စေတနာကောင်းလိုက်ကြတာ

Posted on

စေတနာကောင်းလိုက်ကြတာ(စ/ဆုံး)
————————————

အဖွားတို့ရွာမှာဆိုလေ ဘယ်ကလာ ကုန်စုံဆိုင်ရှိမှာလဲ
အိမ်တိုင်းမှာ မိုးတွင်းစားဘို့ ပဲဆီကိုအိုးနဲ့ ငရုတ်ကြက်သွန် ပဲမျိုးစုံ ငပိ မန်ကျီးသီးမှည့် အကုန်အသင့် ရှိကြတယ်ကွယ့်
အဖွားတို့အမေကလေ သိပ်စည်းစနစ်ကြီးတာ ဘုန်းကြီးလောင်းဘို့ဆွမ်းကို
သပ်သပ်ချက်လောင်းတာကွယ့်
မုန့်ဆိုရင် မုန့်လက်ကောက် မုန့်ဆီကြော်
ကိုယ့်အိမ်မှာလုပ်စားကြတယ်လေ
အဖွားတို့အဖေက ဗိန္တောဆေးဆရာကြီး
ပေါ့ သူ့စက်ဘီးနဲ့ရွာစဥ်လှည့်ဆေးကုရတာ
ရွာမှာ စပါးကြိတ်တဲ့ဦးမောင်ကြီးရယ်
အဖွားတို့အဖေရယ်ပဲ စက်ဘီးရှိတယ်
ရေဒီယိုကတော့ ၃လုံးလားပဲ

ဟော အမေပြန်လာပြီ အဖွား
ရခဲ့လား အမေ

အေးသားရေ ၅၀သါးရခဲ့တယ်
ရန်တွေလည်းဖြစ်ကြတယ်သိလား
အဲ့ကောင်မတွေရန်ဖြစ်နေတုန်းအမေတို့က ရှေ့ကိုကျော်တိုးတာပေါ့ ဘယ်ရမလဲ
သား အဖွားကို ထမင်းကျွေး ပြီးပြီလား

အေး စားပြီးပြီလေ
သမီးငခြောက်ကြော်က ငံလိုက်တာ

ဟုတ်ပအမေရယ်
ညနေကျမှကြက်ဥကြော်ပေးမယ်
ဒီလောက်များလှတဲ့ အခက်အခဲတွေနဲ့
ကြုံရလိမ့်မယ်လို့ တခါမှထင်မထားခဲ့ဘူးအမေရယ်
အမေ့မြေးရန်ကုန်က အကြီးမကလည်း
သူတို့စက်ရုံတွေမှာအရင်ကလို
ဘာအခွင့်အရေး ဘာခံစားခွင့်ဘာမှမရှိဘူးတဲ့
လုပ်ချင်လုပ် မလုပ်ချင်ထွက်မို့
စိတ်ပျက်နေတယ်အမေရယ်
နိုင်ငံခြားသွားလုပ်ရင်ကောင်းမလား
အမေရယ်တဲ့
ညကဖုန်းဆက်တယ်
အမေ့မြေးကရိုးတယ်အေးတယ်
ပျော့တယ်အမေရဲ့ ကျမရော သူ့အဖေကပါ စိတ်မချလို့မလွှတ်တာပါ

အတူစုငတ်ကြတာပေါ့သမီးရယ်
လုပ်ရင်းငတ်ရ လှော်ရင်းတက်ကျိုးဆိုသလို ကပ်ဆိုက်တာလားပဲ
သမီးယောက်ကျားအလုပ်ကရော

သူ့သူဌေး မနေ့ကပြောတယ်တဲ့
မင်းတို့
လုပ်သက်ရင့် ၅ယောက် ကို တယောက် ဆန်တအိတ် တဝက်စျေးနဲ့တလတခါ
ပေးမယ်တဲ့ လုပ်အားခက အရင်က
စျေးတွေမတက်ခင်က တသောင်းကျော်နေ့တိုင်းရတယ်အမေ အဆင်ကိုပြေလို့
အခုကျတော့ တနေ့ကို ၇ထောင်ပဲရတာ
နယ်ကလူတွေမှ မလာကြတာကို

အငယ်မ အွန်လိုင်းစျေးသည်မကြီးလည်း မရောင်းရဲတော့ဘူးလေ
လက်ကျန်ပစ္စည်းလေးတွေ စျေးထဲက
ကိုဂျမားတို့ဆိုင်သွားထိုးပေးလိုက်ရတယ်
ခုမနက်ကစပြီး လက်ဘက်အကြော်ဆိုင်မှာ ပါကင်ထုပ်တဲ့အလုပ်သွားဆင်းတယ်အမေရေ့

အမေ့ (ခပ်တိုးတိုးအသံဖြင့်)

ပြောလေသားလေး ဘာလဲ

အဖွားက သူငယ်ပြန်နေပြီထင်တယ်
အမေပြန်မလာခင်က ဘာတွေပြောမှန်းမသိဘူး ဟင်းချက်မယ့်ဆီကို အိုးတွေနဲ့ထည့်ထားတာတဲ့

သားရယ် ရှေးတုန်းက တကယ်ဟဲ့ နင်ကလဲ ငါ့အမေသူငယ်မပြန်ပါဘူး

ထိုစဥ် ၇တန်းနဲ့ကျောင်းဆက်မတက်သူသံချောင်းလေးဝင်လာ၏

သံချောင်း ဘာလဲသားလေး

အဒေါ့်သား ဖိုးထိန်ကားရေဆေးမှာလားလူလိုလို့ ကျနော်နဲ့လိုက်လုပ်မလား

အေး သူငယ်ချင်း လုပ်မယ်ကွာ

သားလေးရယ် အသက်ဖြင့် ၁၂နှစ်ပဲရှိသေးတာ အဖွားနဲ့အိမ်မှာနေပါ

လုပ်မယ်အမေရယ် သံချောင်းပြောတာ
နေ့လည်စာကျွေးတယ်တဲ့အမေရဲ့

ဟုတ်တယ်ဒေါ်လေး

အေးပါ အေးပါ

ကဲမနက်လာခေါ်မယ်

အေးအေး

သန်းသန်းရေ ကျောင်းအုပ်ဆရာမကြီးအိမ်က အခုလာခဲ့ပါတဲ့

ဟုတ်လား မထွေး သွားလိုက်မယ်
မနေ့ကစောင်တွေလျှော်ပေးခဲ့တာ
ဟယ်အမေရေ ဆီသွားတန်းစီနေတာနဲ့
ရှေ့နေအိမ်က မနက်ဆယ်နာရီလာခဲ့ပါ
ငရုတ်သီးလှော်ထောင်းဘို့တဲ့
သွားပြီ မေ့တာ မေ့တာ

သန်းသန်းတယောက်
ဆရာမကြီး အိမ်သို့ရောက်သော်

သန်းသန်းရေ သဘက်ခါ ငါတို့အမေ
မွေးနေ့မှာဘုန်းကြီးဆွမ်းကပ်ပြီး
ဧည့်သည်တွေကိုဒန်ပေါက်ကျွေးမယ်
အဲ့ဒါ သန်းသန်းက ပန်းကန်လာဆေးပေးပါကွယ် အကျဥ်းချုံးပဲ ဖိတ်ထားတယ်
မများပါဘူး

ဟုတ်ကဲ့လာပါမယ်ဆရာမကြီး

ဆရာမကြီးအမေမွေးနေ့မနက် ၁၀နါရီ
ဖိတ်ထားတဲ့ဧည့်သည်တွေတဖွဲဖွဲရောက်လာကြ၏
သန်းသန်းတယောက်လဲ ခေါင်းမမော့အား ငုံ့ကာ ပန်းကန်များကို ဆေးနေရ၏
ဒန်ပေါက်ကျွေးမှာလို့ အိမ်ရှင်ဆရာမကြီးပြောလိုက်ကတည်းက သန်းသန်း
အကြံတခုပေါ်လာပြီး ကျွတ်ကျွတ်အိတ်
၂လုံးဝယ်လာကာ သူ့အနားချထား၏
တလုံးက စားပြီးသားဒန်ပေါက်ထမင်း
အကျန်တွေကိုထည့်၏
တလုံးကို ကြက်သားကြက်ရိုးအကျန်တွေကိုထည့်၏

ကဲ သန်းသန်းရေ ငါ့သားသမီးမြေးတွေလေ ဒန်ပေါက် ၅ ပွဲလောက်
ကျန် တာ သူတို့အိမ်ကိုခွဲဝေပြီး
ယူသွားကြသတဲ့ကွယ်
စိတ်မကောင်းလိုက်တာသန်းသန်းကိုမကျွေးရလို့
ရော့ပိုက်ဆံ ၃ထောင်ယူသွားနော်

ရပါတယ်ဆရာမကြီးကျမဒန်ပေါက်မကြိုက်ဘူးရှင့်
ပြန်ပြီနော်ဆရာမကြီး
ဟုပြောကာနောက်ဖေးပြန်ဝင်ပြီး
စားကျန်အထုပ်၂ထုပ်ကိုဆွဲ၍
အိမ်ဘေးကနေပြန်ခဲ့တော့သည်
သန်းသန်းစိတ်ထဲ ကျိတ်၍ပြုံးကာ
ကျေနပ်နေ၏ ဒန်ပေါက်မစားရခဲ့လို့လဲ
သန်းသန်းရဲ့စိတ်မှာ စိုးစင်းမျှ တပ်မက်
စိတ်မဖြစ်ပါ သူ့လက်ထဲဆွဲလာသည့်
အထုပ်၂ထုပ်ကိုသာ သူငုံ့ကြည့်ပြီးအိမ်အပြန်လမ်းပေါ် ကျေနပ်နေ၏

အိမ်ရောက်ချင်း အမေထမင်းဆာပြီလား ခဏလေး ခဏလေးဟု
ပြောကာ
မီးဖိုထဲဝင်သွား၏
ကြက်သားစားကျန်အထုပ်ထဲကကြက်သားများကိုဇလုံကြီးထဲသွန်ချကာ
အသားဖတ်များကိုခွာယူပြီးပန်းကန်လုံးလေးထဲထည့်၏
အတော်လောက်ရတော့မှ ဒန်ပေါက်ထမင်းစားကျန်အထုပ်ထဲက
ထမင်းကို နှစ်ပန်းကန်ခူး၏ သူစားမယ့်ပန်းကန်ထဲကိုတော့ဒန်ပေါက်ထမင်းကိုနဲနဲသာထည့်ပြီး အိမ်က ထမင်းဖြူနဲ့ရောနယ်လိုက်သည်

ကဲအမေလာ ထမင်းစားမယ်ထိုင်ပါ
အလှူအိမ်ကပေးလိုက်တာဒန်ပေါက်ထမင်း ဒါကကြက်သား

အေးလေအနံ့တော့ရသား ဘာနံ့ပါလိမ့်ပေါ့ အမေတွေးနေတာ

ထည့်လေ အမေ ကြက်သားဖတ်တွေ
အင့်

သမီးလည်းထည့်စားလေ

ရတယ် အမေစားပါ

အေးကွယ်စေတနာကောင်းလိုက်ကြတာ
ကျန်းမာချမ်းသာကြပါစေ
ကြက်သားကိုများ အသားနွှင်ပြီးချက်ထားတာနော် သမီး

သူ့အမေထံက ထိုစကားမထင်ပဲကြားလိုက်တဲ့သန်းသန်းတယောက်
ငပိရည်နဲ့ထမင်းနယ်နေရင်း ရင်ထဲဆို့နင့်သွားသည်
မျက်ဝန်းမှာလည်းမျက်ရည်တွေပြည့်လာ၏
သူ့ယောက်ကျားနှင့်သားလေးပြန်လာရင်စားဘို့ဒန်ပေါက်ထမင်းဇလုံကြီးကိုကြည့်ရင်း
ငါ သူတို့နှစ်ယောက်ကိုရော အမေ့ကိုညာကျွေးသလို ကျွေးရအုန်းမှာပါလား
ဘယ်လက်ဖြင့်ပါးပြင်ပေါ်ကျလာသည့်မျက်ရည်တွေကိုသုတ်ရင်း တွေးမိလေသည်။