” အောက်လမ်းသရဲမ ဒေါ်ခ ” (စ/ဆုံး)

Posted on

” အောက်လမ်းသရဲမ ဒေါ်ခ ” (စ/ဆုံး)

====================================

သောင်းကြည် အိမ်အပြင်ဘက်ကွင်းထဲ
လှမ်းကြည့်လိုက်တယ်…။

ကွင်းပြင်တစ်ခုလုံး မှောင်မည်းနေတယ်၊
လကွယ်ညမို့ ပိုတောင် မှောင်မည်းနေတယ်၊

ဖားအော်သံတွေကလည်း တစ်ကွင်လုံး ဆူဆူညံလို့ …။
ဖားရိုက်ထွက်ဖို့ သူ အစစအရာရာ ပြင်ဆင်ပြီးနေပြီ။
မီးစာအလုံးကြီးကြီးနဲ့ ရေနံဆီ အပြည့်ဖြည့်ထားတဲ့
မီးခွက်ကို မီးညှိလိုက်တယ်

အိပ်ခန်းတစ်ခန်းလုံး မီးရောင်ပါဝါနဲ့ လင်းထိန်သွားတယ်၊

မီးခွက်ကို မီးအုပ်ထဲ ထည့်လိုက်တော့ အလင်းရောင်တွေက
မီးအုပ်လှည့်တဲ့ဘက် စုပြုံသွားတယ်။

ဓါတ်ဆီထည့်ထားတဲ့ ကြေးမီးခြစ်ကြီးကို
နိုင်လွန်စနဲ့ လုံအောင်ပတ်ပြီး အိပ်ထောင်ထဲထည့်တယ်။
ဝါးပလိုင်းကို သိုင်းလွယ်၊ ဖားရိုက်တုတ်ကိုင်ပြီး
အိမ်ပေါ်က ဆင်းလိုက်ချိန်မှာ မိုးကဖွဲဖွဲ၊
ဖွဲဖွဲနဲ့ ရွာလာတယ်။

သောင်းကြည် သဘောကျပြီး ပြုံးတောင် ပြုံးလိုက်မိတယ်…။
ဒီလို လမိုက်ည၊ ဒီလို မိုးဖွဲဖွဲနဲ့ဆိုရင် ဖားက ရိုက်လို့
အရမ်းကောင်းတယ်လေ၊

မီးအုပ်အလင်းရောင် တွေ့တာတောင် ၊ ဖားက
ဘယ်မှ ထွက်မပြေးဘူး……။

ဗိုက်ဖြူဖြူပေး၊ စောင့်ကြောင့်ထိုင်၊ ငြိမ်နေတယ်၊

သေပြေး ရှင်ပြေး၊ ခုန်ပေါက်မပြေးဘဲ ပေခံနေတယ်၊
ဒီနေ့တော့ ကွင်းထဲမသွားဘဲ ဗျည်းညားလဗွေ
ချောင်းတစ်လျှောက်ဖားရိုက်ထွက်ဖို့ သောင်းကြည်
စိတ်ကူးလိုက်တယ်။

ကွင်းထဲမှာက ကလေးရော၊ လူကြီးရော ဆိုသလို
ဖားရိုက်ထွက်တတ်တယ်။

ခဏနေရင် ဖားမီးအုပ်တလက်လက်နဲ့ ဖားရိုက်
ထွက်လာတော့မယ်။ နောက်ပြီး သူလည်း
သုံးညဆက်တိုက် ကွင်းထဲမှာ ရိုက်ခဲ့ပြီးပြီ။
ဒါကြောင့် ချောင်းထဲကိုပဲ ခြေဦးလှည့်လိုက်တယ်။

သူ့အ်ိမ်က ကော့စိန်ရွာ အနောက်ဖျားမှာမို့
ချောင်းဖြတ်လှည်းလမ်းအတိုင်း လျှောက်ပြီး
ချောင်းထဲ ဆင်းခဲ့တယ်။

မိုးဦးကျမို့ ချောင်းထဲမှာ ရေမများသေးဘူး။

ဟိုနားကွက်ကွက်၊ ဒီနားကွက်ကွက် တင်နေတဲ့
မိုးရေ အိုင်တွေနဲ့ ၊ လူတစ်ခုန်လောက်ကျယ်တဲ့
ချောင်းရေစီးပဲ ရှိသေးတယ်။

XXXX

သူ ချောင်းထဲဆင်းတာနဲ့ အတွေးမှန်တယ်လို့
ပြောရမယ်။

ချောင်းထဲမှာ သူ တစ်ယောက်တည်းပဲ ရှိတယ်။
ဖားတွေဆိုတာလည်း ပေါလွန်းလို့ ကွင်းထဲမှာ
လက်လွတ်ခံရိုက်ခဲ့တဲ့ ကျော်စံကွေး၊ ဖားကြောင်
အသေးစား ဖားတွေကိုတောင် မရိုက်တော့ဘူး။
ဖားပေါင်းစင်းနဲ့ မိုးဖားတွေပဲ ရိုက်တော့တယ်။

မိုးဖားဆိုတဲ့အကောင်တွေက ဘာကြောင့်ရယ် မသိဘူး။
ရှားတယ်။ အတွေ့ရနည်းတယ်။

အရောင်က မီးခိုပြာရောင်ဖြစ်ပြီး အရသာက
ကြက်သားဟင်းနဲ့ မလဲဘူးဆိုတဲ့ အရသာမျိုးမို့
စျေးကောင်းရတယ်။

ဒီည မိုးဖားတွေ တော်တော်များများရလို့ သောင်းကြည်
ဝမ်းသာနေတယ်။

ဒီကြားထဲ သုံးလေးဆယ်သားလောက်ရှိမယ့်
နှစ်ချို့ဖားပေါင်စင်းကြီး နှစ်ကောင်လည်းရတော့
အတိုင်းထက် အလွန် ဖြစ်သွားတယ်။

ချောင်းထဲမှာ သူဖားရိုက်တဲ့ ‘ဖုန်၊ ဖုန်’ ဆိုတဲ့
အသံပဲ မှန်မှန်ကြီး ထွက်ပေါ်နေတယ်။

ဖားရိုက်သံတစ်ချက် ထွက်လာတာနဲ့ ဆူညံနေတဲ့
ဖားအော်သံတွေ တိခနဲ ရပ်သွားတယ်။

ခဏနေတော့မှ ဆူဆူညံညံ ပြန်အော်ကြတယ်။

ရိုက်လိုက်၊ ပလိုင်းထဲထည့်လိုက်နဲ့ ဖားတွေ
တော်တော်များများရနေပြီဆိုတာ သူ့ကျောက
သိနေတယ်။

“ဟာ …ဖားတွေအများကြီးပဲ…”

ဖားမီးအုပ် အလင်းရောင်အောက်မှာ သူ့ဘက်
မျက်နှာမူပြီး ဆောင့်ကြောင့်ထိုင်နေတဲ့ ဖားတွေရဲ့
ဗိုက်ဖြူဖြူတွေကို အများအပြားတွေ့ရတယ်

သူ ဝမ်းသာအားရ တရစပ်လိုက်ရိုက်တယ်။

တစ်ကောင်ရိုက် တစ်ကောင်ကောက် မဟုတ်တော့ဘူး။
မြင်မြင်သမျှ ရိုက်ပြီးမှ မီးအုပ်နဲ့ လိုက်ရှာပြီး ပလိုင်းထဲ
ကောက်ထည့်လိုက်နေရတယ်။

လောဘတကြီး လိုက်ရိုက်နေတာကြောင့် တစ်စထက်
တစ်စ ညနက်လာတာကို သောင်းကြည် မတွေးမိဘူး၊
ချောင်းရိုးအတိုင်း ခရီးတော်တော် ပေါက်ခဲ့ပြီဆိုတာလည်း
သူ သတိမမူမိဘူး။

ထူးထူးခြားခြား အသံတစ်ခုကို ကြားမှာပဲ
လောဘစိတ်တွေ ကြက်ပျောက်ငှက်ပျောက်
ပျောက်သွားပြီး …။

ကြောက်လန့် ချောက်ချားတဲ့စိတ်တွေ သူ့ဦးနှောက်ထဲ
ဝင်လာတယ်။ ဟုတ်တယ်။ သူ့ရှေ့ ဝါးနှစ်ပြန်လောက်
အကွာမှာ သူ့ကို ကျောခိုင်းပြီး ထိုင်နေတဲ့
ဆံပင်ဖားလျားချထားတဲ့ မိန်းမတစ်ယောက်ကို
ဘွားခနဲ တွေ့လိုက်ရတယ်။

အဲဒီမိန်းမရဲ့ ရှေ့မှာ မီးဖိုတစ်ဖိုရှိပြီး တစ်စုံတစ်ခုကို
ကြော်လှော်နေတဲ့ ဟန်မျိုး တွေ့ရတယ်၊

သောင်းကြည် ကြားရတဲ့ အသံက အဲဒီမိန်းမ၊
တဖွဖွရေရွတ် ပြောဆိုနေတဲ့ အသံ ဖြစ်တယ်။

“သေစမ်း…။ ပူစမ်း…။
သေအောင် ပူလောင်လိုက်စမ်း…”

အသံက ကြောက်စရာ အရမ်းကောင်းတယ်၊
အမယ်အိုတစ်ယောက်ရဲ့ တုန်တုန်ချိချိအသံပေမဲ့
ဒေါသမီး တဟုန်းဟုန်းနဲ့၊ ကျိန်စာတိုက်နေတဲ့ အသံကြီး။

ကျိန်စာတိုက်ရင်း မီးဖိုပေါ်ကအိုးကို ယောင်းမလို
အရာနဲ့ မွှေနေတယ်။

“ဒီလို မိုးဖွဲဖွဲရွာနေတဲ့ ညမှောင်မှောင်ကြီးထဲမှာ
အကြောက်အလန့်မရှိ၊ ဘာလုပ်နေတာပါလိမ့်…”

ရုတ်တရက် သိချင်စိတ်ဖြစ်လာတယ်။
သောင်းကြည်စောင့်ငဲ့ကြည့်ဖို့ ဟန်ပြင်လိုက်တယ်။

အဲဒီအချိန်မှာ သူ့ကိုယ်နဲ့ ကာထားတဲ့ မီးအုပ်က
ယမ်းသွားတယ် …။

မီးရောင်တွေက ရှေ့မှာ ထိုင်နေတဲ့ မိန်းမကြီးပေါ်
ကျရောက်သွားတယ်။ ဖျတ်ခနဲ မိန်းမအိုကြီးရဲ့
မျက်နှာ သူ့ဘက်လှည့်လာတယ်…။

“အား …”

သူ ထိတ်လန့်တကြား အော်ပစ်လိုက်တယ်။

XxXXXX

ဖားမီးအုပ် အလင်းရောင်အောက်မှာ ကြောက်လန့်
ချောက်ချားစရာ ၊ ရုပ်ပျက်ဆင်းပျက် မျက်နှာကြီး…။

မျက်နှာတပြင်လုံး ဒဏ်ရာတွေဗရပွ ဖြစ်နေတယ်။
သွေးပျက်စရာကောင်းလောက်အောင် နီရဲတဲ့ သွေးတွေ
အလိမ်းလိမ်းပေကျံနေတယ်

မျက်လုံးတစ်လုံးက အပြင်ဘက်မှာ တန်းလန်းကြီး
ထွက်ကျလာနေတယ်။

ဖြဲဟလိုက်တဲ့ ပါးစပ်ထဲမှာလည်း အစွယ်ကြီးနှစ်ချောင်းက
ပြူးလိုက် …။ အဲဒီနောက်မှာတော့ သူ့အိမ်ကိုသူ
ဘယ်လို လုပ်ရောက်မှန်း မသိတော့ဘူး။
မီးအုပ်လည်း မပါတော့ဘူး၊ ဖားရိုက်တုတ်ကလည်း
ဘယ်နေရာ ကျကျန်ခဲ့မှန်း မသိတော့ဘူး။

ဖားတွေအပြည်ှ့နှင့် ပလိုင်းကတော့ သိုင်းလွယ်ထားတာမို့
လူနဲ့တစ်ပါတည်း ပါလာတယ်။ ညနက်သန်းခေါင်၊
အိမ်ပေါ် ဝုန်းဝုန်းဒိုင်းဒိုင်း ပြေးတက်လာတဲ့
ကိုသောင်းကြည်ကြောင့် တစ်အိမ်လုံး အလန့်တကြား
ဖြစ်ကုန်တယ်။ သောင်းကြည် အိမ်ခန်းထဲတန်းဝင်၊
စောင် ခေါင်းမြီးခြုံပုန်းတယ်။

“ကြောက်တယ်…ကြောက်တယ် …၊
သရဲမကြီး…သရဲမကြီး…”လို့ မရပ်မနားပြောနေတယ်၊
ကယောင်ချောက်ချား ရေရွတ်နေတယ်။

“ဖားရိုက်သွားရင်း ကွင်းပိုင်နဲ့တွေ့လာတာလား။
သရဲခြောက်ခံရတာလား…၊ တစ်ခုခုတော့ တစ်ခုခုပဲ …”

သောင်းကြည်မိန်းမ မိစန်း တွေးမိတယ်၊
ဒါကြောင့် ပယောဆရာကြီး ဦးကံပိုကို
အမြန်ပြေးပင့်လိုက်တယ်။ဆရာကြီး
ရောက်လာပြီး မျက်နှာကို ရေမန်းနဲ့ တောက်မှ
သောင်းကြည် ငြိမ်သွားတယ်၊ ခဏ
အကြာမှာ ပုံမှန်အတိုင်း ဖြစ်သွားတယ်။

“ဖားက ဘယ်သွားရိုက်တာလဲ …”

ဆရာကြီးက မေးတယ်။

“ချောင်းတစ်လျှောက် လိုက်ရိုက်တာပါ…”

“ဘယ်နေရာမှာ သရဲခြောက်ခံရတာလဲ”

“အရှေ့ဖျား၊ ကညင်ပင်ကွေ့အနီးမှာ…”

“ဟေ…”

သရဲခြောက်ခံရတဲ့နေရာကို ကညင်ပင်ကွေ့လို့
ပြောလိုက်တော့ ဆရာကြီးက ‘ဟေ’ခနဲ အာမေဋိတ်သံ
ထွက်သွားတယ်။ မျက်လုံးပြူး ၊ မျက်ဆံပြူး
အလန့်တကြားလည်း ဖြစ်သွားပုံရတယ်…။

“ဒါဆိုရင် မင်းကို ခြောက်လိုက်တာ
အောက်လမ်းသရဲမ မယ်ခပဲ ”
လို့ ပြောလိုက်တယ်။

“မယ်ခ ၊ မယ်ခ ခုထိ မကျွတ်သေးဘူးကိုး …”.လို့လည်း
ညည်းတွားလိုက်တယ်။

ဆရာကြီး ဦးကံပိုပြောတဲ့ မယ်ခဆိုတာကို သောင်းကြည်ရော၊
သောင်းကြည်မိန်းမရော ဘယ်သူမှ မသိဘူး၊
ကြားလည်း မကြားဖူးဘူး၊ ဒါကြောင့် ဆရာကြီး ဦးကံပိုကို
မေးကြည့်တယ်၊

“ဒေါ်ခဆိုတာ ဒီရွာက ပညာသည်တစ်ယောက်ပေါ့
အောက်လမ်းပညာကို တော်တော်တတ်တယ်၊
သူနဲ့ မသင့်မြတ်တဲ့သူ ၊ သူ့စိတ်နဲ့ မတွေ့တဲ့သူဆိုရင်
သူ့ပညာနဲ့ ဖမ်းစားတော့တာပဲ။ ဖျားအောင် ၊
နာအောင် ၊ အသက်ဘေးအန္တရာယ် တစ်ခုခုဖြစ်အောင်
လုပ်တယ်၊ သူပြုစားတာကိုသိလို့ တောင်းပန်မှ၊
ကန်တော့မှ ပညာကို ပြန်နှုတ်ပေးတယ်၊
တစ်ခါတုန်းက ရွာထဲမှာ တုတ်တပြက်၊
ဓါးတပြတ် ခိုက်ရန် ဖြစ်ပွားကြတယ်၊

ခိုက်ရန် ဖြစ်ပွားတဲ့ အကြောင်းရင်းက
ကြွေးမြီကိစ္စပါ၊ ငွေတိုးပေးစာတဲ့ သူဋ္ဌေးဦးကြူးနဲ့
သူ့ဆီက ငွေချေးသူ ဆင်းရဲသားဦးလှိုင်တို့ရဲ့
ရန်ပွဲပေါ့…၊ ဦးလှိုင်က သီးနှံတွေ ပျက်စီးကုန်တဲ့အတွက်
ဒုက္ခရောက်ရတဲ့ အကြောင်းနဲ့ …၊

ငွေဆပ်ရမယ့်ရက်ကို နောက်တစ်လလောက်
ဆုတ်ပေးဖို့ အကြောင်း တောင်းပန်တယ်။
သူထင်တာက တစ်နယ်လုံး တစ်ကွင်းလုံး
ရေကြီးရေလျှံဖြစ်ပြီး သီးနှံတွေ ပျက်စီးကုန်တာကို
ဦးကြူးသိတယ်၊ လယ်သမား ၊ ယာသမား
အားလုံးလိုလို အတိဒုက္ခရောက်ကြတာကိုလည်း
သိတယ်၊ ဦးကြူးအနေနဲ့ ငဲ့ညှာလိမ့်မယ်လို့
ထင်တယ်၊ ဒါကြောင့် သွားပြီး တောင်းပန်တာ၊

တကယ်တန်းကျတော့ အထင်နဲ့ အမြင်က
အလွဲကြီး လွဲနေတယ်၊ သူတောင်းပန်တာကို
ဦးကြူးက လုံးဝလက်မခံဘူး…၊ သူ့ငွေ
ပြန်ဆပ်ဖို့ ပြောတယ်၊ သူက ထပ်ပြီး
အနူးအညွတ် မေတ္တာရပ်ခံတယ်၊

ဒါလည်း မရဘူး၊ မဖြစ်ဖြစ်တဲ့နည်းနဲ့
ပြန်ဆပ်ဖို့ပဲ ပြောတယ် …၊

“ဘာမှမရှိတာ၊ ဘယ်လိုလုပ်ပေးရမှာလဲဗျာ…”

လို့ ဦးလှိုင်က အသနားခံတယ်၊

“မင်းဘာသာ ခိုးလို့ဝှက်လို့ပဲရရ၊
ဓါးမြတိုက်လို့ပဲ ရရ၊ ငါ့ငွေ ပြန်ရဖို့သာ လိုရင်းပဲ…”တဲ့…။

ဦးကြူးက ပြောတယ် ။

ဦးလှိုင်ဟာ ဦးကြူး မှိုချိုးမျှစ်ချိုး ပြောသမျှ ဘာတစ်ခွန်းမှ
မတုန့်ပြန်ဘဲ ငုံ့ခံနေရှာတယ်။ ဒါပေမဲ့ ဦးကြူးရဲ့
စကားတွေဟာ တစ်စထက်တစ်စ နိုင်ထက်စီးနင်း
ဖြစ်လာတယ်။ ဦးလှိုင်ကို တိရစ္ဆာန်နဲ့ ခိုင်းနှိုင်းပြီး
အထက်စီးကနေ ရင့်ရင့်သီးသီး ပြောတယ်၊

ဦးလှိုင်ဟာ ပထမတော့ သည်းခံနေတယ်၊
ဦးကြူးရဲ့ စကားတွေ တဖြည်းဖြည်း တရားလွန်လာတဲ့
အချိန်မှာတော့ သူ့ရဲ့ သည်းခံခြင်းအတိုင်းအတာက
ကုန်ဆုံးသွားတယ်၊ ဦးကြူးကို တုံ့ပြန်ပြောဆိုတယ်။

ဒီလိုနဲ့ အော်ကြီးဟစ်ကျယ် ဆဲကြ၊ ဆိုကြ၊
စကားများကြရာကနေ တုတ်ဆွဲ၊ ဓါးဆွဲတဲ့အထိ
ဖြစ်သွားတယ်၊ ရပ်ကွက်လူကြီးတွေ အချိန်မီ
ရောက်လာလို့သာ ဓါးခုတ် ၊ တုတ်ရိုက် ၊
သွေးထွက်သံယိုမှုတွေ မဖြစ်ခဲ့တာ၊

ဘယ်လိုဖြစ်ဖြစ် ၊ တစ်ယောက်ကို တစ်ယောက်
ငြိုးသူရန်ဖက်တွေ ဖြစ်သွားကြတယ်၊

ဦးလှိုင်ဟာ ရန်ခိုက်ဖြစ်ပွားရတဲ့ အတွက်
စိတ်မကောင်း ဖြစ်နေတယ်၊ နောင်တလည်း
ရမိတယ်၊ ဒါ့ကြောင့် ရှိတဲ့ လယ်တစ်ချို့တစ်ဝက်ကို
ရောင်းပြီး ဦးကြူးရဲ့အကြွေးကို ရွာလူကြီးတွေကနေ
တစ်ဆင့် အကြေအလည် ပေးဆပ်လိုက်တယ်၊

တောင်းပန်တဲ့ စကားကိုလည်း လူကြုံပါးလိုက်တယ်၊
ရက်အတော်အတန် ကြာမြင့်တဲ့ အချိန်မှာတော့
ဒီအဖြစ်အပျက်ကို မေ့လျော့သွားကြတယ်။

ကာယကံရှင်တွေ ကိုယ်တိုင်လည်း သွေးအေးသွားပြီးလို့
တစ်ရွာလုံးက ထင်မှတ်လိုက်ကြတယ်။ ဒါပေမဲ့
ဒီအဖြစ်အပျက်ကို မမေ့ဘဲ ကြိတ်မနိုင် ခဲမရ
ဖြစ်သူက ရှိနေတယ်၊

သူကတော့ ငွေတိုးပေးစားတဲ့ ဦးကြူးပါပဲ…။
ဦးကြူးဟာ ဦးလှိုင်ကို သတ်ပစ်ချင်လောက်အောင်
မုန်းတီးနေတယ်၊ တနုံ့နုံ့တွေးရင်း ဒေါသမီးတွေ
တမြည့်မြည့်လောင်ကျွမ်းနေခဲ့တယ်၊

ဦးလှိုင်အပေါ် တစ်ခုခု ထိခိုက်နစ်နာအောင် မလုပ်ရမချင်း
မကျေချမ်းနိုင်ဘူး၊ ဘယ်လိုနည်းနဲ့ လုပ်ကြံရမလဲ
ဆိုတာကို အချိန်နဲ့အမျှ ကြံစည်နေတယ်

ဒီလိုနဲ့ အောက်လမ်းပညာသည် ဒေါ်ခနဲ့ ပေါင်းပြီး
ဦးလှိုင်တို့ မိသားစုကို အသေဆိုးနဲ့သေအောင်
လုပ်ကြံဖို့ စီစဉ်လိုက်ကြတယ်၊ တစ်နေ့မှာ
ဦးလှိုင်တို့အိမ်ကို ဒေါ်ခရောက်လာတယ်။

ဒေါ်ခက

“လမ်းကြုံလို့ ဝင်လည်တာပါ”

လို့ ပြောပြီး အိမ်ပေါ်ကို ပိုင်စိုးပိုင်နင်းတက်တယ်၊

ဦးလှိုင်ရော သူ့မိန်းမပါ ဒေါ်ခကို ပျာပျာသလဲ
ဧည့်ခံတယ်၊ ရေနွေးကြမ်း၊ ထန်းလျက်နဲ့ လက်ဖက်တွေ
တည်ခင်းကျွေးမွေးတယ်၊

ဒေါ်ခဟာ တည်ခင်းဧည့်ခံတဲ့ ထန်းလျက်နဲ့ လက်ဖက်တွေ
စားပြီး ရေနွေးသောက်တယ်။ ခဏနေတော့

“အပေါ့အပါး သွားမယ်” ဆိုပြီး နောက်ဖေးဘက် ဆင်းသွားတယ်။
ပြီးတော့ အိမ်ပေါ်ပြန်တက်လာပြီး နှုတ်ဆက်ပြန်သွားတယ်။
ဦးလှိုင်တို့ လင်မယားဟာ ဒေါ်ခ၊ အောက်လမ်းပညာသည်
စုန်းမဆိုတာ သိတယ်၊ နောက်ပြီး သူတို့အိမ်ကို
မလာစဘူး၊အလာထူးတဲ့ အဖြစ်ကြောင့်
ထိတ်လန့်တုန့်လှုပ်ကြတယ်

ဒေါ်ခ စိတ်ငြိုငြင်စရာ၊ သူတို့ ဘာတစ်ခုမှ မလုပ်ခဲ့ဖူးဘူး၊

ဒေါ်ခနဲ့လည်း ဘာမှ မပတ်သက်ခဲ့ဖူးဘူး၊

“ဘာမှ မဖြစ်တန်ကောင်းပါဘူးလေ…” ဆိုတဲ့
အတွေးနဲ့ ဖြေသိမ့်မိတယ်၊ ဘယ်လိုပဲဖြေသိမ့်ပေမဲ့
သူတို့ရင်ထဲမှာတော့ မပြောနိုင်တဲ့လဘေးအန္တရာယ်ဆိုးတစ်ခုခု…၊

ကျရောက်လာလေမလား ဆိုတဲ့ ချောက်ချားမှု
တစ်ခုတော့ ရင်ထဲမှာ သံသယဖြစ်ပေါ်လာတယ်

သူတို့သံသယဖြစ်တဲ့အတိုင်း စိုးရိမ်တဲ့အတိုင်းပါပဲ…၊

အဲဒီည သန်းခေါင်းယံလောက်မှ ဦးလှိုင်တို့လင်မယား
အိပ်ရာက လန့်နိုးလာတယ်…၊

သူတို့ လန့်နိုးလာတာက ထူးခြားတဲ့ အသံတစ်ခုကြောင့်ပါ၊

အသံက အိမ်နောက်ဖေးက ထွက်လာတဲ့ အသံ၊

သစ်ပင်ကို ဓါးနဲ့ခုတ်နေတဲ့ အသံ။ ဓါးမနဲ့
အားရှိပါးရှိ လွှဲပြီး ခုတ်နေတဲ့အသံ။

“တဒုတ်ဒုတ်…တဒုတ်ဒုတ် ” မြည်နေတဲ့အသံ။

ဦးလှိုင် လက်နှိပ်ဓါတ်မီးဆွဲပြီး နောက်ဖေးဘက်
ပြေးဆင်းတယ်။

ခြံအနှံ့ လက်နှိပ်ဓါတ်မီးနဲ့ လိုက်ထိုးကြည့်တယ်၊

ဘယ်သူမှမရှိဘူး၊ မသင်္ကာဖြစ်စရာ ဘာမှလည်း
မတွေ့ရဘူး၊ အိမ်နောက်ဘက်ကပ်လျက် သရက်ပင်ကြီးရဲ့
ပင်စည်မှာလည်း ခုတ်ရာထစ်ရာ ဘာတစ်ခုမှ မရှိဘူး၊
သစ်မှုန်သစ်စ ၊ ဘာအစအနမှလည်း မရှိဘူး၊

သစ်ပင်ခုတ်တဲ့ အသံလည်း မကြားရတော့ဘူး၊
သူတို့ လင်မယား တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်လိုက်ကြတယ်…၊

“ငါတို့ ကြားရတဲ့ အသံဟာ အိပ်မက် မဟုတ်ဘူးနော်”

လို့လည်း ပြောမိကြတယ်။

အဲဒီနောက်မှာ ထူးခြားမှုတစ်စုံတစ်ရာမှ
မတွေ့တာကြောင့် ၊ သူတို့လင်မယား
အိမ်ပေါ်ပြန်တက်ခဲ့တယ်၊

အိပ်ရာထဲဝင်ခဲ့ပေမဲ့ အိပ်လို့ မရဘဲ မျက်လုံးတွေကြောင်
နေကြတယ်။ အဲဒီအချိန်မှာပဲ…၊

“ဒုတ် ဒုတ် ဒုတ် ”

သစ်ပင်ခုတ်တဲ့ အသံတွေ ထင်ထင်ရှားရှား
ထွက်ပေါ်လာပြန်တယ်။ ခန့်မှန်းရသလောက်
နောက်ဖေးက သရက်ပင်ကို ခုတ်နေတဲ့ အသံဆိုတာ
သေချာတယ်။ ဒုတိယအကြိမ်မြောက် သူတို့လင်မယား
ပြေးဆင်းကြည့်ပြန်တယ်။

ထုံးစံအတိုင်း မသင်္ကာစရာရယ်လို့ ဘာတစ်ခုမှ
မတွေ့ပြန်ဘူး…၊

သူတို့အိမ်ပေါ်ပြန်တက်သွားနဲ့ သစ်ပင်ခုတ်သံတွေကလည်း
ပြန်ပြီး ထွက်ပေါ်လာတယ်၊ ထူးခြားဆန်းကြယ်တဲ့
အဖြစ်အပျက်ကြောင့် ဦးလှိုင်တို့ လင်မယားနှစ်ယောက်စလုံး
ကြောက်လန့်လာတယ်။

အိပ်လို့လည်း မရတော့ဘူး။

သစ်ပင်ခုတ်သံက တဒုန်းဒုန်း ကျယ်လောင်လာတယ်၊
သူတို့အောက်ဆင်းပြီး မကြည့်ရဲတော့ဘူး၊

အချိန်ကြာလာတာနဲ့ အမျှ သစ်ပင်ခုတ်သံတွေ ပိုပြီး
ကျယ်လောင်လာတယ်။

သစ်ပင်ကြီး ပြိုလဲကျတော့မလို့ အသံတွေလည်း
တဖျစ်ဖျစ် တဖြောင်းဖြောင်း မြည်လာတယ်။

နံနက်ခင်း အရုဏ်တက်ခါနီးအချိန်မှာတော့
ကြောက်မက်ဖွယ် ဝုန်းခနဲ အသံကြီးကို
ကြားလိုက်ကြရတယ်။

တစ်ရွာလုံး လန့်နိုးသွားတယ်။

အသံကြားတဲ့ဆီကို အပြေးအလွှား ရောက်သွားကြတယ်၊

အဲဒီမှာ သရက်ပင်ကြီးပိပြီး မြေပေါ် ပြားပြားဝပ်ပြိုကျ
သွားတဲ့ ဦးလှိုင်တို့အိမ်ကို တွေ့ကြရတယ်။

ဦးလှိုင် ၊ သူ့ရဲ့ မိန်းမနဲ့ သုံးနှစ်အရွယ် ကလေးတစ်ယောက်ကိုလည်း
သစ်ပင်ပိတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ မရှုမလှ သေဆုံးနေတာ
တွေ့ကြရတယ်။ ဦးလှိုင်တို့ မိသားစုတစ်ခုလုံး
သစ်ပင်ပိပြီး သေဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး
တစ်ရွာလုံး နားမလည်တဲ့ ပဟေဠိတွေ ကျန်ခဲ့တယ်…။

သရက်ပင်ကြီးရဲ့ ပင်စည် ၊ မြေပြင် အထက်
နှစ်ပေလောက်မှာ မပြတ်မချင်း ခုတ်ထစ်ထားတဲ့
ဓါးချက်တွေ တွေ့တယ်။

ဒီဓါးချက်တွေကြောင့် သရက်ပင်ကြီး လဲသွားတာ…၊

ဒီသရက်ပင်ကို ခုတ်တာ ဦးလှိုင်တော့ မဖြစ်နိုင်ဘူး၊
သူက အိပ်ရာထဲမှာ ရှိနေတယ်၊

ဦးလှိုင်ခုတ်တာ မဟုတ်ရင် ဘယ်သူခုတ်တာလဲ…၊

အခြားလူခုတ်နေတာဆိုရင်လည်း
ဦးလှိုင် ဘာကြောင်မသိတာလဲ…၊

အဖြေမရှိတဲ့ ပဟေဠိတွေက အများကြီး…၊

ခြံချင်းကပ်လျက် အိမ်ကလည်း …

“ဦးလှိုင်တို့လင်မယားကို ညက တွေ့ရပုံက
တော်တော်ထူးဆန်းတယ်။

အိမ်အောက်ကို ကမန်းကတမ်း ပြေးဆင်းပြီး
လက်နှိပ်ဓါတ်မီးနဲ့ တစ်ခြံလုံးလှည့်ထိုးနေတယ်
တစ်ခုခု ၊ မသင်္ကာစရာ အသံကြားလို့ ရှာဖွေနေတဲ့ပုံပဲ…၊

ပြီးတော့ ဘာမှမတွေ့တဲ့ပုံနဲ့ အိမ်ပေါ်ပြန်တက်သွားကြတယ်၊
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ တစ်ခုခုတော့သိခဲ့၊
မြင်ခဲ့ကြပုံပဲ …”

လို့ ပြောတယ်။

“သစ်ပင်ခုတ်သံ ကြားသလား”ဆိုတဲ့ အမေးကို၊
“ဘာသံမှ မကြားရဘူး ” လို့ ပြောတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ ပဟေဠိတွေရဲ့ အဖြေကိုတော့
မကြာခင်မှာပဲ သိလိုက်ကြရတယ်။

အကြောင်းကတော့ သရက်ပင်ခြေရင်းမှာ
တွေ့ရတဲ့ အရုပ်ကလေး တစ်ရုပ်ကြောင့်ပေါ့။

အဲဒီအရုပ်ရဲ့ လက်ထဲမှာ ဓါးလေးတစ်ချောင်းလည်း
ကိုင်ထားတယ်။ အဲဒီအရုပ်ကို တွေ့တာနဲ့ …

“မနေ့က ဦးလှိုင်တို့အိမ်ကို ဒေါ်ခကြီးဝင်သွားတာ
တွေ့ရတယ် ”

ဆိုတဲ့ အိမ်နီးချင်းရဲ့ စကားကို ဆက်စပ်ကြည့်လိုက်တော့ …

ဦးလှိုင်တို့ တစ်မိသားစုလုံး အသေဆိုးနဲ့ သေရတဲ့
လက်သည်တရားခံဟာ အောက်လမ်းစုန်းမကြီး
ဒေါ်ခရဲ့ လက်ချက်ဆိုတာ ထင်ရှားသွားတယ်။

ဒါပေမဲ့ ဦးလှိုင်တို့မိသားစုနဲ့ ဒေါ်ခ ၊
ဘာပြသာနာမှ မရှိတဲ့အတွက် ပထမတော့
နားမလည်ကြဘူး၊

နောက်မှ သူဋ္ဌေးကြီးဦးကြူးက ငွေပေးပြီး
ခိုင်းလို့ ဒေါ်ခက သူ့ရဲ့ အောက်လမ်းပညာနဲ့
လုပ်လိုက်တယ်ဆိုတာ သဘောပေါက်သွားကြတယ်။

ဒီတော့မှ …၊

ဒေါ်ခဟာ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးလို့
ဒုက္ခရောက်အောင် လုပ်ပေးပါဆိုရင်လည်း ငွေကြေးယူပြီး
လုပ်ပေးတတ်သေးတယ်ဆိုတာ သိသွားတယ်

ဒါကြောင့် တစ်ရွာလုံးက ရွံကြောက်ကြီး ကြောက်နေကြရတယ်၊

တစ်နေ့မှာ ဒေါ်ခမွေးထားတဲ့ ဝက်က၊ ရွာထဲက
အိမ်တစ်အိမ်မှာ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်ခင်းကို
ဝင်ပြီး ဖျက်ဆီးတယ်။

စိုက်ခင်းပိုင်ရှင်က တုတ်နဲ့ ပစ်လွှတ်တော့ ဝက်ခြေထောက်ကို
မှန်သွားတယ်။ ဝက်လည်းအော်ပြီး ခြေထောက် ထော့ကျိုး
ထော့ကျိုးနဲ့ ဒေါ်ခအိမ် ပြန်ပြေးသွားတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်ခနဲ့ စိုက်ခင်းရှင်တို့
စကားများကြတယ်။

ဒေါ်ခက စိုက်ခင်းပိုင်ရှင်ကို …၊

“ငါ့ကို မလေးမစားလုပ်တဲ့ကောင် …၊
အသေဆိုးနဲ့ သေရမယ်…၊
စောင့်ကြည့်နေ ၊ ချက်ချင်း မီးလောင်တိုက်သွင်းပြမယ်”

လို့ ကြိမ်းဝါးတယ်၊

ဒေါ်ခ ပြန်သွားလို့မှ မကြာဘူး ၊ စိုက်ခင်းပိုင်ရှင်မှာ
ထူးထူးဆန်းဆန်းတွေ ဖြစ်လာတယ်၊

“အမလေး …ပူတယ်ဗျ…ပူလှချည်ရဲ့ဗျ
ကယ်ကြပါဦး …၊ မီးတွေလောင်နေပါပြီဗျ …”

လို့ လူးလှိမ့်အော်ဟစ်နေတယ်၊ တကယ့်ကို
မီးလောင်နေတဲ့အတိုင်း ခံစားနေရတယ်၊

ပိုပြီး ထူးဆန်းတာက ခန္ဓာကိုယ်တစ်ခုလုံးမှာ
မီးလောင်ဖုတွေ ရုတ်ချည်း ၊ ချက်ချင်း ထွက်ပေါ်လာတယ်၊
မီးလောင်ဖုတွေက အကွက်လိုက် ၊ အကွက်လိုက်၊
ပေါက်ပြီး အရည်ပူဖောင်းကြီးတွေ ထလာတယ်။

ပူဖောင်းတွေလည်း ပေါက်သွားရော၊ အရည်တရွှဲရွှဲ
အသားနီတွေလန်ပြီး မီးလောင်အနာကြီးတွေ
ဖြစ်လာတယ်၊

ဒါ ဘာကြောင့် ဖြစ်တာလဲ၊ ဗေဒင်မေးစရာ မလိုဘူး၊
ဒေါ်ခ လက်ချက်ပဲဆိုတာ တန်းသိတယ်၊
ဒါနဲ့ စိုက်ခင်းပိုင်ရှင်ရဲ့ ညီအစ်ကို စုပြီး တုတ် ဓါး
လက်နက်ကိုယ်စီနဲ့ ဒေါ်ခအိမ် သွားဝိုင်းတယ်၊

ဒေါ်ခကို အိမ်မှာမတွေ့ရဘူး၊

စုံစမ်းကြည့်တော့ အိုးကင်းတစ်ခု ရွက်ပြီး ချောင်းဘက်
ထွက်သွားတယ်ဆိုတာ သိရတယ်

အိုးကင်းဆိုတာက ရေအိုးဖင်ပိုင်းကို ဖြတ်ထားတဲ့ဟာ၊
မီးဖိုပေါ်တင်ပြီး ဒယ်အိုးလို သုံးလို့ရတယ်၊

ဒါနဲ့ ချောင်းထဲ ဆက်လိုက်ကြတယ်၊

ကညင်ပင်ကွေ့မှာ ဒေါ်ခကို တွေ့တယ်၊

သူတို့ တွေ့တဲ့ အချိန်မှာ ဒေါ်ခက မီးဖိုပေါ်မှာ
အိုးကင်းကို တင်ပြီး တစ်ခုခုကို လှော်နေတယ်၊

တုတ်တစ်ချောင်းနဲ့ မွှေပေးနေတယ်၊

သူလှော်နေတဲ့ဟာကို ကြည့်လိုက်တော့ အဝတ်စနဲ့
လုပ်ထားတဲ့ အရုပ်လေးတစ်ရုပ်၊

မီးဖိုပေါ်က အိုးကင်းထဲထည့်ပြီး အလှော်ခံနေရတာကြောင့်
အရုပ်ကလေးက မည်းတူးနေတယ်၊

အဝတ်စ မီးလောင်တဲ့ညှော်နံ့တွေ ထွက်နေတယ်
အရုပ်ကလေးကို လှော်ရင်း ၊ မွှေရင်း ဒေါ်ခ နှုတ်ကလည်း

‘သေစမ်း …၊ ပူစမ်း ၊ လောင်စမ်း…”လို့ တဖွဖွရွတ်ရင်း
ကျိန်စာတွေ တိုက်နေသတဲ့ …။

လိုက်ရှာတဲ့သူတွေကလည်း သူတို့အစ်ကိုဖြစ်တာ
ဒေါ်ခလက်ချက် သေချာပါတယ်ဆိုပြီး အဲဒီနေရာမှာပဲ
ဓါးတွေတုတ်တွေနဲ့ ဝိုင်းခုတ် ၊ ဝိုင်းရိုက်
သတ်ဖြတ်လိုက်ကြသတဲ့။

ခေတ်ကလည်း ဂျပန်တပ်တွေဝင်ကာစ၊
အင်္ဂလိပ်တွေ ထွက်ပြေးဖို့ လုပ်နေတဲ့ ခေတ်ပျက်ခေတ်ဆိုး
ကာလကြီးဆိုတော့ အမှုတွေ ဘာတွေတောင်
မဖြစ်လိုက်ဘူး၊ နောက်တော့ ဒေါ်ခကို သတ်တဲ့
ညီအစ်ကိုတွေလည်း ရွာကနေ
အပြီးပြောင်းရွှေ့သွားကြတယ်။

သူတို့နဲ့ ပတ်သက်တဲ့ သတင်းတွေလည်း စုတ်စမြှုပ်စ
မြုပ်သွားခဲ့တယ်။ အဲဒီအချိန်ကစပြီး ကညင်ပင်ကွေ့မှာ
ခြောက်လိုက်တဲ့ သရဲဒေါ်ခ…၊

ဘယ်သူမှ မသွားရဲကြဘူး၊

နောက် နှစ်တွေ တော်တော်ကြီးကြာမှ သရဲဒေါ်ခကလည်း
မခြောက်လို့ မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး သွားရဲလာရဲကြတာ၊

အောက်လမ်းသရဲ ဒေါ်ခလည်း ကျွတ်သွား၊
လွတ်သွားပြီး ထင်ခဲ့ကြတယ်၊

အခု ပြန်ပေါ်လာမှပဲ ဒေါ်ခတစ်ယောက် မကျွတ်မလွတ်ဘဲ
တစ္ဆေသရဲဘဝမှာ ရှိနေတုန်းဆိုတာ သိရတယ်…”

“အဲဒီအဖြစ်အပျက်တွေက ဘယ်လောက်ကြာခဲ့ပြီလဲ
ဆရာကြီး”

“ကြာပြီပေါ့ကွယ် ၊ ဆရာကြီးတောင် ငယ်ငယ်ပဲရှိသေးတယ်…၊
မင်းတို့မပြောနဲ့၊ မင်းတို့အဖေအမေတောင် လူ့လောက
ရောက်ဦးမှာ မဟုတ်ဘူး…”

“ဒါကြောင့် ဒီအကြောင်းတွေ ကျနော်တို့ မကြားဖူးတာကိုး”

“အေး အေး …၊ ရှိမှန်းသိပြီဆိုတော့ နောင် သတိ၊ ဝီရိယနဲ့နေ၊
အသွားအလာ ဆင်ခြင်ကြပေါ့ကွယ် ဟုတ်လား…”

သောင်းကြည် လူကောင်းပကတိပြန်ဖြစ်သွားတာနဲ့
ဆရာကြီးဦးကံပို ပြန်လာခဲ့တယ်၊ အိမ်အပြန်လမ်းမှာတော့
ရခဲလှတဲ့ လူ့ဘဝကို ကံအားလျော်စွာ ရောက်ခဲ့၊

ရခဲ့တာတောင်…၊ ယုတ်မာညစ်ညမ်းတဲ့
မကောင်းစိတ်မွေးပြီး …၊ အကုသိုလ်တွေနဲ့
ရစ်ပတ်လုံးထွေးခဲ့သူ အောက်လမ်းဒေါ်ခ…၊

ကိုယ်ပြုတဲ့ကံ၊ ကိုယ့်ထံပြန်လာပြီး… ၊

အသေဆိုးနဲ့ သေပွဲကြုံခဲ့ရတဲ့ အောက်လမ်းစုန်းမ ဒေါ်ခ
တစ်ယောက် …၊

နောင် နှစ်တွေ ဘယ်လောက်ကြာသည်အထိ
မကောင်းဆိုးဝါး သရဲတစ္ဆေဘဝနဲ့ ရှိနေဦးမှာလဲ……

ဘယ်သောကာလမှ အောက်လမ်း သရဲမဘဝက
လွတ်မြောက်နိုင်မှာလဲ …၊

အတွေးနယ်ချဲ့နေမိတော့တယ်…၊

ပြီးပါပြီ

မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့ (ချောင်းဦး)

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခအချစ်

စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ

#Credit