ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
ကျား
ကျားအကြောင်းကို ယခုတစ်လော သတင်းစာလောကနှင့် မုဆိုးများက အတော် ပြောကြဆိုကြလေသည်။ ရွှေကျင်မြို့၏ သတင်းထောက်များ ရေးသားသတင်းပို့ပေးချက်များကို မူတည်ကာ ရေးသားပြောဆိုကြခြင်းဖြစ်သည်။
ရွှေကျင်ချောင်းဖျားအထက် ကျောက်နဂါး ထနိဖား အစရှိသည့်ဒေသ၌ သောင်းကျန်းနေသော ကျားရဲအကြောင်းပြု၍ ရေးသားပြောဆိုနေသော စကားများအနက် ကျားရဲ၏ သောင်းကျန်းမှုမှာ ကြောက်ခမန်းလိလိဖြစ်နေသော သတင်းများ ဖြစ်နေပေ၏။
ကျွန်တော်ကိုယ်တိုင် ဖော်ပြပါ ထနိဖား၊ ကျောက်နဂါးကျေးရွာများသို့ စစ်တာဝန်နှင့် ရောက်ခဲ့ဖူး၏။ နယ်မြေဒေသအကြောင်းကိုလည်း လေ့လာမှတ်သားဖူး၏။ ရွှေကျင်ဒေသသည် ရှမ်းရိုးမတောင်ကြောနယ်မြေကို အခြေပြုထားသည့် တောနှင့် တောင်ကုန်းများ ရောစပ်ထားသည့် အင်မတန် မိုးလေအားကြီး သည့် ရာသီတောများ ထူထပ်ရာဒေသသာ ဖြစ်ပေ၏။
မင်းရန်အောင် စစ်ဆင်ရေးအတွက် ကျွန်တော်၏ စိတ်ဓာတ်တပ်ဖွဲ့တစ်ခုကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အမှတ်နှစ် တပ်မဟာ၏ တောင်းဆိုချက်အရ ရွှေကျင်နယ်မြေသို့ အရေးတကြီး စေလွှတ်ခဲ့ခြင်းကြောင့် ဤရွှေကျင်ချောင်းဖျားဒေသကို ပိုင်နိုင်စွာ ရောက်ခဲ့ခြင်းသာ ဖြစ်ပေ၏။
ဗမာ့တပ်မတော်အမှတ် – ၂ တပ်မဟာနှင့် အမှတ် – ၃ တပ်မဟာ အင်အားစုသည် အလုံးအရင်းနှင့် သူပုန်တပ်ဖွဲ့များ၏ အခြေခံနယ်မြေဒေသသို့ ထိုးစစ်ဆင်ရန်အတွက် ခြေလျင်တပ်ပေါင်းစုများ၊ တောင်ပေါ်ပစ် အမြောက်တပ်ဖွဲ့များနှင့် ရွှေကျင်မြို့မှ ခြေကုပ်ယူကာ ဖော်ပြပါ ချောင်းဖျားဒေသသို့ ချီတက်တိုက်ခိုက်ခဲ့ရာဝယ် ကျောက်နဂါး၊ ထနိဖား၊ မဲဆောင်းဝ၊ ဘိုလို စသည့် ကျေးရွာစဉ်အလိုက် ရောက်ရှိတပ်စွဲကာ တပ်မတော်တာဝန်ဝတ္တရားများကို လုပ်ဆောင်ခဲ့သဖြင့် ဖော်ပြပါဒေသများသို့ စာရေးသူသည် ရောက်ရှိခဲ့ပေသည်။
ကျားသောင်းကျန်းနေသည့် နေရာတစ်ဝိုက်ကား ကျောက်နဂါးရွာတစ်ဝိုက်ဖြစ်၍ ထွေးတောများ၊ ကြိမ်တောများနှင့် ဝါးတောကြီးများ ပေါက်ရောက်ရာဒေသဖြစ်၍ ယခုကဲ့သို့ မိုးရာသီအချိန်၌ သွားလာရေးမှာ အင်မတန် ခက်ခဲလှပေ၏။ ရွှေကျင်ချောင်းအတွင်းမှ ဝါးဖောင်များနှင့် လူအထမ်းအပိုးများနှင့်သာ သွားလာရေးအတွက် နည်းတစ်နည်းသာ ဆက်သွယ်ရေးခရီးစဉ် ရှိခဲ့ပေသည်။
အင်းစိန်နယ်မြေတစ်ဝိုက်က မုဆိုးဝါသနာပါသူများသည် ဖော်ပြပါ ကျောက်နဂါးဒေသသို့ ကျားဆိုးနှိမ်နင်းရေးအတွက် စွန့်စွန့်စားစား သွားရောက်ကြသည့် သတင်းကို ကြားသိရ၍ ချီးကျူးမိပါသည်။ သွား လာကြသော မုဆိုးများသည် တောတောင်ဒေသ အခြေအနေနှင့် သားကောင်ကြီးများကို ပစ်ခတ်ကြဖူးသော မုဆိုးဝါရင့်သူများ ဖြစ်ကြလိမ့်မည် ဟူ၍လည်း မျှော်လင့်တောင့်တမိသည်။
သူတို့၏ ခရီးစဉ်ကို စဉ်းစားရင်း အမှန်အတိုင်းဝန်ခံလိုက်ရလျှင် စိုးရိမ်စိတ်ကလေးတွေ ပေါ်လာမိသည်။ မုဆိုးအချင်းချင်း ကိုယ်ချင်းစာနာသော စိတ်ထားများကြောင့် ဤသို့ ပူပန်စိုးရိမ်မှုကလေးတွေ ပေါ်လာခြင်းဖြစ်ပေသည်။
ကျားသည် ခြေလေးချောင်းသတ္တဝါထဲတွင် အင်မတန် လိမ္မာပါးနပ်သော အသားစားသတ္တဝါဆိုးပင်ဖြစ်ပေ၏။ သူ့ထက် အလုံးအရပ် ကြီးသော၊ မြင့်သော၊ ငယ်သော မရွေးတမ်း သူဆာလောင်သည့်အခါ၌ အပိုင်အနိုင် ကိုက်သတ်နိုင်စွမ်း ရှိပေ၏။
အာရှနှင့် အာဖရိကတိုက်တွင် ထုထည်အလုံးအဖန် အင်အားအလွန်ကြီးမားသဖြင့် အခြားတိရစ္ဆာန်တွေ နှင့် လူတွေက လေးစားကြောက်ရွံ့နေကြသည့် ဧရာမဆင်ကြီးတွေကိုပင် သူ၏ ကိုယ်လုံး အရပ်အမောင်း သုံးပုံတစ်ပုံမရှိခဲ့သော ကျားက ချမ်းသာ ပေးခြင်း မရှိစတမ်း သတ်ဖြတ်စားသောက်ကြောင်းကို စာရေးသူသည် တောတွင်းကိုယ်တွေ့ ခန်းများအဖြစ် မကြာခဏ တွေ့မြင်နေရပေ၏။
စာရေးသူအား ကျားနှင့်ဆင် ဘယ်သတ္တဝါကို စိုးရိမ်သနည်းဟု မေးလာခဲ့လျှင် မဆိုင်းမတွပင် ကျားဟု တိကျသောအဖြေကို ပေးလိုက်ရပေလိမ့်မည်။
အဘယ့်ကြောင့်နည်းဟု မေးလာခဲ့ပြန်လျှင် ဖြေစရာ အလွန်ခိုင်မာသော အချက်အလက်များနှင့် ကိုယ်တွေ့ခန်းများက အပြီးသား အပိုင်သား သက်သေခံနေပေလိမ့်မည်။
ကျားသတ္တဝါကား တောတောင်ပထဝီ အခြေအနေကို အလွတ်ရသည့် မုဆိုးအကြီးစားသာ ဖြစ်ပေ၏။ ကျွန်တော့်အနေနှင့် အမဲပစ်ထွက်တိုင်း ကျားအကိုက်ခံရသော၊ ကျား အချောင်းခံရသော သားကောင်၏ ခြေရာတွေ့ခဲ့လျှင် ရှေ့ အဝေးဆုံး တစ်မိုင် နှစ်မိုင်အတွင်း၌ ကျားစားထားသည့် သားကောင် သို့မဟုတ် ကျားစားပြီး ကျန်ရစ်ခဲ့သည့် ရုပ်ပျက်ဆင်းပျက် တစ်ပိုင်းတစ်စကောင် အစိတ်အပိုင်းများကို တွေ့ ရမြဲသာဖြစ်ပေ၏။
တောကျွမ်းသည်ဟူ၍ နာမည်ကြီးလှသော မနုဿလူမုဆိုးသည် တောဆက် ခင်ဆက် ကျောဆက်မှန်သမျှကို ကျားထက်ပင် အပ်ကျမပ်ကျ သိမည်မဟုတ်ချေ။
ကျား၏စွမ်းရည်ထူးခြားချက်များကား အင်မတန် အပုန်းအချောင်းကောင်းပြီး မျက်စိရှင်ခြင်းဖြစ်သည်။
စာရေးသူသည် ကျားများရှိသော တောတောင်ထဲတွင် စခန်းချခဲ့လျှင် ကျားတစ်သံ၊ ကျားဟိန်းသံ ကြားနေရလျှင် စိတ်ချလက်ချ အိပ်ရဲ၏။
ကျားခြေရာ လတ်လတ်ဆတ်ဆတ် တွေ့ပါလျက်နှင့် ကျား၏အသံများ၊ ဟိန်းဟောက်သံ၊ တစ်သံများ မကြားရလျှင် အလွန်သတိဝီရိယထား၍ ထွေးတော ချုံတောရှင်းသော၊ လွင်သောကွက်လပ်တွင် စခန်းချကာ သေနတ်ကို လက်မှ မလွတ်တမ်း အသင့်ကိုင်ရင်း စခန်းချမြဲဖြစ်ပေ၏။
ကျားသည် တစ်စုံတစ်ရာ လုပ်ကြံတော့မည်၊ ဝင်ရောက်လိုက်တော့မည်ဆိုလျှင် သူရှိနေကြောင်း အရိပ်အငွေ့မှ မသိစေရဘဲ လှုပ်ရှားမှုနှင့် အသံများကို မြုံ၍ သိုဝှက်ထားပြီး ရုတ်တရက် တစ်ဖက်က ကာယကံရှင် မမျှော်လင့်ချိန်၊ သတိလစ်နေချိန်၊ ငိုက်ချိန်တွင် လေ၏ လျင်မြန်ခြင်းမျိုးဖြင့် ရုတ်တရက် တစ်ရှိန်ထိုး ဝင်ရောက်တိုက်ခိုက်တတ်သောကြောင့် ဖြစ်ပေ၏။
တစ်ခါက ကျွန်တော် ရန်ကုန်ရောက်စဉ်တွင် ကျွန်တော်၏ ရဲဘော်ဟောင်းဖြစ်သော ပြည်မြို့မှ နာမည်ကျော်မုဆိုးသူကြီး ဦးအေးမောင်၊ ရန်ကုန်မှ မုဆိုးဦးမောင်မောင်ခင်နှင့် ကျွန်တော်တို့သည် ကျားအကြောင်း အတွေ့ အကြုံများကို ပြန်၍ ပြောကြဆိုကြကာ တစ်နေကုန်ခဲ့၏။
ကျွန်တော်၏ ရဲဘော်ဦးအေးမောင်ကား ယမန်နှစ်က တောင်ကုတ်ကားလမ်း၌ ကရင်ဆင်သမားသုံးဦးကို နှစ်ရက်အတွင်း အသေသတ်ဖြတ် စားသောက်ခဲ့သော ကျားကြီးကို ပစ်ခတ်ခဲ့သူဖြစ်ကြောင်းကို ဖော်ပြမှသာ သူ၏ မုဆိုးဝါရင့်မှုကို ရိပ်စားမိခဲ့ကြပေလိမ့်မည်။
မုဆိုးဝါရင့်သော ကျားများနှင့် ပွဲကြီးပွဲကောင်း မတွေ့ခဲ့ဖူးသော သေနတ်သမား မုဆိုးသင်ခါစများအတွက် ကျားဆိုးများ၊ အဓိက လူသားစားပြီးသော၊ လူကို ကိုက်ချီစားသောက်ခဲ့ဖူးသော ကျားဆိုးများနောက်သို့ လိုက်လံသည့်အခါ၌ အကယ်၍ သိကျွမ်းသော မုဆိုးကောင်းကြီးများ မပါခဲ့လျှင် ထိုမုဆိုးလက်သစ်များအဖို့ အသက်ဘေးအန္တရာယ် ကြီးမားလှပါပေ၏။
ကျားသတ္တဝါသည် မနုဿလူသားတွေလောက်နီးနီး အသိဉာဏ်ရှိ၏၊ အကင်းပါး၏၊ ဆင်ခြင်တုံတရားရှိ၏၊ အစွဲအလမ်းဒေါသစိတ်အား ကြီးလှပေ၏။
ဥပမာ ကျားနောက်ကို လိုက်လံကြသော သူသုံးယောက်ရှိသည် ထားကြပါစို့။ ရှေ့ဆုံးမှ လမ်းပြလုပ်သူ ရွာသားက ဓားမကြီးကိုထမ်းလျက်၊ အလယ်လူ သေနတ်သမားမုဆိုးက ရိုင်ဖယ်ကို ထမ်းလျက်၊ နောက်ဆုံးလူ သေနတ်သမားအဖော်အဖြစ် လွယ်အိတ်၊ ရေဘူး၊ ရိက္ခာထုပ်ကိုထမ်းလျက် ကျား၏နောက်သို့ လိုက်ခဲ့ကြသည် ထားကြပါစို့။
ကျားသည် လမ်းဘေးက အသာချောင်းပြီး မုဆိုးအဖွဲ့ကို တိုက်ခိုက်ခဲ့လျှင် အမှန်အတိုင်း ဖြစ်ရိုးဖြစ်စဉ်အရဆိုလျှင် ရှေ့ဆုံးမှ လမ်းပြလုပ်သူကို ဖြစ်စေနောက်ဆုံးမှ အဖော်လုပ်သူကိုဖြစ်စေ အနီးစပ်ဆုံး အစွန်ဆုံးလူကို ကိုက်ရပေမည်။ ကျားကား ဤသို့ ဖြစ်ကတတ်ဆန်း မကိုက်ပါ။ မိမိအား အဘယ်သူက အဓိက အန္တရာယ်ပြုနိုင်မည်ဟူသော စဉ်းစားချက်ဖြင့် လူသုံးဦးအနက် ရိုင်ဖယ်ထမ်းလာသည့် သေနတ်သမားကိုသာ တမင် ရွေးချယ်ပြီး အလယ်မှ ထွင်း၍ ကိုက်မည်သာ ဖြစ်ပေ၏။
ကျားသတ္တဝါကား ဤကဲ့သို့ အသိတရား အကင်းပါးလှသော သတ္တဝါသာ ဖြစ်ပေ၏။ ထင်ရှားသော အဖြစ်အပျက် သာဓကတစ်ခု ပေးရလျှင်…
xxx xxx xxx
စစ်အတွင်းကာလ ဂျပန်များက အိန္ဒိယပြည်ဘက်သို့ စတင်ကာ ထိုးစစ်ဆင်နေသော အချိန်အခါဖြစ်ပေ၏။ ထို့ကြောင့် အရေးကြီးလှသော ဆက်သွယ်ရေးလမ်းဖြစ်သည့် ပြည်-တောင်ကုတ် ကားလမ်းကြီးကို ရှိရှိသမျှ လူအား၊ တပ်အားနှင့် နေ့ချင်းညချင်း ပြင်ဆင်လုပ်ကိုင်နေကြပါသည်။
နံနက် နေ့ခင်း ကာလများ၌ ထိုတောင်ကုတ်ကားလမ်းကြီးပေါ် ၌ လမ်းပြင်သော ဂျပန်တပ်များ၊ ဗမာ့ချွေးတပ်များနှင့် ဗမာ့ကာကွယ်ရေးတပ်မတော်သားများကို သေနတ်အစား ပေါက်တူး၊ ပေါက်ပြားတွေ ကိုင်ကာ လမ်းမကြီးကို စနစ်တကျ ပြင်ဆင်လုပ်ကိုင်နေသည်ကို တွေ့နိုင်ပေ၏။
ညကာလတွင် ဗမာအလုပ်သမားများနှင့် အခြားတပ်ဖွဲ့များက ပင်ပန်းစွာဖြင့် နေ့ခင်းအလုပ်လုပ်ခဲ့ရသည့် ဒဏ်ချက်ကြောင့် မိမိတို့ တပ်စခန်းများအတွင်း၌ အနားယူအိပ်စက်နေစဉ်တွင် ပန်းတောင်းမြို့ ခြေတွင် အသင့်ပြင်ထားသော ဂျပန်ကားတပ်ကြီးများသည် စက်သံ ကားသံ ဆူညံတုန်ဟည်းနေအောင် မောင်းနှင်ကာ ဗမာရဲဘော်တွေ ခေါ်ဝေါ်နာမည်ပေးထားကြသည့် ‘ဝင်္ကပါတောင်လမ်း’ ခရီးစဉ်အတိုင်း ရခိုင်ရိုးမတောင်တန်းကြီးကို ရစ်ကာ ပတ်ကာ ပိုးတီရစ်သကဲ့သို့ တောင်ကုတ်မြို့ဆီသို့ ဂျပန်တပ်အင်အားစုများ ပို့နေကြပေသည်။
တောင်ကုတ်မှ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ရှေ့တန်းစစ်မျက်နှာများသို့ ဂျပန်စစ်အင်အားကို ဖြည့်တင်းကာ အင်္ဂလိပ် အမေရိကန်တပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ကြစေသည်။
မှောင်မိုက်သော ညဉ့်ကာလတွင် ပြည်-တောင်ကုတ် ကားလမ်းပေါ်မှ မောင်းနှင်နေသော စစ်ကားတန်းကြီးများမှ မီးရောင်များမှာ သီတင်းကျွတ်မီးပွဲကဲ့သို့ တစ်တောလုံး တစ်တောင်လုံး လင်းထိန်နေတော့၏။ ကြည့်ရှု့၍လည်း အင်မတန်ကောင်းလှသော မီးရောင်များသာ ဖြစ်စေတော့၏။
တစ်ချီတစ်ချီတွင် ရန်သူလေယာဉ်ပျံများက ရုတ်တရက် ကားလမ်းတစ်လျှောက်ပေါ်သို့ ပျံသန်းလာတတ်ပြီး မီးရောင်တွေ ထိန်လင်းနေသည့် စစ်သားတင် ဂျပန်ကားများကို စက်သေနတ်နှင့်မွှေ့ခြင်း၊ ဗုံးကြဲ ခြင်းများ ပြုလုပ်ပြီး ဆင်တဲနှင့် ပြည်၊ ပန်းတောင်းမြို့များကို နောက်ဆုံး ဗုံးကြဲပြီးမှ စိမ်ပြေနပြေနှင့်ပင် ရခိုင်ရိုးမကြီးကို ဖြတ်ကျော်ကာ အိန္ဒိယပြည်တွင်းရှိ သူတို့၏ အခြေခံလေတပ်စခန်းများဆီသို့ ပျံကြွတတ်ပေ၏။
မှောင်မိုက်သော ညဉ့်တစ်ညဉ့်ဖြစ်ပါသည်။
ကောင်းကင်ယံမှ ကြယ်ပွင့်တွေကလည်း အမှောင်ထုကြား၌ အိပ်ငိုက်နေကြသည့်ပမာ မလင်းတလင်းနှင့် တိမ်ကြားခိုလျက်။
အကြမ်းဖျင်း၍ ဖောက်လုပ်ထားသည့် ပန်းတောင်းတောင်ကုတ် ကားလမ်း သပြေစခန်းပေါ်၌ ဂျပန်စစ်ကားကြီးတစ်စီးကို မှုန်ဝါးဝါး လမ်းမဘေးတွင် တွေ့မြင်နိုင်တော့သည်။ ထူးထူးခြားခြား ဂျပန်စစ်ကားကြီးတစ်စင်းတည်းပင် သပြေစခန်းလမ်းမပေါ်၌ရပ်နေခြင်းမှာ အကြောင်းတစ်ခုခု ရှိနေခြင်းကြောင့်တည်း။ ကားခေါင်းပိုင်း အရှေ့ခန်းရှိ ဒရိုင်ဘာခန်းအတွင်းမှ ဂျပန်နှစ်ယောက်သည် အရေးတကြီး စကားပြောနေသံကလည်း ထွက်ပေါ်လာပြန်တော့သည်။
“ပန်းတောင်းရောက်ရင် ဆာကေကောင်းကောင်းထောင်ပြီး အနားယူလိုက်မယ် ဆုံးဖြတ်ထားတာ၊ အရေးထဲမှာ ဟာနေဒါစန်ရေ … ကားက ဘီးပေါက်ရသေးတယ်။ တယ်ပြီး ခွကျတာပဲ ဟာနေဒါစန်”
သူ၏ညာဘက်မှ ကပ်၍ထိုင်နေသော ဂျပန်တပ်ကြပ်ကလေး ဟာနေဒါစန်သည် ရယ်မောလိုက်ပြီး
“ကိစ္စမရှိပါဘူး ယိုကိုတာစန်၊ သူတို့ကားတွေ ရှေ့ကသွားနှင့်ပေမယ်လို့ ကျွဲကလေးစခန်းမှာ သူတို့ ပစ္စည်းတွေ တင်ရဦးမှာပါ။ ငါတို့ ကားဘီးကိုဖြုတ်ပြီး အသင့်ပါလာတဲ့ ဘီးတစ်ဘီးတပ်လိုက်ရင် ဘာကြာမှာလိုက်လို့လဲ။ ၁၅ မိနစ်၊ မိနစ် ၂ဝ ပါပဲ”
“ကဲ… ဒီလိုဆိုရင် ငါတို့နှစ်ယောက်သား အောက်ကိုဆင်းပြီး ဒေါက်ထောက်ပြီး ကားဘီးဖြုတ်ကြရအောင်။ မှောင်လိုက်တာလည်း မည်းလို့။ ရွာနားမှာ ခုလိုဖြစ်ရင် ရွာထဲဝင်ပြီး ဗမာအရက်ကလေးဘာလေး ရှာပြီး နှိပ်လိုက်ရင် ဘယ်လောက်ကောင်းမှာလဲလို့”
“ဒုက္ခခံပြီး ခဏကလေး ပြင်လိုက်၊ ဖြုတ်လိုက်၊ တပ်လိုက်ရင် ပြီးသွားမှာပါပဲ ယိုကိုတာစန်။ ပန်းတောင်းရောက်ရင် အရက်ကို ဇိမ်နဲ့သောက်ပြီး လူကြီးတွေလစ်ရင် လစ်သလို မြို့ထဲထွက်ပြီး ပွေရအောင်။ ဟို မြို့မြောက်ဘက်အစပ်က ဗမာမ အသားညိုညိုဆီ သွားရအောင် နော်…”
“ကြိုက်ပြီ … ကဲ ဓာတ်မီးတစ်လုံးကို ဘက်ထရီနဲ့ဆက်ပြီး ကားပြင်နေတုန်း ခဏထွန်းထားရအောင်။ ထိုင်ခုံအောက်က မပြီး ထုတ်ကြရအောင်”
ဟာနေဒါစန်သည် သူတို့နှစ်ယောက် ဘေးချင်းယှဉ်ကာ ထိုင်နေကြသော ထိုင်ခုံအောက်ကို မ၍ အရန်သင့် စီစဉ်ထားသည့် ဖန်သီးတစ်လုံးနှင့် ဓာတ်ကြိုးနှင့် ကိရိယာတို့ကို ထုတ်၍ ဘက်ထရီအိုးတစ်လုံးနှင့် ဆက်သွယ်လိုက်ရာ ဖယောင်းတိုင် ၅ဝ အားရှိသည့် မီးလုံးသည် ရုတ်တရက် ကားရှေ့ပိုင်းတွင် ထိန်လင်း၍ သွားတော့၏။
“ခုလို မြင်မြင်ထင်ထင် လုပ်ရကိုင်ရမှ ကောင်းတယ် ယိုကိုတာစန်၊ ဖြုတ်ရသွတ်ရ လွယ်ကူတယ်။ ပြီးတော့ ဒီနေရာတွေမှာ ကျားတွေ အားကြီးပေါတယ်လို့ စခန်းမှူးက မှာလိုက်တယ်။ ဒါကြောင့် ကား ပေါ်က မြေကြီးအောက်ကိုဆင်းရင် သေနတ်အမြဲတမ်းကိုင်ရမယ်လို့ အမိန့်ပေးတာ”
“အား… အဓိပ္ပာယ်မရှိ လူကြီးတွေက သိပ်ပြီး ပူပန်နေကြတာကိုး။ ဘယ်ကလာပြီး ဒီနေရာမှာ မီးရောင်ထိန်ထိန်ထဲမှာ ကျားဆိုတဲ့အကောင်ကို ကြောက်ရမှာလဲ။ ရန်သူရော၊ လူရော၊ သတ္တဝါကောင်တွေပါ ငါတို့ နိပွန်စစ်သားတွေအသံ ကြားတဲ့တစ်ပြိုင်နက်တည်း အလိုလို ပြေးရှောင်ကြပြီးသားဆိုတာ မှတ်လိုက်ပါ”
တပ်ကြပ်ကလေး ဟာနေဒါသည် ကားတံခါးကို ဖြုန်းခနဲ ဖွင့်လိုက်ပြီး ကားအောက်သို့ အသာဆင်းလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ဝိုက်ကို အကဲခတ်ကြည့်ရှုလိုက်ပြန်သည်။
သူတွေ့မြင်နေရသော အရာဝတ္ထုများကား နက်ရှိုင်းနေသော သစ်ကြီးဝါးကြီးများကို ကားလမ်းနှင့် ပေ ၂၀ အနီးတစ်ဖက်တစ်ချက်တွင် တွေ့လိုက်ရပေ၏။ ထို့ကြောင့် သူသည် တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့်
“ဘာပဲဖြစ်ဖြစ် အမိန့်ဟာ အမိန့် ပဲလေ ယိုကိုတာစန် ။ ပေးစမ်း ငါ့ရိုင်ဖယ်ကို”
တစ်ဖက်ကားတံခါးကို ဖွင့်နေရာမှ ယိုကိုတာစန်သည် ထိုင်ခုံနောက်မှီတွင် ကပ်မှောက်ဆွဲချိတ်ထားသည့် ရိုင်ဖယ်နှစ်လက်စလုံးကို ဆွဲထုတ်ကာ ရိုင်ဖယ်တစ်လက်ကို သူ၏အဖော် ဟာနေဒါစန်လက်သို့ ပေးလိုက်ပြီး သူက ကားတံခါးတစ်ဖက်ပေါက်မှ အသာ ဆင်းလိုက်လေ၏။
နှစ်ယောက်စလုံး သူတို့၏ ခါးပတ်ပြားကြီးတွင် တပ်ဆင်ထားသည့် ကျည်ဆန်ဘူးထဲမှ ကျည်ဆန်ငါးတောင့်စီကို ဆွဲထုတ်ကာ ရိုင်ဖယ်မောင်းတံကို နောက်သို့ဆွဲထုတ်ကာ ကျည်ဆန်ငါးတောင့်ကို ရိုင်ဖယ်ဇလုတ်ထဲသို့ ဖိ၍ သွတ်ချလိုက်ပြီး မောင်းတံကို ရှေ့သို့ဖိ၍ ထိုးတင်လိုက်ကာ သော့ပိတ်လိုက်သည်။
ထို့နောက် လှံစွပ်တွေကို ဆွဲဖြုတ်ကာ သေနတ်ပြောင်းထိပ်တွင် ဖျတ်ခနဲသိပ်၍ လှံစွပ်တပ်လိုက်ကြပြန်သည်။
“လာစမ်းပါစေ ဟာနေဒါစန်၊ ဘာကျားဖြစ်ဖြစ် ငါတို့ ရိုင်ဖယ်သေနတ်ပြောင်းဝမှာ ကားခနဲ ကျသွားမယ်”
ရယ်မောရင်း ကြိမ်းဝါးလိုက်ပြန်သည်တွင် ဟာနေဒါစန်သည် ကျားကို ရှုတ်ချသောသဘောနှင့်
“ကျည်ဆန်အတောင့် ဘာလို့အကုန်ခံမှာလဲ ယိုကိုတာစန်။ လှံစွပ်နဲ့ တစ်ချက်တည်း ရင်ဘတ်ကို ဖိထိုးလိုက်ရင် ကျားကောင်ဟာ ခွေးတစ်ကောင် သတ်လိုက်သလို အသံတောင် ထွက်နိုင် အော်နိုင်မှာ မဟုတ်ဘဲ ကိစ္စချောသွားမှာပါပဲ”
နှစ်ယောက်သား အတိုင်အဖောက်ညီစွာဖြင့် ဟန်ရေးပြကာ ရယ်ရယ်မောမော ရှိနေကြပြီး တစ်ယောက်က ဇိမ်နှင့် စီးကရက်တစ်လိပ်ကို မီးညှိကာ ဖွာလိုက်ပြီး –
“ငါ ကားဘီးကို ဖြုတ်မယ်၊ ဟာနေဒါစန်က ကင်းစောင့်တာဝန်ယူဟေ့၊ တို့နှစ်ယောက် မျက်နှာချင်းဆိုင် အလုပ်မလုပ်ကြဘဲ ကျောချင်းကပ်ပြီး စကားပြောရင်း ကင်းစောင့်ရင်း အလုပ်လုပ်ကြရအောင်”
“ကောင်းတယ်၊ ငါ ကင်းတာဝန်ယူပြီခုအချိန်ကစပြီး”
ဟာနေဒါစန်သည် ဂျပန်ရိုင်ဖယ်အရှည် ဒသမ ၆.၅ မီလီမီတာ ရိုင်ဖယ်တွင် လှံစွပ်တပ်ကာ လှံစွပ်ထိုးရန် အသင့်ပြင် အနေအထားအရ ကင်းစောင့်လိုက်သည်။
ယိုကိုတာစန်သည် ချိုင်းထောက်ကိရိယာနှင့် နောက် ကားဘီးဝင်ရိုးကို မကာ အပေါ်သို့ မြှင့်တင်ရင်း..
“မျက်စိရှင်ရှင်နဲ့ ကင်းစောင့်နော် ဟာနေစန်။ ကျားဆိုးဝါးတဲ့အကြောင်း ဒီအနားက ဗမာအလုပ်သမားတွေ ခဏခဏ ပြောနေကြတယ်။ အားကြီး အချောင်းအမြောင်းကောင်းတယ်၊ သတ္တိရှိတယ် ပြောတယ်၊ ဟောဒီမှာ အလုပ်သမားတွေက ရန်သူလေယာဉ်ပျံထက် ကျားဆိုးကို ကြောက်တယ်”
ဟာနေဒါစန်သည် သူ၏ စစ်သားစွမ်းရည်ကို အင်မတန် ယုံကြည်စိတ်ချသည့်အလျောက် သူ၏ စစ်သက်တမ်းမှာ ကိုးနှစ်ကျော်ခဲ့သည့်အတွက် စစ်ပွဲများစွာတွင် အနိုင်ဘက်ကချည်း တိုက်ခဲ့ရသည့်အလျောက် ယိုကိုတာစန်၏ စိုးရိမ်ကြီးမှုကို ပြုံးနေမိသည်။
ထိုအခိုက်တွင် သူနှင့် ကိုးပေခန့် ကွာဝေးသော ချုံပုတ်သည် သိမ့်ခနဲ လှုပ်သွားသည်ကို ဓာတ်မီးရောင်အောက်တွင် ဟာနေဒါစန်က တွေ့လိုက်ရသည်ကြောင့် ရိုင်ဖယ်နှင့်ချိန်ကာ လှမ်းကြည့်လိုက်သည်။
သို့ရာတွင် ချုံပုတ်ကလေးသည် လူတစ်ယောက်၏ ရင်စို့ခန့်သာ မြင့်သည့်အတွက် အထူးစိုးရိမ်စရာမရှိ။ လေတိုက်၍ လှုပ်သွားသည်ဖြစ်ကြောင်းကို ဟာနေဒါဟစန်သည် ထင်မှတ်ကာ လေကလေးချွန်၍ ဂျပန်သီချင်းတစ်ပုဒ်ကို ဆိုနေပြန်သည်။
“ရခိုင်ဘက်က ရန်သူအခြေအနေ ဘယ်လိုလဲမင်းအထင်ပြောစမ်းဟေ့ ဟာနေဒါ”
ကားဘီးကို ဆွဲထုတ်နေရာ ယိုကိုတာစန်က လှမ်း၍ မေးလိုက်သည်။
“ရန်သူတွေ အားစမ်းနေတာပါ ယိုကိုတာစန်။ အလုံးအရင်းနဲ့ စီစဉ်တဲ့ထိုးစစ် မဟုတ်သေးပါဘူး”
“အေး ငါလည်း ဒီလိုပဲထင်တယ်။ ဒါနဲ့ သူတို့လေကြောင်းက အားကြီး အားကောင်းလှချည့်လား။ နေ့တိုင်း ဗုံးလာလာကြဲနေပုံတွေလေ။ အမေရိကန်အကူအညီတွေ အားကြီးရတဲ့ပုံပဲ ယိုကိုတာစန်။ ဒါထက် ဘီးကို ဖြုတ်ပြီးပြီလား။ ကားပေါ်က ဘီးအသစ်ကို ချရအောင်”
“မင်း အသာ ကင်းစောင့်နေစမ်းပါ။ ငါတစ်ယောက်တည်း နိုင်ပါတယ်”
ယိုကိုတာစန်သည် ပေါက်နေသည့်ဘီးကို တအားဆွဲထုတ်လိုက်စဉ်တွင် သူ့နောက်နားဆီက လေပြင်းပြင်းတစ်ချက် တိုက်သကဲ့သို့အသံမျိုး ရုတ်တရက် ကြားလိုက်ရသည်။
ဘီးဟောင်းကို မြေပေါ်သို့ချလိုက်ပြီး
“တို့ အချိန် သိပ်နောက်မကျပါဘူးကွ ဟာနေဒါစန်၊ အကြာဆုံး မိနစ်အစိတ်ပေါ့။ ပြီးပါတော့မယ်”
ဝမ်းသာအားရနှင့် ယိုကိုတာစန်က ပြောလိုက်သည်။
“ဟေ့ကောင် အိပ်ငိုက်နေပြီလား။ ဒါနဲ့များ ကျားကင်းစောင့်တဲ့ လူလားကွာ၊ ရယ်စရာ”
ယိုကိုတာစန်သည် သူ၏သူငယ်ချင်းကို ရယ်မောရင်း အပြစ်တင်၍ ပြောလိုက်သည်။ ဟာနေဒါစန်ဆီမှ စကားပြန်ကား မပေါ်လာတော့ချေ။
“ဟာနေဒါစန် ဘာဖြစ်နေသလဲ။ ဟေ့ အကောင်”
သူ၏စကားကို ဖြေဖော်မရသည်ကြောင့် ဘီးဆီသို့ အာရုံပြုနေ ယိုကိုတာစန်သည် သူ၏ဘေးတွင် အရန်သင့်ဆောင်ထားသည့် ရိုင်ဖယ်ကို လှမ်းဆွဲကာ ချက်ချင်းပင် နောက်ပိုင်းသို့လှည့်၍ သူ၏ ရဲဘော်ကို ရှာဖွေလိုက်သည်။
ဟာနေဒါစန်၏ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။ လေနှင့်အတူ ဟာနေဒါစန်ကား ရုတ်ခြည်း ပျောက်ကွယ်ချက် ကောင်းလှပေ၏။
“ဒါမေးဒါးခိုးရာ”
ဟူသော ဆဲဆိုသံနှင့် ယိုကိုတာစန်သည် ဟာနေဒါစန် ချုံကွယ်တစ်နေရာတွင် အပေါ့အပါးသွားသည်အထင်နှင့် ချုံစပ်သို့ လှမ်း၍ကြည့်လိုက်ရာ ချုံစပ်သစ်ကိုင်းများကြား၌ တွဲလွဲကျန်ရစ်ခဲ့သော ဟာနေဒါစန်၏ရိုင်ဖယ်နှင့် လှံစွပ်ကို တွေ့လိုက်ရပေ၏။
ဖုန်နေသော ကားလမ်းပေါ်သို့ ငုံ့၍ကြည့်လိုက်သည့်အခါတွင်ကား ဧရာမ ဝိုင်းဝိုင်းစက်စက် ကျားခြေရာကွက်ကြီးများနှင့် ဟာနေဒါစန်ကို ကျားက ဒယဉ့်တိုက်ကာ ဆွဲချီသွားသည့် စွတ်ကြောင်းအရာကြီးကို အရှင်းသား တွေ့လိုက်ရပါသည်။
“ဟာနေဒါစန် … ဟာနေဒါစန်”
အသံကုန်အော်ဟစ်ကာ ယိုကိုတာစန်သည် ရိုင်ဖယ်ကို မောင်းတင်ရင်း နားစွင့်၍ခေါ်လိုက်ရာ သူနှင့် ဝါးနှစ်ရိုက်ခန့် ချုံထဲမှ လူညည်းသံသဲ့သဲ့ ကြားလိုက်ရသည်ကြောင့် ယိုကိုတာစန်သည် ရိုင်ဖယ်ကို လှံစွပ်တပ်ကာ လူညည်းသံ ထွက်ပေါ် လာရာဆီသို့ မှန်း၍ ရိုင်ဖယ်နှင့် သုံးချက် ပစ်သွင်းလိုက်တော့သည်။
သို့ရာတွင် ကျားကြီးသည် တစ်စုံတစ်ရာ အရာဝတ္ထုတစ်ခုကို ဒယဉ်ဆွဲ၍ ချီပိုးသည့်အလား တောနက်ထဲသို့ တဖြောင်းဖြောင်းအသံများနှင့် ဝင်ရောက်ကာ ဝေးသည်ထက် ဝေး၍ သွားပါတော့သည်။
သေနတ်သံသုံးချက် အချိန်မတော်ကာလတွင် ကြားလိုက်ရသည့် သပြေစခန်းမှ ဂျပန်တပ်ခွဲသည် ချက်ချင်းပင် လက်နှိပ်ဓာတ်မီးများနှင့် အရေးတကြီး သပြေစခန်းအနီးရှိ ဓာတ်မီးရောင်များ ထွက်ပေါ်နေသည့် ကားဆီသို့ ပြေးလွှားရောက်ရှိခဲ့သည်။
“ထိုးရာ ထိုးရာ (ကျား… ကျား) “
ဟူသော ကြောက်အားလန့်အားဖြင့် ရိုင်ဖယ်ကြီးကိုကိုင်ကာ အော်ဟစ်နေသော ယိုကိုတာစန်ကို မီးရောင်ထဲတွင် ဂျပန်စစ်သားများက တွေ့လိုက်ရပြီး ချက်ချင်းပင် တပ်ခွဲရှိ ရဲဘော်အားလုံးကို မီးတုတ်များ၊ ဓာတ်မီးများနှင့် လူစုခွဲ၍ တပ်ဖြန့်ပြီး တောနင်းလျက် ပိုက်စိပ်တိုက် ရှာဖွေလိုက်ကြသည်တွင် ချောက်ဦးလျှိုထဲ၌ လည်မျိုတွင် ကျားစွယ်ရာကြီးလေးပေါက်နှင့် ဝမ်းတွင်းသားတစ်ဝက်ကျော် ရင်ဖွင့်ကာ ကျားစားသွားသော ဟာနေဒါစန်၏ အလောင်းကို ပြန်လည်ရရှိခဲ့လေသည်။
ယိုကိုတာစန် (တပ်ကြပ်) အဖို့ သူ၏သူငယ်ချင်းကို သူ့နောက်ပိုင်းမှ ကပ်၍ ကျားချီသွားသည့် ရုတ်တရက် မမျှော်လင့်သော ဖြစ်ရပ်နှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ဟာနေဒါစန်၏အလောင်းကို တွေ့ပြီးရသည့်အတွက် သွေးပျက်ကာ ချုပ်နှောင်ထားရသည့်အခြေအနေသို့ ရောက်ခဲ့၏။
ကြိုးနှင့် ချည်တုပ်ထားရာမှ တစ်ချီတစ်ချီတွင် “ကျား … ကျား..” ဟူ၍ အလန့်တကြား အော်ဟစ်ကာ သွေးပျက်နေသော ယိုကိုတာစန်ကို ပန်းတောင်းဂျပန်ဆေးရုံသို့ ပို့လိုက်ရလေတော့သတည်း။
ပန်းတောင်းမှ တောင်ကုတ်သို့တက်သည့် ကားလမ်းတစ်လျှောက်တွင် ကျွဲကလေးစခန်း၊ သပြေစခန်း၊ ရေပေါ်ကြီးစခန်း စသည့် စခန်းများသည် ကျားဆိုးများနှင့် ပတ်သက်၍ နာမည်ကြီးစခန်းများသာ ဖြစ်ပေ၏။
ကျွဲနဲ့ သပြေမတဲလေနဲ့ (မတည်းလေနဲ့)
တဲလေ တဲလေ မအိပ်လေနဲ့
အိပ်လေ အိပ်လေ မပျော်လေနဲ့”
ဟူသော ခရီးသွားများ၏ ရာဇဝင်တွင်ရစ်သော မှာတမ်းများ ရှိခဲ့ပေ၏။
အဘယ့်ကြောင့် “ကျွဲကလေးစခန်း” ဟုခေါ်ကြောင်းကို ပန်းတောင်းဘက်မှ ဘိုတဲစောင့် ဗမာအဘိုးကြီးအား မေးကြည့်ရာ…
“ဟာ ဒီနေရာဟာ ခုမှ လူတွေသွားရဲတာစစ်ဗိုလ်ကြီးနှယ်။ ကျားက အားကြီးပေါ အားကြီးဆိုး။ နေ့ခင်းကြောင်တောင်မှာပဲ စခန်းကလူတွေကို ကျားက အတင်းဝင်ဝင်ဆွဲလေ့ရှိတယ်။ ကျားကလည်း ကျွဲကလေးလောက်ရှိလို့ ‘ကျွဲကလေးစခန်း’လို့ နာမည်ပေးထားတာဗျ”
ကျွန်တော်တို့ ဗမာ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃ သည် ဖော်ပြပါ တောင်ကုတ်ကားလမ်းတစ်လျှောက်၌ တာဝန်ကျရောက်စဉ်တွင် ကျားဆိုးများ၏ ကြောက်မက်ဖွယ်ရာ သောင်းကျန်းပုံတို့နှင့် အတ္ထုပ္ပတ္တိ အဖြစ်အပျက်များကို ကျားပစ်လိုသော မုဆိုးများအတွက် သင်ခန်းစာများအနေနှင့် ဖော်ပြအစီရင်ခံအပ်ပါကြောင်း။
လိမ္မာကျွမ်းကျင်သော မုဆိုးကောင်းများ ပေါ်ထွန်းလာရေးသို့ ရှေးရှုလျက်..
ရှုမဝမဂ္ဂဇင်းအတွဲ ၁၈၊ အမှတ် ၂၀၇၊ သြဂုတ်၁၉၆၄
– ပြီး –
စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ