ကြွေရက်ကယ်စော(စ/ဆုံး)
—————————-
သမီးစျေးရောင်းသွားတော့မယ်အဖေ…မီးဖိုပေါ်ကအိုးထဲမှာ ညကကျန်တဲ့ထမင်းလေးနွှေးထားတယ်…အဖေနဲ့ မောင်လေး ညီမလေးတို့အဆာပြေစားထားလိုက်ပါ..သမီးအတွက်ချန်မထားနဲ့….နေ့လယ်စာကိုသမီးပြန်လာမှချက်လိုက်မယ်…..
အေးအေးသမီးလေး..လမ်းမှာဂရုစိုက်သွားကွယ်…
ဟုတ်ကဲ့အဖေ….ဒါဆိုသမီးသွားပြီ…
ဒါက အသက်၁၂နှစ်အရွယ် ချမ်းမြအေး စျေးရောင်းသွားခါနီးသူ့ဖခင်ဦးအေးမောင်နဲ့သားအဖ အပြန်အလှန်ပြောနေကြခြင်းဖြစ်သည်။
သူ့အမည်က ချမ်းမြအေး..အသက်က၁၂နှစ်ထဲရောက်ပြီ.. .မိခင်ရှိစဉ်ကသူတို့မိသားစု၅ယောက်.
မိခင်ဖြစ်သူဒေါ်မြအေးမှာ အငယ်ဆုံးကလေး မောင်ပြည့်စုံကိုမွေးပြီး၆လအကြာမှာဆုံးသွားခြင်းဖြစ်သည်။မောင်ပြည့်စုံလေးမွေးပြီးထဲကဒေါ်မြအေးကျန်းမာရေးမကောင်း။စီးပွားရေးကမပြေလည်။ထမင်းနပ်မှန်အောင်စားသောက်ရန်ပင်အနိုင်နိုင်ဆိုတော့ရောဂါကိုဆရာဝန်နှင့်မပြနိုင်။ရွာဓလေ့ကြားဖူးနားဝဆေးမြီးတိုနှင့်သာကုနေခဲ့ခြင်းဖြစ်သည်။အစာအာဟာရကမပြည့်ဝ၊ကျွမ်းကျင်သောဆရာဝန်နှင့်မကုသနိုင်တော့၆လအကြာမှာပင်ဆုံးသွားခြင်းဖြစ်သည်။မိခင်ဖြစ်သူဆုံးတော့ ချမ်းမြအေးလေးအသက်၇နှစ်သမီး Grade2၊အလတ်မချမ်းမြထွေးလေး၄နှစ်သမီးဖြစ်သည်။မိခင်ဖြစ်သူဆုံးတော့ဖခင်ဖြစ်သူဦးအေးမောင်ကမိတဆိုးသားသမီးလေးတွေကိုယခင်ကထက်ပိုဂရုစိုက်ခဲ့သည်။
ကံကြမ္မာရက်စက်သည်ပဲပြောရမလား။ ဒေါ်မြအေးဆုံးပြီး၃နှစ်အကြာဦးအေးမောင်မော်တော်ဆိပ်မှာကုန်ထမ်းရင်း တံတားပေါ်ကချော်ကျ၍ခါးနာကာအိပ်ရာထဲလဲတော့သည်။ မိခင်ဖြစ်သူမရှိ၍ဖခင်ဖြစ်သူကိုအားကိုးနေရာမှ ဖခင်ဖြစ်သူအိပ်ရာထဲလဲတော့ ချမ်းမြအေးတို့မိသားစုပိုကြပ်တည်းတော့သည်။အိပ်ရာထဲလဲနေတဲ့ဖခင်နဲ့ညီမလေးမောင်လေးကိုကြည့်ကာချမ်းမြအေးဒီအတိုင်းနေ၍မရတော့။အသက်၁၀နှစ်သမီးအရွယ်လေးဆိုပေမဲ့စားဝတ်နေရေးအတွက်သူအလုပ်လုပ်မှဖြစ်မည်ကိုဘဝပေးအခြေအနေရသိသည်။
ထို့ကြောင့်အသက်၁၀နှစ်အရွယ်Grade5မှာပင်ကျောင်းထွက်၍စျေးရောင်းခဲ့ရသည်။
စျေးရောင်းသည်ဆိုသော်လည်း အရင်းအနှီးများများစားစားနဲ့ကုန်မျိုးစုံမဟုတ်။ မိုးတွင်းအခါ ရိုးထဲပေါက်နေတဲ့ကန်စွန်းရွက်က သူ့အတွက်ရောင်းကုန်ပစ္စည်း။ နွေရာသီရောက်ရင်တော့ရွာထိပ်ဘုန်းကြီးကျောင်းဘေးရှိမန်ကျည်းပင်ကမန်ကျည်းရွက်နုနဲ့ဉသျှစ်ပင်ကဉသျှစ်ရွက်နုကသူ့အတွက်ရောင်းကုန်ပစ္စည်း။
အရင်းအနှီးပိုက်ဆံမရှိတော့ သူများထက်ဝီရိယပိုစိုက်ရသည်။မိုးမလင်းခင်စျေးသွားရန် ယမန်နေ့ညနေကတည်းကကန်စွန်းရွက် မန်ကျည်းရွက်ခူးရသည်။ညနေခူးလာသောကန်စွန်းရွက်ကိုညကျအစီးလေးတွေစည်း။ရေလေးဆွတ်ထားပြီး မနက်ကျစောစောသွားရောင်းရသည်။အိမ်နှင့်စျေးက၄၅မိနစ်ခန့်သွားရသည်။နယ်မြို့လေးရဲ့စျေးမို့ စည်စည်ကားကားကြီးတော့မဟုတ်။စနစ်တကျမရှိ။ပါလာသောပစ္စည်းလေးတွေ လမ်းဘေးချရောင်းလိုက်ခြင်းပင်။၅နာရီအိမ်ကထွက်လာ၍စျေးရောက်တော့ နံနက်၆နာရီထိုးခါန်ီး။ကန်စွန်းရွက်များကုန်တော့တစ်ခါတစ်လေ၉နာရီခွဲ။တစ်ခါတစ်လေ၁၀နာရီ။ ပုံမှန်မဟုတ်။မကုန်သည့်နေ့များလည်းရှိသည်။မကုန်သည့်နေ့ဆိုလျှင်မိသားစုအားလုံး ဆန်ပျော့ပျော့လေးချက်စားကြသည်။
လူတွေကလည်းခက်သည်။တန်ဖိုးရှိသောပစ္စည်းများ၊ဆိုင်ခန်းအကျအနနှင့်ရောင်းသောပစ္စည်းများဆိုလျှင်စျေးဆစ်ရန်ဝန်လေးကြသည်။ လမ်းဘေးရောင်းသူဆိုလျှင်မရ ရသလောက်စျေးဆစ်သည်။ အလကားနီးနီးလိုချင်ကြသည်။ အလကားခူးရတဲ့အရွက်ပဲလျော့ပါဆိုသည်ကပါသေးသည်။အလကားခူးရတဲ့အရွက်ပေမဲ့အန္တရာယ်နှင့်ယှဉ်၍ခူးရသည်ကိုသူတို့သတိမထား။မိသားစုအတွက်ထမင်းချည်းသက်သက်ဝအောင်စားဖို့ရုန်းကန်နေရသည်ကိုသူတို့မသိ။
တစ်ခါတစ်ရံအိမ်ပြန်ရောက်ချိန်၁၂နာရီကျော်၍နေ့လယ်စာကို၁နာရီကျော်မှစားရသည့်နေတွေရှိသည်။
မိခင်ဖြစ်သူကိုသတိရပေမဲ့စားဝတ်နေရေးအတွက်ရုန်းကန်နေရသည်မို့အချိန်ပြည့်သတိမရအား။တစ်ခါတစ်ရံတော့လွမ်းလွမ်းဆွတ်ဆွတ်ကိုသတိရမိသည်။ အမေသာရှိလျှင်ဒုက္ခတွေသည်လောက်ရောက်မှာမဟုတ်ဟု ကလေးအတွေးနှင့်တွေးမိသည်။ဖခင်ဖြစ်သူကိုလည်းကျန်းမာရေးအမြန်ဆုံးကောင်းစေချင်သည်။ဆေးကုပေးချင်သည်။ဆန္ဒသာရှိသော်လည်းစားရေးပင်အနိုင်နိုင်မို့ဆေးခန်းဆိုသည်မှာမသွားဝံ့သောနေရာဖြစ်နေသည်။
ထိုနေ့ကမနက်အိပ်ရာထကတည်းကခေါင်းထဲလေးနေသည်။စျေးရောင်းရန်ပင်စိတ်မပါ။ စိတ်မပါပေမဲ့
ဘဝပေးအခြေအနေရနားချိန်မရှိ။သူစျေးရောင်းမထွက်လျှင်မိသားစုအားလုံးစားစရာမရှိ။စျေးရောင်းထွက်ခဲ့သည်။ပစ္စည်းများမကုန်၍၁၁နာရီကျော်တော့ပြန်လာခဲ့သည်။ပြန်ခါနီးအဖေကြိုက်သောငါးစင်ရိုင်းလေးတွေ့၍အဖေ့အတွက်ချက်ကျွေးရန်ဝယ်လာခဲ့သည်။
အိမ်ပြန်ရောက်တော့၁၂နာရီကျော်။သမီးပြန်ရောက်ပြီအဖေ.. ဝိုင်းထဲဝင်ကတည်းကအဖေ့ကိုနှုတ်ဆက်လိုက်သည်။ဒါကလုပ်နေကြအလုပ်။စျေးရောင်းပြန်လာတိုင်းဝိုင်းထဲရောက်သည်နှင့်အဖေ့ကိုနှုတ်ဆက်နေကြ။သမီးလေးပြန်ရောက်ပြီလား..ဟုတ်ကဲ့…အဖေကအပြုံးမပျက်နှုတ်ဆက်သော်လည်းညီမလေးနှင့်မောင်လေးမျက်နှာကဗိုက်ဆာ၍ရှုံ့မဲ့နေသည်။ မနားနိုင်ပဲ ထမင်းအမြန်ချက်
အဖေ့ကြိုက်တဲ့ငါးစင်ရိုင်းဟင်းလေးချက်သည်။မန်ကျည်းသီးမှည့်လေးထည့်ချက်လိုက်သည်။
မိသားစုထမင်းစားတော့နေ့လယ်၁နာရီကျော်။ထမင်းစားပြီးညီမလေးနဲ့မောင်လေးကခြံထောင့်ကသစ်ပင်ရိပ်မှာဆော့နေစဉ်သူမှေးကနဲအိပ်ပျော်သွားသည်။
နိုးလာတော့ညနေ၅နာရီ။ကမန်းကတန်းထ၍ အဖေ့ကိုနှုတ်ဆက်ခါ ရွာအနောက်ဘက်ရိုးထဲကန်စွန်းရွက်ချိုးရန်ထွက်ခဲ့သည်။ကန်စွန်းရွက်တွေလည်းသူနေ့တိုင်းခူး၍ထင်သည်။ရှားပါးလှသည်။သည်လိုသာဆိုလျှင်မနက်ဖြန်ထမင်းချက်ရန်ဆန်လုံလောက်စွာရမည်မထင်။ သူရှေ့ဆက်တိုးလာခဲ့သည်။ သူဝမ်းသာသွားသည်။ရိုးအလယ်ရေနက်သည့်နေရာတွင်သန်စွမ်းသောကန်စွန်းရွက်များတွေ့ရသည်။ပုံမှန်ဆိုရေနက်ထဲသူမခူး။
ဖခင်ဖြစ်သူနဲ့ညီမလေးမောင်လေးမျက်နှာမြင်ယောင်၍ရေနက်ထဲကူး၍ကန်စွန်းရွက်ခူးခဲ့သည်။ရိုးအလယ်ရေထဲတွင်ချောက်ရှိသည်ကိုသူမသိ။ခူးထားသောကန်စွန်းရွက်များ များလာပြီးလက်မှလွတ်ကာရေထဲကျကုန်သည်ကိုလိုက်ဆယ်ရင်းရေနက်ချောက်ထဲရောက်သွားပြီးပြန်မတက်နိုင်။
သူကြိုးစားကူးခတ်ကြည့်သည်။မရ။နှာခေါင်းထဲရေဝင်လာသည်။အသက်ရှူမရ။မွန်းကြပ်လာသည်။
ရွာနှင့်ဝေးတော့လူသူလည်းမရှိ။အော်၍လည်းမရ။
အမြင်အာရုံတွေဝေဝါးလာသည်။ဖခင်ဖြစ်သူနဲ့ဗိုက်ဆာ၍ရှုံ့မဲ့နေသောညီမလေးနဲ့မောင်လေးကိုမြင်ယောင်ရင်းသူရေထဲနစ်မြုပ်သွားသည်။
ည၈နာရီကျော်အထိပြန်ရောက်မလာသောသမီးဖြစ်သူကြောင့်ဦးအေးမောင်အိမ်နီးချင်းတွေကိုအကူအညီတောင်းသည်။အိမ်နီးချင်းများစု၍ချမ်းမြအေးကန်စွန်းရွက်ခူးသွားလေ့ရှိရာ ရွာအနောက်ဘက်ရိုးထဲသို့လိုက်ရှာကြသည်။ မတွေ့။သည်လိုနဲ့ဆက်ရှာကြသည်။ည၁၀နာရီလောက်တွင်တွေ့သည်။အသက်မရှူတော့။ရလို့ရငြားမြို့ဆေးရုံကိုပို့ကြသည်။နောက်ကျသွားပြီ။ ယမမင်းရက်စက်သည်။မိသားစုကိုလုပ်ကျွေးနေသောကလေးကိုမှခေါ်သွားရက်သည်။ လွတ်လပ်သွားပြီပေါ့ကလေးရေ။ နောက်ဘဝလူဖြစ်ခဲ့ရင်မပြည့်စုံတဲ့မိသားစုဆီမဖြစ်ပါစေနဲ့ကွယ်။
ထက်ဝေစည်
25.4.2024
2:55 p.m