ငယ်လင်ငယ်မယား(စ/ဆုံး)
——————————
ဖခင်ဘက်မှ ဘကြီးတော်သူ တစ်ဦး ရှိပါသည် ။ သူ့အမည်မှာ ဦးနီ ဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်မြိုင် ဖြစ်သည် ။ ကျွန်တော်တို့က `အပါနီ´ နှင့် `အမေမြိုင်´ ဟု ခေါ်ကြသည် ။
သူတို့ ၂ယောက်သည် တကယ့်ဆိုမှ တကယ့် ငယ်လင် ငယ်မယား စစ်စစ်တွေ ဖြစ်ကြသည် ။ ဘကြီးနှင့် စတင် အကြောင်းပါခဲ့စဉ်က အမေမြိုင်သည် ၁၅ နှစ်ခန့်သာ ရှိသေးသည်ဟု သိရပါသည် ။ သူတို့သည် သား,သမီး မထွန်းကားဘဲ နှစ်ပေါင်းများစွာ ပေါင်းသင်းနေခဲ့ကြပါသည် ။
အိမ်ထောင်သက် နှစ် ၂၀ ကျော် ရှိသောအခါတွင် အဖြစ်အပျက် တစ်ခု ပေါ်ပေါက်လာခဲ့လေသည် ။
အမေမြိုင်သည် အိမ်တွင် ဝင်ထွက် သွားလာနေပြီး အပါနီက လက်တိုလက်တောင်း ခိုင်းစေနေသည့် တပည့်တစ်ဦးနှင့် ငြိစွန်းကာ လိုက်ပြေး သွားခဲ့လေသည် ။
ထိုအချိန်က စ၍ အပါနီသည် အမေမြိုင် အကြောင်းကို စကားစပ်၍ပင် မပြောတော့ ။ လိုက်လည်း မရှာ ။ ပြန်လည်း မခေါ်တော့ချေ ။
သို့ရာတွင် …..
ထိုစဉ်က ညတိုင်ကျလျှင် အရက်ကို မူးအောင်သောက်ပြီး ခြံဝင်းထဲ၌ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဟစ် နေတတ်သည့် အပါနီ့ကို မှတ်မိနေပါသည် ။
နောင် ၁ နှစ် ကျော်ကျော်လောက် ရှိသောအခါ အပါနီသည် အိမ်ထောင်သစ် တစ်ခုကို ထူထောင်လိုက် ပါသည် ။ ဒုတိယ ဇနီးနှင့်သား,သမီး ၅ ယောက် ရရှိပြီး ဖြစ်နေချိန်တွင် ဖြစ်သည် ။
တစ်နေ့ …..
ကျွန်တော်နှင့် အပါနီ ကိစ္စတစ်ခုဖြင့် မြေနီကုန်း ဈေးဘက်သို့ အလာ ၊
ရတနာပုံ ရုပ်ရှင်ရုံ ရှေ့နား အလွန်တွင် လုံးဝ မမျှော်လင့် မထင်မှတ်ဘဲ အမေမြိုင်နှင့် ဘွားခနဲ မျက်နှာချင်းဆိုင် ဆုံမိကြလေသည် ။
သူတို့သည် တစ်ယောက်ကို တစ်ယောက် စက္ကန့်ပေါင်းများစွာ ငေးကြောင်၍ ကြည့်နေကြသေးသည် ။ ထို့နောက် အမေမြိုင်က စတင်၍ လှုပ်ရှားလာခဲ့သည် ။
” ကိုကို … ကိုကိုရယ် … မြိုင့်ကို ခွင့်လွှတ်ပါ ”
” ဖြန်း ”
အပါနီ၏ ညာလက်ဝါးသည် မြောက်တက်သွားပြီး အမေမြိုင်၏
မျက်နှာပေါ်သို့ ပြင်းထန်သော အရှိန်ဖြင့် ကျရောက်သွားခဲ့လေသည် ။
အမေမြိုင်သည် ကြုံလှီသော ခန္ဓာကိုယ်လေးကို ယိမ်းယိုင်သွားရာမှ
ကြိုးစား၍ တည့်မတ်လိုက်သည် ။ ငိုချလိုက်တော့မည်ဟု ထင်သော်
လည်း လုံးဝ မငိုခဲ့ချေ ။ အပါနီ့ မျက်နှာကို မျက်တောင်မခတ် စူးစိုက်၍ ကြည့်နေလေသည် ။ နှုတ်ခမ်းထောင့်မှ ယိုစီးကျနေသော သွေးတွေကို ထွေးလည်း မထုတ် ။ သုတ်လည်း မပစ်ဘဲ အပါနီ့ မျက်နှာကိုသာ အငမ်းမရ စူးစူးစိုက်စိုက် ငေးကြည့် နေခဲ့လေသည် ။
အပါနီကလည်း မေးကြောကြီးတွေ ထောင်နေအောင် အံကို တင်းတင်းကြိတ်လျက် အမေမြိုင့်ကို ခြေဆုံးခေါင်းဖျား စူးစမ်း၍ ကြည့်နေလေသည် ။
အမေမြိုင်သည် ၇ နှစ် ၈ နှစ် အတွင်း၌ သနားစရာ ပြောင်းလဲနေခဲ့
လေပြီ ။ ခန္ဓာကိုယ်သည် ညှိးချုံး ပိန်လှီလျက် အဝတ်အစားများမှာ
လည်း အရောင်အသွေး မပေါ်ဘဲ စုတ်ပြတ်ဟောင်းနွမ်းလှပေသည် ။
” လာ … ငါနဲ့ လိုက်ခဲ့ ”
အပါနီသည် ဘာမပြော ညာမပြောနှင့် အမေမြိုင့် လက်ကို ဆွဲလျက် လမ်းတစ်ဘက်သို့ ကူးသွားလေသည် ။ မြေနီကုန်းဈေး အတွင်းက ဖိနပ်ဆိုင် တစ်ဆိုင်တွင် မိန်းမစီး ကတ္တီပါ ကြိုးတပ် ဖိနပ်တစ်ရံ ရွေးချယ်ပြီး …..
” ရော့ … ဒါ စီးကြည့် ”
အမေမြိုင်သည် ဖိနပ်လေးကို ချစီးကြည့်သည် ။
ထိုအခါမှ သတိထား ကြည့်မိသည် ။ အမေမြိုင့် ခြေထောက်မှာ ဖိနပ်ပင် မပါခဲ့ပေ ။
” အတော်ပါပဲ ကိုကို ”
” အေး … တော်ရင် စီးသွားတော့ …”
အပါနီသည် ဖိနပ်ဖိုး မေး၍ ပေးလိုက်ပြီး လှည့်ထွက်သွားလေသည် ။
နောက်မှ ပြေးလိုက်လာသော အမေမြိုင်သည် အပါနီ့ကို ဈေးအပြင်
ဘက် ရောက်မှ မီလာပြီး …..
” နေ … နေပါဦး ကိုကို … ခဏလေး နေပါဦး … မြိုင်လေ ကိုကို့ကို
ကန်တော့ချင်လို့ပါ … ကန်တော့ပါရစေ ကိုကိုရယ်” ဟု တောင်းပန်ပြီး
ပလက်ဖောင်း ပေါ်မှာပင် ဖိနပ်ချွတ်ကာ ဒူးတုပ်ထိုင်လျက် ကန်တော့
ရှာလေသည် ။
ခေါင်းပြန်မော့လိုက်သောအခါ အပါနီ့ ခြေထောက် အစုံကို မတွေ့
ရတော့ချေ ။
ခြေလှမ်းကျဲုကြီးများဖြင့် ကျောခိုင်း လျှောက်သွားသော အပါနီသည်
အဝေးသို့ ရောက်သွားလေသည် ။
အပါနီ့ ကျောပြင်ကို မျက်ရည်များနှင့် ဝေဝါးစွာ လှမ်းကြည့်နေရာမှ သူဝယ်ပေးခဲ့သော ဖိနပ်လေးကို စီးရန် ငုံ့ကြည့်လိုက်သည့်အခါ မျက်ရည်စများသည် ဖိနပ်သစ်လေးပေါ်သို့ ကြွေကျသွားလေသတည်း ။
* * *
ထိုညက …..
အရက်တွေ မူးအောင် သောက်ပြီး သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်
အော်ဆိုနေသော အပါနီ့ကို တွေ့ကြရပြန်ပါသည် ။
စိုးလူ
မဟေသီ မဂ္ဂဇင်း ၊ ဇူလိုင်လ ၊ ၁၉၉၃ ။