အုတ်တွင်းမှမကျွတ်မလွတ်များ(စ/ဆုံး)
—————————————
တစ်ခုသောညဉ့်နက်နေချိန် ညတစ်ညတွင်
အုတ်တွင်းကြီးတစ်ခုလုံး တိတ်ဆိတ်နေပြီး
လရောင်ခပ်မှိန်မှိန် အောက်တွင်အရာအားလုံးကို
မပီပြင်ဝိုးတဝါးသာ မြင်နေရလေသည်။
လူသံသူသံမကြားရ ပိုးကောင်လေးများ၏
တစီစီအော်မြည်သံသည်သာ ပတ်ဝန်းကျင်
တစ်ခုလုံးအားလွှမ်းမိုး၍နေပေသည်။
ဝါဆိုဝါခေါင်ဖြစ်သည့်အတွက် အုတ်တွင်းကြီး
တစ်တွင်းလုံးရေများဖြင့်ပြည့်နှက်နေပေသည်။
ထို့ကြောင့် အုတ်ရိုက်လုပ်ငန်းလုပ်ကိုင်ကြသည့်
သူများမှာ အုတ်တွင်း၏ ခပ်လှမ်းလှမ်းတွင်ရှိသော
လူနေအိမ် ပတ်လည်အတွင်း၌သာ
အုတ်ရိုက်အုတ်ဖုတ်သောလုပ်ငန်းအား
လုပ်ကြရလေသည်။
ဤသို့ ဝါဆိုဝါခေါင်လတွေ့မှာတော့
ရေများဖြင့်ပြည့်နေသော အုတ်တွင်းကြီးအား
အနီးအဝေးမှလူများ လာရောက်လျှော်ဖွတ်ကြ
ရေချိုးကြ ပျော်ကြပါးကြသည့်လူများလည်း
လာရောက်တတ်ကြလေသည်။
ဤသို့အုတ်တွင်းသို့ လာကြသည့်အချိန်
မတော်တဆဖြင့်ရေနစ်သေဆုံးသော
လူများတဖြည်းဖြည်းနှင့်များပြားလာခဲ့ပေသည်။
အသက်၁၄ ၁၅ ခန့်ကလေးငယ်များလည်း
လူကြီးမိဘတွေမသိအောင်လာရောက်စော့ကစား
ကြသည့်အတွက် လူသူမသိပဲရေနစ်သေဆုံးကြ
ပြန်သည်။
သားသမီးများအားရှာလို့မတွေ့လျှင်
အုတ်တွင်းဘက်အားလာရောက်ရှာဖွေမှ
ရေနစ်သေဆုံးမှန်းသိကြရလေသည်။
ထို့ကြောင့် လူကြီးမိဘများက အုတ်တွင်းဘက်
ဆိုလျင်ကလေးသူငယ်များအား မသွားရန်
တားမြစ်ကြပေသည်။
ကလေးတွေတင်ပဲ သေသလားဆိုတော့
မဟုတ်ပြန်ပေ။
မူးမူးရူးရူးရေဆင်းကူးသည့်လူကြီးများ
အပျော်တမ်းလှေလာစီးကြသည့်လူများလည်း
သေဆုံးသွားကြသည်မှ လက်ချိုးရေလို့မရအောင်
များပြားခဲ့ပေသည်။
ထို့ကြောင့် အုတ်တွင်းကြီးတစ်ခုလုံး
မကျွတ်မလွတ်သောနာနာဘာဝများ
တဖြည်းဖြည်းနှင့်များပြားလာခဲ့ပေသည်။
ထိုနာနာဘာဝများကလည်း သူတို့နှင့်နေရာချင်း
လဲရန်အမြဲစောင့်ဆိုင်းနေတတ်ကြပြန်သည်။
ယခု ဝါဆိုဝါခေါင် ရောက်လာပြန်ပြီဖြစ်သည်။
ထို့ကြောင့် ဒီနှစ်လည်းဘယ်လိုလူစားလဲဦး
မည်ဆိုတာကို လူအများကစိုးရွံ့ကြောက်လန့်
နေကြပေသည်။
တိတ်ဆိတ်နေသော ညတစ်ည
အသက်၆၀ကျော်ခန့် ရှိသော အမျိုးသမီး
တစ်ဦးအုတ်တွင်းဘက်သို့ လမ်းလျှောက်၍
လာနေပေသည်။
အချိန်ကား ညဉ့်နက်သန်းခေါင်ကျော်ပြီ
ဖြစ်သည့်အတွက် အုတ်တွင်းအနီးမှလူများအိပ်မောကျနေကြပြီ
ဖြစ်သည်။
ထိုအမျိုးသမီးမှာ တခြားသူမဟုတ်ပေ
အုတ်တွင်းနှင့်နီးကပ်သောရွာထဲမှ
စိတ်မနှံ့သောဒေါ်စိုးခင် ဖြစ်လေသည်။
ထို့ကြောင့် လူအိပ်ချိန်ကြီးရောက်မှအိမ်က
ထွက်လာပြီးအုတ်တွင်းထဲရောက်လာခြင်းပင်
ဖြစ်သည်။
ဒေါ်စိုးခင်လည်း မမြင်မကန်းဖြင့်
ရှေ့သို့ဆက်သွားရာ တစ်နေရာအရောက်မှာတော့
“ဝုန်း”
“ဗွမ်း”
“အေမ့”
ရေပြင်ဟုမထင်ပဲ မြေကြီးထင်ကာနင်းလိုက်မိသည့်အတွက်
ခြေချော်ပြီးရေထဲကျသွားလေတော့သည်။
“ဖလူး ဖလူး ”
“ဗန်း ဖြန်း ဗွမ်း”
ရေပေါ်သို့ပေါ်လာလိုက် ရေပြင်အား
လက်ဖြင့်ကြောက်အားလန့်အားဖြင့်
ရိုက်လိုက်သည့်အတွက် တဖြန်းဖြန်း
ဖြင့်အသံများထွက်ပေါ်လာသည်။
ဒေါ်စိုးခင် ရေထဲနစ်သွားချိန်တွင်
ရေအောက်မှ ကြောက်စရာကောင်းသော
နာနာဘာဝများက ခြေထောက်အား
ဝိုင်းဆွဲကြလေသည်။
ဒေါ်စိုးခင် ရေအောက်တွင် မပီပြင်ဝိုးတဝါး
မြင်လိုက်ရသည်က မကျွတ်မလွတ်ကြသေးသည့်
နာနာဘာဝများမှာ အလွန်များပြားနေသည်ကို
မြင်လိုက်ရပေသည်။
သူ့ခြေထောက်အားလာဆွဲနေသည့်လက်များ
ထဲမှာကလေးငယ်များ၏လက်များလည်း
ပါဝင်နေပေသည်။
သူဘယ်လိုပဲရုန်းရုန်း နာနာဘာဝများ၏
သန်မာလွန်းသောလက်များ၏ဆွဲအားကြောင့်
ရေအောက်ထဲဆွဲချခံလိုက်ရပေတော့သည်။
===============
“လေးလေး စိုးခင် လေးလေးစိုးခင်
ဟောတော့် ဘယ်များသွားနေပါလိမ့်”
ဒေါ်စိုးခင်၏တူမ ဖြစ်သူ မဘုတ်တစ်ယောက် မနက်ခင်းအိပ်ရာမှအထ
ဒေါ်လေးအားလာနှိုးစဉ်မတွေ့ သဖြင့်
စိတ်ပူနေခိုက် အိမ်အပြင်ဘက်လမ်းဆီမှ
လူ၂ဦးစကားပြောသံအားကြားလိုက်ရ
လေသည်။
“အုတ်တွင်းထဲလူသေပြန်ပြီတဲ့ ”
“ဟင်…ဟုတ်လား ကလေးလားလူကြီးလား”
“လူကြီးတဲ့ အသက်က၆၀ကျော်လောက်လို့
ပြေကြတာပဲအေ ”
“ဟောတော် ဖြစ်မှဖြစ်ရလေဟယ်
လူကြီးဆိုတော့ မမြင်မကန်းနဲ့ ရေထဲလိမ့်ကျ
တာနေမှာပေါ့အေ”
“ဟင် အုတ်တွင်းထဲလူသေလို့ဆိုပါလား
ဘုရားဘုရား လေးလေးစိုးခင် မဖြစ်ပါစေနဲ့တော်”
“မဘုတ်ရေ မဘုတ် ”
“ဟေ့ သံချောင်း ငါဒီမှာ”
“မဘုတ် လေးလေးစိုးခင် အုတ်တွင်းထဲ
ရေနစ်ပြီးသေပြီဗျ”
“ဟင် ဖြစ်မှဖြစ်ရလေ လေးလေးရယ်
ငါမနေ့ညက အိပ်ပျော်သွားတဲ့အချိန်
အိမ်ကနေခိုးထွက်သွားတာဖြစ်မယ်
အခုမနက်ငါနိုးတော့လိုက်ရှာတာ
မတွေ့လို့ စိတ်ပူနေတုန်းပဲရှိသေးတယ်
အခုတော့ဟာ ဟီး ဟီး ဟီး ”
“ငိုမနေပါနဲ့တော့ မဘုတ်ရယ် အုတ်တွင်းထဲမှာ
ရဲတွေလည်းလာစစ်ဆေးနေကြတယ်
ကျွန်တော်တို့သွားကြရအောင် လာ မဘုတ်”
“အေးပါဟယ် ”
မဘုတ်လည်းသံချောင်းနှင့်အတူ အုတ်တွင်းဘက်သို့လိုက်လာခဲ့တော့သည်။
အုတ်တွင်းသို့ရောက်တော့ လူတွေအများကြီး
ဝိုင်းကြည့်နေကြလေသည်။
မြေကြီးပေါ်တွင်တော့ ဒေါ်စိုးခင်၏အလောင်းအား
ရေထဲမှဆယ်ယူထားကြလေသည်။
ရဲများကလည်းအလောင်းအားစစ်ဆေးလိုက်
အုတ်တွင်းအနီးနေထိုင်သောလူများအား
မေးမြန်းလိုက်ဖြင့်အလှုပ်ရှုပ်နေကြတော့သည်။
နောက်ဆုံးတော့ ရဲများ၏စစ်ဆေးချက်အရ
သဘာဝအတိုင်းသေဆုံးခြင်းသာဖြစ်သည့်အတွက်
အလောင်းအားသယ်ယူခွင့်ပေးလိုက်ကာ
ထိုအမှုအားသည်အတိုင်းအဆုံးသတ်ခဲ့ကြ
လေသည်။
(ဒေါ်စိုးခင်လူစားလဲခံရခြင်းဖြစ်သည်)
================
အုတ်တွင်းမှမကျွတ်မလွတ်များ(၂)
သီတင်းကျွတ်လပြည့်နေ့ ညတစ်ည
မြို့ ပေါ်ရပ်ကွက်အနီးဘုရားပွဲတွင်
ပွဲသွားကြည့်ရန် အုတ်တွင်းမှာနေထိုင်သော
မိထက်ပိုင်က မိခင်အားပူဆာလေသည်။
“အမေ ပွဲသွားကြည့်ရအောင်နော် အမေ
အိမ်မှာနေရတာပျင်းတယ်အမေရဲ့”
“ဟဲ့ မိထက်ပိုင် နင့်ကိုယ်လုံးကြီးကိုငါက
စက်ဘီးတင်စီးရမှာလားအေ
ငါအသက်ထွက်မှာပေါ့ဟဲ့”
“အမေကလည်း ကိုယ့်သမီးလေး
ကြည့်ချင်တာကိုလိုက်မပို့ဘူး
တကယ်ပဲ အမေကတော့လေ”
မိထက်ပိုင် မိခင်ဖြစ်သူအား စိတ်ကောက်ကာ
နှုပ်ခမ်းစူလိုက်လေသည်။
“ကဲပါ နှုတ်ခမ်းကြီးထော်မနေပါနဲ့
နင်နှုတ်ခမ်းက ငါ့အိမ်ခေါင်မိုကြီး
လည်းထိုးမိပါဦးမယ်
လာစက်ဘီးထုတ်ခဲ့ ငါလိုက်ပို့ပါ့မယ်
မယ်မင်းကြီးမ”
“ဟေး ဒါမှ ငါ့အမေကွ”
“နေဦး ဓာတ်မီး၂လက်ပါယူလာခဲ့ဦး
လမ်းကြပိုးကောင်မွှားကောင်နဲ့”
“ဟုတ်အမေ”
သားအမိနှစ်ယောက် စင်ဘီးတစ်စင်းဖြင့်
့မြို့ ပေါ်ရပ်ကွက်က ဘုရားပွဲအား သွားကြည့်ကြလေသည်။
ဘုရားပွဲတွင်ပါသော ဇာတ်ပွဲအား
သားအမိနှစ်ယောက် ၂နာရီကျော်သည်ထိ
ထိုင်ကြည့်နေလိုက်ကြသည်။
“အမေပြန်ကြအောင် သမီးဒီလောက်ဆို
တော်ပြီ”
“နေပါဦး နင်ကလည်း ပြီးအောင်ကြည့်စမ်းပါ
ဘာတွေလောနေတာလဲ ဟိုမှာပွဲကကောင်းနေတာကို ”
“သမီးအိပ်ချင်နေပြီ အမေရဲ့”
“အေး ပြီးရော လာပြန်မယ်”
သားအမိနှစ်ယောက် စက်ဘီးအားသော့ဖွင့်
လိုက်ပြီး
“တက်တော့”
“ရပြီ အမေ နင်းတော့”
မိထက်ပိုင်တို့သားအမိနှစ်ယောက်
အုတ်တွင်းသို့ပြန်လာသည့်လမ်း
တစ်လျောက်လုံးစကားမပြောဖြစ်ကြ
ပဲတိတ်ဆိတ်နေကြလေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်တွင်
ထန်းပင်ကြီးများကလည်းလရောင်အောက်တွင်
ထီးထီးကြီးရှိနေကြပေသည်။
သားအမိနှစ်ယောက် ကိုယ့်အတွေးကိုယ်စီဖြင့်
ငြိမ်သက်နေခိုက် ထန်းပင်ကြီးပေါ်မှ
“အုံး”
“ဟင်”
“အေမ့”
လွန်စွာမှကျယ်လောင်သော အသံကြီးတစ်သံအား
ကြားလိုက်ကြရသည်။
“သမီး ဓာတ်မီးနဲ့ထိုးကြည့်စမ်း
ထန်းပင်ပေါ်ကဘာပြုတ်ကျတာလဲမသိဘူး”
“ဂျောက်”
မိထက်ပိုင်လည်း ဓာတ်မီးဖြင့်ထိုးကြည့်လိုက်ရာ
ထန်းပင်ကြီးအောက်တွင် မည်းမည်းအကောင်ကြီးတစ်ကောင်
ငုတ်တုတ်ထိုင်နေလေသည်။
ဓာတ်မီးထိုးလိုက်သည့်မီးရောင်ကြောင့်
ထန်းပင်အောက်မှသရဲကြီးက
သူတို့သားအမိဘက်သို့လှည့်လာကာ
“ဘုရားဘုရား သ သရဲကြီး ”
သရဲကြီး၏မျက်လုံးကြီးမှာ ဓာတ်မီးရောင်ဖြင့်
တိုက်ရိုက်ထိုးနေမိသောကြောင့် မျက်လုံးကြီးမှာမီးကြီးခဲကြီးလား ရဲရဲတောက်ကာဝင်းလက်နေသည်။
“သမီး”
“ရှင် …”
မိထက်ပိုင်၏ ရှင်ဆိုသည့် ထူးသံလိုက်သံမှာ
တုန်ခိုက်နေပေသည်။
“သမီး စက်ဘီးပေါ်တက်တော့”
မိထက်ပိုင်လည်း ခန္ဓာကိုယ်ကြီးနှင့်မလိုက်
လျင်မြန်ဖျက်လက်စွာဖြင့် စက်ဘီးပေါ်
ရောက်သွားသည်။
မိထက်ပိုင်၏ မိခင်လည်း သမီးစက်ဘီးပေါ်
ရောက်သည်နှင့် စက်ဘီးအား ဒုန်းကြမ်းစီး
တော့သည်။
သရဲကြီးကနောက်ကလိုက်လာသည့်အတွက်
စက်ဘီးအား ဒုန်းကြမ်းစီးပြီး ခပ်လှမ်းလှမ်း
အရောက်တွင်တော့
“ဒုန်း ဂလုန်း”
“ဂျောက် ဂျိ”
“အမေ စက်ဘီးချိန်းကြိုးကျသွားပြီထင်တယ်”
“ဟာ ဒုက္ခပဲ သမီးရေ ပြေး ပြေး”
“ဂလုန် ဂွမ်”
လက်က စက်ဘီးအား ပြေးရင်းလွှားရင်း
တွန်းလိုက်သည်။
နောက်ကိုလှည့်ကြည့်တော့ သရဲကြီးက
လိုက်လာမြဲပေ
“သမီးရေ ပြေးထား ရောက်တော့မယ်”
“ဟုတ်အမေ ”
သားအမိနှစ်ယောက် ကြောက်အားလန့်အားဖြင့်
အုတ်တွင်းထဲတွင်ရှိသော သူတို့အိမ်လေးသို့
ပြေးလာခဲ့ကြလေသည်။
နောက်ကိုလှည့်ကြည့်တော့ သရဲကြီးမှာ
ဆက်မလိုက်လာတော့ပဲ နေရစ်ခဲ့တော့သည်။
အိမ်ရောက်တော့ တွန်းလာသည့်
စက်ဘီးအား ပစ်လှဲချလိုက်ပြီးအိမ်ပေါ်
တက်ပြေးကြတော့သည်။
အိမ်ပေါ်သို့ရောက်တော့ ဘုရားကျောင်းဆောင်
ပေါ်မှ ပရိတ်ရေဗူးအား ယူကာ သောက်လိုက်ကြလေသည်။
ပရိတ်ရေ၏တန်ခိုးတော်ကြောင့်
သားအမိနှစ်ယောက်စလုံး
အကြောက်အလန့်များပြေသွားကြ
တော့သည်။
မနက်လင်းတော့ သားအမိနှစ်ယောက်
အိမ်အောက်ဆင်းလာကြပြီး
မြေပေါ်လဲနေသည့် စက်ဘီးအား
ကြည့်မိကြရင်း
“ဟား ဟား ဟား ဟား ”
“အောင်မယ်လေး ငါအူနာလိုက်တာ
ရယ်ရလွန်းလို့ ”
“ဟုတ်ပါ့အမေရယ်”
မြေပေါ်လဲနေသည့် စက်ဘီးမှာ
စက်ဘီးခွေက နှစ်ဘီးလုံးတွန့်လိမ်
ကောက်ကွေးနေပြီး ချိန်းဖုံးကလည်းတစ်ခုတခြားစီပြုတ်ထွက်
နေလေသည်။
“မိထက်ပိုင် ညည်းလေ သမီးစက်ဘီးပေါ်တက်ဆိုတော့ နင်ဘယ်လိုများ
တက်လိုက်တာလဲအေ
ငါ့မယ် နင်ဘီးပေါ်ရောက် လို့ရောက်မှန်းတောင်
မသိလိုက္ဘူး ”
“မသိဘူးအမေရယ် သမီးလည်း ကြောက်ပြီး
ခုန်တက်လိုက်တာ ဘယ်လိုလုပ်စက်ဘီးပေါ်
ရောက်သွားမှန်းမသိဘူး ခါတိုင်းဆို
စက်ဘီးပေါ်ရောက်ဖို့ ဖင်ကြီးသယ်နေရတာ
ဟား ဟား ဟား ”
(သားအမိ2ယောက်နှင့်အုတ်တွင်းမှသရဲကြီး)
===============
အုတ်တွင်းမှမကျွတ်မလွတ်များ(ဇာတ်သိမ်း)
“ကိုအောင် မနက်ဖြန် အလှူအတွက်
ည၂နာရီလောက် မြို့ ပေါ်မိတ်ကပ်သွားလိမ်းရမှာလိုက်ပို့ ဦး”
“အေးပါ ကိုယ်သိပါတယ် မိန်းမရယ်”
“ဒါဆိုစောစောအိပ်တော့ အခုတောင်၉နာရီကျော်နေပြီ”
ကိုအောင်ခိုင်နှင့်မလင်းလင်းတို့ လင်မယား
နှစ်ယောက် မနက်တွင်ကျင်းပမည့်
အလှူတွင် လင်မယားနှစ်ယောက်လုံး
လိုက်ပါရမည်ဖြစ်သည့်အတွက်
ည၂နာရီထကာ မြို့ ပေါ်မိတ်ကပ်သွားလိမ်းရမည်
ဖြစ်သည်။
“ကိုအောင် ထတော့ ၁နာရီနဲ့၄၅မိနစ်
ရှိနေပြီ ထတော့ ”
“ဟင် အေးအေး ထပြီ ထပြီ”
“မျက်နှာသစ်ကြစို့ ကိုအောင် မိတ်ကပ်ဆရာက
ပြင်ရမည့်လူများတယ် စောစောရောက်တော့
စောစောပြင်ရတာပေါ့”
လင်မယားနှစ်ယောက် မျက်နှာသစ်ပြီးသည်နှင့်
ညဝတ်သောအဝတ်အစားများအား
လဲလိုက်ကြသည်။
ပြီးနောက် ကိုအောင်ခိုင်က
ဆိုင်ကယ်အားစက်နှိုးလိုက်သည်။
“ဟာ သွားပြီ ”
“ဘာလို့လဲ ကိုအောင်”
“ညနေက ဆီဝယ်ထည့်ဖို့မေ့သွားတယ်ကွာ”
“လုပ်ပြီ ဖြစ်ရမယ်ရှင်ကတော့ အဲ့လိုနမော်နမဲ့ လုပ်တာ မကြိုက်ပါဘူးဆိုမှ
အခုဘယ်လိုသွားကြမလဲ”
“ဟ နမော်နမဲ့လုပ်တာ တော့မပြောနဲ့ကွာ
ကိုယ်လည်းမေ့နေလို့လေ”
“ရှင်ကတော့ တကယ်ပဲ ဘာမှန်းကိုမသိဘူး”
“ဟာကွာ ဆီမရှိလည်း ခြေလျင်သွားလို့
ရနေတာပဲကို လာပြီးရစ်နေတယ်”
“ခြေလျင်သွားလို့ရတာတော့ သိတာပေါ့
ခြေထောက်ညောင်းတာတော့ မပြောဘူး”
“လာစမ်းပါကွာ ပြောနေကြာတယ်”
ကိုအောင်ခိုင်နှင့်မလင်းလင်းတို့
စကားများပြီးခြေလျင်ထွက်လာခဲ့
ကြတော့သည်။
မြို့ ပေါ်ရပ်ကွက်နဲ့ကသိပ်မဝေးတော့
အချိန်ဘယ်လောက်မှမကြာလိုက်ပါ
မိတ်ကပ်ဆရာအိမ်သို့ရောက်လာကြသည်။
“မာမီနိုင်ရေ မာမီနိုင် ”
“လာပါပြီရှင် ကျွန်မနိုးနေပါတယ်”
“ဂျောက်”
မာမီနိုင်ကတံခါးဖွင့်ပေးလိုက်ပြီး
ကိုအောင်တို့လင်မယားအားအိမ်ထဲခေါ်
လိုက်သည်။
“မာမီနိုင်အလှဆုံးပြင်ပေးနော် မာမီကို
ယုံလို့လာအပ်တာနော်”
“သိပါတယ် ညီမရယ် အလှဆုံးဖြစ်အောင်
ပြင်ပေးပါ့မယ်နော် ဒါနဲ့ ဆိုင်ကယ်ပါမလာကြဘူးလား
ခြေလျင်လာကြတာလား”
“ဟုတ်ပါ့ မာမီနိုင်ရယ် ဟော ဟောဟိုက
မောင်မင်းကြီးသားကြောင့်ပေါ့တော်
ဆိုင်ကယ်ကိုဆီထည့်ဖို့မေ့နေလို့တဲ့
သွားခါနီးမှစကားများလာကြတာ”
“မင်းတော်လိုက်တော့နော် ”
“ကဲပါအေ နင်တို့ကလည်း
ငါကမသိလို့မေးလိုက်တာကနေ
ရန်ထဖြစ်ကြတော့မယ် တော်ကြပါတော့”
မာမီနိုင်ကထိုသို့ပြောပြီး မိတ်ကပ်အား
စတင်လိမ်းပေးလိုက်တော့သည်။
မိတ်ကပ်ပြင်တာအချိန်၂နာရီခန့်ကြာသွားခဲ့သည်။
“ကဲပြီးပါပြီ ရှင် ကြည့်လိုက်ပါဦး
ရှင့်မိန်းမဘယ်လောက်လှလိုက်သလဲလို့”
“ဟား ဟား သူလှတယ်ဆိုတာ ကျုပ်ချောတာကို
တော့မှီမယ်မထင်ပါဘူးဗျာ”
“ရွံစရာကြီး အဝက်”
“ဒီလင်မယားကတော့ ကလေးတွေကြနေတာပဲ
ဒါနဲ့ ကိုအောင် ရှင့်ကိုရော နည်းနည်းပါးပါး
ပုတ်ပေးရမလား”
“ဟာ ရတယ် နေပါစေတော့ ကျုပ်က
ချောပြီးသား ပါ လာပြီးရင်လည်း
သွားကြမယ် မာမီကို ကျန်တဲ့ပိုက်ဆံပေး
ခဲ့လိုက်ဦး”
“သိပါတယ် ပေးမလို့ပါပဲ ရှင့်စိတ်ကြီးပဲ”
ကိုအောင်ခိုင်လည်း မလင်းလင်းအား စိတ်ဆိုးချင်ယောင်ဆောင်ကာ ရှေ့ကနေ
မစောင့်တော့ပဲ ခြေလှမ်းကျဲကြီးများဖြင့်
ထွက်သွားလေသည်။
“ဟင်း မစောင့်ချင်လည်းနေပေါ့
ကိုယ့်ဟာကိုပြန်တတ်သားပဲ ”
မနက်လေးနာရီကျော်ပြီဖြစ်သည့်အတွက်
အလင်းရောင်ကတော့ ကောင်းစွာမရသေးပဲ
လမ်းတစ်လျောက်မှောင်နေဆဲပင်ဖြစ်သည်။
အုတ်တွင်းကိုလင်မယားနှစ်ယောက်
ရှေ့ဆင့်နောက်ဆင့်ပြန်လာခဲ့ကြသည်။
အုတ်တွင်းထဲတွင် သစ်ပင်ကြီးတစ်ပင်လည်း
ရှိလေသည်။
ထိုအပင်ကြီးအားကျော်ကာ ကိုအောင်ခိုင်
ဖြတ်လာခဲ့သည်။
နောက်ကခပ်လှမ်းလှမ်းတွင် မလင်းလင်းလည်း
လိုက်ပါလာသည်ကိုသူလှည့်ကြည့်လိုက်၍
မြင်လိုက်ရပေသည်။
ထို့ကြောင့် အိမ်နဲ့လည်းသိပ်မဝေးတော့
သဖြင့် မလင်းလင်းအားမစောင့်ဖြစ်တော့။
မလင်းလင်းလည်း ထိုအပင်ကြီးအောက်ကနေ
အဖြတ် အပင်ပေါ်မှ ရုတ်တရက်
အကောင်ကြီးတစ်ကောင်ဆင်းလာ
လေသည်။
“အောင်မယ်လေး ”
မျက်လုံးက နဖူးအလည်တည့်တည့်တွင်
တစ်လုံးတည်းပါရှိသော သရဲကြီးတစ်ကောင်
က မလင်းလင်းအား တစ်တောင်ခန့်ရှိသော
သူ၏လျာကြီးအား ထုတ်ပြလိုက်သည်။
“အေမ …”
“ဘုတ်”
မလင်းလင်းလည်း အကြောက်လွန်ပြီး
ထိုနေရာမှာပင်သတိလစ်ကာလဲကျသွား
တော့သည်။
ကိုအောင်ခိုင်လည်း နောက်မှ ပါမလာသော
မိန်းမဖြစ်သူအတွက် အနည်းငယ်စိုးရိမ်သွားပြီး
လှည့်ပြန်လာခဲ့တော့သည်။
အပင်ကြီးနှင့်ခပ်လှမ်းလှမ်းအရောက်တွင်တော့
မြေပေါ်လဲကျနေသော မိန်းမဖြစ်သူအား
မြင်လိုက်ပြီး
“ဟင်…မိန်းမ မိန်းမ ”
မြေပေါ်မှပွေ့ထူကာ မလိုက်ပြီး
သတိလည်လာအောင် ပါးအား အနည်းငယ်
တဖက်ဖက်ဖြင့်ရိုက်လိုက်လေသည်။
“ဟင်…ကိုအောင် သရဲကြီးရောဘယ်ရောက်သွားလဲ”
“ဘယ်ကသရဲကြီးလဲ မိန်းမရဲ့”
“ရှင် ကျွန်မကို မစောင့်ပဲရှေ့ကနေသွားနေတုန်း
ကျွန်မကို ဒီအပင်ပေါ်ကသရဲကြီးက
ဆင်းပြီး ကျွန်မကိုခြောက်သွားတာ
မျက်လုံးကြီးကတစ်လုံးတည်းပြီးတော့
သူ့လျာကြီးကိုထုတ်ပြသွားသေးတာ
နည်းတဲ့လျာကြီးဟား ”
“ဟာကွာ ဖြစ်မှဖြစ်ရလေ”
ကိုအောင်ခိုင်လည်း မိန်းမဖြစ်သူအတွက်
စိတ်မကောင်းဖြစ်သွားရသည်။
သူမစောင့်ပဲရှေ့ကနေသွားလို့ ယခုလို
သရဲခြောက်ခံရခြင်းဖြစ်သည့်အတွက်
သူစိတ်မကောင်းပေ။
“ထ ထ မိန်းမ သွားကြအောင်
ဖုန်တွေလည်းပေကုန်ပြီ ”
ကိုအောင်ခိုင်လည်း မလင်းလင်းအား
တွဲခေါ်ပြီးထိုနေရာမှပြန်လာခဲ့တော့သည်။
အုတ်တွင်းထဲကမကျွတ်မလွတ်
နာနာဘာဝတွေက ယနေ့ထိတိုင်အောင်
အများကြီးကျန်ရှိနေသေးသည်။
ဒီနာနာဘာဝတွေက ဘယ်အထိတိုင်အောင်
ရှိနေကြဦးမလဲဆိုတာ မည်သူမှအတတ်မသိနိုင်
သူတို့တွေကျွတ်လွတ်ဖို့ ဘယ်အချိန်ထိ
နေကြရဦးမလဲဆိုတာ မည်သူမှမသိနိုင်ကြပေ။
ယခုကျွန်တော်ပြောပြခဲ့တဲ့ အုတ်တွင်းကမကျွတ်မလွတ် နာနာဘာဝများက
အပြင်မှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်လေးတွေကို
စုစည်းတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
ဇာတ်လမ်းလေးတွေကိုဖတ်ပြီးလို့ အကြိုက်တွေ့ရင်
လက်မလေးနှိပ်ပြီးအားပေးခဲ့ကြပါနော်”
ပြီးပါပြီ
#အောင်ဓူဝံ #ရေစကြို
စာရေးဆရာအားလေးစားစွာcrdပေးပါသည်