ကံစီမံရာ(စ/ဆုံး)

Posted on

မကံစီ ထောင်ကလွတ်လာတယ်ဆိုတော့ တိုင်း ပြည်က မအံ့ဩပေမဲ့ ရပ်ကွက်က အံ့သြတယ်။ စက်ဘီး အစီး နှစ်ရာခိုးတဲ့ မကံစီ ခြောက်လနဲ့ ထောင်ကလွတ် လာတာ ဟုတ်မှ ဟုတ်ရဲ့လားပေါ့။ ထောင်ဖောက်ပြေး လာတယ်ဆိုရအောင်လည်း မကံစီမှာ ဒီလောက် အစွမ်း အစမရှိတာတော့ သေချာသိနေကြတယ်။ မကံစီ လာဘ် များထိုးသလား၊ ထောင်မှူးကို ငွေပေးသလား၊ ရဲစခန်း ကို အပံ့အပိုးပြုလေသလား။ ကြံကြီးစည်ရာ၊ လင်ပန်း ထဲ ရေထည့်သောက်သလို လူရာမဝင်တဲ့ အတွေးတွေ ပါကွာလို့ ပြောကြလေဦးမှာ။
မကံစီက ဘယ်ငွေနဲ့ လာဘ်ထိုးမလဲ။ မကံစီမှာ ကျောထောက်နောက်ခံဆိုလို့ သူ့မိဘနဲ့ သူ့ယောက်ျား ကိုဝေးလွင့်ပဲ ရှိတဲ့ဥစ္စာ။ သူ့မိဘကလည်း သူ့ထက် စီးပွားရေးက ချူချူချာချာ။ ကိုဝေးလွင့်ကလည်း မကံစီ ထောင်ထဲဝင်သွားပြီး နောက်တစ်ရက်ကတည်းက အိမ် ပေါ် မိန်းမတစ်ယောက် ခေါ်တင်ထားပြီး အဲဒီမိန်းမ လုပ်စာနဲ့ ဘိန်းစားနေရရှာတာ၊ ဘယ့်နှယ်လုပ်ပြီး လာဘ်ထိုးနိုင်ပါ့။ အဲဒီ ကူကယ်ရာမဲ့ မကံစီ ထောင်က လွတ်လာပြီ၊ ရပ်ကွက်ထဲကို ဘုရင်မတစ်ပါး လှမ်းကြွ
လာတဲ့ဟန်နဲ့ ဝင်လာတာ ရပ်ကွက်ထဲက လူတွေဖြင့် မျက်လုံးများတောင် ပြူးလို့။
ဘယ်သိကြမှာလဲ၊ မကံစီ ဒီအချိန် လွတ်လာမယ်လို့။ ကိုယ်လွတ်မှာ သိတဲ့သူတွေကတော့ ကြိုဆိုပွဲတွေနဲ့ ၊ ပန်းကုံးတွေနဲ့၊ ကြွေးကြော်သံတွေနဲ့၊ ဆိုင်းဘုတ်တွေနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ အပေါင်းနဲ့ အသင်းနဲ့။ မကံစီကတော့ ကိုယ့်ဖိနပ်ကိုယ်စီးပြီး ကိုယ့်ခရီးကိုယ် ဆက်လာခဲ့ရတာ။ ထောင်ဘူးဝက ထွက်တော့ ကိုယ့်အိမ် ဘယ်အရပ်မှာ ရှိမလဲ တစ်ချက်လောက် မျှော်ကြည့်ပြီး တောင်တောင် ဤဤ စဉ်းစားမနေဘဲ ကိုယ့်လမ်းကိုယ် လျှောက်လာ ခဲ့တာ။
မကံစီ အခြားထောင်ကလွတ်လို့ ကြိုကြတဲ့သူတွေ ကို ဖြတ်လာခဲ့ပြီး ငိုက်စိုက်စိုက်နဲ့ပဲ လာခဲ့တာ။ ဒါနဲ့ များ မကံစီ ထောင်ကလွတ်လာလို့ သူ့ကိုယ်သူ ဝမ်း မသာဘူးလား မေးချင်စရာပေါ့။ မကံစီက ဝမ်းမသာ ဘူး။ သူက ထောင်ထဲရောက်ပြီး နောက်တစ်ရက်က တည်းက လွတ်ချင်နေတဲ့ဥစ္စာ။ အခု ခြောက်လလောက် နေမှလွတ်တော့ ထူးဝမ်းသာတာမျိုး မရှိပါဘူး။
ကိုဝေးလွင့်ကို မြန်မြန်တွေ့ ချင်တာပဲ ရှိတာပါ။ ရပ်ကွက်ထဲဝင်လာတော့ လူကြီးတွေက တအံ့ တသြနဲ့ ဝိုင်းမေးကြတာပေါ့။
“ဟဲ့.. မကံစီ၊ ညည်း လွတ်လာတာ မြန်လှချည်
လား” ပေါ့
“ဘယ်က မြန်ရမှာတုံး ခြောက်လတောင်ကြာတဲ့ ဥစ္စာ” ဆိုတော့ ဘာဆက်မေးလို့ မေးရကောင်းမှန်းမသိ ဘူး။ အဲဒီမှာ ခပ်လည်လည် စာတတ်တစ်ယောက်က.. “ဟုတ်သားပဲ၊ သစ်ခိုးမှုနဲ့ တစ်သက်တစ်ကျွန်းကျ တဲ့ တရုတ်တွေ လွတ်ငြိမ်းချမ်းသာခွင့်မှာ ရှစ်ရက်နဲ့ လွတ်လာတာ၊ မကံစီပါ ရောပါသွားတာနေမှာပေါ့” တဲ့။ တကယ်တမ်းတော့ ရပ်ကွက်က အဲဒီကိစ္စ ဒီလောက် စိတ်မဝင်စားလှပါဘူး။ မကံစီရဲ့အိမ်ပေါ်မှာ ကိုဝေးလွင့် ခေါ်တင်ထားတဲ့ မိန်းမနဲ့ မကံစီ ဘာတွေ ဖြစ်ကြမလဲဆို တာကိုသာ ပိုပြီး စိတ်ဝင်စားကြတာ။ ပွဲကြီးပွဲကောင်း တော့ တွေ့ကြပြီပေါ့။ အိမ်ကြီးပေါ် အိမ်ကလေးဆင့် ချင်တဲ့ ကိုဝေးလွင့်ပဲ အိမ်ပေါ်က နှင်ချခံရလေမလား၊ သူများလင်ကို ကြောင်တောင်နှိုက်ချင်ပြီး အိမ်ကြီးရှင် ဝင်လုပ်နေတဲ့ ဟိုအမျိုးသမီးပဲ မကံစီလက်စာ မိလေ တော့မလား။ တွေးကြည့်လေ စိတ်ဝင်စားစရာ ကောင်း လေပဲ။ ရပ်ကွက်သတင်းထောက်များက မကံစီ အိမ် ဘေးပတ်လည်မှာ ကြိုရောက်နေကြပြီ။ ဪ.. မကံစီ ထောင်ကလွတ်တာကို စိတ်ဝင်စားသူတွေက ထောင်ရှေ့ မှာမဟုတ်ဘဲ မကံစီအိမ်ရှေ့မှာ ဖြစ်နေတာကိုး။
ဒါပေမဲ့ အံ့သြစရာကောင်းတာက မကံစီ ထောင်က လွတ်လာတာကို အိမ်ထဲမှာ ဘိန်းမှိန်းနေတဲ့ ကိုဝေးလွင့် က မသိသေးဘူး။ ကိုဝေးလွင့်ရဲ့ အခုလက်ရှိ ပေါင်းနေ တဲ့ မိန်းမကလည်း မသိသေးဘူး။ ပြောရဦးမယ်။ အဲဒီ ကိုဝေးလွင့်ရဲ့ မိန်းမဆိုတာ ဘယ်ကမှန်း၊ ဘယ်သူမှန်း မသိကြဘူး။ ကိုဝေးလွင့်ကိုယ်တိုင်တောင် သိရဲ့လားဆို တာ သိပ်တော့ မသေချာလှဘူးလေ။
အဲဒီမှာ မကံစီ သူ့အိမ်ပေါ်တက်သွားတော့ ကိုဝေး လွင့်ကို ကျန်းကျန်းမာမာကြီးတွေ့ တော့ စိတ်တော်တော် ချမ်းသာသွားတယ်။ ဘိန်းနာလေးလို ခပ်မှိန်းမှိန်းလေး တွေ့ ရတာကိုက အကောင်မပျက် အထည်မပျက်၊ နဂို ရည် မပျက်မယွင်း ပြန်တွေ့ ရလေတယ်လို့ စိတ်ထဲ
အောက်မေ့သကိုး။ ကိုဝေးလွင့်ကတော့ မကံစီကို မြင် တော့ အံ့တော့ အံ့သြသွားပေမဲ့ သိပ်တော့ ထူးမအံ့သြ တော့ပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ “ထောင်ကလွတ်တာ မြန်သား ပဲ”လို့ ပြောတယ်။ မကံစီက အင်းတစ်ချက်ပဲ ပြောပြီး ထမင်းလေးဘာလေးချက်ဖို့ မီးဖိုထဲဝင်တော့ စားစရာက အဆင်သင့်ရှိနေတော့ အံ့အံ့သြသြဖြစ်မိတာ အမှန်ပဲ။ ဒါ ကိုဝေးလွင့်လက်ရာ မဟုတ်တာတော့ သေချာတယ်။ ဒါပေမဲ့ အဲဒါက အရေးမကြီးဘူး၊ ဗိုက်ဆာရင် ရှိတာစား လိုက်တာ အကောင်းဆုံးပဲမဟုတ်လား။ ဒါနဲ့ မကံစီ ရှိတာ ခူးခပ်စားတယ်။
ထမင်းစားပြီးလို့ အေးအေးနားမလို့ကြံတုန်း ဟို အမျိုးသမီးက အိမ်ထဲဝင်လာတာပဲ။ မကံစီက သူမသိ တော့ ခပ်အေးအေးပဲ ကြည့်နေတာပဲ။ အဲဒါကို ပရိ သတ်က စိတ်ဝင်စားတာ။ အပြင်ဘက်ကနေဆိုတော့ တိုက်ရိုက်ထုတ်လွှင့်တာ မမြင်ရပေမဲ့ အသံဗလံကို နား စွင့်နေကြတာ။ ဒါပေမဲ့ အဲဒီအမျိုးသမီးကလည်း မကံစီ ကို မြင်ပေမဲ့ ခပ်တည်တည်ပဲ။ ပြီးတော့ ခပ်အေးအေးပဲ မေးလိုက်သေးတယ်။
“မကံစီဆိုတာလား၊ ထောင်ကလွတ်တာ မြန်သားပဲ” မကံစီကတော့ အဲဒီ “ထောင်ကလွတ်တာ မြန်သား ပဲ” ဆိုတဲ့စကားကို မကြိုက်တာကလွဲလို့ ဘာပြဿနာမှ မရှိပါဘူး။ “အေး ဟုတ်တယ်” လို့ပဲ ဖြေလိုက်တယ်။ အဲဒီအမျိုးသမီးက သူ့ဘာသာ အခန်းထဲဝင်၊ ထည့်စရာ လေးထည့်၊ အိတ်ကလေးဆွဲပြီး ပြန်ထွက်သွားတယ်။ ဘယ်သူ့မှတောင် နှုတ်ဆက်မသွားဘူး။ ကိုဝေးလွင့် ကလည်း တစ်ခွန်းမှ စကားဟဟတောင် မပြောလေ
ဘူး။ ၊ မကံစီက “သူက ဘယ်သူတုံး” မေးတော့ “ညည်း ထောင်ကျနေတုန်း အိမ်ပေါ် ခဏခေါ်ထားတာ” လို့ ပြန်ဖြေတယ်။ မကံစီက “ဪ” လို့ပဲဖြေပြီး သူ စဉ်း စားစရာရှိတာ စဉ်းစားနေတာပဲ။
မကံစီ စဉ်းစားတာက ကိုဝေးလွင့် ဘိန်းဖိုးရယ်၊ သူတို့ နေ့စဉ် ထမင်းစားဖို့ရယ် ဘာလုပ်ရကောင်းမလဲ ဆိုတာပဲ။ အရင်လို ပြန်ခိုးမလား၊ ဖြစ်ပါ့မလား။ ခိုးရင် ထောင်ကျတယ်ဆိုတာ မကံစီ ခုမှသိတာ။ ခိုးရင် ပိုင်ရှင် မသိအောင် ခိုးရတယ်ဆိုတာကလွဲပြီး ဘာမှ သိပ်သိတာ မဟုတ်ဘူး။ ပစ္စည်းပိုင်ရှင်မသိရင် အားလုံး အဆင်ပြေ
သွားပြီလို့ပဲ ထင်ခဲ့မိတာ။ တကယ့်ကို ဘုရားစူးရစေရဲ့။ ရပ်ကွက်ထဲကလူတွေ ထောင်ကျတယ်ဆိုတာက ယောက္ခမအိမ် သွားလည်တယ်ဆိုတာမျိုးလောက် ခပ် ပေါ့ပေါ့တွေးခဲ့မိတာ။ အခု ကိုယ်တွေ့ကြုံမှ အဲဒီ ထောင် ဆိုတာထဲ မကံစီ နောက်တစ်ခါ ပြန်မသွားချင်တာတော့ အမှန်ပဲ။

ဒါနဲ့ ကိုဝေးလွင့်ဘက် လှမ်းကြည့်ပြီး “ကိုဝေးလွင့် • ကျုပ် ထောင်ထဲနေတုန်း ဟိုမိန်းမ ရှင့်ကို ဘာလုပ် ကျွေးတုံး” လို့ မေးတယ်။ “ဈေးရောင်းတယ်ပြောတာပဲ”
“ဟောတော့… ကျုပ်ကလည်း ဈေးမရောင်းတတ်ဘူး။ အခု အဲဒီမိန်းမ ဘယ်သွားတာတုံး” “မင်းပြန်ရောက်တော့ သူလည်း ဒီမှာနေလို့ မဖြစ်တော့ သွားစရာရှိတာ သွားပြီပေါ့”
“ရှင့်မလည်း ခေါ်ထားလိုက်တာ မဟုတ်ဘူး” ဆို တော့ ကိုဝေးလွင့်မှာ ဘာပြောလို့ ပြောရမှန်းမသိဘူး။ မကံစီကလည်း တကယ်ပြောနေတာ။ သူဘာလုပ် လို့လုပ်ရမှန်း မသိဘူးဖြစ်နေတာ။ အဲဒါနဲ့ ကြံရာမရလို့ ရသမျှအကြံ လိုချင်နေရှာတာ။ တစ်သက်လုံးခိုးလာတာ ခုမှမခိုးဘဲ ရိုးရိုးလုပ်ကိုင်စားမယ်ဆိုတာ တကယ်ကို မျောက်သစ်ကိုင်းလွတ်ပဲ။ ဒါနဲ့ မကံစီ ငြိမ်ငြိမ် မနေနိုင် ရှာဘူး။ မနက်ဖြန်အတွက် ဆန်အိုးထဲ ဆန်ရှိချင် ရှိနေနိုင် ပေမဲ့ သန်ဘက်ခါ မသေချာဘူး။ သန်ဘက်ခါအတွက် ဆန် မနက်ဖြန်ရှာမှရမယ်။ ဆန်ထက် ကိုဝေးလွင့် ဘိန်း ဖိုးကလည်း ရှိသေးတယ်။ တစ်ခုခု ထိုင်စဉ်းစားတာထက် ရပ်ကွက်ထဲ လှည့်မေးလိုက်တာက ပိုသေချာနိုင်တော့ ရပ်ကွက်ထဲ လှည့်မေးတယ်။
ရိုးရိုးသားသား လုပ်ကိုင်စားသောက်လို့ရနိုင်တဲ့ အလုပ် ဘာအလုပ်များ ရှိပါသလဲပေါ့။ ခက်ပြီ။ ရိုးရိုး သားသားဆိုတာ လုံးသလား၊ ပြားသလား မသိရှာတဲ့ ရပ်ကွက်မှာ မကံစီ တကယ့်ကို ရွာလည်တာပဲ။ မကံစီ ကလည်း ဒါမှ ဒါဆိုတော့ကာ သူ့ရဲ့ ရိုးရိုးသားသား သမာအာဇီဝ ထမင်းဖိုး၊ ဘိန်းဖိုး အလုပ်ရှာပုံတော်ကို ဇွဲကောင်းကောင်းနဲ့ ခြေစကြာဖွင့်ရှာတယ်။ မကံစီက လုပ်လိုက်မှ အဆန်းချည်းပဲဆိုတာကိုး။ ရပ်ကွက်ထဲမှာ လင်ကို ဘုရား၊ သားကိုသခင် တရိုတသေရှိတာလည်း
သူ ပထမဆုံးပဲ။ ဒီရပ်ကွက်မှာနေပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်ချင်ပါတယ်ပြောတာလည်း သူ ပထမဆုံးပဲ။ ဒါပေမဲ့ ဆန္ဒဝတော ကိနာမ ကမ္မံနာသိဇ္ဈတိ’ လေ။ ဆန္ဒရှိရင် အကုန်ဖြစ်တယ်လို့ ဘုရားဟော အရှိ သားဟာ။ မကံစီ အလုပ်ရတယ်။ ပန်းရန်အလုပ်ထဲ ဝင်တယ်။ အုတ်သယ်တယ်။ အုတ်ကားနောက်လိုက် တယ်။ သဲကားနောက်လိုက်တယ်။
မကံစီ ဒီအားတွေ ဘယ်ကရတာတုံး။ ဘယ်က အတွေ့ အကြုံတွေရှိလို့တုံး။ ခက်ပါ့။ ဒီအလုပ်တွေမျိုး ထောင်ထဲနေတုန်းက မနားမနေလုပ်ရပါ့။ အခု ကိုယ့် လုပ်အားနဲ့ လုပ်လို့ရတဲ့ငွေ၊ အပူအပင်ကင်းကင်းနဲ့ ထမင်းယပ်ခတ်စားရတာမျိုး မကံစီ ခုမှ ခံစား၊ စံစားဖူး တာ။ မွေးကတည်းက ပြောပါတော့။ ဒုစရိုက်ကို အတို့ အမြုပ်လုပ်ပြီး စားလာခဲ့ရတာ ထောင်ကျမှ အရိုးဆိုတာ လည်ချောင်းထဲ ကန့်လန့်ဝင်စူးတတ်မှန်း သိတာလေ။ အခု မကံစီ ကောင်းတာပဲလုပ်တယ်။ ဆွမ်းတော်တင် တယ်၊ ရေချမ်းကပ်တယ်။ ပန်းတွေဘာတွေလည်း ဝယ် တယ်။ ရပ်ကွက်ကတော့ မကံစီကိုကြည့်ပြီး သူတို့များ မိုးကြိုးပစ်လေတော့မလား ရင်တထိတ်ထိတ်နဲ့။ ကောင်းတာလုပ်တော့ ကောင်းတာဖြစ်တာပဲ။ တကယ်ပြောတာ။ ကိုဝေးလွင့် ဘိန်းပြတ်သတဲ့။ ရပ် ကွက်ကတော့ လောင်မီးများ တောင်ကျမလား မပြော တတ်ဘူး။ ခမျာ မနည်းတော့ ကြိုးစားဖြတ်ရရှာတာပါ။ ဘယ့်နှယ် မယားလုပ်သူက သူ့ခွန် သူ့အားနဲ့ ကျုံးရုန်း လုပ်နေချိန်မှာ သူက အိမ်မှာ ဘိန်းမှိန်းနေလို့ မဖြစ်တော့ ဘူးလေ။ ယောက်ျားပဲဟာ၊ ပြတ်ပြတ်သားသားလုပ်ရင် ရတာပဲ။ ဘာလို့ မဖြစ်ရမှာတုံး။ ဒီလိုနဲ့ ကိုဝေးလွင့် ဘိန်းကလေး ကြိုးစားဖြတ်လိုက်တာ ထူထူထောင်ထောင် ဖြစ်ပြီး များမကြာမီ မကံစီ ကိုယ်ဝန်ရှိတာပဲ။ အစကတော့ ဘယ်သတိပြုမိကြမှာတုံး။ မကံစီက နေလို့ထိုင်လို့ မအီမသာဖြစ်တယ်။ မူးတယ် မော်တယ်။ ဗိုက်ကတော့ ကနဦးဗိုက်မို့ မသိသာသေးပေမဲ့ သိသာစ ပြုလာတော့ မကံစီရော၊ ကိုဝေးလွင့်ရော နားဝေတိမ် တောင် ဖြစ်လာကြတယ်။ ရပ်ကွက်ကတော့ ထုံးစံအတိုင်း အကုန်သိနေတာပဲ။
“ဟဲ့… ကံစီ နင် ကိုယ်ဝန်ရှိနေပြီ၊ အလေးအပင်တွေ
မ,မနဲ့တော့” ဆိုတော့ မကံစီ ပိုလို့ နားဝေတိမ်တောင် ဖြစ်တယ်။ သံသယရှိတယ်။ ကိုယ့်နားကိုယ် မယုံနိုင် အောင်ရှိတယ်။ ကိုဝေးလွင့်ပြောပြတော့ သူက “အေး ငါလည်း သံသယရှိတယ်။ သေချာအောင် ဆေးခန်းပြ ကြစို့” ဆိုတော့ မကံစီခမျာ ထောင်ထဲသွားရတဲ့ အတွေ့ အကြုံထက် ပိုရင်မောရသကိုး။ ဘဝတစ်လျှောက်လုံးမှာ ဆေးခန်းပြရတယ်ဆိုတာ ဒါ ပထမဆုံးဖြစ်မှာလေ။ ဆရာဝန်က ဘာတွေမေးမှာပါလိမ့်။ ခက်ပါဘိ။
ဒါနဲ့ လင်မယားနှစ်ယောက် ဆေးခန်းသွားပြကြ တော့ ဆေးခန်းက လာပြတဲ့လူနာ လေးငါးခြောက် ယောက်လောက်ရှိတာ။ ဒီအရပ်မှာ ဒီဆေးခန်းက ဒီလောက်ရှိမှာပေါ့။ သေကောင်ပေါင်းလဲမှ ဆေးခန်းကို လာချင်ကြတဲ့သူတွေလေ။ ဆရာဝန်က အမျိုးသမီးလေ။ ဆရာဝန်လည်းသူ၊ ဆေးပေးတာလည်းသူ၊ ပိုက်ဆံယူ တာလည်းသူ၊ ဆေးခန်း အဖွင့်အပိတ်လုပ်တာလည်း သူပဲလေ။ ဆရာဝန်မက လူနာတစ်ယောက်ကြည့်ပြီးလို့ အပြင်ထွက်လာတော့ မကံစီတို့လင်မယား ဆေးခန်းဝမှာ ရပ်နေတာကို မြင်တယ်။
“မကံစီ ဆေးခန်းကို လာလည်တာလား” လို့ နောက်တော့ မကံစီက ခပ်ရှက်ရှက်နဲ့ “ကျုပ် ကိုယ်ဝန် ရှိ မရှိ သိချင်လို့” ဆိုပြီးဖြေတယ်။ အစကတော့ ဆရာဝန်မက ကြောင်သွားတယ်။ ပြီးမှ မကံစီရဲ့ ထွက် တပြူဗိုက်ကို ကြည့်ပြီးရယ်တော့ ဆေးခန်းရှိသမျှ လူနာရော နားစွန် နားဖျားကြားတဲ့ လမ်းကလူတွေရော ရယ်လိုက်ကြတာမှ အုန်းအုန်းကိုထလို့။
“အံမယ်လေး မကံစီတော်၊ ကိုယ်ဝန်ရှိမှန်း တစ်ရပ် ကွက်လုံးသိတယ်။ တော်ပဲ မသိသေးတာ။ လာ.. လာ… ကိုယ်ဝန်ရှိ မရှိ စမ်းမပေးတော့ဘူး၊ တော့်ကျန်းမာရေး အခြေအနေပဲ စမ်းပေးတော့မယ်”
အဲဒီမှာ မကံစီ ပျော်တာပဲ။ မကံစီ ကိုယ်ဝန်ရှိတာ သေချာပြီ။ ဆရာဝန်မထက် သေချာအောင် ပြောနိုင်တာ ဘယ်သူရှိမှာတုံး။ ကိုဝေးလွင့်ကလည်း ပျော်လို့။ ပျော် လွန်းလို့ ကိုဝေးလွင့်က “ကံစီ ငါအလုပ်လုပ်မယ်။ မင်း မလုပ်နဲ့တော့” လို့ ပြောတယ်။
“ရှင်က ဘာလုပ်မှာတုံး”
“ငါ လက်သမားလုပ်တတ်ပါတယ်ဟာ”လို့ ခပ်
ဆွေးဆွေးပြောတယ်။
“ကျွန်မလည်း လုပ်ရင်
နှစ်ယောက်စာရတာပေါ့”
“ဆရာဝန်မက မှာလိုက်တယ်။ မင်းကို အုတ်တွေ သဲတွေ မသယ်ခိုင်းနဲ့တော့တဲ့ ပထမဆုံးကိုယ်ဝန် ဂရု စိုက်ရမယ်တဲ့”
ပြောရရင်တော့ ဒီအချိန်တွေက မကံစီ ထိုင်ရမလို၊ ထရမလို ဖြစ်နေရတဲ့ အချိန်တွေပါပဲ။ ဘဝတစ်လျှောက် လုံးမှာ မေတ္တာထားပြီး ပစားအပေးခံရတယ်ဆိုတာ ဒါ ပထမဆုံးမဟုတ်လား။ မကံစီ အိမ်ကလေးမှာ အဖေနဲ့၊ အမေနဲ့၊ အစ်ကို အစ်မ မောင်တွေ၊ ညီမတွေ၊ တူတွေ၊ တူမတွေနဲ့ ဝင်ထွက်သွားလာကြတာ ဒါ ပထမဆုံးပဲ။ ကိုယ်ဝန်။ ပျော်စရာကောင်းလှတဲ့ကိုယ်ဝန်။ ကျေနပ် စရာ၊ ကြည်နူးစရာ၊ အားရဝမ်းသာစရာ။ ဒါပေမဲ့ အားရ စရာ မကောင်းတာက ငွေပဲ။ ကိုဝေးလွင့် လက်သမား လုပ်ပေမဲ့ နေဖို့စားဖို့တော့ အဆင်ပြေပါရဲ့။
“ကံစီ နင် ငွေလေးဘာလေး သေချာစုထားနော်၊ နင့်အပျိုဗိုက်က အသက်နည်းနည်းကြီးမှ ရတာဆိုတာ့ ရပ်ကွက်ထဲနဲ့ ရချင်မှရမှာ၊ ဆေးရုံတက်မွေးချင် မွေးရ မှာ။ ဆေးရုံတက်ရင် လွယ်တာမဟုတ်ဘူး။ လက်ထဲ နှစ်သိန်း၊ သုံးသိန်းမှမရှိရင် အဆင်မပြေဘူးရယ်”
အဲဒီလို သတိလာလာပေးကြတာက တစ်ယောက် မကတော့ဘူး။ မကံစီ စိတ်ညစ်တယ်။ ကိုဝေးလွင့်ကို လည်း ဖွင့်မပြောချင်ဘူး။ အုတ်ကလေး၊ သဲကလေး သွားသယ်ရအောင်လည်း နှစ်သိန်း၊ သုံးသိန်းကလည်း ရမှာမဟုတ်ဘူး။ စက်ဘီးခိုးမယ်။ စက်ဘီး ဆယ့်လေး ငါးစီး၊ အစီးနှစ်ဆယ်လောက်ခိုးရင်တော့ ငွေနှစ်သိန်း၊ သုံးသိန်းတော့ ရကောင်းပါရဲ့။ ခက်တာက ပေါ့ပေါ့ပါး ပါး ဖျတ်ဖျတ်လတ်လတ်နဲ့တောင် ထောင်ထဲ ရောက် သွားခဲ့ရသေးတာ၊ ဒီလို ဗိုက်ကြီးတကားကား မပေါ့ မပါးနဲ့ဆို မြန်မြန်မိပြီး ထောင်ထဲ ကလေးသွားမွေးရ
တော့မှာ အသေအချာ။
ငွေနှစ်သိန်း၊ သုံးသိန်း ရိုးရိုးသားသားရှာရင် ဆင်းရဲ သူ၊ ဆင်းရဲသားတွေအတွက် နင့်နင့်ပိုးပိုးနိုင်လှတဲ့ ငွေ ၊ ဒီလိုမှန်းသိ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ရအောင် ယူခဲ့ပါရဲ့။ ရပ်ကွက်ထဲမှာ ဆေးရုံတက်မွေးရတဲ့ ကလေး ရယ်လို့ တစ်ခါမှ မကြားဖူးပေါင်။ ဒါပေမဲ့ ပျံတဲ့ငှက်ပမာဏ။
မှန်အောင်ပစ်သလို ကံတရားက ထိချက်မှန်အောင် ပစ် နိုင်ရင်တော့ တစ်ခုခုတော့ဖြစ်လာမှာ အမှန်ပဲ။ ဘာတွေ ဖြစ်နိုင်ပါ့။
လိပ်ပြာများ လိုက်ဖမ်းတော့ ပြေးသတဲ့။ ထိုင်နေ ရင် ပခုံးပေါ် လာနားတယ်ဆိုသလို မကံစီ ခွင်တစ်ခု အလိုလိုဝင်လာတယ်။ အဲဒါ မကံစီ မမွေးခင် တစ်ပတ် နှစ်ပတ်လောက်အလိုပေါ့ မကံစီတို့အိမ် မြောက်ဘက်မှာ လမ်းထောင့်ကျတဲ့ နှစ်ထပ်အိမ်တစ်အိမ်ရှိတယ်။ အဲဒီ အိမ်က အိမ်တော့ ကောင်းကောင်းဆောက်ထားပေမဲ့ လူ တစ်ခါတစ်ရံလောက်ပဲလာတယ်။ လာလည်း ခဏပဲ။ ငွေရှိလို့ ဝယ်ထားတဲ့သဘောပဲ။ စရိုက်နည်းနည်းကြမ်း တဲ့ ရပ်ကွက်မို့ မနေချင်သေးတဲ့ သဘောလည်းဖြစ်မယ်။ ကြာလာလို့ သူစိမ်းတွေ ဝင်ပါများလာရင် ရပ်ကွက်ငြိမ် သွားလောက်တယ်လို့တွေးပြီး စောင့်နေကြတာလည်း ဖြစ်မှာပေါ့။
အခု အဲဒီအိမ်ကို လာငှားနေကြတာ။ မကံစီနဲ့ အိမ်နီးနားချင်းဆိုတော့ သိမှာပဲ အထင်နဲ့လာကြတာ။ ဆက်စပ်ပေးဖို့ သဘောပေါ့။ ခက်တာက မကံစီလည်း အဲဒီအိမ်ရှင်တွေ ဘယ်သူဆိုတာ ဘယ်တုန်းကမှ မသိခဲ့ ဘူး။ အိမ်နီးနားချင်းမပြောနဲ့ မိသားစုတောင် သူ့အိမ်၊ ကိုယ့်အိမ် ဝင်ထွက်သွားလာမှုနည်းခဲ့တဲ့ မကံစီပဲလေ။
ဒါပေမဲ့ အဲဒီအချိန်မှာ မကံစီပါးစပ်က “ဟုတ်ကဲ့ ရှင့်၊ ဘယ်လိုများငှားဖို့ စိတ်ကူးထားပါသလဲ။ ကျွန်မ တို့က နှစ်အိမ့်တစ်အိမ် နေကြတာပါ။ အမျိုးမကင်း ဘူးလေ” ဆိုတဲ့စကား ဘယ်လိုတွေ ပြောထွက်နေမှန်း မသိဘူး။ တစ်သက်လုံး ခါးလှတဲ့နားတောင် အဝင်ခက် အောင်ပြောတတ်တဲ့ မကံစီပါးစပ်က ဒီလောက်ချိုတဲ့ စကားတွေ ပြောထွက်နေတာများ အိမ်ငှားနဲ့လိုက်ပြီး မိတ်ဆက်ပေးတဲ့ ရပ်ကွက်ထဲက လူတောင် ပါးစပ် အဟောင်းသားနဲ့။ မှန်တာပြောရရင် သူတောင် တစ်ရပ် ကွက်တည်းနေပြီး မကံစီနဲ့ ခုငှားမယ့်အိမ်ရှင်တွေနဲ့ အမျိုးဖြစ်မှန်း ဒီနေ့မှ သိရတာ တော်တော်အ,တယ်လို့ တောင် ထင်မိသွားရှာတာ။ မကံစီကလည်း ပြောလိုက် တာ ရွှန်းရွှန်းကိုဝေလို့။ နောက်ဆုံးတော့ ပေလေးဆယ်၊ ခြောက်ဆယ် နှစ်ထပ်အိမ် ရေမီးအစုံကို တစ်လ ငါး သောင်းနဲ့ တစ်နှစ်စာ ခြောက်သိန်း။ စရန်ငွေ သုံးသိန်း
ချက်ချင်းပေးသွား။ စာချုပ်ကို ချုပ်မသွားဘူး။ ပိုက်ဆံ အကျေပေးမယ့် လကုန်မှ စာချုပ်ချုပ်ပါ့မယ်။ မကံစီ ကို ယုံပါတယ်တဲ့။ ဟုတ်ပါတယ်။ တစ်ရပ်ကွက်လုံး ကလည်း မကံစီကို ယုံနေကြပြီလေ။ မကံစီကလည်း သူကိုယ်သူ ယုံနေချိန်ကျမှ သေခြင်းတရားနဲ့ မွေးဖွား ခြင်းနှစ်ခုစလုံးအတွက် သူ့မှာ တာဝန်လုံးလုံး ကျလာ နေခဲ့ပြီကိုး။
ဒီလိုနဲ့ လကလည်း ကုန်တော့မှာ။ အိမ်ငှားတွေ ငွေအကျေလာချေဖို့ရက်ကလည်း နီးလာပြီ။ အိမ်ရှင်က လည်း အရိပ်အယောင်တောင် လာမပြဘူး။ အဲဒါက အသာထား လမကုန်ခင် ကလေးမွေးချင်တယ်။ အိမ် ငှားတွေ ငွေမချေခင် ကလေးမွေးချင်တယ်။ ဖြစ်နိုင်ရင် ခပ်မြန်မြန်ပဲ ညှစ်ထုတ်လို့ရရင် ညှစ်ထုတ်လိုက်ချင် တယ်။ ခွဲထုတ်လိုက်ချင်တယ်။ ငွေသုံးသိန်း လက်ထဲ ရောက်နေတုန်း ကလေးမွေးချင်တယ်။ ကလေးအပြင် ရောက်ပြီးမှ ထောင်ထဲရောက်ရင် ရောက်ပါစေတော့။ ကလေးကို ကိုဝေးလွင့် မွေးနိုင်တယ်။ ဒါမှမဟုတ် ဟိုမိန်းမပြန်လာချင်လည်း လာပါစေပေါ့။ အဲဒီမိန်းမပုံစံ က သဘောကောင်းမှာပါ။ ကလေးကို ကောင်းကောင်း ထိန်းမှာပါ။
မကံစီလက်က ချွေးစေးတွေပြန်လို့။ ခေါင်းက ချွေး စေးတွေပြန်၊ ဂနာမငြိမ်။ ကိုဝေးလွင့်က “မကံစီ မင်း ဘာဖြစ်တာလဲ” မေးတော့ “ဒီလိုပါပဲ၊ ကလေးမွေးရမှာမို့ နေမှာပါပဲ၊ ကလေးမွေးရမှာမို့နေမှာပါ” လို့ ဖြေလိုက်တာ။ ကိုဝေးလွင့်က မကံစီနဲ့ အိမ်ငှားကိစ္စ သိတာမဟုတ်ဘူး။ မကံစီလက်ထဲ ငွေသုံးသိန်းရှိနေတာလည်း သိတာ မဟုတ်ဘူး။ မကံစီ ချွေးပြန်တာပဲ သတိထားမိတာ။ ဒီလိုနဲ့ သူလည်း အေးအေးပါပဲ။
နေ့စဉ်ရက်ဆက် မအေးနိုင်တာက မကံစီ။ ရက် တွေကမြန်တယ်။ လကကုန်ဖို့ တစ်ရက်ပဲလိုတော့တာ၊ မနက်ဖြန်လကုန်။ “ဒါဆို သေချာပြီ တစ်ရက်၊ နှစ်ရက် အတွင်း အိမ်ငှားတွေလာတော့မှာ။ သူတို့ပေးထားတဲ့ငွေ ပြန်ပေးလိုက်ရင် ပြဿနာက ဘာမှမဖြစ်ဘူး။ အိမ်ရှင်က မငှားချင်တော့ဘူး ပြောလိုက်ရုံပဲ။ ဒါပေမဲ့ ကလေး ဘာနဲ့ မွေးရမတုံး၊ ဒီလောက်ရင့်လှတဲ့ဗိုက်က ဘာလို့ မမှည့်နိုင် ရတာတုံး။ ပေါက်ကွဲသွားပါစေ မွေးပေါ့။
မကံစီ သူ့ဗိုက်သူ အလိုမကျနေတုန်းမှာ ညသန်း
ခေါင်ကျော်လောက် ဗိုက်နာလာတာပဲ။ နာနာနဲ့ပဲ မကံစီ ဝမ်းတွေသာလို့။ အဆင်သင့်ပါပေရဲ့။ ရပ်ကွက် အရပ်လက် သည်လာတယ်။ ကြိုးစားကြည့်တယ်။ အဆင်မပြေဘူး။ ကံကောင်းတာက ဆေးရုံကိုသွားခိုင်းတယ်။ ဆေးရုံသွား၊ မကံစီ သတိမလစ်ဘူး။ ကားခကို သူပေးတယ်။ ဆေးရုံ ထဲမှာ လိုတဲ့စရိတ် သူပဲထုတ်ပေးတယ်။ ဘာလိုလိုပေး တာပဲ။ ဆရာဝန်က လိုတယ်ပြောပေးတာပဲ။ သူနာပြုက လိုတယ်ပြောပေးတာပဲ။ ဆေးရုံဝန်ထမ်း၊ သန့်ရှင်းရေး၊ ဆေးဆိုင်က လိုတယ်ပြောသမျှ ပေးတာပဲ။ နောက်ဆုံး ဒီတိုင်းမွေးမရလို့ ခွဲမွေးရတော့ ဗိုက်ပေါ်ကျန်သမျှ ငွေလေးတင်ခွဲလိုက်တာ က ကလေး ရှောရှောရှူရှူ ထွက်လာ တော့တာပဲ။ အဆင်ကိုပြေလို့။
ဘာမှမဖြစ်တော့ဘူး။ ကလေးရော၊ လူကြီးရော အားလုံး အဆင်ပြေပြီ။ အဖေလည်းပျော်၊ အမေလည်း ပျော်၊ ကိုဝေးလွင့်လည်းပျော်၊ ဆွေတွေမျိုးတွေလည်း ပျော်၊ ရပ်ကွက်သူ ရပ်ကွက်သားတွေလည်းပျော်လို့။ ဘာကြောင့်ဆို ကလေးက ယောက်ျားလေး။ ပြီးတော့ မကံစီလို ရုပ်မဆိုး၊ ကိုဝေးလွင့်လို ရှူနာရှိုက်ကုန်းပုံစံမျိုး မဟုတ်ဘဲ ဝဝတုတ်တုတ် ခံ့ခံ့သန့်သန့်တဲ့။
အဲဒီလို အားလုံးပျော်နေချိန်မှာမှ လကုန်ပြီး လဆန်း ၁ ရက်နေ့ နေ့လယ်လောက်မှာ အိမ်ငှားနဲ့ ရဲတွေ ဆေးရုံ ရောက်လာကြတာပါပဲ။ ဆေးရုံထဲရှိကြတဲ့ ဝန်ထမ်းတွေ၊ လူနာတွေလည်း ပြူးပြူးပျာပျာဖြစ်လို့။ ခုလို မွေးကြ၊ ဖွားကြ ဝမ်းသာကြနဲ့ မင်္ဂလာယူနေချိန်မှာ ရဲရောက်လာ တယ်ဆိုတာ အမင်္ဂလာပဲကိုး။ မကံစီကတော့ သိပြီး သားပဲကိုး။ စောစောပဲ လက်မြှောက်ထားပြီးသားပါ။ သွေးနုသားနုဖြစ်လည်း မကံစီ စိတ်မနုတော့ဘူး။ ထောင် ထဲကို နောက်တစ်ခါပြန်ဝင်ဖို့ အဆင်သင့်ပြင်ထားပြီးမှ ဆေးရုံပေါ် တက်လာခဲ့တဲ့ဥစ္စာ။
သူ့တို့မျက်နှာကို လှမ်းကြည့်လိုက်တယ်။ မကံစီ လိမ်ထားသမျှ သူတို့သိထားပြီးပြီဆိုတဲ့သဘောပဲ။ ပြီး တော့ အိမ်ပိုင်ရှင်တောင် ပါလာလိုက်သေး။ ဒါပေမဲ့ ကလေးရယ်၊ မကံစီရယ်ကိုကြည့်ပြီး သူတို့ ဘာပြော ရမှန်း မသိကြသေးဘူး။ ရဲကတော့ သူတို့ထုံးစံအရ
မကံစီကို လက်ထိတ်ခတ်ဖို့ လုပ်တယ်။ အိမ်ငှား အမျိုး သမီးက မလုပ်ဖို့တားတော့ အထက်အရာရှိရဲက သူ့ တပ်သားရဲကို တားတယ်။ မကံစီက သူ့သားလေးကို ကြည့်တယ်။ ကိုဝေးလွင့်က မကံစီကိုကြည့်တယ်။ သူ ဘာမှမသိပေမဲ့ နားတော့ နားလည်နေသလိုပဲ။ “ကျွန်မ ယူထားသမျှ အကုန်ပြန်ဆပ်မှာပါ။ ကလေးက ခွဲမွေးရမယ်လို့ ပြောကြလို့ ငွေလိုနေလို့ပါ။ အခုလည်း တကယ်ခွဲမွေးရတော့ အဲဒီငွေလည်း တစ်ပြားမှ မကျန်တော့ပါဘူး။ ဒါပေမဲ့ ကျွန်မ အလုပ်လုပ်ပြီး ပြန်ဆပ်မှာပါ။ အခုလည်း ထောင်ထဲပြန်သွားမှ ဖြစ် မယ်ဆိုလည်း သွားမှာပါ။ ကျွန်မကလေး လူ့လောက ရောက်သွားဖို့က အဓိကဆိုတော့ ခု သူလည်း အပြင် ရောက်လာပါပြီ။ ကလေးအဖေ သူ့ဘာသာ ကလေးကို ကြည့်စောင့်ရှောက်သွားပါလိမ့်မယ်။ ဖမ်းစရာရှိရင်
ဖမ်းပါ”
ဒီလိုနဲ့ မကံစီက သူ့ကလေးကို ဝအောင်ကြည့် နေတယ်။ အိမ်ငှားအမျိုးသမီးက သက်ပြင်းချလိုက် တယ်။ ပြီးတော့ သူလည်း ကလေးကိုကြည့်တယ်။ ပြီး တော့ သူပြုံးတယ်။ မကံစီက ဒီလို ဖြူဖြူတုတ်တုတ် ကလေးတစ်ယောက်ကို မွေးတယ်ဆိုတာ ဟုတ်မှ ဟုတ် ရဲ့လားဆိုတဲ့ အပြုံးမျိုးထင်ပါရဲ့။ ပြီးတော့ သူ့ပိုက်ဆံ အိတ်ကို ထုတ်လိုက်တယ်။ သူ့အိတ်ထဲက တစ်သောင်း တန်ငါးရွက်ထွက်လာပြီး မကံစီလက်ထဲကို ထည့်တယ်။ အဲဒီမှာ အိမ်ရှင်အမျိုးသမီးကလည်း ဘာမပြော ညာမပြော သူ့အိတ်ထဲ စမ်းကြည့်တယ်။ တစ်သောင်းတန်သုံးရွက် ထွက်လာတယ်။ အဲဒီမှာ အခြေအနေကို သဘောပေါက် မြန်တဲ့ ရဲအရာရှိကတောင် ငါးထောင်တန်နှစ်ရွက် ထွက် လာသေးတယ်။ နောက်ဆုံး မကံစီကို လက်ထိတ်ခတ်ဖို့ လုပ်လေတဲ့ ရဲသားလေးကတောင် တစ်ထောင်တန် တစ်ရွက်နဲ့ ငါးရာတန်တစ်ရွက်တဲ့။ မကံစီတော့ ဘာမှ မပြောနိုင်ဘဲ ပါးစပ်အဟောင်းသားမှာ ကိုဝေးလွင့်တော့ မျက်ရည်တွေတောင်ကျလို့။ အခြား ဘာမှမသိကြတဲ့ လူနာတွေ၊ လူနာစောင့်တွေတောင် စက်ဆုပ်အံ့ဩရာ ကနေ ပြုံးကြလို့။
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ သြဂုတ်၊ ၂ဝ၁၇။

Leave a Reply

Your email address will not be published. Required fields are marked *