အောက်လမ်းဘိုးထင် နှင့် ဒဏ်

Posted on

အောက်လမ်းဘိုးထင် နှင့် ဒဏ်

(၆၅)

◾အခန်း (၁)

မြောက်ပြင်ရွာလူကြီးနှင့် သူ၏သားတော်မောင်တို့သည် မောင်ဘိုးထင်တို့သုံးယောက်အား ပေပင်ရွာလူကြီး ဦးမောင် ကြီးထံသို့ လာရောက်ပို့ဆောင်ကြရင်း ဖြစ်ကြောင်းကုန်စင်အား ပြောပြကာ တိုင်တန်းလေသည်။

“ခင်ဗျားကောင်သုံးယောက်လုပ်ပုံကဗျာ ကျုပ်သမီး စုစုကို‌ များ ကျုပ်သဘောမတူတဲ့ကောင်ဆီ ခိုးပေးလိုက်ရတယ်လို့ဗျာ”

“ဒီကောင်တွေ တမင်လုပ်တာမဟုတ်ဘူးဆိုတာတော့ ကျုပ်သိတယ်ဗျ “

“ကျုပ်လည်း ထင်ပါတယ် အဲ့တာကြောင့်မို့လည်း ကျုပ်ရွာသားတွေကို မထုထောင်းရအောင် ပြောပြထားတာပေါ့ “

“အေး‌ဗျာ ခင်ဗျား ဘယ်လိုဖြစ်စေချင်လဲသာပြော ကျုပ်စိတ်တိုင်းကျ ဆောင်ရွက်ပေးမယ် ဒီကောင်တွေက ကျုပ်ရဲ့တူသားတွေလို ဖြစ်နေပြီမို့ မြို့ဂတ်တော့ မပို့ပါနဲ့ဗျာ”

“ကျုပ်လည်း မြို့ဂတ်ကို ပို့ဖို့အစီအစဉ်မရှိပါဘူး ကျုပ်သမီးကိုတော့ တွေ့အောင်ပြန်ရှာပေးစေချင်ပါတယ် ဒီကောင်တွေပုံကြည့်ရတာ လူလည်လေးတွေဗျ ပြန်ရှာနိုင်လောက်တယ် “

“‌အေးဗျာ ကျုပ် တွေ့အောင် ရှာခိုင်းလိုက်ပါ့မယ် ပြီးရင် ကျုပ်ကိုယ်တိုင် မြောက်ပြင်ကိုလာပြီး အကြောင်းကြားပါ့မယ် ဒီကောင်တွေ ခင်ဗျားသမီးကို တွေ့အောင်ရှာခိုင်းမယ် “

မြောက်ပြင် ရွာလူကြီးနှင့် ပေပင်ရွာလူကြီးတို့သည် ထိပ်တုံးခတ်ခံထားရသော မောင်ဘိုးထင်တို့သုံးယောက်အား ကြည့်ကာ စကားဆိုနေခြင်း ဖြစ်သည်။

သူတို့သုံးယောက် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပြင်ရွာလူကြီးနှင့် ပေပင်ရွာလူကြီးမှာ ခင်မင်နေသောလူများ ဖြစ်သောကြောင့်ဖြစ်သည်။မသိသူများဆိုက မလွယ်ပေ။ထို့နောက် မြောက်ပြင်ရွာလူကြီးနှင့်အဖွဲ့သည်မောင်ဘိုးထင်တို့အား ဆုံးမဩဝါဒများပေးကာ ပြန်သွားလေသည်။မြောက်ပြင်ရွာလူကြီး ပြန်သွားပြီးနောက် ပေပင်ရွာလူကြီးမှ သူတို့၏ရှေ့တွင် လက်နှစ်ဖက်အား နောက်ပစ်ရင်း မည်သည့်စကားမှ မပြောပဲ သုံးလေးခေါက်မျှ လမ်းချည်းသာ လျှောက်နေလေသည်။ထိုအခါ ပေတူးသည်

“ဘကြီး ကျုပ်တို့ကို ဘာပြောမလို့လဲဗျ စဉ်းစားရတာ ခေါင်းတွေ ရှုပ်နေတယ်ဆိုရင်လည်း ပြောမနေပါနဲ့တော့ ဘကြီးရာ”

“မင်းမေကြီးတော်မို့ မပြောပဲနေရမှာလား မင်းတို့ လုပ်ခဲ့တဲ့ ဟာက ထောင်ထဲရောက်မဲ့ကိန်းကွ မင်းတို့ကွာ ရွာမှာ မွှေလို့အားမရလို့ မြောက်ပြင်ကို သွားမွှေရတယ်လို့ “

“သွားမွှေတာမဟုတ်ပါဘူး ဘကြီးရာ ကျုပ်တို့က ကူညီတာ မဝိုင်းဆိုတဲ့ စုန်းမကြီးက ကျုပ်တို့ကို အသုံးချသွားတာ ဘကြီးရေ”

ပေတူး အားပါးတရရှင်းပြနေသော်လည်း ရွာလူကြီးမှာ သူတို့သုံးယောက်အား မျက်ထောင့်နီဖြင့်ကြည့်ကာ နားထောင်နေလေသည်။ထို့နောက် ရွာလူကြီးသည်

“မင်းတို့ဘာမှမပြောနဲ့ ငါ ပြောမယ် “

“ဟုတ် ဟုတ်ကဲ့”

“မင်းတို့ကောင်တွေ မြောက်ပြင်ရွာလူကြီးရဲ့သမီးကို တွေ့အောင်ပြန်ရှာ‌ပေးလိုက် မတွေ့ရင် မင်းတို့ကို ရွာနှင်ဒဏ်ပေးမယ်”

“ဗျာ ဘယ်လိုကြီးလဲ ရွာနှင်ဒဏ်တဲ့ “

“အေး ဟုတ်တယ် မင်းတို့ကောင်တွေ မြောက်ပြင်ရွာလူကြီး သမီးကို ရှာပြီး ပြန်မအပ်နိုင်ရင် ငါ့ရွာကနေ မင်းတို့ကို နှင်မယ် ကိုအုန်း‌ကိုလည်း ပြောပြီးပြီ ပြီးတော့ သာအေးမိဘတွေကလည်း ပြောထားတယ် ငါ့သဘောတဲ့ “

ရွာလူကြီး၏စကားကြောင့် မောင်ဘိုးထင်နှင့် သာအေးတို့ တယောက်မျက်နှာ တယောက်ကြည့်လိုက်ကာ

“ဘိုးထင် မင်းအဘက ရက်စက်လှချည်လား”

“မင်း အဘနဲ့ အမေကရော ဘာထူးလဲ “

မောင်ဘိုးထင်နှင့် သာအေးတို့‌၏ ပြောစကားကို ကြားသော ပေတူးသည် တောက်တချက် ခေါက်လိုက်ရာ ရွာလူကြီးပင် မျက်နှာ ကွက်ခနဲပျက်သွားသည်။ထို့နောက် ရွာလူကြီးမှ ရွာလူကြီးအိန္ဒြေပြန်ဆယ်လိုက်ပြီး

“ဟေ့ကောင် ငပေတူး မင်း ဘယ်သူ့ကို တောက်ခေါက်တာလဲ ငါ့ကို မကျေနပ်တာလား”

“မဟုတ်ပါဘူးဗျာ ကျုပ်တို့ကို ကလိမ်ကျသွားတဲ့ စုန်းမဝိုင်းစိန် နဲ့ အမေပြုံးဆိုတဲ့ မိန်းမကြီးအကြောင်းတွေးလိုက်မိလို့ပါ ဗျာ”

“အေး တွေး တွေး မင်းတို့ကို ခဏနေလွှတ်ပေးမယ် မှတ်ထားကြနော် မြောက်ပြင်ရွာလူကြီးရဲ့သမီးကို ပြန်မတွေ့ရင် ရွာနှင်ဒဏ်ပဲ အဲ့တာငါ့ရဲ့ ရွာဇသံပဲ “

“ဗျာ ရာဇသံပဲ ကြားဖူးပါတယ် ဘယ်လိုကြီးလဲ ရွာဇသံဆိုတာ”

“ဟေ့ကောင်တွေ လျှာမရှည်နဲ့ ဟိုးအရင် မင်း၊ဘုရင်တွေက ရာဇသံ ငါက ရွာလူကြီး အဲ့တော့ ရွာဇသံပဲ”

ရွာလူကြီး ရွာဇသံပေးပြီးနောက် အိမ်ပေါ်သို့ တက်သွားလေသည်။ထိပ်တုံးခတ်ခံထားရသော မောင်ဘိုးထင်တို့သည်လည်း ရွာလူကြီးအား ကြောင်တောင်တောင်ပုံစံလေးများဖြင့် ငေးမောကြည့်နေမိပါလေတော့သည် ။

◾အခန်း (၂)

ကြက်ကာလသားဟင်း‌ပန်ကန်လေးကိုင်ပြီး မောင်ဘိုးထင်၊ ပေတူးနှင့် သာအေးတို့ ရွာအနှံ့လျှောက်နေကြရင်းမှ တွေ့သမျှလူများကို မေးမြန်နေကြသေးသည်။

“ဦးသဲမာ”

“ဟဲ့ သောက်ကလေးတွေ ငါ့ကို ဘယ်လိုခေါ်လိုက်တယ် “

“ဪ မှားလို့ မမကြီးသဲမာ”

“အေး ပြော ဘာလဲ “

“ကိုဖိုးထွေးနဲ့ ကိုသာရကို တွေ့မိလား”

“ဟဲ့ အဲ့ဒီနှစ်ကောင်က ငါ့လင်တွေမို့ ငါ့လာမေးနေတာလား “

“တွေ့မိသေးလားလို့ပါဗျာ “

“မတွေ့ဘူး “

အင်္ကျီအကွက်နှင့် ပုဆိုးအား ထမီကဲ့သို့ဝတ်ထားပြီး သနပ်ခါးကို မှုန်နေအောင်လိမ်းကာ ခေါင်းတွင်ဆီလူးပြီး သေသပ်ကျနစွာရှိနေသော ပေပင်ရွာမှာ မိန်းမလျာကြီးသဲမာနှင့် မောင်ဘိုးထင်တို့ စကားပြောနေခြင်း ဖြစ်သည်။သူတို့သုံးယောက်သည် မိန်းမလျာကြီးနှင့် စကားပြောရသည်မှာ မည်သို့မှ အဆင်မပြေပေ။ထို့နောက် မောင်ဘိုးထင်သည် သဲမာ၏ မျက်နှာအား လက်ညိုးနဲ့ထိုးကာ

“ဟေ့ကောင်တွေ သူ့မျက်နှာကို ကြည့်စမ်း”

“ဘာလို့တုန်းဟ “

ပေတူးနှင့် သာအေးသည် မောင်ဘိုးထင်ပြောသည့်အတိုင်း သဲမာ၏မျက်နှာကို သေချာကြည့်ပြီးနောက် တအံ့တဩဖြစ်လို့နေသည်။ကောင်လေးသုံးယောက်စလုံး သူ၏မျက်နှာကို စူးစိုက်ကြည့်နေသဖြင့် မနေတတ်မထိုင်တတ်ဖြစ်နေသော သဲမာသည်

“ဟေ့ နင်တို့နော် ငါ့ကို အဲ့လိုမကြည့်နဲ့ ငါ ရုပ်ဆိုးတာ ငါ သိတယ် “

သဲ‌မာ၏စကားကြောင့် မောင်ဘိုးထင်တို့သည် ထူးဆန်းအံ့ဩသလို လုပ်ပြကာ မောင်ဘိုးထင်မှ ကျန်သော နှစ်ယောက်ကို ကြည့်ပြီး စကားဆိုလေသည်။

“ဟေ့ကောင်တွေ မကြီးသဲမာလို အသားအရည်နုပြီး ဝင်းတဲ့သူကို မင်း မြင်ဖူးလား”

“ဟာ ဘယ်လိုလုပ်မြင်ဖူးမှာလဲ ရွာထဲက ကွမ်းတောင်ကိုင်တွေတောညိုတိုတိုတွေကို မကြီးသဲမာနဲ့ဆို ဆီနဲ့ရေ “

“အသားအရည်တင်ပဲလား ဘိုးထင်က အမကြီးသဲမာရဲ့ မျက်လုံး၊မျက်ခုံး၊မျက်နှာတခုလုံးကွာ သေချာကြည့် နုဖတ်ပြီး ချောလိုက်တာ တို့ရွာက လှပေ့ဆိုတဲ့ အပျိုကြီး မရီစန်းတို့နဲ့များတခြားစီကွာ အမကြီးသဲမာက သေချာကြည့်လေ လှလေ ဟိုအပျိုကြီးမရီစန်းက သေချာကြည့်လေ မျက်နှာကြီးက မဲ့ခွက်လာလေပဲ “

“အေး ဟုတ်တယ် သာအေးပြောမှ ငါလည်း သတိထား‌မိတယ် ဟုတ်တယ်ဟ”

မောင်ဘိုးထင်တို့သည် သဲမာနှင့် မတည့်သော ရွာထဲမှအပျိုကြီးမရီစန်းနှင့်ယှဉ်၍ သူ့အားပိုပိုသာသာ မြှောက်ပင့်စကားဆိုလေရာ သဲမာတယောက် များစွာသဘောကျပြီး လေသံပင် ပြောင်းလာသည်။

“ဟယ် နင်တို့ကလည်း ငါ့ကို မတရားမြှောက်နေတာပဲ ငါမနေတတ်တော့ဘူး”

“ပေတူးရဲ့ရာဇဝင်ကို ကြည့်လိုက် မဟုတ်တာကို အဟုတ်ဘယ်တော့မှ မပြောဘူး မကြီးရ”

“အေးပါဟယ် နင်တို့ ဖိုးထွေးကို လိုက်ရှာနေတာမလား”

“ဟုတ်တယ် တရွာလုံးနှံ့နေပြီ ဘယ်မှ မတွေ့ဘူး “

“သူတို့ ဘယ်သွားတယ်ဆိုတာ ငါ သိတယ် ငါ့နောက်လိုက်ခဲ့ ဘိုးထင် နင့်ဟင်းခွက်ကြီးက ဘာလုပ်ဖို့လဲ”

“အဲ့ဒီလူတွေကို ပေးဖို့ “

“သူတို့လည်း စားမှာ မဟုတ်ဘူး တွေ့တဲ့အိမ်ကိုသာ ပေးခဲ့ နင်တို့ ညအိပ်လိုက်လို့ရလား “

“ရတယ် “

“အေး အဲ့တာဆိုလည်း ပြီးရော့ ငါ့နောက်ကသာ လိုက်ခဲ့”

ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် မိန်းမလျာကြီး သဲမာ၏ အနောက်မှ လိုက်ပါသွားကြပါလေတော့သည် ။

◾အခန်း (၃)

“ရေအိုးစင်ရွာ”

ထိုရွာသည် ပေပင်ရွာနှင့် ရွာနီးချင်းဖြစ်ကာ ပေပင်ရွာထက်ပို၍ ဖွံ့ဖြိုးတိုးတက်လေသည်။ယခုလည်း ရေအိုးစင်ရွာလယ်ရှိအိမ်ဝိုင်းတဝိုင်းထဲတွင် နတ်ကနားဖျင်းထိုးပြီး ဆိုင်းဝိုင်းနှင့် နတ်ကနားပေးနေလေသည်။ထိုနတ်ပွဲအား အောက်လင်းဓာတ် မီးအလင်းရောင်အောက်တွင် အရာအားလုံးကို ရှင်းလင်းစွာမြင်နေရသည်။နတ်ကတော်ကြီး၏ ဘယ်တဖက်ညာတဖက်စီတွင် ပေပင်ရွာသား ဖိုးထွေးနှင့် သာရသည် သူတို့သောက်ဖို့ရာ ဖြစ်နိုင်ခဲလှသော စီးကရက်နှင့် နိုင်ငံခြားဖြစ် အနီရောင်အရက်များကို တပုလင်းစီ ကိုင်ထားကြသည်။နတ်ကတော်ကြီးများသည် သူတို့ ပုဆိုးများမကျွတ်ကြစေရန် ပုဝါဖြင့် စီးပေးနေသည်။ အကြောင်းမှာ ခေါင်းငိုက်စိုက်နှင့် နတ်ဝင်ပူးနေသည်အလား တဆတ်ဆတ်တုန်ရင်နေလေသည်။ထိုမြင်ကွင်းကိုဖြင့် သဲမာနှင့်အတူ ပါလာသောမောင်ဘိုးထင်တို့ ကနားပွဲအဝင်တွင် တွေ့လိုက်ရခြင်း ဖြစ်သည်။ကနားစီးများသည် သဲမာအား မြင်သည်နှင့် ပြုံးရွှင်စွာဖြင့် ကြိုဆိုကြလေသည် ။

“မိသဲရယ် ငါတို့ ဒီမှာရှိမယ်သိရက်နဲ့ အခုမှ ရောက်လာရတယ်လို့ဟယ် “

“ဟုတ်တယ် အဝင်းရဲ့ ဒါနဲ့ ဟိုနှစ်ကောင်က ဘာဖြစ်နေတာလဲ အဝင်း”

“ဖေကျော် ဝင်နေတယ်တဲ့လေ”

“အဲ့တာ ငါတို့ရွာက ကောင်လေးနှစ်ယောက်ဟဲ့ ဒင်းတို့ ဒီမှာရှိမယ်ဆိုတာ အသိသား”

“ညည်းအသိတွေလား”

“သိတာပေါ့ဟယ် ဒီမှာ ဒင်းတို့နှစ်ယောက်ကို လိုက်ရှာနေတဲ့ သူတွေ”

သဲမာသည် အဝင်းဟုအမည်ရသော ကနားစီးနှင့် စကား ပြောနေရင်းမှ ဆိုင်းဝိုင်းများအရှေ့တွင် မောင်ဘိုးထင်တို့အားနေရာပေးလိုက်သည်။

“ပေတူးတို့ ဟိုနားမှာ သွားထိုင်နေ ငြိမ်ငြိမ်ထိုင်နော် ဟိုနှစ်ကောင်ကို မြင်လား နင်တို့ကို မြင်တာနဲ့ မျက်လုံးနဲ့ စွေကြည့်နေတယ် “

ဟုတ်ပေသည်။သာရနှင့် ဖိုးထွေးသည် သူတို့အား မျက်လုံး စွေကြည့်နေသည်။မောင်ဘိုးထင်တို့သည်လည်း သဲမာပြသော နေရာတွင်ထိုင်ကာ ဟိုကြည့်သည်ကြည့်နှင့် ယောင်ချာချာ ဖြစ်နေကြသည်။များမကြာသောအချိန်တွင် ဖိုးထွေးနှင့် သာရသည် မောင်ဘိုးထင်တို့အနားတွင် ထိုင်လိုက်ကာ စကားဆိုလေသည်။ ဆိုင်းသံများမှာ ကျယ်လောင်လွန်းလှသည်မို့ နား နားကပ်၍ စကားဆိုနေကြရသည်။

“ဟေ့ကောင် မင်းတို့ ဘာလာလုပ်တာလဲ”

“ကျုပ်တို့ ကိုဖိုးထွေးကို ရှာနေတာ “

“မင်းတို့ကောင်တွေ ထိပ်တုံးခတ်ခံထားရတာ မဟုတ်လား”

“ဟုတ်တယ် ဒီမှာ အခု ဆူညံနေတယ်ဗျာ ပြီးမှ ပြောမယ် “

“အေး အဲ့တာဆို ခဏလေး ငါ ကြက်ကြော်ယူပေးမယ် ပြီးရင် မင်းတို့ မသဲမာကြီးကို အိပ်ဖို့နေရာရှာခိုင်း ကြားလား ပွဲပြီးမှ စကားပြောမယ် “

“အေးပါဗျာ”

မကြာသောအချိန်တွင် သာအေးသည် နတ်ဒိုးသံနှင့် ယိမ်း ထိုးကာ ကြက်ကြော်ပန်းကန်ကြီး ယူလာပြီး မောင်ဘိုးထင်တို့အား ပေးလိုက်ကာ ပြန်၍ ကခုန်နေကြသည်။ဤသို့ဖြင့် မောင်ဘိုးထင်တို့သည်လည်း မိန်းမလျာကြီးသဲမာ၏ အကူအညီဖြင့် နတ်ကနားပေးသည့်အိမ်ပေါ်တွင် စားသောက်ပြီးနောက် အိပ်စက်လိုက်ကြပါလေတော့သည် ။

◾အခန်း (၄)

နတ်ကနားပွဲသည်လည်း ပြီးပြီဖြစ်၏။ကနားစီးများထက် နတ်ပိုဝင်ရသော ပေပင်ရွာမှ ဖိုးထွေးနှင့် သာရလည်း မူးတိမူးကြောင်ဖြင့် မောင်ဘိုးထင်တို့အနားတွင် ပုဆိုးခြုံ‌၍ကွေးနေကြသည်။နတ်ကနားပေးသောအိမ်သည် ပေပင်ရွာလူကြီးနှင့်ခင်မင်‌နေကြသောလူများသာဖြစ်သောကြောင့် ပေပင်ရွာသားဖြစ်သည့်သူတို့အဖို့ များစွာအဆင်ပြေလေသည်။မနက်မိုးလင်းသည့်အခါ အိပ်ယာနိုးလာသည်နှင့် နံနက်စာကို အိမ်အောက်ရှိ တန်းလျားစားပွဲတွင် စုံစုံလင်လင်တည်ခင်းထားသည်။သူတို့အိမ်အောက်သို့ ဆင်းလာသည်နှင့် အိမ်ရှင်များနှင့်အတူ ကနားစီးများကပါ ခပ်ပြုံးပြုံးနှင့် စကားဆိုကြသည်။

“မိသဲရေ ဟိုမှာ ကနားစီးနှစ်ယောက်နဲ့ သူ့နောက်လိုက်တွေ ဆင်းလာပြီ ပူးလိုက်တဲ့နတ်ဆိုတာလေ အမျိုးအမည်မသိတဲ့ နတ်တွေတောင်ပါသေး”

ကနားစီးအဝင်း၏စကားကြောင့် ကျန်လူများ ပြုံးစိစိဖြစ်သွားကြပြီး ကာယကံရှင်နှစ်ဦးဖြစ်သော ဖိုးထွေးနှင့် သာရတို့လည်း ရှက်ပြုံး ပြုံးနေကြသည်။ထို့နောက် သူတို့သည် မနက်စာ စားရင်းသောက်ရင်း အဝင်းဆိုသော ကနားစီးကြီးမှ မောင်ဘိုးထင်တို့အား အမေးစကားဆိုလေသည် ။

“ကောင်လေးတွေ နင်တို့ကို ကြည့်ရတာ အရေးကြီးတာတခု လုပ်ဖို့ရှိနေသလိုပဲ”

“ဟုတ်လိုက်တာ နတ်ကတော်ကြီးရယ်”

“ဟယ် ဘိုးထင် အမကြီးအဝင်းလို့ခေါ်လေ နင်တို့တော့နော် အပြောအဆိုက မတတ်ဘူး”

သဲမာသည် မောင်ဘိုးထင်တို့အား စကားပြောတတ်စေဖို့ သွန်သင်ပေးနေလေရာ အဝင်းမှ ပြုံးစစနှင့်

“ရပါတယ် မိသဲရယ် သူတို့က လူရိုးလေးတွေပါ အဆင်ပြေသလိုသာ ပြောပါစေ ကဲ ကောင်လေးတွေ ဆိုစမ်းပါဦး ဘာကိစ္စတွေရှိနေတာလဲ”

“ဒီလို အမကြီးအဝင်းရေ”

မောင်ဘိုးထင်သည် မိဝိုင်းစိန်နှင့် သူမ၏မိသားစု သူတို့ကို အသုံးချပြီး မောင်ဖြစ်သူအတွက် ရွာလူကြီးသမီးကို လိမ်ညာ၍ ခိုးခိုင်းခဲ့ပုံအား သေချာစွာ ပြောပြလိုက်လေသည်။ထိုအခါ အဝင်းသည် တချက်ပြုံးလိုက်ပြီး

“ဪ ဝိုင်းစိန် ဆယ့်နှစ်ကြိုးဝိုင်းစိန်လား ကောင်မက ကလေးတွေကိုတောင် လိမ်ညာသေးတာပဲ “

“အမကြီးနဲ့ သိလို့လား”

“သိတာပေါ့အေ သူတို့က အဆင်မြင့်စုန်းတွေဆိုတော့ တို့နတ်ကတော်တွေ ထိလို့မရဘူးတော့်”

“အဲ့တာဆို အမကြီး သူတို့ရှိတဲ့နေရာသိလား”

“သိတာပေါ့ မြောက်ပြင် မဟုတ်ရင် ဇီးတောမှာပဲ ရှိလိမ့်မယ် “

“အေး ဟုတ်တယ် ဇီးတောမှာက ပိုသေချာတယ် ဇီးတောက ပညာသည်တွေချည်းပဲဆိုတော့ သူတို့ကိုဘယ်သူမှ မနှောက်ယှက်ရဲဘူးလေ “

ကနားစီအဝင်းသည် ဝိုင်းစိန်နှင့် ရင်းနှီးသည့်ဆက်ဆံ‌ရေး ရှိခဲ့ဖူးသည်။ဝိုင်းစိန်မှ အတွင်းအပြင်နတ်များအား သူမတို့၏ ကိုယ်ကျိုးအတွက်ခိုင်းနေသည့်ကိစ္စဖြင့် သူတို့နှစ်ယောက် ရင်းရင်းနှီးနှီးခင်မင်ခဲ့ဖူးသော သံယောဇဉ်များကို ဖြတ်တောက်ပြီး ရန်သူများအဖြစ်သို့ရောက်ရှိသွားသည်။ယခု မောင်ဘိုးထင်တို့သည် ဝိုင်းစိန်ရှိသည့်နေရာကို သိပြီးဖြစ်၍ ဖိုးထွေးနှင့် သာရအား အပူကပ်ကာ ဇီးတောသို့ သွားရန်သာရှိတော့သည်။

◾အခန်း (၅)

မောင်ဘိုးထင်သည် ဦးအုန်းအိမ်သို့ မည်သူမှမရှိသည့် အချိန်တွင်သွားကာ မိုးကြိုးစက်တောင်ဝှေးအပါအဝင်၊အစီအရင်နှင့် အတိုက်အရုပ်ပေါင်းများစွာကို ခိုးယူလာလေသည်။ထိုသို့ ယူမည်ကို ဦးအုန်း ကြိုသိသည်။သို့ပေမဲ့ မသိဟန်ဆောင်၍သာ အိမ်လည်နေလေသည်။သာရသည်လည်း မိဘများမှ တတွတ် တွတ်ပြောနေသည်ကိုပင် ဂရုမပြုအား။အတင်းလှည်းကောက်ကာ ဆန်တတင်းကို လှည်းပေါ် တင်သည်။သာရအား ပြောဆိုနေသော မိဘများအား အကိုဖြစ်သူပေါက်တူးသည်လည်း ၀င်ရောက်ကာကွယ်ပြောဆိုနေသည် ။

“အဘတို့ ဘာဖြစ်နေကြတာလဲ ပစ္စည်းသင်္ခါရ လူသင်္ခါရဗျာ အဘတို့ လွန်ရင် ဒီဟာတွေကို သူနဲ့ ကျုပ်ပဲ ရမှာ ဘာတွေနှမြော နေတာလဲ အရင်ကလည်း လှည်းနဲ့ နွား ယူသွားနေကြကို “

ပေါက်တူးမှ ထိုသို့ပြောသောအခါ မိဘနှစ်ပါး၏မြှားဦးမှာ သူ့ဆီ လှည့်လာလေသည်။သာရမှာဖြင့် အိမ်ဝိုင်းအပြင်သို့ လှည်းမောင်းထွက်သွားလေပြီ ဖြစ်သည် ။

သာရနည်းတူ မိဘမရှိတော့သော လွတ်လွတ်လပ်လပ်ရှိသည့် မောင်ဘိုးထင်နှင့် ပေတူးမှ လွဲ၍ သာအေး၊ဖိုးထွေးတို့ သည်လည်း မိဘများကို အတိုက်အခံလုပ်ကာ အိမ်မှလိုအပ်သည်များအား ယူဆောင်ပြီး ရွာအပြင်သို့ လှည်းတစီး၊လူငါးယောက်ဖြင့် ထွက်ခွာသွားသည်။ ရွာအပြင်ရောက်သောအခါ ဖိုးထွေးမှစတင်၍ စကားဆိုလေသည်။

“တို့ ခရီးမထွက်တာကြာတော့ လူကြီးတွေက ပေးမသွားချင်ကြတော့ဘူးနော် သာရ”

“အေးကွာ သူတို့စကားနားထောင်လိုက်တာလေကွာ “

“အေး ဟုတ်တယ် ငါလည်း သတိထားမိတယ် အရင်က လုပ်ချင်တာ လုပ် သွားချင်တာသွားတုန်းက မတားဘူး သူတို့စကားနားထောင်မှပဲ အတော်ကို ပိတ်ပင်နေကြတယ်”

“အေးကွာ ငါတို့က လိုအပ်လို့သွားတာကို သူတို့က မသိဘူး “

“အကျင့်ပါသွားတာ ထင်တယ် သာရ ရ သူတို့လည်း ဘိုးထင်တို့ကို ကူညီစေချင်နေတာ ငါ သိသားပဲ”

ဖိုးထွေး၊သာရနှင့် သာအေးတို့မှာ သူတို့၏မိဘများအကြောင်းကို ပြောနေကြချိန် ပေတူးနှင့် မောင်ဘိုးထင်သည် လှည်းရံတိုင်လေးအားကိုင်ပြီး လယ်ကွင်းများကို ငေးမောနေကြသည်။သူတို့နှစ်ယောက်သည် ယခုစကားဝိုင်းတွင် ဝင်ရောက်ပြောဆိုရန် မလိုပေ။အဘယ်ကြောင့်ဆိုသော မိဘများ မရှိတော့သောကြောင့် ဖြစ်သည်။သူတို့နှစ်ယောက် ငေးငိုင်နေ သည်ကို သတိထားမိသော သာအေးသည် ဖိုးထွေးနှင့် လှည်းမောင်းနေသော သာရအား လက်နှင့်တို့ပြီး သတိပေးလိုက်သော အခါမှသာ မိဘများအကြောင်းပြောနေသည်ကို ရပ်လိုက်ပြီး အခြားအကြောင်းများပြောကာ ဇီးတောရွာသို့သွားသောခရီးကို စတင်လိုက်ကြပါတော့သည် ။

◾အခန်း (၆)

“ဇီးတောရွာ”

ထိုရွာသည် စုန်းကဝေခုနှစ်မျိုးတို့အပြင် အောက်လမ်းနှင့် အမှောင်ပညာလိုက်စားသောလူများသာ နေသောရွာဖြစ်သည်။ ဇီးတောရွာသည် တခြားရွာများနှင့် အကူးအသန်းရှိသော်လည်းမည်သည့်ရွာသားမှ ထိုရွာတွင်ညအိပ်ခြင်းအမှု မပြုကြပေ။ ရွာလေးသည် အနီးအနားရှိ ရွာများနှင့်ပင် အနည်းဆုံးတရက်မျှကြာအောင် သွားရသည်။ယခု ထိုရွာလေးသို့ သွားနေသော မောင်ဘိုးထင်တို့သည် လမ်းခုလတ်ရှိ ရွာတရွာတွင် အကြော် ၀င် စားကြသည် ။ထို့နောက် သွက်သွက်လက်လက်ရှိသော ပေတူးသည် ရွာခံဖြစ်ဟန်တူသော လူကြီးတဦးအား မိတ်ဖွဲ့ပြီးစကားဆိုလေသည် ။

“ဦးလေး”

“အေး ငါ့တူ “

“ဒီရွာနာမည်က ဘာတဲ့လဲဗျ “

“ကုတ်တလုပ်ရွာ တဲ့ကွ “

“ဟ နာမည်ကလည်းအဆန်းဗျာ “

“ဒါနဲ့ ငါ့တူတို့က ဘယ်ရွာကလဲ”

“ပေပင်ရွာကဦးလေး”

“ပေပင်ရွာကို ကြားတောင်မကြားဖူးဘူး “

“အင်း ဒီကိုလာဖို့တင် တရက်ကျော်ကျော်လောက်ကြာတယ်ဆိုတော့ ကြားဖူးမှာ မဟုတ်ဘူး “

ပေတူးသည် စကားတပြောပြောနှင့် အကြော်စားနေသည်။ ထို့နောက် ဖိုးထွေးသည် အကြော်တခုကို ကုန်စင်အောင် ဝါးလိုက်ပြီး ရွာခံလူအား အမေးစကားဆက်ဆိုလိုက်ပြန်သည် ။

“ဦးလေး ကျုပ်တို့က ဇီးတောကိုသွားမှာ “

“ဇီးတော ဟုတ်လား “

ရွာခံလူကြီးအပါအဝင် အကြော် ကြော်နေသောအမျိုးသမီးကြီးပါ ဇီးတောဟု နာမည်ကြားလိုက်သည်နှင့် သူတို့အား ထူးထူးဆန်းဆန်းကြည့်နေကြသည်။ထို့နောက် ရွာခံလူကြီးသည် မရဲတရဲနှင့် ဆက်ပြီးစကားဆိုလေသည်။

“ဇီး ဇီးတောကို သွားမှာဆိုတော့ ပ ပညာသည်တွေလား”

“မဟုတ်ပါဘူးဗျာ ဘာဖြစ်လို့လဲ “

“ဇီးတောကိုက သွားနေကြ ကုန်သည်ကလွဲပြီး ဘယ်သူမှ မသွားကြဘူးကွ ဒီရွာက သာမာန်လူတွေသွားလို့မရဘူး သူတို့ ခွင့်ပြုထားတဲ့သူတွေပဲ သွားလို့ရတာ “

“ဟုတ်လား ဒါပေမဲ့ ကျုပ်တို့ကတော့ မသွားမဖြစ်သွားရမယ် ဦးလေးရေ လမ်းလေးသိရင် ညွှန်ပါဦး”

“လမ်းကတော့ ထွေထွေထူးထူး သွားစရာမလိုဘူး ငါ့တူတို့ရေ ဒီလမ်းအတိုင်းသွား နေ့တဝက်လောက်သွားပြီရင် လမ်းဆုံရှိတယ် လှည်းအသွားနည်းတဲ့ ပုံစံနဲ့လမ်းကိုသာသွားပေရော့ ငါ့တူရေ “

ဤသို့ဖြင့် ကုတ်တလုပ်ရွာအကြော်ဆိုင်တွင် အကြော်စားနေရင်း ရွာခံလူကြီးအား ဇီးတောရွာသွားသည့်လမ်းကို မေးပြီးနောက် သူတို့သည် လမ်းဘေးတွင် ရပ်ထားသောနွားလှည်းပေါ်ပြန်တက်လိုက်ကြကာ ဇီးတောရွာသို့ ဆက််သွားလိုက်ကြပါလေတော့သည် ။

◾အခန်း (၇)

မောင်ဘိုးထင်တို့သည် ညနေစောင်းအချိန်မှ ကုတ်တလုပ်ရွာမှ ထွက်လာရာ မကြာသောအချိန်တွင် မှောင်လာပြီ ဖြစ်သည်။ထိုအတွက် ရှေ့သို့ ဆက်မသွားပဲ ကုတ်တလုပ်ရွာနှင့် အတန်လှမ်းသော လှည်းလမ်းဘေးတွင် ဇရပ်တဆောင်တွေ့လေရာ ထိုဇရပ်တွင် တည်းခိုရန် ဆုံးဖြတ်လိုက်ကြသည်။အကြော်စားထားသည်မှာ ဗိုက်ပြည့်ပြီမို့ ညစာစားဖို့ရာ အစီအစဥ်မရှိတော့ သောကြောင့် လှည်းပေါ်တွင် နှစ်ထပ်ခင်းထားသော ဖျာနှစ်ချပ်ကို ဇရပ်ပေါ်တွင် ခင်းကာ အိပ်ဖို့အတွက် ပြင်ဆင်လိုက်ကြသည်။အိပ်ဖို့ရာ အချိန်စောသေးသည့်အတွက် လှဲသူလှဲ ထိုင်သူထိုင်နှင့် စကားဆိုနေကြစဉ် ဇရပ်နားသို့ လူနှစ်ယောက် ကပ်လာသည်ကို သူတို့ထွန်းထားသော မီးအိမ်၏အလင်းရောင်ကြောင့်သတိထားမိသည်။ထို့အတွက် စကားပြောနေခြင်းကို ရပ်လိုက်ပြီး လေးဂွ အသင့်ပြင်သူပြင်၊ဓားကို မသိမသာ ကိုင်သူက ကိုင်ထားပြီး အခြေအနေကို စောင့်နေကြသည်။သူတို့ မသိသောနယ်ပယ်တခုတွင် သတိနှင့်နေမှ တော်ရာကြမည်ဆိုသည်ကို သိသောကြောင့် ထိုသို့ပြုလုပ်လိုက်ရခြင်း ဖြစ်သည်။များမကြာသောအချိန်တွင် အသက်ရွယ်ကြီးရင့်နေပြီဖြစ်သော လူနှစ်ယောက်သည် ဇရပ်ပေါ်တက်လာပြီး သူတို့နှင့်မလှမ်းမကမ်းတွင် ထိုင်နေသည်။မည်သူ့ကိုမှ ဂရုစိုက်ပုံမပေါ်ပဲ ပါလာသောကွမ်းအစ်များကို ထုတ်ပြီး ကွမ်းယာဝါးနေကြသည်။မောင်ဘိုးထင်တို့အား မျက်လုံးဖြင့် စွေ၍ပင် မကြည့်ပေ။ထို့ကြောင့် ဖိုးထွေးသည် ထိုင်နေသောလူကြီးနှစ်ယောက်အား လှမ်း၍ စကားဆိုလိုက်လေသည်။

“ဦးကြီးတို့ ကုတ်တလုပ်ရွာကလားဗျ”

ဖိုးထွေး၏ အမေးကိုခေါင်းညိတ်ပြီးသာ အဖြေပေးလေသည်။ထိုအခါ သာရမှ ဆက်ပြီးစကားဆိုလိုက်ပြန်သည်။

“ဦးကြီးတို့ ရွာကနေ ဒီအထိလာရတာ မဝေးဘူးလားဗျာ”

လူကြီးနှစ်ယောက်သည် မည်သည့်စကားမှမပြောပဲ ခေါင်းသာ ရမ်းပြသဖြင့် ပေတူး လှဲနေရင်းမှ လှမ်း၍ စကားဆိုလိုက်သည်။

“ဝေးတာပေါ့ ဘကြီးတို့ရာ “

“ငါတို့က ရွာမှာ မနေဘူးကွ ဒီမှာပဲနေတာ”

“ဗျာ “

ခြောက်ကပ်ကပ်အသံနှင့် စကားပြောပုံဆုံမှာ အနည်းငယ်တော့ ကျောချမ်းစရာကောင်းလှသည့်။သို့ပေမဲ့ ကြောက်စိတ်သိပ်မရှိသော မောင်ဘိုးထင်တို့မှာ သာမန်မျှသာဖြစ်၍ နောက်ထပ်စကားထပ်ဆိုပြန်သည်။

“ဘကြီးတို့က ဒီမှာ နေတယ်သာပြောတယ် ဖျာတောင်မရှိဘူး ဘယ်နားလေးမှာ အိပ်ကြတာလဲ “

“ဟိုမှာ”

“အဲ့တာ ဇရပ်ထုတ်တန်းကြီးလေဗျာ အဲ့ဒီအပေါ်အိပ်တော့ ဘယ်လိုလုပ်ဇိမ်ကြမှာလဲဗျာ “

လူကြီးနှစ်ယောက်သည် မည်သည့်စကားမှထပ်မပြောတော့ပဲ မတ်တပ်ထရပ်လိုက်ပြီး ဇရပ်တိုင်အား ကန့်လန့်ဖြတ်လမ်းလျှောက်တက်သွားပြီးနောက် ထုတ်တန်းတွင် ပျောက်ကွယ်သွား၍ ဖိုးထွေးတို့အဖွဲ့ မောင်ဘိုးထင်အနားတိုးကပ်လာပြီး

“သရဲတွေပဲဟ ဒုက္ခပဲ ဘိုးထင် တို့ဘယ်လိုလုပ်ကြမလဲ “

“မကြောက်ပါနဲ့ဗျာ ဒီသရဲတွေက ကျုပ်တို့ကို ဘာအနှောက်အယှက်မှ မပေးတာ ကိုယ့်ဘာသာအိပ်စရာရှိတာသာအိပ် ဘာမှမဖြစ်ဘူး ခင်ဗျားတို့ နှစ်‌ယောက်လည်းကျုပ်တို့နဲ့ သိပ်မတွေ့ဖြစ်တာနဲ့ ကြောက်စိတ်ဝင်ကုန်ပြီလား”

“နည်းနည်းတော့ ကြောက်တာပေါ့ကွာ “

“ကြောက်မနေနဲ့ သရဲပဲ ဘာမှမဖြစ်ဘူး အိပ်ကြရအောင် မနက်စောစော ဇီးတောကိုသွားကြတာပေါ့ “

မောင်ဘိုးထင်၏ အားပေးစကားကြောင့် အနည်းငယ်ကြောက်နေသော ဖိုးထွေးနှင့် သာရသည် မည်သည့်အရာကို မတွေးပဲ အိပ်လိုက်ကြပါလေတော့သည်။

◾အခန်း (၈)

မောင်ဘိုးထင်တို့သည် ဇရပ်တွင် မည်သည့်အနှောက်အယှက်မှ မတွေ့ရပါပဲ ကောင်းစွာအိပ်စက်ပြီးနောက် မနက်ဝေလီဝေလင်းတွင် ဇီးတောရွာသို့ ထွက်လာခဲ့ကြလေသည်။ အလင်းရောင်ကောင်းစွာရသောအချိန်တွင် ကုတ်တလုပ်ရွာအကြော်ဆိုင် ရွာခံလူကြီးပြောသော လမ်းဆုံသို့ရောက်လာသည်။ထို့ကြောင့် လှည်းများ သိပ်မသွားထားသော လမ်းကိုသွားလိုက်ကြသည်။ထိုလမ်းပေါ်လှည်းရောက်သည်နှင့် လှည်းကိုဆွဲနေသော နွားနှစ်ကောင်မှာ ကဏာမငြိမ်ဖြစ်ပြီး လန့်ဖျန့် နေလေသည်။ထိုအတွက် လှည်းမောင်းနေသော သာရသည် မောင်ဘိုးထင်တို့အား ကြည့်ကာ

“ဘိုးထင်ရေ မင်းအစွမ်း လိုပြီ ထင်တယ်ကွ ငါ့နွားတွေကိုထိန်းလို့မရဘူး”

“အေး ဗျာ ဟေ့ကောင် သာအေး “

“ပြော ဘိုးထင် “

“ဒီသစ်သားရုပ်လေးကို တခုခုနဲ့ ချည်ထားကွာ “

သာအေးသည် ဘိုးထင်ပေးသော သစ်သားဖြင့်လုပ်ထားသော မျက်လုံးပြူးပြူးလူတယောက်သဏ္ဍာန်နှင့် အရုပ်လေးကို ယူလိုက်ကာ ပေတူးအား စကားဆိုလေသည် ။

“အေး အေး”

“ဟေ့ကောင် ပေတူး “

“ဘာတုန်း”

“မတ်တပ်ရပ်စမ်း “

“ဘာတုန်းကွာ ဒီကောင်ကလည်း ရှုပ်ကိုရှုပ်တယ် “

ပေတူး ပြောပြောဆိုဆိုဖြင့် လှည်းပေါ်တွင် မတ်တပ်ရပ်လိုက်ချိန်

“ဗျို့

“ဟဲ့ သာအေး ခွီးတဲ့မှပဲ ငါ့ပုဆိုးစကို ဘာလို့ဖြဲတာလဲဟ”

“ဒီအရုပ်ကိုချည်ဖို့လေကွာ မင်းပုဆိုးက အနားစပြဲနေလို့ ညီအောင် ဖြဲပေးတာ “

“ဟာကွာ ဒီကောင်တွေနဲ့တော့ ဒုက္ခပဲ ပုဆိုးကမရှိပါဘူးဆို”

ပေတူးတယောက် ညီးညူနေချိန်တွင် သာအေးသည် လှည်းဦးထိပ်ကို သွားပြီး မောင်ဘိုးထင်ပေးသော အရုပ်ကလေးအား ပုဆိုးစနှင့် လှည်းထမ်းပိုးတွင် ချည်နေလေပြီဖြစ်သည် ။ထိုအစီအရင်အား ချည်ပြီးသွားသောအခါ နွားများမှာ ထိတ်လန့်ခြင်းမရှိတော့ပဲ ဇီးတောရွာ‌ထံ ကောင်းကောင်းမွန်မွန် သွားနေကြပါလေတော့သည်။

◾အခန်း (၉)

နေမွန်းလွဲသည့်အချိန်ကို ကျော်လွန်၍ နေစောင်းသောအချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။သာရ မောင်းပြီး မောင်ဘိုးထင်တို့လိုက်ပါလာသောလှည်းလေးသည် များမကြာသောအချိန်တွင် ထန်းပင်များ ရွာပတ်ပတ်လည်တွင် အများစုပေါက်ရောက်နေပြီး ရွာနှင့်မလိုက်ဖက်စွာ ညောင်ပင်များ ပေါပေါများများပေါက်ရောက်နေသော ရွာတရွာသို့ ရောက်လာသည်။ထိုရွာ၏ အမည်မှာ ဇီးတောရွာဖြစ်သည်။ရွာထဲရှိ မန်းကျည်ပင်ကအစ တခြားသောမည်သည့်အပင်မဆို ညောင်ပင်များမြိုထားသည်ကို ခံနေရသည်။ရွာထဲသို့ သူတို့လှည်းလေးဝင်လိုက်သည်နှင့် လမ်းပေါ်တွင် ကစားနေကြသော ကလေးများသည်

“လူစိမ်းတွေ လာတယ် ရွာထဲကို လူစိမ်းတွေလာတယ်”

ကလေးများမှအော်ပြီး အိမ်များထဲသို့ ဝင်သွားကြသည်နှင့်တပြိုင်နက် ညောင်ပင်များပေါ်မှာ လင်းနို့၊ကြွက်နှင့် လင်းဆွဲများသည် အချိန်အခါမဟုတ် တဝုန်းဝုန်းထပျံပြေးကြလေသည်။ များမကြာသောအချိန်တွင်တော့ သျှောင်တစောင်းနှင့် အဖိုးအိုကိုခြံရံလျက် အရွယ်စုံလှသော လူတစုသည် မောင်ဘိုးထင်တို့၏ နွားလှည်းလေးအရှေ့တွင် ပိတ်ရပ်လာသည်။ထို့နောက် သျှောင်တစောင်းနှင့် အဖိုးအိုမှ အသံခပ်မာမာဖြင့် စကားဆိုလေသည်။

“ကောင်လေးတွေ လမ်းမှားလာကြတာလား”

“ဒါ ဇီးတောရွာမဟုတ်လား”

“ဟုတ်တယ် “

“အဲ့တာဆို မမှားဘူး ဘကြီး ကျုပ်တို့ ဒီကိုတမင်လာတာ “

“အင်း စမ်းသပ်ချင်တဲ့ သဘောနဲ့ လာတယ်ဆိုရင်တော့ မင်းတို့ ပြန်တော့ကွယ် ငါ ပြန်ခွင့်ပြုတယ် “

သျှောင်ထုံးနှင့် လူကြီးသည် မောင်ဘိုးထင်တို့အား သာမာန်ရွာသားများထင်ကာ ပြန်ဖို့ရာ ပြောလေသည်။ထို့နောက် မောင်ဘိုးထင်သည် လှည်းပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး

“ကျုပ်တို့ ဒီကိုအလုပ်ကိစ္စနဲ့ လာတာ ဒီရွာမှာ ဝိုင်းစိန်ဆိုတဲ့ စုန်းမ မိသားစုရှိတယ် မဟုတ်လား သူတို့မိသားစုခိုးသွားတဲ့ စုစုဆိုတဲ့ အမကို ကျုပ်တို့ပြန်လာခေါ်တာ ရှိရင်ကျုပ်တို့နဲ့ထည့်လိုက်ပါ”

“ဟားးး ဟားးး ဟေ့ ကြည့်စမ်းကြဦးကွ ငါ့လိုလူကိုတောင် ဒီကောင်လေးတွေက ပြန်ပြော့ဝံ့တယ်”

သျှောင်ထုံးနှင့်လူကြီး၏ စကားကြောင့် သူ၏အပေါင်းအပါများသည် တဟားဟားရယ်မောကာ သဘောကျနေသည်။လှည်းပေါ်မှ မောင်ဘိုးထင်တို့အား အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိသည့်အတွက် အသံခပ်ကျယ်ကျယ်နှင့် မောင်ဘိုးထင်မှာ စကားဆိုလိုက်သည် ။

“ကျုပ် ပြောတာ ရယ်စရာဘာတွေပါလို့လဲ ခင်ဗျားတို့ ရွာမှာ ကျုပ်ပြောတဲ့သူ ရှိနေတယ် မဟုတ်လား အခု ထုတ်ပေးစမ်း”

“တယ် ဒီမလောက်လေးမလောက်စားကောင်လေးက တော်တော်လျှာရှည်ပါလားဟေ့ နင်တို့‌တွေ သူ ပြောတာကို တော်တော်နားထောင်ကောင်းနေတယ်လား”

သျှောင်ထုံးနှင့်လူကြီးမှ သူ၏ဘေးမှ လူများအား စကားဆိုလိုက်ရာ ဘေးတွင်ရှိသော ဇီးတောရွာသားများသည် ချက်ချင်းမျက်နှာများခက်ထန်လာပြီး လှည်းအနီးသို့ တိုးကပ်လာချိန် မောင်ဘိုးထင်သည် သူ၏လွယ်အိပ်ထဲမှာ အရာတခုကို ထုတ်ပြီး လက်တွင်ကိုင်ထားလိုက်ရာ ဇီးတောရွာသားများ နောက်သို့ပြန်ဆုတ်သွားကြသည်။

ထိုအချင်းအရာကို မြင်သော သျှောင်ထုံးနှင့် လူကြီးသည် မကျေမနပ်ဖြစ်သွားပြီး တောက်တချက်ခေါက်ကာ

“တောက် ဒီမလောက်လေးမ‌လောက်စားကောင်လေးက အစီအရင်နဲ့လာတာကိုး မင်းအစီအရင်လောက်တော့ကွာ “


သျှောင်တစောင်းနှင့်လူကြီးသည် ပြောပြောဆိုဆို လက်ကိုဝေ့ယမ်းလိုက်ရာ အနီးတွင် ရှိနေသော ညောင်ပင်မှ နွယ်များ သည် မောင်ဘိုးထင်လက်ထဲမှ အစီအရင်အရုပ်ကို ဆွဲယူသွားသလို မောင်ဘိုးထင်မှလွဲ၍ ကျန်သောသူများကို ရစ်ပတ်ဆွဲယူသွားပြီး‌ ညောင်ပင် ပင်စည်များတွင် ကပ်လျက်ရှိကြသည် ။ မောင်ဘိုးထင်သည် အံတချက်ကြိတ်လိုက်ကာ

“ခင်ဗျားတို့က တော်တော်စွမ်းနေတယ်ပေါ့ “

သူသည် ပြောပြောဆိုဆို လှည်းပေါ်တွင် ပုဆိုးနှင့် ပတ်ထားသော မိုးကြိုးစက်တောင်ဝှေးကို လက်ကကိုင်ကာ မြှောက်လိုက်ချိန် မိုးသားတိမ်လိပ်များ ချက်ခြင်းဆိုသလို တက်လာပြီး လျှပ်စီးများ လင်းလက်လာလေသည်။ထိုအခါ ဇီးတောရွာသားများ ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး သျှောင်ထုံးနှင့် လူကြီးပါ မြေပြင်တွင် ဒူးထောက်ထိုင်ချလိုက်ကာ

“မိုး မိုးကြိုးစက်တောင်ဝှေး ကျုပ်တို့ကို ချမ်းသာပေးပါ ရွာကိုပြာမချပါနဲ့”

“အဲ့တာဆို ခင်ဗျား ကျုပ်လူတွေကို လွှတ်ပေး ပြီးရင် စုစုဆိုတဲ့ အမျိုးသမီးကို အခုခေါ်ခဲ့”

“ဟုတ် ဟုတ်ကဲ့ပါ ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ ဟိုအရှုပ်ထုတ် ဝိုင်းစိန်တို့ကို ခေါ်ခဲ့ “

သျှောင်ထုံးနှင့် လူကြီးမှာ ဇီးတောရွာလူကြီး ကဝေပျံကြီးတယောက် ဖြစ်သည်။သူ ကြားဖူးသော မိုးကြိုးစက်တောင်ဝှေး အစွမ်းကို မျက်မြင်တွေ့လိုက်ရပြီမို့ ကြောက်လန့်နေသည်။ မိုးသားများပို၍ မဲမှောင်လာပြီး လျှပ်စီးလျှပ်နွယ်များလည်း တလက်လက်ထလာကာ မိုးထစ်ချုန်းသံများကြောင့် သူ အတော်ထိတ်လန့်နေပြီး ဒူးထောက်ထားသည်ကိုပင် မထရဲပဲဖြစ်နေ ကာ မောင်ဘိုးထင်အား အကြိမ်ကြိမ်တောင်းပန်နေလေသည်။ များမကြာသောအချိန်တွင် စုစုအား ခေါ်ဆောင်လာသော ရွာသားများသည် မောင်ဘိုးထင်၏လှည်းပေါ်သို့ တခါတည်းတင်ပေးလိုက်ရာ ညောင်ပင် ပင်စည်တွင် ကပ်နေရာမှ အောက်သို့ပြန်ရောက်နေပြီးဖြစ်သော ဖိုးထွေးနှင့် သာရတို့သည် ထိန်းထားလိုက်ကြသည်။များမကြာသောအချိန်တွင် ဝိုင်းစိန်နှင့် အမေပြုံးဆွဲထားသည့်ကြားမှ လူငယ်တယောက်သည် မောင်ဘိုးထင်တို့၏ လှည်းနားသို့ ပြေးလာသည်။သို့ပေမဲ့ သျှောင်စောင်းနှင့် လူကြီးမှ လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် ထိုလူငယ်မှာ ဒူးထောက်၍ လဲကျသွားပြီး ဖိုးထွေးနှင့် သာရလက်မှ အတင်းရုန်းကန်နေသော စုစုကို အော်ခေါ်နေသည်။စုစုသည်လည်း ငိုကြီးချက်မဖြင့် အော်ဟစ်ငိုယိုပြီး လွှတ်ပေးဖို့ တောင်းပန်နေလေရာ ဖိုးထွေးနှင့် သာရမှ လွှတ်ပေးလိုက်တော့သည်။ထိုအခါ စုစုသည် ဒူးထောက်လျက်ရှိနေသော လူငယ်ကို ပြေး၍ဖက်လိုက်သလို လူငယ်သည်လည်း တင်းကြပ်စွာ ပြန်ပွေ့ဖက်ထားသည် ။ထိုအချင်းအရာကို ဖိုးထွေးနှင့် သာရမှာ ပြုံး၍ကြည့်နေစဉ် ပေတူးမှ သူတို့နှစ်ယောက်အား ပြစ်တင်ပြောဆိုလေသည် ။

“ကိုဖိုးထွေးနဲ့ ကိုသာရ ဘာလို့လွှတ်လိုက်တာလဲ”

“ငါ သူတို့ကို မခွဲချင်ဘူးကွာ”

“ဟုတ်တယ် ငါလည်း အတူတူပဲ “

“ကျုပ်တို့က သူ့ကို မခေါ်ရင် ရွာက အနှင်ထုတ်ခံရမှာဗျ”

ပေတူး၏စကားကြောင့် ဖိုးထွေးနှင့် သာရသည် တယောက်မျက်နှာတယောက်ကြည့်ကာ ခေါင်းကိုညိတ်ပြီး အချက်ပြလိုက်၏။ထို့နောက် မောင်ဘိုးထင်ဖက်သို့ လှည့်ကာ

“ဘိုးထင် ငါတို့လည်း မင်းတို့နဲ့ လိုက်ခဲ့မယ်ကွာ သူတို့ကို မခွဲပါတော့နဲ့ “

မောင်ဘိုးထင်သည် ဖိုးထွေး၏စကားကို သေချာစဉ်းစားပြီး နောက် မိုးကြိူးစက်တောင်ဝှေးကိုအောက်ချလိုက်ချိန်တွင်တော့ မိုးမချုန်းတော့သလို လျှပ်စီးလည်း မလက်တော့ပေ။ ထို့နောက် သက်ပျင်းကို ချကာ သူတို့အားငေးကြည့်နေသော ဝိုင်းစိန်နှင့် အမေပြုံးအား လှမ်း၍ စကားဆိုလိုက်သည်။

“ကျုပ် ခင်ဗျားတို့နှစ်ယောက်ကိုတော့ မကျေနပ်ဘူး ဒါပေမဲ့ သူတို့ကိုလည်း မခွဲချင်တော့ဘူး အဲ့တော့ ကျုပ်တို့ပဲ ပေပင်ရွာကနေ နှင်ထုတ်ခံလိုက်တော့မယ် ကဲ ကိုဖိုးထွေး ကျုပ်တို့ ပြန်ကြအောင်ဗျာ “

မောင်ဘိုးထင်သည် ထိုမျှသာပြောပြီး နွားလှည်းအား နောက်ပြန်လှည့်ကာ ဇီးတောရွာလေးအား ကျောခိုင်းပြီး ထွက်လာကြလေသည်။စုစုတို့အတွဲ အပါအဝင် ဇီးတောရွာသားများသည် လှည်းဖြင့် ချက်ချင်းပြန်လှည့်သွားသော မောင်ဘိုးထင်တို့အား ငေးမော၍ ကျန်ခဲ့ကြပါလေတော့သည် ။

◾အောက်လမ်းဘိုးထင် နှင့် ဒဏ်သည်က ဤမျှသာ ။မကြာမီ အောက်လမ်းဘိုးထင်နှင့် နည်းမှန်လမ်းမှန် အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။

📝မောင်တင်ဆန်း