အောင်မြတ်သာနှင့် အချိန်နောက်ပြန်အင်း(စ/ဆုံး)
—————————————————–
အချိန်ကား နတ်တော်လပြည့်ညသန်းခေါင်အချိန်…
စိမ်းညှက်ညီအစ်မဘုရားနဲ့ မလှမ်းမကမ်းမှာရှိတဲ့ စေတီပျက်တစ်ဆူဘေးမှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ အင်းတစ်ချပ်နဲ့အလုပ်ရှုပ်နေခဲ့တယ်။
သူတို့ဘေးမှာတော့ ဆံပင်ဖိုသီဖတ်သီနဲ့ လူတစ်ယောက်က ဟောင်းနွမ်းနေပြီဖြစ်တဲ့ လွယ်အိတ်အဟောင်းတစ်လုံးကို ခေါင်းခုကာ လှဲလျောင်းနေခဲ့တယ်။
အဲဒီအချိန် ခွန်းလှက အင်းစာရွက်ကို ကြည့်လိုက်ပြီး
“ အစ်ကို… အင်းကိုအသက်သွင်းတဲ့ဂါထာက မှန်ရောမှန်ရဲ့လား”
“ မှန်ပါတယ်ကွ… ဆရာပြောတုန်းက ငါသေချာလိုက်မှတ်ထားတာပါဟ”
“ ဒါဖြင့် အင်းက အသက်မှမဝင်တာ၊ ဘယ်နှယ့် လုပ်ကြမတုန်း”
“ အင်းဆွဲတဲ့နေရာမှာ တစ်ခုခုများလွဲနေသလားပဲ”
နှစ်ယောက်သား တွတ်တီတွတ်တီနဲ့ လုပ်နေတာကြောင့် အိပ်နေတဲ့ ကြာရိုး မနေသာတော့ပဲ ကုန်းထလာရင်း
“ မင်းတို့နှစ်ကောင် အတော်နားငြီးတာပဲ၊ ငါ အိပ်လို့မရဘူးကွ”
“ ကိုကြာရိုး အိပ်မရတာ တောင်းပန်ပါတယ်ဗျာ၊ ဒီမှာ နည်းနည်းလေးအဆင်မပြေဖြစ်နေလို့ပါ”
“ ဘာကိုအဆင်မပြေတာလဲ ပြစမ်းပါဦး”
ကြာရိုးက မျက်လုံးကို လက်ခုံနဲ့ပွတ်လိုက်ပြီး ဖယောင်းတိုင်မီးအလင်းရောင်အောက်မှာရှိတဲ့ အင်းကွက်ကို ငုံ့ကြည့်လိုက်တယ်။
“ အာ… မင်းတို့ စမထည့်ထားတာ အပေါ်အောက် လွဲနေတယ်ကွ၊ တကယ်ဆို ဒီလိုဖြစ်ရမှာ”
ကြာရိုးက ပလ္လင်ခံစမအောက်ခြေကို လက်ညိုးနဲ့ထောက်ပြီးအပေါ်ဆွဲတင်လိုက်တဲ့အချိန် အင်းချပ်က ပုဇွန်ဆိတ်ခုန်သလိုထခုန်ပြီး အင်းချပ်အလယ်ကနေ ဝဲဂယက်တစ်ခုပါ်လာကာ သုံးယောက်လုံးကို ဆွဲခေါ်သွားခဲ့တယ်။
+++++++
“ အောက်အီးအီးအွတ်”
ရုတ်တရက်ကြားလိုက်ရတဲ့ ကြက်အော်သံကြောင့် မောင်ကောင်းရဲ့မျက်လုံးတွေ ခပ်မျှင်းမျှင်းလေး ပွင့်ဟလာခဲ့တယ်။
“ အား ကျွတ် ကျွတ်… ခေါင်းတစ်ခုလုံး လေးလံနေပါလား”
မောင်ကောင်းက နားထင်ကိုလက်နဲ့ဖိလိုက်ပြီး ထထိုင်လိုက်ရာ သူ့ဘေးတွင် မေ့မျောနေတဲ့ ခွန်းလှနဲ့ ကြာရိုးကိုမြင်လိုက်ရတယ်။
“ ခွန်းလှ… ကိုကြာရိုး ထစမ်းပါဦး…”
ခန္ဓာကိုယ်တွေကို ခပ်ဆတ်ဆတ်လှုပ်နှိုးလိုက်ရာ ခွန်းလှတို့နှစ်ယောက် အီးအီးအဲအဲနဲ့ လန့်နိုးလာခဲ့တယ်။
“ ဟင်… ကျွန်တော်တို့ ဘိစပ်ပင်တွေကြားထဲ ဘယ်လိုနေရာက်နေတာလဲ”
ခွန်းလှစကားကြောင့် ကြာရိုးက ပတ်ဝန်းကျင်ကို မျက်လုံးပြူးမျက်ဆန်ပြာနဲ့ လှည့်ကြည့်ရင်း နဖူးကိုလက်နဲ့ဖတ်ခနဲရိုက်ချလိုက်တယ်။
“ သေပါတော့ဟာ… မင်းခုနက ဆွဲနေတဲ့အင်းက အချိန်နောက်ပြန်အင်းလား”
“ ဟုတ်တယ်လေ ဘာဖြစ်လို့လဲ ကိုကြာရိုး”
“ ဘာဖြစ်ရမှာလဲ… မင်းဆွဲတဲ့အင်းကြောင့် ငါတို့အားလုံး ခေတ်နောက်ကိုပြန်ရောက်ပြီထင်ပါတယ်”
“ ဗျာ… တကယ်ကြီး အချိန်နောက်ပြန်ရောက်သွားတာလား၊ အခု ဘယ်ခေတ်လဲဗျ”
“ ဘယ်ခေတ်ဆိုတာ အရေးမကြီးဘူး၊ မင်းတို့ အခု ဘယ်လိုပြန်ကြမလဲ”
“အယ်…. ဒါနဲ့ ကိုကြာရိုးက ဘယ်လိုပါလာတာလဲ၊ ကျွန်တော်တို့ပြန်မရောက်လာမှ ဆရာကိုပြောဖို့ မှာခဲ့တာလေ”
“ ငါက မင်းတို့ဆွဲနေတဲ့အင်းမှားနေလို့ ပြပေးလိုက်မိတာကြောင့် အတူတူပါလာတာနေမှာ”
“ ရောက်လက်စနဲ့မထူးတော့ပါဘူး… ဘယ်ခေတ်ကိုရောက်နေတယ်ဆိုတာ အရင်သိအောင်လုပ်ရမယ်၊ ဒါမှ ပြန်ရမယ့်ရက်ကို သိရမှာ”
မောင်ကောင်းက စကားစကိုဖြတ်ပြီး ပတ်ဝန်းကျင်ကိုလိုက်ကြည့်ပေမယ့် မီးအလင်းရောင်ဆိုလို့ ဘာမှမတွေ့ရပေ။ အဲဒီအချိန် မလှမ်းမကမ်းမှာရှိတဲ့ နေရာကနေ ဆီမီးအလင်းရောင်သဲ့သဲ့ထွက်ပေါ်လာခဲ့တယ်။
“ မီးရောင် မီးရောင်တွေ့ပြီဗျ… သွားကြည့်ရအောင်”
“ ဟေ့ကောင်… ရမ်းသမ်းပြီးမသွားနဲ့ဦးဟ… ဒီကအကြောင်း မင်းကငါ့လောက်မသိဘူး၊ အနောက်မှာပဲနေ”
ကြာရိုးက မောင်ကောင်းနဲ့ခွန်းလှကို သူ့အနောက်မှာနေဖို့မှာပြီး အလင်းရောင်ရှိတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
ခြေလှမ်း တစ်ရာလောက်လျောက်လာပြီးချိန်မှာတော့ အလင်းရောင်ထွက်တဲ့နေရာကို ခပ်ရေးရေး မြင်တွေ့လိုက်တဲ့အချိန် …
“ သေလိုက်ပါတော့… ငါတို့က မြို့ရိုးအပြင်ဘက်ရောက်နေတာကွ”
“ မြို့ရိုးအပြင်ဘက်ရောက်တော့လဲ ဘာဖြစ်လဲဗျ၊ ဖွင့်တဲ့ထိစောင့်ရမှာပေါ့၊ လာဗျာ… သွားရအောင်”
မောင်ကောင်းစကားကြောင့် ကြာရိုးက အင်္ကျီကော်လံစကိုဆွဲလိုက်ပြီး
“ ဒီနေရာက မင်းတို့လာတဲ့ ခေတ်လိုမဟုတ်ဘူးကွ၊ အခုချိန်ကစပြီး ငါပြောတဲ့အတိုင်းမနေရင် နှစ်ယောက်လုံး ခေါင်းမပါပဲ အိမ်ပြန်ကြရလိမ့်မယ်၊ ဒါကြောင့် မင်းတို့ဆရာနဲ့ပြန်တွေ့ချင်ရင် ငြိမ်ငြိမ်လေးနေကြ” လို့ပြောကာ မြို့ရိုးနားကို ဖြေးဖြေးချင်းတိုးကပ်သွားခဲ့တယ်။
လရောင်အောက်မှာ လမ်းလျောက်လာတဲ့ လူသုံးယောက်ကိုမြင်တဲ့ တံခါးစောင့်ရဲမက်က ကျောမှာသိုင်းလွယ်ထားတဲ့ လေးနဲ့မြှားကို ထုတ်ယူကာချိန်လိုက်ပြီး
“ ဟိတ်… အဘယ်သူလဲဟေ့”
“ ကျွန်တော်မျိုးတို့က မနေ့ညနေ တောရှာထွက်ရင်း မိုးချုပ်သွားလို့ ပြန်မဝင်နိုင်တဲ့သူတွေပါ”
“ မြို့တံခါးက အရုဏ်တက်မှဖွင့်မှာမို့ အဆင်ပြေတဲ့နေရာမှာပဲနေကြ၊ တံခါးနားကပ်လာရင် ငါ့လေးနဲ့မြှားက လူမရွေးဘူးနော်”
“ မကပ်ပါဘူး… ကျွန်တော်မျိုးတို့က မြို့တံခါး ဖွင့်တော့မလားလို့ စကားထောက်ကြည့်တာပါ”
ကြာရိုးက ဘယ်နှယ့်ရှိလဲဆိုတဲ့အကြည့်နဲ့ မျက်စပစ်ပြလိုက်ပြီး မြို့ရိုးနဲ့မလှမ်းမကမ်းမှာရှိတဲ့ ကုက္ကိုပင်အောက်မှာ ဝင်ထိုင်နေလိုက်တယ်။
“ ငါပြောတာကိုယုံပြီလား…ဒီမှာက မင်းတို့ခေတ်လို လုပ်ချင်သလိုလုပ်လို့မရဘူးကွ”
“ ယုံပါပြီဗျာ… ဒါနဲ့လေ ဒီမြို့ရိုးပုံစံကို ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပဲ၊ စုလစ်မွန်းချွန်းတွေကအစ သူရဲခိုပုံစံတွေကအစ တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ”
“ ကျွန်တော်လဲ မြင်ဖူးသလိုရှိတယ်ဗျ”
ခွန်းလှက မြို့ရိုးကို မျက်မှောင်ကျုံ့ကာ ကြည့်နေရင်း ရုတ်တရက် လက်ဖျောက်တစ်ချက်တီးကာ
“ ငဖေငယ်…ဒီ ဒီ မြို့ရိုးက ငဖေငယ် မြို့စောင့်တပ်မှူးလုပ်ခဲ့တဲ့နေရာမဟုတ်လား”
“ ဟုတ်တယ်ကွ… မင်းပြောမှ ငါလဲသတိထားမိတယ်၊ ဟားဟား တိုက်ဆိုင်တော့လဲ ငဖေငယ်ရှိတဲ့နေရာကိုမှ တည့်တည့်ရောက်လာခဲ့တာကိုး”
“ ဟေ့ကောင်တွေ ငဖေငယ်ဆိုတာ တူရွင်းတောင်ခြေက ငဖေငယ်ကိုပြောတာလား”
“ ဟဲဟဲ ဟုတ်ပါ့ဗျာ… ဒီကောင်က လူ့ဘဝမှာလဲအတော်ဆိုးသွမ်းတယ်ဆိုပဲ၊ ဒါကြောင့် ဆုံးမဖို့လာခဲ့တာ”
“ မင်းတို့နှစ်ကောင်နဲ့တော့ ငါခေါင်းကြိမ်းလိုက်တာကွာ၊ ဆရာကလဲ အဓိဌာန်ဝင်နေတော့ ငါလဲဆက်သွယ်လို့မရ၊ ဟင်း… ဒုက္ခပါပဲ”
“ ကိုကြာရိုးက ငဖေငယ်ကို ကြောက်လို့လား”
“ ဘာလို့ကြောက်ရမှာလဲကွ… ငါကမင်းတို့ကို စိတ်ပူလို့ပြောတာ”
“ ဆရာကပြောဖူးတယ် မင်းတို့နှစ်ယောက်က သူများသတ်လို့မသေဘူးတဲ့၊ ဒါကြောင့် စိတ်မပူနဲ့ဗျ”
မောင်ကောင်းနဲ့ ခွန်းလှက ရယ်ကျဲကျဲလုပ်ရင်း ရောင်နီထွက်နေတဲ့ ကောင်းကင်ကိုမော့ကြည့်လိုက်ကြတယ်။
မကြာခင်အချိန်တွင်း မြို့ရိုးတံခါးဖွင့်သံနဲ့အတူ လှုပ်ရှားသွားလာနေကြတဲ့ လူတွေရဲ့ပုံရိပ်တွေ ထွက်ပေါ်လာခဲ့တယ်။
“ ဟေ့ကောင်တွေ … မင်းတို့ဘယ်ကနေလာခဲ့တာလဲ”
ရုတ်တရက်ထွက်လာတဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ လှည့်ကြည့်လိုက်ရာ ရဲမက်ဝတ်စုံတွေဝတ်ဆင်ထားတဲ့ လူလေးယောက်ကိုမြင်တွေ့လိုက်ရတယ်။
“ ဟေ့ကောင် ငါမေးနေတာ မကြားဘူးလား”
“ စိတ်မဆိုးပါနဲ့ဗျာ…. ဒီကောင်တွေက ဘုရားကျွန်အမျိုးနွယ်တွေကမို့ စကားမပြောရဲကြတာပါ”
ကြာရိုးက မောင်ကောင်းနဲ့ ခွန်းလှကို မျက်စနဲ့သတိပေးလိုက်ပြီး နောက်ဆုတ်ခိုင်းလိုက်တယ်။
ရဲမက်တွေက ဘုရားကျွန်ဆိုတဲ့စကားကြောင့် ဘာမှဆက်မမေးတော့ပဲ ထွက်သွားခဲ့ကြတယ်။
“ ဒီကောင်တွေက တွေ့တဲ့သူတိုင်းကို အခုလိုပဲ လိုက်မေးနေတာလား”
“ ဘယ်ဟုတ်မလဲကွ… မင်းတို့ဝတ်စားထားပုံကိုလဲ ကြည့်ဦးလေ၊ အခုခေတ်ကာလနဲ့တူလို့လား”
“ ဟုတ်သားပဲဗျ… ဒီတစ်ချက်ကို မေ့သွားတာဗျာ၊ အခု ကျွန်တော်တို့အဝတ်အစားတွေ ဘယ်ကရနိုင်မလဲ”
“ လိုက်တောင်းရမှာပေါ့ကွ… ငါ့အနောက်လိုက်ခဲ့ကြ”
ကြာရိုးလဲ မောင်ကောင်းနဲ့ ခွန်းလှကို မြို့ရိုးထဲမှာရှိတဲ့ နေရာတစ်ခုကိုခေါ်ဆောင်သွားခဲ့တယ်။
“ ကိုကြာရိုး အခု ဘယ်သွားနေတာလဲ”
“ သူတောင်းစားတွေနေတဲ့ဆီသွားနေတာ”
“ ဟင်… ဘာလုပ်ဖို့ သွားတာလဲ”
“ တောင်းစားမယ့်နေရာတစ်ခု ယူမလို့ကွ၊ စကားမများစမ်းနဲ့ လိုက်သာလိုက်ခဲ့စမ်းပါ”
ကြာရိုးက တဲအိမ်အစုတ်တွေရှိတဲ့ လမ်းကြားထဲကို ဝင်သွားတဲ့အချိန် စုတ်ပြတ်နေတဲ့အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လူအချို့က သူတို့ကို ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့ကြတယ်။
“ အဘိုး… ဒီနေရာမှာ ဘယ်သူအကြီးအကဲလဲဗျ”
ကြာရိုးက ပါးရည်နားရည်တွန့်နေတဲ့အဘိုးအို တစ်ယောက်ဘေးမှာထိုင်ပြီးမေးလိုက်ရာ အဘိုးအိုက တဲအိမ်တစ်လုံးကို လက်ညိုးထိုးပြခဲ့တယ်။
“ လာဟေ့… နေစရာတစ်ခုတော့ ရပါစေလို့ ဆုတောင်းရမှာပဲ”
ကြာရိုးက တဲအိမ်ရှေ့မှာရပ်ပြီး အထဲကိုကြည့်လိုက်ရာ နှုတ်ခမ်းမွှေးကားကားနဲ့ လူတစ်ယောက် ဆန်ပြုတ်ကျိုနေတာကိုမြင်လိုက်ရတယ်။
“ နောင်ကြီး… ကျုပ်ဝင်လာလို့ရလား”
“ ဝင်ခဲ့လေ… ဘာကိစ္စရှိလို့လဲ”
“ ကျုပ်တို့က ဒီမြို့ထဲမှာ တောင်းရမ်းစားသောက်ဖို့ နောင်ကြီးဆီက ခွင့်ပြုချက်လေးလာယူတာပါ”
ကြာရိုးစကားကြောင့် ဆန်ပြုတ်ကျိုနေတဲ့လူက မတ်တပ်ရပ်လိုက်ပြီး နောက်လှည့်ကြည့်ကာ
“ မင်းတို့သုံးယောက်လုံးကို အရင်ကဒီမှာမမြင်ဖူးဖူး၊ ဘယ်ကနေလာကြတဲ့သူတွေလဲ”
“ တန့်ကြည်တောင်ဘက်ကနေ ကူးလာကြတဲ့သူတွေပါ”
“ ဒါဆိုလဲပြီးတာပဲလေ… တောင်းရမ်းစားသောက်မယ်ဆိုရင်တော့ သူနဲ့လိုက်ထိုက်တဲ့အဝတ်အစားတော့ဝတ်ရလိမ့်မယ်၊ ဟိုမှာပုံထားတဲ့အဝတ်တွေထဲက အဆင်ပြေတာ ယူဝတ်ကြ”
“ ကျေးဇူးပါဗျာ…ဟိုနှစ်ကောင် ဘာရပ်လုပ်နေတာလဲ အဝတ်တွေယူကြလေ”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ စုတ်ပြဲနံစော်နေတဲ့ အဝတ်ပုံထဲကနေ သင့်တော်တဲ့ အဝတ်ကိုယူဝတ်လိုက်ကြတယ်။
“ ဟက်ဟက်… ဒီလိုကျတော့လဲ မင်းတို့က သူတောင်းစားနဲ့ တူသားပဲကွ၊ ဒီအရပ်ဒေသကို ရောက်လာပြီး ငါ့အရိပ်မှာခိုလှုံကြမယ်ဆိုတော့ ငါကလဲ ပြန်ပြီးကြည့်ရှုပေးရမှာပေါ့၊ ဒါနဲ့ မင်းတို့နာမည်တွေက ဘာလဲ”
“ ကျုပ်နာမည်က ကြာရိုးပါ၊ သူက ငကောင်း၊ ဒီကောင်က ငလှပါ”
“ အေးအေး… ငါ့နာမည်က ငဘိုးခေါင်လို့
ခေါ်တယ်၊ မင်းတို့သုံးယောက် ဒီနေ့ကစပြီး မြို့ထဲမှာ လှည့်ပတ်တောင်းရမ်းပေတော့”
ငဘိုးခေါင်စကားကြောင့် ကြာရိုးက ဝမ်းသာအားရနဲ့ တဲအောက်မှာကျနေတဲ့ မြေအိုးအကွဲတစ်လုံးကို ကောက်ယူကာ အပြင်ကိုထွက်လာခဲ့လိုက်တယ်။
ကြာရိုးတို့ထွက်သွားတော့ တဲအိမ်ထဲမှာရှိနေတဲ့ လူကြီးက ဟောင်းနွမ်းဆွေးမြေ့နေတဲ့ သေတ္တာတစ်လုံးထဲကနေ လက်ပတ်နာရီအစုတ်တစ်လုံးကို ထုတ်ယူကာကြည့်ရှုလိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပါတော့တယ်။
++++++++
“ သနားကြပါခင်ဗျာ… အသပြာလေးများ စွန့်ကြဲနိုင်ရင် စွန့်ကြဲပေးကြပါ”
ကြာရိုးက မြေအိုးအကွဲကို မြောက်ပြီး လမ်းသွားလမ်းလာလူတွေဆီကနေ တောင်းနေပေမယ့် မောင်ကောင်းနဲ့ ခွန်းလှကတော့ လမ်းထောင့်မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေခဲ့ကြတယ်။
ထိုစဉ် သစ်လွင်တောက်ပြောင်တဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့ လူအုပ်စုကြီးက မောင်ကောင်းတို့ ရှိနေတဲ့လမ်းထဲကိုဝင်လာခဲ့ကြသလို သူတို့နောက်မှာတော့ လက်နက်တွေစွဲကိုင်ထားတဲ့ အစောင့်တွေလဲပါလာတာကိုမြင်လိုက်ရတယ်။
“ ဟေ့ သတောင်းစားတွေ ဒါ မင်းတို့တောင်းဖို့လုပ်ထားပေးတဲ့လမ်းမဟုတ်ဘူး၊ ဖယ်ကြစမ်း”
အစောင့်ရဲမက်တွေက လမ်းဘေးမှာရှိနေတဲ့ သူတောင်းစားတွေကို မောင်းထုတ်နေတာကြောင့် ကြာရိုးက မျက်နှာကိုအဝတ်နဲ့ပတ်လိုက်ပြီး မောင်ကောင်းနဲ့ ခွန်းလှတို့အနားကိုရောက်လာခဲ့တယ်။
“ ဟိုကောင်တွေက မိန်းကလေးတွေရှေ့မှာမို့ ပါဝါပြနေကြတာ”
“ သူတို့ကဘယ်သူတွေလဲ ကိုကြာရိုး”
“ ငါ့အထင်တော့ ဝန်ကြီးတစ်ပါးပါးဆွေမျိုးတွေ ထင်တယ်၊ ဒီလိုဝတ်စားထားတဲ့ပုံကို ပုဂံဘုရားတွေမှာ ခဏခဏမြင်ဖူးတယ်”
“ အစ်ကို… ဟိုမှာကြည့်ပါဦး၊ အဲဒါ ငဖေငယ် မဟုတ်လား”
ခွန်းလှစကားကြောင့် မောင်ကောင်းလှမ်းကြည့်လိုက်ရာ မြင်းတစ်စီးကို ခပ်ကျေ့ာကျော့လေးစီးပြီး မြို့ထဲဝင်လာတဲ့ ငဖေငယ်ကိုမြင်လိုက်ရတယ်။
“ မြို့စောင့်တပ်မှူး လာတယ်ဟေ့…. လမ်းဖယ်ကြစမ်း”
ငဖေငယ်အနောက်မှာပါလာတဲ့ ရဲမက်တွေရဲ့အသံကြောင့် လမ်းသွားလမ်းလာလူတွေ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဘေးကိုဆင်းကာ ဦးညွှတ်အရိုအသေပေးနေတာကိုလဲမြင်တွေ့ လိုက်ရတယ်။
ငဖေငယ်က သူ့ကို အရိုအသေပေးနေတဲ့ လူတွေကို မျက်လုံးဝင့်ကာကြည့်လိုက်ပြီး တစ်နေရာအရောက်မှာတော့ အကြည့်ကရပ်သွားခဲ့တယ်။
“ ဟိတ်… ဟိုသဘောက်မသားက ငါလာတာကို ဘာလို့ အရိုအသေမပေးတာလဲ ခေါ်မေးစမ်း”
ငဖေငယ်က လမ်းဘေးမှာ စကားပြောနေကြတဲ့ လူနှစ်ယောက်ကို လက်ညိုးထိုးပြီးပြောလိုက်ရာ အနောက်မှာပါလာတဲ့ ရဲမက်တွေက စကားပြောနေတဲ့ လူနှစ်ယောက်ကို ဆံပင်ကနေ ဆွဲခေါ်လာပြီး ပါးတွေနားတွေကို ပိတ်ရိုက်ပါလေရော။
“ ကျွန်တော်မျိုးတို့ တကယ်မမြင်မိတာပါ၊ မေတ္တာရှေ့ထားပြီး ခွင့်လွှတ်ပေးပါဗျာ”
လူနှစ်ယောက်က အရိုက်ခံနေရတဲ့ကြားထဲကနေ ကြောက်လန့်တစ်ကြား အော်ဟစ်တောင်းပန်နေခဲ့တယ်။ ဒါကို ငဖေငယ်က အဖက်မလုပ်ပဲ တံတွေးနဲ့လှမ်းထွေးကာ ရှေ့ကိုဆက်ထွက်သွားခဲ့တယ်။
ဒီမြင်ကွင်းကိုမြင်တဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့က ထိုင်နေတာကနေ ထဖို့အလုပ် ကြာရိုးက လက်ကိုဆတ်ခနဲဆွဲချလိုက်ပြီး
“ ဒီလိုမျိုးလုပ်ရင် အကုန်သေကုန်လိမ့်မယ်၊ မသိသလိုနေကြစမ်း”
“ တောက်စ်… ဒီကောင်တွေကွာ”
“ စိတ်လိုက်မာန်ပါလုပ်ဖို့ မစဉ်းစားနဲ့၊ ငဖေငယ်ကိုင်ထားတဲ့ ဓါးက ရင်ဘတ်ထဲစိုက်သွားလိမ့်မယ်”
“ ဒီကောင်က ဒီမြို့မှာ ဗိုလ်ကျနေတာကို အခြားတပ်မှူးတွေက ဘာမှမပြောဘူးလား”
“ ငါ့စိတ်ထင် ဒီမြို့က ငဖေငယ်ကို အပိုင်စားပေးထားတာဖြစ်မယ်၊ လာကွာ အခြားနေရာသွားကြရအောင်”
ကြာရိုးက မောင်ကောင်းနဲ့ ခွန်းလှတို့ကို လူသူအရောက်ပေါက်နည်းတဲ့ ထန်းတောဘက်ကို ခေါ်သွားပြီး သူတောင်းလို့ရလာတဲ့ မုန့်ဆီကြော် နှစ်ခုကိုထုတ်ကာ ကမ်းပေးလိုက်တယ်။
“ မစားချင်ပါဘူးဗျာ… ကိုယ့်ဘာသာပဲစားပါဗျ”
“ ဟေ့ကောင် မူမနေနဲ့၊ ဗိုက်အရင်ဖြည့်ထား ပြီးရင် ဒီကနေ ဘယ်လိုပြန်ထွက်မလဲဆိုတာ စဉ်းစားရမယ်”
ကြာရိုးက ဖက်နဲ့ထုပ်ထားတဲ့ မုန့်ဆီကြော်တစ်ဝက်ကို မောင်ကောင်းနဲ့ ခွန်းလှဆီ ကမ်းပေးပြီး ကျန်တဲ့ တစ်ဝက်ကို ပလုပ်ပလောင်းနဲ့ စားနေခဲ့လိုက်တယ်။
မုန့်ဆီကြော်စားနေတဲ့အချိန် ထန်းတောအနောက်ဘက်တောထဲကနေ ဆူဆူညံညံအသံတွေ ကြားလိုက်ရတာကြောင့် သုံးယောက်သား မတိုင်ပင်ထားပဲ အသံကြားတဲ့ ဘက်ကို ချောင်းကြည့်လိုက်ရာ ဟင်းရွက်တွေကို ခြင်းထောင်းထဲထည့်ထားတဲ့မိန်းမပျိုနှစ်ယောက်ဖြစ်နေပြီး သူတို့ဘေးမှာတော့ မျက်နှာမှာ အရက်ခိုးတွေအပြည့်ဖြစ်နေတဲ့ ယောင်္ကျားသုံးယောက်က ဝန်းရံထားတာမြင်လိုက်ရတယ်။
“ အမိတို့နှစ်ယောက်ထဲ တောထဲမှာ ဟင်းရွက်တွေခူးနေရတာ ပင်ပန်းနေပြီပေါ့”
“ ဒီက အစ်ကိုကြီးတွေက အမိတို့ကို ကူညီပေးမလို့မေးတာနော်”
“ လမ်းဖယ်ပေးပါရှင်… ကျွန်မတို့ကို မနှောက်ယှက်ပါနဲ့”
“ လမ်းမဖယ်ပေးဘူးဆိုရင် ဘာလုပ်မလဲ ဟဲဟဲ”
ဘေးကနေ ဝိုင်းထားတဲ့ ယောင်္ကျားသုံးယောက်က မိန်းကလေးတွေရဲ့ လည်ပင်းမှာပတ်ထားတဲ့ ချည်ပဝါကိုဆွဲဖယ်လိုက်ပြီး လက်မောင်းကို ဆုပ်ကိုင်လိုက်တဲ့အချိန် ဟင်းရွက်တောင်းရွက်ထားတဲ့ မိန်းမပျိုရဲ့လက်က ပါးပေါ်ကို ဖြောင်းခနဲကျသွားခဲ့တယ်။
“ ဒီသဘောက်မတွေက ငါတို့ဘယ်သူဆိုတာ မသိကြဘူးနဲ့တူတယ်”လို့ပြောပြီး မိန်းမပျိုနှစ်ယောက်ကို ဆွဲလားရမ်းလားလုပ်နေတဲ့အချိန်
“ မိန်းကလေးနှစ်ယောက်ကို ယောင်္ကျားရင့်မာကြီးတွေက အနိုင်ကျင့်နေကြပါလား” ဆိုတဲ့အသံနဲ့အတူ မောင်ကောင်း၊ ခွန်းလှနဲ့ ကြာရိုးတို့ ထန်းပင်နောက်ကနေ ထွက်လာခဲ့ကြတယ်။
“ လမ်းတကာမှာလိုက်တောင်းစားနေတဲ့ ကောင်တွေကများ၊ ကဲကဲ ကိုယ့်လမ်းကိုယ်သွားကြစမ်း”
“ ခင်ဗျားတို့လဲ မိန်းကလေးတွေကို မနှောက်ယှက်ပဲ ကိုယ့်လမ်းကိုယ်သွားကြလေ”
“ ငမဲ… ဒီကောင်တွေမျက်နှာကို သေချာမှတ်ထားစမ်း”
ယောင်္ကျားသုံးယောက်ထဲက တောင်ရှည်ပုဆိုးဝတ်ထားတဲ့လူက မောင်ကောင်းတို့ကို မျက်စောင်းထိုးကာကြည့်လိုက်ပြီး
“ သူတောင်းစားတွေနဲ့ စကားပြောရတာကိုက သနနေပြီ၊ အိမ်ရောက်ရင် နွားနို့နဲ့ခေါင်းဆေးရမယ်၊ လာကွာ ပြန်ကြရအောင်” လို့ပြောကာ ထွက်သွားခဲ့ကြတယ်။
“ ကျေးဇူးတင်ပါတယ်ရှင်… အစ်ကိုတို့နဲ့သာမတွေ့ရင် ကျွန်မတို့ညီအစ်မနှစ်ယောက် ဘဝပျက်ရမှာ”
“ အမိတို့က ဘယ်အရပ်မှာနေကြတာလဲ”
“ ထန်းတောအလွန်က အရပ်မှာနေကြတာပါ”
“ ကျုပ်တို့လိုက်ပို့ပေးပါ့မယ်၊ ဟိုကောင်တွေ ထပ်ပြီးနှောက်ယှက်နေမှာကိုစိတ်ပူရသေးတယ်”
“ ကျေးဇူးတင်ပါတယ်ရှင်… မယ်ညိုရေ ဟင်းရွက်တွေပြန်ကောက်ထည့်လိုက်ပါဦး”
မယ်ညိုဆိုတဲ့မိန်းကလေးက မြေကြီးပေါ်ပြုတ်ကျနေတဲ့ ဟင်းရွက်တွေကို တောင်းထဲထည့်ပြီး
“ အစ်ကိုတို့နှစ်ယောက်က ဒီအရပ်ဒေသကမဟုတ်ဘူးထင်တယ်”
“ ဘာဖြစ်လို့လဲဗျ”
“ စကားပြောတဲ့လေယူလေသိမ်းအသံက ဒီကလူတွေပြောတာနဲ့မတူလို့မေးကြည့်တာပါ”
“ ဟုတ်တယ်ဗျ… ကျုပ်တို့က အောက်ပြည်အောက်ရွာဇာတိပါ”
ငါးယောက်သား စကားတစ်ပြောပြောနဲ့ လမ်းလျောက်လာခဲ့တာ မြို့ပြင်မှာရှိတဲ့ ဆင်ခြေဖုံးအရပ်တစ်ခုဆီကို ရောက်လာခဲ့တယ်။ သူ့အစုနဲ့သူ မြေစိုက်တဲလေးတွေဆောက်ပြီး နေထိုင်ကြတဲ့ အခြေခံလူတန်းစားတွေဖြစ်ကြောင်းကိုတော့ နေထိုင်မှုပုံစံတွေကို ကြည့်ပြီး ခန့်မှန်းမိခဲ့ကြတယ်။
ကလေးတွေက ဖုန်တထောင်းထောင်းထနေတဲ့ လမ်းမပေါ်မှာ ပြေးလွှားဆော့ကစားနေခဲ့ကြသလို အချို့ကြတော့လဲ အရိပ်ရတဲ့ အပင်တွေအောက်မှာ ဖန်ခုန်တမ်းဆော့ကစားနေခဲ့ကြတယ်။
“ ဒီလောက်ဆို အန္တရာယ်ကင်းပြီထင်ပါတယ်၊ ကျုပ်တို့ကိုခွင့်ပြုပါဦး”
“ မပြန်ခင် ရေနွေးကြမ်းလေးသောက်သွားပါဦးလား”
“ မသောက်တော့ပါဘူး… ကျုပ်တို့ဝတ်စားထားပုံက အဆင်မပြေလို့ပါ”
“ အဝတ်အစားက ဘာများအရေးကြီးလို့လဲရှင်၊ ဟိုလူယုတ်မာတွေဆိုရင် ဝတ်ကောင်းစားလှတွေ ဝတ်ထားပေမယ့် စိတ်ယုတ်မာကြတယ်၊ အစ်ကိုတို့ကျတော့ အဝတ်အစားမတောက်ပြောင် ပေမယ့် စိတ်ထားကောင်းကြတယ်လေ၊ ဒါကြောင့် မယ်ညိုတို့က အလည်ခေါ်တာပါ”
“ မောင်ကောင်းရေ .. ဟိုကခေါ်နေတာကို ထပ်ငြင်းလို့မကောင်းဘူးထင်တယ်နော်၊ မင်းတို့နှစ်ယောက်လိုက်သွားပေးလိုက်၊ ငါကတော့ ဒီကနေပဲ စောင့်နေလိုက်မယ်”
ကြာရိုးက မောင်ကောင်းနဲ့ ခွန်းလှကို လိုက်သွားဖို့ ခေါင်းငြိမ့်ပြလိုက်ပြီး လူကြီးတစ်ဖက်စာလောက်ကြီးမားတဲ့ ထနောင်းပင်အောက်ကို ထွက်သွားခဲ့လိုက်တယ်။
မောင်ကောင်းတို့ မယ်ညိုတို့ခြံရှေ့အရောက်မှာတော့ ခြေထောက်နှစ်ဖက်က လှုပ်မရအောင်လေးလံ လာတာကို သတိထားမိခဲ့ကြတယ်။
“ အစ်ကိုတို့ ခြံထဲဝင်ကြလေ”
“ ရတယ်ညီမ… နောက်မှလိုက်ဝင်ခဲ့မယ်”
“ အစ်ကို … ဒီအိမ်မှာ သူ့အမေတစ်ယောက်ပဲကျန်တာလို့ ပြောတယ်နော်၊ ကျွန်တော်ထင်တာမမှားဘူးဆိုရင်….”
ခွန်းလှစကားမဆုံးခင်မှာပဲ အိမ်ထဲကနေ တောင်ဝှေးကိုင်ထားတဲ့ အသက်ခြောက်ဆယ်အရွယ် မိန်းမကြီးတစ်ယောက် ထွက်လာခဲ့တယ်။
“ မယ်ညို၊ မယ်ပျို… အိမ်ရှေ့မှာ ဘယ်က သူတောင်းစားတွေရောက်နေတာလဲ”
“ အို အမေကလဲ… အစ်ကိုတို့က မယ်ညိုတို့ကို လူရမ်းကားတွေ လက်ထဲကနေ လွတ်အောင်ကူညီပေးခဲ့တာပါ”
“ အမေကြီးက မသိလို့ပြောမိတာပါကွယ်၊ လာလာ အိမ်ထဲဝင်ကြ”
မိန်းမကြီးက မောင်ကောင်းတို့ကို စိုက်ကြည့်ပြီးပြောရာကနေ ချက်ချင်းဆိုသလို မျက်နှာအောက်စိုက်ကျသွားခဲ့တယ်။
“ အစ်ကို ဘယ်လိုလုပ်ကြမလဲ”
“ ဒီထိရောက်လာပြီးမှ မဝင်ရင်လဲ တစ်မျိုးထင်ကြမှာ၊ သူလဲ ငါတို့ကို ဘာမှဒုက္ခမပေးလောက်ပါဘူး၊ ကဲ ဝင်ကြရအောင်”
မောင်ကောင်းနဲ့ ခွန်းလှက ခြံထဲမဝင်ခင် လက်ညိုးနဲ့စက်ဖြတ်ချလိုက်ရာ မိန်းမကြီးက ချက်ချင်းနောက်ပြန်လှည့်ကြည့်ရင်း
“ မင်းတို့က စက်ကြိုးကိုဖြတ်ချနိုင်တာပေါ့လေ”
“ အမေကြီးက ဘယ်လိုသိတာလဲ”
“ ငါဆင်ထားတဲ့စက်ကြိုးကို ဖြတ်တာ ငါမသိပဲနေမလား၊ မင်းတို့လေးတွေက အသက်ငယ်ပေမယ့် ပညာမငယ်ပါလား၊ ဒီလိုလူတွေက ဘာကြောင့် စုတ်စုတ်ပြတ်ပြတ်ဝတ်ထားရတာလဲကွယ်၊ ဟဲ့ မယ်ပျို မယ်ညို နင်တို့အစ်ကိုရဲ့ အဝတ်အစားတွေ ယူလာပေးစမ်း”
“ မဟုတ်တာ … ဒီတိုင်းလဲအဆင်ပြေပါတယ်”
“ အမေကြီးက စေတနာသန့်သန့်နဲ့ ပေးတာပါကွယ်၊ ကဲကဲ ဝတ်လိုက်ကြ”
မောင်ကောင်းနဲ့ ခွန်းလှလဲ မယ်ပျို့တို့ ယူလာပေးတဲ့ အဝတ်အစားတွေကို သင့်တော်သလိုဝတ်လိုက်တဲ့အချိန်
“ အခုလိုကျတော့လဲ သန့်သန့်ပြန့်ပြန့်ဖြစ်သွားပါရောလား”
“ ဒါနဲ့လေ အမေကြီးရဲ့ သားကိုလဲမတွေ့မိပါလား”
“ အမေကြီးရဲ့ သားက သုဝဏ္ဏဘူမိကိုစစ်ချီထွက်တုန်းက ကျသွားခဲ့ပြီလေ”
“ အို… စိတ်မကောင်းစရာပဲဗျာ”
“ ရပါတယ်ကွယ်… ဒါနဲ့လေ မင်းတို့ရဲ့ ပညာဒီလောက်ထက်မြက်အောင် ဘယ်ဆရာတွေဆီမှာ ဆည်းပူးခဲ့သလဲကွယ့်”
“ ကျွန်တော်တို့ရဲ့ဆရာကို အမေကြီးမသိလောက်ပါဘူး”
“ ကဲကဲ စကားဆက်စပ်မိလို့ မေးကြည့်တာပါ၊ ရေနွေးလေးသောက်ကြဦး… ခဏနေ အမေကြီးပြန်လာခဲ့မယ်နော်”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ ရေနွေးတစ်ခွက်စီထည့်ပြီးသောက်နေတဲ့အချိန် အိမ်ထဲကနေ ဌာန်နဲ့မာန်နဲ့ရွတ်ဖတ်နေတဲ့ ဂါထာသံကို ကြားလိုက်ရတယ်။
“ မောင်ကောင်း၊ ခွန်းလှ အခုချက်ချင်း ထနောင်းပင်အောက်ကိုလာခဲ့”
နားထဲမှာကြားလိုက်ရတဲ့ ကိုကြာရိုးအသံကြောင့် နှစ်ယောက်သား ရေနွေးတောင်ကုန်အောင် မသောက်တော့ပဲ မယ်ပျိုတို့ကို နှုတ်ဆက်ကာ ခပ်သုတ်သုတ်ထွက်လာခဲ့လိုက်တယ်။
ထနောင်းပင်အောက်ရောက်တော့ ကိုကြာရိုးကို လက်ပြန်ကြိုးတုပ်ပြီး လူတစ်စုကဖမ်းခေါ်သွားတာကို မြင်လိုက်တာကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အကွယ်တစ်ခုမှာ ဝင်ပုန်းပြီး အခြေအနေကို စောင့်ကြည့်နေလိုက်တယ်။
“ ဟိုကောင်တွေ မဟုတ်လား အစ်ကို”
“ အေး… ဟုတ်တယ်ကွ၊ ငါတို့ကိုမတွေ့လို့ ကိုကြာရိုးကိုဖမ်းသွားတာပဲဖြစ်ရမယ်၊ လာကွာ နောက်ကနေ လိုက်ကြည့်ရအောင်”
မောင်ကောင်းတို့ နှစ်ယောက်လဲ ခပ်လှမ်းလှမ်းကနေ လိုက်သွားရင်းကြည့်နေခဲ့ရာ လမ်းတစ်ဝက်လောက်အရောက်မှာတော့ ကိုကြာရိုးကိုချုပ်ထားတဲ့ လူနှစ်ယောက်က မျက်ဖြူလန်ပြီး ပါးစပ်ကနေ အမြုပ်တွေထွက်ကာ ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး လဲကျသွားတာကိုမြင်လိုက်ရတယ်။
ကျန်တဲ့လူတွေကလဲ ရုတ်တရက်မို့ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် တောင်ရှည်ပုဆိုးဝတ်ထားတဲ့လူလဲ ခြေတွေလက်တွေ ကောက်ကွေးကာ မြေကြီးပေါ်လဲကျသွားခဲ့တယ်။
အဲဒီအချိန် မျက်နှာကိုအဝတ်နဲ့အုပ်ထားတဲ့ လူတစ်ယောက်က မြင်းကိုဒုန်းစိုင်းစီးလာပြီး ကိုကြာရိုးဘေးမှာရှိတဲ့သူတွေကို လက်ထဲကိုင်လာတဲ့ ဝါးဆစ်ပိတ်နဲ့ ရိုက်ပါလေရော။
ရုတ်တရက်မို့ ဖမ်းခေါ်လာတဲ့သူတွေအားလုံး ကြောက်လန့်ပြီးခြေဦးတည့်ရာထွက်ပြေးကြတဲ့အတွက် မောင်ကောင်းနဲ့ ခွန်းလှတို့လဲ ပုန်းနေရာကနေ ထွက်လာပြီး ကိုကြာရိုးလက်မှာချည်ထားတဲ့ကြိုးတွေကိုဖြေပေးနေတဲ့အချိန်…
“ မင်းတို့သုံးယောက် ငါ့တဲကိုအရောက်လာခဲ့”ဆိုတဲ့အသံက မြင်းပေါ်ကနေ ထွက်လာခဲ့တယ်။
မောင်ကောင်းတို့လဲ အသံရှင်ဘယ်သူဆိုတာ သိလိုက်တာကြောင့် ကိုကြာရိုးရဲ့လက်ကိုဆွဲပြီး ငဘိုးခေါင်နေတဲ့ တဲဘက်ကို ပြေးထွက်လာခဲ့ကြတယ်။
တဲရှေ့ရောက်တော့ အိမ်ထဲကနေ ငဘိုးခေါင်ထွက်လာပြီး မောင်ကောင်းတို့ သုံးယောက်ကို အထဲကိုဆွဲခေါ်သွားခဲ့တယ်။
“ မင်းတို့ဘယ်လိုဖြစ်လို့ ငဖေငယ်ရဲ့ ညီနဲ့မှ ပြဿနာဖြစ်ရတာလဲ”
“ ခုနက တောင်ရှည်ပုဆိုးနဲ့ကောင်က ငဖေငယ်ညီလား”
“ အေး ဟုတ်တယ်ကွ၊ ဒီညနေ ငါမြို့ထဲသွားတဲ့အချိန် မင်းတို့သုံးယောက်ကို ဖမ်းဖို့ပြောနေတာကြားခဲ့တာပဲ၊ ဒါကြောင့် သူတို့နောက်ကနေ လိုက်ခဲ့တာ”
“ ဒါဆို အဲဒီသုံးယောက်ကို သတိလစ်အောင်လုပ်လိုက်တာက ခင်ဗျားလား”
“ ငါရောက်တဲ့အချိန် ဟိုသုံးယောက်က သတိလစ်နေပြီ၊ သူတို့ကို ငါလုပ်တာမဟုတ်ဘူးကွ၊ အခုမင်းတို့အပြင်မထွက်ပဲ နေနေဦး၊ ငဖေငယ်က သူ့ညီအခုလိုဖြစ်မှန်းသိရင် တစ်မြို့လုံးကိုမြေလှန် ရှာလိမ့်မယ်”
“ ခင်ဗျားက ကျုပ်တို့ကို ဘာလို့ ကူညီပေးခဲ့တာလဲ”
“ ငါ့မှာ ကူညီရမယ့် တာဝန်ရှိနေလို့ပေါ့၊ မင်းတို့ ငါ့ဆီရောက်လာထဲက တစ်ခုခုဖြစ်တော့မယ်ဆိုတာ ကြိုသိနေတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းတို့က ဒီဘက်ခေတ်ကလူတွေမဟုတ်ဘူး”
“ ဗျာ… ဒါ ဒါကို ခင်ဗျား ဘယ်လိုသိတာလဲ”
“ မင်းတို့ကိုပြစရာရှိတယ်၊ ခဏလေးစောင့်”
ဦးဘိုးခေါင်က သစ်တွေဝါးတွေစုပုံထားတဲ့နေရာကနေ သေတ္တာ တစ်လုံးကို ထုတ်ယူပြီး အဖုံးကိုဖွင့်လိုက်ရာ အထဲကနေ လက်ပတ်နာရီတစ်လုံးထွက်လာခဲ့တယ်။
“ ဒါ က လက်ပတ်နာရီမဟုတ်လား၊ ခင်ဗျား ဘယ်ကနေ ရလာတာလဲ”
“ ငါလဲ မင်းတို့လိုအဖြစ်မျိုးကြုံခဲ့ရဖူးတယ်။ ညောင်ဦးကမ်းပါးပြိုလို့ ပျက်စီးခဲ့တဲ့ စေတီတစ်ဆူဆီကနေ ယွန်းသေတ္တာနဲ့ ထည့်ထားတဲ့ ဌာပနာပစ္စည်းတစ်ခုရခဲ့တယ်။ သေတ္တာထဲမှာ တစ်ထွာသာသာရှိတဲ့ အင်းတစ်ချပ်နဲ့ အင်းနှိုးဂါထာရေးထားတဲ့ ပုရပိုဒ်တစ်ချပ်ရှိနေတယ်။ ငါလဲ အင်းနှိုးဂါထာမှာ ရေးထားတဲ့အတိုင်းရွတ်လိုက်တယ်ဆိုရင်ပဲ ငါမသိတဲ့နေရာတစ်ခုဆီကို ရောက်သွားခဲ့တယ်လေ၊ ငါရောက်သွားတဲ့နေရာက လူတွေက ဘီးနှစ်ခုပါတဲ့ ယာဉ်ကို ခြေထောက်နဲ့နင်းပြီး လိုက်သွားနေကြတာ၊ ငါလဲအတော်အံ့အားသင့်သွားတာပေါ့၊ မြင်သမျှ အရာအားလုံးက အထူးအဆန်းတွေနဲ့ပြည့်နှက် နေတာပဲလေ၊ ငါ အဲဒီလောကမှာ ရက်ပေါင်း၅၀တိတိနေခဲ့ရတယ်”
“ ဒါဆို ဒီဘက်ခေတ်ကို ဘယ်လိုပြန်ရောက်လာခဲ့တာလဲ”
“ တစ်ရက် ငါနေတဲ့ ဇရပ်ပေါ်ကို ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်လူတစ်ယောက်တက်လာခဲ့တယ်။ သူကငါ့ကိုမြင်တော့ ကိုယ်နေခဲ့တဲ့မူလနေရာကို ပြန်သွားမလား၊ ဒီမှာဆက်နေမလားဆိုပြီး မေးခဲ့တယ်။ ငါကတော့ ဒီမှာမနေချင်ဘူး ပြန်ချင်တယ်လို့ပြောတော့ သူက ခေါင်းညိမ့်ပြတယ်၊ ငါ့ကိုလဲ ဒီနေရာမှာရှိတဲ့ ပစ္စည်းတစ်ခုခုကို အမှတ်တရအနေနဲ့ ယူခွင့်ပြုတယ်ဆိုလို့ ငါကောက်ရထားတဲ့ ဒီအရာကို ယူလာခဲ့တာ၊ ငါ့ကို ပြန်မပို့ခင် သူမှာခဲ့တာရှိတယ်။ ငါ့အသက် ၅၀ပြည့်တဲ့နှစ်မှာ လူသုံးယောက် မင်းဆီလာလိမ့်မယ်တဲ့၊ သူတို့ရောက်လာခဲ့ရင် ယွန်းသေတ္တာတစ်လုံးပေးလိုက်ပါဆိုပြီးလဲ မှာခဲ့သေးတယ်”
ဦးဖိုးခေါင်က သူအိပ်တဲ့ကြမ်းကိုခွာလိုက်ပြီး အထဲမှာသိမ်းထားတဲ့ ယွန်းသေတ္တာကိုထုတ်ယူကာ မောင်ကောင်းတို့ကို ကမ်းပေးလိုက်တယ်။
မောင်ကောင်းတို့လဲ ယွန်းသေတ္တာကို ဖွင့်ကြည့်လိုက်ရာ ကြေးပြားပေါ်မှာရေးဆွဲထားတဲ့ အချိန်စက်ဝိုင်းပုံစံအင်းတစ်ချပ်ရှိနေပြီး၊ ဘေးမှာတော့ အင်းဆွဲတဲ့ကညစ်တံတစ်ချောင်း၊ မိုင်းကိုင်စက္ကူနှစ်ရွက်အပိုပါနေတာကိုမြင်လိုက်ရတယ်။
“ ဒါက မူလအချိန်ကို ပြန်သွားလို့ရတဲ့ အင်းပဲကွ၊ နောက်ပြီး အင်းဆွဲတဲ့ကညစ်တံနဲ့ မိုင်းကိုင်စက္ကူက ဘာလို့ထည့်ထားပေးတာလဲ”
ကိုကြာရိုးက ယွန်းသေတ္တာကို ကြည့်ကာ ရေရွတ်လိုက်တဲ့အချိန် မောင်ကောင်းက လက်ဖျစ်တီးလိုက်ပြီး
“ ကျွန်တော်သဘောပေါက်ပြီ၊ ဒီစက္ကူနဲ့ကညစ်တံက ကျွန်တော်တို့ လိုရာသုံးဖို့ထည့်ပေးလိုက်တာနေမှာ၊ ကိုကြာရိုး… ခင်ဗျားက ကျုပ်တို့ထက် ပညာစုံတော့ ကိုယ်ပျောက်အင်းလေး စီရင်ပေးပါလား”
“ ကိုယ်ပျောက်အင်းက ဘာလုပ်မလို့လဲ၊ ငါ့ကို ဒုက္ခမပေးပါနဲ့တော့ကွာ”
“ လုပ်ပါဗျာ… ကျုပ်တို့ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ခင်ဗျားသိပါတယ်၊ ကျုပ်တို့ဘာမှမလုပ်ရပဲနဲ့တော့ မူလနေရာကို မပြန်ချင်ဘူး”
“ အတော်ခက်တဲ့ကောင်တွေပဲ၊ ဟင်း… ကိုယ်ပျောက်အင်းဆိုတာ အမြဲတမ်းကိုယ်ပျောက်နေမှာတော့ မဟုတ်ဘူးနော်၊ နောက်ပြီး ဒီညသန်းခေါင် နက္ခတ်စုံရင် ပြန်ထွက်ရမယ်၊ မဟုတ်ရင် ငါတို့ ဒီမှာပိတ်မိနေလိမ့်မယ်”
“ အချိန်ပြန်လှည့်လို့ရတဲ့အင်းရှိနေပြီပဲ၊ ကြိုက်တဲ့အချိန် ပြန်လို့ရပါတယ်ဗျ”
“ မရဘူးကွ… ဒီမှရေးထားတာကိုကြည့်လေ စန်း၊ နက္ခတ်ကိုက်ညီတဲ့နေ့တစ်ရက်ထဲမှာ အင်းက အသက်ဝင်မှာကွ၊ မင်းတို့ ပြဿနာမရှာပါနဲ့တော့ကွာ”
“ ဒါဖြင့်လဲ ညသန်းခေါင် မတိုင်ခင်အရောက်ပြန်လာခဲ့ပါမယ်၊ ကိုယ်ပျောက်အင်းကိုသာ စီရင်ပေးပါဗျ”
ကိုကြာရိုးလဲ မောင်ကောင်းတို့ နားပူနေတာကြောင့် ကိုယ်ပျောက်အင်းနှစ်ချပ်ကိုစီရင်ပြီး ပါးစပ်ထဲမှာ ငုံခိုင်ထားလိုက်ရတယ်။ အင်းငုံပြီး နဖူးမှာ စမပေါက်ချလိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှတို့က မျက်စိရှေ့မှာတင်ပျောက်သွားခဲ့တယ်။
“ ကိုကြာရိုး… ကျုပ်တို့ကိုမြင်ရသေးလား”
“ မမြင်ရဘူးကွ… ပေါက်ကရတွေလျောက်လုပ်မနေပဲ စောစောပြန်လာခဲ့ကြ”
“ ဒါဖြင့် သွားပြီဗျ ၊ ခွန်းလှ မင်းငါ့ကိုမြင်ရလား”
“ မြင်ရတယ်လေ… အစ်ကိုရော ကျွန်တော်ကိုမြင်ရလား”
“ ငါလဲမင်းကိုမြင်ရတယ်၊ ငါတို့ကိုပဲသူများမမြင်ရတာဖြစ်မယ်”
နှစ်ယောက်သား အူမြူးပြီး တဲအပြင်ဘက်ကို ထွက်သွားတဲ့အချိန် ကိုကြာရိုးက ကျန်နေတဲ့ မိုင်းကိုင်စက္ကူမှာ လိုအပ်တဲ့အင်းစမတွေ ရေးဆွဲနေခဲ့လိုက်တယ်။
++++++
မောင်ကောင်းတို့မြို့ထဲရောက်ချိန်မှာတော့ ရဲမက်တွေအားလုံး မြို့ထဲမှာ ခြေချင်းလိမ်နေပြီး တွေ့တဲ့လူတွေရဲ့မျက်နှာကို လိုက်ကြည့်နေတာမြင်တွေ့ခဲ့ရတယ်။
“ ဒီကောင်တွေ ကျွန်တော်တို့ကို လိုက်ရှာနေတာဖြစ်မယ်ဗျ၊ ဒီပုံစံအတိုင်းဆိုရင် ကိုကြာရိုးတို့ရှိနေတဲ့ တဲကိုတွေ့သွားနိုင်တယ်နော်”
“ စိတ်မပူစမ်းပါနဲ့ ခွန်းလှရာ၊ ကိုကြာရိုးက ငါတို့ထက်ပိုစွမ်းတယ်ဟ၊ သူ့ဘာသာ စီစဉ်လိမ့်မယ်၊ အခု ငါတို့က ငဖေငယ်နေတဲ့အိမ်ကိုသွားကြရအောင်”
နှစ်ယောက်သား ငဖေငယ်နေတဲ့ အိမ်ဘက်ကို ထွက်လာခဲ့ရာ မှောင်စပျိုးတဲ့အချိန်မှာတော့ ခြေတံရှည် ပျဉ်ထောင်အိမ်တစ်လုံးရှေ့ကို ရောက်လာခဲ့တယ်။ ခြံဝင်းအဝမှာတော့ လှံကိုင်ထားတဲ့ အစောင့်ရဲမက်နှစ်ယောက်ရှိနေပြီး လှေကားအတက်အဆင်းမှာတော့ ဓါးကိုင်ထားတဲ့ ရဲမက်နှစ်ယောက် ကင်းစောင့်နေခဲ့တယ်။
မောင်ကောင်းတို့လဲ ရဲမက်တွေကြားထဲကနေ တိုးဝင်ပြီးအိမ်ပေါ်ကိုတက်လာတဲ့အချိန် သိုရင်းအင်္ကျီအဖြူ၊ အဝါရောင်တောင်ရှည်ပုဆိုးကို ဝတ်ထားတဲ့ ငဖေငယ်နဲ့ မျက်နှာချင်းဆိုင်ဆုံပါလေရော။
“ ငသင်… မနက်ဖြန် နန်းတော်ကိုပို့ရမယ့် အခွန်အကောက်တွေ အသင့်ဖြစ်ပြီလား”
“ အသင့်ဖြစ်ပါပြီတပ်မှူး၊ ဆန်စပါးတွေနဲ့ပဲတွေကိုလဲ လှည်းပေါ်တင်ထားပြီးပါပြီ၊ ကတ္တီပါပိုးသားနဲ့ တောကောင်သားရည်တွေကိုလဲ သေတ္တာနဲ့ ထည့်ပြီးပါပြီ”
“ အေး… ငါ့ညီကို သတိလစ်အောင် လုပ်သွားတဲ့ ကောင်တွေကိုရော ရှာတွေ့ပြီလား’
“ အခုထိတော့ရှာမတွေ့သေးဘူးပြောတယ်၊ မြို့အဝင်အထွက်ကိုသေချာစစ်ခိုင်းထားတာမို့ မကြာခင်ဖမ်းမိမှာပါ”
ငသင်စကားကြောင့် ဘေးမှာနားထောင်နေတဲ့ မောင်ကောင်းက ခွန်းလှကို လက်ဆွဲပြီး အခွန်အကောက်တွေထားတဲ့ ဘက်ကိုထွက်လာခဲ့လိုက်တယ်။
“ ဒီအခွန်အကောက်တွေက ငဖေငယ် မတရားကောက်ခံထားတဲ့အရာတွေပဲဖြစ်မယ်ထင်တယ်”
“ သေချာတာပေါ့ ခွန်းလှရ၊ ဒီကောင်က သူနာမည်ရဖို့ပဲ လုပ်နေတာလေ၊ မြို့သူမြို့သားတွေကတော့ ငတ်ပြတ်နေကြပေမယ့် သူကတော့ အခွန်အကောက်ကို မတရားတိုးကောက်နေတာမြင်တဲ့အတိုင်းပဲ၊ ဒီကြားထဲ သူတို့နဲ့အဆင်မပြေရင် အကြောင်းအမျိုးမျိုးပြပြီးဖမ်းနေတာကရှိသေးတယ်”
“ ကျွန်တော်တို့ ဒီကောင်ကိုဘယ်လိုပညာပေးရင် ကောင်းမလဲ”
“ နည်းနည်းမှောင်တဲ့ထိ စောင့်ကြတာပေါ့”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ ငဖေငယ်ရဲ့ အိမ်ပေါ်မှာ လှည့်ပတ်နေထိုင်ရင်း မှောင်တဲ့အချိန်ကိုစောင့်ဆိုင်း နေခဲ့တယ်။ မှောင်စပျိုးချိန်ရောက်လာတော့ အကောက်ခွန်ပစ္စည်းတွေရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။ အခွန်ပစ္စည်းသိမ်းဆည်းတဲ့ အိမ်ရှေ့ကိုရောက်တော့ အယောက်ငါးဆယ်ခန့်ရှိတဲ့ လူတွေက ဓါးလှံလက်နက်တွေကိုင်ပြီး ကင်းတိုကင်းရှည်လှည့်နေတာကိုမြင်လိုက်ရတယ်။
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ အစောင့်တွေနဲ့မတိုက်မိအောင် သတိထားသွားရင်း ကတ္တီပါလိပ်တွေထားတဲ့အခန်းရှေ့အရောက်မှာ အထဲကနေ ထွက်လာတဲ့ ငဖေငယ်ရဲ့ တိုက်မိပြီး နှစ်ယောက်လုံးလဲကျသွားခဲ့တယ်။
“ တပ်မှူး… ဘာဖြစ်သွားသေးလဲဗျ”
“ ငါဘာနဲ့တိုက်မိတာလဲ… လိုက်ကြည့်စမ်း”
“ ဘာ ဘာမှမရှိဘူးတပ်မှူး… လမ်းလျောက်နေရင်း အနောက်ကိုလန်ကျလာတာပဲမြင်လိုက်တယ်”
“ မဟုတ်ဘူးကွ… တစ်ခုခုနဲ့တိုက်မိတာသေချာပါတယ်”
“ ဘာမှမရှိပါဘူး တပ်မှူး…”
ငဖေငယ်က တစ်ခုခုကို မသင်္ကာတဲ့မျက်လုံးတွေနဲ့ လိုက်ကြည့်ရင်း အိမ်တော်ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
+++++++
ညက နက်သထက် နက်လာနဲ့အမျှ ကိုကြာရိုးရဲ့ လည်ပင်းက ပိုရှည်လာသယောင်ဖြစ်လာခဲ့တယ်။
“ ဒီကောင်တွေ အခုထိမရောက်သေးဘူး၊ တစ်ခုခုများဖြစ်နေပြီလား”
“ ဘာမှမဖြစ်တာတော့သေချာတယ်၊ တစ်ခုခုထူးခြားရင် မြို့ထဲမှာ သတိပေးအချက်ပေးသံတွေ ထွက်လာကြမှာပဲလေ”
“ ညနေက ရဲမက်တွေလာရှာတုန်းက ခင်ဗျားကို မမြင်တာ အံ့ဩစရာပဲဗျာ”
ဦးဘိုးခေါင်စကားကို ကြာရိုးက ဘာမှပြန်မဖြေပဲ ရယ်ပဲရယ်နေခဲ့တယ်။ အဲဒီအချိန် ကြာရိုးရဲ့ နသယ်စပ်မှာရှိတဲ့ မွှေးညှင်းနုလေးတွေ လေတိုးသလိုဖြစ်လာတာကြောင့် လက်ဝါးနှစ်ဖက်ကို ပူးပြီးရိုက်ချလိုက်ရာ သူ့ကို မျက်နှာဖြီးပြီးကြည့်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှကို မြင်လိုက်ရတယ်။
“ မင်းမေကလွှား… ရောက်နေတာ ဘာလို့အသံမပေးကြတာလဲကွ၊ ငါတို့ကတော့ စိတ်ပူနေခဲ့တာ”
“ ဟီးဟီး… ကိုကြာရိုး စိတ်ပူနေတာကို ထိုင်ကြည့်ချင်လို့ အသံမပေးပဲဝင်လာခဲ့တာ”
“ မင်းတို့ကိစ္စရော အဆင်ပြေခဲ့လား”
“ ပြေတာပေါ့ဗျာ… ငဖေငယ်တော့ မနက်ဖြန်ကျရင် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတော့မှာဗျ”
“ ဒါတွေအသာထားဦး… ကောင်းကင်မှာ နက္ခတ်တွေစုံနေပြီဆိုတော့ အင်းကိုအသက်သွင်းရတော့မယ်၊ ဒီရောက်တဲ့အချိန် အစစအရာရာကူညီပေးတဲ့ ဦးဘိုးခေါင်ကိုကျေးဇူးတင်ပါတယ်”
“ ကျုပ်လဲ ခင်ဗျားတို့ကို သတိရနေမှာပါ၊ ဒါနဲ့ ကျုပ်ခင်ဗျားတို့အတွက် လက်ဆောင်တစ်ခုစီပေးခဲ့ဦးမယ်”
ဦးဘိုးခေါင်က ပစ္စည်းတွေရှုပ်ပွနေတဲ့ အမှိုက်ပုံထဲကနေ ကြေးနဲ့လုပ်ထားတဲ့ ခွက်တစ်လုံးကိုယူပြီး ကြာရိုးကိုပေးခဲ့သလို မောင်ကောင်းနဲ့ ခွန်းလှတို့အတွက် လက်မှာပတ်လို့ရတဲ့ အဆင်တန်ဆာတစ်ခုစီပေးခဲ့တယ်။
“ ကဲ အချိန်ကျပြီဆိုတော့ အားလုံးလက်တွေတွဲထားကြ”
ကြာရိုးက သတိပေးပြီး အင်းကိုအသက်သွင်းလိုက်ရာ မောင်ကောင်းတို့အားလုံး ဝဲဂယက်ထဲကျသွားသလို လှိုက်ခနဲဖြစ်သွားခဲ့တယ်။
သတိရလာတော့ သူတို့ကို တင်ပလ္လင်ခွေထိုင်ပြီး စိုက်ကြည့်နေတဲ့ ဆရာဖြစ်သူကိုမြင်တွေ့လိုက်ရတယ်။
“ မင်းတို့အပြစ် မင်းတို့သိလား”
“ သိ သိပါတယ်ဆရာ… ဆရာပေးတဲ့အပြစ်ကိုလဲ ခံယူပါ့မယ်”
“ ဒီနေ့ကစပြီး ရက်ပေါင်း၃၀တိတိ ဒီနယ်မြေမှာရှိတဲ့ စေတီပုထိုးတွေကို ရောင်တောင်ဖွင့်ကုသိုလ်လုပ်ရမယ်၊ အမှိုက်သရိုက်တွေကို သန့်ရှင်းရေးလုပ်ရမယ်”
“ ဟုတ်ကဲ့ပါဆရာ… ကျွန်တော်တို့ လိုက်နာပါ့မယ်”
“ ကြာရိုး… မင်းကိုလဲ ကျုပ်တပည့်တွေကိုယ်စား တောင်းပန်ပါတယ်”
“ မဟုတ်တာဆရာရယ်… ဒီကလေးတွေက တစ်ဇွတ်ထိုးလုပ်တတ်တာကလွဲပြီး စိတ်ရင်းစိတ်ခံကောင်းကြပါတယ်၊ ကျုပ်လဲ မနက်ဖြန်ကစပြီး ဟောဒီကြေးခွက်နဲ့ ပိုက်ဆံလိုက်တောင်းရမယ် ဟဲဟဲ”
ကြာရိုးက ဦးဘိုးခေါင်ပေးလာတဲ့ ကြေးခွက်ကို မြောက်ပြပြီး သီချင်းလေးတစ်ကြော်ကြော်ဆိုကာ စေတီပျက်တွေကြားထဲကို ဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်။
+++++
“ အမေ… အမေ အိမ်ရှေ့မှာ အထုပ်တစ်ထုပ် ဘယ်သူလာချသွားလဲမသိဘူး”
မယ်ညိုအသံကြောင့် မိခင်ဖြစ်သူ အိမ်ထဲကနေ ထွက်လာပြီးကြည့်လိုက်ရာ အင်္ကျီတစ်ထည်နဲ့ထုပ်ထားတဲ့ အရာတစ်ခုကိုမြင်လိုက်ရတယ်။
“ ဒီအဝတ်က ဟိုကောင်လေးတွေ ဝတ်သွားတာမဟုတ်လား”
“ အထဲမှာဘာတွေထည့်ထားပါလိမ့်”
မယ်ပျိုက အဝတ်ကိုဖြေလိုက်ရာ အထဲမှာ အရောင်တလက်လက်ထနေတဲ့ လက်ဝတ်လက်စားတွေဖြစ်နေခဲ့တယ်။
အလားတူ ဦးဘိုးခေါင်တို့နေတဲ့ အစုအရပ်လေးမှာလဲ အဝတ်စုတ်နဲ့ထုပ်ထားတဲ့ ရတနာပစ္စည်းတွေ ရခဲ့ကြတယ်။
ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း မောင်ကောင်းနဲ့ ခွန်းလှတို့ကို ပုဂံနယ်မြေထဲမှာရှိတဲ့ စေတီပုထိုးတွေမှာ သန့်ရှင်းရေးလုပ်နေတာကို နေ့စဉ်လိုလိုမြင်တွေ့ခဲ့ရတယ်။
အောင်မြတ်သာအနေနဲ့ မောင်ကောင်းတို့ကို ထားခဲ့ပြီး ကျောက်ပန်းတောင်းမြို့ဘက်ကို တစ်ကိုယ်တည်းလှည့်ပတ်သွားလာခဲ့တာ ပန်းကုန်းစုရွာလေးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။
ပန်းကုန်းစုရွာကို အောင်မြတ်သာ ဘာကြောင့်ရောက်လာခဲ့တာလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ပန်းကုန်းရွာသူအညိုးဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#ညမဖတ်ရ