ဥပါဒါန(စ/ဆုံး)
———-
လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ကျော်က လယ်တွေကိုမြေကွက်ဖော်ပြီးမြို့တည်ခဲ့တဲ့ မြောက်ဒဂုံမြို့သစ်ကို အခုလိုစည်စည်ကားကားဖြစ်လာလိမ့်မယ်လို့ ဦး တင်အေး ထင်မှတ်မထားခဲ့ပါ။ အခုတော့ မြောက်ဒဂုံမြို့သစ်က မြို့ပြကြီးတစ်ခုလိုစည်ကားသိုက်မြိုက်နေပါပြီ။ မြို့သစ်စတည်တုန်းက ဆောက်လုပ်နေထိုင်ခဲ့တဲ့ သစ် သားအိမ်လေးက နှစ်ထပ်တိုက်အိမ်တစ်လုံးအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ အိမ်ရှေ့မှာစိုက်ထားခဲ့တဲ့ခရေပင်လေးတွေကလည်း ခရေပင်အိုကြီးတွေဖြစ်လို့နေပါပြီ။ အ မှတ်တရများစွာတွေထဲက တစ်သက်လုံးမေ့မရနိုင်တဲ့အမှတ်တရတစ်ခုကတော့ ဦးတင်အေးရဲ့ရင်ထဲမှာ ယနေ့တိုင်စွဲထင်ကျန်ရစ်နေပါသေးတယ်။
***************************
“သားကြီး……မြောက်ဒဂုံမှာအိမ်ဆောက်ဖို့မင်းပဲဦးစီးပေးကွာ”
“ဟုတ်ကဲ့ အဖေ”
“အိမ်တစ်လုံးစာအတွက်လိုအပ်တဲ့သစ်နဲ့သံကို အစိုးရကသက်သက်သာသာရောင်းပေးလိမ့်မယ်။ ကျန်တဲ့အိမ်တစ်လုံးအတွက် သစ်တွေသံတွေဝယ်ရမှာပေါ့ “
“အိမ်နှစ်လုံးက ဘာလုပ်ဖို့လဲအဖေ။ တစ်လုံးဆိုတော်ရောပေါ့”
“မင်းတို့မောင်နှမနှစ်ယောက်အတွက်လေ။ မင်းတို့မှာ အိုးပိုင်အိမ်ပိုင်ရှိကြလို့လား။ မိသားစုသုံးစု တစ်အိမ်တည်းပေါင်းနေတယ်ဆိုတာ အဆင်မပြေဘူးကွ။ အိမ်ထောင်ကျရင် အိုးခွဲ၊ အိမ်ခွဲနေကြတာအကောင်းဆုံးပဲ။ ခြေရင်းဘက်မှာ အငယ်မနေ။ ခေါင်းရင်းဘက်ကိုမင်းတို့ယူလိုက်။ အငယ်မက သစ်ဖိုးတွေပေးလိမ့်မယ်။ မင်းတို့ အိမ်အတွက် ငါလည်းနိုင်သလောက်စိုက်ထည့်ပေးမယ်”
“မြောက်ဒဂုံတော့မနေချင်ပါဘူးအဖေရာ။ သွားရေးလာရေးခက်တယ်။ ခြောက်ကပ်ပြီး ဘာမှမရှိဘူးအဖေရ”
“မြို့သစ်စတည်ခါစကဒီလိုပဲလေကွာ။ မြောက်ဥက္ကလာတည်တုန်းကလည်း ဒီလိုပဲပေါ့။ ရွှံ့တွေဗွက်တွေထဲမှာ ကျွဲရုန်း၊ နွားရုန်းသလိုရုန်းခဲ့ကြရတာ။ လိုင်း ကားဆိုတာ သုံးနာရီမှ တစ်စီးလောက်လာတာ။ မင်းတို့မောင်နှမနှစ်ယောက် တစ်ယောက်တစ်အိမ်စီနေကြပေါ့”
“အဖေ့သဘောပဲ….”
စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ကိုတင်အေးကိုကြည့်ပြီး ဖခင်ဖြစ်သူဦးအောင်ကျော် ခေါင်းတခါခါဖြစ်နေပါတယ်။
“တစ်နေ့ကျရင် ငါ့စေတနာကိုမင်းနားလည်လိမ့်မယ်သားကြီး။ မြေကွက်တစ်ခုရဖို့ဆိုတာ မလွယ်ဘူးကွ။ အိမ်ငှားနေရတဲ့မိသားစုတွေကိုအရင်ကြည့်။ သူ တို့မှာ အိမ်လခအတွက်ပူရတယ်။ အိမ်ရှင်မျက်နှာကြည့်နေရတယ်။ မင်းတို့မှာ လင်ယူ၊ မယားယူပြီး မိဘအိမ်ပေါ်အဆင်သင့်တက်နေရုံပဲ။ ဘာမှပူစရာမလိုဘူး။ မိဘ တိုင်းက သားသမီးတွေကိုရင်အုပ်မကွာထားချင်ကြတာချည်းပဲ။ ဒါပေမယ့် အိမ်ထောင်ကွဲသွားရင် ကိုယ့်အိမ်နဲ့ကိုယ်နေကြတာအကောင်းဆုံးပဲ။ မင်းတို့လင်မယားချင်း စကားပဲများများ၊ ရန်ပဲဖြစ်ဖြစ်၊ မိဘတွေရှိနေတော့ မင်းတို့လည်းအဆင်မပြေဘူး။ ငါတို့လည်းနေရခက်တယ်။ မြေကွက်ရတယ်ဆိုတာ ထီပေါက်တာပဲကွသားကြီးရ။ သေဖို့တောင် မြေနေရာမလွယ်တဲ့ခေတ်ကြီးမှာ နေဖို့မြေကွက်ရတယ်ဆိုတာ ထီပေါက်တာထက်ကံကောင်းသေးတယ်။ ထီပေါက်ရင်တောင် မြေတစ်ကွက်ဝယ်နိုင်ချင် မှဝယ်နိုင်ဦးမယ်။ အစိုးရက မြေကွက်ရတဲ့ငါတို့ဝန်ထမ်းတွေကို တစ်သိန်းစီထုတ်ပေးထားတယ်ကွ။ မဆောက်ရင် မြေကွက်ပြန်သိမ်းမယ်တဲ့။ နောက်ဆို အဲဒီမြေကွက် တွေဈေးတက်လာတော့မှာ။ အဲဒီအခါကျမှ လိုချင်ပါတယ်ဆိုရင် အနားတောင်ကပ်နိုင်မှာမဟုတ်ဘူး”
“ဟုတ်ကဲ့ပါအဖေရာ။ နေဆိုလည်းနေပါ့မယ်”
“မင်းတို့ကိုနှင်ချနေတာမဟုတ်ဘူးနော်သားကြီး။ မနေချင်လည်း အိမ်ဆောက်ပြီး ဒီအတိုင်းထားလိုက်ရုံပဲ”
“ကျွန်တော်မနေချင်လို့ပြောနေတာမဟုတ်ဘူးအဖေ။ အဖေ့မြေးနှစ်ကောင် ကျောင်းတက်ဖို့ခက်မယ်။ ညရေးညတာ နေထိုင်မကောင်းရင် ဆေးရုံသွားဖို့၊ ဆေးခန်းပြဖို့ဘယ်လိုလုပ်မလဲ။ အဲဒါကိုကျွန်တော်စိတ်ပူတာ”
“ချက်ချင်းနေရမယ်လို့မပြောပါဘူး။ မြို့အင်္ဂါရပ်နဲ့ညီပြီဆိုမှ နေကြဖို့ပြောနေတာ”
“ကျွန်တော်နားလည်ပြီအဖေ။ ဘယ်နေ့စလုပ်ရမှာလဲ”
“မနက်ဖြန်ငါနဲ့လိုက်ခဲ့”
“ဟုတ်ကဲ့အဖေ….”
အမှန်ပြောရရင်တော့ ကိုတင်အေးက မြောက်ဒဂုံမှာမနေချင်ပါ။ မြောက်ဥက္ကလာပမှာမွေး၊ မြောက်ဥက္ကလာပမှာကြီးပြင်းလာခဲ့သူမို့ အခြေတကျဖြစ်နေတဲ့ နေရာမှာပဲဆက်နေချင်ပါတယ်။ သားနှစ်ယောက်ရဲ့ပညာရေး။ ကျန်းမာရေးကိုလည်းကြည့်ရပါတယ်။ မြို့သစ်တည်တယ်ဆိုတာ သိကြားမင်းဖန်ဆင်းသလို နေ့ချင်းည ချင်းစည်ပင်သွားတာမျိုးမှမဟုတ်တာ။ ပထမဆုံးကြုံတွေ့ရမှာက သွားရေးလာရေးနဲ့ ကျန်းမာရေးကိစ္စပါ။ သားနှစ်ယောက်က မွေးကတည်းကချူချာလွန်းလို့ တစ်လ သုံးကြိမ်လောက်ဆေးခန်းပြေးရတော့ ကိုတင်အေးစိုးရိမ်နေတာပါ။ မြောက်ဥက္ကလာဆိုတာ မွေးကတည်းကနေလာတာဆိုတော့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ လည်းပေါပါတယ်။ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေပလူပျံနေတော့ သူငယ်ချင်းတွေနဲ့သောက်စားတတ်တဲ့ကိုတင်အေးအတွက် မြောက်ဥက္ကလာသာ ပိုအဆင်ပြေပါတယ်။ ဒါကြောင့်လည်း ဖခင်ပြောသလို အိမ်ဆောက်ပြီးပစ်ထားလိုက်ရုံသာရှိပါတော့တယ်။
***********************
ခြောက်သွေ့နေတဲ့လယ်ကွင်းတွေကိုဖြတ်တိုက်လာတဲ့လေက ကိုတင်အေးကိုတိုးဝှေ့ကျီစယ်သွားကြတယ်။ အရိပ်အာဝါသရနိုင်မယ့်သစ်ပင်ဆိုလို့ တစ်ပင် တစ်လေတောင်မရှိတာကြောင့် သစ်ပုံကိုမိုးထားတဲ့ဓနိမိုးအောက်မှာထိုင်နေရပါတယ်။ နေဒဏ်ကိုမခံရပေမယ့် လေပူဒဏ်ကိုတော့ကောင်းကောင်းခံရပါတယ်။ ဖောက်လုပ်ထားတဲ့မြေနီလမ်းကဖုန်တထောင်းထောင်းထပြီး လေပူနဲ့အတူရောပါလာတော့ အသက်ရှူရတာမွန်းကျပ်လွန်းပါတယ်။ အပူဒဏ်ကိုမမှုနိုင်ဘဲ ဝမ်းစာ ရေးအတွက် အိမ်ဆောက်နေကြရှာတဲ့လက်သမားဆရာတွေကိုအားနာပေမယ့်မတတ်နိုင်ပါ။ အပြင်ကလေပူထက် ရင်ထဲကလေပူကပိုပူပြင်းတာမို့ မှုတ်ထုတ်လိုက်ရပါ တော့တယ်။
“ဝှူး…………….ပူလိုက်တာဟေ့……..”
ယပ်တောင်ခတ်ရင်းညည်းတွားနေတဲ့ကိုတင်အေးကို လက်သမားဆရာတွေကကြည့်ပြီးသဘောကျနေကြပေမယ့် ကိုတင်အေးကတော့ ဂရုမစိုက်နိုင်ပါ။ သည်ပုံအတိုင်းနဲ့ မြောက်ဒဂုံမှာဘယ်လိုမှမနေနိုင်ကြောင်း သဘောပေါက်နေပါပြီ။
“လောလောဆယ်တော့ အရိပ်အာဝါသမရှိသေးလို့ပူတာပေါ့ဆရာရယ်။ အရိပ်ရမယ့်သစ်ပင်တွေအခုကတည်းကစိုက်ထားလိုက်ရင် နောက်ဆယ်နှစ်ဆို အ ရိပ်ရပြီပေါ့”
လက်သမားခေါင်းဆောင် ကိုမန်းအောင်က ရေနွေးကြမ်းလာသောက်ရင်းနှစ်သိမ့်ပေမယ့် ကိုတင်အေးဘဝင်မကျနိုင်ပါ။ သည်လိုနေရာမျိုးမှာသာနေရပါက ကိုယ်ရောစိတ်ပါ ချုံးချုံးကျသွားနိုင်ပါတယ်။
“စည်ပင်ကတော့ သစ်ပင်တွေစိုက်ဖို့ပေးမယ်လို့ကြားတယ်ဆရာ”
“သစ်ပင်စိုက်တာကတော့လွယ်ပါတယ်ဗျာ။ ဘယ်မှာလဲ ရေ။ လူသုံးဖို့တောင်ရေမရှိတာ သစ်ပင်ကိုရေဘယ်လိုလောင်းရမှာလဲ”
“အဝီစိတူးရတယ်လေဆရာ။ ဟိုဘက်ခြမ်းကအိမ်ဆို အဝီစိတောင်တူးပြီးသွားပြီ။ ကျွန်တော်တို့ရေချိုးရင် အဲဒီမှာပဲသွားချိုးရတာ”
“အော……အဝီစိရေပါတူးရမှာပေါ့”
“အဝီစိတွင်းမတူးလို့မရဘူးဆရာ”
“တူးဖို့လိုရင်လည်းတူးရတော့မှာပေါ့ဗျာ”
“နောက်တစ်အိမ်အတွက်လိုအပ်တဲ့သစ်တွေဘယ်တော့ဝယ်မှာလဲဆရာ”
“အဖေ့ကိုမေးလိုက်ဦးမယ်ဗျာ။ ကျွန်တော့်သဘောနဲ့ဆို မြန်မြန်ဝယ်ပြီး မြန်မြန်ဆောက်ပစ်လိုက်ချင်တယ်”
“ဆရာလာစရာမလိုပါဘူးဗျာ။ ကျွန်တော့်ကိုစိတ်ချလက်ချလွှဲထားလို့ရပါတယ်ဆရာရယ်”
“ကျွန်တော်ကမလာချင်ပါဘူးဗျာ။ ဘိုးတော်ကြီးက လိုအပ်တာပြောဖို့လာခိုင်းလို့လာနေရတာ။ ဒီလောက်ပူတဲ့နေရာ ဘယ်လာချင်ပါ့မလဲ”
“ဟား…ဟား…….။ နောက်ဆိုအသားကျသွားမှာပါဆရာရဲ့”
“မနေချင်ပါဘူးဗျာ။ နေလို့လည်းမဖြစ်ပါဘူး။ မြောက်ဥက္ကလာကနေဒီကိုလာတာ ငမိုးရပ်ချောင်းကိုလှေနဲ့ဖြတ်လာရတာဗျ။ ဒီဘက်ရောက်တော့ သုံးလေး မိုင်လောက်လမ်းလျှောက်ရသေးတယ်။ လိုင်းကားတွေပြေးဖို့က တော်တော်နဲ့အဆင်ပြေဦးမှာမဟုတ်ဘူး”
“စစချင်းတော့ဒီလိုပါပဲ။ နောက်ဆိုစည်ကားသွားမယ်ဗျ။ တောင်ဥက္ကလာနဲ့မြောက်ဥက္ကလာကြားထဲမှာဆိုတော့ အကွက်အကွင်းကျတယ်”
“နွေရာသီမှာပူမယ်၊ မိုးရာသီမှာရေလျှံလိမ့်မယ်ဗျ။ ကျွန်တော်ပြောတာမယုံရင်စောင့်ကြည့်။ လယ်မြေတွေဆိုတော့ ဗွက်ထဲနွံထဲရုန်းပေတော့ပဲ။ ကံမ ကောင်းရင် အိမ်ပေါ်အထိမြွေတက်ပေါက်လိမ့်မယ်။ အိမ်တိုင်တူးလို့ရွှေထွက်ပါတယ်ဆိုရင်တောင် မနေဘူးကိုယ့်ဆရာရေ…”
“ဟား….ဟား……”
လက်သမားခေါင်းဆောင် ကိုမန်းအောင်က ပါးစပ်ထဲကိုကွမ်းယာမထည့်ခင် အားရပါးရရယ်မောလိုက်ပါတော့တယ်။
**********************
“ဆရာ……သစ်ဟောင်းတွေသုံးမလို့လား။ ကြာကြာမခံဘူးနော်”
“ကြာကြာမခံတာတော့ကျွန်တော်လည်းသိတာပေါ့ကိုယ့်ဆရာရေ့။ ကျွန်တော်တို့လည်း ဝန်ထမ်းတွေဆိုတော့ မတတ်နိုင်ဘူးဗျာ”
“နားလည်ပါတယ်ဆရာ။ ဆောက်ဆိုရင်တော့ဆောက်ပေးရမှာပေါ့။ ဆရာတို့နှစ်ခါကုန်မှာစိုးရိမ်လို့ပြောတာပါ”
“နောက်ဆောက်မယ့်အိမ်က ကျွန်တော်နေဖို့အတွက်။ အရင်ဆောက်တဲ့အိမ်ကကျွန်တော့်ညီမနေဖို့။ သစ်ဖိုး၊ သံဖိုးတွေက သူပေးတာ။ ကျွန်တော်လည်း နိုင်သလောက်နဲ့ဆောက်ရမှာဗျ။ နေလို့ရရင်ပြီးရောဗျာ”
“ဪ……။ ဒါကြောင့် ခေါင်းရင်းဘက်ကိုနောက်မှဆောက်တာကိုး”
“ဟုတ်တယ်”
“အဆင်ပြေအောင်လုပ်ပေးပါ့မယ်ဆရာ။ အိမ်ဖျက်သစ်တွေထဲကသစ်ကောင်းတွေရှာထားပေးပါ့မယ်”
“ခင်ဗျားတို့ကပိုသိတော့ အားကိုးပါတယ်ဗျာ။ ဈေးမများရင်ပြီးတာပဲ”
“စိတ်ချပါဆရာ……”
************************
မြောက်ဒဂုံမှာမနေချင်ပေမယ့်လည်း နေခဲ့ရပါတယ်။ ကိုတင်အေးတို့ပြောင်းရွှေ့လာတော့ လိုင်းကားတွေတောင်ဆွဲနေပါပြီ။ ကိုတင်အေးရဲ့ဇနီး မကြည် ကြည်ခင်ကတော့ မြောက်ဒဂုံကအိမ်လေးကိုသဘောကျပါတယ်။ ကိုယ်ပိုင်အိမ်လေးမှာလွတ်လွတ်လပ်လပ်နေရတဲ့အတွက် မကြည်ကြည်ခင်ကပျော်ရွှင်နေပေမယ့် ကိုတင်အေးကတော့ မပျော်နိုင်ပါ။ မှောင်ရိပ်သမ်းလာတာနဲ့ တွင်းအောင်းသတ္တဝါတွေပြေးလွှားသံကြားလာရပြီ။ အလင်းရောင်ဆိုလို့ ကြက်ဥနှစ်သာသာ မီးရောင်ကို သာအားထားနေရတယ်။ တစ်နေ့လုံးပူလောင်အိုက်စပ်လို့ညဘက်များအေးမလားမှတ်တယ်။ ညဘက်ပါ ယပ်တောင်ခပ်ပြီးအိပ်နေရတော့ ဘယ်လိုမှအဆင်မပြေပါ။
ဇနီးနဲ့သားနှစ်ယောက်ကတော့ ဘယ်လောက်ပူပူ အိပ်နိုင်ကြပေမယ့် သောက်တတ်စားတတ်တဲ့ကိုတင်အေးကတော့ အပြင်ပူ၊ အတွင်းပူတော့ အိပ်လို့မရပါ။ အရှေ့ဘက်ကိုမျက်နှာပြုထားတာကြောင့် ညနေဘက်နေကျချိန်မှာအဆင်ပြေပေမယ့် မနက်နေထွက်ချိန်ကစပြီး နေကျချိန်အထိ အပူဒဏ်ကို တော်တော်ခံရပါတယ်။ ဇနီးသည်မကြည်ကြည်ခင်စိုက်ထားတဲ့ အိမ်ရှေ့ကခရေပင်တွေကတော့ လက်တစ်ထွာသာသာပဲရှိသေးလို့ အရိပ်ရဖို့နှစ်အတော်ကြာစောင့်ရပါဦးမယ်။
လူနေတာနည်းသေးတော့ ဓားပြတိုက်ခံရမှာလည်းစိုးရိမ်ရပါတယ်။ လေးအိမ်ကျော်မှာတော့ အစိုးရဌာနကအရာရှိတစ်ယောက်နဲ့မိသားစုရှိနေလို့သာ တော် သေးတယ်လို့ပြောရမယ်။ မနှစ်ကမိုးရာသီမှာ မြွေနှစ်ကောင်က ထုပ်တန်းပေါ်တက်နေပေမယ့် လူမနေသေးလို့ဘာမှမဖြစ်ခဲ့ပါ။ သည်နှစ်မိုးရာသီမှာတော့ သတိထားရ ပါတော့မယ်။
“………………………………”
အိပ်မပျော်သေးတာနဲ့ ယပ်တောင်ခပ်ပြီးတွေးတောနေတဲ့အချိန်မှာ အိမ်ရှေ့နဲ့နောက်ဖေးလျှောက်နေတဲ့ခြေသံကိုကြားလိုက်ရပါတယ်။ ခဏအကြာမှာတော့ နောက်ဖေးက အိုးခွက်သံတွေကြားလိုက်ရလို့ သူခိုးတက်ပြီထင်ပြီး ခြင်ထောင်ထဲကအသာထွက်လိုက်ပါတယ်။ ခေါင်းရင်းတိုင်မှာချိတ်ထားတဲ့ ငှက်ကြီးတောင်ဓားကို ဓားအိမ်ကဆွဲချွတ်ပြီး အခန်းတံခါးဝနားကနေ နားစွင့်နေတဲ့အချိန်မှာပဲ နောက်ဖေးကနေ အိမ်ရှေ့ကိုလျှောက်လာတဲ့ခြေသံကြားလိုက်ရပါတယ်။ သူခိုးဆိုရင် ခြေသံလုံ အောင်လျှောက်မှာဖြစ်ပေမယ့် ကြားနေရတဲ့ခြေသံက ဖနောင့်နဲ့နင်းတဲ့ခြေသံဖြစ်နေတော့ ကိုတင်အေး စဉ်းစားရခက်သွားပါတယ်။
“အစ်ကို………..”
အခန်းတံခါးဝနားမှာရပ်ပြီး ခြေသံကိုနားစွင့်နေတုန်း နောက်ကနေကျောကိုလက်ကုတ်ပြီးခေါ်လိုက်လို့ ကိုတင်အေးလန့်သွားပြီး ကယောင်ကတမ်းအော် လိုက်ပါတယ်။
“အမလေးဗျ…..”
“အမလေး…………”
ကိုတင်အေးအော်လိုက်တော့ မကြည်ကြည်ခင်ပါလန့်ပြီးအော်လိုက်တဲ့အခါ ကလေးနှစ်ယောက်စလုံးနိုးသွားပါတော့တယ်။
“အသံမပေးဘာမပေးနဲ့။ လက်ထဲမှာဓားကိုင်ထားတာကွ။ မတော်လို့ခုတ်မိရင်ဘယ်လိုလုပ်မလဲ”
“သိမှမသိပဲ။ အစ်ကိုရပ်နေတာမြင်လို့ ထွက်လာကြည့်တာ”
“အခန်းထဲမှာပဲနေ။ အပြင်ထွက်ကြည့်လိုက်ဦးမယ်”
“ဘာဖြစ်လို့လဲအစ်ကို…”
“ခြေသံကြားလို့ကွ…..”
“ဟယ်……”
“မေမေ…………..”
“ကလေးတွေကိုအိပ်ရာထဲခေါ်သွားစမ်းပါ”
“ဟုတ်ကဲ့အစ်ကို….”
မကြည်ကြည်ခင်က သားနှစ်ယောက်ကိုအိပ်ရာထဲခေါ်သွားတဲ့အခါ ကိုတင်အေးက ငှက်ကြီးတောင်ဓားကိုအသင့်အနေအထားနဲ့ကိုင်ထားပြီး အိမ်ရှေ့ခန်းကို သွားကြည့်ပါတယ်။ အိမ်ရှေ့ခန်းမှာ ဘာမှမထူးခြားလို့ အိမ်နောက်ဖေးကိုသွားကြည့်တဲ့အခါမှာတော့ ထမင်းအိုးနဲ့ဟင်းအိုးတွေမှောက်နေတာမြင်လိုက်ရပါတော့တယ်။
ခွေးတွေကြောင်တွေမရှိပေမယ့် မြေကြွက်ကြီးတွေသောင်းကျန်းတတ်လို့ ထမင်းအိုးနဲ့ဟင်းအိုးတွေကို ကြောင်အိမ်ထဲထည့်ထားလေ့ရှိပါတယ်။ ဒီနေ့မှ ကြောင်အိမ်ထဲကိုထည့်ဖို့မေ့သွားလို့ အခုလိုဖြစ်သွားခဲ့တာပါ။ အိုးခွက်တွေမှောက်သွားတာက မြေကြွက်ကြီးတွေရဲ့လက်ချက်လို့ဆိုနိုင်ပေမယ့် ကြားခဲ့ရတဲ့ခြေသံက တော့ မြေကြွက်ပြေးတဲ့အသံမဟုတ်တာသေချာပါတယ်။ ဖနောင့်နဲ့နင်းပြီး တဒုန်းဒုန်းလျှောက်သွားတဲ့ခြေသံက ကိုတင်အေးနားထဲကမထွက်သေးပါ။
“အစ်ကို……..ဘာမှမရှိရင်လာခဲ့တော့လေ”
“အေးပါဟ…..ဘာဖြစ်နေတာလဲ…”
“စိတ်ပူလို့ပါ”
“ကြွက်တွေသောင်းကျန်းသွားတာ ထမင်းအိုးနဲ့ဟင်းအိုးတွေမှောက်ကုန်ပြီဟ”
“ဟင်………။ ကျွန်မလာခဲ့မယ်….”
ခဏနေတော့ မကြည်ကြည်ခင်က ကလေးနှစ်ယောက်နဲ့အတူ အိမ်နောက်ဖေးမီးဖိုဆောင်ကိုရောက်လာခဲ့ပါတယ်။
“ဟယ်တော်……ကုန်ပါပြီ………….။ မနက်ဖြန်အတွက်ကြိုပြီးချက်ထားတာ”
ကိုတင်အေးက ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့ထမင်းတွေနဲ့ဟင်းတွေကိုနှမြောတသစွာနဲ့ကြည့်နေတဲ့ဇနီးသည်ကို ဖြေသိမ့်မပေးနိုင်ဘဲ အကျိုးအကြောင်းကို ဆက်စပ်တွေးတောနေပါတယ်။ ခြေသံကြားပြီး အိုးခွက်တွေမှောက်ကျသွားပေမယ့် လူသူအရိပ်အယောင်တောင်မမြင်ရတာ ကိုတင်အေး ဘဝင်မကျဖြစ်နေပါတယ်။
“အစ်ကို…..ကလေးတွေကိုခဏခေါ်ထား။ ကျွန်မ ဒါတွေရှင်းလိုက်ဦးမယ်”
“ငါပဲရှင်းလိုက်ပါ့မယ်။ ကလေးတွေကိုသိပ်ပြီးအိပ်တော့”
“ရပါတယ်အစ်ကိုရဲ့။ ကျွန်မရှင်းလိုက်ပါ့မယ်။ ဟင်းတွေနှမြေစရာကြီး။ ဟင်းတုံးတွေကိုရေဆေးပြီးပြန်ချက်လို့ရသေးတယ်”
“သွားလို့ပြောနေတာသွားတော့ဟာ။ ငါပဲရှင်းလိုက်မယ်”
လေသံမာမာနဲ့တောင်မပြောဖူးဘူးတဲ့ကိုတင်အေးကို မကြည်ကြည်ခင်က နားမလည်နိုင်သလိုလှည့်ကြည့်ပြီးကလေးနှစ်ယောက်ကိုတစ်ဖက်စီဆွဲကာအခန်း ထဲကိုဝင်သွားပါတယ်။
မကြည်ကြည်ခင်နဲ့ကလေးနှစ်ယောက် အခန်းထဲဝင်သွားတော့မှ တံမြက်စည်းယူပြီး ကြမ်းပြင်ပေါ်ကထမင်းနဲ့ဟင်းတွေကို လှဲကျင်းပါတော့တယ်။ ကလေး တွေကျောင်းစပိတ်ကတည်းက သည်အိမ်ကိုပြောင်းလာခဲ့ကြတာ အခုဆိုတစ်လကျော်လို့နှစ်လနီးပါးရှိခဲ့ပါပြီ။ ကြွက်တွေသောင်းကျန်းတာကလွဲလို့ အခုလိုခြေသံမျိုး တစ်ခါမှမကြားဖူးခဲ့တော့ ကိုတင်အေးရဲ့စိတ်ထဲမှာ သို့လောသို့လောဖြစ်နေမိပါတယ်။ အိမ်သစ်တက်တုန်းက ဆွမ်းကျွေးပြီး ကမ္မဝါရွတ်တာလုပ်ခဲ့ပါတယ်။ အိမ်မ ဆောက်ခင်ကလည်း အထက်ဂိုဏ်းဆရာတွေနဲ့မြေသန့်တာလုပ်ခဲ့ပါတယ်။ အရင်နေ့တွေကလည်း ပူလောင်အိုက်စပ်လို့ သန်းခေါင်းကျော်မှအိပ်ပျော်ခဲ့ပေမယ့် ဘာသံမှ မကြားခဲ့ရပါ။ ယနေ့ညမှကြားရတာကတော့ ထူးဆန်းနေပါတယ်။
ကြမ်းပြင်ပေါ်က ထမင်းတွေ၊ ဟင်းတွေကိုလှဲကျင်းပြီး ရေဝတ်နဲ့သုတ်သင်ရှင်းလင်းနေချိန်မှာ ကြက်သီးမွေးညင်းတွေအလိုလိုထသွားတယ်။ ကိုတင်အေးက လူစင်စစ်ကိုမကြောက်ပေမယ့် သရဲတစ္ဆေကိုတော့ကြောက်ပါတယ်။ အလိုလိုကြက်သီးထတာက အနီးအနားမှာမကောင်းဆိုးဝါးတစ်ကောင်ရှိနေလို့ဆိုတာကြားဖူး ထားတော့ လုပ်လက်စအလုပ်ကိုပစ်ထားလိုက်ပြီး အိပ်ခန်းထဲကိုအမြန်ဝင်သွားပါတော့တယ်။
အခန်းထဲကိုရောက်တော့ ခြင်ထောင်ထဲမဝင်သေးဘဲ အပြင်မှာခဏထိုင်နေပါတယ်။ မကြည်ကြည်ခင်က မအိပ်သေးဘဲ ကလေးနှစ်ယောက်ကို ယပ်တောင် တစ်ချောင်းနဲ့ယပ်ခတ်ပြီးသိပ်နေပါတယ်။
“အစ်ကို…ဆေးလိပ်ခိုးသောက်လာတာလား…..”
“မသောက်ပါဘူးကွ……”
ကိုတင်အေး ဆေးလိပ်ဖြတ်ထားတာ တစ်နှစ်ကျော်ပါပြီ။ လူပျိုပေါက်အရွယ်ကတည်းကသောက်လာတဲ့ဆေးလိပ်ကိုဖြတ်လိုက်ရတာက နှလုံးအားနည်းတဲ့ သားအငယ်ကြောင့်ပါ။
“အစ်ကိုဝင်လာတာ အခန်းထဲမှာဆေးလိပ်နံ့တွေရတယ်”
“ငါဆေးလိပ်ပြတ်တာတစ်နှစ်ပဲကျော်နေပြီ။ ခိုးသောက်စရာလား။ မင်းသာအနံ့ရတာ။ ငါတော့ ဘာနံ့မှမရဘူး”
မကြည်ကြည်ခင်က ခြင်ထောင်ထဲမှကိုယ်တစ်ပိုင်းထွက်လာပြီး ကိုတင်အေးရဲ့လက်နှစ်ဖက်ကိုယူနမ်းကြည့်ပါတယ်။
“အင်း…..အစ်ကို့လက်မှာလည်းဆေးလိပ်နဲ့မရပါဘူး။ ခုနက အခန်းထဲကိုအစ်ကိုဝင်လာလာချင်း စီးကရက်နံ့တွေရလိုက်တယ်”
“ငါမှ စီးကရက်မကြိုက်တာ…”
“ဟုတ်တယ်…..။ အစ်ကိုက ဆေးပေါ့လိပ်ပဲသောက်ခဲ့တာ။ အခုတော့ အနံ့ပျောက်သွားပြီ”
“အပြင်ကလမ်းသွားလမ်းလာတစ်ယောက်ယောက်သောက်လို့ အနံ့ဝင်လာတာနေမှာပါကွာ..”
ဇနီးသည်ကိုပြောလိုက်ရပေမယ့် ကိုတင်အေးရဲ့စိတ်ထဲမှာ တစ်မျိုးတစ်မည်ဖြစ်သွားခဲ့ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ဆိုတာစဉ်းစားနေလည်း ထူးမ လာတော့မှာမို့ အိပ်ရာထဲကိုဝင်လိုက်ပါတော့တယ်။
*********************
သည်နေ့မှ ကားပျက်တာကြောင့် ရုံးအပြန်နောက်ကျခဲ့တယ်။ ညနေခုနစ်နာရီထိုးတဲ့အထိ မြောက်ဒဂုံကိုသွားမယ့်လိုင်းကားလည်းမရှိတာနဲ့ မြောက်ဥက္က လာ အဝိုင်းကြီးကနေ လမ်းလျှောက်ပြန်ခဲ့ရပါတယ်။ ဦးဝိစာရလမ်းပေါ်ရောက်မှ အုတ်သယ်ကားနဲ့တွေ့လို့ အကူအညီတောင်းပြီးလိုက်ခဲ့တော့မှ အိမ်ကိုချောချောမော မောပြန်ရောက်ခဲ့ပါတယ်။ အိမ်ကိုရောက်ရောက်ချင်း အိမ်တံခါးသော့ခတ်ထားတာတွေ့လိုက်ရတော့ ကိုတင်အေးရင်ထဲအပူလုံးဆို့သွားခဲ့ပါတော့တယ်။ ပင်ပန်းတာ ရော၊ စိတ်ပူတာရယ်ရောကြောင့် အားအင်ကုန်ခမ်းသွားသလိုခံစားရပြီး မိုက်ခနဲမူးဝေသွားပါတယ်။
“နောင်ကြီး……….”
ခြံဝကခေါ်သံကြားလိုက်ရလို့ နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ လေးအိမ်ကျော်မှာနေထိုင်တဲ့ အစိုးရဌာနကအရာရှိဖြစ်နေပါတယ်။
“ဟုတ်ကဲ့ခင်ဗျ…….”
“ကျွန်တော် မျိုးမင်းအောင်ပါ။ ဖိုးပါလို့လည်းခေါ်ပါတယ်”
“ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် တင်အေးပါ”
“တွေ့ရတာဝမ်းသာပါတယ်ကိုတင်အေး။ ခင်ဗျားရဲ့အမျိုးသမီးက ခင်ဗျားပြန်လာရင်းစာနဲ့အိမ်သော့ပေးပြီးအကျိုးအကြောင်းပြောဖို့မှာသွားလို့ ခင်ဗျားကို စောင့်နေတာ”
“ဟုတ်လား….။ သူတို့ဘယ်သွားကြသလဲခင်ဗျ”
“ခင်ဗျားရဲ့သားအငယ်ဝမ်းလျှောလို့ မြောက်ဥက္ကလာကိုသွားတယ်။ စိတ်မပူနဲ့လို့ပြောတယ်ဗျ”
“ကျေးဇူးတင်ပါတယ်ခင်ဗျာ…..။ ဒီနေ့မှ ကားပျက်လို့ နောက်ကျသွားတယ်။ အဝိုင်းကြီးကနေ လမ်းလျှောက်လာခဲ့တာ ဦးဝိစာရလမ်းပေါ်ရောက်မှ အုတ် ကားတစ်စီးကိုအကူအညီတောင်းပြီးလိုက်လာခဲ့ရတာ။ အားနာလိုက်တာဗျာ”
“ရပါတယ်ဗျ၊ အားနာစရာမလိုပါဘူး။ အကူအညီလိုတာရှိရင်ပြောပါခင်ဗျ”
“သူတို့ ဘယ်အချိန်လောက်ကသွားကြတာလဲခင်ဗျ”
“ကျွန်တော်လည်းမသိဘူးဗျ။ ခင်ဗျားအမျိုးသမီးက ကျွန်တော့်အမျိုးသမီးကိုမှာသွားခဲ့တာ။ ကျွန်တော်ရုံးကပြန်ရောက်တာနဲ့ ရေချိုးပြီး ခင်ဗျားကိုထိုင် စောင့်နေတာ။ ကျွန်တော့်ကိုခွင့်ပြုပါဦး”
“ဟုတ်ကဲ့ခင်ဗျ….ဟုတ်ကဲ့….”
ဦးမျိုးမင်းအောင်ဆီကစာအိတ်နဲ့သော့ကိုအမြန်ယူပြီးစာအိတ်ကိုဖွင့်ဖတ်ကြည့်လိုက်တဲ့အခါ သားငယ်လေးဝမ်းလျှောလို့ မြောက်ဥက္ကလာက ပြနေကျဆေး ခန်းကိုသွားတဲ့အကြောင်းနဲ့ နောက်ကျရင်မြောက်ဥက္ကလာမှာပဲအိပ်လိုက်တော့မယ့်အကြောင်းဖတ်လိုက်ရမှသာ စိတ်အေးသွားရပါတော့တယ်။
စာဖတ်ပြီးတာနဲ့ အိမ်တံခါးသော့ဖွင့်ပြီးအိမ်ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ စီးကရက်နံ့က နှာခေါင်းထဲကိုပြေးဝင်လာပါတယ်။ အိမ်ထဲမှာ ဘယ်သူမှမရှိဘဲ စီးက ရက်နံ့ရတယ်ဆိုကတည်းက တစ်ခုခုမှားနေပြီဆိုတာ သတိထားလိုက်မိလို့ အိမ်အောက်ကိုပြန်ဆင်းပြီး ရေကပြင်နားက သစ်သားချောင်းတစ်ခုကိုကောက်ယူလိုက် တယ်။ အိမ်ပေါ်မတက်သေးဘဲ ညီမဖြစ်သူနေထိုင်ဖို့ဆောက်ထားတဲ့အိမ်ကိုကြည့်လိုက်ပါသေးတယ်။ အိမ်တံခါးက လက်ရာခြေရာမပျက်ရှိနေသေးတော့ အိမ်နှစ်အိမ် ကြားထဲကိုဝင်ပြီး အိမ်နံရံကိုနားနဲ့ကပ်ပြီးနားထောင်ကြည့်ပါတယ်။ အိမ်ထဲက ဘာသံမှမကြားရတော့မှ အိမ်ပေါ်ကိုတက်သွားပါတော့တယ်။
အိမ်ပေါ်ရောက်တော့ အိမ်ရှေ့မီးကိုဖွင့်လိုက်တဲ့အခါ မီးမလာတော့ ပင်ပန်းတာရယ်၊ စိတ်ပူရတာတွေရယ်ကြောင့် ဒေါသထောင်းကနဲထွက်သွားပါတယ်။
“တောက်…….တစ်နေ့လုံး ဘာတစ်ခုမှအဆင်မပြေဘူးကွ”
ရုံးလက်ဆွဲအိတ်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး အိမ်ရှေ့ကပြူတင်းပေါက်နှစ်ပေါက်ကိုဖွင့်လိုက်ပါတယ်။ ပြူတင်းပေါက်နှစ်ပေါက်ဖွင့်လိုက်ပေမယ့် အပြင်မှာ လည်းမှောင်စပြုနေတော့ အလင်းရောင်မရတာကြောင့် ဘုရားစင်ပေါ်တင်ထားတဲ့ဖယောင်းတိုင်ထုပ်ထဲကဖယောင်းတိုင်တစ်တိုင်ထုတ်ပြီး မီးညှိလိုက်ပါတယ်။ ဖ ယောင်းတိုင်ထွန်းလိုက်တော့မှပဲ အဆင်ပြေသွားပါတော့တယ်။
********************
ရေချိုးပြီးတဲ့နောက် အိမ်ရှေ့ခန်းမှာထိုင်ပြီး ဘီအီးဒီစီအရက်ကို ပဲကြီးလှော်သုပ်နဲ့မြည်းရင်း ရေဒီယိုလေးတစ်လုံးနဲ့ တစ်နေ့လုံးပင်ပန်းခဲ့သမျှအတိုးချပြီး အ နားယူပါတယ်။ မနက်ဖြန်တနင်္ဂနွေနေ့အလုပ်ပိတ်ရက်ဆိုတော့ မနက်စောစောထပြီး ဇနီးနဲ့သားနှစ်ယောက်ဆီကိုလိုက်သွားဖို့စီစဉ်ထားပါတယ်။
ညရှစ်နာရီသတင်းက ဘာမှမထူးခြားလို့ ရေဒီယိုပိတ်လိုက်ပြီး အရက်ခွက်ထဲအရက်ငှဲ့ထည့်လိုက်တဲ့အချိန်မှာပဲ ရေဒီယိုကပြန်ပွင့်လာတယ်။ ငယ်သူငယ် ချင်းသင်္ဘောသားတစ်ယောက် လက်ဆောင်ပေးထားတဲ့ Sanyo ( ဆန် ညို ) အမျိုးအစား ဓာတ်ခဲရေဒီယိုလေးက နှစ်နှစ်ကျော်သုံးနှစ်နီးပါးရှိပေမယ့် ချို့ယွင်းမှုမရှိဘဲ အကောင်းပကတိရှိနေဆဲပါ။ ခလုပ်ကိုသေသေချာချာမပိတ်မိလို့ပြန်ပွင့်တယ်ထင်မှတ်ပြီး ပြန်ပိတ်လိုက်တော့မှ ရေဒီယိုလည်းပိတ်သွားပါတော့တယ်။
ပဲကြီးလှော်သုပ်လေးစားလိုက်၊ ဘီအေးဒီစီလေးကျိုက်လိုက်နဲ့ ဇရက်မင်းစည်းဇိမ်ခံစားနေလိုက်တာ အချိန်တောင်သတိမထားမိလိုက်ပါ။ အိမ်ခေါင်မိုးပေါ် ကို ပစ္စည်းတစ်ခုခုကျသံကြားမှပဲ သတိပြန်ဝင်လာပါတော့တယ်။
“ဒုန်း…………….”
သွပ်ခေါင်မိုးပေါ်ကျတဲ့အသံက အတော်လေးကျယ်ပါတယ်။ အုန်းသီးကြွေတယ်ဆိုရအောင်ကလည်း ခြံထဲမှာရော ဘေးအိမ်တွေကခြံထဲမှာပါ အုန်းပင်ဆိုလို့ အပင်ပေါက်တောင်မရှိပါ။ အုတ်ခဲကျိုးနဲ့ပစ်တယ်ဆိုရင်လည်း ခေါင်မိုးပေါ်ကျပြီးတာနဲ့ လိမ့်ကျလာတဲ့အသံကိုကြားရမှာပါ။ သည်ရပ်ကွက်မှာက လူနေတာအတော် နည်းပါးပါသေးတယ်။ ညနေခြောက်နာရီဆိုတာနဲ့ တောနက်ထဲကိုရောက်နေသလို အကောင်ပလောင်အသံတွေကလွဲလို့ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ ကားလမ်း မကြီးရဲ့ဘေးမှာဆိုပေမယ့် ကားအသွားအလာ၊ လူအသွားအလာအတော်နည်းပါးပါတယ်။
ရှိုးကေ့စ်ဗီရိုပေါ်တင်ထားတဲ့စားပွဲတင်နာရီကိုကြည့်လိုက်တော့ နာရီလက်တံတွေက ဆယ့်တစ်နာရီထိုးဖို့ဆယ်မိနစ်သာလိုတော့ကြောင်းညွှန်ပြနေကြတယ် ။ သည်လိုအချိန်မှာ အိမ်ခေါင်မိုးပေါ်တစ်ခုခုကျတယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စမို့ စဉ်းစားစရာပါ။ ခွက်ထဲကလက်ကျန်အရက်ကိုလက်စသတ်မော့ချလိုက်ပြီး ထမင်း စားဖို့ ထိုင်ရာကနေထလိုက်တဲ့အချိန်မှာ အိမ်ရှေ့တံခါးခေါက်သံကြားလိုက်ရလို့ ထိုင်ရမလို၊ ထရမလိုဖြစ်သွားပါတယ်။
“ဒေါက်…..ဒေါက်….ဒေါက်…..”
“ဘယ်သူလဲ………”
သည်လိုအချိန်မှာ အိမ်ကိုအလည်လာမယ့်သူမရှိဘူးဆိုတာသိနေတော့ ကိုတင်အေး ကြက်သီးဖြန်းဖြန်းထသွားခဲ့ပါတယ်။
တံခါးခေါက်သံငြိမ်သက်သွားပေမယ့် မငြိမ်သက်တာကတော့ နံရံပေါ်မှာပေါ်လာတဲ့အရိပ်တစ်ခုပါပဲ။ ငြိမ်သက်နေတဲ့ဖယောင်းတိုင်မီးညွန့်နဲ့ နံရံပေါ်ကလှုပ် ရှားနေတဲ့ပုံရိပ်ဟာ ဘယ်လိုမှမဟပ်စပ်တာ ကိုတင်အေး သဘောပေါက်လိုက်မိတယ်။ သောက်ထားတဲ့အရက်တန်ခိုးက ဘယာနက ကြောက်ရွံ့ထိတ်လန့်ခြင်းတွေကို ဖယ်ရှားပစ်နိုင်တယ်ဆိုတဲ့စကားက ကိုတင်အေးအတွက်မဟုတ်လောက်ပါ။ နံရံပေါ်ကပုံရိပ်ဟာ လက်ကားယား ခြေကားယားနဲ့ရုန်းကန်နေတဲ့လူတစ်ယောက်လိုဖြစ် နေတော့ ကိုတင်အေးကြောက်ရွံ့ပြီး ချွေးစေးတွေပြန်လာပါတယ်။ ဆက်မကြည့်ချင်တော့လို့ ဖယောင်းတိုင်ကိုငြိမ်းသတ်ပစ်ဖို့ကလည်းအမှောင်ထဲမှာမနေရဲပါ။ အရိပ် ရှိနေတဲ့နံရံက အိမ်အလယ်ခန်းဝင်ပေါက်နားမှာဆိုတော့ အိမ်နောက်ဖေးကိုသွားဖို့လည်းခက်နေပါတယ်။ အရိပ်ကြီးကိုဆက်မကြည့်ရဲတော့တာနဲ့ ပုလင်းထဲကအရက် ကိုခွက်ထဲထပ်ထည့်ပြီး ရေမရောဘဲမော့ချလိုက်ပါတော့တယ်။
ပုလင်းထဲကအရက်ကုန်သွားမှပဲ နံရံပေါ်ကအရိပ်လည်းပျောက်သွားခဲ့တယ်။ ထမင်းလည်းမစားချင်တော့တာကြောင့် ဖယောင်းတိုင်ကိုင်ပြီး အိပ်ခန်းထဲကို ဒယိမ်းဒယိုင်နဲ့ဝင်သွားပါတယ်။ အိပ်ခန်းထဲရောက်တဲ့အခါ စီးကရက်နံ့ကနှာခေါင်းထဲကိုပြေးဝင်လာတာကြောင့် ကြက်သီးဖြန်းဖြန်းထသွားခဲ့တယ်။ မနက်မှာ မြောက် ဥက္ကလာလည်းသွားရဦးမှာမို့ အိပ်မှဖြစ်ပါတော့မယ်။ ပူကလည်းပူ၊ စီးကရက်နံ့ကလည်းမွှန်နေတော့ ပြူတင်းပေါက်ကိုဖွင့်လိုက်ရပါတယ်။ အဲဒီတော့မှပဲ စီးကရက်နံ့က ပျောက်သွားပါတယ်။ မနက်ဖြန်မနက်စောစော မြောက်ဥက္ကလာကိုသွားရဦးမှာမို့ ဖြစ်ချင်ရာဖြစ်သဘောထားကာ ဖယောင်းတိုင်မီးကိုငြိမ်းသတ်လိုက်ပြီး အိပ်ရာထဲ ဝင်လိုက်ပါတော့တယ်။
******************
ကိုတင်အေးတစ်ယောက် အရက်မူးပြီးအိပ်ပျော်သွားတော့ မနက်ဆယ်နာရီကျော်မှပဲနိုးလာပါတယ်။ ခေါင်းက တဒိန်းဒိန်းနဲ့ထိုးပြီးကိုက်ခဲနေတာကြောင့် မြောက်ဥက္ကလာသွားဖို့ အဆင်မပြေတော့ပါ။ မနက်ဆယ်နာရီဆိုပေမယ့် တပေါင်းနွေကအတော်ပူပါတယ်။ နေကပူ ခေါင်းကကိုက်နဲ့ဆိုတော့ မြောက်ဥက္ကလာမ ရောက်ခင် လမ်းမှာတင် ဦးနှောက်သွေးကြောပြတ်သွားမှာစိုးတာကြောင့်မသွားတော့ဖို့ဆုံးဖြတ်လိုက်ပြီး ထမင်းစားဖို့ပြင်ဆင်ပါတော့တယ်။
မနေ့က ညစာအတွက် ကြောင်အိမ်ထဲထည့်ထားခဲ့တဲ့ထမင်းနဲ့ဟင်းကိုနွှေးမနေတော့ဘဲ အနည်းအကျဉ်းစားလိုက်ပါတယ်။ ထမင်းစားပြီး အိမ်ရှေ့မှာခဏ ထိုင်နေချိန်မှာ ကိုတင်အေးရဲ့ယောက်ဖ၊ မကြည်ကြည်ခင်ရဲ့မောင် ကိုအောင်သူရောက်လာလို့ ကိုတင်အေးစိတ်ပူသွားတယ်။
“အောင်သူ…မင်းအစ်မနဲ့ကလေးတွေရော…..”
“ကလေးနှစ်ယောက်စလုံးဆေးရုံတင်ထားရလို့လာပြောတာ”
“ဟာ……..ဘယ်လိုဖြစ်ကြတာလဲ….”
ကြားလိုက်ရတဲ့သတင်းက ကိုက်ခဲနေတဲ့ခေါင်းကပွင့်ထွက်သွားမတတ်ပါပဲ။
“တစ်ညလုံးဝမ်းလျှောတာ အခြေအနေမကောင်းတော့လို့ ဆေးရုံကြီးကိုပြေးရတာဗျ”
“ငါ အခုလိုက်ခဲ့မယ်”
“ဟုတ်ကဲ့အစ်ကို…..”
“ခဏစောင့်။အဝတ်အစားအမြန်လဲလိုက်ဦးမယ်”
အဝတ်အစားအမြန်လဲပြီး ယောက်ဖဖြစ်သူနဲ့မြောက်ဥက္ကလာဆေးရုံကြီးကိုလိုက်သွားပါတော့တယ်။
ဆေးရုံရောက်တော့ သားနှစ်ယောက်စလုံးသက်သာနေတာမြင်တော့မှ ကိုတင်အေးစိတ်ချမ်းသာသွားခဲ့ပါတယ်။
“ဘယ်လိုဖြစ်တာလဲဟာ….။ အစားမှားလို့လား”
“မမှားဘူးအစ်ကို။ အပူဝမ်းပဲနေမှာပါ။ ပိုးစစ်ထားတယ်။ အခုတော့ သက်သာနေပါပြီ”
“မနေ့ကကားပျက်လို့ နောက်ကျသွားတယ်။ ဘယ်အချိန်ကစဖြစ်တာလဲ”
“အစ်ကိုရုံးသွားပြီး တစ်နာရီလောက်ကြာတော့မှ သားငယ်လေးဝမ်းစသွားတာ။ အဲဒီကနေစပြီးမရပ်တော့ဘူး။ သားကြီးက မြောက်ဥက္ကလာအိမ်ကိုရောက်မှ စပြီးဝမ်းသွားတာ။ ဆေးခန်းက ဆေးရုံတင်ဖို့ပြောလို့ ဆေးရုံတင်လိုက်ရတာအစ်ကိုရေ”
“ဟူး………….”
“ဘယ်လောက်တောင်သောက်ထားသလဲအစ်ကိုရယ်။ အရက်နံ့ထောင်းထောင်းထနေတာပဲ”
“ဟုတ်လား……”
“ဟုတ်ပါတယ်ဆို……”
“မနေ့ညက စိတ်ပူပြီးထိုင်သောက်လိုက်တာ တစ်လုံးကုန်သွားတယ်ကွာ”
“စိတ်ပူတာနဲ့ဘာဆိုင်လို့လဲ။ အစ်ကိုလိုက်လာမယ်တောင်ထင်နေတာ”
“မင်းပဲလိုက်မလာနဲ့ဆို။ လိုက်လာမယ်ဆိုရင်တောင် လမ်းလျှောက်လာမှဖြစ်မှာ။ စက်ဘီးရှိရင်လည်းအဆင်ပြေသေးတယ်”
“အင်းပါ…….။ အစ်ကို့ကြည့်ရတာ အရက်နာကျနေပုံပဲ။ ကလေးတွေစိတ်ချရပါပြီ။ အဖေတို့အိမ်မှာနားနေလိုက်”
“ခဏစောင့်နေဦးမယ်လေ”
“ကျွန်မပြောတာနားထောင်ပါအစ်ကိုရယ်။ အစ်ကို့ဆီကအရက်နံ့ကထောင်းထောင်းထနေလို့ပါ”
“အေးကွာ……။ ကမန်းကတန်းနဲ့ဆိုတော့ ရေမချိုးလာမိဘူး။ အဖေတို့အိမ်မှာပဲစောင့်နေလိုက်တော့မယ်။ ညနေလူနာတွေ့ချိန်မှလာခဲ့မယ်”
အိပ်ပျော်နေတဲ့သားနှစ်ယောက်ရဲ့နှဖူးကိုငုံ့နမ်းလိုက်ပြီး ပြန်ဖို့ပြင်လိုက်တဲ့အချိန်မှာ မကြည်ကြည်ခင်က ကိုတင်အေးရဲ့လက်ကိုဆွဲပြိး လူနာဆောင်အပြင် ဘက်က ကော်ရစ်ဒါကိုခေါ်သွားပါတယ်။
“အစ်ကို…….တစ်ခုပြောချင်လို့……”
“ဘာပြောမလို့လဲ….”
“ညက သားကြီးထယောင်တာပြောချင်လို့….”
“အင်း…ပြောလေ….”
“နင်တို့အားလုံးကိုသတ်ပစ်မယ်တဲ့……”
“ဟေ…..ဘယ်လို………”
“သားကြီးရဲ့အသံက လူကြီးသံပေါက်နေတယ်။ သူ့အသံမဟုတ်ဘူး”
“ဖေဖေတို့ကိုပြောပြီးပြီလား….”
“မပြောရသေးဘူးအစ်ကို။ ကယောက်ကတန်းပြောတာဆိုတော့ မသေချာလို့မပြောသေးဘူး”
“ယောင်တာပဲဖြစ်မှာပါ…..”
“ကျွန်မတော့မထင်ဘူးအစ်ကို။ သားကြီးဆီက စီးကရက်နံ့ပါရတယ်”
“ဟာ………..”
မကြည်ကြည်ခင်ပြောတဲ့စကားကိုနားထောင်ရင်း ကိုတင်အေးကြက်သီးထသွားပါတော့တယ်။
“ငါလည်းပြောစရာရှိတယ်……….”
“ဟုတ်ကဲ့ အစ်ကို….”
မနေ့ညကကြုံတွေ့ခဲ့ရသည့်အကြောင်းပြောပြလိုက်တဲ့အခါ မကြည်ကြည်ခင်အထိတ်တလန့်ဖြစ်သွားပါတယ်။
“အဲဒီအိမ်မှာတစ်ခုခုများရှိနေပြီလားအစ်ကိုရယ်….”
“မပြောတတ်ဘူးကွာ။ အဲဒီအိမ်မှာနေတာ နှစ်လတောင်ရှိတော့မယ်။ ဘာသံမှမကြားခဲ့ဘူး။ အခုမှထူးထူးခြားခြားကွာ….”
“ကျွန်မတို့အမှားတစ်ခုခုလုပ်မိလို့ အိမ်စောင့်နတ်မကြိုက်လို့များလား”
“အိမ်စောင့်နတ်ကဒုက္ခပေးပါ့မလားကြည်ခင်ရာ။ ဖေဖေနဲ့တိုင်ပင်ကြည့်ပါဦးမယ်”
“မပြောနဲ့ဦးအစ်ကို။ အခြေအနေစောင့်ကြည့်ကြရအောင်။ တော်ကြာ အဲဒီမှာမနေချင်လို့ပြောနေတယ်ထင်မယ်”
“အဲဒီအိမ်မှာဆက်နေလို့မရရင်လည်း အိမ်ငှားနေကြရုံပေါ့ကွာ”
“အစ်ကိုပြန်တော့။ ညနေမှလာခဲ့နော်”
“အေး…အေး….”
******************
သားနှစ်ယောက်ကို ညနေလူနာတွေ့ချိန်မှာသွားတွေ့ပြီး မြောက်ဒဂုံမပြန်တော့ဘဲ မိဘအိမ်မှာပဲအိပ်လိုက်ပါတယ်။ နောက်နေ့မနက်စောစောမှာ ရုံးတက်ဖို့ အတွက် လေးဘီးကားငှားပြီးမြောက်ဒဂုံကိုပြန်ပါတယ်။ ရုံးဆင်းတဲ့အခါမှာတော့ မြောက်ဒဂုံအိမ်ကိုမပြန်တော့ဘဲ မိဘအိမ်ပဲပြန်ပါတယ်။ သားနှစ်ယောက် ဆေးရုံက ဆင်းတဲ့အခါမှ ကိုတင်အေးတို့မိသားစု မြောက်ဒဂုံမှာပြန်နေကြပါတယ်။
******************
သားနှစ်ယောက်ပုံမှန်အတိုင်းနေကောင်းသွားကြပြီမို့ စိတ်အေးကြရပေမယ့် ညတိုင်းကြားနေရတဲ့လမ်းလျှောက်သံ၊ အိုးခွက်ပန်ကန်တွေဆွဲချသံကြောင့် ကို တင်အေးတို့ဇနီးမောင်နှံ စိတ်မချမ်းသာရပါ။ ကိုတင်အေးရုံးပြန်နောက်ကျလို့ ညနေမှောင်ရင် မကြည်ကြည်ခိုင်တို့သားအမိတွေ အိမ်ထဲမှာမနေရဲကြဘဲ အိမ်ပြင်ထွက် ပြီး ကိုတင်အေးကိုမျှော်ကြပါတယ်။
“ကျွန်မတို့ အိမ်ငှားနေကြရင်ကောင်းမယ်ထင်တယ်အစ်ကိုရယ်”
“ငါလည်းစဉ်းစားမိတယ်။ ဒီပုံအတိုင်းဆို မလွယ်ဘူးဟာ။ အိမ်ငှားဖို့ကလည်း လောလောဆယ်ပိုက်ဆံမရှိဘူးကြည်ခင်ရာ။ ရုံးကလည်းမချေးချင်ဘူး”
“မချေးပါနဲ့…..။ ကျွန်မတို့ပိုက်ဆံစုကြတာပေါ့။ အိမ်စပေါ်တင်ဖို့ရရင် မြန်မြန်ပြောင်းကြမယ်နော်”
“အေးကွာ……။ အဆင်ပြေလို့ငွေစုငွေချေးကယူလို့ရရင်လည်း ပြောင်းကြမယ်”
“ဟုတ်ကဲ့အစ်ကို။ ကျွန်မတို့ကိုတစ်ခုခုလုပ်မှာကြောက်တယ်”
“ဘုန်းကြီးပင့်ပြီး ကမ္မဝါထပ်ရွတ်ရင်ကောင်းမလားကြည်ခင်”
“အိမ်တက်ဆွမ်းကျွေးတုန်းက ရွတ်ပြီးပြီလေ။ ကမ္မဝါမကြောက်ဘူးလားမပြောတတ်ပါဘူးအစ်ကိုရယ်။ ကျွန်မလည်း ညတိုင်းပရိတ်ရွတ်၊ မေတ္တာပို့နေတာပါ “
“တရားမနာနိုင်တဲ့သရဲလားမသိဘူးဟ”
“မပြောနဲ့တော့အစ်ကိုရာ။ ကျွန်မကြောက်တယ်။ အစ်ကိုပြောသလို ကမ္မဝါထပ်ရွတ်မယ်ဆိုလည်းရွတ်။ လုပ်မယ်ဆိုရင် မြန်မြန်လုပ်အစ်ကို။ ဆွမ်းကျွေးဖို့ တော့ လက်ထဲမှာရှိပါသေးတယ်”
“ဒါဆို သန်ဘက်ခါ တနင်္ဂနွေနေ့မှာဆွမ်းကျွေးကြမယ်ဟာ”
“ဟုတ်ကဲ့ အစ်ကို…..”
ကိုတင်အေးတို့ဇနီးမောင်နှံတိုင်ပင်ထားကြသလိုဖြစ်မလာခဲ့ပါ။ တနင်္ဂနွေနေ့ဆွမ်းကျွေးဖို့အတွက် ဈေးဝယ်ထွက်တဲ့မကြည်ကြည်ခိုင်စီးလာတဲ့ဆိုက္ကားကို ပါပလစ်ကာကားလေးကဝင်တိုက်လို့ ဆေးရုံရောက်သွားခဲ့ပါတယ်။ အသက်မသေ၊ မကျိုးမကြေပေမယ့် ညာခြေချင်းဝတ်မှာဒဏ်ဖြစ်သွားတာကြောင့် လမ်းမလျှောက် နိုင်တော့ပါ။ ဒီလောက်ပဲဖြစ်တာ ကံကောင်းတယ်လို့ပြောရမှာပါ။ မကြည်ကြည်ခင် ဆေးရုံကပြန် ဆင်းလာတဲ့အခါ မြောက်ဒဂုံအိမ်မှာမနေရဲတော့လို့ အရင်နေထိုင်ခဲ့ တဲ့ ကိုတင်အေးရဲ့ မိဘအိမ်မှာမနေဘဲ သားနှစ်ယောက်နဲ့အတူ မြောက်ဥက္ကလာ သုနန္ဒာမှာနေထိုင်ကြတဲ့ မိဘတွေ အိမ်မှာသွားနေကြပါတယ်။ ကိုတင်အေးကတော့ မ ကြည်ကြည်ခင်တို့နဲ့လိုက်မသွားဘဲ မိဘတွေအိမ်မှာပဲနေပါတယ်။ မကြည်ကြည်ခင်လမ်းလျှောက်နိုင်တာနဲ့ မြောက်ဒဂုံကအိမ်မှာ ဆွမ်းကျွေးပြီးပရိတ်ရွတ်ပြီးမှ ပြန်နေ ကြမယ်လို့စီစဉ်ထားကြတယ်။
ကိုတင်အေးက ရုံးပိတ်ရက်ဆိုရင်တော့ မြောက်ဒဂုံကအိမ်ကိုမနက်ပိုင်းသွားပြီးညနေပိုင်းပြန်တတ်ပါတယ်။ တစ်ရက်တော့ မြောက်ဒဂုံအိမ်မှာညအိပ်ဖို့အ ကြောင်းဖန်လာခဲ့ပါတယ်။ အကြောင်းကတော့ တစ်ခြံတည်းရှိနေတဲ့ ညီမဖြစ်သူရဲ့အိမ်ကမီတာအခိုးခံရလို့ပါပဲ။ မီတာအခိုးခံရတဲ့ကိစ္စကိုဖြေရှင်းဖို့က တစ်ရက်တည်းနဲ့ မပြီးတော့ လာလိုက်၊ ပြန်လိုက်နဲ့ဆို အဆင်မပြေပါ။ ဒါကြောင့် ယောက်ဖဖြစ်တဲ့ကိုအောင်သူကို အဖော်ခေါ်သွားခဲ့ပါတယ်။ ကိုအောင်သူကိုတော့ အရက်အတူ သောက်ကြဖို့စည်းရုံးပြီးခေါ်ခဲ့တာပါ။ ကိုအောင်သူကလည်း သောက်ရ စားရဖို့ဆိုရင် နေရာမရွေးတဲ့လူစားမျိုးပါ။ သတ္တိလည်းတော်တော်ကောင်းပါတယ်။ သင်္ချိုင်းမှာ တောင် အလောင်းအစားနဲ့အရက်သောက်သူဆိုတော့ ကိုတင်အေးအတွက် ညအိပ်ဖို့အဆင်ပြေသွားပါတယ်။
“အစ်ကိုက မနက်ဖြန်ရုံးမသွားရဘူးလားဗျ”
“ခွင့်ယူမယ်လေကွာ…။ မီတာအခိုးခံရတဲ့ကိစ္စမနက်ဖြန်ဆက်ရှင်းရဦးမှာ။ ဒီည အေးအေးဆေးဆေးသောက်ကြတာပေါ့”
“ကောင်းတယ်ဗျာ။ ကျွန်တော်တို့နှစ်ယောက် အေးအေးဆေးဆေးမသောက်ရတာကြာပေါ့။ ဘယ်သူမှမရှိတော့ အားနာစရာမလိုဘူး”
“အမြည်းနဲ့ညစာအတွက် ဘာဝယ်လာလဲအောင်သူ…”
“အမြည်းအတွက်က လက်ဘက်သုပ်နဲ့ ဘဲခြေထောက်သုပ်။ ညစာအတွက် အမဲနှပ်ရယ် ပဲကုလားဟင်းရယ်ဝယ်လာတယ်”
“ကောင်းသကွာ။ ရေချိုးပြီး စလိုက်ကြရအောင်”
“အစ်ကိုအရင်ချိုးနှင့်။ ကျွန်တော် စားစရာတွေပြင်ဆင်လိုက်ဦးမယ်”
“လုပ်ကွာ……………”
******************
သည်နေ့တော့မီးလာတာကြောင့် ကိုတင်အေးတို့အတွက် အဆင်ပြေသွားပါတယ်။ မီးလာတယ်ဆိုပေမယ့် မီးအားကျနေတော့ မီးချောင်းကတဖျတ်ဖျတ် ခတ်နေတော့ မီးချောင်းကျွမ်းမှာစိုးလို့ပိတ်ထားရပြီး မှိန်ပြပြသာလင်းတဲ့မီးလုံးကိုပဲအားကိုးနေရပါတယ်။
“အစ်ကိုတို့မြောက်ဒဂုံကပူလိုက်တာဗျာ…..။ ပန်ကာတစ်လုံးလောက်ဝယ်ထားပါလား”
“ပန်ကာဝယ်မယ့်အလှည့်မရောက်သေးဘူးအောင်သူရေ။ မင့်တူနှစ်ကောင်က ပန်ကာဖိုးဖြုန်းပစ်လိုက်ကြပြီ”
“ကလေးတွေဘာမှမဖြစ်တာတော်သေးတယ်အစ်ကိုရာ။ အဖေတို့လည်းစိတ်ပူနေကြတာ”
“အောင်သူ…..မင်းကမကြောက်တတ်တဲ့ကောင်ဆိုတော့ ပြောစရာရှိတယ်ကွ”
“သရဲအကြောင်းလား….။ သရဲအကြောင်းဆိုစိတ်ဝင်စားတယ်”
“အေး…ဟုတ်တယ်……”
“လုပ်စမ်းပါဗျာ…..။ သရဲအကြောင်းပြောမယ်ဆို အမြည်းတောင်မလိုတော့ဘူး။ ဘယ်မှာခြောက်တာလဲအစ်ကို”
“ဒီအိမ်မှာ…….”
“ဟာ……မဟုတ်တာ…..”
“ကြောက်လို့လားကွ”
“ကြောက်လို့မဟုတ်ဘူးဗျ။ မဖြစ်နိုင်လို့ပြောတာ။ ကျွန်တော်လားကြောက်မှာ။ အစ်ကို့အိမ်ကသရဲကတောင် ကျွန်တော့်ကိုပြန်ကြောက်ရဦးမှာ”
“ကြိုက်တယ်ကွာ……။ ငါပြောပြမယ်…………..”
ကိုတင်အေးပြေသမျှဂရုတစိုက်နားထောင်နေတဲ့ကိုအောင်သူရဲ့မျက်နှာပေါ်မှာ အံ့ဩခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့်ခြင်းအမူအရာတွေမရှိဘဲ တည်တည် ငြိမ်ငြိမ်နဲ့အေးအေးဆေးပါပဲ။
“အဲဒီကောင် အခုညလာရင် ကျွန်တော်နဲ့တွေ့ပြီသာမှတ်”
“ဟာ…ဟေ့ကောင်။ ပေါက်ကရလျှောက်မပြောနဲ့။ မင်းကိုမလုပ်နိုင်ရင် ငါတို့ကိုလုပ်မှာပေါ့ကွ”
“အသာနေစမ်းပါအစ်ကိုရာ။ ဒီကောင် ထွက်ပြေးသွားစေရမယ်။ ကဲ…ဟေ့ကောင်…..ငါပြောတာကြားရင် အချက်ပေးစမ်းကွာ….”
“ဟာ…အောင်သူ….။ မင်းကွာ……ငါပြောမိတာမှားပြီထင်တယ်…”
“မကြောက်စမ်းပါနဲ့အစ်ကိုရာ…။ အဲဒီကောင်တွေက ကြောက်လေဖြဲခြောက်လေပဲ။ ဒီအိမ်မှာမရှိရင်ပြီးရောမဟုတ်လား”
“အဲဒါတော့အဲဒါပေါ့……”
“အစ်ကိုအသာနေ…………။ ဒီအိမ်မှာ ငါတို့နှစ်ယောက်ကလွဲရင် ဘယ်သူရှီနေလဲ။ ရှိတယ်ဆိုရင် အချက်ပေးစမ်းကွာ…..”
“ဒုန်း……………….”
“အမလေး….လုပ်ပါဦးဟအောင်သူရ……….”
ကိုအောင်သူပြောဆိုလိုက်ချိန်မှာပဲ အိမ်နံရံကိုထုနှက်လိုက်တဲ့အသံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။
“မကြောက်နဲ့အစ်ကို……..။ ဟေ့ကောင်….အသံနဲ့ခြောက်တိုင်းကြောက်တဲ့ကောင်တွေမဟုတ်ဘူးကွ။ ရုပ်ပါပြစမ်းကွာ….”
“တော်လောက်ပြီထင်တယ်အောင်သူ…..”
“အသာနေစမ်းပါအစ်ကိုရာ…..”
“ဟာ…မီးပြတ်သွားပြီ…….”
“မကြောက်နဲ့………။ ကျွန်တော်တစ်ယောက်လုံးရှိတယ်ဗျာ”
“မင်းကမကြောက်ပေမယ့် ငါကြောက်တယ်ကွ”
ကိုတင်အေးက ထိုင်နေတဲ့ကုလားထိုင်ကိုရွှေ့ပြီး မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ကိုအောင်သူရဲ့ဘေးမှာသွားထိုင်လိုင်ပါတယ်။
အိမ်ထဲမှာထွန်းထားတဲ့မီးကပျက်သွားပေမယ့် လမ်းမီးကတော့လာနေပါတယ်။
“အောင်သူ….လမ်းမီးလာတယ်ကွ။ ငါတို့တစ်အိမ်တည်းကွက်ပျက်တာဖြစ်မယ်”
“ကျွန်တော်တို့ကိုပြချင်လို့မီးဖျက်လိုက်တာဖြစ်မယ်။ ဘာမှကြောက်မနေနဲ့……….”
ကိုအောင်သူကမကြောက်နဲ့လို့ဆိုပေမယ့် ကိုတင်အေးကတော့ ကုလားထိုင်ကကြိမ်ခင်းပေါ်မှာတောင်ဖင်ချမထိုင်ရဲတော့လို့ ဆောင့်ကြောင့်ထိုင်နေရပါပြီ။
“ခွမ်း……….”
“ဟာ…..အောင်..အောင်သူ…….ကြမ်းပြီဟ”
ရှိုးကေ့စ်ဗီရိုမှန်တစ်ချပ်အလိုလိုကွဲသွားပြီး ဗီရိုထဲကဓာတ်ပုံတွေနဲ့ အယ်လ်ဘမ်တွေက လက်နဲ့သပ်ချလိုက်သလိုအပြင်ကိုထွက်ကျလာပါတယ်။
“ဟေ့ကောင်…….ရုပ်လုံးပြစမ်း…….”
ကိုအောင်သူပြောလိုက်စဉ်မှာပဲ ရှိုးကေ့စ်ဗီရိုရှေ့မှာလူရပ်တစ်ခုပေါ်လာပါပြီ။
“အောင်…အောင်သူ………..”
“အသာနေ အစ်ကို…”
“မင်းဘယ်သူလဲ……….”
ရှိုးကေ့စ်ဗီရိုရှေ့မှာရပ်နေတဲ့လူရိပ်က တဖြည်းဖြည်းရုပ်လုံးပေါ်လာတဲ့အခါမှာတော့ လျှာတစ်လစ်ထွက်ပြီး ညာဘက်ကိုဇက်စောင်းကျနေတဲ့အမျိုးသားတစ် ဦး ကိုပီပီသသမြင်လိုက်ရပါတယ်။ အမျိုးသားက အသက်သုံးဆယ်ကျော်လောက်ပဲရှိပါဦးမယ်။ စွပ်ကျယ်လက်ပြတ်နဲ့ ကာကီရောင်ဘောင်းဘီတိုဝတ်ထားပါတယ်။ မျက်လုံးနှစ်လုံးမှိတ်ပြီး လျှာတစ်လစ်ထွက်နေပါတယ်။
“ဟေ့ကောင်…..မင်းဘယ်သူလဲ….။ ဘယ်ကလဲ……”
“ဝုန်း…………”
“အောင်…အောင်သူ……….”
ရုတ်တရက် ကိုအောင်သူထိုင်နေတဲ့ကုလားထိုင်က နောက်ပြန်လန်သွားပြီး ကိုအောင်သူလည်း ကုလားထိုင်နဲ့အတူ ပိုးလိုးပက်လက်လန်သွားပါတယ်။ ကို တင်အေးက ကိုအောင်သူကိုဆွဲထူဖို့ ထိုင်ရာကထလိုက်ပေမယ့် ကိုအောင်သူက အလယ်ခန်းပေါက်ဝအထိတရွတ်တိုက်ပါသွားတာကြောင့် ကိုတင်အေးလည်း ကြောက် လန့်ပြီး ဘုရားစင်အောက်ကိုပြေးပါတော့တယ်။ ကိုအောင်သူကတော့ ပြန်ထမလာနိုင်ပါ။
“အောင်သူ…..အောင်သူ…မြန်မြန်ထပါကွ……..”
ကိုတင်အေးကစိုးရိမ်တကြီးအော်နေပေမယ့် ကိုအောင်သူမလှုပ်နိုင်တော့ပါ။ အသက်ငင်သလိုဖြစ်နေတဲ့ကိုအောင်သူကိုကယ်တင်ဖို့ ကိုတင်အေးမသွားရဲပါ။ ကိုအောင်သူနားမှာရပ်နေတဲ့သူက ကျောပေးထားလျက်ကနေ ခေါင်းလည်ပြီးလှည့်ကြည့်လိုက်တဲ့အခါ ကိုတင်အေး ကြက်သီးမွေးညင်းထပြီး သေးဖြန်းဖြန်းထွက်ကျပါ တော့တယ်။
အိမ်ထဲမှာဆက်နေရင် အသက်ထွက်သွားနိုင်တာမို့ လမ်းပေါ်ပြေးထွက်ဖို့အိမ်ရှေ့တံခါးဆီပြေးချိန်မှာပဲ နောက်ကနေဆောင့်ဆွဲလိုက်တာကြောင့် ပက်လက် လန်လဲကျသွားပါတော့တယ်။
“ကယ်ကြပါဦးဗျို့……………..”
ကျယ်လောင်တဲ့ကိုတင်အေးရဲ့အသံကို အိမ်နီးချင်းတွေကြားနိုင်မယ်မဟုတ်ပါ။ အနီးအနားကအိမ်တွေက လူမနေဘဲတံခါးပိတ်ထားကြတဲ့အိမ်တွေများပါ တယ်။ ထပ်ပြီးအကူအညီတောင်းဖို့ပြင်လိုက်တဲ့အချိန်မှာပဲ ကိုအောင်သူက လဲနေရာကထလာပါတယ်။ ကိုအောင်သူရဲ့အနားမှာ ဘယ်သူမှမရှိတော့တာကြောင့် ကို တင်အေးလည်း အလူးအလဲထလာပါတယ်။
“အောင်သူ……အောင်သူ….။ ဘာဖြစ်သွားသေးလဲ….”
“ဘာမှမဖြစ်ဘူး………”
“တော်သေးတာပေါ့ကွာ……။ တော်တော်ကြမ်းတာပဲ။ ငါတို့ ဆက်နေလို့မဖြစ်ဘူး။ မြောက်ဥက္ကလာသွားကြမယ်”
“မသွားဘူး………..”
“ဟာ….မသွားလို့မဖြစ်ဘူးလေ။ ငါဆက်မနေရဲတော့ဘူးကွ”
“မင်းဟာမင်းသွားချင်တဲ့နေရာသွား။ ငါ့နေရာမှာငါနေမယ်။ မင်းတို့တစ်ကောင်မှမရှိလေကောင်းလေပဲ။ မင်းတို့ကအားလုံးကိုသတ်ချင်နေတာ”
“ဟာ………………”
အခြေအနေကမူမမှန်တော့တာကိုသိလိုက်တဲ့အခါ ကိုအောင်သူရဲ့အနားကအမြန်ခွာလိုက်ပြီး အိမ်ရှေ့တံခါးနားကိုပြေးသွားပါတယ်။
“ငါ ဘာမှမလုပ်ခင်မင်းထွက်သွားတော့”
ဇက်စောင်းပြီး လက်ညှိုးငေါက်ငေါက်ထိုးပြောနေတဲ့ကိုအောင်သူရဲ့ဟန်ပန်အမူအရာကိုတွေ့လိုက်တာနဲ့ ကိုတင်အေးသဘောပေါက်သွားပါပြီ။ ကိုအောင်သူ ကိုတစ်ယောက်တည်းထားခဲ့ဖို့ကလည်းမဖြစ်နိုင်ပါ။ တစ်စုံတစ်ခုဖြစ်ခဲ့ပါက အမှုပတ်မှာထက် ရှင်းရခက်မှာကိုစိုးရိမ်မိတယ်။ အကူအညီတောင်းစရာဆိုလို့ လေးအိမ် ကျော်မှာနေတဲ့ ဦးမျိုးမင်းအောင်ပဲရှိတာကြောင့် အားနာနာနဲ့ပဲအကူအညီသွားတောင်းရပါတော့တယ်။
အိပ်မောကျနေကြမှန်းသိပေမယ့် သေရေးရှင်ရေးမို့ အော်ခေါ်ပြီးနှိုးရပါတယ်။ ဦးမျိုးမင်းအောင်က အိမ်နီးနားချင်းပီသစွာ မငြိုမငြင်ဘဲ အိမ်ကိုလိုက်ခဲ့ပါ တယ်။ ကိုတင်အေးတို့ အိမ်ပေါ်တက်သွားကြတော့ ကိုအောင်သူက စားပွဲခုံပေါ်တက်ပြီး ထုပ်တန်းမှာပုဆိုးချိတ်နေတာမြင်လိုက်ရပါတယ်။ ကိုအောင်သူလုပ်ကိုင်နေ တဲ့ပုံစံက ပုဆိုးနဲ့ကြိုးဆွဲချမယ့်ပုံစံဖြစ်နေလို့ ဦးမျိုးမင်းအောင်က စိုးရိမ်တကြီးနဲ့အမြန်ပြေးပြီး ကိုအောင်သူကိုတွန်းချလိုက်ပါတယ်။
“ဟာ……ဟေ့လူ…ဟေ့လူ…..မလုပ်နဲ့…….”
“အောင်သူ…အောင်သူ….”
သာမန်လူတစ်ယောက်ဆိုပါက အရှိန်နဲ့ပြေးပြီးတွန်းချလိုက်တာနဲ့ စားပွဲပေါ်ကတလိမ့်ခေါက်ကွေးလဲကျသွားမှာဖြစ်ပေမယ့် ကိုအောင်သူကတော့ စားပွဲပေါ် ကနေ ကြောင်တစ်ကောင်လိုကျွမ်းပစ်ပြီး မတ်တပ်ရပ်လျက်ကျသွားပါတယ်။
“ဒီလူဘယ်လိုလူလဲ……ခင်ဗျားတို့ဘာဖြစ်ကြတာလဲ…။ မီးဖွင့်စမ်းပါဦးဗျ”
“မီးမလာဘူးခင်ဗျ”
“မီးလာပါတယ်ဗျ….။ ကျွန်တော့်အိမ်မှာမီးလာတာ ခင်ဗျားလည်းတွေ့တာပဲ။ ဘယ်မှာလဲမီးခလုပ်….”
“မီးခလုပ်ကဖွင့်ထားပါတယ်။ ဟိုနံရံမှာပါ”
ဦးမျိုးမင်းအောင်က မီးခလုပ်ရှိရာကိုသွားပြီး ဖွင့်ချည်ပိတ်ချည်လုပ်ပေမယ့် မီးမပွင့်လာပါ။
“ဘယ်လိုဖြစ်တာလဲ…….”
“ကျွန်တော်ပြောပြပါ့မယ်ခင်ဗျာ…..”
ကိုတင်အေးပြောသမျှနားစွင့်ထားပေမယ့် ဦမျိုးမင်းအောင်ရဲ့မျက်လုံးတွေက ကိုအောင်သူကိုသာ စူးစူးစိုက်စိုက်ကြည့်နေပါတယ်။
“ကျွန်တော်သဘောပေါက်ပြီ။ သူက ခင်ဗျားနဲ့ဘာတော်သလဲ”
“ကျွန်တော့်ယောက်ဖပါ”
“ခင်ဗျားယောက်ဖကို စောင့်ကြည့်ထားပေး။ ကျွန်တော် အခုပြန်လာခဲ့မယ်။ သူ့ကိုအပမှီနေပြီ”
“ဗျာ…………”
“ကျွန်တော် အိမ်အမြန်ပြန်လိုက်ဦးမယ်။ အခုချက်ချင်းပြန်လာခဲ့မယ်။ သူ့ကိုစောင့်ကြည့်ထား”
“ဟုတ်ကဲ့ခင်ဗျ……….”
ဦးမျိုးမင်းအောင်ထွက်သွားတဲ့အချိန်မှာ ကိုအောင်သူက ဟားတိုက်ပြီးရယ်လိုက်တာကြောင့် ကိုတင်အေး ကြောက်လန့်ပြီး အိမ်ပေါ်ကဆင်းပြေးပါတော့ တယ်။
“ဟား……ဟား…ဟား…..။ ငါ့ကိုဘာကောင်မှတ်နေလို့လဲ….”
မကြာခင်မှာပဲ ဦးမျိုးမင်းအောင်နဲ့အတူအမျိုးသမီးတစ်ဦးရောက်လာပါတယ်။
“ဘယ်လိုဖြစ်လို့ အပြင်ရောက်နေရတာလဲဗျ”
“ကြောက်လို့ပါ…….”
“ဒါက ကျွန်တော့်ဇနီး မရည်မွန်ပါ။ သူလည်းဆရာမပဲ……”
“ခင်ဗျာ……နောင်ကြီးတို့က ပရောဂဆရာတွေလား”
“ပရောဂဆရာမဟုတ်ပါဘူးဗျ။ ကျွန်တော်တို့နှစ်ယောက်စလုံးက ဂိုဏ်းက အန္တိမဆရာတွေပါ”
“ကြားဖူးတယ်ဆရာ…….။ ကျေးဇူးတင်လိုက်တာဗျာ”
“မီးမလာရင် ဖယောင်းတိုင်ထွန်းဗျာ….”
“ဟုတ်ကဲ့ဆရာ………”
ကိုတင်အေးက အိမ်ပေါ်ပြေးတက်ပြီး ဘုရားစင်ပေါ်တင်ထားတဲ့ဖယောင်းတိုင်ကိုယူပြီးမီးညှိလိုက်ပါတယ်။ ဖယောင်းတိုင်မီးညှိနေတဲ့အချိန်မှာပဲ ရုတ်တ ရက် မီးတွေလင်းလာလို့ ကိုတင်အေး ဘာဆက်လုပ်ရမှန်းမသိအောင်ဖြစ်သွားခဲ့တယ်။
“ဖယောင်းတိုင်ကို ဘုရားမှာပူဇော်လိုက်ပါ”
“ဟုတ်ကဲ့ဆရာ….”
“အမွန်ရေ……ဖျာယူပြီးခင်းလိုက်ပါ”
“ကျွန်တော်ခင်းပေးပါ့မယ်ဆရာ…..”
“လုပ်စရာရှိတာဆက်လုပ်ပါဗျာ။ သူ့ဟာသူခင်းပါလိမ့်မယ်။ မီးပူဇော်ပြီးရင် ဖန်ခွက်သန့်သန့်နဲ့ရေတစ်ခွက်ခပ်လာပေးပါ”
“ဟုတ်ကဲ့ဆရာ……..”
ဘုရားမီးပူဇော်ပြီးတာနဲ့ စားပွဲပေါ်ကအရက်ပုလင်းတွေနဲ့ဖန်ခွက်တွေအမြန်သိမ်းပါတော့တယ်။
“အဲဒါတွေထားလိုက်ဦး….။ ကျွန်တော့်ကို ဖန်ခွက်သန့်သန့်နဲ့ရေတစ်ခွက်အမြန်ခပ်လာပေးပါ”
“ဆရာတို့ကိုအားနာလို့ပါ….။ ညက ကျွန်တော်တို့……”
“နားလည်ပါတယ်ဗျာ…..။ နောက်မှသိမ်းပါ….။ ကျွန်တော်ပြောတာအရင်လုပ်ပေးပါ”
“ဟုတ်…ဟုတ်ကဲ့ဆရာ…..”
ကိုတင်အေးလည်း အိမ်နောက်ဖေးကိုကြောက်ကြောက်နဲ့အမြန်သွားပြီး ရေတစ်ခွက်ခပ်လာပေးပါတယ်။ ကိုတင်အေးယူလာပေးတဲ့ဖန်ခွက်ထဲကရေကို ဦး မျိုးမင်းအောင်က လက်ခလယ်နဲ့မွှေပြီး ကိုအောင်သူကိုစတင်မေးမြန်းပါတယ်။
“မင်းနာမည်ဘယ်လိုခေါ်သလဲကွ….”
ဦးမျိုးမင်းအောင်မေးနေပေမယ့် ကိုအောင်သူက အဖြေမပေးဘဲ အံကြိတ်ပြီးကြည့်နေပါတယ်။
“သူ့နာမည်က အောင်သူပါဆရာ….”
“ခင်ဗျားကိုမေးနေတာမဟုတ်ဘူး။ ကျွန်တော်နဲ့သူနဲ့ပြောဆိုနေချိန်မှာ ဘာမှဝင်မပြောပါနဲ့”
“ဟုတ်…ဟုတ်ကဲ့ဆရာ………….”
“ငါမေးနေတယ်…..မင်းနာမည်ကိုပြောစမ်း”
“ဘာလို့ပြောရမှာလဲ…..”
“ငါတို့ဘယ်သူဆိုတာ မင်းသိပါတယ်”
“သိတယ်လေ။ မင်းတို့နှစ်ကောင်စလုံးကို ကြောက်မယ်များထင်နေသလား”
“ဒါဆို ငါတို့ကမင်းကိုကြောက်ရမယ်ပေါ့။ ဟုတ်လား…..”
“မင်းတို့ဟာမင်းတို့ အသာနေစမ်းပါ။ ငါ့ကိုအနှောက်အယှက်လာမပေးနဲ့”
“မင်းခိုင်းတိုင်းလုပ်ရအောင် မင်းကဘာကောင်မို့လို့လဲ။ ငါတို့က ဒုက္ခရောက်နေတဲ့သတ္တဝါတွေကိုကယ်တင်ပေးနေတဲ့သူတွေ။ မင်းကသာ ငါတို့ခိုင်းတာလုပ် ရမှာ”
“ငါက ဘာကောင်ကိုမှမကြောက်ဘူးကွ”
“ကောင်းပြီ…. မင်းခေါင်းမာသလို ငါလည်းခေါင်းမာရတော့မှာပေါ့…..။ ကဲ…..အခုဘုရားစင်ကိုမျက်နှာမူပြီးထိုင်စမ်း”
“မထိုင်ဘူး……”
“မထိုင်ဘူးလား…..။ ကောင်းပြီလေ….”
ဦးမျိုးမြင့်အောင်က လွယ်အိတ်ထဲမှ ကြေးစုတ်တံတစ်ချောင်းကိုထုတ်ယူလိုက်ပြီး ကိုအောင်သူကိုပြလိုက်တဲ့အခါ ကိုအောင်သူမျက်နှာချက်ချင်းလွှဲသွားပါ တယ်။
“မြင်တယ်နော်၊ သိတယ်နော်…..။ မင်းကိုနာကျဉ်အောင်မလုပ်ချင်ဘူး။ ကောင်းကောင်းမွန်မွန်ပြောနေတယ်။ ဘုရားစင်ဘက်ကိုမျက်နှာမူပြီးထိုင်စမ်း။ အေး အေးဆေးဆေးပြောလို့မရရင်တော့ ဆိုင်ရာပိုင်ရာကို ချုပ်ပြီးထိုင်ခိုင်းရလိမ့်မယ်။ ဘာကောင်မှမကြောက်ဘူးဆိုတဲ့မင်းကို မင်းကြောက်ရမယ့်ကောင်တွေကို ငါခေါ်ပြီး ခိုင်းပြမယ်။ ငါပြောတဲ့အတိုင်း အခုလုပ်မလား၊ မလုပ်ဘူးလား”
“တောက်……..ဟင်း……..”
ကိုအောင်သူက တောက်တစ်ချက်ခတ်လိုက်ပြီး အားမတန်လို့မာန်လျှော့သည့်လေသံနဲ့ သက်ပြင်းရှည်ချကာ ဘုရားစင်ကိုကျောပေးပြီး ဆောင့်ကြောင့်ထိုင် ချလိုက်တယ်။
“ဘုရားစင်ကိုကျောပေးထိုင်ဖို့ ငါပြောမိလား။ ဒီဘက်လှည့်ထိုင်စမ်း”
“ငါမကြည့်ချင်လို့ကွ….”
“ဘယ်သု့ကိုမကြည့်ချင်တာလဲ….။ ငါတို့မျက်နှာက မင်းလောက်မဆိုးပါဘူးကွာ။ မင်းရဲ့ပြောပုံဆိုပုံကြည့်ရတာ အတော်ရင့်နေပြီထင်တယ်။ ဟုတ်လားကွ”
“အင်း………..”
“အစွယ်တွေထွက်နေပြီလား……”
“အင်း….”
“အဲဒီလိုအမှန်အတိုင်းပြောစမ်းပါကွ။ မင်းလုပ်လို့ သူတို့တွေကောင်းကောင်းမနေရတော့ဘူး။ ငါတို့လည်း အိပ်ရေးပျက်တယ်။ ဘာဖြစ်လို့ဒုက္ခပေးရတာလဲ”
“တောက်….ဒီကောင်တွေက ငါ့ကိုပမာမခန့်နဲ့စိန်ခေါ်တာကိုးကွ။ ခွေးမသားတွေ..ငါ့ကိုဘာကောင်များမှတ်နေသလဲမသိဘူး။ အသေသတ်မလို့၊ မင်းရောက် လာလို့ကံကောင်းသွားတယ်မှတ်”
ဦးမျိုးမင်းအောင်က ကိုတင်အေးဘက်ကိုလှည့်ကြည့်ပြီး ဘယ်လိုလဲဆိုတဲ့သဘောနဲ့မေးငေါ့ပြပါတယ်။
“ဟုတ်….ဟုတ်ပါတယ်ဆရာ။ အောင်သူက စပြီးစိန်ခေါ်တာပါ”
“ကဲ……သူတို့ဘက်ကဝန်ခံပြီကွာ။ သူတို့မှားတာကိုလည်း တောင်းပန်မယ်ဆိုရင်မင်းကျေနပ်မလား”
“မကျေနပ်ဘူး…..။ ဒီအိမ်မှာနေတဲ့ကောင်နဲ့ကောင်မမိသားစုကိုလည်းသတ်ပစ်ချင်နေတာ”
“ဟာ……….”
ကိုအောင်သူထံကထွက်လာတဲ့စကားကိုကြားလိုက်ရတော့ ကိုတင်အေးအထိတ်တလန့်ဖြစ်သွားပါတယ်။
“သူတို့နဲ့ဘာရန်ငြိုးရှိလို့သတ်ချင်ရတာလဲ”
“ငါနေတဲ့နေရာကိုဖျက်စီးပစ်တယ်”
“ဟမ်………..ကျွန်…ကျွန်တော်ဘာမှမလုပ်ရပါဘူးဆရာ…။ သူနေတဲ့နေရာလည်းမသိပါဘူး”
“မင်းကြားတယ်နော်…..။ မင်းက ဘယ်မှာနေတာလဲ…..”
ကိုအောင်သူက အဖြေပြန်မပေးဘဲ အိပ်ခန်းထောင့်ကိုသာလက်ညှိုးထိုးပြပါတယ်။
“မင်းနေတဲ့နေရာလား။ ငါမတွေ့ပါဘူး။ လက်နဲ့ပုတ်ပြစမ်းကွာ။ ထစမ်း….။ မင်းနေတဲ့နေရာ ငါ့ကိုပြ”
ကိုအောင်သူက ထိုင်နေရာကချက်ချင်းထပြီး အခန်းထောင့်ကို လက်နဲ့ပုတ်ပြပါတယ်။
“အဲဒီနေရာမှာမင်းနေတာလား”
“အေး……”
“ဒီအိမ်ဟာ သူတို့အိမ်။ မင်းနဲ့ဘာမှမဆိုင်ဘူး။ မင်းနေရမယ့်နေရာလည်းမဟုတ်ဘူး”
“ငါနေတဲ့နေရာကွ…..တောက်…..”
“မင်းပြောတာ ငါနားမလည်ဘူး။ ငါနားလည်အောင်ပြောပြစမ်းကွာ။ အမှန်အတိုင်းပြော။ လိမ်ပြောရင်တော့ ဆိုင်ရာပိုင်ရာတွေကို မင်းရဲ့ကလီစာတွေဆွဲ ထုတ်ခိုင်းမယ်။ ကြားလား…..”
“အေး……”
“ကြားရင်ပြောကွာ။ အချိန်မရှိဘူး…..”
“ငါနေတဲ့နေရာက အဲဒီအခန်းတိုင်မှာ။ အဲဒီတိုင်က ငါသေခဲ့တဲ့တိုင်ပဲ”
“ဟုတ်လား…….”
ဦးမျိုးမင်းအောင်တို့ဇနီးမောင်နှံက တည်တည်ငြိမ်ငြိမ်ရှိနေပေမယ့် ကိုတင်အေးကတော့ ထွက်ပြေးချင်လို့ ဖင်တကြွကြွဖြစ်နေပါပြီ။
“ကိုတင်အေး…..”
“ခင်…ခင်ဗျာ….ဆရာ…”
“ခင်ဗျားတို့အိမ်ဆောက်တုန်းက သစ်ဟောင်းတွေပါသေးလား”
“အိမ်တိုင်တွေကလွဲပြီး အားလုံးကအိမ်ဖျက်သစ်တွေပါဆရာ”
“အော………..ကျွန်တော်သဘောပေါက်ပြီဗျာ။ ဘယ်ဆိုင်ကဝယ်တာလဲဗျ”
“လက်သမားဆရာဝယ်ပေးတာပါဆရာ”
“ဒီအိမ်ဆောက်တဲ့လက်သမားဆရာက အပါတို့အိမ်ကိုဆောက်တဲ့ ကိုမန်းအောင်မဟုတ်လား အမွန်”
“ဟုတ်တယ် အပါ….”
“ကိုမန်းအောင်က လူကောင်းတစ်ယောက်ပါ။ လက်သမားဆရာမကောင်းရင်လည်း အိမ်ရှင်ကိုဒုက္ခပေးခဲ့တတ်တယ်။ ကိုမန်းအောင်က အဲဒီလိုလုပ်မယ့် လူစားမဟုတ်ဘူး။ ဘုရားတရားမြဲတယ်”
“ဒီအခန်းက ကျွန်တော်တို့ပြောင်းလာပြီး တစ်လလောက်ရှိတော့မှအခန်းဖွဲ့ဖြစ်တာပါ။ ကိုမန်းအောင်ဆောက်တာမဟုတ်ပါဘူး။ အခန်းဖွဲ့ပေးတဲ့သူက မြောက်ဥက္ကလာက လက်သမားဆရာကိုချစ်ဦးပါ”
“ဟုတ်လား။ ဒါဆို သစ်ကအဟောင်းဝယ်သုံးတာလား”
“အခန်းတိုင်တွေကတော့ သစ်ဟောင်းတွေပါ။ သုံးထပ်သားကတော့ အသစ်ပါဆရာ”
“လက်သမားဆရာနဲ့မဆိုင်တော့ဘူးဗျ။ အိမ်ဟောင်းဖျက်တဲ့သစ်တွေထဲမှာ မှီခိုနေတဲ့သူပါလာတယ်”
“ဗျာ……လုပ်ပါဦးဆရာရယ်…..”
“စိတ်မပူပါနဲ့ကိုတင်အေး….။ ကျွန်တော့်တာဝန်ထားပါ”
“ကျေးဇူးတင်ပါတယ်ဆရာရယ်…..”
“သူမသိလို့ဝယ်လာမိတယ်တဲ့ကွာ။ မင်းလည်းကြားတာပဲ။ အခု သူ့အိမ်ဖြစ်သွားပြီ။ မင်းနဲ့မအပ်စပ်တော့ဘူး။ အေးအေးဆေးဆေးထွက်သွားပေတော့”
“မသွားဘူး…….။ ငါနေတဲ့နေရာဖျက်စီးတဲ့ကောင်မိသားစုကိုသတ်ပစ်မယ်”
“မင်းနေတဲ့နေရာကို သူတို့ဖျက်စီးတာမှမဟုတ်တာ။ မင်းမိသားစုမဟုတ်ရင် မင်းတို့အိမ်ကိုဝယ်သွားတဲ့သူတွေက အိမ်ဟောင်းကိုဖျက်ပြီးရောင်းတာလေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းနေရမယ့်နေရာမဟုတ်တော့ဘူး။ ရောင်းသွားတဲ့သူတွေကိုလည်း ဒုက္ခပေးစရာမလိုဘူး။ ဒီအိမ်မှာနေတဲ့သူတွေကိုဒုက္ခမပေးဘဲ ထွက်သွားတော့ ကွာ”
“တောက်……….”
“မကျေနပ်ရင်လည်း ငါ့မျက်နှာကိုအသေအချာကြည့်ပြီးမှတောက်ခတ်စမ်းပါကွာ။ ဒီဘက်လှည့်ပါဦးကွ….”
“မလှည့်ဘူး….”
“ငါပြောတဲ့အတိုင်းမလုပ်ရင် ငါ့အပြစ်မဟုတ်တော့ဘူး။ ကဲ…….ကြိုးဝိဇ္ဇာက လက်နောက်ပြန်ဆွဲချုပ်ပြီးကြိုးနဲ့တုပ်စမ်း…….”
ဦးမျိုးမင်းအောင်အမိန့်ပေးလိုက်တဲ့အချိန်မှာပဲ ကိုအောင်သူရဲ့လက်နှစ်ဖက်ကကျောနောက်ကိုရောက်သွားပြီး လက်ပြန်ကြိုးတုပ်ထားသလို လက်ချင်းပူး ယှက်သွားပါတယ်။ အဲဒီနောက်မှာတော့ ဆိုင်ရာပိုင်ရာတွေကိုအမိန့်ပေးပြီး ကိုအောင်သူရဲ့ပါးစပ်ကိုဖြဲခိုင်းတာ၊ နဂါးတွေကို အူကလီစာတွေစားခိုင်းတာတွေအမိန့်ပေး ခိုင်းစေပါတော့တယ်။
“အမလေး…….နာလိုက်တာ…….တော်ကြပါတော့…………”
“ကြိတ်ခံစမ်းပါကွာ”
“မခံနိုင်တော့ဘူး……….ရပ်ခိုင်းပါတော့………”
“ဒီဘက်ကိုလှည့်စမ်း……..”
“လှည့်ပြီ…လှည့်ပြီ….”
ကိုအောင်သူက ဆောင့်ကြောင့်ထိုင်နေရာက မကျေမနပ်နဲ့ဝုန်းခနဲထပြီး ဘုရားစင်ဘက်ကိုမျက်နှာမူလိုက်တော့ ကိုတင်အေးလည်း ဗြုန်းကနဲထပြီး အိမ် အောက်ကိုဆင်းပြေးပါတော့တယ်။
“ဟေ့လူ…ကိုတင်အေး….။ ဘယ်ထွက်ပြေးတာလဲ….”
“ဟား…ဟား…ဟား….”
“ကဲ…..ဒီကောင်တောင် ခင်ဗျားကိုရယ်နေပြီ။ ပြန်လာခဲ့….”
သရဲဝင်ပူးနေတဲ့ ကိုအောင်သူက တဟားဟားထရယ်တော့ ကိုတင်အေးရှက်ပြီး အိမ်ပေါ်အမြန်ပြန်တက်လာပါတယ်။
“မကြောက်ပါနဲ့ဗျာ….။ ကျွန်တော်တို့ရှိပါတယ်။ ခင်ဗျားကို ဘာမှမလုပ်စေရပါဘူး”
“သူက ဝုန်းကနဲထရပ်လိုက်တော့ တစ်ခုခုလုပ်ပြီထင်ပြီးပြေးမိတာပါဆရာ…..”
“ဟား…ဟား…ဟား…..”
“တွေ့လား……။ ဒီကောင်တောင် သဘောကျပြီးရယ်နေပြီ….။ မင်းကိုသူကြောက်ပါတယ်ကွာ။ မသိလို့လုပ်မိတာပဲ။ ခွင့်လွတ်ပြီး အခြားနေရာကိုသွားပါ တော့”
“ငါ့မှာ နေစရာမရှိဘူးကွ”
“နေစရာမရှိရင် နေစရာပေးမှာပေါ့….”
“မင်းတာဝန်ယူလား။ မင်းပေးတဲ့နေရာမှာနေတဲ့ကောင်တွေက ငါ့ကိုအနိုင်ဝိုင်းကျင့်ရင်ဘယ်လိုလုပ်မလဲ”
“အတော်လာတဲ့ကောင်ပါလား။ မင်းပဲ ဘယ်ကောင်မှမကြောက်ဘူးဆိုကွ”
“ငါနေတဲ့နေရာမှာ ငါဗိုလ်ပဲ။ သူ့အပိုင်နဲ့သူကွ။ မင်းနားလည်ပါတယ်”
“နားလည်တာပေါ့ကွာ။ မင်းဘယ်လိုသေခဲ့တယ်ဆိုတာပြောစမ်းပါဦး”
“ငါ့ကိုငါသတ်သေတာ”
“ဟုတ်လား…ဘယ်လိုသတ်သေတာလဲ”
“ကြိုးဆွဲချသတ်တာ….။ အဲဒီသစ်သားတိုင်က ငါကြိုးဆွဲချခဲ့တဲ့ထုပ်တန်းပဲ”
“အော…….။ ဒီလိုကိုး….”
ကိုအောင်သူပြောတဲ့စကားကိုကြားတော့ ကိုတင်အေး ဇောချွေးတွေပြန်ပြီး ကြက်သီးတွေထလာပါတယ်။
“ကိုယ့်ကိုယ်ကိုသတ်သေရင် အဖန်ငါးရာငါးကမ္ဘာခံရမယ်ဆိုတာမင်းမသိဘူးလား”
“ဒါတွေငါနားမလည်ဘူး။ ငါသေချင်တာပဲသိတယ်”
“ဘာကြောင့်သေချင်ရတာလဲ”
“ငါ့မိန်းမသေသွားလို့ သူ့နောက်လိုက်သွားတာ”
“အင်း……..တော်တော်အချစ်ကြီးတာပဲ။ မင်းမိန်းမနဲ့တွေ့ပြီလား”
“မတွေ့ဘူး……”
“မှတ်ထားကိုယ့်လူ….။ လူတိုင်းကတော့ သေမျိုးကြီးပဲကွ။ ရိုးရိုးသေတာနဲ့ ဆန်းဆန်းသေတာနှစ်မျိုးပဲရှိတယ်။ ရိုးရိုးသေတယ်ဆိုတာက သာမန်ဖြစ်ရိုးဖြစ် စဉ် နာမကျန်းဖြစ်လို့သေရတာ၊ ရောဂါဘေးကြောင့်သေရတာ။ ဆန်းဆန်းသေတယ်ဆိုတာ ဥပစ္ဆေဒကကံ၊ ဥပဃာတကံကြောင့်သေရတာ။ သေတာချင်းတူရင်တောင် သေပြီးတဲ့နောက်မှာ လားရာမတူဘူး။ သက်ရှိထင်ရှားရှိနေတဲ့အချိန်မှာပြုခဲ့တဲ့ကုသိုလ်ကံနဲ့ အကုသိုလ်ကံပေါ်မူတည်ပြီး လားရမယ့်နေရာကွဲသွားကြတယ်။ မင်းမိန်းမ က နိဗ္ဗာန်ရောက်ချင်ရောက်နေမှာပေါ့”
“ဒါတွေငါမသိဘူး။ သိလည်းမသိချင်တော့ဘူး”
“ကြာတယ်ကွာ…..။ အချိန်လည်းမရှိတော့ဘူး။ ကိုအောင်သူလည်းပင်ပန်းနေပြီ။ ဘုရားကိုကန်တော့ပြီး ထွက်သွားတော့။ မင်းအတွက်နေရာပေးမယ်”
“မလုပ်နိုင်ဘူး…..”
“မလုပ်နိုင်ရင် လုပ်နိုင်အောင် ငါပဲလုပ်ပေးရတော့မှာပေါ့။ မျက်စဉ်းခတ်ပေးလိုက်ရင် လုပ်ချင်သွားမှာပါ….”
“မလုပ်ပါနဲ့…”
“ထွက်မလား၊ မထွက်ဘူးလား”
ကိုအောင်သူက ဦးမျိုးမင်းအောင်ကို မျက်လှန်ကြည့်ပြီး အံသွားတွေကိုတကျွိကျွိမြည်အောင်ကြိတ်နေပါတယ်။
“ခိုင်းရတာကြာတယ်ကွာ။ စိတ်မရှည်တော့ဘူး။ ခြေထောက်ကိုဆွဲဆန့်လိုက်ကြစမ်း….”
ဦူမျိုးမင်းအောင်အမိန့်ပေးလိုက်တာနဲ့ ကိုအောင်သူရဲ့ခြေထောက်နှစ်ဖက်က ရုတ်တရက်ဆွဲဆန့်သွားတာကြောင့် နောက်ပြန်လဲကျမတတ်ဖြစ်သွားပါတယ်။
“အသားနာချင်ရင် ကလန်ကဆန်ထပ်လုပ်ကွာ။ မနာချင်ရင်တော့ လက်အုပ်ချီပြီး ဘုရားကိုကန်တော့။ ကြိုးဝိဇ္ဇာက ကြိုးတွေဖြည်ပေးလိုက်ပါ”
လက်နှစ်ဖက်လွတ်သွားတာနဲ့ ကိုအောင်သူက ခေါင်းကိုငုံ့ပြီး မျက်နှာကိုလက်ဝါးနဲ့အုပ်ထားပါတယ်။
“ကြာတယ်ကွာ…..။ လက်အုပ်မြန်မြန်ချီပြီး ဘုရားကိုကန်တော့စမ်း”
“ငါ့ကို စီးကရက်တိုက်ပါ”
“ဒီအချိန်ဘယ်ကစီးကရက်ရမှာလဲကွ”
“မင်းအိတ်ထဲမှာ ဒူးယားစီးကရက်ပါလာတယ်။ ဆရာလုပ်နေပြီး လိမ်ရသလားကွ”
ကိုအောင်သူပြောတဲ့စကားကို ဦးမျိုးမင်းအောင်က သဘောကျပြီး အိတ်ကပ်ထဲကစီးကရက်ဘူးကိုထုတ်ယူလိုက်ပါတယ်။
“ငါမေ့သွားလို့ပါကွာ…..။ ရော့……..”
အစိမ်းရောင် ဒူးယားစီးကရက်ဘူးပျော့ထဲက စီးကရက်တစ်လိပ်ကိုထုတ်ပြီးပေးလိုက်တဲ့အခါ မျက်နှာကိုလက်ဝါးနဲ့အုပ်ထားရာက အလျင်အမြန်ယူပြီး နှုတ် ခမ်းမှာတေ့လိုက်ပါတယ်။
“စီးကရက်သောက်ပြီးရင် ငါခိုင်းတာလုပ်မလား”
“အင်း…..”
ဦးမျိုးမင်းအောင်က မီးခြစ်ကိုမီးခတ်လိုက်တဲ့အခါ ကိုအောင်သူကရှေ့ကိုတိုးလာပြီး နှုတ်ခမ်းမှာတေ့ထားတဲ့စီးကရက်နဲ့မီးတို့လိုက်ပါတယ်။ စီးကရက်မီးစွဲ သွားတဲ့အခါ မျက်လုံးမှေးပြီး ဟန်ပါပါနဲ့ခဲနေပုံက အတော်စတိုင်ကျတာကြောင့် ဦးမျိုးမင်းအောင် သဘောကျပြီး ခေါင်းတညိမ့်ညိမ့်နဲ့ပြုံးနေပါတယ်။
“စီးကရက်သောက်တဲ့ပုံက အဆင့်အတန်းအတော်ရှိတာပဲ။ မင်းဘယ်သူလဲကွ”
“ဝှူး………….ငါ့နာမည်ကို ထပ်မမေးနဲ့။ ကြိုက်သလိုလုပ်၊ ဘယ်တော့မှမပြောဘူး။ ငါ့အသက်ကတော့ မင်းထက်ကြီးတယ်”
စီးကရက်မီးခိုးကိုမှုတ်ထုတ်ပြီး မျက်လုံးမပွင့်တစ်ပွင့်နဲ့ပြောဆိုပုံက ရုပ်ရှင်မင်းသားဟန်ပေါက်နေတော့ ကိုတင်အေးတောင်ကြောက်စိတ်ပြယ်သွားခဲ့တယ်။
“ကောင်းပြီလေ။ မင်းလည်း မြန်မြန်ဖွာပြီး မြန်မြန်ထွက်သွားတော့။ အချိန်မရှိဘူး”
ကိုအောင်သူက စီးကရက်တစ်ဝက်ကျိုးတဲ့အထိ စိမ်ပြေနပြေဖွာနေပါတယ်။
“တော်လောက်ပြီ…..။ အခုထွက်သွားတော့…..”
ဦးမျိုးမင်းအောင်အမိန့်ပေးပေမယ့် တုပ်တုပ်မျှမလှုပ်ဘဲ စီးကရက်ခဲနေတာကြောင့် ဦးမျိုးမင်းအောင်လည်း စိတ်မရှည်နိုင်တော့ပါ။ ကိုအောင်သူရဲ့ ဆံပင်ကို ရုတ်တရက်ဆွဲလိုက်ပြီး ငယ်ထိပ်နဲ့ဇက်ပိုးကို ကြေးစုတ်နဲ့ပေါက်လိုက်ပါတော့တယ်။ ငယ်ထိပ်ကိုကြေးစုတ်နဲ့ထောက်ထားရင်း တီးတိုးရွတ်ဆိုနေချိန်မှာ ကိုအောင်သူ ကြောက်လန့်တကြားနဲ့အော်ဟစ်ပါတော့တယ်။
“အမလေး…..ကြောက်ပါပြီဗျ…………..ထွက်သွားပါ့မယ်……”
“ထွက်မှာသေချာရင် လက်အုပ်ချီစမ်းကွာ….”
“လုပ်ပါ့မယ်….”
ကိုအောင်သူက လက်အုပ်ချီပြီး ကိုယ်ကိုယိမ်းထိုးနေပါတယ်။
“ငြိမ်ငြိမ်နေစမ်း….။ ဘုရားကိုအာရုံပြုပြီးမော်ဖူး…..။ အခုလုပ်စမ်း….”
“တောက်………မင်းကိုမနိုင်လို့အလျှော့ပေးရမှာပေါ့ကွာ……။ ငါနေဖို့နေရာပေး”
“ပေးမယ်ကွာ…..။ မင်းနေဖို့နေရာပြန်ရရင် ကျေနပ်ပြီလား”
“အေး……”
“ဒီအိမ်မှာနေထိုင်တဲ့ဘယ်သူ့ကိုမဆို ထပ်ပြီးမနှောက်ယှက်ပါဘူးလို့ ကတိပေး။ ကတိမတည်ရင်တော့ အဝီစိအထိရောက်အောင်ပို့ပေးမယ်”
“ကတိပေးတယ်….”
“ကောင်းပြီ…..ဘုရားကိုလက်အုပ်ချီပြီးကန်တော့။ ပြီးရင် ငါတိုက်တဲ့ရေကိုသောက်ပါ”
“အင်း……..”
“အခုလုပ်……….။ အခုပူးကပ်နေတဲ့ခန္တာကိုယ်ကထွက်ပြီးတာနဲ့ ခြံပြင်ကစောင့်နေ။ မင်းနေရမယ့်နေရာပေးမယ်”
“အင်း………”
ကိုအောင်သူက လက်အုပ်ချီပြီး ဘုရားကိုကန်တော့လိုက်ချိန်မှာပဲ ဖိနပ်ချွတ်က ဖိနပ်တွေကိုတစ်ယောက်ယောက်က ခလုပ်တိုက်သွားသလို နေရာရွေ့သွား ပါတော့တယ်။ မကြာခင်မှာပဲ လက်အုပ်ချီပြီး ကြမ်းပြင်ပေါ်မျက်နှာအပ်နေတဲ့ကိုအောင်သူလည်း သတိပြန်လည်လာပါတော့တယ်။
“သတိရလာပြီလား………”
“ဗျာ………………”
“လာ……မျက်စဉ်းလေးခတ်လိုက်ရအောင်….”
ဦးမျိုးမင်းအောင်က ဖန်ခွက်ထဲကရေနဲ့ ကိုအောင်သူရဲ့မျက်လုံးကို တောက်လိုက်ပါတယ်။
“ရှင်းသွားပြီအပါ…..”
“ဟုတ်တယ် အမွန်။ ခုနက ကမူးရှူးတိုးထွက်သွားတာ ဖိနပ်တွေတောင်တိုက်သွားသေးတယ်။ သေချာအောင်လို့မျက်စဉ်းခတ်ကြည့်တာ”
“အမွန်တွေ့လိုက်တယ် အပါ။ သနားစရာတော့ကောင်းသား…..။ သူ့မိန်းမကို အတော်ချစ်ရှာတာပဲနော်”
“မလုပ်သင့်တာလုပ်တာ သနားစရာလားအမွန်ရာ….။ မိန်းမတစ်ယောက်အတွက် ကိုယ့်အသက်ကိုစတေးစရာလား”
“အစွဲအလန်းကြီးတယ်နဲ့တူပါတယ်အပါရယ်”
“အဲဒါတော့အမှန်ပဲ။ ကြိုးဆွဲချခဲ့တဲ့ထုပ်တန်းကိုတောင်စွဲလန်းနေသေးတယ်။ မိန်းမတစ်ယောက်အတွက်နဲ့လုပ်ရတယ်လို့ကွာ”
“အို…အပါကလည်း။ သူချစ်တာကိုး”
“ခင်ဗျားတို့မိန်းမတွေကလည်း အဲဒီလိုစိတ်ရူးပေါက်သမျှ မစဉ်းစားမဆင်ခြင်လုပ်တဲ့သူကိုမှ သူရဲကောင်းတင်တတ်ကြတာပါလား…”
“လုပ်စရာရှိတာလုပ်တော့ အပါ။ မနက်ရုံးသွားရဦးမယ်”
ဒေါ်ရည်မွန်က ဦးမျိုးမင်းအောင်ကို မျက်စောင်းတစ်ချက်ထိုးပြီး မျက်နှာလွှဲသွားပါတယ်။
“ကိုတင်အေး…..”
“ဟုတ်ကဲ့ဆရာ….”
“မနက်မိုးလင်းတာနဲ့ အခန်းဖျက်ပြီး ငမိုးရိပ်ချောင်းထဲ အကုန်မျှောလိုက်ဗျာ”
“လုပ်ပါ့မယ်ဆရာ….”
“အကုန်ရှင်းသွားပါပြီ။ ကျွန်တော်တို့လည်းပြန်လိုက်ဦးမယ်။ မနက်ဖြန်ညနေကျရင် ကျွန်တော်တို့တွေ့ကြမယ်ဗျာ။ လုပ်စရာရှိတာလေးတွေ ထပ်လုပ်ပေး ရဦးမယ်”
“ဟုတ်ကဲ့ဆရာ…ဟုတ်ကဲ့…..”
“ကိုအောင်သူရော နေရတာအဆင်ပြေရဲ့လား”
“မောပြီးမူးနောက်နောက်ဖြစ်နေတယ်ခင်ဗျ။ ကျွန်တော်ဘာဖြစ်သွားတာလဲ”
“ငါနောက်မှပြောပြမယ်ကွာ….။ ဆရာတို့ကိုလိုက်ပို့ပေးလိုက်ဦးမယ်”
“လိုက်မပို့နဲ့တော့ကိုတင်အေး။ ဟိုလူ့ကို နေရာပေးရဦးမယ်”
“ဗျာ….ဟုတ်ကဲ့ဆရာ….။ ဟုတ်ကဲ့……..။ နီးနီးနားနားတော့မထားပါနဲ့နော်ဆရာ”
“မထားပါဘူးဗျာ….မစိုးရိမ်ပါနဲ့”
ဦးမျိုးမင်းအောင်တို့ပြန်သွားကြတော့မှ ကိုတင်အေးက ကိုအောင်သူကိုဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ပါတော့တယ်။
****************
အဲဒီကစပြီး မြောက်ဒဂုံအိမ်မှာ အေးအေးချမ်းချမ်းနေထိုင်လာခဲ့တာ အခုဆိုနှစ်ပေါင်းသုံးဆယ်နီးပါးရှိခဲ့ပါပြီ။ အရင်အိမ်ဟောင်းလေးလည်း နှစ်ထပ်တိုက် အိမ်တစ်လုံးဖြစ်သွားခဲ့ပြီး ဦးတင်အေးရဲ့ညီမက သူ့ရဲ့ပေနှစ်ဆယ်မြေကွက်နဲ့အိမ်ကိုရောင်းချပြီး သင်္ကန်းကျွန်းမှာတိုက်ခန်းနဲ့နေထိုင်ပါတယ်။ ဦးတင်အေးရဲ့သားကြီး က နိုင်ငံခြားသင်္ဘာမှာ ဆီလောင်းရာထူးနဲ့တာဝန်ထမ်းဆောင်နေပြီး သားအငယ်ကတော့ ကွန်ပြူတာပြုပြင်တဲ့ပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။
ဒေါ်ကြည်ကြည်ခင်စိုက်ပျိုးခဲ့တဲ့ အိမ်ရှေ့ကခရေပင်လေးတွေလည်း ခရပင်အိုကြီးတွေဖြစ်လို့နေပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ကျော်က ခြောက်သွေ့ပြီး နေချင်စရာမကောင်းတဲ့ဒဂုံမြို့သစ်ဟာ အခုအခါမှာတော့ စည်ကားသိုက်မြိုက်ပြီး မြို့ပြကြီးတစ်ခုဖြစ်နေခဲ့ပါပြီ။
အမှတ်တရများစွာတွေထဲက တစ်သက်လုံးမေ့မရနိုင်တဲ့အမှတ်တရတစ်ခုကတော့ ဦးတင်အေးရဲ့ရင်ထဲမှာ ယနေ့တိုင်စွဲထင်ကျန်ရစ်နေပါသေးတယ်။
********************
ချစ်ခင်လေးစားစွာဖြင့်
#လွင်ဦးဟန်
#Credit