အောက်လမ်းဘိုးထင် နှင့် စောရချိုးသိန်း

Posted on
အောက်လမ်းဘိုးထင် နှင့် စောရချိုးသိန်း
(၇၇)
◾အခန်း (၁)
“ပါသွားပြန်ပြီတော့ ဒီလထဲတင် ထမိန်ပျောက်တာ လေးထည်ရှိနေပြီ ရွှေနဲ့ ထမီ သေတ္တာထဲမှာ အတူထားတာကို ရွှေကိုမခိုးပဲ ထမီပဲခိုးတဲ့ သူခိုး ကျေးဇူးတင်ရမလား စိတ်ဆိုးရမလား မသိတော့ပါဘူးတော် “
ထိုသို့ငြီးငြူနေသူမှ ပေပင်ရွာလူကြီးကတော် ဒေါ်သေးသွယ်ဖြစ်သည်။ပေပင်ရွာတွင် သူမနည်းတူ ထမီပျောက်ဆုံးသူများတော်တော်များများလာပြီ ဖြစ်သည်။ဒီအတိုင်းသာဆက်ဖြစ်နေပါက မကြာမီ ရွာရှိအမျိုးသမီးများအားလုံး စောင်ပတ်၍ နေရတော့မည့်အနေအထားဖြစ်လာမှာ သေချာသလောက်ရှိသည်။ထို့ကြောင့် ရွာလူကြီးသည် သကောင့်သားထမီသူခိုးအား ဖမ်းဆီးရန် အပူတပြင်းကြိုးစားမှဖြစ်တော့မည်ဖြစ်သည်ဟု တွေးနေမိစဉ် မိန်းမဖြစ်သူသူကြီးကတော်မှ သူ့အား ပြစ်တင်ပြောဆိုလာလေသည်။
“ပြောတော့ဖြင့် မျိုးရိုးစဉ်ဆက်ရွာသူကြီးတဲ့ ရွာလူကြီးလုပ်နေပြီး အခုတော့ ထမီသူခိုးကိုတောင် မိအောင်မဖမ်းနိုင်ပါလား”
“ဟေ့ သေးသွယ် ထမီသူခိုးအဆင့်ကို ငါက ဖမ်းစရာလားဟဲ့ အနိမ့်ဆုံးနွားသူခိုး”
“တော်စမ်းပါရှင် ရွာကနွားတွေပြန်ရခဲ့တာလည်း ဟိုစပ်စပ် စုစုဘိုးထင်တို့အဖွဲ့ကောင်းလို့ ပြန်ရတာပါ ပြစမ်းပါဦးတော့ ရှင့်အစွမ်းအစကို”
“တယ် ဒီမိန်းမ ငါ့အစွမ်းမသိရော့လား နာချင်ပြီနဲ့တူတယ် “
စကားများနေသော မိဘနှစ်ပါးအား အိမ်လည်ရာမှပြန်လာသော ဖိုးထွေးတယောက် စိတ်ပျက်စွာကြည့်ရင်းက စကားဆိုလိုက်လေသည် ။
“ပြောတော့ ရွာလူကြီးလင်မယားတဲ့ တခြားသူတွေကို ဆုံးမရမှာကို အခုတော့သူတို့ကိုယ်တိုင် ရန်ဖြစ်နေတယ်”
မကြားတကြားပြောသော်လည်း သူကြားချင်က ယင်ကောင်လမ်းလျှောက်သည်ကိုပင်ကြားနိုင်စွမ်းရှိသော ရွာလူကြီး ကြားသွားကာ သားဖြစ်သူဖိုးထွေးအား ငေါက်ငမ်းပါတော့သည်။
“ဟေ့ကောင် ဖိုးထွေး သောက်ကြီးသောက်ကျယ်တွေမပြောနဲ့ မင်း အခု ဘယ်ကပြန်လာတာလဲ “
“ရွာထဲက ပြန်လာတာလေ “
“အေး မင်းအမေရဲ့ထမီတွေပျောက်နေတာ မင်း သိလား”
“အမေ့ထမီတင် မဟုတ်ဘူး တရွာလုံးက မိန်းမတွေရဲ့ထမီတွေ ပျောက်နေတာ “
“တောက် အဲ့တာ ခက်တာပေါ့ကွာ”
“ထမီပဲ ပျောက်လို့တော်သေး ရွှေတွေငွေတွေပျောက်ရင် မလွယ်ဘူး”
“အေး မင်းက သူခိုးကို ကြံဖန်ကျေးဇူးတင်နေ ဒီသူခိုးဘာတွေကြံနေလဲ မသိဘူး မင်းတိို့ကောင်တွေလည်း အား အားရှိအလေ လိုက်မနေကြနဲ့ ရပ်ကျိုးရွာကျိုးလေးလည်း သယ်ပိုးကြဦး”
ဖိုးထွေးသည် အဘရွာလူကြီရဲ့စကားကြောင့် မျက်နှာမအီမသာနှင့် ဖြစ်နေလေသည်။သူတို့လောက် ရပ်ကျိုးရွာကျိုးပြုသောသူဟု၍ ရွာထဲတွင်ရှိနိုင်မည် အထင်ပေ။ ထို့နောက် ဖိုးထွေးသည် အဘဖြစ်သူအား ပြန်ပြောခြင်းအမှုမပြုတော့ပဲစိတ်ပျက်လက်ပျက်ဟန်နှင့် မီးဖိုချောင်ထဲ၀င်သွားကာ ထမင်းစားဖို့ရာ ပြင်လိုက်ပါလေတော့သည်။
◾အခန်း (၂)
မောင်ဘိုးထင်၏အိမ်တွင် ဖြစ်သည် ကွပ်ပျစ်တွင်ထိုင်နေသော မောင်ဘိုးထင်အား ဦးတက်ခမှ တောင်းပန်တိုးလျှိုးသောလေသံဖြင့် စကားဆိုလေသည်။
“ငါ့တူ ဦးကြီးသမီး ဘယ်မှာရှိလဲဆိုတာ ပြောပြပါကွာ ဦးကြီးမှာ ဒီသမီးလေးတယောက်တည်းရှိတာမလို့ပါ “
“ကျုပ်တကယ်မသိတာပါဗျာ သိရင်‌ ပြောပြတာပေါ့ အဲ့ဒီနေ့က ဦးကြီးနဲ့ ကျုပ် အတူရှိနေတာ မဟုတ်လား”
“ငါ့သမီးလေးကို ချိုးသိန်းခိုးသွားတာကွ ဒီနေ့နဲ့ဆို တပတ်တောင်ရှိပြီကွာ ချိုးသိန်းက ငါ့ကိုအညှိုးထားပြီး ငါ့သမီးလေးကို မတရားလုပ်မှာ ကြောက်ရတယ် “
“ဘာလို့တုန်းဗျ “
“နှိပ်စက်တာကို ပြောတာပါကွာ “
“ကိုချိုးသိန်းမှာ အဲ့လိုစိတ်ဓာတ်မရှိပါဘူး ဦးကြီးရာ”
“မင်းတို့နဲ့အဆက်အသွယ်ရရင်‌ ငါက သဘောတူပါတယ်လို့ ပြီးတော့ ခမ်းခမ်းနားနားလည်း မင်္ဂလာဆောင်‌ပေးပါ့မယ်လို့ပြောပေးပါကွာ”
“ကိုချိုးသိန်းနဲ့အတူပါသွားတဲ့ ကျုပ်တို့သူငယ်ချင်း ပေတူးနဲ့ သာအေးတောင် ပြန်မလာဘူး ပေတူးက ကိစ္စမရှိဘူး သာအေးကို သူ့မိဘတွေက လာရှာ‌နေပြီ ကျုပ်လည်း ဘာလုပ်ရမယ်မှန်း မသိတော့ဘူး”
“အဲ့ဒီကောင်တွေကို မတွေ့သေးဘူးလား”
“ဟုတ်တယ် မတွေ့သေးဘူး”
“ခက်ပါတယ်ကွာ ငါ့ကိုခွင့်လွှတ်ပေးခဲ့တာကို မင်းတို့ကိုကျေးဇူးတင်ပါတယ် ဒါ‌ပေမဲ့ ငါ့သမီးလေးကိုတော့ ရှာပေးပါအုံးကွာ “
ဦးတက်ခသည် နေ့စဥ်ရက်ဆက် မောင်ဘိုးထင်၏နေအိမ်သို့လာကာ ချိုးသိန်းနှင့် သမီးဖြစ်သူအား လာရှာလေသည် ။ဖိုးထွေးနှင့် သားရသည်ပင် စိတ်ညစ်၍ သူ့အိမ်သို့ မလာကြတော့ပေ။ထိုစဥ် အိမ်ဝိုင်းထဲသို့ဝင်လာသော ဖိုးထွေးနှင့် သာရသည်ခပ်လှမ်းလှမ်းကတည်းကပင် မောင်ဘိုးထင်အား စကားလှမ်းဆိုလေသည်။
“ဘိုးထင်ရေ ရွာထဲမှာ လိုက်ခိုးနေတဲ့ထမီသူခိုးနဲ့တော့ခက်ပြီ”
“ဘာဖြစ်လို့လဲဗျ “
“ဘာဖြစ်ရမှာလဲကွာ ရွာလူကြီးငါ့အဘအိမ်က ထမီတောင် ခိုးလို့ဟေ့”
“ဘကြီးက ထမီဝတ်တာလား”
“မင်းမေကြီးတော် ငါ့အဘက ထမီ၀တ်မလား အ‌မေ့ထမီပေါ့ကွ “
မောင်ဘိုးထင်တို့အနားရောက်‌လာသောအခါ မောင်ဘိုးထင်ဘေးတွင်ထိုင်နေသော ဦးတက်ခကိုမြင်၍ သာရမှ နှုတ်ဆက်လိုက်လေသည်။
“ဦးလေး ဘယ်တုန်းက ရောက်နေတာလဲ “
“ရောက်နေတာကြာပြီကွ ငါ့သမီးလေးကိုရှာပေးကြစမ်းပါကွာ”
“ကျုပ်တို့ စုံစမ်းနေပါတယ်ဗျာ”
“ဒါနဲ့ မင်းတို့ပြောနေတဲ့ထမီသူခိုးဆိုတာ “
ဦးတက်ခ ထိုသို့မေးလိုက်သောအခါ ဖိုးထွေးသည် ကွပ်ပျစ်‌ပေါ်ထိုင်လိုက်ရင်း ရွှေနှင့် ထမီအတူရှိပါက ထမီသာခိုးသော သူခိုးတကောင် ရွာတွင် သောင်းကျန်းနေကြောင်းကို ‌ပြောပြလိုက်သည်။ထိုအခါ ဦးတက်ခသည် ခေါင်းကိုတွင်တွင်ညိတ်လိုက်ပြီး
“ဟုတ်ပြီ အဲ့ဒီသူခိုးက ချိုးသိန်းပဲ “
“ဗျာ “
ဦးတက်ခ၏စကားကြောင့် မောင်ဘိုးထင်တို့ အံံ့သြသွားကြရသည်။စိတ်ထဲတွင်လည်း သိပ်မယုံကြည်နိုင်ဖြစ်နေ၍ ဦးတက်ခကို ထပိမေးလိုက်လေသည်။
“‌ဦးကြီး ဘယ်လိုဖြစ်ပြီး ကိုချိုးသိန်းကို သူခိုးလို့ပြောရတာလဲဗျာ ကျုပ်တို့ကိုချိုးသိန်းက ဦးကြီးသမီးကိုသာခိုးတာ ကျန်တာတွေဘာမှခိုးဘူးတာ မဟုတ်ဘူး”
“ဟုတ်တယ် ဦးလေး ဘိုးထင်ပြောတာမှန်တယ် ချိုးသိန်းမှာသူခိုးကျင့်သူခိုးကြံစိတ် လုံး၀မရှိဘူး”
တရွာသားဖြစ်သည့်အပြင် အပေါင်းအသင်းလည်းဖြစ်သောချိုးသိန်းကို သူခိုးဟုစွပ်စွဲသောကြောင့် မကျေမနပ်ဖြင့်ဦးတက်ခအား စကားဆိုနေကြခြင်းဖြစ်သည်။ထို့နောက် ဦးတက်ခသည် သူ့အား မကျေမနပ်စကားဆိုနေကြသော မောင်ဘိုးထင်တို့ကိုကြည့်လိုက်ကာ ချိုးသိန်းအကြောင်းအား ပြောပြလာသည်။
“မင်းတို့ပြောတာ မှန်ပါတယ် ချိုးသိန်းက လူရိုးဆိုတာကိုလည်း သိတယ် “
“အဲ့တာဆို ဘာလို့ထမီသူခိုးလို့ ပြောတာလဲ”
“ထမီတွေခိုးနေတာ ချိုးသိန်းမလို့ ပြောတာပေါ့”
“ဦးကြီးပြောတာ ကျုပ်တို့နားမလည်ဘူး”
“ငါ ရှင်းပြမယ် ချိုးသိန်းကို နွား‌တွေခိုးနိုင်အောင် ငါ စောရ အစီအရင်ဆေးမှင်‌ကြောင် ထိုးပေးထားတယ်ကွ အစီအရင်က မပျက်သေးဘူး ‌ရွှေနဲ့ ထမီအတူရှိရင် တကယ်ခိုးမဲ့သူက ထမီခိုးမှာ မဟုတ်ဘူး”
“အဲ့တာတော့ ဟုတ်တယ်ဗျ သေတ္တာကိုဖွင့်ပြီး ထမီအသစ်တွေပဲယူပြီး ရွှေငွေတန်ဖိုး ရှိတာတွေမယူဘူးဆိုတော့ ကျုပ်လည်း အံ့သြနေတာ “
ဖိုးထွေးသည် လေးနက်တည်ကြည်သောဟန်နှင့် ဦးတက်ခပြောသောစကားကို ထောက်ခံလိုက်လေသည်။ဦးတက်ခလည်း ခေါင်းကိုညိတ်လိုက်ကာ နောက်ထပ်စကားဆိုလေသည်။
“အေး ငါ ဘာ‌ကြောင့် သူခိုးက ချိုးသိန်းလို့ပြောချင်လည်းဆိုတာ မင်းတို့နားလည်လောက်ရောပေါ့”
“အဲ့တာဆို ဘာလို့ချိုးသိန်းက ထမီတွေလိုက်ခိုးနေတာလဲ “
“အဲ့တာတော့ ငါလည်း မသိဘူးလေကွာ”
ဦးတက်ခသည် ခေတ္တငြိမ်သွားပြီး နောက်ထပ်စကားဆိုလာ‌ပြန်သည်။
“မင်းတို့တွေ ထမီလာခိုးတဲ့ကောင်နောက်ကိုလိုက်ကြည့်ရင် အဖြစ်မှန်ကိုသိလောက်တယ် “
“အစီအရင်နဲ့ခိုးနေတယ်ဆိုရင်တော့ ကျုပ်တို့လိုက်လို့ မလွယ်လောက်ဘူးထင်တယ် “
မောင်ဘိုးထင်မှ ထိုသို့ပြောလိုက်‌သောအခါ ဦးတက်ခသည် ဦးခါင်းကိုညိတ်လိုက်ပြီး
“ဟုတ်တယ် မလွယ်ဘူး မင်းတို့ကိုယ်မှာ စောရအစီအရင်ထိုးမှပဲ လိုက်လို့ မှီလိမ့်မယ် “
“ဟာ အဲ့တာတော့ မဖြစ်နိုင်ဘူး ကျုပ်တို့ပါ သူခိုးတွေဖြစ်ကုန်လိမ့်မယ်”
“မင်းတို့ကို ဆေးအများကြီးပေါက်မှာ မဟုတ်ပါဘူးကွာ မန္တန်ရွတ်ပြီး ဆေးလေးနည်းနည်းပဲပေါက်မှာ တပွဲတိုးကွ”
“အဲ့တာဆိုရင်လည်း လုပ်ဗျာ “
“စုတ်တံလေးနဲ့ တချက်နှစ်ချက်ပဲ ပေါက်ရင် ရလား”
“တော်တော်ကြီးလား “
“မကြီးပါဘူးကွာ မကျည်းစေ့လောက်လေးပါပဲ “
မောင်ဘိုးထင်တို့သုံးယောက်သည် တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီး ပြိုင်တူခေါင်းညိတ်လိုက်ကာ
“ချဗျာ ချိုးသိန်းကိုခေါ်မှဖြစ်မှာ ထမီတွေတောက်လျှောက်ခိုးနေရင်လည်း မလွယ်ဘူး အခုတောင် သာရအမေရဲ့ထမီအသစ် ပိတ်စအသစ်တွေ ပါကုန်လို့ တငိုငိုတရယ်ရယ်ဖြစ်နေတယ်ဆို”
“အေး ဟုတ်တယ် ဖိုးထွေးရ ငါ့အမေက ‌နွားပျောက်တုန်းက ပစ္စည်းသင်္ခါရ လူသင်္ခါရနဲ့ သူ့ထမီတွေပါကုန်‌တော့ တငိုငိုတရယ်ရယ်နဲ့ကွာ “
“အဲ့တာဆိုလည်း လုပ်ဗျာ ပြန်မနေနဲ့ ကျုပ်အိမ်မှာပဲ စီရင်ပေး”
“ဆေးမှင်ကြောင်နဲ့ စုတ်တံက လိုသေးတယ်ကွ”
“ဒါများ ဦးကြီးရယ် ခဏပဲ စောင့် “
မောင်ဘိုးထင်သည် ပြောပြောဆိုဆို ကွပ်ပျစ်မှ ထရပ်လိုက် ကာ ရွာထဲသို့ သွားလေသည်။သူသွားသည်မှာ လိုချင်သည့်အစီအရင်အားလုံးရှိသော ဦးအုန်း၏နေအိမ်ဆီသို့ ဖြစ်ပါလေသည်။
◾အခန်း (၃)
နေ့လယ်အချိန်ခါဖြစ်သည်။မောင်ဘိုးထင်၏အိမ်တွင်‌ မောင်ဘိုးထင်၊သာရနှင့် ဖိုးထွေးတို့သည် အ‌ပေါ်ပိုင်းအင်္ကျီဗလာနှင့် တန်းစီထိုင်နေသည်။သူတို့၏‌အရှေ့တွင် ဦးတက်ခတယောက် ငှက်ပျောပွဲအုန်းပွဲ၌ ဖယောင်းတိုင်မီးထွန်းပြီး မောင်ဘိုးထင်ယူပေးထားသော အစီအရင်စုတ်တံအား လက်နှစ်ဖက်ကို လက်အုပ်ချီသဏ္ဌာန် လက်ညှိုးနှင့်လက်မများကြားထဲညှပ်ပြီး ခေါင်းကိုငုံ့ကာ မန္တန်များကို ရွတ်ဖတ်နေလေသည်။ပြီးနောက် မောင်ဘိုးထင်တို့ဘက်မျက်နှာမူလိုက်ကာ
“ကဲ ဘယ်သူစထိုးမှာလဲ”
“ဟေ့ကောင်ဘိုးထင် မင်းအငယ်ဆုံး မင်း အရင်ထိုးလိုက် “
“ခင်ဗျားတို့က အကြီးလေဗျာ ခင်ဗျားတို့ အရင်ထိုးရမှာ “
“တောက် ဘိုးထင် မင်း တအားစကားများတယ် မင်းက ပညာတွေနဲ့ရင်းနှီးတဲ့ကောင်ပဲ မင်း အရင်ထိုး”
မောင်ဘိုးထင်သည်လည်း နှစ်ယောက်တယောက်မို့ဆက်ပြီး မငြင်းတော့ပဲ ဦးတက်ခရှေ့တိုးသွားလိုက်ပြီး
“ကျုပ်ကို အရင်ထိုးပေးပါ ဦးကြီး”
“အေး အေး နည်းနည်းလေးပါပဲကွာ ဆေးစက်ပဲချမှာပါကွ”
‌”ဘယ်ကိုထိုးမှာလဲ “
“ရင်ဘတ်ကိုပဲ ထိုးမှာ”
မောင်ဘိုးထင်သည် တင်ပျဉ်ခွေထိုင်ပြီး ရင်ကိုကော့ပေးထားလေသည်။ထိုအခါမှ ဦးတက်ခသည် ဆေးမှင်‌ကြောင်စုတ်တံကြီးနှင့် တနေရာတည်းကို အတန်ကြာအောင်ထိုးနေလေရာ မောင်ဘိုးထင်တယောက် မျက်နှာရှုံ့မဲ့နေသည်။ထို့နောက် မန်ကျည်းစေ့ခန့်အမဲစက်နှစ်စက်ကို မဲနက်နေအောင်ထိုးပြီး သည်နှင့် မန္တန်များထပ်ရွတ်‌ပေးပြီး ဆေးမှင်ကြောင်ထိုးသည်ကိုရပ်လိုက်လေသည်။ထို့နောက် ရှုံ့မဲ့နေသော မောင်ဘိုးထင်ကိုကြည့်ကာ လေသံတိုးတိုးဖြင့် စကားဆိုလေသည်။
“မင်းကလည်း ဒီလောက်သေးသေးလေးထိုးတာကို ဖြစ်ပျက်နေတာ ထိုးကွင်းများထိုးရရင် ဘယ်လိုလုပ်မလဲ “
“ဟာဗျာ ဦကြီး ထိုးပုံမျိုးနဲ့ ထိုးကွင်းထိုးရင် အထိုးခံရတဲ့သူက တန်းပြီးတော့ မသာပေါ်မှာပဲ တနေရာတည်းကိုပဲ အကြာကြီးထိုးနေတာ ကျုပ်ဖြင့် ထုတ်ခင်းပေါက်သွားပြီတောင် ထင်နေတာ “
မောင်ဘိုးထင်၏စကား‌ကြောင့် ဖိုးထွေးနှင့် သာရမှာ မျက်စိမျက်နှာပျက်နေကြပြီး မောင်ဘိုးထင်၏ရင်ဘတ်မှ သွေးများစီးကျနေသော ဆေးမှင်ကြောင်ပေါက်ထားသည့်နေရာအား ကြည့်ကာ တုန်လှုပ်နေကြသည်။ထို့နောက် ဦးတက်ခသည် သူတို့နှစ်ယောက်ဖက် လှည့်ကြည့်ကာ
“နောက်တယောက် “
“သာရ မင်းအရင်သွား”
“မင်း အရင်ထိုးလိုက်ပါကွာ “
သူတို့နှစ်ယောက်သည် မောင်ဘိုးထင်၏ရှုံ့မဲ့နေသောမျက်နှာကိုကြည့်ကာ အတော်ကြောက်လန့်နေကြပြီး တယောက်နှင့်တယောက်ငြင်းခုန်နေလေရာ စိတ်မရှည်ဖြစ်လာ‌သောဦးတက်ခသည် မောင်ဘိုးထင်ဘေးရှိ ဖိုးထွေးကို ကြီးမားပြီးချွန်မြနေသာ စုတ်တံကြီးအားဝင့်ပြီး ခေါ်လေသည်။
“မင်း လာခဲ့”
“ဗျာ”
“ဗျာ မနေနဲ့ သူခိုးက ညဆိုလာခိုးတော့မှာ အချိန်မရှိဘူး “
“ဟုတ်ကဲ့ ဟုတ်ကဲ့ “
ဖိုးထွေးသည် သက်ပြင်းအရှည်ကြီးကိုချကာ ဦးတက်ခအ‌ရှေ့တွင် ထိုင်လိုက်လေသည်။ဦးတက်ခသည်လည်း မောင်ဘိုးထင်ကိုထိုးသည့်လက်ဆထက်မလျော့သော စုတ်ချက်တို့ ဖြင့် မန်းမှုတ်ကာ ရင်ဘတ်မှ သွေးများစီးကျသည့်အထိထိုးပေး လိုက်လေသည်။ထိုနည်းတူ သာရကိုလည်း နောက်ဆုံးထိုးပေး လိုက်ပြီးနောက် စုတ်တံကို လက်နှင့်ဆကြည့်ရင်းမှ ပြောလာ သောစကားကြောင့် မောင်ဘိုးထင်၊သာရနှင့် ဖိုးထွေးတို့ မျက်လုံးပြူးသွားလေသည်။သူ ပြောလာသည်မှာဖြင့်
“ငါ အခုမှသတိထားမိတယ်ကွ ငါ့အိမ်ကစုတ်တံက ဒီလောက်မလေးဘူးကွ ဘိုးထင် မင်းအဘရဲ့စုတ်တံက ဝိတ်ပါတော့ လက်ဆနည်းနည်ပြင်းသွားတယ်ကွာ အစီအရင်က အနည်းဆုံးစုတ်ချက် တရာထိုးရမှာလေ မင်းတို့က တနေရာတည်း သေးသေးလေးထိုးချင်တော့ ငါလည်း စုတ်ချက်တရာပြည့်အောင်ထိုးရတော့တာပေါ့ကွာ”
ဤသို့ဖြင့် အစီအရင်ပြုလုပ်သွားသည်မှာ ပြီးသွားသလို မောင်ဘိုးထင်တို့သုံးယောက်သည်လည်း အတော်အထိနာသွားပါလေတော့သည်။
◾အခန်း (၄)
ပေပင်ရွာလေးသည် ညအမှောင်ထုထဲသို့ကျရောက်လာပြီဖြစ်သည်။အချို့အိမ်များ၌ ရေနံဆီမီးခွက်အလင်းရောင်လေးသာ တစွန်းတစလင်းလက်နေသည်။မောင်ဘိုးထင်၏ နေအိမ်တွင်တော့ စကားသံအချို့ ခပ်တိုးတိုးပေါ်ထွက်လို့နေသည်။
“မင်းတို့သုံးယောက်က နောက်ဖက် အမှောင်ရိပ်ထဲမှာပုန်းနေကြ ချိုးသိန်းလာခိုးရင် မင်းတို့စိတ်ထဲမှာ သူ ဘယ်နေရာ‌ရောက်နေတယ်ဆိုတာကအစ သိလိမ့်မယ် ကြားလား မင်းတို့‌တွေ ဘာထူးခြားလဲ ပြောကြစမ်း”
“မီးခွက်အလင်းရောင်က တော်‌တော်လင်းနေတယ် “
“အေး အဲ့တာဆို ဆေးအောင်တယ် “
“မီးခွက်ပိုလင်းရင် ဆေးအောင်တာလား ဦးကြီး”
“မင်းမေကြီးတော် အမှောင်ထဲလည်း ကြည့် ကြည့်ဦးဟ”
ဦးတက်ခ၏စကားကြောင့် မောင်ဘိုးထင်တို့သည် မှောင်မဲနေ သောအိမ်ဝိုင်းဖက်သို့ကြည့်လိုက်ပြီး အံ့သြနေသည်။ထို့နောက်သူတို့သည် ဦးတက်ခဘက်လှည့်ကာ
“ဟုတ်ပါ့ ‌နေ့ခင်းဖက်လိုပဲ မြင်ကွင်းက ရှင်းနေတာ “
“အဲ့တာတင်မဟုတ်ဘူး ဟေ့ကောင် ဘိုးထင် မင်း အိမ်ခေါင်မိုးပေါ် ခုန်တက်ကြည့်စမ်း”
“သက်ကယ်တွေမိုးထားတာ ကျွံကျသွားမှာပေါ့ဗျ ကျုပ်က ခုန်ပြီးတော့လည်း မတက်နိုင်ဘူး ကျုပ်ခုန်ရင် ၀က်တရပ်တောင်လွတ်တာ မဟုတ်ဘူး”
“ငါပြောသလို လုပ်စမ်းကွာ မင်းက အသက်ငယ်သလောက်သောက်စကား သိပ်များတာပဲ “
မောင်ဘိုးထင်သည် ဦးတက်ခမှ အိမ်‌ခေါင်မိုးပေါ်သို့ တက်ခိုင်းနေသဖြင့် အိမ်ပေါ်မှ ဆင်းလိုက်ကြသည်။သူ၏အနောက် တွင်‌တော့ ဖိုးထွေး၊သာရနှင့် ဦးတက်ခပါ‌လာလေသည်။အိမ်ရှေ့ရောက်သောအခါ မောင်ဘိုးထင်သည် အသက်ကိုပြင်းစွာရှုလိုက်ပြီး အိမ်ခေါင်မိုးကို‌သေချာကြည့်ပြီးနောက် ခုန်လိုက်ရာ လျင်မြန်သောအရှိန်ဖြင့်အိမ်ခေါင်မိုးပေါ် ရောက်သွားလေသည် ။ထိုအခါ ဦးတက်ခသည် မောင်ဘိုးထင်ကိုကြည့်ပြီး ကျယ်လောင်စွာရယ်နေလေရာ ဘေးတွင်ရှိနေသော ‌ဖိုးထွေးမှ သတိ ပေးလိုက်ရလေသည်။
“ဦးလေး တိုးတိုးလုပ်ပါဗျ ခင်ဗျားအသံကအကျယ်ကြီးရယ်”
“‌‌အေးပါကွာ မင်းတို့ကလည်း ကောင်း‌ကောင်းတောင်မရယ်ရဘူး “
“တောထဲမှာ မဟုတ်ဘူးဗျ ရွာထဲမှာ အဲ့တာလေး သတိထား”
“အေးပါကွာ မင်းတို့ အစီအရင်အောင်သွားပြီဆိုတော့ ငှက်ပျောဖက်‌ပေါ်တောင် တက်အိပ်လို့ရသွားပြီကွ”
“တကယ်လားဗျ”
“တကယ်ပေါ့ကွ “
“မိုက်တယ်ဗျာ ကျုပ်ကို ဒီလိုအစွမ်း‌တွေကို တလလောက်ရှိအောင် လုပ်ပေးလို့ရမလား”
ဖိုးထွေးမှ ဦးတက်ခကိုကြည့်ပြီးပြောလိုက်ရာဦးတက်ခသည် သူ့အား သေချာကြည့်လိုက်ပြီး
“ဘာလဲ မင်းက မ‌ကောင်းတာတွေ လုပ်ဖို့လား”
“ဟာဗျာ မဟုတ်ပါဘူး ကျုပ်‌ရည်းစားအိမ်ကို ခိုးဝင်မလို့ဗျ ဒီအစွမ်းသာရှိရင် တော်တော်အဆင်‌ပြေမှာ “
“တော်စမ်း ‌ပေါက်ကရတွေ မပြောနဲ့ အိမ်ခေါင်မိုး‌ပေါ်က ဘိုးထင် မင်းက ဘာလို့ မတ်တတ်ရပ်နေတာလဲ ပြန်ဆင်းခဲ့တော့လေ”
“ကျုပ် မဆင်းရဲဘူး ဦးကြီး”
“မင်းမေကြီးတော်ပဲကွာ ခုန်ချလိုက်လေ “
“အမြင့်ကြီးဗျ “
“ခွီးတဲ့မှပဲကွာ တက်တုန်းကတောင် ခုန်တက်သွားသေးတာ ကို”
“အပေါ်အထိရောက်မယ်မထင်လို့ ခုန်တက်လိုက်တာ‌ဗျ “
“ဟေ့ကောင် ခုန်ချလိုက် ဘာမှမဖြစ်ဘူး”
“ကြောက်တယ်ဗျ”
“ဘိုးထင် မင်းခုန်မချရင် ငါ မင်းအိမ်ကို မီးနဲ့တိုက်မှာနော်”
ဦးတက်ခ ရေနံဆီမီးခွက်ကိုသွားယူကာ အိမ်တံစက်မြိတ်အနီးကပ်လာကာမှ မောင်ဘိုးထင်တယောက် မျက်လုံးစုံမှိတ်ပြီး ခုန်ချလေသည်။အောက်သို့ရောက်သောအခါ မည်သည့်နာကျင်မှုကိုမှ မခံစားရပဲ ကြောင်တ‌ကောင်ကဲ့သို့ပေါ့ပါးနေသောကြောင့် အတော်အံ့သြသွားလေသည်။ထို့နောက် သူတိို့သုံးယောက်သည် ဦးတက်ခခိုင်းထားသည့်အတိုင်း ရွာအနောက်ပိုင်းသို့ ထွက်သွားကြပါလေတေတာ့သည်။
◾အခန်း (၅)
မောင်ဘိုးထင်တို့ထွက်သွားပြီးနောက် အိမ်တွင် ဦးတက်ခ တယောက်သာ ကျန်ခဲ့လေသည်။သူသည် အိမ်ပေါ်တွင်တယောက်တည်း အေးအေးလူလူရေနွေးကြမ်းသောက်နေသည်။ကွမ်းအစ်ထဲမှကွမ်းကိုယာပြီးဝါးနေစဉ် အိမ်ပေါ်သို့ လူတ‌ယောက် တက်လာလေသည်။ထိုလူမှာ ဦးအုန်းဖြစ်နေ သည်။ဦးအုန်းကိုမြင်သည်နှင့် ဦးတက်ခသည် ကွမ်းယာမြုံ့ရင်းက စကားဆိုလေသည်။
“ဘယ်သူလဲ မသိဘူးခင်ဗျ အိမ်ရှင်ကောင်လေး မရှိဘူး”
“ကျုပ်က သူ့အဘပါ “
“ဪ ဦးအုန်းဆိုတာ ထင်တယ် “
“ဟုတ်တယ် ခင်ဗျားက ဦးတက်ခလား “
“ဟုတ်ပါ့ဗျာ “
ဦးအုန်းနှင့် ဦးတက်ခတို့သည် ပညာသည်အချင်းချင်းမို့ တွေ့သည်နှင့် ရင်းနှီးခင်မင်သွားကြသည်။ပညာရပ်များအကြောင်းကို မမောနိုင်မပန်းနိုင်‌ပြောဆိုနေကြသည်။
“အခုလို အချင်းချင်းစကားပြောရတာတယ် ကောင်းသဗျာ “
“ကျုပ်လည်း အတူတူပါပဲ ဦးတက်ခရာ နောက်ဆို အိမ်ကို အမြဲလာလည်ပေါ့ဗျာ ကျုပ်အိမ်က ရွာထဲမှာ “
“ဦးအုန်းလည်း ကျုပ်အိမ် လာလည်ဦးပေါ့ “
“လာလည်ရမှာပေါ့ဗျာ ဒါနဲ့ ဦးတက်ခလာရင်းကိစ္စကို မသိရသေးပါလားဗျ ကျုပ်ကောင်လေးကလည်း ခင်ဗျားလာတယ်သာပြောတာ အကျိုးအကြောင်းကိုတော့ မပြောပြဘူး”
“ရှေ့မျက်နှာနောက်ထားပြီးပြောရရင်တော့ ဒီရွာက ချိုးသိန်းက ကျုပ်သမီးကို ခိုးသွားလို့ဗျို့ ချိုးသိန်းရှိတဲ့နေရာကို ဘိုးထင်တို့များ သိမလားဆိုပြီးလာခဲ့တာ”
“အဲ့လိုကိစ္စတွေ ရှိသေးတာလား ကျုပ်တောင် ချိုးသိန်းကို တခြားရွာတွေဖက် ချိုးထောင်နေတယ်ပဲ ထင်တာ တယ် ဒီကောင်က ချိုးမထောင်ပဲ ချိုးထောင်နေတာပဲဗျ”
“ဘာ ဘာပြောတာလဲ ဦးအုန်း”
“ဘာ ဘာမှမဟုတ်ပါဘူး”
ဦးအုန်း ချက်ချင်းမျက်နှာပိုးသတ်လိုက်ပြီး နောက်ထပ်စကားဆိုလိုက်သည်။
“ကျုပ်အိမ်က စောရဆေးမှင်ကြောင်စုတ်ပျောက်သွားလို့ဗျ “
“ဘိုးထင်ယူလာတဲ့ စုတ်တံလား”
ဦးတက်ခသည် အိမ်ဦးခန်း ပွဲထိုးထားသည့်အနီးမှ စုတ်တံကိုယူကာ ဦးအုန်းအား ပေးလိုက်သည်။ထိုအခါ ဦးအုန်းသည် စုတ်တံကိုယူလိုက်ရင်းက
“ဟုတ်တယ် ကျုပ်လည်း ပျင်းပျင်းရှိတာနဲ့ ဒီစုတ်တံကို စီရင်ထားတာ ဒါ သန်းခေါင်စောရအစီအရင်လုပ်ထားတဲ့ စုတ်တံလေဗျာ “
“ဗျာ ရိုးရိုးစုတ်တံမဟုတ်ဘူးလား “
“ဘိုးထင်က ပွဲထိုးထားတဲ့အထဲက နှိုက်သွားတာ ဦးတက်ခရ”
“အဲ့တာဆိုရင်တော့ သွားပါပြီဗျာ ကျုပ် ထင်တော့ ထင်တယ် ကျုပ်ရဲ့တပွဲတိုးအစီအရင်က အဲ့လောက်မစွမ်းနိုင်ပါဘူး‌လို့ “
“ဘာဖြစ်လို့လဲဗျ”
“ဘာဖြစ်ရမှာလဲဗျာ ခင်ဗျားရဲ့အစီအရင်စုတ်တံကို ပွဲထပ်ပေးပြီး ဟိုကောင်တွေသုံးယောက်ကို ထိုး‌ပေးလိုက်မိပြီဗျာ “
“ဟောဗျာ “
ဤသို့ဖြင့် ဦးအုန်းနှင့် ဦးတက်ခတို့သည် စိတ်ညစ်ညစ်နှင့်ပင် ရေနွေးကြမ်းသောက်ရင်းက အစီအရင်ကိုဖျက်လို့ရမည့် နည်းလမ်းများကို တိုင်ပင်ဆွေးနွေးနေကြပါလေတော့သည်။
◾အခန်း (၆)
“ဟေ့ကောင်တွေ ဟိုအိမ်က ကြက်မကြီးကိုမြင်လား ခိုးချက်စားလိုက်ရ”
“တောက် ခိုးချင်စရာကြီး”
“နေဦးကွ ချိုးသိန်းနောက်လိုက်ရဦးမယ် “
“အေးကွာ သူ့နောက်လိုက်ပြီးမှပဲ ခိုးကြတာပေါ့”
မောင်ဘိုးထင်တို့သည် အမှောင်ထဲရှိ အရာအားလုံးကိုရှင်းလင်းပြတ်သားစွာမြင်နေရပြီး သူတို့နှင့် ခပ်လှမ်းလှမ်းရှိ ကြက်အိပ်တန်းမှကြက်မကြီးကိုကြည့်ကာ ခပ်တိုးတိုးစကားဆိုနေကြခြင်းသာ ဖြစ်သည်။သူတို့သုံးယောက်သည် တိုင်ပင်မထားပါပဲ သူတပါးပစ္စည်းကို အလိုလိုခိုး‌ချင်နေမိသည်။တဦးတယောက်မှတားဆီးခြင်းမရှိပဲ စိတ်တူကိုယ်တူဖြစ်လို့နေသည်။ညသန်းခေါင်ယံအချိန်သို့ရောက်သောအခါ သူတို့၏ရှေ့ခပ်လှမ်းလှမ်းတွင် ခါးတောင်း‌ကျိုက်ထားသော လူတယောက် အိမ်ဝန်းထရံကို ဂျွန်းပစ်ပြီးကျော်တက်သွားကာ အိမ်ခေါင်မိုးပေါ်သို့လွှားခနဲခုန်တက်ရင်း ပျောက်ကွယ်သွားလေသည်။ မကြာသောအချိန်တွင်တော့ ထိုသူသည် ပုဆိုးနှင့်ထုတ်ထားသော အထုတ်တထုတ်ကို ကျောတွင်လွယ်ကာ အိမ်ခေါင်မိုးပေါ်မှ အိမ်အောက်သို့ခုန်ဆင်းပြီး အလာတုန်းကကဲ့သို့ အိမ်ဝန်းထရံကို ဂျွန်းပစ်ကျော်တက်ကာ ရွာအနောက်ဖက်လမ်းအတိုင်း ပြေးသွားလေသည်။ထိုသူ၏နောက်ကို ကြောင်တကောင်အလားပေါ့ပါးသွက်လက်နေသော မောင်ဘိုးထင်တို့သုံးယောက်မှ ဝန်းထရံများကို ဂျွမ်းပစ်ကာ ကျော်လွှားပြီး လိုက်သွားကြရာ သူခိုးသည်လည်း အရှေ့မှနေ၍ ကြောင်တကောင်ကဲ့သို့ပေါ့ပါးပြီး ကျားသစ်တကောင်ထက်ပိုမြန်ဆန်သောအရှိန်ဖြင့် ပြေးနေလေသည်။နောက်မှ မောင်ဘိုးထင်တို့သည်လည်း ထပ်ကြပ်မကွာလိုက်ကြရာ မကြာမီ ရွာနှင့်အတော်အတန်ဝေးသောအရပ်သို့ ရောက်လာကြသည်။အချိန်လည်း ဝေလီဝေလင်းသို့ရောက်ရှိလာချိန်တွင်တော့ ရှေ့မှပြေးနေသော သူခိုးသည်လည်း မမြန်တော့သလို အနောက်မှပြေးလိုက်နေသော မောင်ဘိုးထင်တို့ သည်လည်း မပြေးနိုင်တော့ပေ။ထို့‌နောက် သူခိုးသည် ဆက်မပြေးပဲရပ်လိုက်ကာ လမ်းဘေးရှိသစ်ပင်ကို မှီပြီးထိုင်နေလေသည်။နောက်မှလိုက်လာသောမောင်ဘိုးထင်တို့သည်လည်း သူခိုး၏အနားကိုကပ်လာပြီး သူခိုးအား
“ဟေ့ကောင် ထမီသူခိုး အခုတော့ မင်း ငါတို့လက်ထဲက မလွတ်တော့ပါဘူးကွ”
“ဟေ့ကောင်တွေ ငါ ချိုးသိန်းပါကွ”
“ဟာ တကယ် ချိုးသိန်းပဲ မင်း ဘာလို့ ထမီတွေခိုးနေတာလဲ “
“ငါ မင်းတို့ကို နောက်မှပြောပြမယ် အခုတော့ ငါနေတဲ့နေရာကို သွားကြမယ် မိုးလင်းတာနဲ့ မင်းတို့အစီအရင်ရော ငါ့အစီအရင်ကရော အစွမ်းမရှိတော့ဘူး အခု ငါတို့ပြေးလာတာ လမ်းလျှောက်မယ်ဆိုရင် နှစ်ရက်လောက်လမ်းလျှောက်မှ ပေပင်ပြန်ရောက်မှာ “
“မင်း ငါတို့လိုက်လာမှန်းသိတာကို ဘာလို့ မရပ်တာလဲ “
“မင်းတို့လိုက်လို့ ပြေးနေတာမဟုတ်ဘူး ငါက ဒီအနားက ရွာကြီးတရွာမှာ နေတာ ပြေးလာမှ ရမှာမို့ ပြေးလာတာ မင်းတို့သာ နောက်က လိုက်လာတာ လာ အိမ်ကို လိုက်ခဲ့ကြ”
‌”နေပါဦး မင်းက တခြားရွာမှာမခိုးပဲ ဘာလို့ ကိုယ့်ရွာကို လာခိုးနေရတာလဲ”
ဖိုးထွေးသည် ထိုင်နေရမှ မတ်တတ်ရပ်ရန်ပြင်နေသော ချိုးသိန်းအား မေးလိုက်ရာ ချိုးသိန်းမှ လက်ကာပြလိုက်ပြီး
“ငါ့အိမ်ရောက်ရင် မင်းတို့သိပါလိမ့်မယ် လိုက်သာလိုက်ခဲ့ “
“အဲ့တာဆိုလည်း ပြီးတာပဲကွာ “
ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် ချိုးသိန်းခေါ်ဆောင်ရာ နောက်သို့ စကားတပြောပြောနှင့် လိုက်ပါသွားပါလေတော့ သည်။
◾အခန်း (၇)
“ဝါးချောင်းကျေးရွာ”
ထိုရွာကြီးသည် အိမ်ကြီးအိမ်ကောင်းများ အိမ်ခြေထောင်ကျော်ရှိသောကြောင့် နယ်မြို့လေးတမြို့နှင့်တူပေသည်။ငါးရက်တဈေးလည်းရှိပြီး အဝတ်အထည်၊စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပေါများလှပေသည်။ယနေ့သည် ဝါးချောင်းရွာလေး၏ငါးရက်ဈေးနေ့ဖြစ်သည်။ဈေးထဲတွင် အော်ဟစ်‌ ဈေးရောင်းသူများနှင့် စည်ကားနေပြီး ထိုအထဲတွင် ထူးထူးခြားခြားအော်ဟစ်ဈေးရောင်းနေသော ကောင်လေးနှစ်ယောက်၏ အသံက တမူထူးခြားစွာထွက်ပေါ်နေသည်။
“ကဲ လာကြနော် အဆင်လှလှလေးတွေ ရှိတယ် စပါးပေါ်ချိန်မှ ဝယ်လို့ရတဲ့ ဖျင်စပိတ်စနဲ့ ထမီအဆင်လှလှတွေကို ဈေးချိူချိုနဲ့ ရောင်းပေးနေပြီ “
“လာကြ လာကြ ကျုပ်တို့ရောင်းတဲ့ ထမီတွေပိတ်စအဆင်လှလှတွေက အလှူမင်္ဂလာဆောင်တွေသွားဖို့ အကောင်းဆုံးနော် “
အော်ဟစ်ဈေးရောင်းနေသူနှစ်ယောက်မှာ သာအေးနှင့် ပေတူးတို့ ဖြစ်သည်။သူတို့သည် နှင်းမှုံနှင့်အတူ ချိုးသိန်းခိုးပေးသော ထမိန်နှင့်ပိတ်စများကို ဈေးတွင်ရောင်းချနေခြင်းသာဖြစ်သည်။သူတို့သည် နှင်းမှုံဆီမှပါလာသော ရွှေအချို့ကို ရောင်းချပြီး ဝါးချောင်းရွာတွင် အိမ်ဝယ်ပြီး နေထိုင်နေသည်။ ပေတူးနှင့် သာအေးကိုပြန်ဖို့ပြောပေမဲ့ သာယာနာပျော်ဖွယ်ကောင်းသည့် စည်ကားသောဝါးချောင်းရွာတွင် နေထိုင်လို၍ မပြန်ကြပေ။ဤသို့ဖြင့် ချိုးသိန်းခိုးပေးသော ထမီနှင့် ဖျင်စ ပိတ်စများကို ငါးရက်တဈေးတွင်ရောင်းချပြီး လုပ်ကိုင်စားသောက်ရင်း နေထိုင်ကြသည်။ယခုလည်း ‌ဈေးရောင်းနေသည်မှာ နေမြင့်လာသည့်အပြင် ဈေးလည်းကွဲပြီမို့ ရောင်းချနေသော ပစ္စည်းများကိုထုတ်ပိုးကာ သုံးယောက်သား အိမ်သို့ပြန်လာခဲ့ကြလေသည်။အိမ်သို့ရောက်သောအခါ အိမ်အောက်တန်းလျားတွင် ထိုင်နေကြသောသူများအားမြင်သည့်အခါ သာအေးနှင့် ပေတူးမှ နောက်သို့လှည့်ပြေးရန်ကြံစဉ် နှင်းမှုံမှသူတို့လက်ကို ဆွဲထားပြီး
“ဟဲ့နှစ်ကောင် ဘယ်သွားမလို့လဲ “
“ဟို ဟို “
“ဟိုမနေနဲ့ အဲ့တာ နင်တို့ရွာက မလား လာ အခုမှ ဘာတွေကြောက်နေတာလဲ”
“ဘိုးထင်ကိုတော့ မကြောက်ပါဘူး ထမီနဲ့ ပိတ်စတွေ အများဆုံးအခိုးခံထားရတဲ့အိမ်က ကိုဖိုးထွေးနဲ့ ကိုသာရကိုပဲ ကြောက်တာ “
နှင်းမှုံမှ သူတို့နှစ်ယောက်လက်ကိုဆွဲပြီး တန်းလျားဆီ ခေါ်လာလေသည်။အိမ်အောက်တန်းလျားဆီရောက်သောအခါ ဖိုးထွေးနှင့် သာရမှ သကောင့်သားနှစ်ယောက်အား မကျေမနပ်ဖြင့်ကြည့်ကာ သာရမှ စတင်၍စကားဆိုလေသည်။
“တကယ့်ကောင်တွေပဲ ကိုယ့်ရွာကပစ္စည်းကိုမှ ပြန်ခိုးခိုင်းရတယ်လို့ ငါ့အမေဆို သူ့ပိတ်စတွေပါသွားလို့ တငိုငိုတရယ်ရယ်ဖြစ်နေတာ မင်းတို့က ဘယ်အိမ်ကို ခိုးရမယ်ဆိုတာကို လက်ထောက်ချတာဆို “
“ဟို ဟို အဲ့လိုလည်း မဟုတ်ပါဘူး “
ပေတူးနှင့် သာရ မည်သို့ပြန်ပြောရမည်မှန်းမသိဖြစ်နေချိန် နှင်းမှုံမှ စတင်၍တောင်းပန်လာလေသည်။
“ကျမကပဲ သူတို့ကိုယ်စား တောင်းပန်ပါတယ် တကယ်မကောင်းတဲ့သူက ကျမပါ ကိုချိုးသိန်းက ညဖက်တွေဆို မခိုးရမနေနိုင်ဖြစ်နေတာမို့ ပြီးတော့ စားဝတ်နေရေးလည်းအဆင်ပြေအောင်ဆိုပြီး မတားလိုက်မိဘူး “
နှင်းမှုံ၏တောင်းပန်မှုကြောင့် သာရတို့ ခွင့်လွှတ်လိုက်ကြသည်။
“ဟုတ်ပါတယ် ကိုသာရရယ် ကျုပ်တို့က ဒီမှာ ပျော်နေကြတာ မနှင်းမှုံက အချက်အပြုတ်လည်း ကောင်း‌တယ် ဒီရွာက စည်ကားပြီး ပျော်စရာကောင်းတော့ မပြန်ချင်လို့ပါ ရွာကနေ ခိုးခိုင်းတာကလည်း အဆင်ပြေတဲ့သူတွေဆီကပဲ ခိုးခိုင်းတာပါ ရွှေလည်း မယူဘူး ငွေလည်း မယူဘူး ပိတ်စနဲ့ ထမီတွေကိုပဲ ခိုးတာပါဗျာ”
“အေးပါ ထားလိုက်တော့ ငါလည်း သိပါတယ် တကယ်ခိုးရင် ရွှေတွေငွေတွေ ယူလို့ရတာကို “
“ဟုတ်ပါတယ် ပြီးတော့ အဆမတန် ထမိန်တွေပိတ်စတွေ စုတတ်တဲ့သူတွေဆီကပဲ ခိုးတာပါ ကိုသာရအမေနဲ့ ကိုဖိုးထွေးအမေက အဝတ်အစားအသစ်ဆို သေတ္တာထဲမှာ နည်းနည်းလျှော့တာနဲ့ ပြန်ဖြည့်တတ်တာမို့ ကျုပ်တို့လည်း သူတို့ကိုပဲ ဦးစားပေးခိုးရတာပါ”
“အေး ကောင်းရော ကဲ အဲ့တာတွေ ထားလိုက်တော့ ချိုးသိန်း နဲ့ မနှင်းမှုံ မင်းတို့လင်မယားကို ဦးတက်ခက ပြန်ခေါ်နေတယ် သဘောတူတယ်တဲ့ ငါတို့ မင်းတို့နောက်ကိုလိုက်လာတာ ဒီကိစ္စပြောချင်လို့ကွ မင်းယောက္ခမကြီးက ကောင်းကောင်းမွန်မွန် မင်္ဂလာဆောင်ပေးမယ်တဲ့ကွ”
ဖိုးထွေး၏စကားကြောင့် ချိုးသိန်းနှင့် နှင်းမှုံ အတော်ဝမ်းသာသွားကြသည်။ဝမ်းမသာနိုင်သူက သာအေးနှင့် ပေတူးတို့ ဖြစ် သည်။သူတို့နှစ်ယောက် မှိုင်တွေသွားသည်ကိုကြည့်ပြီး မောင်ဘိုးထင်မှ စိတ်မသက်မသာဖြင့်မေးလိုက်လေသည်။
“ဟေ့ကောင်တွေ မင်းတို့နှစ်ယောက်မျက်နှာက ဘာဖြစ်နေတာလဲ “
“ငါတို့ ရွာမပြန်ချင်ဘူးကွာ ဒီမှာပဲ နေချင်သေးတယ်”
“ဘယ်ဖြစ်မလဲကွ အဓိက သာအေး မင်းကို မင်းမိဘက မေးနေပြီ”
“လုပ်ပါကွာ ဒီမှာ သုံးလေးရက်လောက် ထပ်နေပါရစေ “
မောင်ဘိုးထင်သည် သူငယ်ချင်းနှစ်ယောက်မှ သနားစဖွယ်တောင်းပန်လာသဖြင့် ကျန်သောသူများအား သုံးရက်လောက်နေဖို့ပြောရာ အားလုံးသဘောတူကြလေသည်။
“နေလိုက်ပါ ဖိုးထွေးနဲ့ သာရရာ ဒီရွာက စည်တယ်ကွ ငါလည်း မင်းတို့ကို ပြုစုချင်သေးတယ် “
“အေးကွ ရွာပြန်ရမှာလည်း အဝေးကြီးဆိုတော့ ရောက်တုန်းရောက်ခိုက်နေကြမယ်ကွာ “
ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် ဝါးချောင်းရွာတွင် ‌သုံးလေးရက်မျှနေဖို့ ဆုံးဖြတ်လိုက်လေသည်။ယနေ့ညတွင်တော့ စောရအစီအရင်များ သူတို့ကိုယ်တွင် နိုးကြားလာမည်ဆိုတာမသိပဲ သူတို့စိတ်ထဲတွင်တော့ ချိုးသိန်းကို ထိန်းဖို့သာတွေးနေကြပါလေတော့သည်။
◾အောက်လမ်းဘိုးထင်နှင့် စောရချိုးသိန်းသည်က ဤမျှသာ။ မကြာမီ အောက်လမ်းဘိုးထင်နှင့် သူခိုးကြီးများ အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည်။
◾ကျ‌‌ေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်
📝မောင်တင်ဆန်း