အိုစာမင်းစာ

Posted on

အိုစာမင်းစာ(စ/ဆုံး)
—————–

“မေကြည်ရေ၊သွားတာလာတာ သတိနဲ့သွားနော်၊တလောက ဆရာမလေးတစ်ယောက် ကျောင်းသွားရင်း လမ်းမှာ မုဒိန်းကျင့်ခံရပြီး ဘဝဆုံးသွားတာ ဖတ်လိုက်ရလို့ပါ မိန်းမရယ်”

“သြော်ကိုဆက်နောင်ရယ်၊ကျွန်မကို ဘယ်လိုလူက ဘာလုပ်ရဲမှာလဲ၊ကျွန်မ ဗလကိုကြည့်ပြီး ကပ်ရဲမှာတောင်မဟုတ်ဘူး၊ပြီးတော့ကျွန်မက အသက်ခြောက်ဆယ်နားနီးတဲ့ အဖွားကြီးပါ”

“ဘာဖြစ်ဖြစ်၊သတင်းဖတ်ပြီး စိုးရိမ်လို့ပါမိန်းမရယ်၊ဟင်းဟင်းဟင်း”

ကိုဆက်နောင်ကပြောပြီးတဟင်းဟင်းရယ်နေသည်။

“ကဲ၊အပြောလေးလျှော့ပြီး အလုပ်နဲ့သက်သေပြလိုက်ပါအုံး ယောင်္ကျားရေ”

ဒေါ်မေမေကြည်က ဘေစင်ပေါ်မှာ ထပ်နေပြီဖြစ်
သော ပန်းကန်များကို မျက်စပျစ်ပြတော့

“အေးပါကွာ”

ဟုပြန်ပြောရင်း မုန့်ပန်းကန်များကို မညည်းမညူ ဆေးနေတော့သည်။

“ညနေခင်း မုန့်တီနှင့် အာပူလျှာပူ”

ဆိုင်ကလေးက စားသုံးသူတွေနှင့်စည်ကားနေဆဲ။

ညနေငါးနာရီမှစ၍ ညနေခင်းဆိုင်မှာ ကိုဆက်နောင်တို့ ဆရာဆရာမစုံတွဲက တက်ညီလက်ညီစျေးရောင်းကြမြဲဖြစ်သည်။
ညနေသုံးနာရီခန့်မှာ ဒေါ်မေကြည်၏မိခင် ပင်စင်စား ကျောင်းဆရာမကြီး ဒေါ်ခင်ခင်ကမီးမွှေးတာဟင်းခါးအိုးတည်တာ၊မုန့်ဖတ်တွေ၊ပဲကြော်တွေလာပို့တာကို လက်ခံရတာ တွေလုပ်နေချိန်မှာ ဒေါ်မေမေကြည်ဖခင်ကြီး ဦးလေးမောင် ပင်စင်စားကျောင်းအုပ်ဆရာကြီးကလည်း ဆိုင်သန့်ရှင်းရေးလုပ်၊ဆိုင်ခင်းကျင်း၊ရေနွေးအိုးတည်စသည့်အလုပ်တွေလုပ်ရင်း သမီးနှင့်သမက်မရောက်မီ စကားလေးတပြောပြောနှင့် တက်ညီလက်ညီ လုပ်ကိုင်နေတတ်ကြသည်။

သမီးကမူလတန်းပြရာထူးနှင့် မြို့ကနှစ်မိုင်ခန့်ဝေးသောရွာကလေးမှာတာဝန်ကျသည်။ထိုရွာလေးမှာတာဝန်ကျ​နေတာနှစ်သုံးဆယ်နီးပါးခန့်ရှိမည်ထင်၏။သားမက်ဦးဆက်နောင်က မြို့ပေါ်အထကကျောင်းတစ်ကျောင်းမှာ ကာယနည်းပြဆရာဖြစ်သည်။ ယခုလစာပေးစနစ်အရ
လုပ်သက်ရင့်မူလတန်းပြဆရာမဒေါ်မေမေကြည်နှင့်အထပြရာထူးကာယဆရာ ဦးဆက်နောင်တို့က လစာလည်းတူညီကြသည်။ ၂၂၆၀၀၀ကျပ် လစာရရှိသော ကျောင်းဆရာလင်မယားနှစ်ယောက်မှာ လကုန်လျှင် နှစ်သိန်းနှစ်သောင်းနီးပါးသာ ဖြတ်တောက်ပြီး ကျန်ပါသည်။ နှစ်ယောက်ပေါင်းလစာ လေးသိန်းခွဲနီးပါးနှင့်မိဘတွေပင်စင်လစာပါပေါင်းလျှင် တောမြို့လေးမှာ အလယ်အလတ်အဆင့်တော့ နေနိုင်ပါသည်။
ကျရှင်မပြသော ဆရာ ဆရာမစုံတွဲက ညနေအိမ်ပြန်ရောက်သည်နှင့် မုန့်တီနှင့်အာပူလျှာပူဆိုင်လေးဖွင့်ပြီး အပိုဝင်ငွေရှာတတ်ကြသည်။
အိုစာမင်းစာ အဖြစ် မုန့်တီဆိုင်ကဝင်ငွေကို စုဆောင်းထားကြသည်။

************
အရပ်ငါးပေခုနှစ်လက်မခန့်ရှိသော ဒေါ်မေမေကြည်က ပေါင်တစ်ရာ့ခြောက်ဆယ်ခန့်ရှိသည်။ လူငယ်ဘဝကတော့ ဘော်လီဘော ပြည်နယ်လက်ရွေးစင်အားကစားသမားတစ်ဦးဖြစ်ခဲ့ပါသည်။ ကိုဆက်နောင်ကလည်း ပြည်နယ်အဆင့် ဘောလုံးလက်ရွေးစင်ဖြစ်သည်။အရပ်အမောင်းကောင်းကောင်းနှင့်ကိုလူချောကိုဆက်နောင်က ဘော်လီဘောလက်ရွေးစင် မေမေကြည်ကို သဘောကျနေသူဖြစ်သည်။
ဆယ်တန်းအောင်တော့ အဝေးဆုံးနယ်စပ်မြို့လေးမှာ မူလတန်းပြဆရာနှင့်ဆရာမအဖြစ် တစ်ကျောင်းတည်း တာဝန်ကျပြန်သည်။
ကိုယ့်မြို့သူမြို့သားချင်းလည်းဖြစ်၊အားကစားသမားအချင်းချင်းလည်းဖြစ်ကြတော့ အနေနီးရင်းချစ်သူတွေ ဖြစ်ခဲ့ကြသည်။
ဘွဲ့ရတော့မှ နှစ်ဖက်မိဘတွေသဘောတူခွင့်ပြုကြ၍ မိမိတို့ ရိုးရာအလိုက် မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့ကြသည်။
ချစ်သူချင်း လက်ထပ်ခွင့်ရသောကြောင့် အပျော်ဆုံးဖြစ်ရသော မင်္ဂလာပွဲ ဖြစ်ခဲ့ပါသည်။

“ကျောင်းဆရာနှင့်ဆရာမ လက်ထပ်ကြတော့ ဘယ်လိုလုပ်ပြီး စီးပွားဖြစ်တော့မှာလဲ၊နင့်ယောင်္ကျားကို အလုပ်ကထွက်ပြီး စီးပွားရေးတစ်ခုခုလုပ်ခိုင်းပါလား”

သူငယ်ချင်းတစ်ချို့ကအိမ်ထောင်ရေးကို စျေးတွက်တွက်ရင်း ပြောကြပေမဲ့ ကျောင်းဆရာစိတ်အပြည့်ဝင်နေကြပြီဖြစ်သော ကိုဆက်နောင်တို့ လင်မယားက

“ရတာလေးနဲ့ဝအောင်စား၊ရှိတာလေးနဲ့လှအောင်ဝတ်”
ရင်းသောကဟူသမျှ ကင်းစင်လို့။

သည်လိုနှင့်သားလေးမွေးတော့မှ ကိုယ့်မြို့နယ်ထဲသို့ ပြောင်းခွင့်ရတော့သည်။ ထိုအချိန်ကမေမေကြည်၏မိဘတွေကလည်းပင်စင်မယူကြသေး။ ကိုဆက်နောင်ကတော့ ကာယနည်းပြဆရာအဖြစ်သို့ ပြောင်းသွားပါသည်။

***********
တစ်ဦးတည်းသော သားကလည်း NGO ဝန်ထမ်းအဖြစ်အဝေးမှာရောက်နေသည်။အသက်သုံးဆယ်နားနီးလာသည့်တိုင် အိမ်ထောင်ပြုမည့်စကားလည်းမပြောတော့ မြေးချီရမည့်အခွင့်အရေးက ဘယ်အချိန်မှ ရောက်လာမည်မသိ။
သားကလစဥ်မိဘတွေကိုငွေနှစ်သိန်း ကျပ်ကန်တော့ပါသည်။
မေမေကြည်တို့ကလည်းသူပို့သမျှလစာတွေကိုတစ်ပြားမကျန်စုထားသည်။
သားအိမ်ထောင်ပြုလျှင် ခမ်းခမ်းနားနား မင်္ဂလာဆောင်ပေးချင်သည်။
အဖေနှင့်အမေကလည်း သူ့မြေးအိမ်ထောင်မကျသေး၍
အပြစ်တင်လို့မဆုံး။
တစ်ခါတစ်ရံသားအလုပ်ပါးချိန်တွေမှာ မိသားစုနှင့်ဖုန်းပြောလျှင်သူ့အဖိုးအဖွားတွေက
“ငါတို့မသေခင် မြစ်ချီချင်တယ်မြေးရယ်”
ဟုပြောတိုင်း
“ဖိုးဖိုးနဲ့ဖွားဖွားက သားကိုအပူရှာခိုင်းနေပြန်ပြီ၊သားယူမဲ့အိမ်ထောင်ဖက်မတွေ့သေးလို့ပါ၊တွေ့ရင်ပြောမယ်နော်”
ဟု နှစ်သိမ့်စကားတွေက မျိုးဆက်သစ်ကို မျှော်လင့်ကြသောအဖိုးအဖွားတွေအတွက် အားလျော့စရာဖြစ်ခဲ့သည်ထင်၏။
“ဒါဆို အဖွားမိတ်ဆွေ မြေးမလေးတစ်ယောက်နဲ့ငါ့မြေးကိုနေရာချပေးမယ်၊ငါ့မြေးမှာ ချစ်သူမရှိရင် လက်ခံရမယ်”
အဖွား၏ တစ်ချက်လွှတ်အမိန့်အောက်မှာ လူပျိုကြီးက
“သည်နွေရောက်မှ အဖွားကြိုက်သလိုစီစဥ်ပါ”
ဟု ချွေးသိပ်ထားလိုက်သည်။
“အမေကလည်း သားနဲ့ချစ်သူမဖြစ်ပဲနဲ့အိမ်ထောင်ရေးအဆင်ပြေပါ့မလား”
ဟုဒေါ်မေမေကြည်ကဝင်ပြောတော့

“ဟဲ့ငါနဲ့နင့်အဖေ စေ့စပ်တဲ့နေ့မှ မြင်ဘူးကြတာပါ၊ပြီးတော့လည်း ချစ်သွားကြတာပါပဲ”

လောလောဆယ်မှာတော့သည်အိမ်ကြီးမှာပင်စင်စားအဖိုးအိုအဖွားအိုနှစ်ယောက်၊ပင်စင်နားနီးအဖိုးအိုပေါက်စ၊အဖွားအိုပေါက်စနှစ်ယောက်ကတော့ တက်ညီလက်ညီ စျေးရောင်းကြလို့။
အလုပ်လုပ်နေကြရတော့ ကျန်းမာရေးကလည်းကောင်းနေကြဆဲ။
​အဖေကခြံထဲကသီးပင်စားပင်တွေကိုရေလောင်းပေါင်းသင်ရင်း ဘုရားရှိခိုးလိုက်၊ဥပုသ်နေ့ဥပုသ်ယူလိုက်နှင့်အသက်ရှစ်ဆယ်နီးပါးအရွယ်ဟုပင်မထင်ရ။
အမေက မိသားစုအတွက် စျေးဝယ်ချက်ပြုတ်ရင်း မုန့်တီဆိုင်အတွက်ပြင်ဆင်ရနှင့် ဖျားနာချိန်တောင်မရပါ။

*********

“အိုစာမင်းစာ”
ဟူသောဝေါဟာရက အိုချိန်နာချိန်မှာ စားဝတ်နေရေး အဆင်ပြေပြေနှင့် နောက်ဆုံးနေဝင်ချိန်ကိုဖြတ်သန်းနိုင်ဖို့ လိုအပ်သော အသပြာ လည်းဖြစ်သလို အေးအေးချမ်းချမ်းလုံလုံခြုံခြုံနေနိုင်မည့်အိုးအိမ်၊ပြုစုပေးမည့်သားသမီးမြေးမြစ်အခြွေအရံတွေလည်း ပါလိမ့်မည်ဟု မေမေကြည်ထင်ပါသည်။
အဖေနှင့်အမေအတွက်မေမေကြည်တို့လင်မယားရှိနေပေမဲ့ မေမေကြည်တို့အတွက်တော့ အိုစာမင်းစာလိုအပ်ပါလိမ့်မည်။ သည်နွေမှာတော့ အမေပြောသလို သားကိုအိမ်ထောင်ချပေးတာအကောင်းဆုံးဖြစ်မည်ထင်ပါသည်။

*********
“အဖွားဆရာမကြီး၊မီးမီးကို အာပူလျှာပူသုပ်တစ်ပွဲပေးပါ၊အများကြီးမစပ်ဘူးနော်”
“အဖွားဆရာမကြီးသားကိုမုန့်ဖတ်သုပ်ကို အစပ်မပါဘဲသုပ်ပေးပါ”
“ဒေါ်မေမေကြည်ရေ၊မုန်တီအနောက်ရည်လေးနဲ့တစ်ပွဲနော်၊ပဲကြော်နဲ့ထည့်ပေးပါ”

ဒေါ်မေမေကြည်တို့ခေါင်းရင်းနှစ်အိမ်ကျော်မှာ ဆရာမတစ်ယောက်က အိမ်မှာကျူရှင်ပြတော့ ကျောင်းသားလေးတွေက ကျူရှင်လာရင်း ညနေခင်းမန့်တီဆိုင်မှာ အဆာပြေအားပေးတတ်ကြသည်။
ညနေတိုင်းမုန့်ဖတ်သုံးပိသာက အသာလေးကုန်တတ်သည်။ရန်ကုန်မှာတော့ ရခိုင်မုန့်တီ သောက်သည်ဟုပြောကြသည်။
မုန့်ဖတ်နည်းနည်းဟင်းရေများများနှင့် စားကြသည်က ရန်ကုန်စတိုင်ဖြစ်သည်။
ကိုယ့်ဒေသမှာကမုန့်ဖတ်များများနှင့်စားတတ်ကြသည်။
မုန်တီဟင်းခါးရည်ကိုလည်း အပေါ်ကခပ်ယူထည့်ပေးလျှင်
“အပေါ်ရေ”
တစ်ဝက်တစပြင်မွှေပြီး အနှစ်အနည်းငယ်ပါပြီးထည့်ပေးလျှင်
“အလယ်ရေ”
မွှေပြီး ငါးအနှစ်များများနှင့်ထည့်ပေးလျှင်
“အနောက်ရည်”
ဟုခေါ်တတ်ကြသည်။
အသုပ်တွေမှာလျှင်တော့ဟင်းခါးအပေါ်ရေဖြင့် ပေးနေကြဖြစ်ပါသည်။
ဟင်းခါးရည်ခပ်ရန် အုံးမှုတ်ခွက်ကို ဝါးလက်ကိုင်ရိုးတတ်ထားသောခွက်ဖြင့် ဟင်းရေခပ်ထည့်ပေးရသည်။
ဟင်းခါရည်ချက်သည့်အိုးက မေမေကြည်တို့ဆိုင်က မြေအိုးဝမ်းကျယ်ကျယ် လည်ပင်းရှည်ရှည်နှင့်အိုးကိုပဲသုံးပါသည်။မြေအိုးနှင့်ကပိုအရသာရှိသည်ဟု ယုံကြည်၍လည်းဖြစ်ပါသည်။
ဟင်းခါးချက်ရန်ကောင်းသည့်ငါးရွှေတွေ ပေါချိန်မှာ အများအပြားဝယ်ပြီးပြုတ်၊အရိုးထွင်ပြီးအခြောက်လှမ်းကာ ဆုံနှင့်ညက်စွာထောင်းပြီးလေလုံအောင်ပုလင်းတွေနှင့်ထည့်ထားတတ်သည်။
မိုးရာသီငါးရှားပါးချိန်တွေမှာ ငါးရွှေအမှုန့်နှင့်ချက်ပါသည်။
တစ်ညနေရောင်းစာရိတ်ထဲမှ နေ့စဥ်တစ်သောင်းလောက်တော့မြတ်ပါသည်။
မချမ်းသာပေမဲ့ မဆင်းရဲဟုထင်ပါသည်။
ကျန်းကျန်းမာမာနှင့် ကျောင်းသွားလိုက်ပြန်လာလျှင်စျေးရောင်းလိုက်နှင့် ဒေါ်မေမေကြည်တို့လင်မယားကတော့
ရိုးသားစွာဖြင့် အိုစာမင်းစာအတွက် စုဆောင်းနေကြပါပြီ။
မိမိတို့လို ဘဝတူ ဝန်ထမ်းတွေကို တွေ့တိုင်း အသက်ကြီးအိုမင်းမစွမ်းဖြစ်နေချိန်မှာ” အိုစာမင်းစာ” အတွက်စိတ်ပူရကြောင်းပြောကြလျှင် ရိုးရိုးသားသားနှင့်အိုစာမင်းစာကို
အခုကပဲ ရှာဖွေသင့်ကြောင်း ဒေါ်မေမေကြည်က သူ့ညနေခင်းမုန့်တီဆိုင်လေးကိုအကြောင်းပြု၍ ပြောပြနေမိပါတော့သည်။

(လူတိုင်းလူတိုင်း အိုမင်းချိန်မှာ “အိုစာမင်းစာ” တွေပြည့်စုံကြပါစေခင်ဗျာ)

မေတ္တာဖြင့်
မွန်းသည်းအိမ်