမော် ငါတို့လဲ ပြန်ကြရအောင်ဟာ”
“အေးပါ လာသွားကြမယ်”
ဝင်းမော်နှင့် သန္တာလှည့်ထွက်သွားချိန်မှ ရိုစီ သူငယ်ချင်းနှစ်ယောက်အားလှန်းကြည့်ရင်း
ပြုံးလျှက် ကျန်နေခဲ့တော့သည်။
⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️
ကားအတွင်းသို့ …. သန္တာနှင့် ဝင်းမော် အသာဝင်ထိုင်လိုက်ကြသည်။
“သန်တာ”
“အင်းပြောလေ ဝင်းမော်”
“ငါတို့ နှစ်ယောက်ချစ်သူဖြစ်နေတာသာရိုစီ သိသွားရင် ငါတို့ကို သူတော်တော်မုန်းနေမှာနော်”
“ငါတော့ အဲ့တာတွေမတွေးပါဘူး နင်သူ့ကိုမကြိုက်တော့လို့ ငါတို့နှစ်ယောက်တွဲခဲ့ကြတာပဲ နင်လဲ လူလည်ခေါင်မှာ သူ့ကို လမ်းခွဲစကားပြောခဲ့တာပဲလေ ငါလဲ ကျေနပ်တယ်လေ တစ်ခုပဲ နင့်ကိုတော့ သိပ်မယုံဘူး”
“တွေ့လား ကိုယ်ကတောင် လူလည်ခေါင်မှာ မိန်းကလေးတစ်ယောက်ကို လမ်းခွဲစကားပြောခဲ့ပြီးပြီလေ
ဘာတွေ ထက်ပြီးသက်သေပြရဦးမှာလဲ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ …ဒီကလဲ အဲ့ဒါကြောင့်မို့ ချစ်နေရတာသိလား….ဟိုလေ ငါတစ်ခုတွေးမိတယ် သိလား
ရိုစီ ရူးသွားတာလဲ ကောင်းပါတယ်လေနော် နို့မို့ဆို တို့နှစ်ယောက် လွတ်လွတ်လပ်လပ် ဘယ်မှ သွားလို့မရ ချစ်လို့မရနဲ့
တော်တော်စိတ်ညစ်ရမှာဟ အခုတော့ သူ့ဖာသာလမ်းမှာ ရှိတဲ့ စျေးသည်ကလေးကို ဝင်တိုက်ပြီးရူးသွားတော့
ငါတို့လဲ အပစ်လွတ်တာပေါ့
ကဲကဲ သွားရအောင်
ဒီ နေရာကြီးမှာငါမနေချင်ဘူး စိတ်ညစ်တယ်”
“ကဲ ပြော ဒီည ကိုယ်နဲ့လိုက်အိပ်မှာလား”
ဝင်းမော် တစ်ယောက် ပြုံးစိစိဖြင့် သန္တာ့အားမေးလိုက်သည်။
“အိပ်ရမှာလား”
“မင်းသဘောလေ”
“အိပ်တာက အိပ်ချင်ပါတယ် ဒါပေမယ့် အဲဒီတိုက်ခန်းမှာ
ရိုစီ နဲ့လဲ နင်တူတူနေခဲ့တာမို့ ငါသိပ်တော့မပျော်ဘူး”
“ဟာ…မင်းအတွေးတွေ မလွန်စမ်းပါနဲ့ ကိုယ့်ဆီမှာ ရိုစီ ရှိမှန်းသိသိနဲ့ သူငယ်ချင်းချင်း သစ္စာဖောက်ပြီး ငါတို့ချစ်ခဲ့ကြပြီးပြီလေ အဲ့တာတွေမတွေးပါနဲ့တော့ ဟုတ်ပြီလား
စိတ်ကို ပြတ်ပြတ်သားသားထားစမ်းပါကွ
အိမ်ရောက်တာနဲ့ ရေမိုးချိုးပြီး တခုခုစားရင်း
သောက်ကြတာပေါ့ ဟုတ်ပြီလား ကျန်တာတွေတွေးမနေနဲ့ ”
“သဘော သဘော”
သန္တာနှင့် ဝင်းမော်တို့ နှစ်ယောက် ထိုညတွင်ရေမိုးချိုးညစာစား၍ အတူ အချိန်ကုန်ခဲ့ကြလေတော့သည်။
မိုးခပ်ဖွဲဖွဲရွာနေသည်။ ကုတင်ပေါ်တွင် ဝင်းမော်နှင့် သန္တာ အိပ်မောကျနေကြသည်။
ရုတ်တရက် ပြတင်းတံခါးမှ လေတိုးသံကြောင့်
ဝင်းမော် နိုးလာခဲ့သည်။ ထို့နေညက် အိပ်နေရာမှထ၍
တဖျပ်ဖျပ်လွင့်နေသော လိုက်ကာအား ဝင်းမော်လှန်းကိုင်ပြီး ပြတင်းပေါက်အားအလုံ ပိတ်လိုက်သည်။
ထိုစဥ် ထိုပြတင်းပေါက်မှ
အောက်သို့အမှတ်တမဲ့လှန်းကြည့်မိစဥ် မိန်းမတစ်ယောက် အပေါ်ထပ်သို့မော့ကြည့်နေသည်ကို ဝင်းမော် ရုတ်တရက်တွေ့လိုက်သည်။ သို့ပေမယ့် ဝင်းမော် ထိုအရာအား ဂရုမစိုက်ပဲ အိပ်ယာပေါ်သို့ ပြန်လာ၍ လဲ ချလိုက်တော့သည်။ အတန်ကြာသော် အိမ်ရှေ့တံခါးခေါက်သံအား ဝင်းမော် ကြားလိုက်ရပြန်တော့သည်။
“ဒေါက် ဒေါက် ဒေါက်….”
“ဟင် …ငါတို့ တံခါးကို လာခေါက်တာလားမသိဘူး
ဒီ အချိန်ကြီး”
ဝင်းမော် ပြောပြောဆိုဆိုဖြင့် အိပ်ယာပေါ်မှ ပြန်ထ၍ ပုဆိုးအားသေချာပြန်ပြင်ဝတ်လိုက်သည်။အိမ်ရှေ့အရောက်တွင် တံခါးခေါက်သံအား နားစွင့်လေရာ
ဝင်းမော် အခန်းအားလာခေါက်နေခြင်းမှာသေချာလေသည်။ ထို့ကြောင့် ဝင်းမော် တံခါးနားသို့ တဖြည်းဖြည်းတိုးလာရင်း တံခါးအားဖွင့်လိုက်သည်။
တံခါးအပြင်တွင် မည်သူမှ မရှိပေ…
ထိုစဥ် အိပ်ခန်းထဲ မှ သန္တာ့အသံမှာ
ဟိန်း၍ ထွက်ပေါ်လာတော့သည်။
“အား……….”
ဝင်းမော်တစ်ယောက် ….အသံ ကြားရာ အခန်းထဲ သို့ပြန်ပြေးဝင်လာတော့သည်။ဝင်းမော် အခန်းအတွင်းသို့ အလောတကြီးပြေးဝင်လာစဥ်…
“ဝင်းမော် ဝင်းမော် နင် ဘယ်ထွက်သွားတာလဲ
ငါကြောက်လို့သေတော့မယ်”
“ဘာဖြစ်တာလဲ သန္တာ ဘာဖြစ်တာလဲ”
“ခုန …ခုန အဲ့အခန်းဝ မှာ ရိုစီ ရပ်နေတယ်ဟ
ငါကြောက်လို့ ရူးမတတ်ပဲ”
“ဘာ….မဖြစ်နိုင်တာကွာ
နင်စိတ်ထင်နေတာနေမှာပါ သန္တာရာ
စိတ်ကို လျော့ထားနော် ရိုစီ့ဆီ သွားပြီး နင်အိပ်မက်တွေဘာတွေမက်နေတာနေမှာပါ”
“နင်ကရော ဘယ်ထွက်သွားတာလဲ ဝင်းမော်”
“ငါ…ငါလေ …အိမ်တံခါးခေါက်သံကြားလို့ သွားကြည့်တာ”
“ဟင် ဒီ အချိန်ကြီး ဘယ်သူလဲ ”
“မသိဘူး ဘယ်သူမှ လဲ အပြင်မှာမရှိဘူး အဲ့အချိန်နင့်အော်သံ ကြားလို့ ငါအခုပြေးလာတာပဲ”
“ဟဲ့ ငါမသက်ာဘူး ခုန ငါ ရိုစီ့ကို တကယ်ကြီး မြင်လိုက်တာ ငါတို့လေ ရိုစီ့အမေကို ဖုန်းဆက် ကြည့်ကြမလား”
“ဒီ အချိန်ကြီးကောင်းပါ့မလား သန္တာ”
“မရဘူးဟာ ငါဆက်ချင်တယ်”
သန္တာတစ်ယောက် ဖုန်းအားလှန်းယူ၍ ရိုစီ့အမေ ဖြစ်သူ ဒေါ်ရွှေမမ အား ဖုန်းဆက်လိုက်တော့သည်။
“ဟယ်လို”
“ဟယ်လို အန်တီ …ညဖက်ကြီးဖုန်းခေါ်ရတာ အားနာ
ပါတယ် …ဟို ဟိုလေ သမီး အိပ်မက်တွေမကောင်းလို့ လှန်းဆက်ကြည့်တာပါ ရိုစီ့အခြေအနေလေး
ဘယ်လိုနေလဲ ဟင် အန်တီ”
“သမီး……သမီး တို့ သူငယ်ချင်း ၈နာရီကပဲ ဆုံးသွားတယ်ကွယ် ”
ရို့စီ့အမေမှာ ငိုသံဖြင့် ဖုန်းထဲမှပြောလိုက်သောစကားအား သန္တာထိတ်လန့်သွားတော့သည်။
“ရှင်”
သန္တာမျက်လုံးမျက်စံ ပြူးဖြင့်ထအော်ရင်း
“ဘယ်လိုများဖြစ်ရတာလဲ အန်တီရယ်”
“မသိပါဘူးသမီးရယ် လျှာကိုက်ထားပြီး အံကြိတ်သေနေတာတဲ့ ….အန်တီ့သမီးလေးအဖြစ်ဆိုးတယ်ကွယ်”
“ဘုရား ဘုရား ”
“အေးကွယ် သမီးရယ် အန်တီ သမီးလေးရိုစီနာရေးအတွက်လုပ်စရာရှိတာလေးတွေလုပ်လိုက်ဦးမယ်နော်”
” အော် ဟုတ် ဟုတ် အန်တီ….”
ကတုန်ကယင်ဖြင့် သန္တာဖုန်းအားချလိုက်ရင်း…
“ဝင်းမော် ငါကြောက်တယ် ငါကြောက်တယ်
ရိုစီ ရိုစီ သေပီ တဲ့ ”
“ဘာ”
ဝင်းမော်တစ်ယောက်လည်း ကြားရသောသတင်းကြောင့်
လွန်စွာထိတ်လန့်သွားသည်။ထိုစဥ် သန္တာမှ
“ဟဲ့ ဝင်းမော် ခုန သူ ငါတို့ဆီများရောက်လာတာလား
မသိဘူး …ငါကြောက်တယ်…သူ့ဖာသာ ဖက်ထုပ်သယ်ကောင်လေးကို တိုက်မိပြီး ရူးတာကောင်းကောင်းမရူးဘူး အခု ငါတို့ကိုပါလာ ပြီးခြောက်လှန့်နေတယ်”
“သန္တာ နင် ခဏလောက် အသံပိတ်နေပေးပါ
နင်သေချာနားထောင်ကြည့် အိမ်ရှေ့မှာတစ်ယောက်ယောက်လမ်းလျှောက်နေတဲ့ အသံ ကြားလား”
“ဟမ်….ဟုတ်တယ် ဟုတ်တယ် …
ဝင်းမော် ငါကြောက်တယ် ငါပြန်မယ် ငါ့ကိုပြန်ပို့ပေးတော့
အဲ့တာကြောင့် ငါဒီ အခန်းကို မလာချင်တာ
မရတော့ဘူး ငါအရမ်းကြောက်နေပြီ”
“ကဲ မထူးဘူး ဖြစ်ချင်ရာဖြစ် လာ ဒီ အခန်းကအမြန်သွားရအောင် ကားသော့လှန်းပေးပါဦး”
နဘေးခုံပေါ်မှ ကားသော့အား သန္တာဝင်းမော်သို့ လှန်းပေးရင်း နှစ်ယောက်သားအိမ်ရှေ့သို့ အခန်းထဲ မှ လှန်းကြည့်လိုက်သည်။ အပြင်တွင် မည်သူမှ မရှိ ထို့နောက် နှစ်ယောက်သား အိမ်ရှေ့မှ တံခါးရှိရာသို့ပြေးအလာ ကြမ်းပြင်များစိုရွှဲနေသည်ကို သန္တာရော ဝင်းမော်ပါ ခံစားလိုက်ရသည်။
“ကြမ်းပြင်ကရေတွေဘာလို့စိုနေတာလဲ ဝင်းမော်”
“မေးမနေနဲ့တော့ သန္တာ
အောက်အမြန်ရောက်ဖို့အရေးကြီးတယ်”
အခန်းတံခါးသော့အားဖွင့်၍ နှစ်ယောက်သား
ညအပ်ဝတ်စုံဖြင့် အောက်တွင်ရပ်ထားသော
ကားဆီသို့ ပြေးဆင်းလာခဲ့ကြတော့သည်။
နှစ်ယောက်သား ကားသော့ဖွင့်၍
မည်သည့်စကားမှ မပြောနိုင် ကားကိုအရှိနိဖြင့်မောင်းနှင်လာကြလေတော့သည်။
အတန်ကြာကားမောင်းလာရင်း ဂုံးကျော်တံတားတစ်ခုအပေါ်သို့အရောက်တွင် သန္တာမှ…
“ငါကြောက်လိုက်တာ ဝင်းမော်ရယ်”
“ငါလဲ ကြောက်တာပါပဲ ကဲပါ အခုနင့်အိမ်ကိုအမြန်ရောက်ဖို့အရေးကြီးတယ် ”
“အေး မြန်မြန်မောင်း”
ပြောပြောဆိုဆိုဖြင့် အမှတ်တမဲ့ အနောက်ထိုင်ခုံမှ အသက်ရှူသံကြား၍ နှစ်ယောက်သားလှည့်ကြည့်လိုက်လေရာ
ကားအနောက်ခုံတွင် ထိုင်နေသော ရိုစီ့အား နှစ်ယောက်သားမြင်လိုက်ရပြီး အရှိန်ဖြင့်မောင်းနေသောကားမှာ
ဟန်ချက်ပျက်၍ ဂုံးတံတားပေါ်မှ အရှိန်ဖြင့် အောက်သို့ ထိုးကျသွားလေတော့သည်။
“အား………..”
**********
လွန်ခဲ့သောနှစ်များစွာမှ အလွန်ပျော်ရွှင်စရာကောင်းသော သူငယ်ချင်း သုံးယောက် ပုံရိပ်များမှာ ထိုနေ့ညတွင် ကမ္ဘာမြေမှ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။ ကယ်ဆယ်ရေးအဖွဲ့များအချိန်အတန်ကြာရှင်းလင်းခဲ့ကြရပြီး ကားပေါ်ရှိ ဝင်းမော်နှင့် သန္တာနှစ်ဦးစလုံး ထိုညတွင် ပွဲချင်ပြီးသေဆုံးခဲ့ကြလေတော့သည်။
………………..End………………