စာသင်ကျောင်းမှသရဲများ ( စ- ဆုံး)
———————————–
ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းအေး..။
ဒီမြို့လေးကကျောင်းကိုမရောက်ခင်ကတော့ မြို့သေးလေးကိုသွားရမှာပဲဟုဆိုကာ စိတ်ပျက်ခဲ့သမျှ ကျောင်းကြီးကိုလဲရောက်ရော ကျေနပ်ပီတိအဖြာဖြာဖြစ်သွားရသည်။
ကျောင်းခြံဝန်းကြီးကပင်ပေငါးရာပတ်လည် ကျယ်ကာ နှစ်ထပ်ဆောင်ကြီး သုံးခုနှင့်တစ်ထပ်ဆောင်နှစ်ခုလဲရှိသည်..။
ကျောင်းရဲ့အဓိကလို့ပြောရမည့် ဟောခန်းကြီးက အကြီးဆုံးအဆောင်ကြီးရဲ့အပေါ်ထပ်မှာတခမ်းတနားလဲရှိနေတာဖြစ်သည်..။
ဆရာမကြီးဒေါ်သန်းအေးနေဖို့အဆောင်က ထိုအဆောင်ကြီးရဲ့ဘေးဘက်မှာတစ်ထပ်တိုက်ပုလေးနှင့်ဖြစ်သည်..။
“ကျေးဇူးတင်ပါတယ်..ဆရာမတို့ရယ်..ဆရာမတို့လဲပင်ပန်းနေကြရောပေါ့..ပြန်ပြီးနားကြပါ..ကျွန်မအဆင်ပြေပါတယ်..”
“ဟုတ်ကဲ့..ဆရာမကြီး..မနက်ဖြန်မနက်မှကျွန်မတို့ ဈေးကိုလိုက်ပို့ပါ့မယ်…”
“ဟုတ်ကဲ့ပါ.ဆရာမတို့ရယ်..ကျေးဇူးတင်ပါတယ်..”
“ဒါဆိုကျွန်မတို့ကိုပြန်ခွင့်ပြုပါအုံး..”
“ကောင်းပါပြီ..”
မြို့ခံဆရာမတွေနှုတ်ဆက်ကာပြန်သွားမှ ရေမိုးချိုးကာအနားယူလိုက်တော့သည်..။ ခရီးလဲပမ်းကာ အိပ်ယာအသစ်လဲဖြစ်သဖြင့်အိပ်မပျော်ပဲရှိနေစဥ်..
“အူး…ဝူး…ဝူး…”
စွဲစွဲငင်ငင်အူလိုက်သောခွေးအူသံနှင့်အတူ နားထဲမှာကြားလိုက်ရတာက လေးတွဲ့တွဲ့ငြီးငြူသံကြီး..။
ဆရာမကြီးနေအိမ်က အဆောင်ကြီးရဲ့ဘေးမှာကပ်လျှက်ဖြစ်တာမို့ တခြားဝန်ထမ်းအိမ်ယာတွေနှင့်အတော်ပင်အလှမ်းဝေးသည့်နေရာ..။
ဒီကြားထဲ ဆရာမကြီးအိမ်ရဲ့ ဘေးကျောင်းအုတ်နံရံကျော်ပြီး လူသွားလမ်းခြားပြီးလျှင် ရထားလမ်းနှင့်..။
ကြားလိုက်ရသော ငြီးငြူသံကို သေချာစိုက်ပြီးနားထောင်နေစဥ်မှာပင် ညနှစ်ချက်ခွဲသွားသော အမြန်ရထားကခုတ်မောင်းသွားသံကြားလိုက်ရသည်..။
“အင်း..ဒီအချိန်ရထားအမြဲသွားနေကျဆိုရင်တော့ အိပ်ရေးပျက်တော့မှာပဲ..”
တစ်ကိုယ်ထဲပြောလိုက်ကာ ရေသောက်ဖို့အတွက်မီးဖိုခန်းဘက်ထွက်လာစဥ် ကျောင်းဆောင်ကြီးဘက်မှန်ပြတင်းမှာမြင်လိုက်ရသော ယိမ်းထိုးနေသည့်အရိပ်များ..။
“ဘာတွေပါလိမ့်..”
နဂိုထဲကအကြောက်အလန့်မရှိသူတစ်ယောက်ဖြစ်သည့်အတွက် လက်နှိပ်ဓာတ်မီးနှင့်ထိုးအကြည့်မှာ ပျောက်ကွယ်သွားကြသည်..။ တစ်ချိန်ထဲမှာပဲ ကြားလိုက်ရသည်က…
“အင်း…ဟင်း…ဟင်း…..တောက်..”
ခြောက်ကပ်လေးတွဲ့သော အသံကြီးနှင့် ကျယ်လောင်သောတောက်ခေါက်သံကြီးကြောင့် မကြောက်တတ်သော ဆရာမကြီးခမျာ ဘုရားတလိုက်ရင်းအိပ်ခန်းထဲအမြန်ပြေးဝင်လိုက်မိသည်..။
“ဘာဖြစ်တာလဲဆိုတာ မနက်ကျရင်ဆရာမတွေကိုမေးကြည့်ရမယ်..”
စိတ်ထဲမှတွေးကာ မိုးလင်းကာနီးမှအိပ်ပျော်သွားတော့သည်..။
မနက်ပိုင်း ဆရာမတွေရောက်ချိန်ကျတော့လဲ စားဖို့သောက်ဖို့ဝယ်တာခြမ်းတာနှင့် မမေးဖြစ်တော့ပဲမေ့လျော့သွားရတော့သည်..။
“ဒီနေ့တော့ ညနေစောင်းရင်အဆောင်တွေလှည့်ကြည့်ရမယ်..”
ညနေစောင်းရေချိုးပြီးချိန်မှာတော့ တစ်ယောက်ထဲဖုန်းလေးကိုကိုင်ကာထွက်လာခဲ့သည်..။
တစ်ခုရှိသည်က ဆရာမကြီးအိမ်ဘေးမှာရှိသော အဆောင်ကြီးက မျက်နှာစာပေ ၂၀၀ လောက်ရှည်ကာ အနောက်သို့ပေ ၁၀၀ လောက်ရှည်သော အင်္ဂလိပ်အက္ခရာ E ပုစံအဆောက်အဦးကြီးဖြစ်သည်..။
ထိုအဆောက်အဦးကြီးရှေ့မှာမှ နိုင်ငံတော်အလံအလေးပြုကွင်းကြီးရှိကာ ထိုကွင်းကြီးဘေးမှာက ပေ ၁၀၀ ပတ်လည်လောက်ကျယ်မည့်ရေကန်ကြီးလဲရှိသေးသည်…။
ဆရာမကြီးဒေါ်သန်းအေးတစ်ယောက်လမ်းလျှောက်လာရင်း ရေကန်ကြီးနားသို့ရောက်မှန်းမသိရောက်လာရသည်..။
ရေကန်ကြီးဘေးဘက်မှာက ရေစင်ကြီးနှင့်ကျောင်းလုပ်သားအခန်းတွဲများရှိသည်..။သခုအထျိန်ကကျောင်းပိတ်ထားချိန်ဖြစ်တာမို့ အခန်းများမှာလူမရှိ..။အခန်းတိုင်းပိတ်ထားကြသည့်အချိန်ဖြစ်သည်..။
တခြားတစ်ဖက်မှာက တစ်ထပ်အဆောင်သေးသေးလေးနှင့် အနောက်မှာကကျောင်းသန့်စင်ခန်းများ..။
“ကျောင်းဝင်းကြီးကထင်ထားတာထက်အတော်ကျယ်တာပဲ..ပန်းခြံလဲရှိတယ်..ရေကန်လဲရှိတယ်..ကျောင်းဖွင့်ရက်ကျမှ ပန်းတွေစိုက်ဖို့သန့်ရှင်းရေးလုပ်ဖို့စီစဥ်ရမယ်..”
ရေကန်အဆုံးထိလမ်းလျှောက်ကာပြန်အလာမှညတော့ ကျောင်းဆောင်ကြီးအလည် မိန်းလှေကားကြီးနားမှာ ဆရာမနှစ်ယောက်ကိုတွေ့လိုက်ရသည်..။
အဖြူအစိမ်းကိုဝတ်ထားတာမို့ အံ့သြသွားရပေမဲ့..ဒေါ်သန်းအေးကပင်စတင်နှုတ်ဆက်လိုက်သည်..။
“ဆရာမတို့..ဘယ်ကပြန်လာကြတာလဲ..”
“သြော်..ဆရာမကြီး..”
ဒေါ်သန်းအေးအသံကြားတာနှင့်ချက်ချင်းပြန်ဆင်းလာကြကာ မနီးမဝေးမှာရပ်ရင်းဆရာမကြီးဟုပြန်ခေါ်လိုက်သည်..။
ရုတ့တရက်လေအဝေ့မှာ ရလိုက်တာက စိမ်းရွှေရွှေပုပ်အဲ့အဲ့အနံ့ဆိုးတစ်ခု..။အိမ်သာတွေဘက်ကဖြစ်မှာပါလေ ဟုတွေးထင်လိုက်မိသည်..။
မြင်မြင်ချင်း ဆရာမကြီးဟုခေါ်လိုက်တာကြောင့် ငါ့ကိုကျောင်းအုပ်ဆရာမကြီးမှန်းသိသားပဲဆိုပြီး အားတက်သွားရသလိုစကားလဲဆက်ပြောလိုက်သည်..။
“ဟုတ်ကဲ့..ကျွန်မလဲတစ်ယောက်ထဲပျင်းတာနဲ့ကျောင်းကိုပတ်ကြည့်နေတာ..ဒါနဲ့ ဆရာမတို့ကရော..ဘယ်ကပြန်လာကြတာလဲ..”
ဒေါ်သန်းအေးတစ်ယောက်ရင်းနှီးစွာစကားဆိုလိုက်ပေမဲ့ တုံ့ပြန်အပြုံးမရှိပဲ မျက်နှာထားများက အေးစက်ငြိမ်သက်လွန်းလှသလိုထင်မိသည်..။
“ဟုတ်ကဲ့..ဆရာမကြီး..ခုညနေ night campရှိလို့သင်ဖို့ ပြန်လာကြတာပါ..”
စိတ်ထင်၍ပဲလား ဘာလားတော့မသိ..။ ဆရာမနှစ်ယောက်မျက်နှာကဖြူဖတ်ဖြူလျော်ဖြစ်နေသလိုလိုနှင့်..။
“night campရှိတာကျွန်မလဲမသိပါလား..”
“ကျွန်မတို့က သင်နေတာကြာလှနေပါပြီ ဆရာမကြီးရယ်…”
ပြောပြီး..လှည့်သွားကြတာမို့သေချာကြည့်မိလိုက်သည်..။အမလေး…မြတ်စွာဘုရား..။ ခေါင်းချည်းပဲလှည့်သွားကာ ခန္ဓာကိုယ်ကဆရာမကြီးဘက်ကိုလှည့်လျှက် အပေါ်တက်သွားတာကိုမြင်လိုက်ချိန်မှာတော့..
ဒေါ်သန်းအေးတစ်ယောက်မတ်တပ်ပင်မရပ်နိုင်တော့သည်အထိကြောက်ဒူးတုန်ကာနေရာမှပြေးထွက်လာမိတော့သည်..။ ထိုအချိန်ကြားလိုက်ရသည်က.. ကျောင်းဆောင်ကြီးအပေါ်ထပ်မှ ဝုန်းဒိုင်းကျဲပြေးလွှားနေသော အသံများ..။
နောက်တစ်နေ့မှစကာ မကြောက်တတ်ပါဘူးဆိုသော ဆရာမကြီးဒေါ်သန်းအေးတစ်ယောက် ကျောင်းဝင်းထဲရှိအိမ်မှ မြို့ထဲသို့ချက်ချင်းပြောင်းရွှေ့သွားတော့သည်..။
——————————
ကျောင်းဖွင့်ချိန်ရောက်ပြီဆိုတော့ ကျောင်းဝန်းကြီးထဲမှာ ကျောင်းသားများ ဆရာဆရာမများ မိဘများဖြင့်စည်ကားနေတော့သည်..။
ပုံမှန်ကျောင်းတက်လာရင်းတစ်ရက်မှာတော့ သတင်းဆိုးကြီးတစ်ခုကိုကြားလိုက်ရတော့သည်..။ ထိုသတင်းကအခြားမဟုတ်..။
မနက်ပိုင်းကျောင်းတက်ဖို့လာသော ကျောင်းတက်ဖို့လာသော ရှစ်တန်းကျောင်းသားလေးမှာ မဆင်မခြင်ဆိုင်ကယ်မောင်းနှင်သူတစ်ယောက်ကြောင့် နေရာမှာပင်ပွဲချင်းပြီးအသက်ဆုံးရှုံးသွားရရှာသည်..။
တစ်ကျောင်းလုံးနီးပါးသနားကြသလို ကျောင်းသားလေးအတွက် ရှစ်တန်းပတ်လည်မှဦးဆောင်ကာ အလှုငွေထည့်ပြီးအသုဘကူငွေထည့်ကြသည်..။ ထိုကျောင်းသားလေးသေတာကသောကြာနေ့ဖြစ်တာကြောင့်..ကြားနှစ်ရက်ပိတ်ရာ ကြောင့် အတော်အသင့်လောက်ပဲ ကိစ္စကြီးကျယ်သွားကြသည်..။
တနင်္ဂနွေနေ့ အသုဘချချိန်မှာတော့ သူငယ်ချင်းများ အခန်းဖော်များ အတန်းပတ်လည်များမှပန်းခွေများ ပန်းစည်းများဖြင့်အသုဘက သနားစဖွယ် သင်္ခါရဖြစ်စဖွယ်ပြီးဆုံးသွားရှာသည်..။
တနင်္လာနေ့ ကျောင်းဖွင့်ချိန်..။
အတန်းပိုင်ဆရာမဝင်လာတာနှင့် ကျောင်းသားအားလုံးမတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်ကြသည်..။
“ပဉ်စဂုဏံ အဟံဝန်တာမိ..အာစရီယဂုဏံ အဟံဝန်တာမိမင်ျဂလာပါ..ဆရာမ..”
“မင်္ဂလာပါ..ကလေးတို့ရေ..ထိုင်ကြ…ထိုင်ကြ…”
ဆရာမထိုင်ခိုင်းတာနှင့်အကုန်လုံးခုံဆွဲကာထိုင်လိုက်ကြသည်..။ သတိမထားလိုက်မိသည်က သေသွားသော ကလေးလေးထိုင်သောထိုင်ခုံမှာလံ လူတစ်ယောက်ထိုင်လိုက်သလိုအလိုလိုရွှေ့သွားခြင်း..။
“ဆရာမ..နာမည်ခေါ်မယ်နော်..မောင်သန့်စင်ဝင်း..”
“လာပါတယ်ခင်ဗျာ..”
“မောင်အောင်နိုင်ဦး..”
“လာပါတယ်ခင်ဗျာ.. ”
“မောင်ဇော်ပိုင်စိုး..”
“ဆရာမ..သူက..”
“အေး..ဟုတ်ပါတယ်…ဇော်ပိုင်စိုးနာမည်ကဖျက်ရတော့မှာပဲ..သနားပါတယ်.. ငယ်ငယ်လေးနဲ့သေသွားရရှာတယ်..”
အကုန်လုံးတိတ်ဆိတ်သွားကြကာ အားလုံးလဲစိတ်မကောင်းဖြစ်သွားကြသည်..။ထိုစဥ် ဇော်ပိုင်စိုး ထိုင်သည့် စားပွဲခုံဘေးမှ ကောင်လေးတစ်ယောက်မှာ..တစ်ကိုယ်လုံးတုန်တုန်ရီရီနှင့်..မတ်တပ်ရပ်လာရင်း
“ဆ..ရာ..မ..သား…ကျောင်းလာ..တယ်..”
တစ်လုံးချင်းအက်ကွဲစွာပြောသည့်အသံမှာ ဇော်ပိုင်စိုး အသံဖြစ်နေတာမို့အားလုံးလန့်သွားကြကာ အချင်းချင်းပူးကပ်သွားကြသလို ဝင်ပူးခံရသည့်ကလေးနှင့်အနီးမှာဘယ်သူမှမရှိတော့..။
ဆရာမဖြစ်သူမှာလဲရုတ်တရက်ကြုံလာသည့်အဖြစ်ကြောင့်ဘာလုပ်ရမှန်းမသိဖြစ်နေကာ အတန်းခေါင်းဆောင်အား အတန်းမှုးဆရာမအားသွားခေါ်ခိုင်းလိုက်သည်..။
ဆရာမအချို့ရောက်လာသည်အထိ ဝင်ပူးကပ်ခံရသည့်ကလေးထံမှာ ဇော်ပိုင်စိုးဝိဉာဥ်ကရှိနေဆဲမို့…
“သား…ဇော်ပိုင်စိုး..ဘာဖြစ်ချင်တာလဲ..ဆရာမတို့ကိုပြောပါ..”
“သား..ကျောင်း..လာ..တက်တာ…”
“သားရယ်..သားကသေပြီးပြီးလေ..ကျောင်းတက်လို့မရတော့ဘူး..သားအတွက်အမျှဝေပေးတာ..သားမရဘူးလား..”
“သား..မသေ..သေးဘူး..သား..ကျောင်းတက်ချင်တယ်..”
မျက်ရည်တွေကျကာပြောလာသော ဇော်ပိုင်စိုးကိုကြည့်ကာ ဆရာမတွေလဲမျက်ရည်မဆည်နိုင်တော့..။
သေဆုံးသွားပြီဖြစ်တာတောင်မှ မကျွတ်မလွတ်ဘဝနှင့်ကျောင်းတက်ချင်နေဆဲဖြစ်သော ဇော်ပိုင်စိုး..။
ဘယ်လိုချော့ချော့ပြောပြော အပူးကပ်ခံနေရသော ကလေးစီမှမခွာတာမို့ ချက်ချင်းပင် ဘုန်းကြီးပင့် ပရိတ်ရွတ်အမျှဝေဖို့နှင့် အမိန့်ပြန်ဖို့စီစဥ်လိုက်ရတော့သည်..။
ကျောင်းရှေ့ Assembly ကွင်းထဲမှ ကုက္ကိုလ်ပင်ကြီးအောက်တွင် ဘုန်းကြီးငါးပါးထိုင်နေကာ ထိုရှေ့မှာက ဇော်ပိုင်စိုးထိုင်သော ထိုင်ခုံနှင့်စားပွဲလေး..။ဘေးမှာရပ်နေတာက ဇော်ပိုင်စိုး ဝင်ပူးကပ်ခံထားရသော ကျောင်းသားလေး..။
“မောင်ဇော်ပိုင်စိုး သိစေရန်..
မောင်ဇော်ပိုင်စိုး သည် လွန်ခဲ့သည့်နှစ်ရက်က ဆိုင်ကယ် တိုက်မှုကြောင့်ကွယ်လွန်ပြီးဖြစ်ပါသည်..။ထို့ကြောင့် ကျွန်ုပ်တို့ (…) အထက်တန်းကျောင်းမှ လွမ်းသူ့ပန်းခွေများပန်းခြင်းများဖြင့် အသုဘလိုက်ပါပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်..။ ထိုမျှသာမက ကျောင်းသားစာရင်းမှလဲအပြီးတိုင်ပယ်ဖျောက်ပြီးဖြစ်သည်..။ ထို့ကြောင့် ယခု (…)ကျောင်းနှင့် သင်နှင့်လုံးဝမဆိုင်တော့ပါ..။နောက်နောင်တွင် ဤကျောင်းသို့မလာရန်အမိန့်ထုတ်ပြန်အပ်ပါသည်..။
ပုံ-ကျောင်းအုပ်ဆရာမကြီး ”
တစ်လျှောက်လုံးငြိမ်သက်စွာမျက်ရည်တွေတွေကျရင်းနားထောင်နေသော မောင်ဇော်ပိုင်စိုးဝင်ပူးကပ်ခံထားရသော ကလေးလေးခမျာခွေခနဲလဲကျသွားကာ ဝိညဥ်လဲခွာသွားဟန်တူပါသည်..။
ထိုအချိန်ကျမှ ဆရာတော်များက ပရိတ်တော်များရွတ်ဖတ်ပူဇော်ကာ အမျှအတန်းပေးဝေကြသည်..။ ပရိတ်ရေများဖြင့်လဲ အခန်းတွင်းအခန်းပြင်ပက်ဖြန်းကာ ပရိတ်သဲများဖြင့်လဲဖြူးထားလိုက်သည်..။
ထို့နောက်တွင်တော့ မည့်သည့်ခြောက်လှန့်မှုမှထိုအခန်းတွင်မကြုံရတော့..။
ဒီလိုနဲ့အချိန်ကကျောင်းဖွင့်ချိန်မှရွေ့လာကာ ကထိန်ခင်းလှုကြမည့်အချိန်သို့ပင်ရောက်လာကြသည်..။
ဒီ ကျောင်းကနှစ်တိုင်း ဘုံကထိန်ခင်းနေကြဖြစ်တာမို့ ယခုနှစ်လဲ မြို့ထဲက ပရိယတ္တိစာသင်တိုက်တစ်ခုမှ သံဃာတော်များအားပင့်ဖိတ်ကာ ကထိန်ခင်းလှုကြသည်..။
ကျောင်းသားကြီးများမှလဲဝိုင်ဝန်းကူညီကြသလိုကျောာင်းသူများကလဲဆွမ်းပွဲပြင်ခြင်း ပန်းကန်ဆေးအမှိုက်သိမ်း..ဝိုင်းဝန်းကူညီနေကြသည်..။
ဆရာတော်များဆွမ်းဘုန်းပေးပြီးသည်နှင့် ကျောင်းသားကြီးများက ဦးဆောင်ကာ အဖွဲ့လေးငါးဖွဲ့ခွဲပြီး ကျောင်းကြီးနေရာအနှံ့သွားရောက်အော်ဟစ်ကြသည်..။
သွားအော်ရတာကတစ်ခြားမဟုတ်..။ မကျွတ်မလွတ်သူများရှိလျှင် ကထိန်တရားနာရန်နှင့်အမျှအတန်းယူရန်ဖြစ်ကြသည်..။ ဒါမျိူးကိစ္စတွေအတွက်ဆရာတွေကဦးစီးကာ ဘယ်လိုခေါ်ရမည်ဆိုတာသင်ပြီးသားဖြစ်ကြသည်..။
“ဤကျောင်းဝန်းအတွင်း အကြိုအကြားမကျန် မှီခိုနေကြသော မကျွတ်မလွတ်ကြသေးသူများခင်ဗျာ..ကျွန်တော်တို့ကျောင်းစုပေါင်းဘုံကထိန်မှ ရေစက်ချအမျှဝေရန်အချိန်ရောက်ရှိနေပါပြီ..တရားနာယူပြီးအမျှယူလို့ပါက ကျောင်းအပေည်ထပ်ရှိခန်းမကြီးသို့ကြွတော်မူကြပါခင်ဗျာ..”
ထိုပုံစံအတိုင်းကျောင်းဆောင်တွေ သန့်စင်ခန်းတွေလိုက်အော်ပြီးသည်နှင့် ဟောခန်းကြီးထဲမှာတရားပေးကာအမျှအတန်းဝေကြသည်..။
ဒီပုံစံကနှစ်တိုင်းလုပ်မြဲဖြစ်တာမို့ ကျောင်းဝန်းအတွင်းရှိပရလောကသားများ ကျွတ်ကျမကျွတ်ကျသေချာမသိကြပေမဲ့ ညအချိန်တော့ ထိုကျောင်းဝန်းထဲကိုအဖော်မပါပဲ မည်သူမျှမသွားရဲသည်မှာအမှန်ပင်ဖြစ်သည်..။
———————–
စာဖတ်သူအားလုံးကိုလေးစားချစ်ခင်လျှက်😍
လိုအပ်ချက်များရှိလျှင်ဝေဖန်ထောက်ပြနိုင်ပါသည်ရှင့်☺☺☺
Writer-လရိပ်ညို💚