ဥစ္စာစွဲ၍ တိရစ္ဆာန်ဖြစ်ရသူ

Posted on

ဥစ္စာစွဲ၍ တိရစ္ဆာန်ဖြစ်ရသူ(စ/ဆုံး)
————————————-
အချို့ကား မိမိပိုင်ဥစ္စာပစ္စည်း ရွှေငွေ
ရတနာတို့ အပေါ်တွင်ပင် မဟုတ်၊
မိမိ၏ ခန္ဓာကိုယ်မှာ ဝတ်စားဆင်ယင်
သော အဝတ်အစားပေါ်မှာပင် စွဲလန်း
တပ်မက်မှု ရှိသည်။

မိမိ၏ အဝတ်အစားမှာ လှသည်။
သူတစ်ပါးထက် ပိုကောင်းသည်ဟု
လည်း ထင်တတ်သေးသည်။

မိမိပစ္စည်း သူတစ်ပါးပေးရမှာ သူတစ်ပါးယူမှာ
လည်း ကြောက်လန့်မှု ဖြစ်တတ်သည်။
ထိုသည်က အလှအပပေါ် စွဲလန်းတပ်မက်
မှုကြောင့် ဖြစ်ပေသည်။ ထိုကဲ့သို့ အဝတ်
အစားအပေါ် စွဲလန်းတပ်မက်မှုကြောင့်
တိရစ္ဆာန်ဘဝသို့ ရောက်ခဲ့ရသောအဖြစ်က
တကယ်ရှိခဲ့သည်။

ဂေါတမမြတ်စွာဘုရားရှင် လက်ထက်ဖြစ်သည်။

မိမိအတွက် လှူလိုက်သော သင်္ကန်းကိုယ်ရုံ
အပေါ်၌ အစွဲအလန်းဖြစ်ပြီး သေလွန်သည့်
အခါ တိရစ္ဆာန်မျိုး၌ သန်းသတ္တဝါအဖြစ်
ဘဝကူးပြောင်းသွားခဲ့ရသည့် တိဿမည်
သော ရဟန်းတစ်ပါးအကြောင်း ဖြစ်သည်။

သာဝတ္ထိမြို့မှာ နေထိုင်သော မိသားစုမှ
အမျိုးကောင်းသားတစ်ဦးသည် ဘုရားရှင်၏
တရားတော်ကို နာယူမှတ်သားရသည် ဖြစ်၍
ကြည်ညိုရင်းလည်း ရှိသဖြင့် ဘုရားကျောင်း
သို့လာ၍ ရဟန်းပြုလေသည်။

ရဟန်းဘွဲ့အမည်က တိဿဟူ၍ ဖြစ်သည်။
အရှင်တိဿရဟန်းသည် တရားဓမ္မနှင့်
မွေ့လျော်လာသောအခါ တောရွာဇနပုဒ်မှာ
သွားရောက်၍ တစ်ပါးတည်း ကျောင်းဆောက်
ကာ သီတင်းသုံးခဲ့သည်။

တရားအားထုတ်ခဲ့သည်။ ဝါတွင်းသုံးလ
ပတ်လုံး တရားကျင့်ကြံ ပွားများခဲ့သည်။
ဝါကျွတ်သည့်အခါ ကျေးရွာဇနပုဒ်သို့
လှည့်လည်ဆွမ်းခံကြွစဉ် တစ်ခုသော
အိမ်မှ ရှစ်တောင်မျှသော ထူထဲကြမ်း
တမ်းသည့် သင်္ကန်းလျာပုဆိုးကို လှူ
လိုက်သည်။

အရှင်တိဿလည်း သာဝတ္ထိမြို့မှာ မိမိ၏
မိသားစုရှိသဖြင့် သာဝတ္ထိသို့ ကြွသောအခါ
ထိုသင်္ကန်းလျာပုဆိုးကို ယူဆောင်၍ သွား
လေသည်။ မိမိအစ်မဖြစ်သူနှင့်တွေ့သော
အခါ အစ်မထံ၌ လျာသင်္ကန်းကို အပ်ထား
သည်။ အစ်မဖြစ်သူကလည်း သင်္ကန်းကို
ကြည့်ပြီး မောင်ဖြစ်သူ ရဟန်းသင်္ကန်းနှင့်
ဤသင်္ကန်းဘယ်လိုမှ မတင့်တယ်၊ မအပ်
စပ်၊ မိမိ၏ ကျွမ်းကျင်တတ်မြောက်သော
ရက်ကန်းအတတ်ပညာဖြင့် ထိုလျာပုဆိုး
ကို ပဲခွပ်ဖြင့် ဖြတ်ပြီး အမျှင်အမျှင်များ
ဖြစ်အောင် လုပ်ကာ ဆုံမှာ ထပ်၍
ချည်များကို ကြေအောင်ထောင်းသည်။

အကြိမ်ကြိမ်ထုထောင်းကာ ပိတ်ချည်ကို
ရစ်ဘီးဖြင့် ဗိုင်းငင်ပြီး သိမ်မွေ့နူးညံ့သော
ချည်ဖြင့် ပိတ်စကို ပြန်၍ ယက်လုပ်ပေးသည်။

မူလရှိရင်းစွဲထက် ပိုပြီး ရှည်သွားသည်။

တိဿမထေရ်လည်း သင်္ကန်းအဟောင်း
အသစ် ချုပ်လုပ်ခြင်း၌ ကျွမ်းကျင်သော
ရဟန်းတို့ကို စုံစမ်းရှာဖွေရာ၊ ကျွမ်းကျင်
သော ရဟန်းတို့ကို တွေ့သည်နှင့်
အကူအညီတောင်းခဲ့သည်။

ထိုသို့ ချုပ်လုပ်ပေးမည်ဟု ကတိရသည်နှင့်၊
သာဝတ္ထိမြို့မှာရှိသောအစ်မထံတွင်သွားကာ
အပ်နှံထားသော သင်္ကန်းလျာပုဆိုးကို တောင်း
ယူလေသည်။

အစ်မဖြစ်သူကလည်း ကိုးတောင်မျှရှိသောပိတ်
အုပ်စကို ထုတ်၍ မောင်ငယ်ရဟန်းလက်သို့
ဆက်ကပ်လှူလေသည်။

တိဿမထေရ်လည်း သင်္ကန်းကိုယူပြီး
အသေအချာ ကြည့်သည်၊ လှန်လှောသည်။
တိုင်းတာကြည့်သည်။ အပ်စဉ်က ရှစ်တောင်၊
ယခု ကိုးတောင်ဖြစ်နေသည်။ ပိတ်သားကလည်း
ကောင်းမွန်နေသည်။ သို့ကြောင့် အစ်မဖြစ်သူအား

“ကျွန်ပ် သင်္ကန်းပိတ်သည် ထူကဲ၏။
အရှည်ကား ရှစ်တောင်ရှိသည်၊ ဤပိတ်စကား
သိပ်မွေ့နူးညံ့သည် ဤပုဆိုးကား ငါ၏ပုဆိုး
မဖြစ်နိုင်၊ ဤပိတ်စသည် သင်၏ပစ္စည်းသာ
ဖြစ်ပေမည်။ ဤပုဆိုးကို ငါမယူလို ငါ၏
ပုဆိုးကြမ်းကိုသာ သွားယူပြီး ပေးပါလော့”

“ဤပိတ်စသည် အရှင်ဘုရား၏ ပိတ်စအစစ်
ဖြစ်ပေသည် တပည့်တော်မ ပစ္စည်းမဟုတ်ပါ။
အရှင်ဘုရား တပည့်တော်မကို အပ်နှံစဉ်က
ကြမ်းတမ်းသော ပုဆိုးရှစ်တောင်မျှသော
ပုဆိုးဖြစ်သည်ကား မှန်ပါသည်။ အလွန်
ကြမ်းတမ်းသော ဤပုဆိုးကိုတွေ့သဖြင့်
ကောင်းမွန်ချောမွေ့သော ပုဆိုးဖြစ်ရန်
ပြုပြင်ပေးချင်စိတ် ဖြစ်ပေါ်လာသည့်
အတွက် ပိတ်စကို တစ်ခုချင်းဖြုတ်ပြီး
ဆုံနှင့်ထောင်း ပဲခွပ်နဲ့ ခြစ်ပြီး ဗိုင်းကို
ပြန်ငင်ပါသည်၊ ချည်ငင်ပြီးသည်နှင့်
ရက်ကန်းဖြင့် ချောမွေ့သော အဝတ်
ဖြစ်ရန် ရက်လုပ်ပေးထားခြင်း ဖြစ်သည့်
အတွက် ဤသင်္ကန်းလျာပုဆိုးမှာ အရှင်
၏ ပစ္စည်းသာ ဖြစ်ပေသည်။
စိတ်သန့်သန့်ဖြင့်သာ လက်ခံပါလေ”

မိမိ၏ သင်္ကန်းကို ပြန်လည်ပြုပြင်
ထားသဖြင့် ယခုကဲ့သို့ ကောင်းမွန်
ချောမွေ့နေခြင်းဖြစ်ကြောင်း ပြောပြ
ခဲ့လေသည်။

ထိုသို့ နားလည်သဘော
ပေါက်သွားမှ တိဿမထေရ်လည်း
သင်္ကန်းလျာပုဆိုးကိုယူ၍ ကျောင်းသို့
ပြန်ပြီး ခေါ်ထားသော ရဟန်း တို့အား
သင်္ကန်းဖြစ်အောင် ဖြတ်ထုတ်ပြုပြင်ပြီး
ချုပ်ခိုင်းလေသည်။

မထေရ်၏အစ်မသည် သင်္ကန်းချုပ်ဆိုး
ပြုလုပ်ပေးကြသော ရဟန်း သာမဏေများ
အား ယာဂုဆွမ်းတို့ဖြင့် နေ့စဉ်လုပ်ကျွေး
လေသည်။ တိဿမထေရ်သည် သင်္ကန်း
ကိုကြည့်၍ တပ်မက်ခုံမင်သောစိတ် ဖြစ်
လာခဲ့သည်။

ဤသင်္ကန်းကို နောက်နေ့မနက်မှ ဝတ်တော့မည်ဟု
ကြံစည်ပြီး သင်္ကန်းကို ခေါက်သိမ်းထားလိုက်သည်။
အရှင်တိဿသည် ထိုညတွင် နေ့ခင်းက စားထား
သော အစာအာဟာရတို့ မချေဖျက်နိုင်သောကြောင့်
လေထိုးလေအောင့်ခြင်းဖြစ်ကာ လေတံစို့ဖြင့်ပျံ
လွန်တော်မူလေသည်။

အရှင်တိဿ၏ အစ်မဖြစ်သူလည်း မောင်သေသည်
ဟု ကြားသောအခါ မောင်၏ခြေရင်းသို့လာ၍
လူးလှိမ့်ကာ ငိုကြွေးလေသည်။

အရှင်တိဿမထေရ်သည် ပျံလွန်တော်မူကာနီး
၌ သင်္ကန်းအသစ်ကို တပ်မက်သော သံယောဇဉ်
က တွယ်မိနေသောကြောင့် ထိုသင်္ကန်း၌ သန်း
ဖြစ်သွားရသည်။ ရဟန်းတော်အပေါင်းတို့သည်
အရှင်တိဿမထေရ်၏ အလောင်းကို သင်္ဂြိုဟ်
ခြင်းအမှုကို ပြုလုပ်ကြသည်။

ရဟန်းကို သင်္ဂြိုဟ်သောအမှုပြုပြီး၍
မထသန္တက သေသူ၏ သင်္ကန်းကို
သံဃာတို့ ခွဲဝေယူကြရန် ဆုံးဖြတ်ပြီး
သံဃာများ ရှေ့သို့ ယူဆောင်လာကြသည်။

ထိုအချိန်သင်္ကန်းကို စွဲလန်း၍ တိဿတစ်ဖြစ်လဲ
ဖြစ်နေရသော သန်းသတ္တဝါသည် ပျာယာခတ်ပြီး
ပြေးလွှားအော်ဟစ်နေတော့သည်။

“ဤရဟန်းအပေါင်းတို့သည် ငါ၏
ဥစ္စာကို လုယက်ဖျက်စီးကြကုန်တော့
မည်။ ငါ့ပစ္စည်းကို သူတို့ယူကြတော့မည်၊
ဘယ်သို့ ကြံရပါမည်နည်း”

ဟစ်အော်မြည်တမ်း၍ သင်္ကန်းအတွင်း
ဟိုမှသည်မှ ပြေးလွှားနေတော့သည်။

ထိုအချိန် မြတ်စွာဘုရားရှင်သည်
ဂန္ဓကုဋီတိုက်တွင် သီတင်းသုံးနေသည်။
သန်း သတ္တဝါ၏ အော်ဟစ်ဆိုမြည်သံကို
ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ကြားသိတော်
မူလေသည်။

ထိုအခါ အနီးမှာ သီတင်းသုံးနေသည့်
ညီတော်အာနန္ဒာအား ခေါ်တော်မူပြီး…

“ချစ်သား အာနန္ဒာ ရဟန်းတို့ဆီ အသင်သွားပြီး
တိဿ၏ သင်္ကန်းကို ခုနှစ်ရက်ပတ်လုံး မဝေခြမ်းဘဲ
ဤအတိုင်းထားရန် အမြန်သွားပြောကြပါလော့”

ရှင်အာနန္ဒာမထေရ်လည်း ဘုရားရှင်မိန့်ကြား
သည့်အတိုင်း အရှင်တိဿ၏ သင်္ကန်းကို
သံဃာတော်များအား လျှောက်ထားပြီး
ဤအတိုင်းသာ မဝေမခြမ်းဘဲ ထားစေသည်။

ထိုအခါ ရှင်တိဿ၏ဘဝမှ ဖြစ်ခဲ့သည့်
သန်းသတ္တဝါသည် ခုနှစ်ရက်သာ အသက်
ရှင်ခဲ့ပြီး သေဆုံးသည့်အခါ သုတိသာနတ်ပြည်၌
နတ်သားသွားဖြစ်လေသည်။

ခုနှစ်ရက်ပြည့်သည့်အခါ သံဃာတော်များသည်
ထိုသင်္ကန်းကို ကြည့်ပြီး ဝေဖန်ပြောဆိုနေကြသည်။

အချို့ရဟန်းတို့ကလည်း ထိုကဲ့သို့ ဟန့်တား
သည့်ကိစ္စကို နားမရှင်း သဘောမပေါက်သည့်
အတွက် ဘုရားရှင်ထံသို့ သွားပြီး ထိုခုနှစ်ရက်
တိတိ၊ မည်သည့်အကြောင်းကြောင့် မခွဲမဝေ
ရဘဲ ထားသည့်အကြောင်း မေးမြန်းလျှောက်
ထားလေတော့သည်။

“အရှင်ဘုရား အရင့်အရင် သံဃာများ
အသက်ဆုံးပါးသွားသည်နှင့် သူတို့၏
အသုံးအဆောင် သပိတ်သင်္ကန်းမှ
အစ လိုအပ်သော ရဟန်းတို့အား
ခွဲဝေမြဲဖြစ်ပါသည်၊ ယခု အရှင်တိဿ
၏ အသုံးအဆောင် သပိတ်သင်္ကန်းတို့
အား ခွဲဝေခြင်းမပြုဘဲ ခုနှစ်ရက်သိမ်း
ထားပြီးမှ ခွဲဝေရခြင်းအတွက် တပည့်
တော်တို့ နားမလည်သဘောမပေါက်
ကြပါ …အရှင်မြတ်ဘုရား တပည့်တော်
တို့အား ရှင်းပြပေးစေလိုပါသည်ဘုရား”

“ချစ်သားရဟန်းတို့ တိဿရဟန်းသည်
မိမိ၏သင်္ကန်းအသစ်ကို စွဲလန်းမိ၍
သင်္ကန်းတွင်း၌ သန်းငယ်သတ္တဝါအဖြစ်
ဖြစ်တည်နေခဲ့သည်၊ ချစ်သား ရဟန်း
တို့သည် ဤရဟန်းကို ခွဲခြားယူဆောင်
ကြသည်ရှိသော် ဤရဟန်းတို့သည်
ငါ၏ဥစ္စာကို လုယူဖျက်ဆီးကုန်ဘိသည်
ဟု ဟစ်အော်မြည်တမ်းလျက် ဟိုမှ
သည်မှ ပြေးလွှားနေ၏။ ထိုသန်းငယ်
သည် သင်ရဟန်းတို့ သင်္ကန်းကို
ယူသည်ရှိပါက အသင်ချစ်သား
ရဟန်းတို့အား စိတ်နှင့်ပြစ်မှားခဲ့
သည် ရှိသော် ထိုသန်းဘဝမှနေ၍
ငရဲသို့ လားရပေလိမ့်မည်၊

သို့ကြောင့် ငါဘုရားသည် သင်္ကန်းကို
မခွဲဝေမယူဆောင်နိုင်စေရန်အတွက်
လာရောက်တားမြစ်ခိုင်းရခြင်းဖြစ်ပေသည်၊
ယခုအခါ တိဿကိုယ်တော်သည် သန်း
ဘဝမှ သေဆုံးသွားပြီ ဖြစ်ကာ သုတိတာ
နတ်ပြည်သို့ စံမြန်းရောက်ရှိခဲ့ပေပြီ။
ထိုအတွက်ကြောင့် ယခုငါဘုရားသည်
သင်ရဟန်းတို့အား တိဿ၏ သင်္ကန်း
တို့ကို ခွဲဝေယူဆောင်ရန် ခွင့်ပြုတော်
မူသည်”

ဟူ၍ မိန့်ကြားတော်မူလေသည်။

“ဘုန်းတော်ကြီးမြတ်တော်မူသော
မြတ်စွာဘုရား ဤတပ်မက်သော
တဏှာမည်သည် ဝန်လေးလှပါသည်ဘုရား”

” သေခါနီးကာလ ဘဝကူးချိန်တွင်
အလွန်မြန်ဆန်သည့်အတွက် အာသန္နကံ
အဆုံးအဖြတ်သည် လူ၊ ပစ္စည်း၊ ဥစ္စာ
အစွဲအလန်းတို့ကြောင့် တစ္ဆေ၊ သရဲ၊
ပြိတ္တာဘဝသို့ ရောက်ရှိသည် ။
ထိုကံ၏ အဆုံးအဖြတ်သာ ဖြစ်ပေသည်

စွဲလန်းမှု တဏှာကြောင့် သတ္တဝါမှန်သမျှ
ငရဲကိုလည်း ဖြစ်စေသည်၊ ပျက်စီးခြင်းသို့
လည်း ရောက်စေသည်။ ကြောက်မက်ဖွယ်
တဏှာနှင့် သံယောဇဉ်စွဲလန်းမှုကို ရှောင်
ရှားနိုင်သူသာလျှင် သုဂတိဘဝသို့ တက်
လှမ်းရောက်ရှိနိုင်မည်”

ဟူ၍ ဟောပြတော်မူခဲ့ပါလေသည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)

ဝိပါတ်ကြမ္မာမလွတ်သာနှင့်
ဝဋ်ကြွေးကြောင့် ခံစားရသူများ
စာအုပ်မှ ကောက်နုတ်တင်ပြထားသည်