စက်ဘီးလေးတစ်စီး (စ/ဆုံး)
—————————
မွန်းသည်းအိမ်
(၁)
“ကိုထွန်းတင်၊ချက်စရာဆန်မရှိတော့ဘူး၊ဘယ်လိုလုပ်ကြမလဲဟင်”
မဝင်းမေအသံက တုန်လှုပ်ခြောက်ခြားနေသည်ဟု
ကိုထွန်းတင် ထင်သည်။
“ကလေးတွေကျောင်းမသွားခင် ထမင်းအိုးတည်ရမှဖြစ်မယ်၊အခုတော့မနေ့ကကျန်တဲ့ထမင်းကြမ်းလေးကိုငပိထောင်းလေးနဲ့နယ်ပြီးမျှမျှတတကျွေးထားတယ်”
ကိုထွန်းတင်တို့မှာကလေးသုံးယောက်ရှိပါသည်။
သမီးကြီးက၉နှစ်၊သမီးလတ်က၇နှစ်၊သားငယ်က၅နှစ်ဖြစ်သည်။သုံးယောက်စလုံးက မူလတန်းကျောင်းသားတွေဖြစ်ကြသည်။
“ငါလည်း ဗိုက်ဆာနေတာ မဝင်းမေရယ်၊ငါ့ဗိုက်
ထဲမှာမနက်ကသောက်ထားတဲ့ရေနှစ်ခွက်ပဲရှိပါတယ်”
“တစ်ခုခုကြံစမ်းပါကိုထွန်းတင်ရယ်၊ကျွန်မလည်းဗိုက်ဆာလွန်းလို့ ရေပဲသောက်နေရတာပါ”
“အေးဟာ၊စတုဒိသာကလည်း ဒီနေ့မရှိပြန်ဘူး”
အားကိုးစရာကောက်ရိုးတစ်မျှင်က စတုဒိသာအလှူပဲ ရှိပါတော့သည်။ဒီရက်ပိုင်းမှာလည်း စတုဒိသာအလှူရှင်တွေ
မရှိကြပြန်။တလောကတော့ စတုဒိသာအလှူတွေက ရက်ဆက်သလိုရှိနေတော့ ထမင်းတစ်နပ်စာအတွက်
စိတ်ချရသည်။
ပင်လယ်လုပ်သားကိုထွန်းတင်တစ်ယောက် ပင်လယ်ထဲမဆင်းရတော့ အကြွေးပတ်လည်ဝိုင်းပြီးမရှုနိုင်မကယ်နိုင် ဖြစ်နေရပါပြီ။
ကုန်စုံဆိုင်ရှင်တွေခမျာလည်း လမ်းတွေပိတ်ထားတော့ လက်ကျန်ကုန်တွေကိုရောင်းရင်း တစ်ချို့ကတော့ ရောင်းစရာကုန်မကျန်တော့၍ ဆိုင်ပိတ်ထားကြရသူတွေလည်း ရှိသည်။
အကြွေးမဆပ်နိုင်တော့ ဆိုင်ရှင်တွေကိုလည်း မျက်နှာပူရသည်။ ထပ်ပြီးယူရမှာကိုလည်း အားနာမိသည်။ ပင်လယ်ထဲဆင်းရလျှင်တော့ အကြွေးယူထားသမျှကိုတစ်ပြားမကျန်ဆပ်နိုင်ခဲ့သည်ချည်း ဖြစ်သည်။
“ဖေဖေရေ၊သမီးကိုဗလာစာအုပ်ဝယ်ပေးပါအုံး၊ရေးစရာကုန်နေပြီ”
သမီးကြီးကပြောတော့ ကိုထွန်းတင် ဘယ်လိုပြန်ဖြေရမည်မသိ။
“ဆန်ပဲရအောင်ရှာပေးပါကိုထွန်းတင်ရယ်၊ကျွန်မအိမ်နောက်ဘက်မှာစိုက်ထားတဲ့ခရမ်းသီးကိုငပိ၊ဆားထည့်ပြီးဟင်းလှော်လေးချက်လိုက်မယ်လေ”
“အေးပါဟာ”
ပြောပြီးအိမ်မှထွက်လာခဲ့တော့လည်း ဘယ်သူ့ထံမှငွေ
ချေးငှားပြီး ဆန်ဝယ်ရမည်မသိတော့။ ဆန်ကြမ်း
တစ်ပြည်ကအနိမ့်ဆုံးလေးထောင်ကျပ်ကျော်နေပါပြီ။
************
(၂)
လမ်းချိုးလေးကအထွက်မှာ လမ်းထောင့်အိမ်က ကိုခင်ထွန်းနှင့်သူ့သမီးလေးပြောနေသံကို ကြားရသည်။
“ဖေဖေစက်ဘီးတစ်စီးလောက်အမြန်ရှာပေးပါ၊ဆိုင်ကယ်နဲ့လည်းမသွားရတော့ သမီးကျောင်းတက်ဖို့ စက်ဘီးတစ်စီးလိုနေပြီ”
“အေးပါသမီးရယ်၊စက်ဘီးအရောင်းဆိုင်တွေတောင်ရောင်းစရာစက်ဘီးမရှိတော့လို့ပိတ်ထားရတယ်၊ဘယ်လိုဝယ်ရမှာလဲ”
“တပတ်ရစ်ဘီးလေးဖြစ်ဖြစ်ဝယ်ပေးပါလားဖေဖေ”
“အေးပါကွာ၊အခုအချိန်က စက်ဘီးကရွှေထက်ရှားတဲ့အချိန်ရောက်နေတော့ စက်ဘီးအဟောင်းတောင်
ရောင်းမယ့်သူမရှိဘူးဖြစ်နေတယ်”
ကိုထွန်းတင်စိတ်ထဲမှာ စက်ဘီးတစ်စီးလောက်ရှာပြီး
ကိုခင်ထွန်းကို ပွဲစားလုပ်ပြီးရောင်းချချင်စိတ်ပေါ်သွားသည်။တစ်သောင်းရရ၊ငါးထောင်ပဲရရ လောလောဆယ်ထမင်းတစ်နပ်စာတော့ပြေလည်ပေလိမ့်မည်။
ကိုထွန်းတင်ခြေလှမ်းက ကိုခင်ထွန်းတို့ခြံဝင်းထဲသို့ဦးလှည့်လိုက်သည်။
“ကိုခင်ထွန်းရေ၊စက်ဘီးဝယ်ချင်နေတာလား၊ကျွန်တော်ရောင်းမယ့်လူရှာကြည့်အုံးမယ်ဗျာ၊ စက်ဘီးရောင်းမယ့်လူတွေ့ရင်ကျွန်တော့်ကို ထမင်းဖိုးဟင်းဖိုးလေးတော့ချီးမြှင့်ပါနော်”
“သြော်ရပါတယ်ကိုထွန်းတင်ရယ်၊ရော့ရော့အခုလည်း
လမ်းစာရိတ်ကလေးယူသွားပါဗျာ၊ရအောင်လည်းရှာပေးပါဗျာ၊သမီးကျောင်းတက်စရာစက်ဘီးကလိုနေတယ်”
လမ်းတွေပိတ်ထားတော့ ဓာတ်ဆီ၊ဒီဇယ်ဆီ လည်းအဝင်မရှိတော့။ဆိုင်ကယ်သံ၊ကားသံ၊တုတ်တုတ်သံတွေ ဆိပ်သုန်းလို့ တိတ်ဆိတ်သောမြို့ဖြစ်နေတာအတော်ကြာပါပြီ။
ပင်လယ်ထွက်ခွင့်ပါပိတ်ထား၍ ပင်လယ်ကမ်းစပ်မှာလည်း ငါးဖမ်းလှေတွေအစီအရီ ရပ်နားလျှက်။
“ကျေးဇူးပါကိုခင်ထွန်းရယ်”
ကိုခင်ထွန်းပေးသောငွေငါးထောင်တန်တစ်ရွက်ကိုယူရင်း
ပထမဆုံးအပြေးသွားမိသည်က ဆန်ဆိုင်ကိုဖြစ်သည်။
အနိမ့်ဆုံးဆန်တစ်ပြည်ကိုလေးထောင့်နှစ်ရာကျပ်ဖြင့်ဆန်တစ်ပြည်ဝယ်လိုက်သည်။
“မောင်ထွန်းတင်၊အရင်အကြွေးတွေဆပ်အုံးနော်၊အရီးတို့မှာလည်းအကြွေးတွေမရတော့ပြန်ရင်းဖို့အခက်အခဲတွေရှိတယ်”
“ဟုတ်ကဲ့ပါအရီး၊ကျွန်တော်ပင်လယ်မဆင်းရသေးလို့မဆပ်နိုင်သေးတာပါ၊အရင်ပင်လယ်ဆင်းရတဲ့အချိန်
တုန်းက အရီးဆီမှာ အမြဲတမ်းလက်ငင်းပဲဝယ်ခဲ့တာပဲလေ”
ဆန်ဆိုင်ပိုင်ရှင်အရီးခမျာလည်း ကိုထွန်းတင်တို့အပေါ်မှာ
သည်းခံရှာပါသည်။
“အေးပါကွယ်၊လမ်းတွေမြန်မြန်ပွင့်ပါစေ၊ပင်လယ်လည်းအမြန်ဆင်းရပါစေ”
သဘောကောင်းသောဆန်ဆိုင်ပိုင်ရှင်အရီးက
အောက်ခြေလူတန်းစားတွေ၏အားကိုးစရာဖြစ်ပါသည်။
ဆန်တစ်ပြည်ပါကြွပ်ကြွပ်အိပ်အမဲလေးကိုရင်ထဲမှာအမြတ်တနိုးပိုက်ရင်း အိမ်ကိုအမြန်ပြန်လာခဲ့သည်။
ခြံအဝင်ဝရောက်တော့ ဆီမပါသည့် ရခိုင်ရိုးရာခရမ်းသီးဟင်းလှော်အနံ့က ပို၍ဆာလောင်သလိုခံစားလိုက််ရသည်။
“မိန်းမရေ၊ဆန်တော့ရလာပြီ၊မြန်မြန်သာချက်ပေတော့”
“ဟေး၊ထမင်းစားရတော့မယ်မေမေရေ၊ဖေဖေဆန်ရလာပြီတဲ့”
သမီးအလတ်မလေးကဝမ်းသာအားရပြောလိုက်သည်။
“ဖေဖေ ၊သမီးအတွက်ဗလာစာအုပ်မဝယ်ပေးနဲ့တော့နော်၊နေ့စဥ်ထမင်းမှန်မှန်လေးစားနေရရင်ကျေနပ်ပါပြီ”
သမီးကြီး၏စကားကြောင့်ကိုထွန်းတင် ရင်ထဲမှာဝမ်းနည်းခြင်းတွေ အတောမသတ်အောင် ခံစားလိုက်ရသည်။
အားလုံးကျပ်တည်းနေကြချိန်မှာ အလုပ်အကိုင်ကလည်း ရှားပါးလွန်းပါသည်။
ကိုထွန်းတင်တို့လို ကာယအလုပ်သမားတွေ အတွက်
ဘဝရပ်တည်မှာကပိုပြီးခက်ခဲလာသည်။
ငါးဖမ်းလှေပိုင်ရှင်ခမျာလည်း ကိုထွန်းတင်တို့အလုပ်သမားဆယ်ယောက်အတွက် တတ်နိုင်သလောက်ထောက်ပံ့ထားပါသည်။ ရက်တွေလတွေကြာလာတော့
သူလည်းမကူနိုင်မကယ်နိုင်ဖြစ်လာခဲ့တာအပြစ်မဆိုသာပါ။
ထမင်းကျက်တော့ဘုရားဆွမ်းတော်တင်ပြီးတာနှင့် ဆန်နို့ဆီဘူးသုံးဘူးချက်ကိုမိသားစုငါးယောက် ခရမ်းသီးဟင်းလှော်ဖြင့်အပီအပြင်စားလိုက်တာ ထမင်းချိုးပင်မကျန်ခဲ့။
“စတုဒိသာတွေမှာ လည်း ခရမ်းသီးဟင်းလှော်ကပင်တိုင်ဟင်းပဲနော်အမေ”
“ဒီရာသီက ခရမ်းသီးကပင်တိုင်ဟင်းပေါ့သမီးကြီးရယ်၊
သြော်ဒါနဲ့ အဖေကြီးဆန်ကအကြွေးဝယ်လာတာလား”
ကိုထွန်းတင်က မဝင်းမေကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။
“ဒါဆိုရှင်စက်ဘီးရှာဖို့ထွက်ရအုံးမှာပေါ့၊ရောင်းတဲ့လူနဲ့တွေ့ပါစေ”
**********
(၃)
နေကပိုပူလာသည်။ဆောင်းကလည်းဆောင်းနှင့်မတူတော့။နေ့လည်ပင်မရောက်သေး နေအတော်ပူစပြုနေပြီ။
ဆေးရုံရှေ့ အဝင်ဝ ကုက္ကိုလ်ပင်ကြီးအောက်မှာ အပြာရောင်မိန်းကလေးစီးစက်ဘီးကလေးတစ်စီးရပ်ထားသည်။
စက်ဘီးအနီးသို့ကပ်ပြီးကြည့်တော့ စက်ဘီးက သော့မပိတ်ထား။
ကိုထွန်းတင်စိတ်ထဲမှာ အကုသိုလ်စိတ်ကချက်ချင်းရောက်လာသည်။
အနီးအနားမှာလည်း လူတစ်ဦးတစ်ယောက်မှမတွေ့မိ။ လမ်းတစ်လျှောက်မှာလည်းကား၊ဆိုင်ကယ်တွေရှင်းလို့။ဆိုက္ကားဂိတ်မှာလည်း ဆိုက္ကားတစ်စီးမှမတွေ့မိ။
ဒီစက်ဘီးကိုယူပြီး ကိုခင်ထွန်းကိုရောင်းလိုက်လျှင်အနည်းဆုံးတစ်သိန်းခွဲလောက်တော့ရလိမ့်မည်ဟုတွေးမိသည်။
တစ်သက်လုံးတစ်ပါးသူပစ္စည်းကို ပိုင်ရှင်မသိပဲ
မခိုးဖူး၊မယူဖူးခဲ့ပါ။
အခုအချိန်မှာ ထမင်းနပ်မှန်ဖို့အရေးက အဒိန္နဒါနကံကိုလည်းကျူးလွန်ဖို့ ဝန်မလေးတော့ပေ။
အူမတောင့်မှသီလစောင့်နိုင်မည်။
ပိုင်ရှင်မရှိခင် စက်ဘီးကိုခိုးယူစီးသွားလိုက်တော့မည်။
“ဟာ၊မဖြစ်သေးပါဘူး၊တစ်သက်လုံးထိန်းသိမ်းလာခဲ့တဲ့
အာဒိန္နဒါနကံကို ဝမ်းစာအရေးအတွက် ဖောက်ဖျက်လိုက်တော့မလို့လား”
ကိုယ့်လိပ်ပြာကို တစ်သက်လုံးလုံစေချင်ပါသည်။
အသက်လေးဆယ်ကျော်လာသည်အထိသူတစ်ပါးပစ္စည်းကိုအပ်တိုတစ်ချောင်းပင်မခိုးဖူးခဲ့ပါ။
ဒွိဟဖြစ်နေသောစိတ်တို့ဖြင့်အပြာရောင်စက်ဘီးလေးဘေးမှ မခွာနိုင်သေး။
“ဒီမှာမောင်ရင်”
သူ့ပုခုံးပေါ်သို့လက်ဖြင့်ပုတ်ပြီးသူ့ကိုခေါ်လိုက်သံကိုကြားလိုက်ရသည်။
ကိုထွန်းတင်လှည့်အကြည့်မှာ အသက်ခြောက်ဆယ်ကျော်ရွယ် လူကြီးတစ်ဦးကို တွေ့လိုက်ရသည်။
“မောင်ရင် ဒီစက်ဘီးလေးကိုလိုချင်နေတာလား”
ကိုထွန်းတင် လူကြီးကိုကြည့်ပြီးဘာပြန်ပြောရမည်မသိ။
“ဟုတ်ကဲ့ပါဦးလေး၊လိုချင်စိတ်နဲ့ခိုးယူမလို့ကြံမိပါတယ်၊ဒါပေမဲ့တစ်သက်လုံးထိန်းခဲ့တဲ့ အဒိန္နဒါနကံကိုလည်းဖျက်ရမှာကြောက်တယ်၊ရှက်ရှက်နဲ့ပြောရရင် ထမင်းလည်းနပ်မမှန်တော့လို့ပါဦးလေးရယ်”
” မင်းကို ဒီစက်ဘီး အပိုင်ပေးလိုက်မယ်ဆိုရင်ရောကွာ”
ကိုထွန်းတင်အံ့သြစိတ်ဖြင့်
“ဒီစက်ဘီးကဦးလေးစက်ဘီးလား”
ဟုမေးလိုက်သည်။
လူကြီးကခေါင်းကိုငြိမ့်ရင်း
“ဦးမြေးလေးရဲ့စက်ဘီးပါကွယ်၊အခုတော့ဦးမြေးလေးလည်းလူ့လောကမှာ မရှိရှာတော့ပါဘူး၊လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြားမှာအပြစ်မဲ့တဲ့မြေးကလေး အသက်ရှင်ဖို့ ဆေးကုသချိန်မမီလိုက်ရဘူးငါ့တူရေ”
လူကြီး၏မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝိုင်းလာသည်။
“အခုဒီစက်ဘီးလေးကပိုင်ရှင်မဲ့ပေါ့ငါ့တူရယ်၊ကဲမင်းဒီစက်ဘီးလေးကိုယူသွားပါ၊ဦးမြေးလေးလည်းအခုလိုလှူဒါန်းရတဲ့ကုသိုလ်ကိုတမလွန်ကရပါစေကွယ်၊
ရော့ဒါကစက်ဘီးဆိုင်ကဝယ်ခဲ့တဲ့ပြေစာ၊တော်ကြာမင်းကို စက်ဘီးဝယ်မဲ့လူက ခိုးလာတယ်ထင်နေအုံးမယ်”
“ကျွန်တော် ဘယ်လိုကျေးဇူးတင်စကားပြောရတော့မယ်မသိတော့ပါဘူးဦးလေးရယ်၊ထမင်းရှင်ဦးလေးကိုကျွန်တော်ကန်တော့ပါရစေခင်ဗျာ”
ကိုထွန်းတင်ကပြောပြောဆိုဆိုထိုင်ကန်တော့တာကို လူကြီးကလည်းမတားပဲကြည့်ရင်း
ကန်တော့ပြီးထိုင်ရာမှထတော့မှ
“ဒီစက်ဘီးလေးကိုဦးကပံ့သကူသဘောမျိုးဒီအပင်အောက်မှာလာလှူထားတာပါ၊အခုအချိန်က စက်ဘီးစီးမှ ခရီးတွင်မယ့်အချိန်ပဲမို့လား၊လာယူတဲ့လူကိုလည်းစက်ဘီးဝယ်တဲ့ပြေစာလေးပါပေးလိုက်ချင်လို့ဦးအပင်နောက်ကရပ်စောင့်နေတာပါ၊ငါ့မြေးလေးလည်းအခုလိုလှူဒါန်းရတဲ့ကုသိုလ်ကောင်းမှုအရှိန်ကြောင့်မြင့်မြတ်တဲ့ဘုံဘဝကိုရောက်ပါစေမြေးလေးရေ”
ကိုထွန်းတင်ကလူကြီးကိုကြည့်ရင်းနာမည်မသိသော လူကြီး၏မြေးမကလေးကောင်းရာမွန်ရာရောက်ပါစေကြောင်း စိတ်ထဲမှဆုတောင်းမိလိုက်သည်။
“ကဲရော့ငါ့တူ၊ဒီမှာစက်ဘီးဝယ်တဲ့ပြေစာယူသွား၊နေအပူရှိန် မပြင်းခင် စက်ဘီးစီးသွားပါကွယ်၊ပြန်ဝယ်မဲ့လူကလည်းအခုပြေစာမှာပါတဲ့စျေးနှုန်းထက်နှစ်ဆမကပိုပေးလိမ့်မယ်ထင်ပါတယ်”
“ဒါဆိုရင်ကျွန်တော့်ကိုခွင့်ပြုပါအုံးခင်ဗျာ၊ကျွန်တော့်နာမည်ထွန်းတင်လို့ခေါ်ပါတယ်၊…….လမ်းမှာနေ
ပါတယ်ခင်ဗျာ၊ပင်လယ်လုပ်သားတစ်ယောက်ပါဦးလေး၊အခုတော့အလုပ်လက်မဲ့ပေါ့”
“အေးပါကွယ်၊အစစအရာရာအဆင်ပြေပါစေ”
စက်ဘီးလေးကိုပေါ့ပေါ့ပါးပါးနင်းရင်း စိတ်ထဲမှာထိုလူကြီးက သိကြားမင်းလူယောင်ဆောင်ပြီး စက်ဘီးကိုလာပေးလေသလားဟု ထင်မိပြန်၏။
စက်ဘီးဘဲလ်ကိုတီးရင်း မြန်မြန်နင်းလိုက်မိသည်။
*********
(၄)
ကိုခင်ထွန်းကိုပြေစာပါပေးလိုက်ရင်းအဖြစ်အပျက်ကိုပြောပြလိုက်သည်။
ကိုခင်ထွန်းကပြေစာကိုကြည့်ရင်း
“ဟာဒီစက်ဘီးဝယ်ခဲ့တဲ့ဦးသိန်းဟန်ကို သိတာပေါ့ကိုထွန်းတင်ရေ၊တလောကသူ့မြေးမလေး နေမကောင်း
အသဲအသန်ဖြစ်နေတုန်းကားလမ်းတွေပိတ်ထားလို့ ဆေးရုံမရောက်ပဲ ဆုံးသွားရှာတာ”
“အေးဗျာ၊ကလေးမလေးသနားပါတယ်၊လမ်းတွေပိတ်ထားတော့ မဆုံးသင့်ပဲဆုံးသွားရရှာတာ၊ဘဝဆက်တိုင်းဆက်တိုင်း အခုလိုအဖြစ်ဆိုးတွေနဲ့မကြုံတွေ့ရပါစေနဲ့လို့ဆုတောင်းပါတယ်”
ထိုနေ့က ကိုခင်ထွန်းက မူလတန်ဖိုးထက် ပိုသောငွေနှစ်သိန်းကိုထွန်းတင်ကိုပေးခဲ့ပါသည်။
ဦးသိန်းဟန်ဝယ်ခဲ့စဥ်ကငွေခုနှစ်သောင်းပဲပေးခဲ့ရသည်။
အခုတော့တစ်ပတ်ရစ်ဘီးလေးကမူလတန်ဖိုးထက်သုံးဆရလိုက်ပါသည်။
ကိုထွန်းတင်ငွေနှစ်သိန်းကိုယူပြီးအရင်ဆုံးသွားလိုက်တာက အရီး၏ဆန်ဆိုင်ဖြစ်ပါသည်။အကြွေးလည်း
ဆပ်ရင်းဆန်လည်းထပ်ဝယ်ရပေဦးမည်။
ဆိုင်အနီးရောက်တော့ လူတွေတန်းစီနေတာကိုတွေ့ရသည်။
“အရီးဆန်ဆိုင်က အိမ်ထောင်စုတစ်စုကိုဆန်နှစ်ပြည်စီလှူနေတယ်”
လူတန်းရှည်နောက်မှာဝင်တန်းစီရင်း ဆန်ဆိုင်ပိုင်ရှင်အရီးတို့မိသားစု၏အလှူကို သာဓုအနုမောဒနာခေါ်မိပါသည်။
တစ်ချိန်ချိန်တော့ လမ်းတွေပြန်ပွင့်လာပါလိမ့်မည်။
တိုင်းရင်းသားပြည်သူအားလုံးလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါလိမ့်မည်။
အားလုံးအလုပ်အကိုင်တွေအဆင်ပြေချိန်ရောက်လာလျှင်လည်း အငတ်ဘေးနဲ့ကြုံတွေ့ခဲ့စဥ်က ထမင်းတစ်လုပ်၏ ကျေးဇူးရှင်တွေကို ထာဝရ မေ့မရတာအသေအချာပင်ဖြစ်ပါလိမ့်မည်။
#အားလုံးစားရေရိက္ခာဝမ်းစာပြည့်ကြပါစေခင်ဗျာ
မေတ္တာဖြင့်
မွန်းသည်းအိမ်
28.12.2023