ချစ်လှစွာသော(စ/ဆုံး)
—————————-
”မမ မထသေးဘူးလား”
ဘေးနားက မောင့်ေခါ်သံကြောင့်ကျွန်မနိုးလာသည်။ခေါင်းတွေလဲ ချာချာလည်အောင်မူးနေပြီး တကိုယ်လုံးနာကျင်ကိုက်ခဲနေသည်။ညကမောင်နဲ့ကျွန်မ မူးပြီးအကြီးအကျယ်စကားများခဲ့ကျသည်ကိုတော့မှတ်မိသည် ကျန်တာတော့မမှတ်မိ။
”ရော့ ကျွန်တော်သံပုရာရည်ဖျော်လာခဲ့တယ်
မမခေါင်းကိုက်နေတာမလား ”
မောင့်ဆီက သံပုရာရည်ခွက်ကိုလှမ်းယူသည့်အချိန်တွင် လက်မှ ညိုမဲစွဲရာအကြီးကြီးကိုတွေ့လိုက်ရသည်။
”ဟင် ဒါဘယ်လိုဖြစ်တာလည်း”
”မမ ညကမူးပြီးကုတင်ပေါ်ကပြုတ်ကျတာလေ မမှတ်မိဘူးလား”
”ဟင့်အင်း”
သံပုရာရည်သောက်ပြီးသော်လည်းခေါင်းကိုက်တာမသက်သာသဖြင့် ရေချိုးဖို့သာပြင်လိုက်ရသည်။ ရေချိုးခန်းက ကိုယ်လုံးပေါ်မှန်တွင် ခန္ဓာကိုယ်အနှံ့ ညိုမဲစွဲရာများကိုမြင်လိုက်ရပြီး နာကျင်ကိုက်ခဲနေသည်။
”ငါတကယ်ဘဲ ကုတင်ပေါ်က ပြုတ်ကျထားတာလား”
မောင်ကစကားများသည့်အခါတိုင်းလက်ပါတတ်သောကြောင့် ဇဝေဇဝါဖြစ်နေသည်။
ညကဘာေတွဖြစ်သွားတာလဲကိုပြန်စဥ်းစားရင်းခေါင်းကိုက်လာသဖြင့် ရေအမြန်ချိုးလိုက်ရသည်။
ထို့ေနာက်ရေချိုးခန်းက ထွက်လာသောအခါ ကုတင်ပေါ်တွင်ထိုင်၍ပြတင်းပေါက်ကိုငေးနေသောမောင့်ကိုတွေ့လိုက်ရသည် ။
”မောင်အလုပ်မသွားဘူးလား ဒီနေ့ကပိတ်ရက်လား”
”မဟုတ်ဘူးမမ ကျွန်တော်မမနဲ့ခရီးတိုလေးထွက်ဖို့ ရုံးကိုခွင့်ယူထားတယ်”
ဘုရားရေ တခါမှကျွန်မနားမကပ်တဲ့မောင်က အတူတူခရီးထွက်မယ်တဲ့။
”မောင်က ဘယ်ကိုသွားဖို့စဉ်းစားထားလို့လဲ”
”တခြားတော့မဟုတ်ပါဘူး မမအမေလက်ဖွဲ့ပေးထားတဲ့ တောင်ပေါ်ကခြံကို စိတ်အပန်းပြေအောင်သွားမလို့
ညက ခြံစောင့်ဦးလေးကြီးကိုလဲ အခန်းတွေရှင်းဖို့ ပြောပြီးသွားပြီ”
”အံမယ်တယ်ဟုတ်ပါလား ငါ့ယောက်ကျားက”
မောင်ကနှုတ်ခမ်းလေးတွန့်ရုံသာပြုံးပြသည်။ထို့နောက်မနက်စာစားပြီး ခရီးသွားဖို့ပြင်ဆင်ရသည်။
” မမ ကျွန်တော်နေသိပ်မကောင်းလို့ မမဘဲကားမောင်းလိုက်ပါ”
”ဟင် မောင်နေမကောင်းဘူးလား”
မောင့်နှဖူးကိုစမ်းလိုက်သောအခါ အေးစက်နေသည်။မျက်နှာကလဲဖြူဖက်ဖြူရော်ဖြစ်နေသောကြောင့်
”မောင် နေမကောင်းရင်နောက်ရက်မှသွားကျမယ်လေ”
”ရပါတယ် ကျွန်တော်ဆေးသောက်ထားတယ် ကားပေါ်မှာအိပ်လိုက်ရင် သက်သာသွားမှာပါ”
ကားကိုအာရုံစိုက်မောင်းရင်း နှာခေါင်းထဲတွင်ညှိစို့စို့အနံ့ကြီးကို ရတချက်မရတချက်ဖြစ်ေနသောကြောင့် ပျို့ချင်လာသည်။ မောင့်ကို လှမ်းကြည့်လိုက်သောအခါ ကလေးလေးတယောက်လိုအိပ်နေသဖြင့် မောင်နဲ့ကျွန်မရဲ့အတိတ်ကိုအမှတ်ရမိပြန်သည်။မောင်နဲ့ကျွန်မရည်းစားဖြစ်ချိန်တွင် မောင်ကအထက်တန်းကျောင်းသားသာရှိသေးသည်။မောင်ကကျွန်မထပ်၇နှစ်လောက်ငယ်ပေမဲ့ အရမ်းထက်မြက်သည်အရမ်းလဲတော်သည်။ ကျွန်မ မိဘတွေကမောင်နဲ့ကျွန်မကိုအသက်ကွာသောကြောင့် သဘောမတူသဖြင့် မောင်ကျောင်းသားဘဝမှာတင်ခိုးပြေးခဲ့ကျသည်။မောင့်မိဘတွေကတော့ ကျွန်မကိုမုန်းတယ် သူ့သားတက်လမ်းကိုကျွန်မကရိုက်ချိုးမိခဲ့သလိုဖြစ်ခဲ့တာကိုး။မောင်နဲ့ကျွန်မ ခိုးပြေးခါစက အရမ်းပင်ပန်းရခဲ့သည် နှစ်ယောက်ထဲတူတူရုန်းကန်ခဲ့ရပေမဲ့ မောင်ကကျွန်မကို အရမ်းချစ်သည် ဂရုလဲစိုက်သည်။လက်ပါဖို့မဆိုထားနှင့် လေသံမာမာနဲ့တောင်မပြောဖူးပါ။
ကျွန်မဆင်းဆင်းရဲရဲနေရတာကို မကြည့်ရက်တော့တဲ့ ကျွန်မမိဘတွေက မောင့်ကိုရုံးတွင် အလုပ်သွင်းပေးပြီး အိမ်နှစ်လုံး နှင့်အသုံးအဆောင်ပစ္စည်းများကိုလက်ဖွဲ့ပေးခဲ့သည်။ထိုအချိန်မှစ၍ မောင့်အချိုးများလဲပြောင်းလဲလာသည် ညတိုင်းအရက်သောက်ပြီးပြန်လာသလို တချို့ညများဆိုလုံးဝပြန်မလာပါ။ဒေါသထွက်လွယ်လာပြီး ကျွန်မကိုစကားများသည့်အခါတိုင်းလက်ပါတတ်လာသည်သို့သော်နောက်နေ့တွင် သူမဟုတ်သလိုနှင့်ပြန်လာချော့သည်။ ကျွန်မကိုရိုက်နှက်တတ်တဲ့မောင့်ကိုလဲ တခါမှ အပြစ်မမြင်ရက်ပါ။မောင်က ကလေးဘဲရှိသေးတာမဟုတ်လား ပြီးတော့ကျွန်မအပေါ်လည်းတခါမှမဖောက်ပြန်ဖူးဘူး။ဖောက်ပြန်ရင်တော့ ကျွန်မသူ့ကိုခွင့်လွှတ်မိမယ်မထင်ဘူး။
”တီ….”
အတွေးတွေပျံ့လွင့်နေ၍ ရှေ့ကလာသောကားနှင့်တိုက်မိမလိုဖြစ်သွားသောကြောင့် ကားကိုလမ်းဘေးချရပ်လိုက်ရသည်။
” မမ အဆင်ပြေရဲ့လား ကျွန်တော်မောင်းရမလား”
”ဟင့်အင်းရတယ်မောင် မမနဲနဲခေါင်းမူးနေလို့ ရှေ့ကဆိုင်မှာ အအေးဝင်သောက်ရအောင်”
”ညီမလေးရေအမကို lemon teaနှစ်ခွက်လောက်”
”ရှင်”
ဝိတ်တာမလေးကကြောင်တောင်တောင်ဖြင့်
မောင့်ကိုလှမ်းကြည့်နေသောကြောင့်ကျွန်မလည်းလေသံမာမာဖြင့်
”Lemon tea နှစ်ခွက်”
”ဟုတ် ဟုတ်အမ”
”အခုခေတ်မိန်းမတွေများ မပြောချင်ဘူးမောင်ရယ် ကာမပိုင်မိန်းမတယောက်လုံးပါနေတာတောင် မောင့်ကိုလိုက်ကြည့်နေတာများ မျက်လုံးကျွတ်မထွက်ဘဲ ဟွန်း”
”ဟားဟား ကိုယ့်ဇနီးလေးက သဝန်တိုနေတာလား စိတ်လျှော့ပါကွာ မောင်က မောင့်မိန်းမတယောက်ဘဲ ချစ်တာ”
ထို့နောက်ဝိတ်တာမလေး က ဖျော်ရည်ခွက်လာချရင်း မောင့်ကိုကြည့်နေပြန်၍ ကျွန်မအာရုံတော်တော်နောက်သွားသည်။ မောင်ကတော့ အပြင်ကိုသာငေးလျက်။
”မောင်မသောက်ဘူးလား ”
”ဟင့်အင်းမမ ကျွန်တော်မသောက်ချင်ဘူး”
မောင်က စားပွဲပေါ်ကိုလက်ချောင်းများဖြင့် တတောက်တောက် ဆော့နေသည်။
ထို့နောက်ခရီးဆက်ခဲ့ရာ ညနေစောင်းတွင်ခြံရှေ့သို့ရောက်လေသည်။
”ဘဘကြီး ဘဘကြီးရေ
တီ တီ ခြံစောင့်ဦးလေးကြီး ဘယ်သွားနေလဲမသိပါဘူး”
”မမ ဘဘကြီးမရှိဘူးေလ ကျွန်တော်တို့လာမယ်ဆိုလို့ သူ့မိသားစုဆီ တပတ်လောက်ပြန်ချင်တယ် ပြောတယ်ညက”
”ဪ အင်းပေါ့လေ သူလဲသူ့မိသားစုကိုလွမ်းရောပေါ့ လာ မမတို့အထုတ်တွေချရအောင်”
”ကဲပါမောင့်မိန်းမလေးက အရင်အထဲဝင်ပြီး မောင်တို့နေဖို့အခန်းကို ရွေးလိုက် မောင်အထုတ်တွေသယ်ခဲ့မယ်”
မောင်ခုလိုပြုံးပျော်နေတာကို မမြင်ရသည်မှာအလွန်ကြာပြီဖြစ်သည်။
အိမ်ကြီးမှာအလွန်ကျယ်ပြီး နှစ်ထပ်တိုက်ဖြစ်သည်။ခြံထဲတွင်လည်းသီးပင်စားပင်လေးတွေနှင့်ပန်းမျိုးစုံစိုက်ထားလေသည်။
ထို့နောက် အခန်းတခုကိုရွေးလိုက်ပြီး ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်သောအခါ ရေကန်ရှေ့တွင်နောက်ကျောပေးပြီးရပ်နေသောမောင့်ကိုတွေ့လိုက်ရသည်။
”ဟင် မောင်ဆေးလိပ်ထွက်သောက်နေတာများလား မှောင်နေပြီကို မဖြစ်သေးပါဘူး”
ကျွန်မလဲ အခန်းထဲက ထွက်လာသောအခါ အသားဘူးတချို့ကိုရေခဲ သေတ္တာထဲထည့်နေသောမောင့်ကိုတွေ့လိုက်ရသည်။
”မဟုတ်သေးပါဘူး ခုနလေးတင်ရေကန်နားမှာတွေ့လိုက်တာကို”
ကျွန်မတော်တော်လန့်သွားမိတယ်။ အိမ်ကြီးထဲကိုစစဝင်ကတည်းက တမျိုးကြီးခံစားမိသည်။အခန်းတိုင်းကလဲမီးထွန်းထားပေမဲ့ မီးရောင်ကမှိန်ပျပျသာဖြစ်သည်။
” မောင် မမတို့ညစာ အပြင်ထွက်စားကျမလား”
”မောင်အိမ်ကနေ မမကိုချက်ကျွေးချင်လို့ အသားတွေရောဆန်တွေရောယူလာပါတယ် ခင်ဗျာ မောင့်အမျိူးသမီးလေးက သက်တောင့်သက်သာနဲ့ အခန်းထဲကနေစောင့်နေနော် ကျက်တာနဲ့မောင်ခေါ်လိုက်မယ်”
”ကောင်းပါပြီ ချစ်ယောက်ကျားရယ် ဟီးဟီး”
အခန်းထဲသို့ပြန်ဝင်လာသောအခါ ညှိစို့စို့အနံ့ကြီးက နှာခေါင်းထဲစူးကနဲဝင်လာ၍ ပြတင်းပေါက်ကိုအမြန်ဖွင့်လိုက်ရသည်။
”ဟူး အသက်ကြီးလာလို့ထင်တယ် ၄/၅နာရီလောက်ဘဲ ကားမောင်းရတာတောင်ခါးတွေနာချက်”
ထို့နောက် မွေ့ယာပေါ်တွင် လှဲချကာ အိပ်ပျော်သွားလေသည်။အိမ်မောကကျနေသောအချိန်တွင်နားထဲမှာ တောင်းပန်အော်ဟစ်သံများကိုမရှင်းမလင်းကြားလိုက်ရသောကြောင့် လန့်နိုးလာသည်။
”ဟင် ငါပြတင်းပေါက်ကိုဖွင့်ပြီးအိပ်နေတာပါ ဘယ်လိုလုပ်ပိတ်သွားတာလဲ မောင်များပိတ်သွားတာလား” သေချာဖွင့်ထားသောပြတင်းပေါက်မှာ ဂလန့်ချပြီးသားဖြစ်နေသောကြောင့် ကြက်သီးမွှေးညှင်းများပင်ထသွားရသည်။
အခန်းအပြင်သို့ထွက်လာသောအခါ အလွန်မွှေးပျံ့သောဟင်းနံ့များနဲ့အတူ မောင့်၏ခပ်တိုးတိုးသီချင်းညည်းသံများကိုကြားလိုက်ရသည်။
”မမနိုးပြီလား ဒီမှာလဲဟင်းကျက်တာနဲ့ကွက်တိဘဲ ခြံထဲက ချဉ်ပေါင်ရွက်လေးတွေနဲ့ ငရုတ်သီးစိမ်းလေးခူးနေလို့နဲနဲကြာသွားတာ”
”အာ မွှေးနေတာဘဲကွာ မမစားဖိုမှူးလေးချက်တာလေးမြည်းကြည့်ရတာပေါ့”
” မမရော့ ချစ်ဇနီးလေးကိုအရင်ဦးချတာ ”
မောင်က ဟင်းတော်တော်များများကိုအရင်ထည့်ပေးနေ၍ကြည်နူးမဆုံးဖြစ်ရသည်။
”ဒီတခေါက်ဘာအတွက်ကြောင့်များ ရန်ဖြစ်ရလို့မောင်ကဒီလောက်ပြောင်းလဲသွားရတာလဲမသိဘူး အိုဘာဘဲဖြစ်ဖြစ်ပါ ခုလိုကြည်နူးနေရတာပျော်စရာဘဲ”
”မောင် ဒါကဘာအသားလဲဟင် ကြက်သားလဲ မဟုတ်ဘူးဝက်သားလဲမဟုတ်ဘူးစားလို့တော်တော်ကောင်းတာဘဲ ”
”ဟို အဲ့တာ အဲ့တာက တောကြောင်သားလေ ညနေက ခြံရှေ့မှာလာရောင်းနေတာတွေ့လို့ မမစားဖူးတယ်ရှိအောင် ဝယ်လာတာ”
”အယ် ဒီကလေးပေါက်ပေါက်ရှာရှာတွေဝယ်တာနော် ”
”မမ မကြိုက်လို့လားဟင်”
”အရမ်းကြိုက်တာပေါ့ဟီး ”
”ဟားဟား မမကတော့ဗျာ”
ထို့နောက်ညစာစားပြီးမောင်နှင့်အတူတူတီဗီကြည့်ပြီး အိပ်ယာတူတူဝင်ခဲ့ကျသည်။
”ဒေါက် ဒေါက်”
အိမ်ေရှ့ကတံခါးခေါက်သံကြောင့် ကျွန်မလန့်နိုးသွားသည်။မောင်ကတော့ဘေးတစောင်းအနေအထားဖြင့်အိပ်နေမြဲ။
”မောင် မောင် တံခါးခေါက်နေတယ်ဘယ်သူလဲမသိဘူး ဒီအချိန်ကြီးကို”
မောင့်ကိုလှုပ်နှိုးနေသော်လဲ မောင်ကနိုးမလာဘဲ တံခါးခေါက်သံမှာပို၍ကျယ်လောင်လာသည်။ကျွန်မလဲ မောင့်ကိုဆက်နှိုးမနေတော့ဘဲ စားပွဲပေါ်က ပန်းအိုးကို ယူကာ အခန်းပြင်သို့ထွက်လာသည်။
”ဘယ်သူလဲ ဘယ်သူလဲလို့မေးနေတယ်လေ”
”ဝုန်း ဝုန်း”
တံခါးခေါက်သံမှတဆင့်အိမ်ရှေ့တံခါးကိုဝုန်းကနဲအပြင်ကနေတွန်းလိုက်သောကြောင့် တံခါးမှာပွင့်သွားပြီး လေတွေဒလဟောတိုက်လာသည်။အိမ်ထဲကမီးများကလဲမှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ကျွန်မတကိုယ်လုံးအေးစက်တောင့်တင်းသွားသည်။မျက်ရည်များလဲကျလာပြီး အသံပင်မထွက်နိုင်တော့ ဘုရားစာအယောင်ယောင်အမှားမှားကိုစိတ်ထဲကနေဆိုနေမိသည်။
အိမ်ရှေ့တွင် ဘယ်သူ့ကိုမှမတွေ့ဘဲ အခန်းထဲမှ အော်ဟစ်သံများကိုကြားလိုက်ရသောကြောင့်မောင့်ကိုစိတ်ပူမိသွားသည်။
”မောင် မောင်”
အခန်းထဲသို့ရောက်သောအခါ မြင်လိုက်ရသောမြင်ကွင်းကြောင့်ကျွန်မခြေထောက်တွေ ယိုင်နဲ့ကာ ခွေကျသွားသည်။မောင့်ရဲ့လည်ပင်းမှာ ဓားပြတ်ရာများဖြင့် လက်တဖက်ကလဲပြတ်နေပြီး သွေးတွေပင်ခြောက်နေသည်။
”ငါအိပ်မက်မက်နေတာမလား အိပ်မက်မက်နေတာပါ”
ကျွန်မမျက်စိစုံမှိတ်ကာနားနှစ်ဖက်ကိုပိတ်လိုက်သောအချိန်တွင် အခန်းမီးကပြန်လင်းလာပီး ဆူညံသံတွေလဲတိတ်ဆိတ်သွားသည်။
ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သောအခါ အရင်အိမ်ဟောင်းကိုပြန်ရောက်နေပြီး ထိုင်ခုံပေါ်တွင်အရက်ပုလင်းကိုကိုင်ကာ ရှိုက်ကြီးတငင်ငိုနေသောကျွန်မကိုယ် ကျွန်မ ပြန်တွေ့လိုက်ရသည်။
”ဟင် ဘာတွေဖြစ်နေတာလဲ”
ကျွန်မဦးနှောက်ထဲတွင်လည်း တခုခုကိုတစတစ မှတ်မိလာသည်။
ထိုနေ့က မောင်ဖောက်ပြန်နေတဲ့သတင်းမှန်မမှန်ကိုစုံစမ်းရန် မောင်တို့ရုံးကိုထွက်လာခဲ့သည်။
ရုံးနားသို့ရောက်သောအခါ ကားပါကင်တွင်မိုးမမြင်လေမမြင်တခြားမိန်းမတယောက်နဲ့နမ်းနေသောမောင့်ကိုမြင်လိုက်ရသောကြောင့်
မျက်ရည်ပူတွေကျလာပြီး မောင့်ကိုအလွန်ရွံ၍မုန်းလာသည်။
”ငါဒီလောက်ချစ်ပေး သည်းခံပေးနေတာတောင် နင်က ငါအမုန်းဆုံးလုပ်ရက်ကိုလုပ်တယ်ပေါ့လေ ”
ကျွန်မ အရက်တပုလင်းနှင့် ဟင်းလှီးဓား အကြီးတချောင်းကိုဝယ်ကာ အိမ်သို့ပြန်လာခဲ့သည် ။မောင်ကတော့ပြန်မရောက်သေး။
”ဒေါက် ဒေါက်”
”တံခါးဖွင့်ထားတယ် ဝင်ခဲ့”
မောင်က လေလေးတချွန်ချွန်ဖြင့် အိမ်ထဲကိုဝင်လာသည်။
”နင် ဘာလို့ငါ့ကိုဖောက်ပြန်တာလဲ”
”ဘာတွေလာပြောနေတာလဲ ကျုပ်ဘာလုပ်နေလို့လဲ”
ဗြောင်လိမ်နေသောမောင့်ကို ဆွဲကုတ်ပြီးသတ်ပြစ်ချင်သလိုဖြစ်လာသောကြောင့်လက်တွေပါတုန်လာသည်။ ထို့နောက်ဖုန်းထဲက ရိုက်လာသောသူတို့နှစ်ယောက်ပုံကိုပြလိုက်သောအခါ အနာပေါ်ဒုတ်ကျသလို မောင်စိတ်တိုလာသည်။
”မင်းငါတို့ရုံးနားထိဘာလာလုပ်တာလဲဟမ် မင်းမရှက်ဘူးလား ငါ့အရှက်ကိုမင်းလိုက်ခွဲနေတာလား”
”လူမြင်ကွင်းမှာ မိုးမမြင်လေမမြင်ဖြစ်နေတဲ့နင်တို့နှစ်ယောက်ကသာ စောက်ရှက်မရှိတာစောက်ကောင်ရဲ့”
”ဖြန်း”
ကျွန်မရဲ့ပါးပေါ်မောင့်ရဲ့လက်ဖဝါးများကဆက်တိုက်ကျရောက်လာသည်။ထို့နောက်ဆံပင်ကိုဆောင့်ဆွဲကာ ခြေထောက်ဖြင့် ကန် သည်။ကျွန်မ အလွန်နာကျင်လာသည် ခန္ဓာကိုယ်ထပ် နှလုံးသားထဲမှတဆစ်ဆစ်နာကျင်လာပြီး မောင့်ကိုအပိုင်လိုချင်လာသည်။ထို့နောက်အသင့်ဆောင်ထားတဲ့ဓားကို အိတ်ထဲမှထုတ်ကာ မောင့်ကိုပြန်တိုက်ခိုက်တော့သည်။
ဗိုက်ကိုအရင်ထိုးလိုက်သဖြင့် မောင်ပက်လက်လဲသွားသည်။မောင့်ရဲ့ဗိုက်ပေါ်ကို ခွကာ လည်ပင်းတွေဓားတင်ထားလိုက်ပြီး ကလေးသဖွယ်မသတ်ဖို့တောင်းပန်နေသောမောင့်ကိုအရသာခံပြီးကြည့်နေမိသည်။
”မမ မောင်တောင်းပန်ပါတယ် မောင်မှားသွားတာပါ မမကိုဘဲချစ်တာပါ မောင့်ကိုခွင့်လွှတ်ပေးပါနော် မမ”
”ဟားဟား ချစ်စရာကလေးလေးဘဲ မင်းကိုလဲမမကချစ်ပါတယ် အဲ့တာကြောင့်တသက်လုံးအနားမှာခေါ်ထားမှာ”
မောင့်လည်ပင်းပေါ်တင်ထားသောဓားမှာ တိကနဲပြတ်သွားသဖြင့် သွေးများဖြန်းကနဲထွက်လာသည်။ထို့နောက် ကျွန်မကိုအမြဲရိုက်နှက်တတ်သောညာဘက်လက်ကို ဖြတ်ကာခုတ်ထစ်ပြီး ရေခဲသေတ္တာထဲသို့ထည့်လိုက်သည်။
”ဟယ်လို ဘဘကြီးလား သမီးတို့လင်မယားနှစ်ယောက်မနက်ဖြန် လာမှာမလို့ အခန်းတွေရှင်းထားပေးပါ ပြီးဝောာ့သမီးတို့လွတ်လွတ်လပ်လပ်လဲနေချင်လို့လေ”
”ဪ အေးပါကွယ် ဘဘကြီးလဲအိမ်ကိုလွမ်းနေတာနဲ့အတော်ဘဲ”
”ဟုတ် အဲ့တာဆိုဒါဘဲနော်”
မောင့်ရဲ့သွေးများမှာ အခန်းတခုလုံးပေပွနေ၍ သန့်ရှင်းရေးအတော်ကြာအောင်လုပ်လိုက်ရသည်။ထို့နောက် မောင့်ကို မ ကာအဝတ်ပုံးထဲသို့ခွေခေါက်ပြီးထည့်လိုက်သည်။
”ချစ်စရာကလေးလေး အိပ်နေတဲ့ပုံလေးကအပြစ်ကင်းစင်လိုက်တာကွယ် ”
မောင့်ရဲ့စေးကပ်နေတဲ့ဆံပင်လေးတွေကိုဖွပေးကာတောင်းပန်နေမိတော့သည်။
မြင်ကွင်းများကလက်ရှိအချိန်သို့ပြန်ရောက်လာပြီး ကျွန်မရူးမလိုခံစားလိုက်ရသည်။ရင်ထဲတွင်လဲကုလားဘုရားပွဲလှည့်သလိုဆူညံနေသည်။
”ငါ ငါတကယ်ဘဲ မောင့်ကိုသတ်ခဲ့တာလား ဒီလက်တွေနဲ့လေ ငါဘာတွေလုပ်ခဲ့တာလားဟာအီးဟီးဟီး”
”မမရေ မမ”
မောင့်ရဲ့အသံမှာ တအိမ်လုံးပဲ့သံထပ်နေသည်။
”မင်းသေသွားပြီလေ ငါ့ကိုမခြောက်ပါနဲ့ ငါတောင်းပန်ပါတယ်မောင်ရယ်”
ကျွန်မအရမ်းေကြာက်ပြီးခြံထဲသို့ထွက်ပြေးလာခဲ့သည် အေနာက်တွင်လဲ ခြေသံများကိုကြားရပြီး မောင့်ရဲ့အော်ဟစ်ငိုယိုသံတွေကိုလဲကြားနေရသည်။
”တောင်းပန်ပါတယ် မောင်ရယ် ရပ်ပါတော့ မမတောင်းပန်ပါတယ် မမ မင်းကိုချစ်လို့လုပ်မိတာပါ အီးဟီးဟီး”
အသံတွေအားလုံးတိတ်ဆိတ်သွားပြီးခြေထောက်မှ အေးစက်စက်အရာတခုကိုခံစားမိသောကြောင့် လှမ်းကြည့်လိုက်သောအခါ ရေကန်ထဲမှ လက်တစုံကိုမြင်လိုက်ရသည်။
#Yamin