ချစ်တတ်ပါစေ(စ/ဆုံး)
———————-
အသက်သုံးဆယ်လောက်မှာ ကျွန်တော် အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျပြီး တနှစ်ကျော်၊ နှနှစ်လောက်မှာ သမီးကြီးကိုမွေးတယ်။ သားဦးဆိုတော့ ချစ် လိုက်တာ အရူးအမူးပေါ့။ အလုပ်ချိန်ကလွဲရင် သမီးလေးနဲ့ အမြဲအချိန်ကုန်တာပါပဲ။ ညအိပ်တော့ရော။ သမီးကိုရင်ခွင်ပိုက်ပြီးအိပ်တယ်။ သမီး သေးစိုသလား၊ ဝမ်းစိုသလား။ အမြဲစမ်းကြည့်လို့ပေါ့။
ခြင်ကိုက်မှာစိုးလို့ ခြင်ထောင်အကြီးကြီးတစ်လုံးထောင်တယ်။ ခြင်ထောင်ထဲမှာ ခြင်မရှိအောင် သေသေချာချာခါထုတ်တယ်။ ပြီးတော့ ခြင်ထောင်အကြီးကြီးထဲမှာ ကလေးခြင်ထောင်သေးသေးလေးတစ်လုံးထပ်ထောင်တယ်။ သည်လောက်နဲ့ စိတ်မချသေးတော့ ကျွန်တော် အင်္ကျီချွတ်အိပ်တယ်။ ခြင်ထောင်ထဲမှာ ခြင် တစ်ကောင်တလေ ကျန်ခဲ့သည်ရှိသော် ခြင်ကကိုယ့်ကိုကိုက်ပြီး သွေးဝသွားရင် သမီးကိုခြင်မကိုက်တော့အောင်ပေါ့။ သမီးနဲ့ အနေများလွန်းလို့ သမီး ပထမဦးဆုံးတတ်တဲ့စကားက “အဖေ” တဲ့။
သမီးကိုချစ်တဲ့အဖေမို့ သမီးချစ်တတ်တဲ့ အဖေတစ်ယောက်နဲ့ ကျွန်တော့်ကို နှိုင်းကြတယ်။
“မင်းကတော့ ဦးထွန်ရှိန်ကြီး” တဲ့။
“သမီးလေးကို ချစ်လိုက်တာတော်..ဘိုးထွန်းရှိန်ကြီးပါပဲ” တဲ့။
သမီးကို လက်ဆွဲလို့လမ်းလျှောက်လာတဲ့ ကျွန်တော့ကိုမြင်ရင်
“လာပါပြီတော်..ဦးထွန်းရှိန်ကြီး” တဲ့။
……………………………………………………
ကျွန်တော် ရွာရောက်တဲ့အခါ အဲသလိုပြောကြတယ်။ သူတို့ပြောတဲ့ ဦးထွန်းရှိန်အကြောင်း ကျွန်တော်လည်း နည်းနည်းတော့သိတယ်။ ကျွန်တော်တို့ရွာကပဲ။ ဒါပေမဲ့ မန္တလေးမြို့မှာနေပြီး ကြီးပွားချမ်းသာနေတဲ့ သူဌေးကြီးပေါ့။ ရွာမှာသူ့ညီနဲ့ နှမတွေရှိတယ်။ သူတို့အမျိုးက ရွာမှာလည်း ချမ်းသာတဲ့လူတွေဖြစ်လောက်တယ်။ သူ့ညီမတွေက သွပ်မိုး၊ ပျဉ်ထောင်ကာ နှစ်ထပ်အိမ်ကြီးတွေနဲ့ရယ်။အဲသည်အချိန်တုန်းက ရွာမှာသွပ်မိုးအိမ်ဆိုတာ လက်ငါးချောင်းတောင်မပြည့်ဘူး။ ကျွန်တော်ငယ်ငယ်က မြင်ဖူးတဲ့ ဦးထွန်းရှိန်ဆိုတာ ဥပတိရုပ်အလွန်ကောင်းတဲ့လူကြီးတစ်ယောက်ပဲ။ သူညီနဲ့ ညီမတွေအပေါ်၊ ညီမကမွေးတဲ့ တူ၊ တူမတွေအပေါ်မှာလည်း အလွန်ဩဇာညောင်းတယ်။ သူ့ရှေ့မှာ စကားတောင်ကျယ်ကျယ်မပြောရဲကြဘူးတဲ့။ ကျွန်တော်တို့က သူ့ကို ဘကြီးရှိန်လို့ခေါ်ကြတယ်။ ခေါ်ကြတယ်လို့သာ ပြောရတာပါ။ သူ့သွားပြီး ဘကြီးရှိန်လို့တခါမှတော့ မခေါ်ဖူးပါဘူး။ ရွာလာရင် အဝေးကနေကြည့်ပြီး မြင်ဖူးတာ။ အနားမကပ်ရဲဘူးရယ်။
ရွာမှာလာလို့ အဲလိုမြင်ဖူးတုန်းက ဘကြီးရှိန်က အသက်ငါးဆယ်ကျော်လောက်ရှိမယ်ထင်တယ်။ သူ့သမီးကအသက်နှစ်ဆယ်ကျော်လောက်ရှိမှာပေါ့။ လာရင် သားအဖနှစ်ယောက်လာတယ်။ သားဖနှစ်ယောက်တည်းရှိတာတဲ့။ မအေမရှိတော့ဘူးတဲ့။ အသက်နှစ်ဆယ်ကျော်အရွယ်သမီးလို့သာပြောတာ သူ့သမီးက ကလေးတစ်ယောက်လိုပဲ။ အမြဲတမ်း ဖအေနားကပ်ချွဲနေတာ။ အဖေဖြစ်သူကလည်း သူ့သမီးလေးကိုအရိပ်တကြည့်ကြည့်နဲ့ ကလေးလေးတစ်ယောက်လို သဘောထားတာ။ သူလိုချင်တာ၊ သူဖြစ်ချင်တာ ဘာမဆို အဖေကိုပြောလိုက်ရင် ရွာမှာရှိတဲ့အဒေါ်တွေ၊ ညီအစ်မဝမ်းကွဲတွေက ဖအေ့အရှိန်ကြောင့် အကုန်လုပ်ပေးကြရတယ်။ အလိုလိုက်ကြရတယ်။ လိုတ ရ၊ အလွန်ပြည့်စုံတဲ့ဘဝလေးပေါ့။
မြို့မှာသားဖနှစ်ယောက်တည်းနေလို့ အဖေကိုချက်ပြုတ်ကျွေးမွေးပြုစုသလား။ မဟုတ်ဘူး။ အဖေကချက်ကျွေးသတဲ့။ အဝတ်လျှော်ပေးသတဲ့။ အိပ်ရာခင်းပေးသတဲ့။ ဘကြီးရှိန်တို့ သမီးကိုချစ်ပုံများ။ သမီးကိုဘာမှ မလုပ်စေရဘူး။ ဘာမှ မခိုင်းရက်ဘူး။ ဒါပေမဲ့ ပညာတော့ ဘွဲ့ရအောင်သင်ပေးခဲ့တယ်။ ဘွဲ့သာရခဲ့တာ။ တက္ကသိုလ်က ပညာတော့သင်မပေးလိုက်ဘူးထင်တာပဲ။ လူမှုရေးပညာ၊ စီးပွားရေးပညာတော့သင်ပေးခဲ့ဟန်မတူဘူး။ အပေါင်းအသင်းလည်း မရှိဘူး။ ဘကြီးရှိန်က ချမ်းသာတာကိုး။ စက်သူဌေးကြီးတဲ့။ မန္တလေးမြို့ပေါ်မှာ ဆီကြိတ်တဲ့စက်ရုံဝန်းကြီးတောင်ပိုင်ခဲ့တာ။ မန္တလေးဈေးချိုနဲ့ မနီးမဝေးမှာရှိတဲ့ နေအိမ်။ အပြင်ပစ္စည်းပိုင်ဆိုင်မှုက သိန်းပေါင်းသောင်းချီရှိတာကိုး။ အတွင်းပစ္စည်းကတော့ မပြောတတ်ဘူး။ အဲတော့လည်း သူ့သမီးလေး စီးပွားလုပ်စရာမလိုဘူးလို့တွက်မှာပေါ့လေ။ တချိန်ကစက်သူဌေးကြီး ဦးထွန်းရှိန်ဟာ သူ့သမီးအသက်ငါးဆယ်၊ သူ့အသက်ရှစ်ဆယ်လောက်အထိ သူ့သမီးလေးကို ထမင်းခွန့်ကျွေးရင်းနေလာခဲ့တယ်။ အသက်ရှစ်ဆယ်ကျော်တော့ မချက်နိုင်၊ မပြုတ်နိုင်တော့ဘူး။ သူ့သမီးကလည်း ဘာမှမလုပ်တတ်ဘူး။ နောက်ဆုံးတော့ ဘကြီးရှိန်ကိုယ်တိုင် ညီမကမွေးတဲ့တူမနဲ့ အဲသည်တူမကမွေးတဲ့မြေးတွေရဲ့အပြုစုကိုခံရတော့တယ်။ တူမကို အားကိုးရတော့တယ်။ တူမ မိသားစုက သဘောကောင်းကြတယ်။ ဦးလေးအိုကြီးကို မိဘအရင်းသဖွယ်ပြုစုကြတယ်။ သူတို့လည်း ဦးလေးအိုကြီးကိုပြုစုရတဲ့စေတနာက အကျိုးပေးပါတယ်။ အစစအရာရာအဆင်ပြေကြတယ်။ သည်လိုနဲ့ တူမနဲ့ အတူနေရင်း ဘကြီးရှိန် ဆုံးပါးသွားရှာတယ်။
ဘကြီးရှိန်မရှိတော့တဲ့နောက် ကျွန်တော် သူ့သမီးကိုတွေ့ဖူးတယ်။ သူ့သမီးခမျာ ဘယ်လောက်များ လူရာသွင်းခံတော့သလဲ။ ဘယ်သူကများ လူရာသွင်းပါသလဲ။ လူရာမသွင်းကြတော့ဘူး။ လူရာမသွင်းကြသူတွေရဲ့အပြစ်ချည့်တော့မဟုတ်ဘူး။ သူ့သမီးကိုယ်၌ကလည်း လူရာမဝင်ဘူး။ သူ့အအဖေဘာတွေပိုင်ဆိုင်ခဲ့သလဲ မသိဘူး။ အတွင်းပစ္စည်း မသိဘူး။ အပြင်ပစ္စည်းသိဖို့ အဝေးကြီးပေါ့။ သိလည်း စီမံခန့်ခွဲတတ်မှာမဟုတ်ဘူး။ သူ့မှာ အပေါင်းအသင်းမရှိဘူး။ မိတ်ဆွေမရှိဘူး။ ဘာမှမသိဘူး။ ဘာမှမလုပ်တတ်ဘူး။ လူတွေအကြောင်းမသိဘူး။ လူ့ဘဝဆိုတာဘာလဲမသိဘူး။ ဘာမှမသိရှာတော့ သူ့ခမျာ ညီအစ်မဝမ်းကွဲအိမ်မှာ မှိခိုကပ်ရပ်နေရတဲ့အဆင့်ပါပဲ။ ဧည့်ခန်းဆိုတာ သူ့နေရာမဟုတ်ဘူး။ သူ့နေရာက အိမ်နောက်ဖေးမှာ။ ထမင်းစားပွဲဝိုင်းဆိုတာသူနဲ့ မဆိုင်ဘူး။ သူနဲ့ဆိုင်တာ ထမင်းပန်းကန်ပြားတစ် ချပ်ပဲ။ ပန်းပြားတစ်ချပ်ထဲမှာ ထမင်းရော၊ ဟင်းရော၊ ပုံပြီးစားပေါ့။ ဒါတောင် အိမ်ဖေါ်မလေးတစ်ယောက်က ထည့်ကျွေးမှစားရတာ။ သူ့ဘာသာ ရှာဖွေ၊ ခူးခပ်စားတတ်တာမဟုတ်ဘူး။ ကျန်းမာရေးက မကောင်းရှာ။ ဖြစ်တာက ဆီးရောဂါ။ အနံ့တွေ..အနံ့တွေနဲ့။ သိန်းပေါင်းသောင်းချီတန်တဲ့ စည်းစိမ်တွေက သည်အနံ့တွေကင်းအောင် သူ့အလိုလိုမတတ်နိုင်ရှာဘူး။ သူ့သမီးလေးဆုံးသွားတော့ အဲသည် စည်းစိမ်တွေ သုံးမသွားဘူး။
…………………………………………………
ကျွန်တော်ကသမီးကိုချစ်တော့ သမီးချစ်တဲ့ ဘကြီးရှိန်နဲ့နှိုင်းကြတယ်။
“ဘိုးထွန်းရှိန်ကြီး” တဲ့။
တကယ်တော့ ရွာကလူတွေက သမီးချစ်တတ်တဲ့ ဘိုးထွန်းရှိန်ရဲ့မေတ္တာကိုဂုဏ်ပြုကြတာပါ။ ဒါပေမဲ့ ဘိုးထွန်းရှိန်ချစ်ခဲတဲ့ သမီးလေးရဲ့ဘဝကိုတော့ ရွာကလူတွေသိပ်မသိကြပါဘူး။ ဖခင်ရဲ့အချစ်မှာ နစ်သွားရှာတဲ့သမီးလေးရဲ့အဖြစ်ကို ကျွန်တော်က သိထားတယ်။ ကျွန်တော့်သမီးကျတော့ ခဖင်ရဲ့အချစ်မှာ မနစ်စေရဘူးလို့ တွေးတယ်။ ဒါကြောင့် လူတွေနဲ့ပေါင်းသင်းတတ်အောင်သင်တယ်။ စီးပွားရေးလုပ်တတ်အောင်သင်တယ်။ လူတွေရဲ့အကြောင်းသိအောင်သင်တယ်။ အကြောင်းအကျိုးနဲ့ အကောင်းအဆိုးကိုခွဲခြားတတ်အောင်သင်တယ်။ အခုဆို သမီးက လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နိုင်နေပြီ။
အခုတော့ ကျွန်တော် သမီးကိုချစ်တတ်ပြီ ထင်တာပဲ။
#ကိုဝင်းသိန်း(မူဆယ်)
(၁၁-၁၀-၂၀၂၄)
……………………………………………………