စိတ်ဒဏ်ရာ(စ/ဆုံး)

Posted on

မည်သူမဆို ငယ်ဘဝကို ဖြတ်သန်းဖူးကြပါလိမ့် မည်။ သို့သော် သန့်ရှင်းသော၊ ရိုးသားသော၊ ပွင့်လင်း မှန်ကန်သော ကလေးဘဝကို ဖြတ်သန်းခဲ့ရမှ တန်ဖိုးရှိ သော ငယ်ဘဝဟု သတ်မှတ်နိုင်လိမ့်မည်ထင်ပါသည်။ ထို့ပြင် ရိုးသားသော၊ သစ္စာရှိသော၊ ကိုယ်ချင်းစာတရား ရှိသော၊ အနစ်နာခံ ဦးဆောင်နိုင်သော လူကြီးတို့နှင့်တွေ့ ခဲ့လျှင် ပိုမို အဓိပ္ပာယ်ရှိသော ကလေးတို့ဘဝမှ တစ်ဆင့် တက်၍ လူကြီးလူကောင်းဘဝသို့ လျှောက်လှမ်းနိုင်လိမ့် မည်ဟု ကျွန်တော်ထင်ပါသည်။
သို့သော် ရိုးသားမှု မဲ့သော၊ သစ္စာ မရှိသော၊ ကိုယ်ချင်းစာတရား ခေါင်းပါးသော၊ ဦးဆောင်မှုမဲ့သော လူကြီးတို့၏ ပတ်ဝန်းကျင်တွင် ကျင်လည်ကြီးပြင်းခဲ့ရ သော ကလေးတို့၏ အနာဂတ်မှာ ရင်နာဖွယ်အတိပြီး နေပေလိမ့်မည်။ ကျွန်တော်တို့ ငယ်စဉ် မူလတန်းတွင် သင်ကြားခဲ့ရသော ကျေးညီနောင်ပုံပြင်မှ သူခိုးဓားပြတို့ လက်ထဲ ရောက်သွားသည့် ကျေးကလေးနှင့် မခြား ရှိနေပါလိမ့်မည်။ ထို့ကြောင့် “ကလေးဘဝသည် လူကြီး တို့၏ ဖခင်” ဟု ဆိုခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။ ထို့နည်း တူ ကျေးဇူးရှင် ဆရာဇော်ဂျီကလည်း “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး၊ သားထူးသားမြတ်၊ ဖြစ်အပ်ရာသည်” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သေချာသည်က ကလေးဘဝသည် အရည်အချင်းရှိသော လူကြီးတစ်ယောက် ဖြစ်လာရန်အတွက် လိုအပ်သော အခြေခံ အဆောက်အအုံလည်း ဖြစ်လိမ့်မည်ဟု ကျွန်တော်
ထင်ပါသည်။
ကျွန်တော့်တွင် သားလေးတစ်ယောက်ရှိပါသည်။ ဖခင်တစ်ယောက်အနေနှင့် လွန်စွာ ချစ်ခင်ရသော သား လေးဟုလည်း ဆိုနိုင်ပါသည်။ ကျွန်တော် ချစ်လွန်းသ လောက် သားလေးကလည်း ဆော့လွန်းလှသည်။ သူ့ အမေနှင့်ဆိုလျှင် တကျက်ကျက်နှင့် ပူညံပူညံဖြစ်နေ တတ်သည်။ မအေဖြစ်သူက ကလေးဆော့သည်ကို သိပ် မကြိုက်၊ ကလေးဆိုသည်မှာ လူကြီးကထိုင်ဆိုလျှင် ထိုင် နေရပြီး၊ “ထ”ဆိုလျှင် ထသွားရမည့် သတ္တဝါတစ်မျိုး ဟု ထင်နေသည်လား မပြောတတ်။
ကျွန်တော်ကတော့ ကလေးဆော့သည့် ကိစ္စကို အဆုံးစွန်အထိ သည်းခံနေတတ်သူဖြစ်သည်။ ကလေး ဆော့ကစားနေလျှင် ကျွန်တော်အလိုလို ကျေနပ်နေတတ် သည်။ ထိုကိစ္စနှင့် ပတ်သက်၍ တစ်ခါဖူးမျှလည်း ကျွန်တော့်သားကို အပြစ်မတင်။ တစ်ခါဖူးမျှလည်း မဆူ မငေါက်ခဲ့ဖူးပါ။ သို့သော် သူ့အမေနေရာကကြည့်လျှင် တစ်စုံတစ်ရာသော အန္တရာယ်တစ်ခုခုနှင့် ကြုံကြိုက်လာ လျှင် ၎င်း၏ အပြစ်ဖြစ်မည် စိုး၍သော်လည်းကောင်း၊ သားသမီးကို ခေါင်းကွဲ ထိပ်ပြဲ မဖြစ်စေချင်၍ လည်း ကောင်း ဟန့်ထားနေခြင်းဖြစ်လိမ့်မည်ဟု ကျွန်တော် နားလည်ပေး၍ရသည်။
ထို့ကြောင့် ကျွန်တော့်သားလေးက ရပ်ကွက်ထဲ
တွင် မီးကုန်ယမ်းကုန် ဆော့ကစားတတ်သော ကလေး တစ်ယောက်အဖြစ် အရပ်က သတ်မှတ်ထားကြသည်။ သို့သော် ဇနီးသည်ရော ကျွန်တော်ကပါ သားလေးဆော့ ကစားနေပြီဆိုလျှင် မျက်စိကိုဖွင့် နားကိုစွင့်ကာ အသိအာ ရုံတစ်ခုလုံး ကလေးအနားတွင် ဖြန့်ကြက်ထားရသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ ငယ်စဉ် ကလို သားလေးခမျာ မလွတ်လပ်ရှာဟုထင်သည်။ ကျွန်တော်တို့ ငယ်စဉ်ကဆိုလျှင် ရပ်ကွက်အတွင်းရှိ မည်သူ၏ အိမ်ခြံဝင်းထဲတွင်မဆို တံခါးမရှိ အဆီး အတားမဲ့စွာ ဆော့ကစားခွင့် ရခဲ့သည်။
ထိုစဉ်က အိမ်ခြံဝင်းတွေကလည်း ကျယ်ကျယ် လွင့်လွင့်ရှိလှသည်။ ပိတောက်ပင်၊ ကုက္ကိုပင် အစရှိသည့် အရိပ်ကောင်းကောင်းရှိသည့် ခြံဝင်းမျိုး ဆိုလျှင် ကျွန်တော်တို့ ကလေးတစ်သိုက် ပို၍ သဘောကျတတ် ကြသည်။
အထူးသဖြင့် ကျွန်တော်၏ ငယ်သူငယ်ချင်း တစ်ဦး ဖြစ်သူ “ဖိုးစွမ်း” တို့ အိမ်တွင် ကစားရသည်ကို ကျွန်တော်ပို၍ သဘောကျသည်။ နွေရာသီဆိုလျှင် သူတို့အိမ်ရှေ့ရှိ ထင်းရှူးပင်ကြီးအောက်တွင် ကစားကြ လေ့ရှိသည်။ ကစား၍ မောလျှင် ဖိုးစွမ်းတို့ အဖေကြီး ဝယ်ပေးထားလေ့ရှိသည့် “ရွှေသွေး၊ တေဇ၊ မိုးသောက် ပန်း၊ လှပ” အစရှိသည့် ကလေးဂျာနယ်များကို အားပါး တရ ဖတ်ခွင့်ရခဲ့သည်။ ဒါကိုမှ မကျေနပ်နိုင်သေးလျှင် တစ်ရပ်ကွက်လုံး ခွေလှိမ့်နိုင်သည်။ စိန်ပြေးတမ်း နိုင်သည်။ မိန်းကလေးတွေနှင့်ရော၍ ထုပ်ဆီး တိုးနိုင် သည်။ ဘောလုံး ကန်နိုင်သည်။ တူတူပုန်းတမ်းကစား နိုင်သည်။ ဘာပြဿနာမှမရှိ။

သို့သော် ကျွန်တော်တို့သားတွေ ခေတ်ကျတော့ ထိုသို့မဟုတ်တော့။ လွတ်လပ်မှုတွေ ခေါင်းပါးလာ သည်။ ရပ်ကွက်ထဲ၊ လမ်းထဲတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိ သော ခြံဝင်းတွေ ရှားပါးသွားပြီ။ ကြီးကျယ်ခိုင်ခံ့ပြီး အရိပ် အာဝါသ ကောင်းသော သစ်ပင်ကြီးမျိုးတွေ၊ ကျဲပါးသွားပြီ။
လူနေသိပ်သည်းမှု ထူထပ်လာသောကြောင့် အချို့ သော ခြံဝင်းတွေကို ခွဲခြမ်းစိတ်ဖြာ၍ ရောင်းကြရသည်။ အချို့ကတော့ ခြံဝင်းတစ်ခုတည်းတွင် အိမ်ငယ်ကလေး
တွေကို အသီးသီး ဆောက်ထားကြသည်။ သို့သော် ခြံကျယ်ပြီး အရိပ်အာဝါသ ကောင်းမွန်စွာ ကျန်ရှိနေသေး သော အချို့အိမ်ကြီးတွေကလည်း ခြံစည်းရိုးကို လုံ အောင်ခတ်ကာ ခြံတံခါးတွေကို သော့ခတ်ထားကြလေ့ ရှိသောကြောင့် ကလေးတွေ ကစားစရာ နေရာမရှိ။
ထို့ကြောင့် ကျွန်တော့်သား အပါအဝင် ကလေး အတော်များများက ရပ်ကွက်အတွင်းရှိ လမ်းမများ အပေါ်တွင် ကစားကြရသည်။ ထိုအခါ ဖြတ်သွားဖြတ် လာကြလေ့ရှိသော စက်ဘီး၊ ဆိုက်ကား၊ မော်တော်ကား၊ ဆိုင်ကယ် အစရှိသော အန္တရာယ်တို့ကိုတော့ ကလေး တွေခမျာ မျက်စိရှင်ရှင်ထားကာ ရှောင်ရင်းတိမ်းရင်း ကစားနေကြရရှာသည်။ ထို့ကြောင့် သူတို့ကစားပွဲတွေ သည် ကျွန်တော်တို့တုန်းကလောက်တော့ အရသာ ရှိလိမ့်မည် မထင်ပါ။

တစ်နေ့ ကျွန်တော်တို့ လမ်းထဲတွင် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲကျင်းပရန် ပြင်ဆင် ကြသည်။ ထိုသတင်းကို ကြားသည်နှင့် တစ်ပြိုင်နက် နဂိုကတည်းကမှ ဖိုးဆော့ချင် ဖြစ်နေသော ကျွန်တော့် သားအတွက် ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်သွား တော့သည်။
ထို့ကြောင့် ကျွန်တော်သားက လွတ်လပ်ရေးနေ့ တွင် ကျင်းပမည့် ပြိုင်ပွဲများတွင် သူ ပါဝင်ကစားခွင့်ရရန် အတွက် တကျီကျီနှင့် ပူဆာနေတော့သည်။ ကျွန်တော် ကလည်း ထုံးစံအတိုင်း ခေါင်းတစ်ချက်ညိတ်လိုက်ရုံနှင့် ကိစ္စပြီးနိုင်သော်လည်း စိတ်က ခွင့်မပြုချင်ဖြစ်နေသည်။ ဖြစ်နိုင်လျှင် ကျွန်တော့်သားကို မကစားစေချင်။ ကလေး အနေဖြင့် ရပ်ကွက်ထဲတွင် အလွတ်သဘော ကစား စဉ်က ပြဿနာ မရှိသော်လည်း ပြိုင်ပွဲသဘောဆိုလျှင် အနည်းငယ်တော့ ပြဿနာရှိလာလိမ့်မည်ဟု ကျွန်တော် ထင်သည်။ ထို့ပြင် ကျွန်တော်ကိုယ်တိုင်၏ ငယ်ဘဝ အတိတ် ပုံရိပ်အချို့ကို အာရုံတွင် ပြက်ပြက်ထင်ထင် ပြန်လည်မြင်ယောင် လာမိခဲ့စေသည်။
ထိုစဉ်က ကျွန်တော့်အသက်မှာ ဆယ်နှစ်သာသာ အရွယ်မျှ ရှိသေးသည်။ ထုံးစံအတိုင်း လွတ်လပ်ရေးနေ့
ပျော်ပွဲရွှင်ပွဲကို ပါဝင် ဆင်နွှဲခွင့် ရခဲ့သည်။ ယှဉ်ပြိုင်ခဲ့ရ သည့် ကစားနည်းက “အုန်းသီးလုပွဲ”။ ထိုကစားနည်း ကို တစ်ခါမျှ မကစားဖူးဘဲ ထိုနေ့မှ ကစားရသဖြင့် ကျွန်တော့်အတွက် အထူးအဆန်းလို ဖြစ်နေသည်။ ဆီ သုတ်ထားသော အုန်းသီးကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်လု ကာ တစ်ဖက်အသင်း၏ ဂိုးပေါက်အဖြစ် ထောင်ထား သော သံပုံးထဲသို့ ဝင်အောင်ထည့်ရခြင်းဖြစ်သည်။ အုန်းသီးကလည်း ဆီသုတ်ထားသဖြင့် ကိုင်ရတွယ် ရမလွယ်။ လက်နှစ်ဖက်နှင့်ပိုက်၍ အားကုန်ပြေးရသည်။ တစ်ဖက်အသင်းက လိုက်လုသော ကစားသမားတွေကို လည်း ရှောင်ရတိမ်းရသေးသည်။ တစ်ခါတစ်ရံ လက် ကလွတ်၍ ခြေခုံပေါ် ပြုတ်ကျလျှင် အသည်းခိုက်အောင် နာတတ်သည်။ ပြိုင်ပွဲပြီးသောအခါ အဝတ်အစားတစ်စုံ လုံး ဆီချေး အထပ်ထပ်နှင့် သုံးမရအောင် ပျက်စီးသွား ပြီး။ ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ချင် မသယ်ချင်လောက် အောင် နာကျင်ကိုက်ခဲနေတော့သည်။ ပို၍ဆိုးသည်က ခြေထောက်တွေမှာ ထောက်၍ မရနိုင်တော့လောက် အောင် ရောင်ကိုင်းနေခဲ့သည်။
ပင်ပန်းရကျိုးတော့ နပ်သည်ဟု ဆိုနိုင်ပါသည်။ ကျွန်တော်တို့အသင်းက ပထမဆု ရခဲ့သည်။ ထို့ကြောင့် ခြေခုံတစ်ခုလုံး နာကျင်ကိုက်ခဲရောင်ရမ်းနေသည်တို့ကို အပျော်နှင့်ဖျက်ပြီး ညဘက်တွင် ကျင်းပသော ဆုပေးပွဲ စင်မြင့်နားတွင် မယောင်မလည်နှင့် အချိန်ကုန်နေခဲ့ သည်။ သို့သော် တကယ်ဆုရခဲ့တော့ ဘောလ်ပင်သုံး ချောင်းမျှသာ ဖြစ်သည်။ ကျွန်တော်တို့အဖွဲ့တွင် အသင်း သား သုံးယောက် ဖြစ်သောကြောင့် တစ်ယောက် တစ်ချောင်း ဆိုသည့်သဘော။ ထိုဘောလ်ပင်၏ တန်ဖိုး မှာလည်း တစ်ချောင်း ငါးမူးသာ တန်သည်။
ထိုအခါ လက်ထဲရောက်လာသော ဘောလ်ပင် လေးတွေကို ကိုင်ကာ ကျွန်တော်တို့ သူငယ်ချင်းသုံး ယောက်စလုံး ကြက်သေသေ နေခဲ့ကြသည်။ တစ် ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြတော့။ ထိုစဉ်က ကလေးတို့၏ မုန့်စားပြိုင်ပွဲတွင်ပင် ကြွေပန်းကန်ပြား၊ ပြက္ခဒိန်အစရှိ သဖြင့် ရကြသေးသည်။ မကျေနပ်၍ ပြိုင်ပွဲတာဝန်ခံလုပ် သည့် ကိုတင်ဝင်းကို မေးကြည့်တော့ ကိုတင်ဝင်းက
ထိုကစားနည်းကို သူ၏ ခွင့်ပြုချက်မယူဘဲ ကျင်းပသော ကြောင့်ဟု မာမာတင်းတင်း ပြန်ပြောခဲ့ပါသည်။
ထိုအခါ ဆုံးဖြတ်ချက်မြန်သော၊ အကြောက်အလန့် အနည်းငယ်ကင်းသော ကျွန်တော်က ထိုဘောလ်ပင်သုံး ချောင်းကို ကိုတင်ဝင်းရှေ့တွင်ပင် လွှင့်ပစ်လိုက်ပြီး နောက်နောင် လွတ်လပ်ရေးနေ့ပွဲတိုင်းတွင် ဘယ်တော့မှ ကျွန်တော် မပါတော့ဟု ပြောဆိုကာ နေရာမှ လှည့်ထွက် လာခဲ့ပါသည်။ ကျွန်တော့်နည်းတူ သူငယ်ချင်းတွေက လည်း လှည့်ပြန်သွားခဲ့ကြပါသည်။
သို့သော် ကျွန်တော့်ရင်ထဲတွင်တော့ ထိုနေ့က တည်းက စွဲဝင်နေခဲ့သော ဆူးတစ်ချောင်းကို ဒီနေ့အထိ မနုတ်နိုင်သေးခဲ့။ နောက်ပိုင်းတွင် အိမ်ထောင်ကျကာ ဇနီးသည်၏အိမ်သို့ လိုက်နေ၊ သားတစ်ယောက်ရသည် အထိ လွတ်လပ်ရေးနေ့ပွဲတိုင်းကို ကြည့်ပင်မကြည့်ဖြစ်တော့။
အခု သားက ဝင်ရောက်ကစားမည်ဆိုတော့ ကျွန်တော် စိတ် မပါနိုင်အောင် ဖြစ်နေခဲ့ရခြင်းဖြစ်ပါ သည်။ သို့သော် သားငယ်က မျှော်လင့်ချက်ကြီးစွာ ပူဆာလွန်းသောကြောင့် ကျွန်တော်လည်း စိတ်မသက် မသာနှင့်ပဲ ခေါင်းညိတ်ပြခဲ့ရသည်။ သားငယ်ကတော့ အပျော်ကြီးပျော်ကာ ခုန်ပေါက်နေတော့သည်။
လွတ်လပ်ရေးနေ့သို့ ရောက်သောအခါ ကျွန်တော့် သားလေးသည် မနက်အစောကြီးကတည်းက အိပ်ရာမှ ထကာ လမ်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဟိုကြည့်ဒီမျှော် ဖြစ်နေပြီ။ လမ်းထဲရှိ လူကြီးအတော် များများကလည်း ကစားနည်းများကို သတ်မှတ်ပြီး အစီ အစဉ်တွေ ဆွဲနေကြသည်။ အချို့ လုပ်အားပေး လူငယ် တွေကလည်း မြေဖြူမှုန့်တွေနှင့် စည်းတွေဆွဲနေကြ သည်။
သူတို့သတ်မှတ်ထားသော ကစားနည်းများထဲတွင် ကျားကြီး၊ ကျားလတ်ဘောလုံးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အာလူးကောက်၊ ထုပ်ဆီးတိုး၊ ချောတိုင်တက်၊ ခေါင်းအုံး ရိုက်… အစရှိသဖြင့် စုံစုံလင်လင်ရှိလှသည်။ သို့သော် ကျွန်တော့်သားအရွယ်အတွက် သင့်တော်သော ပြိုင်ပွဲက
တစ်ခုသာ ပါသည်။ ထိုပြိုင်ပွဲက “ကျားလေးအပြေးပြိုင် ပွဲ” ပဲ ဖြစ်ပါသည်။
သေချာသည်က ကျွန်တော့်သား အရွယ်သည် ဘောလုံးကန်တတ်သည့် အရွယ်လည်းမဟုတ်၊ ဖြစ်နိုင် လျှင် မုန့်စားပြိုင်ပွဲနှင့် အပြေးပြိုင်လောက်သာ ရှိလိမ့် မည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သားကတော့ အားကြိုး မာန်တက် ယှဉ်ပြိုင်မည့်သူဖြစ်သည်မှာ သံသယရှိနေ စရာ မလိုပါ။
အမှန်တကယ်လည်း ပြိုင်ပွဲတွင် ကျွန်တော့်သားက ပထမ ရခဲ့သည်။ ထို့ကြောင့် ဝမ်းသာအားရ အာပေါင် အာရင်းသန်သန်နှင့် သူ့အမေကို ပြောပြနေတော့ မအေ ဖြစ်သူကလည်း တပြုံးပြုံးဖြစ်နေသည်။ ထိုအချိန်တွင် အသက်ခြောက်ဆယ်ကျော်ခန့်ရှိသော အမယ်ကြီးတစ်ဦး က သူ့မြေးလေးမှာ အပြေးပြိုင်ပွဲနေစဉ် ခြေထောက်နာ နေသဖြင့် မပြေးနိုင်သောကြောင့် ဒုတိယသာရကြောင်း၊ ခြေထောက်သာ မနာလျှင် ပထမဆုကို အသေအချာ ရမှာဖြစ်ကြောင်း၊ ကျွန်တော့်ဇနီးကို ကြိတ်မနိုင်ခဲမရဖြင့် လာရောက်ပြောပြနေသည်။ ကျွန်တော်ကတော့ အိမ်ပေါ် မှနေ၍ ထိုအမယ်ကြီးကို ကြည့်ရင်း မသိမသာ ပြုံးနေ လိုက်မိသည်။ သားငယ်ကတော့ ပြေးခဲ့တာရော၊ ကြွားရ တာပါပေါင်းပြီး သိသိသာသာ မောနေရှာသည်။ တစ်လမ်းလုံးတွင်လည်း တအုန်းအုန်း တရုန်းရုန်းနှင့် ဆူညံမစဲ တသဲသဲ ဖြစ်နေတော့သည်။ စပီကာမှ ပြိုင်ပွဲ တာဝန်ခံ၏ အော်ဟစ်သံတွေကို တစ်ရံမလပ် ကြားနေ ရသည်။ တစ်ခါတစ်ရံတွင် အော်သံဟစ်သံများကြားမှ.. “ချစ်တဲ့သူxxx ကိုဆံရှည်× ဗွေ× × × ရွာတောင်ပြင် ညောင်ပင်မလေ…. အရိပ်ဖြာဝေ….
X X
X X
သျှောင်ကြီး
X X
…လူပျိုတွေ မိတ်သဟာဆွေ…”
အစရှိသော သီချင်းသံကိုလည်း ကြားနေရသေး သည်။ ထိုသီချင်းသံနှင့်အတူ ရောထွေး ထွက်ပေါ်နေ သော ဘောလုံးပွဲ ကြေညာသံ၊ ထုပ်ဆီးတိုးပွဲ၊ ခေါင်းအုံး ရိုက်ပွဲ၊ ချောတိုင်တက်ပွဲတို့အား အစီရင်ခံနေသည်မှာ လည်း စက္ကန့်မလပ်။ ထို့ပြင် ပွဲကြည့်ပရိသတ်ဆီမှ တအုန်းအုန်းအသံတွေကလည်း နားနှင့်ပင် မဆံ့ချင် တော့။ ကြာလာတော့ နားတွေအူကာ ခေါင်းတွေမူးလာ သည်။
ညနေစောင်းတော့ ကျွန်တော့် သားငယ်သည် ခြောက်နာရီ မထိုးခင်ကတည်းက ရေမိုးချိုး၊ အဝတ် အစားလဲ၊ သနပ်ခါးအဖွေးသားနှင့် ဖြစ်နေပြီ။ ထိုနေ့ည တွင် ပေးမည့် ဆုပေးပွဲတွင် သူကိုယ်တိုင် အားသွန်ခွန် စိုက် ပြေးလွှားခဲ့၍ရသော ပထမဆုကြီးကို လက်ခံရယူရန် ပြင်ဆင်နေပြီ။ တွေ့ သမျှ လူတိုင်းကိုလည်း သူမည်ကဲ့ သို့ ပြိုင်ပွဲဝင်ခဲ့ကြောင်း ကြွား၍ မဆုံးတော့။
ထို့ကြောင့် မိုးလည်းချုပ်လုပြီဖြစ်သဖြင့် ဆုပေးပွဲ ဆီသို့ သူ့အမေကို လိုက်ပို့စေခဲ့သည်။ ဆုပေးပွဲမဏ္ဍပ် ကလည်း ကျွန်တော့်အိမ်နှင့် ဓားလွယ်ခုတ်လောက်တွင် ရှိသောကြောင့် သားကို သူ့အပေါင်းအသင်းတွေနှင့် ထားခဲ့ကာ ဇနီးသည်က ပြန်လာခဲ့သည်။ ကျွန်တော်ကလည်း သား၏ဆုပေးပွဲကို မသိမသာ နားစွင့်ရင်း အိမ်မှာသာ စာဖတ်နေခဲ့သည်။ သို့သော် ကျွန်တော့်သားက ခုနစ်နာရီနှင့်လည်း ပြန်မလာ၊ ရှစ်နာ ရီနှင့်လည်း ပြန်မရောက် ဖြစ်နေသောကြောင့် ကျွန်တော် က ဇနီးသည်ကို လိုက်သွားရန် သတိပေးရသည်။ ထိုအချိန်တွင်ပင် ကျွန်တော့်သားက ငိုကြီးချက်မ နှင့် ပြန်ရောက်လာခဲ့သည်။ ဆုပေးပွဲကြီးလည်း ပြီးသွား ခဲ့ပြီ။ ကျွန်တော်က ကလေးကို အကျိုးအကြောင်းမေး တော့ ကလေးက သူ့ကို ဆုမပေးကြောင်း ဝမ်းပန်း တနည်းပြောသည်။ တစ်ချိန်တည်းမှာပင် မသိစိတ်က ကျွန်တော်ကိုယ်တိုင်၏ ငယ်ဘဝဆီသို့ လှစ်ခနဲ ရောက်ရှိ သွားသည်။ ဒေါသကြောင့် အသားတွေ တဆတ်ဆတ် တုန်ယင်လာခဲ့သည်။ တစ်နေရာရာတွင် တစ်စုံတစ်ခု မှားယွင်းနေပြီဆိုသည်ကတော့ အသေအချာပင်ဖြစ်သည် ကို ကျွန်တော်သိနေပြီ။
ဘာပဲဖြစ်ဖြစ် ဒီအခြေအနေတွင် ကျွန်တော် သွေး မပူသင့်။ စိတ်လိုက်မာန်ပါ ဖြေရှင်းလိုက်လျှင် ပြဿနာ တွေက မီးခိုးကြွက်လျှောက်ဖြစ်သွားလိမ့်မည်။ အထူး သဖြင့် ကျွန်တော့်သားလေး ပတ်ဝန်းကျင်ပေါ် ယုံကြည် မှု လျော့နည်းသွားလိမ့်မည်။ မိမိ၏ ကြိုးစားအားထုတ်မှု အတွက် ရရှိလာသော အောင်မြင်မှုကို ပတ်ဝန်းကျင်တစ် ခွင်လုံး၊ တစ်လောကလုံး သိထားပါသော်လည်း အသိ အမှတ်ပြု မခံရခြင်းသည် မည်မျှ ရင်နာစရာကောင်း ကြောင်းကို ကျွန်တော်ကိုယ်တိုင်လည်း ရင်ဆိုင်ခဲ့ရဖူးသောကြောင့် သားငယ်အတွက် ကိုယ်ချင်းစာပေးနိုင်ပါ ၏။ သို့သော် သားငယ်ကိုတော့ ကျွန်တော့်လို စိတ်ဒဏ် ရာ မရစေချင်။ ထို့ကြောင့် ဒီကိစ္စကို စိတ်အေးလက်အေး ဖြေရှင်းမှ ဖြစ်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း မာတင်းနေသော ကျွန်တော့်မျက်နှာကို ဦးစွာပြင်ယူရ သည်။
ပြီးနောက် အာရုံကို အသေအချာ စုစည်းကာ ကလေးကို အကဲခတ်နေရသည်။ ထို့နောက် ကလေးကို မငိုရန် အားပေးပြီး မေးခွန်းတစ်ခုကို အမှတ်တမဲ့ လိုက်ရသည်။

“သားနဲ့အတူ အပြေးပြိုင်ပွဲမှာ ဒုတိယက ဘယ်သူ ရတာတုန်း.. သားရဲ့..”
ကျွန်တော့်မေးခွန်းကြောင့် သားက အနည်းငယ် အူကြောင်ကြောင်ဖြစ်သွားပြီး…
“ပထမက သားရတာလေ…
“မဟုတ်သေးဘူးလေ… သားရဲ့၊ ဒုတိယ… ဘယ်သူရသလဲသာ ပြောကွာ…”
ဆိုပြီး ကျွန်တော် အတင်းအကျပ်မေးတော့မှ သားက ဘယ်သူဘယ်ဝါရကြောင်း၊ သူ့သူငယ်ချင်း၏ အမည်ကို ရွတ်ပြသည်။ သားငယ်၏ စကာသံအဆုံး တွင် ကျွန်တော့်ဇနီးကို သူ့မြေးလေး ခြေထောက်နာနေ၍ ဒုတိယသာရကြောင်း ပြောခဲ့သော အမယ်ကြီးကို ရုတ် တရက် ပြန်မြင်သည်။ ကျွန်တော်က ဆက်၍ ထိုကလေး ကိုရော ဒုတိယဆု ပေးသလားဟု ဆက်မေးတော့ သား က ခေါင်းညိတ်ပြပြန်သည်။ ကျွန်တော်က သိပ်မသေချာ သဖြင့်…
နေရာမှ
“သူက ဒုတိယဆုဆိုတော့ ဘာရတာလဲ” ထပ်မေးတော့ သားငယ်က ရှိုက်သံတစ်ဝက်စွက်
“နှစ်ရာ..”ဟု ပြန်ပြောသည်။
ကျွန်တော့်အာရုံထဲတွင် ကျွန်တော်ကိုယ်တိုင်၏ ငယ်ဘဝ ပုံရိပ်များထဲမှ အုန်းသီးလုပွဲ၊ ဘောလ်ပင် သုံးချောင်းနှင့် ဆုပေးပွဲမဏ္ဍပ်ကို ပြန်လည်မြင်ယောင်နေ မိသည်။ ထို့ကြောင့် ခေါင်းကို ခပ်ပြင်းပြင်း ခါထုတ် လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ကာ…
“ဒါများသားရယ်…”
သူတို့က ဆု မပေးရင် ဖေဖေက သားလေးကို ဆုပေးမှာပေါ့။ ဘာလိုချင်လဲပြော..။ ဖေဖေ့သားက ပထမဆုတောင် ရတာဆိုတော့… တကယ်တော်လို့ရ တာပေါ့။ သားလိုချင်တာသာပြော…။ ဖေဖေ ဝယ်ပေး မယ်…”
ကျွန်တော့်စကားကြောင့် သားငယ်က မျက်ရည်ကို သုတ်ရင်း ကျွန်တော့်ကို အကဲခတ်နေသည်။ “ပြောလေ… သား။ ဘာလိုချင်လဲ…”
ဆိုတော့မှ ကျွန်တော့်သားက တစ်ခွန်းတည်းသော
စကားကို ဆိုသည်။
“နာရီ..” တဲ့။
ကျွန်တော်က သူ့အမေကို မျက်ရိပ်ပြကာ လမ်းထိပ် ရှိ စတိုးဆိုင်တွင် သား ကြိုက်သော နာရီ တစ်လုံးကို ချက်ချင်း ဝယ်ပေးစေရန် မှာကြားပြီး ခပ်မြန်မြန်လွှတ် လိုက်ရသည်။ အတန်ငယ်ကြာတော့ ကျွန်တော့်သားက ဘယ်ဘက်လက်ကို မြှောက်ကာမြှောက်ကာ မြောက်ကြွ မြောက်ကြွဖြင့် ပြန်လာသည်။ မျက်နှာကလည်း ပြုံး လျက်ရွှင်လျက်။ သူ ပတ်လာသော လက်ပတ်နာရီ ကို လည်း ကျွန်တော့်အား ပြကာ သဘော အကျကြီးကျနေ တော့သည်။
ဒီတော့မှ ကျွန်တော်က ရုတ်တရက် သတိရပုံဖြင့်… “သားရေ… ဆုပေးပွဲမှာ သားရဲ့နာမည်ကို ခေါ်သံ မကြားလိုက်ဘူးလား။ ဟိုက လူကြီးတွေက ဆုကို သား လာ မယူဘူးထင်လို့တဲ့။ မင်းအတွက် ပထမဆုအိမ်ကို လာပေးသွားတယ်”
ဆိုတော့ သားငယ်က “ဟုတ်လား…” ဟုဆိုကာ ကျွန်တော် မေးဆတ်ပြသော စာရေးစားပွဲပေါ်ရှိ စာအိတ် တစ်အိတ်ကို ပြေးယူသည်။ ပြီးနောက် စာအိတ်ပေါ်တွင် ရေးထားသော စာတန်းကို စာလုံးပေါင်း၍ ဖတ်နေသည်။ “သားလေး…မောင်သူထူးဇော်…။ (ကျားလေး) အပြေးပြိုင်ပွဲ၊ ပထမဆု
စာကိုဖတ်ရင်း ဝမ်းသာအားရနှင့် စာအိတ်ကို ဖွင့် နေသည်ကို ကျွန်တော်ကြည့်နေမိသည်။ သူ့အမေက တော့ ကျွန်တော့်ကို ကြည့်လိုက် သူ့သားငယ်ကို ကြည့် လိုက်နှင့် မျက်နှာသိပ်မကောင်း။ သားကတော့ ပျော်ရွှင် ကျေနပ်စွာ ထအော်သည်။
“ဟာ..၊ ငါးရာတောင်.. ထောပြီ… ထောပြီ..” ဆိုကာ ခုန်ပေါက်နေသည်။
ကျွန်တော်ကတော့ သက်ပြင်းကို ခပ်လေးလေးချ ရင်း အကြည့်ကို လမ်းမသို့ ပို့လွှတ်လိုက်ရသည်။ စိတ် ထဲတွင်တော့ နောက်ထပ်လွတ်လပ်ရေးပြိုင်ပွဲ ကျင်းပရန် ရက်ပေါင်း ၃၆၄ ရက် လိုပါသေးသည်။ သို့သော် ထိုနေ့ တွင်လည်း ကျွန်တော့်သားငယ်သည် သူ၏ကြိုးစားအား
ထုတ်မှုအတွက် အသိအမှတ်ပြုမှ ခံရပါ့မလားမသိ။
သေချာသည်က တဖြည်းဖြည်း အသိတရားရင့် ကျက်လာသော ကျွန်တော့်သားကို နောက်တစ်ခါ လှည့် စား၍ ရပါတော့မလား ဟူသော သံသယက ကျွန်တော့် ရင်ကို ခပ်ပြင်းပြင်း လှုပ်ခါနေစေသည်။
ကလျာမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၃

Leave a Reply

Your email address will not be published. Required fields are marked *