အောက်လမ်းဘိုးထင် နှင့် မမစိမ်း

Posted on

*အောက်လမ်းဘိုးထင် နှင့် မမစိမ်း*📖📖📖

*************************************
အခန်း (၁)
“မမစိမ်း မောင့်ကိုချစ်လား”
“ချစ်တာပေါ့ မောင်ရယ် ဟော့ဒီလောကမှာ မောင့်ကိုသာ မမစိမ်းက အချစ်ဆုံး”
“မယုံပါဘူးဗျာ ကျုပ်အရင်တခြားယောကျာ်းဘယ်နှစ်ယောက်‌လောက်ကိုများ အခုလို ပြောပြီးပြီလဲ ”
“မမစိမ်းကို ဘယ်အတန်းအစားထဲကများ ထင်နေတာလဲ ”
“ငါးစိမ်းတန်းက ထင်‌နေတာ”
“မောင်နော် မမစိမ်းကို အတော်အထင်သေးတာပဲ သွား မချစ် တော့ဘူး”
“အစိမ်းတန်းက ထင်‌နေတာလို့ပြောမလို့ပါ အစိမ်းရောင်ကြိုက်တဲ့ မမစိမ်းကို အစိမ်းတန်းကလို့ပြောတာ ဒီပါးစပ်ကြီးက ငါးစိမ်းလို့ထွက်သွားတာ ”
“သွား လူဆိုးရွှတ်နောက်နောက်နဲ့ ”
“မမစိမ်းရယ် ရှက်ပြီးလက်သီးနဲ့ထုရင်လည်း ဖွဖွလေးထုပါဗျာ အခုတော့ ကျုပ်ရင်ဘက်ပုတ်ပြီလားမသိဘူး နာလိုက်တာ ”
“မောင်ကလည်း ယောကျာ်းရင့်မာကြီးဖြစ်ပြီး နုလိုက်တာ ”
“မမက ကြမ်းမှ ကြိုက်တာဆိုလည်း ထုဗျာ ထု ရင်ဘတ်ကြီးတခုလုံးပုတ်ရုံမကလို့ အတွင်းကလီစာတွေပါပုတ်စမ်းပါစေ ထုဗျာ ”
“မောင့်ကို အဲ့လိုရက်စက်နိုင်ပါ့မလား ”
ထိုသို့ပလီပလာတီတီတာတာပြောဆိုနေကြသောသူနှစ်ယောက်သည် ကြီးမားသောညောင်ပင်ကြီးတပင်၏အောက်တွင်ရှိနေပြီး ကြီး‌မားသည့်နွယ်ကြိုးများမှာ ပုခက်သဏ္ဍန်ဖြစ်လို့နေသည်။နွယ်ပုခက်ပေါ်တွင်တော့ သမီးရည်းစားစုံတွဲတတွဲထိုင်နေသည်။အစိမ်းရောင်အင်္ကျီ၊အစိမ်းရောင်ထမီနှင့် ကျော့ရှင်းလှပနေသည့် မမစိမ်းဟုအမည်ရသော မိန်းမပျို‌လေးနှင့် ပုဆိုးကိုခပ်တိုတိုဝတ်ထားပြီး အသားညိုညိုအရပ်ခပ်ပုပု အားမနာတမ်းဆိုရသော် ဂင်တိုတိုအသားမဲမဲလူငယ်တဦးတို့မှာ မလိုက်မဖက်စွာရှိနေသော်လည်း ချစ်ကြောင်းကြိုက်ကြောင်းပြောလို့နေလေသည်။ထိုအချိန်မှာပင် ထိုညောင်ပင်ကြီးအနီးသို့ နောက်ထပ်‌လူရွယ်တယောက် ထပ်မံရောက်ရှိလာ‌လေသည်။ထိုလူရွယ်မှာ ဆိုခဲ့ပြီးသော ဂင်တိုတိုလူရွယ်နှင့် မမစိမ်းတို့အား ယှဉ်တွဲမြင်လိုက်ရသည်နှင့် ဒေါသအလိပ်လိပ်ထွက်လာသည်ထင်၏။တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းမှ တုန်ယင်သောလေသံနှင့် အော်ဟစ်၍လှမ်းခေါ်လေသည်။
“မ မ စိမ်း”
အသံကြောင့် ဂင်တိုတိုလူရွယ်နှင့် မမစိမ်းတို့သည် ပုခက်သဏ္ဍာန်ဖြစ်နေသော နွယ်ကြိုးမှဆင်းလိုက်ကြပြီး ညောင်ပင်အနီးသို့တိုးကပ်လာသော လူရွယ်ကိုကြည့်ရင်း နှစ်ယောက်လုံးတအံ့တဩဖြစ်နေရာမှ မမစိမ်းသည် သူမ၏သွယ်လျလှသောလက် ချောင်းလေးများအား ပါးစပ်တွင်ကပ်လိုက်ပြီး
“ဟယ် မောင်မောင်လာတယ် ”
“ဟုတ်တယ် မမစိမ်းက အစိမ်းရောင်ကြိုက်သလောက် ကျုပ်ကို သိပ်စိမ်းကားတာပဲ ဒီလိုဂင်တိုတို ပုကွကွ လူစဉ်မမှီ ရူပါက ချူခြာနေတဲ့ ငနဲကိုများ ကျုပ်လို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကိုထားပြီး ကြိုက်ရတယ်လို့ဗျာ။
မဆီမဆိုင်အသားလွတ်အတွယ်ခံလိုက်ရသော ကိုဂင်တိုသည် စိတ်ဆိုးဒေါသဖြစ်သွားသဖြင့် ခပ်တိုတိုဝတ်ထားသောပုဆိုးကိုပြင်ဝတ်လိုက်ချိန် လူရွယ်မှ သူ့အားကြည့်ပြီး စိတ်မသက်မသာနှင့် ထပ်မံစကားဆိုလာလေသည်။
“မမစိမ်းရယ် ပုဆိုးတထည်ဝယ်ရင် နှစ်ထည်ရတဲ့ကောင်နဲ့များ ကြိုက်ရတယ်လို့ဗျာ ”
“ဟေ့ကောင် မင်း ဘာစကားပြောတာလဲ ”
“ဘာစကားပြောရမှာလဲ မင်းအရပ်နဲ့ဆို ပုဆိုးတထည်ဝယ်ရင် အလယ်ကဖြတ်ပြီး နှစ်ထည်လုပ်လို့ရတယ်လို့ပြောတာ လေကွာ ”
“အေး မင်းအကြံ မဆိုးဘူး အာ ငါတောင် ယောင်သွားပြီ ဟေ့ကောင် မင်း ဘယ်ကကောင်လဲ ငါနဲ့ ငါ့ချစ်သူချိန်းတွေ့နေတာကို ဘာလို့လာနှောက်ယှက်ရတာလဲ ဒိုးပုတဲ့ကွ ဘက်တူရင် လူမရွေးဘူး”
“မင်းနဲ့ ဘက်တူတဲ့ကောင်ကလည်း ငလက်မတိုင်းပြည်မှာရှာမှပဲ တွေ့နိုင်မှာ ”
“ဟေ့ကောင် မင်း ငါ့ကိုစော်ကားတာများနေပြီနော် မင်း ဘယ်ကကောင်လဲ ပြောစမ်း”
ဒိုးပုသည်စိတ်မရှည်နိုင်တော့ပဲ သူ့အား လာနှောက်ယှက်သည်ဟုထင်မြင်ထားသောလူရွယ်အား မေးလိုက်ခြင်းဖြစ် သည်။ထိုအခါ သူတို့ဆီလာသော လူရွယ်မှာ မခိုးမခန့်ဖြင့်ဟားတိုက်ရယ်မောလိုက်ပြီး ဒိုးပုအားလက်ညှိုးငေါက်ငေါက်ထိုးကာ
“ဟိတ်ကောင် ငပု”
“ဒိုးပုကွ ဒိုးလုံးလေးတွေလို ပုပုလေးနဲ့ ချစ်စရာလေးမို့ အမေကဒိုးပုလို့ နာမည်ပေးခဲ့တာကွ သိလား”
“ပုတာက ပုတာပဲ ဒိုးပဲပုပု ဒညှင်းသီးပဲပုပု အတူတူပဲ ”
“ဟေ့ကောင် စွေစောင်း မင်း ငါတို့ချစ်သူနှစ်ယောက်ချစ်ကြည်နူးနေတာကို လာမနှောက်ယှက်နဲ့ ပြန်စမ်း”
လူရွယ်သည် မျက်စိအနည်းငယ်စောင်းသည့်ဟန်ရှိသည်။လူရွယ်အား ထိုသို့ပြောလိုက်သဖြင့် သူ၏အားနည်းချက်ကိုတိုက်ရိုက်ထိသွားရာ လူရွယ်မှာ မကျေမနပ်နှင့် ပြန်ရန်တွေ့လာပါလေတော့သည် ။
“ဟေ့ကောင် ဒိုးပု ငါ့နာမည် မြင့်မိုရ်မင်းနောင်စိုးကွ ”
“စွေစောင်းက စွေစောင်းပဲ ခွီးတဲ့ မြင့်မိုရ်မင်းနောင်စိုးလား ရေတအိုးခပ်လာရင်တောင် မင်းနာမည်မခေါ်ဘူးကွ ”
ရည်းစားလူလု အူနုကျွဲခတ် တနည်း ဟိုဒင်းကြမ်းညှပ်ဖြစ်နေသော ဒိုးပုနှင့် မြင့်မိုရ်မင်းနောင်စိုးတို့သည် ညောင်ပင်ကြီး၏ အရိပ်အောက်တွင် တယောက်နှင့်တယောက် ရန်စောင်လို့နေ သည်။ခြေဖြင့်မြေကို မယက် ဂျိုဖြင့် ‌တောင်ပုစာကို မသွေးသော်လည်း သကောင့်သားနှစ်ယောက်တို့သည် ခတ်မည့် ကျွဲ ဝှေ့မည့် နွားများအသွင်သဏ္ဍန်ဆောင်နေလေသည်။ထိုအရေးကိုဖြင့် မျက်နှာငယ်လေးနှင့်မမစိမ်းတယောက် သူမကြောင့် ဝှေ့ကြတော့မည့် နွားနှစ်ကောင်အလား လူနှစ်ယောက်ကိုကြည့်လိုက်ရင်းက ငိုမဲ့မဲ့လေသံဖြင့် တောင်းပန်ရှာသည်။
“မောင် စိတ်ထိန်းနော် မောင်မောင် ဒေါသကိုလျှော့ပါ”
“မမစိမ်း ကျုပ်ဆိုတဲ့ မြင်မိုရ်မင်းနောင်စိုး ”
“မင်းသောက်နာမည်ကြီး ထည့်မပြောနဲ့ မင်းအမေက အရှည်တော်တော်ကြိုက်တယ်ထင်တယ် ”
မျက်နှာပေးနှင့် မမစိမ်းကိုစကားဆိုနေသော မြင့်မိုရ်မင်းနောင်စိုးအား လူလည်းပု နာမည်လည်းတိုသော ဒိုးပုမှ စိတ်မရှည်စွာနှင့်ထိုသို့ပြောလိုက်ရာ အပြစ်ပြောစရာဟူ၍ မျက်လုံးလေးသာ ‌တောင်တလုံးမြောက်တလုံး မသိမသာလေးစောင်းနေသောမြင့်မိုရ်မင်းနောင်စိုးမှာ စိတ်တိုဒေါသထွက်သွားပြီး
“ဟေ့ကောင် ငပု မင်းနဲ့ ခဏနေမှချမယ် ငါ မမစိမ်းနဲ့ စကား ပြောဦးမယ် ”
“မင်းတင် မဟုတ်ဘူး ငါလည်း မမစိမ်းနဲ့ စကားပြောရဦးမယ် ”
သူတို့နှစ်ယောက်သည် မမစိမ်းကို ပြိုင်တူလှည့်ကြည့်လာပြီးနောက် တယောက်တပေါက်ဖြင့်အမေးစကားဆိုလာလေသည်။
“မမစိမ်း မမစိမ်းက မောင့်ကိုပဲချစ်တာ မဟုတ်လား”
“မမစိမ်းအတွက် မောင်မောင်ဆိုတဲ့ ကျုပ် မြင့်မိုရ်”
“ဟေ့ကောင် မင်းနာမည် ထည့် ထည့်မပြောနဲ့ ”
“ငါ့နာမည်ငါ ခေါ်တာ ဘယ်ခွေးပုကိုမှ တင်ပြနေစရာမလိုဘူးထင်တယ်”
“စွေစောင်း မင်းသိပ်လွန်သွားပြီ အတိုနဲ့ထိုးရင် ဘယ်လောက်နာတယ်ဆိုတာ မင်း မကြာခင်သိစေရမယ် ”
သူတို့နှစ်ယောက်သည် ‌အမျက်ဒေါသကိုမထိန်းချုပ်နိုင်သည့်အပြင် ချစ်လှစွာသော မမစိမ်းကိုပင်ဂရုမပြုနိုင်တော့ပဲ ပြေး၍ထိုးကြိတ်နပန်းလုံးကြလေသည်။ထိုသို့ရန်ပြုတိုက်ခိုက်နေသူနှစ်ယောက်တို့အား မမစိမ်းဟုအမည်ရသော သကောင့်သားနှစ်တို့၏ ရည်စားဖြစ်သူမိန်းမသည် သဘောကျစွာရယ်ဘမောလို့နေပြီး လက်ခုတ်လက်ဝါးတီးရင်းကြည့်လို့သာနေပါလေတော့သည်။
အခန်း (၂)
စိမ်းစိုနေသောမြက်ခင်းပြင်တွင်နွားများကို လွှတ်၍ကျောင်းထားကြသည်။နွားကျောင်းသားလေးများသည် သူတို့၏ လွယ်အိတ်ထဲမှ လောက်စာလုံးနှင့် လေးဂွကိုယ်စီကိုထုတ်ပြီး အတန်လှမ်းသောနေရာမှ ကျွဲတကောင်၏ဦးချိုပေါ်တွင်နားနေသော ဆက်ရက်ငှက်တကောင်ကိုဝိုင်းကြည့်ပြီး စကားဆိုလေသည် ။
“သာအေး ပေတူး အောင်သန်း မင်းတို့ကောင်သုံးယောက် သန်းဖေကျွဲမှာနားနေတဲ့ ငှက်ကို မှန်အောင်ပစ်နိုင်လား”
“ပစ်နိုင်တာပေါ့ ကိုသာရရာ ”
“သေချာလို့လား ”
“သေချာတာပေါ့ ”
“အေး အဲ့တာဆို အမပေးကြေး လောင်းကြမလား”
သာရ၏စကားကြောင့် ပေတူးနှင့် သာအေးဆက်ပြီး စကားမဆိုဘဲ ငြိမ်နေလေသည်။မငြိမ်လို့လည်း မရပေ။အကြောင်းမှာ သူတို့နှစ်ယောက်တွင် အမ မရှိခြင်းကြောင့်သာဖြစ်သည်။အောင်သန်းနှင့် သန်းဖေတွင်တော့ အမရှိသဖြင့် သာရအား စူးစိုက်ကြည့်လိုက်ပြီး
“ကိုသာရ ခင်ဗျားမှာ ဘယ်ကအမရှိလို့တုန်း အမရှိရင် တောင် ကျုပ်တို့က စိတ်မဝင်စားပါဘူး”
“သောက်ကြီးသောက်ကျယ်နဲ့ ”
“ကျုပ်တို့အမတွေက ချောတောမောတောတွေ ”
“တော်ပါကွာ ငါက မင်းတို့ကိုစနေတာပါ ငှက်ကိုလည်း ဘယ်သူမှမပစ်ကြနဲ့ တော်ကြာ သန်းဖေကျွဲအလုံးကန်းနေမှဖြင့်ပြေးပေါက်မှားနေမယ် သန်းဖေအဘ ‌ဦးစိတ်တိုအကြောင်းလည်း မင်းတို့အသိ”
သာရတို့သည် အရိပ်ကောင်းသောတမာပင်ကြီးအောက်တွင် ရောက်တတ်ရာရာစကားများကို ပြောဆိုနေကြလေသည်။ ထို့နောက် အောင်သန်းသည် သူတို့အနားသို့ တရွေ့ရွေ့လှမ်းလာသော လူတယောက်အားလက်ညိုးထိုးပြရင်းက ကျန်သောသူ များအား စကားဆိုလေသည်။
“ကိုသာရ ဟို‌မှာလာနေတဲ့ကောင်ကို ကျုပ်တို့သိသလိုပဲ ”
“အေး ငါလည်း မြင်ဖူးသလိုပဲ ”
သူတို့သည် သူတို့ဆီသို့လှမ်းလာသောလူတယောက်ကို‌ ဝိုင်း၍ကြည့်နေကြသည်။များမကြာသော လှမ်းလာသော သူ၏ ပုံရိပ်ကိုမြင်ရသောအခါ အားလုံးပါးစပ်အဟောင်းသားဖြစ်သွားပြီး တယောက်မျက်နှာတယောက်ကြည့်လိုက်ကာ
“ဟေ့ကောင်တွေ အဲ့တာ ဘိုးထင်မလား”
“ဟုတ်တယ် အဲ့တာ ဘိုးထင် ဒီကောင်ပြန်လာတာထင်တယ် ”
သူတို့သည် ရုတ်ချည်းဝမ်းသာသွားပြီးနောက် တခုခုကိုတွေးမိသွားသော သာရ၊ပေတူးနှင့် သာအေးတို့မှာ မျက်နှာများပြန်တည်လို့သွားပြီး သူတို့၏လေးဂွများကို လက်ဖြင့် ဆ နေလေသည်။ထိုအချိန် မောင်ဘိုးထင်သည် သူတို့အနားသို့ရောက်လာကာ
“ကိုသာရ ကျုပ်လေ ကျုပ် ပေတူးနဲ့ သာအေး ငါလေကွာ ငါပြန်လာပြီလေကွာ”
“မင်းပြန်လာတော့ ငါတို့က ဘာလုပ်ရမှာလဲ ”
“ခင်ဗျားတို့မျက်နှာတွေက ဘာဖြစ်နေတာလဲ ကျုပ်ကိုကြည့်နေတာများ သူစိမ်းကြနေတာပဲ ”
မောင်ဘိုးထင်မှထိုသို့ပြောသောအခါ သာရတို့အဖွဲ့သည် သူ့အားခပ်စိမ်းစိမ်းဖြင့်ကြည့်နေပြီး တယောက်တပေါက်ဖြင့်စကားဆိုကြလေသည် ။
“မင်းက သူစိမ်းပဲလေ ငါတို့နဲ့ အမျိုးတော်လို့လား မင်းက သစ်ဆိမ့်ရွာသား တို့ရွာသားလည်း မဟုတ်ဘူး”
“ဟုတ်တယ် မင်းနဲ့ ငါတို့နဲ့က ဘာမှမဆိုင်ဘူး မင်းကြောင့် ဦးအုန်းလည်း ဘယ်ရောက်နေမှန်း မသိဘူး”
“ဟုတ်တယ် မင်းက လူသတ်သမားရဲ့အပေါင်းအပါပဲ တို့နဲ့ဘာဆိုင်တာမှတ်လို့ ”
“ဟေ့ကောင် ဘိုးထင် မင်း ငါတို့နဲ့ဝေးဝေးမှာ နေစမ်းပါကွာ ဖိုးသူတော်ကြီးကိုသတ်တဲ့ တရားခံနဲ့ပေါင်းတဲ့ကောင် ”
မောင်ဘိုးထင်အား အားလုံးမှ ဝိုင်းဝန်းပြစ်တင်ပြောဆိုနေကြသည်။မောင်ဘိုးထင်သည် ရှင်းပြရန်အတွက်ကြိုးစားလိုက်လေသည် ။
“မင်းတို့မသိတဲ့အကြောင်းတွေ ရှ်ိသေးတယ် ပေတူး ”
“ငါတို့မသိတဲ့အကြောင်းက မင်း ရွှေတွေငွေတွေအများကြီးရတယ်ဆိုတာလား”
“မဟုတ်ဘူး မင်းတို့ ငါ့ကို အထင်လွဲနေပြီ”
“အထင်လွဲတာ မဟုတ်ဘူး လက်တွေ့မြင်လိုက်ရတာ ဖိုးသူတော် ဦးမဲကိုသတ်တာက ဦးဝေလာ အခု မင်းက ဦးဝေလာနဲ့ ပေါင်းနေတယ် မင်းလည်း လူယုတ်မာပဲ ကဲ ကိုသာရ ကြာတယ်ဗျာ ဒီကောင့်ကို လေးဂွနဲ့ ပစ်လွှတ်မယ်ဗျာ ”
ပေတူး၏နှိုးဆော်စကားကြောင့် မောင်ဘိုးထင်မျက်လုံးပြုးသွားရသည်။ပေတူးတို့သည်ကား လက်ထဲတွင်ရှိသော လေးဂွများဖြင့် မောင်ဘိုးထင်၏မျက်နှာဆီသို့ပစ်လွှတ်လိုက်လေရာ များစွာသောလောက်စလုံးတို့သည် လျှင်မြန်သောအရှိန်အဟုန်တို့ဖြင့် သူ၏မျက်နှာဆီသို့ တိုးဝင်လာပါလေတော့သည်။
အခန်း (၃)
“အားး မင်းတို့ မင်းတို့ ငါ့ကိုအထင်လွဲနေပြီ”
“‌ဘိုးထင် ဘိုးထင် ကောင်လေး ဘာဖြစ်တာလဲ”
အိမ်လေးတလုံးအတွင်း အိပ်ပျော်နေသော မောင်ဘိုးထင်နှင့် ဦးဝေလာတို့နှစ်ယောက်အနက် မောင်ဘိုးထင်မှာ အိပ်နေရင်းအိပ်မက်ယောင်ကာ အော်ဟစ်နေခြင်းသာဖြစ်သည်။ထို့ကြောင့် အနီးတွင်ရှိသော ‌ဦးဝေလာမှ ရေတခွက်ခပ်ပြီးကမ်းလိုက်ကာ
“ကောင်လေး ဘာဖြစ်တာလဲ ”
“ကျုပ် ကျုပ် အိပ်မက်မက်နေတာ ”
“မင်းချွေးတွေတောင်ပြန်နေတယ်ဆိုတော့ အိပ်မက်က တော်တော်ဆိုးတယ်ထင်တယ်”
“တော်တော်ဆိုးတယ် ကျုပ်ကို ရွာကအပေါင်းအသင်းတွေအထင်လွဲနေကြတယ် ”
“ဘာလဲ ငါနဲ့အတူ လိုက်သွားလို့လား”
ဦးဝေလာမှ ထိုသို့ပြောလိုက်သောအခါ မောင်ဘိုးထင်သည် ခေါင်းကို ဖြည်းဖြည်းချင်းညိတ်ပြလိုက်လေသည်။ထိုအခါ ဦးဝေလာသည် တချက်ပြုံးလိုက်ပြီး ထပ်မံစကားဆိုလိုက်လေသည်။
“ကောင်လေး မင်း ဒီအတွက်တော့ စိုးရိမ်စရာမလိုပါဘူး ငါမရှိတော့တဲ့အချိန်ကျရင် သူတို့ နားလည်သွားမှာပါကွာ ရွှေတွေကုန်အောင်ပဲ မြန်မြန်ကူညီပေါ့ ကုန်သွားရင် အရာအားလုံးအဆင်ပြေသွားမှာပါ ကဲ ကဲ ကောင်လေး ပြန်သာအိပ်ကွာ”
ဦးဝေလာသည် ထိုသို့ပြောပြီးနောက် ပြန်လည်၍အိပ်စက်လိုက်လေသည်။မောင်ဘိုးထင်သည်ကား ပြန်အိပ်မပျော်တော့ပဲ တောင်တွေးမြောက်တွေးနှင့် အတွေးပေါင်းစုံလို့နေသည်။သူ့အတွေးထဲတွင် ပေပင်ရွာသို့ပြန်ရောက်သည့်အခါ အိပ်မက်ထဲကကဲ့သို့ အပေါင်းအသင်းများမှာ အထင်လွဲမှားနေကြမည်လား သို့တည်းမဟုတ် ဦးဝေလာ၏ကတိကြောင့် သေဆုံးခဲ့သည်ရှိသော် သူ့ပယောဂပါတယ်ထင်ပြီး ဂုဏ်ယူနေမည်လော မည်သို့ဆိုစေကာမှု အဖြစ်မှန်ကိုဖြင့် ရင်းနှီးသောအပေါင်းအသင်းများအား ဦးဝေလာမှာ သူတို့ထင်ထားသလို လူယုတ်မာတယောက်မဟုတ်ကြောင်းကို လုံးစေ့ပတ်စေ့ရှင်းပြမည်ဟု ဆုံးဖြတ်လိုက်သည်။ထိုအချိန် ဦးဝေလာမှာ လူ့လောကတွင် ရှိမှရှိ‌ပါလေစဟု တွေးမိပြန်ပြီး စိတ်မကောင်းဖြစ်ရလေသည်။ထို့နောက် ဦးအုန်းထံသို့လည်း အတွေးက ရောက်သွားပြန်၏။ယခုအချိန် ဦးအုန်းတယောက် ရွာပြန်ရောက်နေမည်လားမသိ ရွာပြန်မရောက်ခဲ့သော် ဘယ်တွေများလျှောက်သွားနေလဲဟု တွေးရပြန်လေ၏။ ဤသို့တောင်တွေးမြောက်တွေးဖြင့် အိပ်မပျော်ပဲရှိနေစဉ် ဦးဝေလာမှ မျက်လုံးကိုမှိတ်ထားလျက်သားနှင့် သူ့အား စကားဆိုလာလေသည်။
“ဘိုးထင် ကောင်လေး အတွေးဆိုတာ လက်တွေ့ကျတဲ့အရာတွေပဲ အခုချိန်က မင်းရဲ့ဦးနှောက်ကိုအနားပေးရမဲ့အချိန်ပဲကွ ဖြစ်မလာသေးတဲ့ အနာဂတ်ကို အမျိုးအမျိုးလှည့်တွေးတောနေတာဆိုရင် ထပ်မတွေးတော့ပဲ အိပ်ပျော်အောင်ပဲ ပြန်အိပ်လိုက်တော့ကွာ မနက်ဖြန်ဆိုတာ လာမဲ့အနာဂတ်ကို အစပြုတဲ့ နေ့သစ်ပဲကွ မနက်ဖြန်အတွက် တို့တွေအင်အားရှိနေဖို့လိုအပ်တယ်”
“ဟုတ်ကဲ့ ဆရာကြီး ကျုပ်သဘောပေါက်ပါပြီ”
“ငါ မင်းကိုသဘောကျတာ အဲ့ဒီအချက်တွေပဲ ကဲ ကဲ ကောင်လေးရေ ပြန်အိပ်စို့ကွာ ”
ဦးဝေလာ၏စကားဆုံးသောအခါ မောင်ဘိုးထင်သည်မျက်လုံးကိုမှိတ်လိုက်ပြီးနောက် အိပ်ပျော်အောင်သာ ကြိုးစားအိပ်လိုက်ပါလေတော့သည် ။
အခန်း (၄)
နံနက်မိုးသောက်အလင်းရောင်သောအချိန်တွင်တော့ ကျေး လက်တောရွာလေးတရွာ၏ ရွာထိပ်ရှိအကြော်ဆိုင်လေးတွင် လူများ အတန်အသင့်စည်ကားလို့နေပေသည်။စားပွဲဝိုင်းလေးများဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး အကြော်စားနေကြသူများရှိသလို စားပွဲတန်းလျားများပေါ်တွင်ထိုင်ပြီး အကြော်စားနေကြသူများလည်းရှိ၏။အကြော်သည်အမျိုးသမီးကြီး၏အသံခပ်စာစာက အကြော်ကိုကြော်နေရင်းမှ သူ၏အကြော်ကောင်းကြောင်းကို အမွှန်းတင်ပြီးပြောနေသေး၏။
“ဩဇာကိုင်းရွာက ဒေါ်ဘုမအကြော်ဆိုင်ဆိုတာ ဆိုင်ထိုင်စားလို့တောင်ရ‌တယ်နော် ဒီနားက ရွာတွေမှာ ဆိုင်ထိုင်စားလို့ရတာမဟုတ်ဘူး ‌ငါဆိုတဲ့ ဘုမက အကြော်သာရောင်းနေတာ လက်ညှိုးထိုးမလွဲ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတာ နင်တို့သိတယ်နော် ”
“ဘာလဲ ဒေါ်ဘုမ အကြွေးတွေပေးရမှာကိုလား”
“မသာ နင်သာ ငါ့ဆီကအကြော်ကို အကြွေးစားနေတာ အကြော်လည်း အကြွေးစားသေး ငါ့သမီးကိုလည်း ငမ်းသေး မတွေ့ဖူးပါဘူးတော်”
“ဟာဗျာ ခင်ဗျားမရှက်ပေမဲ့ ကျုပ် ရှက်တယ်ဗျ ကျုပ်အကြော်အကြွေးကို မှတ်သာထားဗျာ”
“မသာကောင် နင့်အကြွေးမှတ်ရတာလည်း ငါ့အိမ်က ထုတ်တန်းတွေ မဲနေပြီ ”
တောသူတောင်သားများသည် အကြွေးရစရာရှိက အိမ်အောက်ရှိ ပျဉ်ပြားများတွင်ရေးမှတ်ထားတတ်ကြသည်။တချို့သောသူများမှာ‌ လှေကားအဆင်းအတက် ခါးပန်းများ အိမ်တိုင်များတွင် အိုးမဲခဲများဖြင့် ရေးမှတ်ထားတတ်ကြ၏။တောသူ တောင်သားများအနေဖြင့် တရွာတည်းနေ တရေတည်းသောက်ကြသူများမို့ ဆဲရေးတိုင်းထွာကာသည့်စကားများပြောဆိုကြသော်လည်း တယောက်နှင့်တယောက် စိတ်ကွက်ခြင်းအလျဥ်းမရှိကြပေ။သူ့ထက်ငါ နိုင်အောင်သာ စကားရည်လုကြသည် ။ယခုလည်း အကြော်သည်ဒေါ်ဘုသည် သူမ၏သမီးဖြစ်သူအားရှေ့တွင်ထား၍ ဆိုင်သို့လာသော ကာလသားများရှေ့တွင် ထိုကဲ့သို့ပွင့် ပွင့်လင်းလင်းပြောနေပေသည်။အကြော်ဆိုင်လေးသည် နေလုံးထွက်လာသည့်အချိန်အထိ လူတော်တော်များများရှိနေသေးသည်။ယခု ထိုဆိုင်‌လေးသို့ လမ်းလျှောက်လာနေသူလူနှစ်ယောက်ရှိ၏။သူတို့မှာ အခြားသူများမဟုတ်ကြဘဲ မောင်ဘိုးထင်နှင့် ဦးဝေလာတို့ဖြစ်ကြသည်။သူတို့နှစ်ယောက်သည် လူရှင်းနေပြီဖြစ်သော စားပွဲတန်းလျားတခုတွင် ဝင်ထိုင်လိုက်ချိန် ဒေါ်ဘုမ၏အသံစာစာက‌ ထွက်ပေါ်လာလေသည်။
“ညိုမြ ဟိုမှာဧည့်သည်နှစ်ယောက် လာတယ် သူတို့က လက်ငင်းစားမဲ့သူတွေ သေချာဂရုစိုက် နင့်လင်တွေချည်းပဲ ဂရုစိုက်မနေနဲ့ ”
“အမေကလည်း ကိုယ့်သမီးအပျိုလေးကို ဘာတွေပြောနေတာလဲ မသိဘူး ”
“သမီးပျိုလေးတွေဘာတွေ လုပ်မနေနဲ့ နင့်ကိုကြိုက်မဲ့သူရှိမှာမဟုတ်ဘူး နင်ကြည့်ထား မကြာခင် မမစိမ်းဂယက်က တို့ရွာပါကူးလာလိမ့်မယ် ”
“ဟုတ်ပါ့ အဲ့ဒီမမစိမ်းဆိုတဲ့ကောင်မ တော်တော်ကိုရှုပ်တာပဲနော် အမေ ”
မောင်ဘိုးထင်နှင့် ဦးဝေလာတို့သည် အကြော်သည်သားအမိပြောနေသောအကြောင်းအရာကို စိတ်ဝင်တစားနားစွင့်လို့နေ မိ သည်။သူတို့နှစ်ယောက်စိတ်ဝင်စားနေသည်ကို သိဟန်ရှိသော အကြော်လာဝယ်သည့် ကာလသားတယောက်မှ သူတို့အားစကားဆိုလာလေသည်။
“ဒီက ဦးကြီးတို့က မမစိမ်းအကြောင်း မသိသေးဘူးထင်တယ် ”
“အေး မသိသေးဘူးကွ ညကမှာ ဒီရွာကို ရောက်တာ ”
“သြော် အဲ့တာကြောင့်မို့ မသိတာဖြစ်မယ် ”
အကြော်လာဝယ်သော လူရွယ်သည် မောင်ဘိုးထင်တို့နှစ်ယောက်ထိုင်နေသော မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ချိန် အကြော်လာချပေးသောညိုမြမှ ထိုလူငယ်အား သတိပေးစကားဆိုလေသည်။
“ကိုပွ နင် စကားရောဖောရောလုပ်ပြီး ဧည့်သည်တွေအကြော်နှိုက်မစားနဲ့နော် ”
“နင်တို့သားအမိက စကားပြောလိုက်လို့ရှိရင် ရိုက်ပေါက် တွေပဲ ငါက စားပါ့မလားဟာ”
လူရွယ်သည် ပြေ‌ာပြောဆိုဆို အကြော်ပန်းကန်အားလက်လှမ်းလိုက်ချိန် ညိုမြဆိုသောမိန်းကလေးသည် လူရွယ်၏ လက်ကို ပုတ်ထုတ်လိုက်ပြီး
“မသာ နင် မိုက်ရိုင်းပါလား ဧည့်သည်တောင်မစားရသေးဘူး တော်တော်ကိုအရှက်မရှိတာပဲ”
“နင့်အကြော်ပန်းကန်ထဲမှာ သက်ကယ်အမှိုက်မြင်လို့ ဖယ်ပေးမလို့ပါဟ ငါ အဲ့လောက်ကြီးလည်း မရိုင်းပါဘူး ညိုမြရယ် ”
ဟုတ်ပေသည်။အကြော်ပန်းကန်ထဲတွင် သက်ကယ်အမှိုက်တစရှိနေလေသည်။ထိုအခါ ညိုမြသည် လူရွယ်အားကြည့်လိုက်ပြီး
“မသိဘူးလေ နင်နှိုက်စားမယ်လို့ ထင်လို့ ”
“အဲ့တာတွေ ထားလိုက်ပါ ဒီဦးကြီးတွေ မမစိမ်းအကြောင်း မသိသေးဘူးတဲ့ အဲ့တာ ငါ‌ပြောပြမလို့”
“အေး အေး ပြောပြလိုက်”
မောင်ဘိုးထင်သည် ကိုပွ၏သည်းခံမှုကို အတော်ပင်အံ့သြရပေသည်။လူကြားထဲ လက်ဖြတ်ရိုက်ခံလိုက်ရသည့်အထိဖြစ်ပျက်သည်ကို ညိုမြဆိုသော မိန်းကလေးအပေါ် စိတ်ဆိုးသည့် အမူအယာတစက်ကလေးမတွေ့သောကြောင့်ဖြစ်သည််။ မောင်ဘိုးထင်သည် ညိုမြအစား ကိုပွကိုအားနာသွားကာ
“ဒီက အကို အကြော်စားဗျာ ကျုပ် နောက်တပွဲ ထပ်မှာလိုက်မယ် ”
“ရတယ် ညီလေး အကြော်မစားတော့ဘူး ”
“အားမနာပါနဲ့ဗျ ကျုပ်တို့ဆရာတပည့်နှစ်ယောက်က ခင်ဗျားပြောပြမဲ့ မမစိမ်းအကြောင်းကို အတော်သိချင်နေတာဗျ ”
“မမစိမ်းအကြောင်းကို ကျုပ်လည်း အကုန်တော့မသိပါဘူး ကြားရတာတွေကတော့ တကယ့်အံ့သြစရာတွေပဲဗျာ ကျုပ်တို့လည်း အဲ့ဒီရွာကိုမသွားရဲတော့ အကြောင်းစုံကိုတော့ သိပ်မသိဘူးပေါ့ဗျာ ”
ကိုပွသည် မောင်ဘိုးထင်နှင့် ဦးဝေလာတို့အား သူသိသ လောက် မမစိမ်းအကြောင်းကို ပြောပြလာလေသည်။သူတယောက်တည်းမဟုတ်ပဲ အကြော် ကြော်နေသော ဒေါ်ဘုမနှင့် ဒေါဘုမ၏သမီး ညိုမြတို့ကိုပါ မမစိမ်းအကြောင်း ကြားသိရသလောက်‌ ပြန်ပြောပြလာလေသည်။
“မမစိမ်းကြောင့် လူပျိုတွေ ရူးကုန်တယ်‌တဲ့တော် တခုလပ် မုဆိုးဖိုတွေကတော့ ဂွင်တည့်နေတယ်တဲ့”
“ဘယ်လိုကြီးလဲဗျ ကျုပ်ဖြင့် နားမလည်ဘူး ”
“ကောင်လေးရေ မင်း မသိလို့နော် အခု နောင်ပိုးရွာက မိန်းမပျိုလေးတွေက သူတို့ကို လူပျိုတွေမကြိုက်တော့ တခုလတ်တို့ မုဆိုးဖိုတို့နဲ့ပဲ ယူသတဲ့ မမစိမ်းက လူပျိုမဟုတ်တာတွေဆို မကြိုက်ဘူးတဲ့လေ ”
“မမစိမ်းမကြိုက်တဲ့ လူတွေကို နောင်ပိုးရွာက မိန်းမပျိုလေးတွေက ယူရတော့တာပေါ့ ”
“အေး တို့ရွာကိုတောင် မမစိမ်းလာမယ်လို့ သတင်းထွက်နေတာ ငါ့သမီးညိုမြ လင်ပိုးနေတာသာကြည့်ပါတော့အေ ”
ဒေါ်ဘုမ၏တုတ်ထိုးအိုးပေါက်စကားကြောင့် မောင်ဘိုးထင်တို့ပြုံးစိစိဖြစ်သွားကြသည်။ထို့နောက် ဦးဝေလာသည် သူ၏ ရှေ့တွင်‌ထိုင်နေေသာ ကိုပွအား အမေးစကားဆိုလိုက်လေသည်။
“နောင်ပိုးရွာကိုသွားတဲ့လမ်း ပြပါလား ”
“ဦးကြီး သေခါနီးရိက္ခာယူမလို့လား ”
“ဟာ မဟုတ်ပါဘူးကွာ ငါတို့က စွန့်စွန့်စားစားလုပ်ရတာကြိုက်လို့မေးတာပါ ”
“မသိပါဘူးဗျာ နောင်ပိုးကအပျိုလေးတွေကိုသွားယူမလားလို့”
မောင်ဘိုးထင်သည် ကိုပွ၏စကားကြောင့် ပြုံးမိသွားသလို ဦးဝေလာသည်လည်း ပြုံးမိသွား၏။ထို့နောက် မောင််ဘိုးထင် သည် သူတို့စားသောအကြော်၏အဖိုးအခအပြင် ကိုပွဝယ်ယူသည့်အဖိုးအခကိုရှင်းပေးလိုက်ပြီးနောက် ကိုပွလမ်းညွှန်လိုက်သော နောင်ပိုးရွာသို့ ထွက်ခွာသွားပါလေတော့သည် ။
အခန်း (၅)
“မမစိမ်း ဗျို့မမစိမ်း လောကကြီးကိုတိုင်တည်ပြီး ကျုပ်အော်ပြောလိုက်မယ် မမစိမ်းကိုသိပ်ချစ်တယ် အာ့ ကျွတ် ကျွတ် ”
မောင်ဘိုးထင်နှင့် ဦးဝေလာသည် နောင်ပိုးရွာကိုသွားနေရာ ရွာနှင့်မလှမ်းမကမ်းတွင်ရှိသော ရိုးချောင်းလေးတွင်ထိုင်ကာ အော်ဟစ်ပြောဆိုနေသောလူရွယ်တယောက်အား တွေ့လိုက်ရသည်။သူ၏မျက်နှာတို့သည် အညိုအမဲများစွဲနေပြီး အတော်ကိုနာနာကျင်ကျင်ဖြစ်နေဟန်ရှိသည်။သို့ပါသော်လည်း နေပူပူတွင် ကောင်းကင်ကြီးကိုမော့ကြည့်ပြီး မမစိမ်းအား ချစ်သည့်အကြောင်းများ အော်ဟစ်ပြောဆိုနေသည်မှာမြင်တွေ့ရသူများအဖို့ ကြည့်ရတာ အတော်မသက်သာလှပေ။မောင်ဘိုးထင်နှင့် ဦးဝေလာတို့သည် မလှမ်းမကမ်းရှိ ပေါက်ပင်ကြီးတပင်၏ အရိပ်အောက်တွင်ထိုင်လိုက်ပြီးနောက် ဦးဝေလာသည် မျက်နှာတွင် ဒဏ်ရာဗလပွနှင့် ကောင်းကင်ကိုမော့ကြည့်၍အော်နေသော လူရွယ်အားလှမ်း၍ စကားဆိုလိုက်လေသည်။
“ငါ့တူ မင်းမလည်း ကြည့်ရတာမသက်သာလိုက်တာ ဒီအရိပ်မှာ လာအော်ပါလား ”
“ကျုပ်ကို မမစိမ်းက ပြောထားတယ် နေပူကြီးထဲမှာ အခုလိုရပ်ပြီးတော့ မိုးပေါ်ကိုကြည့်ပြီး သူ့ကိုချစ်တယ်လို့အော်ပြောတဲ့ အဲ့တာမှ သူ့ကိုတကယ်ချစ်တာတဲ့လေဗျာ ”
“ဟိတ်ကောင်ရ မင်း ရူးများနေပြီလား ”
“ရူးနေပြီ ကျုပ် ရူးနေပြီ ကျုပ်ဆိုတဲ့ကောင် မမစိမ်းကြောင့် ရူးနေပြီ မျက်နှာများတဲ့ မမစိမ်းကိုမှ ကျုပ်စွဲလန်းပြီး ရူးနေပြီဗျ မမစိမ်းက သိပ်ရက်စက်တယ် တရွာလုံးကကောင်တွေတင် မဟုတ်ဘူး တခြားရွာက ကောင်တွေနဲ့ပါ ကြိုက်နေတယ်ဗျာ ”
လူရွယ်သည် မောင်ဘိုးထင်တို့အား ဂရုမစိုက်ပဲ သူပြောချင်သည်များကိုပြောပြီးနောက် မိုးကောင်းကင်ကြီးကိုမော့ကြည့်ရင်းက မမစိမ်းအားချစ်သည့်အကြောင်းများကို အော်ဟစ်ပြောဆိုလို့နေပြန်သည်။ဦိးဝေလာသည်ကား ခေါင်းကိုခါယမ်းလိုက်ပြီးနောက်
“ဘိုးထင်ရေ မမစိမ်းကတော့ ကာလသားတွေကိုဒုက္ခပေးနေပြီကွ ”
“ဟုတ်တယ်ဆရာကြီး ကျုပ် အကြော်ဆိုင်မှာ သူ့အကြောင်း စကြားတော့ ဒီလောက်ဆိုးမယ်လို့မထင်ဘူး ”
“‌အေး တို့တွေမြန်မြန်တားမှဖြစ်တော့မယ် ကဲ ကဲ ရွာထဲကိုသွားပြီး စနည်းနာကြည့်ကြရအောင် ”
ဦးဝေလာသည်ပြောပြောဆိုဆို ထိုင်နေရာမှ မတ်တတ်ရပ််လိုက်ပြီးနောက် ရှေ့မှ ဦးဆောင်ကာ နောင်ပိုးရွာရှိရာသို့သွားလိုက်လေရာ မောင်ဘိုးထင်သည်လည်း နောက်မှလိုက်ပါသွားလိုက်လေသည်။များမကြာသောအချိန်တွင်တော့ နောင်ပိုးရွာအဝင်သို့ ရောက်လာကြသည်။ရွာအဝင်သို့ရောက်လာသည်နှင့် မမစိမ်းကိုချစ်သည်ဟု အော်ဟစ်နေကြသော ကာလသားများ ၏အသံများကိုကြားလိုက်ရပြန်သည်။ထိုသို့အော်ဟစ်နေသော ကာလသားများကိုဖြင့် မိသားစုဝင်ဖြစ်ဟန်တူသောလူများမှာ ငေါက်ငမ်းကာ တားဆီးနေသံများသည်လည်း ထွက်ပေါ်လို့နေ လေသည် ။
“မမစိမ်း မိစိမ်းကားကြီး မမစိမ်း အစိမ်းရောင်ကြိုက်တဲ့မမစိမ်း ခုတော့ ကျုပ်ကို သစ်စိမ်းချိုး ချိုးသွားပြီလားဗျာ မမစိမ်းကို ချစ်တယ်ဗျာ”
“ဟဲ့ သုမောင် နင် ရူးနေတာလား သောက်ရှက်မရှိ ငါ့အိမ်မှာ မယားတရူးမနေနဲ့ နင်လက်ကျိုးထားတာတောင် အခုထိ မမစိမ်းနေသေးတယ် ”
“ကျုပ်က ချစ်တာကိုး အမေရ ကျုပ်နှလုံးသားထဲ မမစိမ်းက စိုးမိုးနေပြီဗျာ ”
“မသာကောင် နင်‌ ရူးနေပြီ နင်မယားတရူး ရူးနေပြီ”
“ကျုပ်ရူးနေတာ ဟုတ်တယ် အမေ ကျုပ် ရူးနေပြီ မမစိမ်းကြောင့် ကျုပ်ရူးနေပြီဗျ”
မောင်ဘိုးထင်နှင့် ဦးဝေလာသည် လမ်းဘေးရှိအိမ်များမှ ထွက်ပေါ်လာသောအသံများကိုကြားလိုက်ရပြီးနောက် သူတို့အချင်းချင်းတယောက်မျက်နှာတယောက်ကြည့်လိုက်ကာ
“ဘိုးထင်ရေ ဒီရွာကကောင်တွေကိုတော့ ငါ လိုက်မမှီတော့ဘူး ငါ့တသက် မိန်းမတယောက်ကို အခုလောက် ရူးရူးမူးမူးဝိုင်းကြိုက်တာ တခါမှမတွေ့ဖူးသေးဘူး”
“ဟုတ်တယ် ဆရာကြီး ကျုပ်စိတ်ထဲ အခုဖြစ်နေတာတွေက ပုံမှန်မဟုတ်ဘူးလို့ထင်တယ်ဗျာ”
“ဒီအနေအထားက ဘယ်လိုလုပ်ပုံမှန်ဖြစ်နိုင်မလဲကွာ ငါတို့ရွာလူကြီးအိမ်ကို ရှာကြစို့”
ဦးဝေလာသည် ပြောပြောဆိုဆို ရှေ့မှဦးဆောင်သွားပြီးမျက်နှာချင်းဆိုင်မှလာနေသော လူငယ်တယောက်အား မေးမြန်းလိုက်‌လေသည်။
“ငါ့တူ တခု‌လောက်မေးချင်လို့ကွယ့်”
“မေးပါဗျ မေးပါ”
“တခြားတော့ မဟုတ်ပါဘူး ရွာလူကြီးအိမ်လေး လမ်းညွှန်ပေးနိုင်မလား”
ဦးဝေလာ၏အမေးစကားဆုံးသည်နှင့် လူငယ်သည် မျက်နှာညိုးငယ်သွားပြီး ရုတ်တရက်ငိုချလာ၍ ဦးဝေလာတယောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်လို့သွားသည်။ငိုနေသော လူငယ်သည် အသံခပ်ကျယ်ကျယ်နှင့် စကားပြန်လာလေသည်။
“ကျုပ်ကို တခြားအရာတွေမမေးနဲ့ ကျုပ် မသိချင်ဘူး မမစိမ်းနဲ့ပတ်သက်တာလေးတွေပဲ မေးပါ ပြောပါ”
“ဒုက္ခပါပဲကွာ အေး အေး ငါတို့ဘာသာပဲ သွားလိုက်မယ် ”
ဦးဝေလာသည် မောင်ဘိုးထင်အားအချက်ပြလိုက်ပြီးနောက် လမ်းတွင်ငိုနေသောလူငယ်အားထားရစ်ကာ ရွာလမ်းအတိုင်းဆက်သွားလိုက်လေသည်။များမကြာသောအချိန်တွင်တော့ အမျိုးသမီးတ‌ယောက်ကို ထပ်မံတွေ့လိုက်ရ၍ မောင်ဘိုးထင်မှမေးမြန်းလိုက်ပြန်သည်။
“ဗျို့အမကြီး ရွာလူကြီးအိမ်သွားချင်လို့ပါဗျ ကျုပ်တို့ကို လမ်းပြပါဦး”
“ဪ အေး ရွာလူကြီးအိမ်က ဒီနားလေးတင်ပဲ ရေတွင်းရှိတယ် လမ်းညာဖက်မှကွယ့် ဆက်သွားလိုက်”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ”
မောင်ဘိုးထင်တို့နှစ်ယောက်သည်လည်း အမျိုးသမီးကြီးညွှန်ပြလိုက်သော လမ်းအတိုင်းသွားလိုက်ရာ များမကြာသောအချိန်တွင်တော့ ရေတွင်းတည်ရှိပြီး ပျဉ်ထောင်အိမ်ခပ်ကြီးကြီးတလုံးနှင့် အိမ်ဝိုင်းတခုကို တွေ့လိုက်ရလေသည်။ထိုအိမ်ဝိုင်းထဲသို့ဝင်လိုက်ရာ အိမ်တိုင်တွင် နွားကြိုးနှင့်ချည်ထားခံရသော လူရွယ်တယောက်မှာ မောင်ဘိုးထင်တို့ဝင်လာသည်နှင့် ပြုံးရယ်ကာ စကားဆိုလေသည်။
“ကောင်လေး မင်း မင်းတို့ကို မမစိမ်း လွှတ်လိုက်တာလား”
“ဗျာ ”
“မမစိမ်း ငါ့ကိုပဲ ယူမှာမဟုတ်လား မင်းကိုလာပြောခိုင်းတာမလား ပြောစမ်းပါကွ ငါ မုန့်ဖိုးပေးပါ့မယ် ”
မောင်ဘိုးထင်သည် တိုင်တွင် အချည်ခံထားရသောလူငယ်အား မည်သို့ပြန်ပြောရမည်မှန်းမသိဖြစ်နေစဉ် လူကြီးတယောက်သည် သူတို့အနားသို့ရောက်လာပြီးနောက် တိုင်တွင် အချည်အနှောင်ခံထားရသောလူငယ်အား အသံခပ်မာမာနှင့် စကားဆိုလာလေသည်။
“ဟေ့ကောင် မယားတရူး အိမ်ကို လူလာတိုင်း မင်းဟာမခေါ်ခိုင်းတယ်ပဲ ထင်မနေနဲ့ မင်းတို့ကောင်တွေပြုစားခံထားရတာမသိဘူးလား ပရိတ်ရည်တိုက်လည်း မရ ပရိတ်ကြိုးချည်လည်းမရနဲ့ တိတ်‌တိတ်နေ မမစိမ်းဆိုတဲ့ အသံထပ်မထွက်နဲ့ ”
ရွာလူကြီးဖြစ်ဟန်တူသူသည် သူ၏သားဖြစ်သူအား ထိုသို့ပြောဆိုပြီးနောက် မောင်ဘိုးထင်နှင့် ဦးဝေလာဖက်လှည့်ကာ စူးစမ်းသလိုကြည့်လိုက်ပြီး
“ဒီကဧည့်သည်တွေ ထင်ပါ့ ဘာကိစ္စများရှိလို့လဲ ကျုပ်တို့ရွာကို ဧည့်သည်မလာတာကြာတော့ ဘယ်လိုဧည့်ခံရမယ်ဆိုတာတောင် မေ့နေပါပြီဗျာ ”
“ရပါတယ် ကျုပ်တို့က အထက်လမ်းဆရာတွေပါ ဒီရွာမှာထူးဆန်းတာတွေဖြစ်နေတယ်ဆိုလို့ ဝင်လာတာ ”
“အထက်လမ်းဆရာ ဟုတ်လား ကြွပါ ခင်ဗျာ ကြွပါ ”
အထက်လမ်းဆရာဟူ၍မိတ်ဆက်လိုက်သည်နှင့် ရွာလူကြီး ၏မျက်နှာတွင် အပြုံးတို့ဝေဆာသွားပြီး မောင်ဘိုးထင်နှင့် ဦးဝေလာအား ကောင်းမွန်စွာဧည့်ဝတ်ပြုလာလေသည်။ဦးဝေလာနှင့် မောင်ဘိုးထင်တို့နှစ်‌ယောက်သည်လည်း ရွာလူကြီး၏အိမ်အောက်တွင်ရှိသော စားပွဲတန်းလျားတွင် ဝင်ထိုင်လိုက်ကြပြီးနောက် စကားစမြည်ပြောကြလေ၏။
“ရွာလူကြီး‌ရေ ဘယ်က‌နေဘယ်လို စဖြစ်ကုန်တာလဲဆိုတာပြောစမ်းပါဦး”
“ကျုပ်သိတာတော့ မမစိမ်းဆိုတဲ့ မိန်းမကြောင့် ဒါတွေဖြစ်တာဗျ”
“မမစိမ်း မမစိမ်းနဲ့ ကျုပ် တလမ်းလုံးကြားလာရတယ် မမစိမ်းဆိုတာ ဘယ်သူတုန်းဗျ”
“ပြောရရင်တော့ ကျုပ်လည်း ဘယ်သူမှန်းမသိပါဘူးဗျာ တခါတော့ ကျုပ်သားနောက် ကျုပ် လိုက်ချောင်းဖူးတယ် သူနဲ့ ချိန်းတွေ့နေတဲ့ အစိမ်းရောင်ဝမ်းဆက်နဲ့ မိန်းမတယောက်ကိုတွေ့ရတယ်ဗျ လှတာတော့ တော်တော်လှတယ် ”
“ခင်ဗျားအထင် သူက ဘာဖြစ်မယ်ထင်လဲ ”
“ကျုပ်အထင်တော့ သာမာန်လူတော့မဟုတ်ဘူးဗျ ဥစ္စာစောင့်လား ကျတ်လား တခုခုပဲ ”
“ဖြစ်နိုင်ပါတယ် ဒါနဲ့ နေပါဦး ခင်ဗျားသားကို ဘာလို့ကြိုးတုတ်ထားတာလဲ ”
“ဒီကောင်က နေမြင့်သွားပြီ”
“ကျုပ် နားမရှင်းဘူး ဘာပြောတာလဲဗျ ”
“နေမြင့်တော့ အရူးရင့်ပြီလို့ပြောတာ ဒီကောင်ကို မမစိမ်းဆိုတဲ့မိန်းမက အဆက်ဖြတ်လိုက်တယ်ဆိုပဲ အဲ့လိုအဆက်ဖြတ်ခံရတဲ့ကောင်တွေက ကိုယ့်ကိုကိုယ်သေကြောင်းကြံဖို့ လုပ်တော့တာပဲ ခုလည်း ကျုပ်သားက အိမ်ကရေတွင်းထဲ ခုန်ချမယ်လုပ်နေလို့ ကျုပ် ကြိုးတုတ်ထားရတာသာကြည့်တော့ဗျာ ”
“အခြေအနေကတော်တော်ဆိုးနေတာပဲ နေပါဦး ဘုန်းတော်ကြီးကျောင်းတွေရှိတယ်မဟုတ်လား ပရိတ်လေး ပဌာန်းလေးမရွတ်ကြဘူးလား ”
“ရွတ်ပြီးပါကော ဆရာကြီးရာ ရွတ်ရုံတင်မဟုတ်ဘူး ဒီကောင်တွေကို ပရိတ်ကြိုးပါလည်ပင်းဆွဲပေးထားတာ အချိန် တန်တော့လည်း သကောင့်သားတွေက လည်ပင်းကပရိတ်ကြိုးတွေဖြတ်ပြီးတော့ သွားတာပါပဲ ”
“နေပါဦး ခင်ဗျားတို့ တရွာတည်းဖြစ်နေတာလား”
“မဟုတ်ဘူးဗျ နှစ်ရွာ ကျုပ်တို့နောင်ပိုးရွာနဲ့ ဟိုဘက်က စည်သာရွာ”
“ဟုတ်ပြီ အဲ့တာဆို ကျုပ်တို့ဆရာတပည့်နှစ်ယောက် ဒီကိစ္စကိုဖြေရှင်းကြည့်မယ် ငွေရေကြေးရေး‌ပေးစရာတော့ မလိုပါဘူး ကျုပ်တို့နှစ်ယောက်ကို နေဖို့ထိုင်ဖို့နဲ့ ထမင်းကျွေးရင်ရပြီ ”
“အဲ့အတွက်တော့မပူပါနဲ့ဗျာ ကျုပ် သေချာစီစဥ်ပေးပါမယ် ”
“ကောင်းပြီဗျာ အဲ့တာဆို ကျုပ်တို့ကိုခင်ဗျား မမစိမ်းဆိုတဲ့မိန်းမကိုမြင်ခဲ့တဲ့နေရာကို လိုက်ပို့ပေးဦး ”
“ထမင်းစားသောက်ပြီးမှပဲ သွားပါလား”
“ရတယ် ကျုပ်တို့နောက်မှပဲ စားမယ် အခု အရင်လိုက်ပို့နိုင်တယ်မလား”
“ပို့နိုင်တာပေါ့ဗျာ ”
ဤသို့ဖြင့် ဦးဝေလာနှင့် မောင်ဘိုးထင်တို့သည် နောင်ပိုးရွာလူကြီးကိုခေါ်ကာ မမစိမ်းအားတွေ့ခဲ့သည်ဆိုသော နေရာသို့သွားရောက်ရန် ထိုင်နေရာမှမတ်တတ်ထရပ်လိုက်ကြပါလေတေ့သည်။
အခန်း (၆)
“ဒီညောင်ပင်ကြီးမှာ တွေ့တာပဲဗျ”
“ဟုတ်ပြီ ကျုပ်တို့နှစ်ယောက်ကိုထားခဲ့ပေတော့ လမ်းလည်းသိပြီဆိုတော့ ပြီးတာနဲ့ ပြန်လာခဲ့မယ် ”
“ဆရာတို့သဘောပါပဲ ကျုပ် ဆရာကြီးတို့အတွက် ချက်ပြုတ်ထားလိုက်ပါ့မယ် ”
“အဲ့လောက်မလိုပါဘူး ကျုပ်တို့နှစ်ယောက်အတွက်နဲ့တော့ဒုက္ခမရှာပါနဲ့ ဖြစ်သလိုစားတတ်ပါတယ် ”
“ဒီလောက်လေးနဲ့ကတော့ ဒုက္ခမဖြစ်ပါဘူး”
နောင်ပိုးရွာလူကြီးသည် မောင်ဘိုးထင်နှင့် ဦးဝေလာအား ရွာအနောက်ဘက်ခပ်ဝေးဝေးရှိညောင်ပင်ကြီးအနားပို့ခဲ့ပြီးနောက် အိမ်ပြန်လို့သွားသည်။ရွာလူကြီးသူတို့နှစ်ယောက်အနားမှ ထွက်ခွါသွားသည်နှင့် ဦးဝေလာသည် ညောင်ပင်ကြီးကိုကြည့်လိုက်ပြီးနောက် မန္တန်တပုဒ်အား တီးတိုးရေရွတ်လိုက်လေသည် ။သူမန္တန်ရွတ်ပြီးသည်နှင့် ညောင်ပင်ကြီး၏တခြားတဖက်မှ သီချင်းဆိုသံစတင်ကြားလာရပြီးနောက် ညောင်ပင်တွင် ခိုတွဲနေသော ‌နွယ်ပုခက်ပေါ်တွင် မိန်းမပျိုလေးတယောက် ပုခက်စီးလို့နေသည်ကို တွေ့လိုက်ရလေသည်။သူမသည် အစိမ်းရောင်ရင်ဖုံးအင်္ကျီနှင့် အစိမ်းရောင်ချိတ်ထမီကိုဝတ်ဆင်ထားပြီး ကျောလယ်ထိရောက်သည်အထိ မဲနက်နေသည့်ဆံကေသာတို့မှာ ဖွံ့ထွားသောကိုယ်ခန္ဓာအလှနှင့်အတော်လိုက်ဖက်လှပေသည်။မောင်ဘိုးထင်သည် သူတို့နှစ်ယောက်အားကျောပေးပြီး ပုခက်စီးနေသည့်မိန်းကလေးကိုတလှည့် အနီးတွင်ရှိသော ဦးဝေလာကို တလှည့်ကြည့်လိုက်ပြီး
“ဆရာကြီး တအားငေးမနေနဲ့ မုဆိုးကနေ သားကောင်ဖြစ်သွားမယ်နော် ”
“မင်းကလည်း ငေးနေတာမဟုတ်ပါဘူးကွာ အ‌ခြေအနေကိုကြည့်နေတာပါကွ ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ ဘယ်လိုဆက်လုပ်ကြမလဲ ဆရာကြီးတယောက်တည်းပဲ သွားတွေ့မလား ”
“ဟိတ်ကောင် ငါတယောက်တည်းတော့ ပစ်မထားပါနဲ့ဟ ငါလည်းအထက်လမ်းယောင်ဆောင်ထားတဲ့ကောင်လေ ပြောရလောက်အောင် သမာဓိရှိတာမဟုတ်ဘူး ”
“သမာဓိမရှိလို့တော့မရဘူးနော် ဆရာကြီး ကျုပ်တို့ပါရူးသွားရင် တော်တော်သောက်ရှက်ကွဲမှာ ”
“မင်းကလည်း အဲ့လောက်တော့ ငါ သိပါတယ်ကွာ နှစ်ယောက်ဆို ဘာမှမဖြစ်ပါဘူး တုတ်ဓားလက်နက်တွေ မှော်စွမ်းအင်တွေ စုန်းကဝေစက်တွေမကြောက်ဘူး အဲ့တာတော့ကြောက်တယ်ဟ မင်းလည်း လူပျိုစိတ်ပေါက်နေပြီလား ”
“ဟာဗျာ ကျုပ်က ကလေးပဲရှိပါသေးတယ်ဗျ”
“အဲ့‌တာဆို တော်သေးတာ‌ပေါ့ တော်ကြာ မင်း လူပျိုစိတ် ပေါက်နေရင် ငါတို့ တယောက်နဲ့တယောက် ချရင်ချနေရမှာ ”
“ဆရာကြီးကတော့ နောက်ပြီဗျာ ”
မောင်ဘိုးထင်နှင့် ဦးဝေလာတို့သည် ညောင်ပင်အောက် တရွေ့ရွေ့နှင့်သွားနေကြသည်။မမစိမ်းနှင့်နီးကပ်လာ‌သောအခါ ဦးဝေလာမှာ သက်ပြင်းရှည်ကြီးချလိုက်ပြီး
“ဘိုးထင် ”
“‌ဗျာ ဆရာကြီး ”
“ငါ့နှုတ်ခမ်းမွှေးကို နှုတ်လိုက်စမ်းကွာ ”
“ဆရာကြီးက အရေးထဲဘာတွေခိုင်းနေတာလဲ ပြာလည်းမရှိဘူး ပြီးတော့ ဆရာကြီးနှုတ်ခမ်းမွေးက မရှည်ပါဘူး ကြည့်ကောင်းရုံပါ ”
“မင်းတော်တော်လျှာရှည်တဲ့ကောင်ပဲ နှုတ်ဆို နှုတ်လိုက်”
ဦးဝေလာမှ အတင်းခိုင်းနေသောကြောင့် မောင်ဘိုးထင် သည်လည်း လက်လှမ်းမှီစေရန် ကုန်းကွကွလုပ်နေသော ဦးဝေလာ၏နှုတ်ခမ်းမွှေးကို အားကုန်ဆွဲနှုတ်လိုက်လေသည်။
“အားးး ”
“နာသွားလား ”
“နာတယ် ရပြီ ရပြီ အဲ့မှာ ကွာတာပဲ အထက်လမ်းဆရာအစစ်နဲဲ့ ငါတို့လို အထက်လမ်းဆရာယောင်ယောင် အောက်လမ်းယောင်ယောင်‌ကောင်တွေ ”
“ဆရာကြီးက အကြည့်မှားနေတာလေ မမစိမ်းရဲ့နောက် ကျောအောက်ကိုမကြည့်နဲ့လေဗျာ ”
“မင်းကလည်းကွာ ငါက သူ့ဆံပင်လေးတွေကိုပဲကြည့်တာပါကွ”
စကားတ‌ပြောပြောနှင့် မောင်ဘိုးထင်တို့လျှောက်လှမ်းလာရာ မမစိမ်းနှင့် အလွန်နီးကပ်သောအနေအထားသို့ရောက်လာလေသည်။ထိုအခါ မမစိမ်းသည် ပုခက်ပေါ်မှဆင်းလိုက်ပြီး သူတို့နှစ်ယောက်ဖက်လှည့်ကြည့်ကာ အလွန်နှစ်လိုဖွယ်ကောင်း သောမျက်နှာဖြင့် ဦးဝေလာကိုကြည့်ကာ နူးညံ့သိမ်မွေ့စွာဖြင့်စကားဆိုလာလေသည်။
“မောင်ကြီး မမစိမ်းဆီလာတယ်နော် ”
“သြော် အေး လာတယ်”
“ဆရာကြီး စိတ်ထိန်းဦး ရွာသားတွေကိုမကယ်ရပဲ ဆရာကြီးကိုပြန်ကယ်ရကိန်းပဲ ”
“‌ဘိုးထင် ငါ့ကိုနာအောင် ထပ်လုပ်စမ်းကွာ ”
“ဆရာကြီး ကျုပ် ဘယ်လိုလုပ်ရမှာလဲ ”
“နာအောင်လုပ်ကွာ ငါ့ခေါင်းကိုရိုက်သင့်”
“ခွပ် ”
မောင်ဘိုးထင်သည် ဦးဝေလာ၏စကားမဆုံးခင်မှာပင် အနီးတွင် ရှိသောဝါးရင်းတုတ်ဖြင့် ဦးဝေလာ၏ခေါင်းအား ရိုက်လိုက်ရာ ဦးဝေလာ၏မျက်နှာတွင် သွေးများစီးကျလာလေသည်။ထိုအခါမှ ဦးဝေလာသည် မောင်ဘိုးထင်ကိုကြည့်ကာ
“လက်ဆက ပြင်းလိုက်တာကွာ”
“ဒီနားမှာ တုတ်တွေက တအားပဲလေဗျာ ကာလသားတွေရန်ဖြစ်ထားတာနေမယ် ဆရာကြီးကနာအောင်လုပ်ဆိုတော့ကျုပ်လည်း ရိုက်လိုက်တာပေါ့”
“ကောင်းပါတယ်ကွာ ”
ဦးဝေလာသည် မောင်ဘိုးထင်အားထိုသို့ပြောပြီးနောက် မမစိမ်းဖက်ပြန်လှည့်ကာ
“အစိမ်းမ နင့်ကို နတ်စိမ်းမှန်း ငါ သိတယ် နင့်ရဲဲ့မာယာတွေအခုအချိန်မှာ အသုံးမဝင်တော့ဘူး ”
“နင် ဘာကောင်လဲ ငါ့ကို ဘာလာနှောက်ယှက်တာလဲ”
“နင်ရွာသားတွေကို နှောက်ယှက်တာ ရပ်တန်းက ရပ်”
“ဟားးးဟားး ရွာနှစ်ရွာက ကာလသားတွေ အကုန်လုံးသေစေရမယ် ”
“တယ် ဒီအစိမ်းမ ငါ့စကား နားထောင်စမ်း ”
“လာမယ့်တပတ်အတွင်း နောင်ပိုးနဲ့ စည်သာရွာက ကာလ သားတွေ အကုန်သေစေရမယ် ”
မမစိမ်းအမည်ရသောနတ်စိမ်းသည် ထိုမျှသာပြောပြီး နောက်သို့ လှည့်ထွက်မည်ပြင်စဥ် ဦးဝေလာသည် သူ၏လွယ် အိတ်ထဲမှ တခုခုကိုနှိုက်နေသော်လည်း လွယ်အိတ်အပေါက်ကိုလက်မတည့်ပဲဖြစ်နေကာ
“အစိမ်းမ ရပ်စမ်း”
သူ ထိုသို့ပြောနေသာ်လည်း မမစိမ်းမှာ ရပ်တန့်ခြင်းမရှိ သွားမြဲသွားနေလေသည်။ထိုအခါ ဦးဝေလာသည်
“ဟေ့‌ကောင် ငါ့ကိုလာတွဲ လာတွဲ”
“‌ဗျာ ဘာဖြစ်လို့လဲ ”
“မင်းက သေအောင်ရိုက်တာကိုး အစိမ်းမ ငါတို့ကို သတ်မသွားတာ ကံကောင်း သူ့ကို ငါ မြင်တောင်မမြင်ရတော့ဘူး ”
“မြင်မလားဆရာကြီးရယ် သွေး‌တွေ မျက်လုံးကိုဖုံးနေတာကိုး”
“ငါ့ကို ရွာမြန်မြန်ပြန်ခေါ်တော့ ခွီးတဲ့မှပဲကွာ တပတ်ပဲအချိန်ရှိတော့တယ် ဒီအစိမ်းမက ကာလနာ‌ အယ် ကာလသားတွေကိုသတ်တော့မှာ လာ လာ မြန်မြန်ပြန်မယ် ”
“ဆရာကြီးက ခေါင်းကို ရိုက်သင့်ရိုက်လို့ပြောတာကိုးဗျ ”
“ဟိတ်ကောင် မင်းကိုရိုက်သင့်ပဲရှိသေးတယ် ရိုက်လို့မပါသေးဘူး တကယ့်ကောင်ကွာ ဟိုဟာမက ငါတို့ကို ဘာမှမလုပ်တာ ကံကောင်း”
“ဆရာကြီးကိုက လွန်ပါတယ်ဗျာ မိန်းမပဲ ဘာထူးဆန်းတာမှတ်လို့ ”
“မင်းမသိဘူးနော် ကောင်လေး မင်း မသိဘူး”
“ဘာမသိတာလဲ ”
“ရွာကိုသာ မြန်မြန်ပြန်ကြ‌ရအောင်ကွာ ငါ ခေါင်းတွေမူးလာပြီး ရွှေတွေမကုန်သေးပါဘူး ဘိုးထင်ရာ မင်းက ငါ့ကိုသေစေချင်နေပြီလားကွ ”
“ဟာဗျာ သေစေချင်လို့ရိုက်တာမဟုတ်ပါဘူး ဆရာကြီးနှာခေါင်းကြီးရဲလာသလိုထင်ရလို့ ရိုက်မိသွားတာပါဗျာ ”
“အေးပါကွာ အေးပါ ကျေးဇူးတင်ပါတယ်ကွာ ကျေးဇူးတင်ပါတယ် ”
ဤသို့ဖြင့် မောင်ဘိုးထင်သည် ဦးဝေလာကိုတွဲကာ နောင်ပိုးရွာသို့ပြန်လာခဲ့လိုက်ပါလေတော့သည် ။
အောက်လမ်းဘိုးထင်နှင့် မမစိမ်းသည်က ဤမျှသာ။မကြာမီ အောင်လမ်းဘိုးထင်နှင့် ဝါးလုံးရှည် အမည်ရဇာတ်လမ်းလေးအားတင်ဆက်ပေးပါမည်။
ကျ‌‌ေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်
📝မောင်တင်ဆန်း