ကျွေးကျေးဇူး(စ/ဆုံး)
——————-
“ဆုံစည်းရာ” လက်ဖက်ရည်ဆိုင်က လူ စည်ကားလှသည်။ စားပွဲထိုးများ ငြိမ်မနေရရှာ။ မနက်ခင်း ဆိုင်စဖွင့်ချိန်မှစ၍ ညမိုးချုပ် ဆိုင် သိမ်းချိန်ထိ လူပျက်သွားသည် မရှိ။ လက်ဖက် ရည်ကအစ စားသောက်ဖွယ်ရာအားလုံးတို့မှာ အရသာကောင်းလှသည်။ စားပွဲထိုးများမှာ လည်း စားသုံးသူများအပေါ် စိတ်ရှည်စွာ ဆက်ဆံကြသည်။ စားလိုသည်များကို လျင်မြန် စွာ ပြုလုပ်ပေးတတ်ကြသည်။ နာမည်အတော် ရ၍ လူစည်ကားလှခြင်းဖြစ်သည်။
“ကိုကြီးသာကျော် လာဗျာ။ ကျွန်တော်တို့ ဝိုင်းမှာထိုင် ဘာစားမလဲ ဘာသောက်မလဲ။”
ဆိုင်ထဲဝင်လာသော သာကျော်အား ဝိုင်းချစ် တို့အဖွဲ့က လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။
“ပုံမှန်ပဲ မှာလိုက် ငါ့ညီ”
“လက်ဖက်ရည် ပုံမှန်တစ်ခွက်ဟေ့။”
ဝိုင်းချစ်မှာလိုက်သည်နှင့် စားပွဲထိုးလေး တစ်ဦးက လျင်မြန်စွာ သူတို့ဝိုင်းရှိရာသို့ လာချပေးသည်။ အားလုံးတပြုံးပြုံးနှင့် ကျေနပ် ကြသည်။ စားသုံးသူဖောက်သည်များ၏ အကြိုက်ကို အလွတ်ရနေသည်သာမက လျင်မြန်လွန်းလှသည်ကို သဘောကျခြင်း ဖြစ်သည်။
“တရားပွဲက ဒီည မဟုတ်လား ကိုကြီး သာကျော်။ ပြင်ဆင်ပြီးပြီလား။”
“အေး ဟုတ်တယ် ဖိုးစည်ရ။ လက်ဖက် ရည်သောက်ပြီးရင် သွားမလို့ကွ။ ငါ့အဖွဲ့တွေ တော့ အရင်သွားပြင်ဆင်နေကြပြီ။ မင်းတို့ လည်း ကူညီဦးလေကွာ။”
“ပြောစရာလိုသေးလို့လားဗျ။ အမြဲတမ်း ကူညီပေးနေကြပါဗျ။ ကျွန်တော်တို့လည်း လက်ဖက်ရည်သောက်ပြီးတာနဲ့ သွားမလို့ပါ ဗျ။”
“အေး အေး ဒါဆိုလည်း သောက်ကြကွာ။ တို့တစ်တွေ မြန်မြန်သွားပြီး ဝိုင်းကူတော့ စောစောပြီးတာပေါ့ မဟုတ်ဘူးလား။”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
သုံးယောက်သား တရားပွဲအတွက် ပြင်ဆင်ရန် ရောက်လာကြသည်။
“ဥက္ကဋ္ဌကြီး ကျွန်တော်တို့ရောက်ပါပြီ။”
“လာ လာကွာ သာကျော် လိုတဲ့စာလုံးတွေ ဖောက်ပေးပါဦးကွာ။ ဖိုးစည်နှင့် ဝိုင်းချစ်က စင်အတွက် ကူညီပေးလိုက်ဦးကွာ။”
“ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး”
လိုအပ်သည့်နေရာများမှ ဝိုင်းကူလုပ်၍ တရားပွဲအတွက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပေးကြသည်။ အခင်းအကျင်း အပြင် အဆင်များက သေသပ်လှပသည်။ မြင်ရသူအဖို့ တရားပွဲက လာချင်စဖွယ်ဖြစ်သည်။ နေ့လယ် ထမင်းစားချိန်အထိ ဝိုင်းကူလုပ်ကြရာ တရားပွဲ စင် အခမ်းအနားမှာ ပြီးစီးသွားသည်။
“အားလုံးပြီးပြီဆိုတော့ ကျွန်တော်တို့ ပြန်ဦးမယ် ဥက္ကဋ္ဌကြီး။ တကယ်လို့ လိုအပ်တာ ရှိသေးတယ်ဆိုလည်း တစ်ယောက်ယောက်ကို ခေါ်ခိုင်းလိုက်ပါ။ ကျွန်တော် အိမ်မှာပဲ ရှိနေ ပါမယ်။”
“အေးပါကွာ…..အားလုံးလည်း ပြည့်စုံနေ ပါပြီ။ တရားပွဲမစခင်သာ ရောက်အောင်လာခဲ့ ကြကွာ။ ဖိုးစည်နှင့် ဝိုင်းချစ်လည်း ညနေ လောက်ပြန်လာခဲ့ဦးကွာ။ မင်းတို့က ဘုန်းကြီး ကို သွားပင့်ရမယ်လေ။”
“ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး။ ကျွန်တော်တို့ အမီပြန်လာခဲ့ပါမယ်။”
(၂)
ညောင်ပင်လမ်းနှင့် အောင်ချမ်းသာ လမ်းထိပ်၌ တရားပွဲစင် အခမ်းအနားမှာ တင့်တယ်လှပစွာ တည်ရှိနေသည်။ တရားပွဲလာရောက်နာကြားရန်လည်း ဂေါပက လူကြီးအဖွဲ့များမှာ နှိုးဆော်လျက်ရှိသည်။ လူငယ် အမျိုးသား အမျိုးသမီးတို့မှာလည်း တရားပွဲလာပရိသတ်များအား နေရာထိုင်ခင်း ပေးရန် လိုက်လံပို့ဆောင်ပေးနေကြသည်။ ဓမ္မတေးသံများမှာလည်း ကြားရသူအဖို့ ရင်အေးစေလှသည်။
“မပြီးသေးဘူးလား အေးရေ။ တရားပွဲက စတော့မှာ… မြန်မြန်လုပ်ပါဟ။”
“ပြီးပါပြီ ကိုသာကျော်ရယ်။ ရှင်ကလည်း တရားနာတဲ့အခါ သဘက်လေးဘာလေး လိုတယ်တော့။ အဲ့ဒါ ယူနေလို့ပါ။”
အေးပါကွာ ပြီးပြီဆိုလည်း မြန်မြန်လာ တော်ကြာ တရားစနေချိန်မှ ဝင်ရရင်မကောင်း ဘူးဖြစ်နေမယ်။”
“လာနေပါပြီတော် လာနေပါပြီ။”
ကိုသာကျော်နှင့် မအေးတို့ လင်မယား နှစ်ယောက်မှာ တရားပွဲအမီရောက်ရန် ပြောဆို ကြရင်း ခြေကိုသွက်သွက်လှမ်းကာ သွားနေကြ သည်။ မအေးမှာ သူ့ယောက်ျား ကိုသာကျော် နောက်က မနည်းအမီလိုက်နေရသည်။
ဥက္ကဋ္ဌကြီး ဦးသာနုမှာ ဂေါပကလူကြီး များနှင့် စကားစမြည်ပြောဆိုရင်း လူငယ်အဖွဲ့ အား “ဖိုးစည်နှင့် ဝိုင်းချစ်က ဘုန်းကြီးကို သွားပင့်ကြပြီလားကွ။ မင်းတို့ကိုကြီး သာကျော် ရော ရောက်ပြီလား။”
“ဟုတ်ကဲ့…..ကိုဖိုးစည်နှင့် ကိုဝိုင်းချစ် တို့တော့ ဘုန်းကြီးသွားပင့်ပါပြီ ဥက္ကဋ္ဌကြီး။ ကိုကြီးသာကျော်ကတော့…..။”
လူငယ်အဖွဲ့စကားပင် မဆုံးလိုက်ပါ။ သော့သော့လာနေသောသာကျော်က “ရောက် ပါပြီ ဥက္ကဋ္ဌကြီး။”
“ဘယ်လိုဖြစ်ရတာလဲ သာကျော်ရာ။ မင်းနှယ် အမောတကောပါလား။”
“ဟုတ်တယ် ဥက္ကဋ္ဌကြီးရေ အဲ့ဒါသာကြည့် တော့ ကျွန်မမှာ သူ့မီအောင် မနည်းလိုက်ရ တယ်။”
“ဟား ဟား ဟား ဟား။” အားလုံးက ဝိုင်းရယ်ကြသည်။
“တရားပွဲမီပါတယ်ကွာ။ အခုမှ ဖိုးစည်နဲ့ ဝိုင်းချစ်တို့ ဘုန်းကြီးသွားပင့်ကြတုန်းပါကွာ။”
အမောပြေ ရေသောက်နေသော သာကျော် က “ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး။ ကျွန်တော်တို့ ဝင်နှင့်ပြီနော်။”
“အေး…အေး ဝင်ကြ ဝင်ကြ။”
“ဘုန်းကြီးကြွလာပြီဗျို့။”
လူငယ်အဖွဲ့က ဥက္ကဋ္ဌကြီးအား လှမ်း၍ သတိပေးသည်။ ဂေါပကအဖွဲ့မှာလည်း ဓမ္မ တေးသီချင်းများအား ပိတ်စေ၍ ဗြောစည် တေးသံပြောင်းဖွင့်စေသည်။ ဖိုးစည်နှင့် ဝိုင်းချစ် က ဘုန်းကြီးအားပင့်ဆောင်၍ တရားပွဲအတွင်း သို့ လိုက်လံပို့ဆောင်ပေးသည်။ ဘုန်းကြီး နေရာယူအပြီးမှ ဗြောစည်သံအားပိတ်စေသည်။ တရားပွဲခင်းအတွင်းဝယ် တရားနာပရိသတ် များမှာ ကွင်းလုံးပြည့်နီးပါးဖြစ်သည်။ ဂေါပက အဖွဲ့များ၊ ဥက္ကဋ္ဌကြီးနှင့် တရားနာပရိသတ် အားလုံးတို့မှာ ပထမဦးစွာ ငါးပါးသီလခံယူ ကြသည်။
သီလပေးပြီးသောအခါ “ဒကာ၊ ဒကာမတို့ ကို ဘုန်းကြီးဟောမည့် တရားကို အရင်ဆုံး မကြေညာထားဘူး ထင်တယ်ကွဲ့။”
“မှန်ပါ့ဘုရား။” တရားနာပရိသတ်များမှာ ဘုန်းကြီးဟောကြားသည်ကို နာခံလျက်ရှိကြ သည်။
“ကြေညာထားလိုက်ရင် စိတ်ဝင်စားမှု လျော့မှာ စိုးတယ်ကွဲ့။ မကြေညာထားမှ ဘာဟောမှာပါလိမ့်ဆိုပြီး သိချင်လာကာ စိတ်ဝင်စားလာမှာဖြစ်တယ်ကွဲ့။ ဒီည ဘုန်းကြီး ဟောမယ့် တရားခေါင်းစဉ်ကတော့ ကျွေး ကျေးဇူးတရားပဲ တရားနာပရိသတ်ရဲ့။”
“တင်ပါ့ဘုရား။”
“ဒီခေါင်းစဉ်လေးက ဘုန်းကြီးရဲ့ကိုယ် တွေ့ဖြစ်ရပ်လေးကို အခြေခံပြီး ပေးထားတဲ့ ခေါင်းစဉ်လေးပဲဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ခန့်လောက်ကပေါ့ကွယ်။”
“တင်ပါ့ဘုရား။” တရားနာပရိသတ် အားလုံးတို့မှာလည်း ဘုန်းကြီးဟောကြား မည့်တရားတွင် စိတ်ပါဝင်စားစွာ နာယူနေကြ သည်။
(၃)
နာမည်က လူအေး။ လူကိုယ်တိုင်ကတော့ မအေးနိုင်။ အရက်သောက်၊ ကြက်တိုက်နှင့် ရန်ပွဲဆိုတာလည်း မဖြစ်ဖူးသည့် နေရာမရှိ။ ထိန်းကျောင်းပြုပြင်ပေးမည့် မိဘမှာလည်း မရှိတော့။ ဆွေမျိုးများကလည်း သူဆိုးလွန်း၍ သူ့ကိုရှောင်ကာ သူနှင့်ဝေးရာကို ပြောင်းရွှေ့ သွားကြသည်။ မိဘချန်ထားခဲ့သည့်အမွေအနှစ် လေးများရောင်းချကာ စားသောက်နေထိုင် သည်။ တစ်ခါတစ်ရံတွင်လည်း ဆန်စက်၊ သစ်စက်၌ နေ့စား အလုပ်ဝင်လုပ်သည်။ သောက်စားလွန်းနေ၍ ဘယ်အလုပ်ကမှလည်း လက်မခံတော့ပေ။ မိဘချန်ထားခဲ့စဉ်က သစ်သားအိမ် အကြီးကြီးဖြစ်သည်။ ခုတော့ ဝါးအိမ်ငယ်လေးသာသာရှိတော့သည်။ မြေမှာ လည်း ယခင်ကလောက် မကျယ်တော့။ အိမ်ကို ဝန်းရံထားရုံလေးသာ…။
တစ်နေ့ ကြက်ပွဲကရှုံး၍ ပြန်အလာ လမ်း တွင် ခွေးသူကြီးတစ်ကောင်နှင့်အတူ အနီး၌ ဆာလောင်နေ၍ ဟောင်နေသော ခွေးငယ်လေး တစ်ကောင်ကို သနားစဖွယ်တွေ့လိုက်သည်။
“မင်းအမေက သေနေပြီလေ ဟေ့ကောင် ရ။ မင်းကနှိုးနေတာလား။ သူဘယ်တော့မှ ထလာမှာ မဟုတ်ဘူးကွ။ ဒီကောင်ကွာ ဘာမှ လဲမသိဘူး။ နေစမ်းပါဦး မင်းက မင်းအမေကို နှိုးနေတာမဟုတ်ဘူးပဲ။ ငါ့လက်ထဲက အရက် ကိုတောင်းနေတာပဲ။ မင်းက သောက်မလို့ လား…..ရော့ သောက်ကွာ။”
လူအေးမှာ လက်ထဲတွင်ကိုင်လာသော အရက်ပုလင်းထဲမှ အရက်များအား ခွေးလေး ပေါ်သို့ လောင်းချလိုက်လေသည်။
“ဟာ ဟာ ဘယ်ရောက်ကုန်လဲ အရည် တွေ။ ကုန်သွားပြီပဲ ကုန်ပြီ။ မင်းကိုငါ ဘာမှ ကျွေးစရာမရှိတော့ဘူး။”
ဝေါ့ …..ဝေါ့….
လူအေးမှာ ဘယ်လောက်တောင်သောက် ထားသည်မသိ။ အန်တော့သည်။ ခွေးကလေး မှာ ဆာလောင်လွန်း၍ သူ့အား အစာကျွေး သည်အထင်နှင့် အန်ထားသမျှကို စားလေ တော့သည်။
“မင်း စားနေပြီ စားနေပြီ။ ငါအန်လိုက်တာ က မင်းအတွက် အဆင်ပြေသွားပါလားကွ။”
“ဟား ဟား ဟား ဟား”
လူအေးမှာ အသံကျယ်ကြီးနှင့်ရယ်ကာ ဘေးနားရှိ ကုက္ကိုပင်ကြီးအောက်တွင် လဲကာ အိပ်ပျော်သွားတော့သည်။ ခွေးကလေးမှာ တစ်ညလုံး မအိပ်ဘဲ လူအေး၏ ဘေးနားတွင် နေလျက် စောင့်ရှောက်ပေးနေသည်။ လူအေး နိုးလာချိန်အထိ ခွေးကလေးက သူ့အနားတွင် ရှိသည်။ သူ့အားပွတ်သပ်၍ အမြီးလေးက လှုပ်ရမ်းနေသည်။ လူအေးက ကုန်းရုန်းထကာ ပြန်မည့်အပြု ခွေးကလေးက သူ့ပုဆိုးစအား လှမ်းဆွဲထားသည်။
“ဘာလဲကွ မင်းက ငါနဲ့လိုက်ချင်လို့လား။ ငါကတစ်ယောက်တည်းနေတာကွ။ ငါ့အတွက် တောင် အစားအသောက်ကမမှန်တာ။ မင်းကို ဘယ်ကျွေးနိုင်မလဲ။” ခွေးကလေးမှာ သူ ဘယ်လိုပြောပြော သူ့အားလွှတ်မပေး။ သူ့အား ဆွဲထားမြဲဆွဲထားသည်။
“မင်းလိုက်ချင်လည်း လိုက်ခဲ့ကွာ။ ခုလိုပဲ ငါအန်ကျွေးမှာပေါ့ကွ။ ကဲ…လာ။”လူအေးက ပြောဆိုရင်း ခွေးကလေးအားပွေ့ချီကာ အိမ်သို့ ခေါ်လာတော့သည်။
(၄)
နှစ်အတော်ကြာသည်အထိ ခွေးကလေး နှင့် လူအေးမှာ အတူတူနေထိုင်ခဲ့သည်။ လူအေးက အရက်မသောက်သည့် အချိန်ခဏ လေးအတွင်း ပိုက်ဆံပြတ်သည့်အခါမျိုးတော့ ကြုံရာအလုပ်လုပ်သည်။ ဒီအချက်လေးတစ်ခု မပျောက်ဘဲရှိနေသည်က သူ့အတွက် ကောင်း တဲ့အရာဖြစ်သည်။ သူသွားလေရာ ခွေးကလေး ကလည်း လိုက်ပါမြဲဖြစ်သည်။ အရက်ဆိုင်၊ ကြက်ပွဲစသည့် နေရာများတွင် ရန်ဖြစ်တိုင်း ခွေးကလေးက ကူညီမြဲဖြစ်သည်။ စတွေ့တုန်း ကလို အရွယ်မသေးတော့။ အရွယ်မှာ တော်တော်ကြီး၍ အားကိုးရသည်။ လူအေးက ၎င်းကို နာမည်ပေးထားသည်။ “ဗလကြီး”တဲ့။
“ဗလကြီး မင်းပါးစပ်ကဘာတွေလဲကွ။” လူအေးတစ်ယောက် အရက်တစ်ခွက်အား ပါးစပ်ထဲမော့ချကာ ဗလကြီးအား လှမ်းမေး လိုက်ခြင်းဖြစ်သည်။
နှုတ်သီးနှင့် မျက်နှာတစ်ခုလုံးတွင် ဖုန် တွေ၊ မြေတွေ ပေကျံနေသော ဗလကြီးက သူချီလာသော အထုပ်အား ပစ်ပေးလိုက်သည်။ လူအေးမှာ အထုပ်လေးအား ဖြည်ကြည့်လိုက် သည်။ လက်ဝတ်ရတနာ အနည်းငယ်အား တွေ့လိုက်ရသည်။ သူ့မျက်လုံးအား သူမယုံ။ အမူးပြေသလိုလိုဖြစ်ကာ သူ့ကိုယ်သူ ပြန်ရိုက် ကြည့်သည်။ နာသည် အိပ်မက်မဟုတ်။ အမှန် တကယ် တွေ့နေရခြင်းဖြစ်သည်။
“ဗလကြီး မင်း ဘယ်ကနေရလာတာလဲ ကွ”
လူအေးနှင့် အနေကြာသည်နှင့်အမျှ တစ်ယောက်အပြုအမူကို တစ်ယောက်က နားလည်လာသည်။
“ဝုတ်…..ဝုတ်”
ဗလကြီးသည် ဟောင်သံပေးကာ သူ့ကို တွေ့ရှိခဲ့သော ကုက္ကိုပင်ကြီးဆီသို့ လူအေးအား ခေါ်ဆောင်သွားလေသည်။
လူအေးမှာ ကုက္ကိုပင်ကြီး၏ အောက်ခြေ တွင် ကြွင်းတစ်ခုအား တွေ့လိုက်သည်။ ဗလကြီးယူလာခဲ့သော အထုပ်လေးမှာ ဤ ကြွင်းထဲက ရခဲ့သည်ကို သူသိလိုက်သည်။
“ကျေးဇူးပဲ ဗလကြီးရာ။ ငါ့လို အပေ အတေ အရက်သမားတစ်ယောက်နဲ့ အတူ နေပေးရုံမက ငါ့အတွက် စားဖို့သောက်ဖို့ကိုပါ မင်းက ရှာပေးလိုက်တာပဲကွ။” လူအေးမှာ ဗလကြီး၏ခေါင်းအား သူ့လက်များဖြင့် ပွတ် ပေးရင်း ကျေးဇူးစကားဆိုသည်။ ဗလကြီးက အသိအမှတ်ပြုသည့် သဘောဖြင့် “ဝု ဝု” အသံပြုကာ အမြီးယမ်းနေတော့သည်။
“ကဲ အိမ်ပြန်ကြရအောင် သားကြီးရေ”
လူအေးမှာ ဗလကြီးအားခေါ်ကာ လမ်းမ ပေါ်အရောက် “ဝုန်း” ဆိုသည့် အသံကျယ်ကြီး နှင့်အတူ သူလွင့်သွားခဲ့သည်။ အသံကြားရာသို့ လှမ်းကြည့်လိုက်ရာ ကုန်တင်ကားကြီး၏ နောက်ကျောကိုသာ မြင်ရုံလေးမြင်လိုက်ရ သည်။ နောက်မြင်ကွင်းတစ်ခုကို မြင်လိုက် သောအခါ လူအေးတစ်ယောက် ထိတ်လန့် သွားရသည်။ သူ၏အချစ်တော်ခွေး ဗလကြီးမှာ သွေးသံရဲရဲဖြင့် သေဆုံးနေသည်။ လေးလံ သော ခြေလှမ်းများဖြင့် ဗလကြီးအနားသို့ သူသွားသည်။
အသာအယာပွေ့ချီကာ အိမ်သို့ ပြန်လာခဲ့သည်။ အပေအတေ အရက်သမား တစ်ယောက်ကို မည်သူကမျှ အရေးမလုပ်ကြ။ သူတို့၏အဖြစ်အပျက်ကို မည်သူတစ်ဦး တစ်ယောက်မှလည်း မသိကြပေ။ “လူသူ အရောက်အပေါက်နည်းသော လမ်းကို ဘာကြောင့်ကုန်တင်ကားက အရှိန်ပြင်းစွာ မောင်းလာရတာလဲ။ ဗလကြီးရယ်…မင်း ကံကုန်လို့များလားကွာ။” အိမ်ပြန်လာရာ လမ်းတစ်လျှောက်တွင် လူအေးမှာ အတွေး များစွာဖြင့်။ ဗလကြီးအား သူစတင်ခေါ်ဆောင် လာသည်ကိုလည်း ပြန်လည်မြင်ယောင်နေမိ သည်။ အပေအတေ အရက်သမား လူအေး တစ်ယောက် ဒီတစ်ကြိမ်တော့ ခံစားရလွန်း နေသည်။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ကအဝိုင်းသား…..။
“အထီးကျန်နေတဲ့ ငါ့ဘဝထဲကို မင်း ဝင်လာပြီးမှကွာ၊ မင်းက အရင်ထွက်သွား ရတယ်လို့ ဗလကြီးရယ်။ ငါ့ဘဝက အရင် အတိုင်းပါပဲကွာ။ ငါ့မှာ အခင်အတွယ်ဆိုတာ ဘာမှမရှိဘူး။ ဘာမှမရှိတဲ့ ငါ့ဘဝကို မင်းက အရင်ပေးမသွားခဲ့ဘူး။ ငါ့အတွက် မင်းအသက် ပေးရုံမက ငါနေထိုင်စားသောက်နိုင်ဖို့ကိုပါ ရှာပေးသွားတာပါလား ဗလကြီးရာ။”
လူအေးမှာ ရင်ထဲ ခံစားရသည်များကို ပြောဆိုကာ ဗလကြီးကို မြုပ်ရန် သူ့အိမ် အတွင်း၌ပင် မြေတူးနေသည်။ မြေမြုပ်ပြီး သော်လည်း ဘာလုပ်လို့ ဘာကိုင်ရမည်မသိ။ အရက်တောင် မသောက်နိုင်။ ဗလကြီး ပေးခဲ့သော လက်ဝတ်ရတနာ အနည်းငယ် ကိုကိုင်ကာ မှိုင်နေတော့သည်။ အတန်ကြာမှ ထိုအရာများကို အထုပ်နီလေးထဲတွင်ထည့်ကာ ဘုန်းကြီးကျောင်းသို့ အပြေးသွားသည်။ လူအေးသည် သူ့အချစ်တော် ဗလကြီးအတွက် လက်ဝတ်ရတနာများကို လှူဒါန်းကာ ကောင်းမှု ကုသိုလ်ပြု အမျှဝေရင်း သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည်။
(၅)
“ဇာတ်လမ်းလေးကတော့ ဒါပဲ တရားနာ ပရိသတ်ရဲ့။”
“တင်ပါ့ဘုရား”
ဒီဇာတ်လမ်းထဲက လူအေးက တွေ့ကြုံ ဆုံကွဲဆိုတဲ့ တရားသဘောကို သူသိရှိခဲ့တယ်။ သူဆိုးခဲ့ မိုက်ခဲ့ပေခဲ့တာတွေအတွက် ပြန်ပေး ဆပ်နိုင်ဖို့ အကောင်းဆုံးဘဝကို သူကူးပြောင်း ခဲ့တာပဲ။ နောက်တစ်ခုကတော့ ကျွေးကျေးဇူး ကို သူကောင်းကောင်း နားလည်ခဲ့လို့ပဲ။ တိရစ္ဆာန်ဖြစ်တဲ့ခွေးတောင် သူ့ကို ကျွေးထား တာကိုသိပြီး ကျွေးကျေးဇူးကို အသက်ပေးပြီး ဆပ်သွားရှာတယ်။ လူအေးမှာ သူ့မိဘတွေ မွေးကျေးဇူးမပြောနဲ့၊ ကျွေးကျေးဇူးတောင် မဆပ်နိုင်ခဲ့ရှာဘူး။ ဒါတွေကို သူဟာသိမြင် လာပြီး သတိသံဝေဂရလို့ ရဟန်းဘဝကိုပဲ ရွေးချယ်ခဲ့တာဖြစ်တယ်။ တရားနာပရိသတ် အပေါင်းလည်း မိဘရဲ့မွေးကျေးဇူးကို ကျေအောင် မဆပ်နိုင်တောင် ကျွေးကျေးဇူးကို ကျေအောင် ဆပ်ကြပါ။ တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတာ လည်း ရှိတယ်မဟုတ်လား။”
“မှန်ပါ့ဘုရား”
မိဘမှမဟုတ်ဘူး။ ကိုယ်က သူ့ထံမှာ တစ်လုတ်စားဖူးမယ်ဆို ကိုယ့်အပေါ် ကျွေးဖူး သူတိုင်းဟာ ကိုယ့်ရဲ့ကျွေးကျေးဇူးရှင်တွေပဲ။ ဒီကျွေးကျေးဇူးရှင်တွေ့ရဲ့ ကျေးဇူးတရားဖြစ် တဲ့ “ကျွေးခြင်း” ကိုလည်း ကိုယ့်အကြွေးအဖြစ် အကျေပေးဆပ်ပါ တရားနာပရိသတ်အပေါင်း တို့။”
“တင်ပါ့ဘုရား”
“သာဓု သာဓု သာဓု။ ဒီနေ့ ပြုသမျှ ကုသိုလ်အဝဝအတွက် သုံးဆယ့်တစ်ဘုံသား တို့အား အမျှပေးဝေကြရအောင်။”
ရေစက်ချ အမျှဝေ၍တရားပွဲအပြီးတွင် ကိုသာကျော်တို့အဖွဲ့မှာ တရားပွဲစင်များအား ပြန်လည်သိမ်းဆည်းကြသည်။ အားလုံး၏ ရင်ထဲတွင်လည်း “ကျွေးကျေးဇူး” ကို ပထမဦးစွာ အကျေဆပ်မည်ဟု ဆုံးဖြတ်ချက် အခိုင်အမာ ချထားကြလေတော့သည်။ ။
ဆောင်းနေရောင်(အဖျောက်)
ကြေးမုံသတင်းစာ