အောက်တန်းစား(စ/ဆုံး)
——————–
“အမလေး သားရယ် ဒီလိုအောက်တန်းစားတွေ
နေတဲ့ရပ်ကွက်ကိုမှ လာဆော့ရတယ်လို့ဆင်းရဲ
တွေကူးကုန်ပါ့မယ်..”
အိမ်ရှေ့ဘက်မှအမျိုးသမီးတစ်ယောက်၏
ကျယ်လောင်စွာအော်ဟစ်ပြောဆိုသံကိုကြားရ
သည့်အတွက် ချက်လက်စဟင်းအိုးကိုမီးနည်းနည်းပြန်လျော့ပြီး အိမ်ရှေ့ဘက်ကို ကိုမင်းထိုက်ထွက်လာခဲ့သည်။
” သြော်..အစ်မပါလား။လာအိမ်ပေါ်တက်ပါဦးခင်ဗျာ”
” ရှင်ဟိုတစ်နေ့က ကျွန်မတို့အိမ်ရှေ့ကရေမြောင်းလာဖော်ပေးတဲ့သူမလား ”
” ဟုတ်ပါတယ်အစ်မရယ်။ကျွန်တော်ကမင်းထိုက်ပါ။အစ်မတို့ရက်ကွက်ထဲကိုလှည့်ပြီး ခိုင်းတာအကုန်လှည့်လုပ်ပြီး အသက်မွေးနေသူပါ”
မင်းထိုက်၏စကားကြောင့်အမျိုးသမီးသည်နှာခေါင်းတစ်ချက်ရှုံ့ကာ မျက်နှာကမတူမတန်အလိုမကျသည့်ပုံသို့ချင်းခြင်းပြောင်းလည်းသွား၏။
” လာ သားသွားမယ် နောင်ကိုဒီလိုအဆင့်မရှိ
အောက်တန်းစားတွေနေတဲ့ရပ်ကွက်မှာလာမကစားနဲ့”
“ဒါက သားအခန်းထဲကသူငယ်ချင်းတွေလေ
အောက်တန်းစားတွေမဟုတ်ပါဘူး”
“တယ်ဒီကလေး ငါလုပ်လိုက်ရ…ဒီလောက်ဆင်းရဲစုတ်ပြတ်သတ်နေတဲ့လူတွေကို အောက်တန်းစား
မခေါ်ပဲ အထက်တန်းစားလို့ခေါ်ရမှာလားဟဲ့။
အမလေး ပြောရင်း အော်ကလီတွေဆန်လာပြီ
သွားမယ်လာ”
အတင်းဆွဲခေါ်သွားသဖြင့် မလိုက်ချင်လိုက်ချင်
နဲ့ကလေးခင်မြာလိုက်သွားရရှာသည်။
“ဖေဖေ ”
“သားလေး”
“ဟိုအန်တီကြီးပြောသွားသလို သားတို့က
အောက်တန်းစားတွေဆိုတာ ဟုတ်လားဟင် ”
သားဖြစ်သူက သိမ်ငယ်သောမျက်နှာဖြင့် သူ့အဖေကိုမေးနေရှာသည်။ကိုမင်းထိုက်ကသူ့သားလေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ပြီးတော့မှ
“မဟုတ်ပါဘူးသားလေးရယ်။ ဒီအန်တီကြီး အထင်မှားလို့ပြောတာပါ။ တကယ်တော့အောက်တန်းစားဆိုတာ သူများကိုမကောင်းကြံစည်တဲ့သူ။မတော်လောဘနဲ့ စီးပွားရှာတဲ့သူ။မဟုတ်မမှန်တဲ့စကားကိုပြောဆိုဝံ့သူကိုပြောတာသားလေးရယ် ”
မင်းထိုက်၏အဖြေစကားများကြောင့် သူ့သားလေးသည်အံ့သြရွှင်ပြသည့်အမူအရာဖြင့် သူ့အဖေကိုမော့ကြည့်လိုက်၏။
” သားက အဖေအရက်သောက်ထားလို့အောက်
တန်းစားလို့ပြောတယ်ထင်နေတာ။မဟုတ်ဘူး
ဆိုတော့ သားပျော်တယ်အဖေ ”
သားဖြစ်သူက သူ့ခံစားချက်ကိုပြောရင်း ရေ
ချိုးရန်ရေတွင်းဆီသို့ရွှင်မြူးစွာပြေးထွက်သွား
သည်။မင်းထိုက်ကတော့ သူ့သား၏စကားတစ်ခွန်းကြောင့် အသက်ရှုမှားလောက်စိတ်တွေတုန်
လှုပ်ခဲ့ရပြီး ရှက်စိတ်နှင့်အတူဖြစ်ပေါ်လာသော
မေးခွန်းများကြောင့် အချိန်အတော်ကြာထိုနေရာ
မှာတင် ရပ်နေမိသည်။
( ၂)
မင်းထိုက်၏ဇနီးတင်တင်ခိုင်က ပုဂ္ဂလိကဘဏ်ဝန်ထမ်း။ပညာတတ်မျိုးရိုးကဆင်းသက်လာသူ။မင်းထိုက်ကအညတရပညာမဲ့။တင်တင်ခိုင်နှင့်မင်းထိုက်တို့အိမ်ထောင်ကျတော့ တင်တင်ခိုင်မိဘတွေက သဘောမကျသဖြင့်အမွေပြတ်စွန့်လွှတ်ခဲ့ကြသည်။တင်တင်ခိုင်ကလည်းမောင့်မျက်နှာတစ်ရွာထင်ပြီး မင်းထိုက်နောက်ကိုအားကိုးတကြီးဖြင့် မိသားစုကိုစွန့်ပစ်ကာလိုက်ခဲ့သည်။ သူတို့အိမ်ထောင်ကြပြီးသုံးနှစ်ခန့်တွင်သားလေးမြတ်မင်းခန့်ကိုမွေးသည်။
သားလေးငါးနှစ်သားရောက်သည့်အချိန်အထိ
မင်းထိုက်တို့မိသားစုလေးအလွန်ပျော်စရာကောင်းခဲ့သည်။ သို့သော်မမျှော်လင့်သော
ကံကြမ္မာဆိုးကြီးက မင်းထိုက်တို့မိသားစုထံသို့
မဖိတ်ခေါ်ပါပဲရောက်လာခဲ့ပါသည်။ ဘဏ်သို့သွားသော သူ့ဇနီး၏စက်ဘီးကို ကားတစ်စီးကဝင်တိုက်မိခြင်းဖြစ်၏။ ထိုနေရာမှာပင် သူ့ဇနီး
တင်တင်ခိုင်ဆုံးပါသည်။ မင်းထိုက်အသက်ပင်မမှီလိုက်ပါ။မမျော်လင့်ပဲကြုံရသည့်ဖြစ်ရပ်ဆိုးကြောင့် မင်းထိုက်ရူးမတပ်ဖြစ်ခဲ့ရသည်။မင်းထိုက်တွင်ဖြေစရာဆို၍ အရက်ပဲရှိသည်ဟုထင်ကာ အရက်ကိုဖိသောက်ရင်း အရက်သမားဘဝရောက်ခဲ့ရခြင်းဖြစ်သည်။
ယခုမင်းထိုက်၏သားလေးပင် ကိုးနှစ်ထဲရောက်နေပြီ။အဖေတစ်ခုသားတခုဘဝဖြင့် လောကအလယ်ပညာမတတ်သဖြင့်သူများခိုင်းသည့်အလုပ်ကိုလှည့်လည်လုပ်ကိုင်ရင်း သားအဖနှစ်ယောက်ထမင်းနပ်မှန်အောင်စားနိုင်ခဲ့သည်။စိတ်တွေမွန်းကြပ်လာသည့်အချိန်တိုင်း၊ပင်ပန်းလာသည့်အခါမျိုးတွင် အရက်နဲ့အဖော်ပြုခဲ့သည်။ညနေကလာသည့် လူကုံထံအမျိုးသမီးကြီးဒေါ်မြနှင်းရှိန်ပြောသွား
သည့်စကားတွေက ခုထိ မင်းထိုက်၏နားထဲကမထွက်သေး။အောက်တန်းစားတွေတဲ့။
လူဆင်းရဲတိုင်း အောက်တန်းစားမဟုတ်မှန်း သူသိပါသည်။ သို့သော်သူ့မှာအရက်သောက်သည့်အားနည်းချက်တစ်ခုသာရှိသည်။ထိုအားနည်းချက်ကြောင့်သူ့သားလေးကိုလူတကာကဲ့ရဲ့မေးငေါ့ခံရမည့်အဖြစ်မျိုးနှင့် သူ့ကြောင့်သားဘဝကိုနစ်မွန်းမခံနိုင်ပါ။သားကို သူ့အမေလိုပညာတတ်ကြီးဖြစ်စေချင်သည်။ထိုသို့မဟုတ်ပဲ သူ့ကြောင့်သားဘဝပျက်စီးခဲ့ရလျှင် တာဝန်ကျေတဲ့အဖေတစ်ယောက်မဖြစ်နိုင်ပါ။ တမလွန်ကအမေဖြစ်သူလည်းစိတ်မချမ်းသာနိုင်ပါ။ထို့ကြောင့် မင်းထိုက်အရက်မသောက်ပဲ သားအတွက်အလုပ်ကြိုးစားတော့မည်
ဟူသည့်ဆုံးဖြတ်ချက်ကို ထိုနေရာမှာတင်ချက်ခြင်းချလိုက်ပါတော့သည်။
(၃)
” သားလေး ခဏလာပါဦးကွာ”
ကျောင်းသွားရန်လွယ်အိတ်ဖြင့်အိမ်အပြင်သို့
ထွက်လာသောသားဖြစ်သူကို မင်းထိုက်ကခေါ်လိုက်သဖြင့်သားလေးက သူ့အနားရောက်လာသည်။
” သားလေးကို အဖေပြောစရာရှိလို့။ အဖေကိုအရက်ပြတ်စေချင်လား ”
” ပြတ်စေချင်တာပေါ့အဖေရယ်။အတန်းထဲမှာ
သားလည်း အရက်သမားသားလို့ အပြောမခံရ
တော့ဘူး ပေါ့ ”
သားဖြစ်သူ၏ အဖြေစကားကြောင့် မင်းထိုက်
ရင်ထဲနင့်ကနဲနေအောင်ဖြစ်သွား၏။
“အေး ဒါဆိုရင် …ငါ့သားက အတန်းထဲမှာ
အမြဲအဆင့် တစ်ရအောင်ကြိုးစားပေးမလား။
အဖေအရက်မသောက်တော့ဘူး၊ ဘယ်လိုလည်း”
“ဟာ တကယ်ပြောတာလားအဖေ။အဖေသာ
အရက်မသောက်ရင် သားနှစ်တိုင်း ပထမရအောင်ကြိုးစားမယ်လို့ ကတိပေးတယ်။
အဖေသာကတိတည်ပါစေ…”
“ပေးပါတယ်သားရယ်။ တို့သားအဖနှစ်ယောက်ဟာ အောက်တန်းစားမဟုတ်ကြောင်း အဖေက
အလုပ်နဲ့သက်သေပြမယ်။ငါ့သားက စာကြိုးစားပြီး ပညာတတ်ကြီးဖြစ်အောင်ကြိုးစားပြကွာ ”
” ဟေး ….ဒါမှတို့အဖေကွ”
မင်းထိုက် အရက်ဖြတ်မည်ဆိုသောစကားကို
ကြားရချိန်တွင် သားလေးက စဥ်းစားတွေဝေ
ချိန်တောင်မပေးပဲ ချက်ခြင်းသူလုပ်နိုင်ကြောင်း
သူ့အဖေကိုရဲရဲဝံဝံ့ကတိတွေပေးပြီး အားရပျော်ရွှင်သောအပြုံးပန်းများဖြင့် သူ့အဖေမင်းထိုက်
၏ ပါးပြင်ကိုတစ်ချက်နမ်းရှိုက်ကာ ကျောင်းတက်အမှီ အိမ်ခြံထဲကပြေးထွက်သွားပါသည်။
မင်းထိုက်ကတော့ သူ့မျှော်လင့်ချက်များ ပြည့်စုံခဲ့ပြီဖြစ်သဖြင့်အားရဝမ်းသာပြေးထွက်သွားသောသူ့သားလေးကိုကြည့်ရင်း သူတို့သားအဖ၏လှပသောအနာဂတ်ကိုဖန်တီးနိုင်ဖို့ရန်အတွက် စိတ်ခွန်အားတွေတဖွားဖွားဖြစ်ပေါ်မိတော့သည်။
( ၄ )
“ဟေ့ မင်းထိုက်…ခုမနက်အလုပ်မလိုက်ဘူးလား”
“ဒီနေ့ကစပြီးမနက်ပိုင်းငါ အလုပ်နားမယ် ဖိုးထိန်။ ညနေပိုင်းမှ အလုပ်လိုက်မယ်။ ငါ့အတွက် မင်းတို့
အဆင်ပြေသလိုကြည့်ပေးပေါ့ကွာ”
အလုပ်အတူအမြဲလုပ်နေကျ ဝင်းတင်၏စကား
ကြောင့် စက်ဘီးပြင်နေရာမှ မင်းထိုက်အလုပ်မလိုက်ဖြစ်ကြောင်းအဖြေပေးလိုက်သည်။ မင်းထိုက်၏အဖြေစကားကြောင့်ဝင်းတင်သည် စက်ဘီးအစုတ်တစ်စီးကိုပြင်နေသည့် မင်းထိုက်ကိုအံသြနားမလည်သောအမူအရာဖြင့်ကြည့်နေသည်။ဝင်းတင် အံသြတာလည်းမဆန်းဘူးလေ။အရင်ကဆိုရင် အလုပ်မရမှာ အရမ်းစိုးရိမ်နေသည့် မင်းထိုက်။ အလုပ်ချိန်အမှီဦးစွာအမြဲရောက်လာတတ်သူတစ်ယောက်က ယခုအချိန်မှာမူ မနက်ပိုင်းအလုပ်နားမယ်။ညနေမှဆင်းတော့မည်ဖြစ်ကြောင်းပြောနေသောကြောင့်ပင်ဖြစ်၏။
” နေပါဦးကွာ… မင်းက ဘာကိစ္စကြောင့်မနက်ပိုင်း အလုပ်နားရတာလည်း ”
” ငါမနက်ပိုင်း စျေးလိုက်ရောင်းမလားလို့ပါ။
ညနေဘက်မင်းတို့အလုပ်လည်းငါလိုက်မယ်။
ငါ့သားက ကြီးလာပြီလေ။ သူ့ပညာရေးအတွက်
ငါအရင်လိုပေါ့ပေါ့နေလို့မရတော့ဘူး ဝင်းတင်”
ဝင်းတင်က မင်းထိုက်၏စကားများကိုနားလည်
သဘောပေါက်သွားသည့်ဟန်အမူအယာဖြင့်
ခေါင်းတဆတ်ဆတ်ညိမ့်ရင်း သူတို့အိမ်ထဲက
ထွက်ခွာသွားသည်။
( ၅ )
” မနက်ဖန်လည်း ငါ့ဆီကို ဒီအချိန်ရောက်အောင်
သာ လာပို့ပေး။ နင့်မှာပါလာတဲ့အသီးအနှံတွေ
အားလုံးငါတစ်ယောက်ထဲအကုန်ယူမယ် မင်းထိုက်”
မနက် ၃ နာရီကတည်းက မြို့ပြင်စိုက်ခင်းတွေဆီ
စက်ဘီးနဲ့ သွားပြီးဖောက်သယ်ယူခဲ့သည့် ပြောင်းဖူး၊ဂေါ်ဖီ၊ ခရမ်းသီး၊မုံလာ၊ငရုပ်သီးစိမ်း
စသည့် ဟင်းသီးဟင်းရွက်များကို ရပ်ကွက်စျေး
ထဲက စျေးသည်မအုံးမြက အကုန်ယူခဲ့ပြီး
နောက်နေ့တွင်လည်း ဆက်ပို့ရန်ပြောလာသည့်
အတွက် မင်းထိုက်၏ ပထမဆုံးစျေးရောင်းသည့်နေ့သည် အောင်မြင်သည်ဟုဆိုရမည်။
နေ့တိုင်း ရပ်ကွက်ထဲလှည့်ပြီး ကြုံရာကျပန်းလုပ်ခဲ့
စဥ်က တနေ့အလွန်ဆုံးရ( ၃၀၀)ကျပ်မျှသာဖြစ်သည်။ ဒါတောင်အလုပ်လုပ်ရမှ၊ အလုပ်မရ
သည့်နေ့မျိုးလည်း ရှိသေးသည်။မနက် ၇ နာရီပဲရှိသေးသည်။ သူ့ကုန်စိမ်းအရင်းငွေကိုနှုတ်ပါက ( ၅၀၀)ကျပ် အသားတင်မြတ်သည့်အတွက်သူ့အတွက်အလွန်တွက်ချေကိုက်သည့်အလုပ်ဖြစ်ကြောင်း မင်းထိုက်သိလိုက်သည်။စိုက်ခင်းများကလည်း မနက်ထစောစောဆွတ်ခူးကြသည့်အသီးအနှံများဖြစ်သည့်အတွက် သူဖောက်သည်ယူလာခဲ့သော အသီးအနှံများက လတ်ဆပ်ကြသောကြောင့် စျေးသည်များအကြား မင်းထိုက်
၏မျက်နှာသည် နေ့တိုင်းပွင့်လန်းခဲ့ရသည်။
မြို့ပေါ်စိုက်ခင်းပိုင်ရှင်များကလည်း တချိန်ကသူ
မြက်ရှင်း၊ မြောင်းဖော်၊ခြံခပ်ပြုလုပ်ပေးဘူးသည့် သူများဖြစ်သောကြောင့် သူနှင့်ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။ ယခုအချိန်တွင် မင်းထိုက်၏
အရက်မသောက်တော့ပဲ ရိုးရိုးသားသားလုပ်ကိုင်
စားသောက်နေသည်ကိုတွေ့မြင်ရသည့်အတွက်
စိုက်ခင်းပိုင်ရှင်များက မင်းထိုက်ကို ယုံကြည်
လေးစားလာကြပြီး သူတို့ခြံထွက်ပစ္စည်းများကို
အကြွေးစနှစ်နဲ့ကြိုက်သလောက်ယူခွင့်ပြုလာကြ
သည့်အတွက် မင်းထိုက်၏ ကုန်စိမ်းအရောင်း
အဝယ်လုပ်ငန်းသည် စက်ဘီးနဲ့ယူပြီးပို့ရသည့်
အဆင့်မဟုတ်တော့ပဲ ကားနှင့်ပို့ပေးရသည့်
အခြေအနေထိတဖြည်းဖြည်းကြီးမားအောင်မြင်လာခဲ့သည်။
သူ့သားလေးမြတ်မင်းခန့်ကလည်း အစကတည်း လိမ္မာရေးခြားရှိပြီးပညာပါရမီကောင်းခဲ့သူ
ဖြစ်၍ အတန်းတိုင်းတွင်အမြဲပထမရကာ ယခုအချိန်တွင်ဆယ်တန်းပြီး၍ ဥပဒေတန်း ဒုတိယနှစ်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။ တစ်ခါတလေ
မင်းထိုက်သည်သူ့ဘဝကို ပြန်လည်တွေးမိတိုင်း
အရက်ဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်ကြောင့် ယခု
လိုအလုပ်အကိုင်တွေအဆင်ပြေလာခြင်းဖြစ်ကြောင်းသဘောပေါက်နားလည်မိ၏။
( ၆ )
ရက်ကိုလစား၊လကိုနှစ်က တမြေ့မြေ့ဝါးမြိုရင်း
နှစ် ၂၀ဆိုသော ကာလသည် ကြာသည်ဟုပင်
မထင်လိုက်ရပါ။ မင်းထိုက်၏ သား မြတ်မင်းခန့်
သည် မြို့နယ်တရားသူကြီးပင်ဖြစ်၍နေပါပြီ။
သားတော်မောင်အစိုးရဝန်ထမ်းဖြစ်ပြီးကတည်း
က သားဖြစ်သူ၏ ဆန္ဒအတိုင်း ကုန်းစိမ်းအရောင်းအဝယ်အလုပ်ကိုရပ်နားကာ ပိုင်ဆိုင်
သည့် ငွေများကိုဘဏ်တွင်အပ်နှံကာ သားအဖနှစ်ယောက်အေးချမ်းစွာနေထိုင်ခဲ့ကြသည်။ ဘယ်နေရာဘယ်ပွဲကိုသွားသွား မြို့နယ်တရားသူကြီး
၏အဖေဆိုသည့်ဂုဏ်ပုဒ်ကြောင့် ဦးမင်းထိုက်
မျက်နှာပွင့်လန်းခဲ့ရသည်။
တချိန်က သားအနာဂတ်ကိုတွေးရင်း
အရက်ဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်၏ရလာဒ်နှင့်
အလုပ်ကြိုးစားခဲ့ရသောအချိန်များ၏ အသီး
အပွင့်တွေဖြစ်မှန်း စိပ်လက်စပုတီးကိုချရင်း
ဦးမင်းထိုက် တွေးနေမိ၏။
“ဟော ….သားတောင်ပြန်လာပြီပဲ။ အဖေထမင်း
မစားသေးပဲ သားအပြန်ကိုစောင့်နေတာ…”
” ဒီနေ့အမှုက စစ်ဆေးချိန်ကြာသွားလို့နည်းနည်း
နောက်ကျသွားတယ်အဖေရာ။ လူလည်းပင်ပန်း
သွားတာပဲ ”
“ဝန်ထမ်းဆိုတာ ဒီလိုပါပဲသားရယ်။ အများအတွက် ကိုယ့်ဘဝကိုစတေးထားကြသူတွေ
လေ။ စေတနာအပြည့်အဝထားပြီးလုပ်ပေး
သိလား ”
” ဟုတ်ကဲ့ပါ အဖေ ”
ထမင်းစားပွဲတွင် သားအဖနှစ်ယောက်ထိုင်ပြီး
ထမင်းစားပြီးချိန်မကြာလိုက်ပါ အမျိုးသမီးတစ်ဦးက သားကိုတွေ့ချင်သည့်အကြောင်း ခြံ
စောင့်လေးကလာပြီးပြောသဖြင့်ဦးမင်းထိုက်
အိမ်အပြင်ကိုထွက်လာခဲ့သည်။အိမ်ခြံအပြင်
တွင်အမျိုးသမီးကြီးတစ်ဦးသည် လက်ဆောင်အထုပ်ကိုယ်စီဆွဲလျှက်ရောက်နေသည်ကိုတွေ့ရ၍အိမ်ထဲကိုဝင်ခဲ့ရန် ခေါ်လာခဲ့သည်။ဧည့်ခန်းစားပွဲပေါ်တွင် အမျိုးသမီးကြီးက သူ့အထုပ်များကိုချလိုက်သည်။
” တရားသူကြီးမင်းနဲ့ဘယ်လိုတော်ပါသလည်း
ရှင်”
“ဟုတ်ကဲ့ ကျွန်တော်ကသူ့အဖေပါခင်ဗျာ။ သားရှိပါတယ်။ အလုပ်ကလေးရှိလို့ခဏနေရင် ထွက်လာပါလိမ့်မယ် ”
ထိုအချိန် မြတ်မင်းခန့်အခန်းထဲကထွက်လာသည်။
” ဘာကိစ္စရှိလို့ပါလည်းအန်တီ။အသိတစ်ယောက်နဲ့ဖုန်းပြောနေလို့ နည်းနည်းကြာသွားလို့ပါ ”
“ဒီနေ့တရားသူကြီးမင်း ဆုံးဖြတ်ပေးခဲ့တဲ့အမှု
က ကျွန်မရဲ့သားပါရှင်။တကယ်တော့သားမှာအပြစ်မရှိပါဘူး။တခြားသူတွေဝိုင်းချောက်ချ
လို့ တရားခံဖြစ်ခဲ့တာပါ။ အမှန်ကို အမှန်အတိုင်း
ဘက်မလိုက်ပဲ တရားသူကြီးမင်းကဆုံးဖြတ်ပေး
ခဲ့လို့ သားအပြစ်ကနေလွတ်သွားခဲ့တာပါ။အဲဒီအတွက်တရားသူကြီးမင်းအိမ်ကို လာပြီးဒီပစ္စည်းလေးတွေနဲ့ ကန်တော့်တာပါရှင်။ လက်ခံပေးပါနော် ”
“ဟာ မလုပ်ပါနဲ့အန်တီ။ အမှန်ကို အမှန်အတိုင်း
ဆုံးဖြတ်ပေးရမှာက ကျွန်တော့်တာဝန်ပါခင်ဗျာ။
အန်တီပစ္စည်းတွေကိုပြန်ယူသွားလိုက်ပါ ”
ပစ္စည်းများကို အမျိုးသမီးကြီးဘက်ကိုပြန်လည်
တွန်းပို့ရင်း ပြောလိုက်သည့်မြတ်မင်းခန့်၏စကားများကြောင့် အမျိုးသမီးကြီး၏ မျက်နှာတွင်အံ့သြလေးစားသည့်အမူအရာလက္ခဏာများပြောင်းလည်းသွားသည်။
” ဒါနဲ့ တရားသူကြီးရဲ့အဖေကိုကျွန်မမြင်ဘူးသလိုပဲ။ စဥ်းစားမရဖြစ်နေတာ ”
အမျိုးသမီးကြီးက လေးစားသမှုဖြင့် ဦးမင်းထိုက်ဘက်ကိုလှည့်ပြီးတွေ့ဘူးမြင်ဘူးကြောင်း နှုတ်ဆက်စကားဆိုသည်။
“ခြံဝမှာကတည်းက ခင်ဗျားကိုလည်း ကျွန်တော့်
အသိထဲကများဖြစ်နေမလားလို့တွေးနေတာဗျ။ တစ်ချိန်ကရွှေသာယာရပ်ကွက်ထဲမှာကျွန်တော်နေဖူးတယ်ဗျ။ ကျပန်းအလုပ်သမားပေါ့ဗျာ ”
” ဒါဆို ရှင် ရှင် ကိုမင်းထိုက်လား”
” ဟုတ်ပါတယ် ကျွန်တော် မင်းထိုက်ပါ ။အစ်မကိုလည်း ကျွန်တော်မှတ်မိပြီဗျ။သူဌေးကတော် ဒေါ်မြနှင်းရှိန်မလား ”
“ဟုတ် ဟုတ်ပါတယ်ရှင် ”
အမျိုးသမီးကြီးက တိမ်ဝင်နေသောအသံဖြင့်ဟုတ်မှန်ကြောင်းပြောဆို၍မျက်နှာမှာ တခဏချင်းအတွင်းမှာပင်နွမ်းလျှသွားသည်။
ဒေါ်မြနှင်းရှိန်မှာ တချိန်ကဆင်းရဲသော
ဦးမင်းထိုက်တို့သားအဖအပေါ်တွင် မိမိ၏
ပစ္စည်းဂုဏ်မာနဖြင့် အသာစီးယူကာ ချိုးနှိမ်စော်
ကားမောက်မာစွာ ပြောဆိုမိသည်များကို ပြန်လည် တွေးမိကာ ရှက်ခြင်းသိမ်ငယ်ခြင်းများ
ကြောင့် ဦးမင်းထိုက်တို့သားအစ်ဖကို မော့ကြည့်
ဖို့ပင် မကြိုးစားနိုင်တော့ပါ။နောက်တော့မှ တဖြည်းဖြည်းအားယူရင်း
” ကိုမင်းထိုက်ရယ် တချိန်ကကျွန်မရှင်တို့သား
အဖနှစ်ယောက်ကို ပြောခဲ့ဆိုခဲ့မိတာတွေကို
တောင်းပန်ပါတယ်ရှင် ”
” သြော် ဒေါ်မြနှင်းရှိန်ရယ် ကျွန်တော်တို့သားအဖ
က အစ်မစကားတွေကို စိတ်မဆိုးခဲ့ရပါဘူးဗျာ။
တကယ်တော့စည်းဇိမ်ချမ်းသာပြည့်စုံတိုင်းအထက်တန်းစားမဟုတ်နိုင်သလို ဆင်းရဲတိုင်းလည်း အောက်တန်းစားမဟုတ်ပါဘူး ”
“အောက်တန်းစားဆိုတာ သူများကိုမတော်မတရားပြုလုပ်ဖို့ ကြံစည်အားထုတ်နေတဲ့သူ။ သူများမျက်ရည်စတွေနဲ့ အသက်ရှင်နေတဲ့သူကိုခေါ်တာပါ။ ကျွန်တော်တို့သားအစ်ဖက ဆင်းရဲ
ပေမဲ့ သူများလက်ထဲက ထမင်းလုပ်ကိုဘယ်တုန်း
ကမှ လုယူမစားခဲ့ဘူးပါဘူး။ ကိုယ့်ရပိုင်ခွင့်အတွက် ဘယ်တုန်းကမှ သူများကိုမကောင်းကြံပြီး ဖျက်လိုဖျက်ဆီးမလုပ်ခဲ့ဘူးလို့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဗျာ။ ဒါကြောင့်အစ်မပြောသလို
ကျွန်တော်တို့က အောက်တန်းစားမဟုတ်တဲ့အတွက်…..”
” တော်….တော် ပါတော့ကိုမင်းထိုက်ရယ်။
ရှင့်စကားတွေက ကျွန်မအသည်းကိုအပ်နဲ့ထိုးနေ
သလိုခံစားရလို့ပါ။ ကျွန်မတကယ်လည်း ဒီကိစ္စ
အတွက် နောင်တရမိပါတယ်။ရှင်တို့သားအဖ ကျေနပ်တဲ့အထိအနူးအညွတ်ထပ်ပြီးတောင်းပန်ပါတယ်ရှင် ”
ဒေါ်မြနှင်းရှိန်သည် ဘဝတစ်ခုကိုအဆုံးထိမတွေး
ပဲ မျက်မြင်တခဏသာတွေးမိပြီး ဂုဏ်မာနဖြင့်
မောက်မာရိုင်းပြစွာပြောဆိုခဲ့မိသော သူ၏စကား
တစ်ခွန်းကြောင့် ယခုအချိန်တွင် နောင်တအကြီး
အကျယ်ရမိသလို မျက်ဝန်းထဲကလည်း နောင်တ
ကြောင့်ဖြစ်သော မျက်ရည်စများစီးကျလာပြန်
သည်။ သူတို့သားအဖနှစ်ယောက်ရှေ့ ဒူး
ထောက်လျှက် တောင်းပန်နေရှာသော ဒေါ်မြနှင်းရှိန်ကို မြတ်မင်းခန့်က အသာအယာဆွဲပြီးထူမပေးလိုက်၏။
” အန်တီ့ကို ဘယ်တုန်းကမှ သားတို့သားအဖက
စိတ်မဆိုးခဲ့ပါဘူး။ အမြဲခွင့်လွှတ်ပါတယ်။ တကယ်တော့ အန်တီစကားတစ်ခွန်းကြောင့်
သားတို့သားအစ်ဖဘဝ ပြောင်းလည်းခဲ့ရတာပါ။
အန်တီ့ကိုကျေးဇူးတောင်တင်မိပါတယ် ”
မြတ်မင်းခန့်၏စကားဆုံးသည်နှင့် ဒေါ်မြနှင်းရှိန်
သည် မျက်နှာကိုလက်တဖက်နှင့်အုပ်ပြီး တသိမ့်သိမ့်ရှိက်ငိုရင်း သူတို့တိုက်အိမ်လေးထဲက အမြန်ပြေးထွက်သွားပါသည်။ တရားသူကြီးမြတ်မင်း
ခန့် တို့ သားအဖနှစ်ယောက်ကတော့ တစ်ဦးကိုတဦး လေးနက်သောမျက်ဝန်းကိုယ်စီဖြင့်ပြိုင်တူ
ကြည့်မိရင်း အိမ်ထဲတွင် ကျန်ခဲ့ပါတော့သည်။
ပြီး
ခင်ဇော် ( သီတာကုန်းပြင်)
23.3.2023