” ဆင်သေမှု “
#ဖိုးကျော့
ဆင်ဆရာဝန်ဦးကျော်သောင်း ကညင်ချောင်းနားသို့ ရောက်လာချိန်မှာ သောင်ပြင်တွင် ဗုန်းဗုန်းလဲသေနေသော ဆင်ငွေမိုးအနားတွင် မန်နေဂျာ ဦးလှကျော်သာ အပြင်၊ လက်ထောက်မန်နေဂျာ နှစ်ယောက်နှင့်ဆင်အုပ်၊ ဆင်ခေါင်း၊ ဦးစီး၊ နောက်လိုက် စသည့် ဆင်သမားတစ်ဆယ်ကျော်တို့ကလည်း အမျိုးမျိုး ထင်မြင်ချက်ပေးကာ တစ်ယောက်တစ်ပေါက်နှင့် ဆူညံစွာ ပြောဆိုနေကြသည်။
ဆင်ဆရာဝန်အနားရောက်လာသည်နှင့်တစ်ပြိုက်နက် ငွေမိုးသေဆုံးရသည့် အကြောင်းအရင်းကို မန်နေဂျာဦးလှကျော်သာက ပြောပြလိုက်၏။
“ သူ့ဦးစီးကတော့ ရေဆင်ကိုက်လိုက်လို့ သေတယ်လို့ ပြောတာပဲဗျ၊ ဟုတ် နိုင်ပ,မလား ကြည့်စမ်းပါဦး။ ခင်ဗျားက ဆင်ဆရာဝန်ဘဝနဲ့ နယ်တကာစုံလာတော့ ခုလို ရေဆင်ကိုက်လို့သေတဲ့ ဆင်တွေကိုကော အရင့်အရင်က ခင်ဗျား တွေ့ဖူးလား ”
ကညင်ချောင်းထဲက ရေဆင်ကိုက်၍ သေနေသည်ဆိုသော ငွေမိုး ၏ခြေလက် များကို တစ်ချောင်းစီ ကိုင်တွယ် ရှာဖွေကြည့်နေသော ဆင်ဆရာဝန်က မန်နေဂျာ၏ စကားကြောင့် ခေါင်းမော့လာသည်။
“ ရေဆင်ကိုက်လို့ သေတယ်ဆိုတဲ့ ဆင်တွေကို ကျွန်တော်လည်း တစ်ခါမှ တော့ မတွေ့ဖူးပါဘူး။ ဒါပေမယ့် ဆင်သမားတွေ အတော်များများကတော့ ရေဆင်ရှိ တယ်ဆိုတာ ယုံကြည်နေကြတယ်။ ကျွန်တော်ချင်းတွင်းမှာ တစ်ခါကြုံဖူးတာနဲ့တော့ ခုအဖြစ်က တူနေသလို အရှိသားဗျ
“ ဟင် .. ဟုတ်လား၊ ဆရာဝန်ကြီး ပြောစမ်းပါဦး။ ဘယ်လို တူနေလို့လဲ”
“ ခုလိုပဲဗျ။ ချောင်းထဲကို ဆင်မောင်းချလိုက်တော့ ဆင်က အော်ပြီး ပြန်တက် ပြေးလာတာ။ သောင်ပြင်လဲ ရောက်ရော ချက်ချင်း ဗုန်းဗုန်းလဲသေတာပဲ
“ဒါ.. ဒါဆို ရေဆင် ကိုက်လိုက်လို့ သေတာ သေချာတာပေါ့ ”
“ အဲဒီလိုလည်း ကံသေကမ္မပြောလို့တော့ မရသေးဘူးဗျ၊ ရေဆင်ကိုက်တယ် ဆိုရင် ဒဏ်ရာတော့ တွေ့မှာပေါ့”
“ဟာ … ဝန်ထောက်မင်း၊ ရေဆင်အစွယ်က သေးသေးလေးဗျ။ ရေဆင်ကိုက် တယ်လို့ စကားအဖြစ်သာ ပြောကြပေမယ့် အမှန်က ရေဆင်က ကိုက်တာမဟုတ်ဘူး ဗျို့ အစွယ်နဲ့ ထိုးလိုက်တာဗျ။ ဆင်ကောင်ကြီး ကိုယ်ပေါ်မှာ ရေဆင်အစွယ်နဲ့ ထိုးလိုက် တဲ့ဒဏ်ရာကို ရှာတွေ့ဖို့ဆိုတာ ဘယ်လွယ်လိမ့်မလဲ၊ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာ”
မန်နေဂျာဦးလှကျော်သာနှင့် ဆင်ဆရာဝန်တို့ ပြောဆိုနေကြသည့်ထဲ ဆဆင်ခေါင်းဦးမြဝေက သူ့ကြားဖူးနားဝကို ဝင်ပြောပြန်၏။
* ရေဆင်အစွယ်က သေးသေးလေးလား” “ ဟုတ်ပါတယ်ခင်ဗျာ၊ မီးခြစ်ဆံလောက်ပဲ ရှိပါတယ် ”
“ ဒါဆို ခင်ဗျား ရေဆင်အစွယ်ကို မြင်ဖူးတာပေါ့နော်။ ရေဆင်အကောင်ကို ကော မြင်ဖူးသေးလား”
ဆင်ငွေမိုး၏ ခြေလက်များတွင် ရေဆင်ကိုက်လိုက်သော ဒဏ်ရာကို တွေ့လို တွေ့ငြား လိုက်ရှာနေသော ဆင်ဆရာဝန်ဦးကျော်သောင်းက ဆင်ခေါင်းဦးမြဝေဆီ,ဖျတ် ကနဲ့ လှည့်ကြည့်၍ မေး၏။
“ကျွန်တော်ကိုယ်တိုင်တော့ မမြင်ဖူးပါဘူး ဝန်ထောက်မင်း၊ ကျွန်တော့်အဘိုး က ပြောပြဖူးလို့ ကြားဖူးတာ ပြောတာပါခင်ဗျာ”
ရေဆင်အစွယ်ကို သူကိုယ်တိုင်ပဲ မြင်ဖူးသလိုလိုနှင့် အတည်ပေါက်ပြောနေသော ဆင်ခေါင်းဦးမြဝေ၏စကားကို ကြားရသောအခါ စောစောက သူ့ဆီအကြည့်ရောက်နေ ကြသော လူတွေအားလုံးမှာလည်း “ ဟင် ” ကနဲ့ သက်မ,ပြိုင်တူချလိုက်ကြကာ ဦးမြဝေဆီမှ ငွေမိုးခြေထောက်တွေပေါ် ဒဏ်ရာလိုက်ရှာနေသော ဆင်ဆရာဝန် ဦးကျော်သောင်းဆီ အကြည့် ရောက်သွားကြပြန်သည်။
“ ခြေလက်တွေမှာ ဒဏ်ရာတွေကတော့ အများကြီးပဲဗျ။ ပွန်းပဲ့ရာတွေကို လည်း အများအပြားတွေ့နေရတော့ ဘယ်ဟာက ရေဆင်ထိုးလိုက်တဲ့ ဒဏ်ရာရယ်လို့ ကံသေကမ္မပြောရခက်သားပဲဗျ
“ ဟုတ်ပါတယ်၊ မနက်က မုန်ထပြီး ဟိုအောင်း၊ ဒီအောင်းနဲ့ ဒီကောင်ကြီး အရမ်းသောင်းကြမ်းခဲ့တော့ ဒဏ်ရာတွေကတော့ အနှံ့အပြား ရှိမှာပဲဗျ”
“ ဟုတ်လား၊ အဲဒါကြောင့် ခြေလက်တွေမှာ အနာတရတွေ များနေတာကိုး”
“ အဲဒါဆို ကျောက်ဘီလူးကြီးဆီ ကျွန်တော်အစီရင်ခံစာထဲ ဘယ်လိုထည့် ရေးရင် ကောင်းမလဲ ဆရာဝန်ကြီး အကြံဉာဏ်ပေးပါဦး”
ဦးလှကျော်သာက ဆင်ဆရာဝန်ကို မေးသည်။
ဦးလှကျော်သာက “ ကျောက်ဘီလူးကြီး”ဟု ပြောလိုက်သူမှာ ခရိုင်မန်နေ ဂျာကြီးဦးဘသာကို ပြောခြင်းဖြစ်သည်။ ဦးဘသာမှာ အသားညို မျက်နှာပေါက်ဆိုးသည့် အပြင် ကျောက်ပေါက်တွေလည်းရှိသဖြင့် သူ့ကွယ်ရာတွင် “ ကျောက်ဘီလူးကြီး” ဟု သာ ခေါ်ဝေါ် ပြောဆိုတတ်ကြလေသည်။ ယခုဦးလှကျော်သာနှင့် ဆင်ဆရာဝန်တို့မှာ အဟိန်းအဟောက်,အလွန်ကြီးသော ကျောက်ဘီလူးကြီးဆီ မည့်သို့ အစီရင်ခံစာ တင်ရ လျှင် ကောင်းမည်နည်းဟု အကြံထုတ်နေကြသည်။
“ ရေဆင်ကိုက်လို့ ငွေမိုး သေပါတယ်ဆိုတာတော့ ကျောက်ဘီလူးကြီးက ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးဗျ၊ ရေဆင်ဆိုတာကို မယုံကြည်ဘူးလို့ အရင်ကတည်းက ကြေညာထားပြီးသား”
“ အေး .. ဗျာ၊ အဲဒါဆို ဘယ်လိုအစီရင်ခံစာ ရေးရရင် ကောင်းမလဲ”
ဦးလှကျော်သာ၏စကားကို ဆင်ဆရာဝန်ကလည်း ခေါင်းကုတ်သွား၏။
“ အေးလေဗျာ၊ ရေချလိုက်တော့ ရုတ်တရက် အပူရှပ်ပြီး သေတာပါလို့ပဲ အစီရင်ခံစာထဲ ရေးရင်ကော”
“ နို့… နေပါဦး၊ ခင်ဗျား စောစောကပြောတဲ့ ချင်းတွင်းဖျားမှာ ကြုံခဲ့ရတယ် ဆိုတုန်းကကော ဘယ်လို အစီရင်ခံစာ ရေးခဲ့ကြလဲ”
“ ချင်းတွင်းဖျားမှာတုန်းကတော့ အလုပ်နားချိန်မှာ ဆင်ဖျားနေတာ မသိလို့ ရေချမိတော့ ရုတ်တရက် အပူရှပ်,လေဖြတ်ပြီး သေတယ်လို့ ရေးမိလိုက်တယ်ထင်တာ .. ဪ…. ဪ …. သတိရပြီဗျို့၊ ရေထဲမှာ အင်မတန် အဆိပ်ပြင်းတဲ့ ဉာဏ်ဆိုတဲ့
မြွေတစ်မျိုးလည်း ရှိတတ်တော့ မြွေကိုက်လို့၊ ဉာဏ်ကိုက်လို့ သေသွားတာလည်း ဖြစ် နိုင်တယ်ဆိုပြီး အစီရင်ခံစာရေးတင်လိုက်ကြတယ် ထင်တာပဲ။ ကြာတော့ ကျွန်တော် လည်း ကောင်းကောင်း မမှတ်မိတော့ဘူး
မန်နေဂျာဦးလှကျော်နှင့် ဆင်ဆရာဝန်တို့က ခရိုင်မန်နေဂျာကြီးဆီ အစီ ရင်ခံစာကိစ္စ ပြောဆို,တိုင်ပင်နေကြချိန်မှာ ညနေတိုင်းလိုလို အမြဲမူးနေတတ်ကြသော လက်ထောက်မန်နေဂျာစောဟယ်ရီနှင့် ဖေသန်းမောင်တို့ လူငယ်နှစ်ယောက်မှာ ရေဆင် တကယ်ရှိမရှိ စူးစမ်းသိလိုကြစိတ်နှင့် ဆင်သမားများကို တစ်ယောက်ပြီးတစ်ယောက် အမေးအမြန်းထူနေကြသည်။ ။
“ ဒီလိုရှိတယ် အစ်ကိုကြီး ခု,ဆင်သမားတွေကတော့ ရေဆင်ကိုက်လို့ သေတယ်ဆိုတာ အခိုင်အမာကို ပြောဆိုနေကြတော့ ကျွန်တော်အကြံတစ်ခု ပေးချင် ပါတယ် ”
“ အကြံပေးချင်သည် ” ဆိုသော လက်ထောက်မန်နေဂျာစောဟယ်ရီကို ဦးလှကျော်သာနှင့် ဆင်ဆရာဝန်ဦးကျော်သောင်းတို့က
“ ပြောပါ ပြောပါ။ ခင်ဗျား အကြံဉာဏ်ကိုလည်း ပြောပါဦး”
လိုလိုချင်ချင် တောင်းခံလိုက်ကြသည်။
“ စောစောက ငွေမိုးကို စီးလာတဲ့ ဦးစီးကျော်စံကို ကျွန်တော် သေသေချာချာ မေးကြည့်တော့ ပထမ ဒီကညင်ချောင်းကို ဖြတ်ကူးခါနီးမှာ ငွေမိုးက ရေကို နှာခေါင်း နဲ့ နမ်းကြည့်ပြီး ရေဆင်နံ့ရလို့ ပြန်တက်ပြေးဖို့ လုပ်သေးတယ်ပြောတယ်။ ဦးစီးနှစ်
ယောက်က အတင်းအကျပ်မောင်းချလို့သာ ရေဆင်ရှိနေမှန်း သိလျက်နဲ့ ရေထဲဆင်းရ လို့ ရေဆင်ကိုက်ခံရတယ်ပြောတယ်။ ဟုတ်တယ်ဗျနော် ကိုကျော်စံ ”
“ ဟုတ်ကဲ့၊ ဟုတ်ပါတယ် ဝန်ထောက်မင်း”
“ ဟုတ်ပါတယ်ခင်ဗျာ၊ ကျွန် …. ကျွန်တော့်ဆင် ငွေမိုးကြီး ရေဆင်ကိုက်လို့ သေတာပါ ဟီးဟီး …”
လက်ထောက်မန်နေဂျာ၏ အမေးကို ဦးစီးကျော်စံသာမဟုတ်၊ ငွေမိုးဦးစီး ဘမောင်ကပါ ယခုထိ ငိုသံတစ်ဝက်နှင့် ထောက်ခံစကားဆိုနေ၏။
“ အဲဒီတော့ ခင်ဗျားက ဘယ်လိုအကြံဉာဏ်များ ပေးချင်လဲ ပြောပါဦး”
“ ခုလောလောဆယ် ဆင်တစ်ကောင်လောက် ဒီချောင်းနား မောင်းလာလို့ မရနိုင်ဘူးလား”
“ ထိန်ပင်စုမှာ ကိုယ်ကိုင်တဲ့ ပုဂ္ဂလိက ဆင်ပိုင်တွေ ရှိနေတာပဲ ရပါတယ်။ သူငယ်ချင်းက ဘာလုပ်ချင်လဲသာ ပြောပါ”
ဤနယ်မြေ သစ်ကွက်များကို ကိုင်တွယ်လုပ်နေရသော ဒုမန်နေဂျာ ဖေသန်းမောင်က စောဟယ်ရီကို ပြန်မေးလိုက်သည်။
ဦးလှကျော်သာ၊ ဆင်ဆရာဝန်နှင့် ဆင်သမားတွေ အားလုံး၏ အကြည့်က လက်ထောက်မန်နေဂျာ နှစ်ယောက်ဆီ ရောက်သွားကြပြန်သည်။
“ ဒီလိုလေ သူငယ်ချင်း၊ ဒီ,ကညင်ချောင်းမှာ ရေဆင်အမှန်ရှိတယ်ဆိုရင် ဘယ် ဆင်ကိုမှ အသာတကြည် ရေချလို့ မရဘူးဆို မဟုတ်လား။ အဲဒါကြောင့် ဆင်တစ်ကောင် ကောင်ကို စမ်းပြီး ချောင်းကို ဖြတ်ကူးခိုင်း ကြည့်ရင် ကောင်းမလားလို့ ”
“ အေး .. ဟုတ်တယ်ဗျာ၊ သူငယ်ချင်း အကြံကောင်းတယ်။ ကဲ … ဆင်အုပ်ကြီး ဦးဩ ထိန်ပြင်စု ဆင်ဝိုင်းကို ခုသွားဗျာ၊ ဘယ်လူ့ ဆင်ဖြစ်ဖြစ် မိုးမချုပ်ခင် ကညင်
ချောင်းနား ဆင်တစ်ကောင်ကောင်ကို မောင်းလာခဲ့ပါလို့ ဦးရွှေတို့အဖွဲ့ကို ကျုပ်မှာတယ် ပြော။ ကဲ … အချိန်ရှိတုန်း သွားလိုက်ဗျာ”
လက်ထောက်မန်နေဂျာဖေသန်းမောင်၏ အမိန့်အတိုင်း ဆင်အုပ်ကြီးဦးသြ က ထိန်ပြင်စု ဆင်ဝိုင်းဘက် ချက်ချင်းထွက်သွားသည်။
“ ဟေး .. ဦးဩ ခဏ၊ ခဏ”
“ ဟုတ်ကဲ့ ဝန်ထောက်မင်း”
ဆင်အုပ်ဦးဩက ထွက်သွားရန် ပြင်နေသော ခြေလှမ်းကို ရပ်၍ ဦးလှကျော်သာ ရှေ့လာရပ်ပြန်၏။
““ ခင်ဗျား ဟိုကို ရောက်ရင် ထိန်ပြင်စုက ဆင်သမားတွေကို ခု,ကညင်ချောင်း မှာ ဒီလို ဒီလို ရေဆင်ပြဿနာပေါ်နေတယ်ဆိုတာ လုံးဝကို မဟလိုက်နဲ့နော်၊ သိရင် ဘယ်ဆင်သမားမှ လိုက်ရဲမှာ မဟုတ်ဘူး။ ခင်ဗျားပြောရမှာက ကျောက်တစ်လုံး သစ် ထုတ်လုပ်ရေးမန်နေဂျာက ခုချက်ချင်း ပြောခိုင်းလိုက်တယ်။ ဒါပဲပြော။ ခုချိန်ဆို ဒီလူ တွေ အရက်ဝိုင်းတော့ စကြသေးမှာ မဟုတ်ဘူး။ ဆင်ပြန်ကောက်လည်း နိုင်ပါသေး တယ်။ ဆင်ရေချချိန်ပဲ ရှိသေးတာ သွား … သွား။ ဒီ … ဒီ ပြဿနာကိုတော့ လုံးဝကို မဟလိုက်နဲ့နော်။ ဟိုကသိလို့ စုပြုံလိုက်လာကြရင်လည်း ပြဿနာက ရှုပ်နေဦးမယ် ”
မန်နေဂျာဦးလှကျော်သာက တွေးတွေးဆဆနှင့် ဆင်အုပ်ကြီးကို ကြားဖြတ် ဝင်မှာ၍ လွှတ်လိုက်ရသည်။
“ ကိုဖေသန်းမောင်နှင့် စောဟယ်ရီတို့ကို ကျွန်တော်တစ်ခုပြောဦးမယ် ”
“ ဟုတ်ကဲ့ … အစ်ကိုကြီး ပြောပါ”
ဆင်အုပ်ကြီးဦးဩထွက်သွားပြီးမှ ဘာအကြံပေါက်ပြန်သည်မသိ၊ မန်နေဂျာ ကြီးက သူတစ်ခုပြောဦးမည်ဟု ဆိုလာပြန်သည်။
“ပုဂ္ဂလိက ဆင်တွေနဲ့ ဖြစ်ပါ့မလား။ ကညင်ချောင်းထဲ ထပ်ကူးခိုင်းလို့ မတော် တဆ ရေဆင်ကိုက်လိုက်ပြန်ရင် ပြဿနာက ကျွန်တော်နဲ့ကျောက်ဘီလူးကြီးတို့ ထိပ်တိုက်တွေ့ကြမယ့် ကိစ္စနော်။ ပုဂ္ဂလိက ဆင်ဆိုတော့ လျော်ကြေး … ‘
“ မဟုတ်ဘူးလေ အစ်ကိုကြီး ချက်ချင်းတော့ ဘယ်ရေထဲ ဇွတ်ဆင်းခိုင်းပါ့ မလဲ။ ဒီချောင်းထဲ ရေဆင်အမှန်တကယ် ရှိမရှိ အရင်ဦးဆုံး အနံ့ခံကြည့်ခိုင်းမယ်လေ။ ရေဆင်ချောင်းထဲရှိနေရင် ကုန်းဆင်တွေက သိတယ်ဆိုတာကိုး။ အဲဒီဆင်,အနံ့ခံကြည့် ပြီး ချောင်းကိုမကူးရဲဘဲ ပြန်တက်ပြေးလာတယ်ဆိုရင် ဒါသေချာပြီပေါ့ မဟုတ်လား။ ကျွန်တော်ပြောတာ အစ်ကိုကြီး ကလီးယား (Clear ) ဖြစ်ပါတယ်နော် ”
“ ခင်ဗျားပြောတာလည်း သဘာဝကျပါတယ်။ ကဲ .. ဦးကျော်သောင်းကော ဗျာ။ ဘယ်လိုသဘောရလဲ ပြောပါဦး”
“ ကျွန်တော်လည်း ဒီရေဆင်ဆိုတာ ဆင်သမားတွေ အတော်များများ ပြော လာကြတာရယ်။ ချင်းတွင်းဖျားမှာ တစ်ခါကြုံလာဖူးတာရယ်၊ ခု .. ခင်ဗျားတို့ ဒီကညင် ချောင်းမှာပါ တစ်ခါကြုံနေရပြန်တော့ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် စောဟယ်ရီတို့၊ ဖေသန်းမောင်တို့ ပြောသလို စမ်းသပ်ကြည့်ကြဖို့ဆိုတဲ့အပိုင်းက ခင်ဗျားတို့ မန်နေဂျာ တွေ အပိုင်းပါ။ ကျွန်တော်နဲ့က သိပ်မ ….”
“ ဟာ .. ဆရာဝန်ကြီးကလည်း အစ်ကိုကြီးဦးလှကျော်သာ ပြောလိုက်တာနဲ့ ကျောက်ဘီလူးကြီးမျက်နှာ သွားမြင်ပြန်ပြီထင်တယ်။ ဟဲ . ဟဲ၊ ခု ဖေသန်းမောင်နဲ့ ကျွန်တော်တို့ ဆုံးဖြတ်ထားကြတယ်။ ဒီ,ကညင်ချောင်းထဲမှာသာ ရေဆင် အမှန်တကယ် ရှိရင် ကျွန်တော်တို့ နည်းမျိုးစုံနဲ့ ရအောင်ကို ရှာမယ်ဗျာ။ အဲဒီအတွက်လည်း ဆင်သမား တွေကို အများကြီး မေးမြန်းစုံစမ်းသုတေသန လုပ်ကြရဦးမှာ။ တကယ်လို့ ဆင်ဆရာဝန်ကြီးတို့၊ ကျွန်တော်တို့ ပူးပေါင်း ရှာကြံကြလို့ ရေဆင်ကို တကယ်ရပြီ၊ တကယ်ဖမ်းမိပြီဆိုရင် သစ်ထုတ်လုပ်ရေး သမိုင်းမှာ ရွှေစာမျက်နှာသစ်ပဲဗျ။ ဆရာဝန်ကြီးအနေနဲ့ လည်း တိမွေးကုသမိုင်းမှာ ကမ္မည်းတင် မော်ကွန်းထိုးရမယ့်နေ့ မဟုတ်ဘူးလားဗျာ”
“ စောဟယ်ရီပြောတာ ဟုတ်တယ်နော် ဆရာဝန်ကြီး၊ လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးတဲ့ဗျ။ မဖြစ်သေးတာပဲ ရှိတယ်လို့ ပညာရှင်များ …….”
“ အေးပါဗျာ၊ ပညာရှင်များ အဆိုအမိန့်ရှိတယ်ပဲ ထားလိုက်ပါတော့။ လော လောဆယ်မှာ ကျုပ်က ကျောက်ဘီလူးကြီးမျက်နှာမြင်မိပြီး တော်တော် ဦးနှောက် ခြောက်နေပြီ၊ အစီရင်ခံစာ မတက်လာခင် သတင်းက အရင်ရောက်သွားပြန်ရင်လည်း တစ်ပြဿနာ။ မုန်ဆင်ကို ကျုပ်ကလည်း ခိုင်းမိပြီးသား ဖြစ်နေမိတော့ ဦးနှောက်က ကြောက်သလားမမေးနဲ့တော့။ ဘာလုပ်ရမှန်းတောင် မသိသလောက်ဘဲ ”
“ လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဖြစ်သေးတာပဲ ရှိတယ်လို့ ပညာ ရှင်များ အဆိုအမိန့် ရှိတယ် ” ဆိုသည်မှာ ဖေသန်းမောင်၏ပြောနေကျ လက်သုံးစကား။ ဖန်တစ်ရာတေအောင် ကြားဖူးထားသော စကားကို သိထားသူ မန်နေဂျာဦးလှကျော်သာက စိတ်ရှုပ်ရှုပ်နှင့် ပြောပစ်လိုက်၏။
“ဟဲ . ဟဲ .. အစ်ကိုကြီးကလည်း ဒီလောက် ဝါရီမများစမ်းပါနဲ့။ ခု ဆင်ဆရာဝန်ကိုယ်တိုင်လည်း,ရောက်နေ၊ စစ်ဆေးနေပြီပဲဗျာ။ တစ်ခုခု ကြံဖန်တင်လိုက်ရင် ရပါတယ်။ နောက်ဆုံး ဆရာဝန်ကြီးပြောသလို ရေဆင်ကို ရှာမတွေ့တောင် ရေထဲက အဆိပ်ပြင်းမြွေတစ်မျိုး၊ ဘာတဲ့ ဆရာဝန်ကြီး ဉာဏ်မြွေ,ဟုတ်လား။ အဲဒီ မြွေကိုက်လို့ ငွေမိုး သေတယ်ပေါ့ဗျာ။ ဘယ်လူ ဘာတတ်နိုင်တာ မှတ်လို့ ” ၊
ဖေသန်းမောင်မှာ လူငယ်ဖြစ်သည့်အပြင် အရက်ကလည်း မူးနေရာ သူထင် ရာ မြင်ရာကို ဒိုးဒိုးဒေါက်ဒေါက် ပြောချလိုက်သည်။
ထိုအချိန်မှာပင် ထိန်ပြင်ကွင်းစခန်းမှ ဆင်တစ်ကောင်နှင့် ဆင်အုပ်ဦးဩ၊ ဆင်ဦးစီးဦးရွှေတို့ ရောက်လာကြသည်။ ကညင်ချောင်းနားက လူအုပ်နှင့် သောင်ပြင် တွင် ဗုန်းဗုန်းလဲသေနေသော ဆင်ငွေမိုးကို မြင်လိုက်ရသောအခါ ဦးရွှေမှာ အံ့သြသွား သည်။ သူ့ဆင်ကို လက်ထောက်မန်နေဂျာဖေသန်းမောင်ရှေ့ စီးချလာပြီး ….
“ဝန်ထောက်မင်း အခေါ်လွှတ်လိုက်တယ်ဆိုလို့ပါ။ ဘာဖြစ်ကြလို့ပါလဲ ခင်ဗျာ”
“ ဒါတွေ ကျွန်တော်နောက်မှ ပြောပြမယ်။ ခု ခင်ဗျား,ဆင်ကို ဒီကညင်ချောင်း ဟိုဘက်ကမ်း မောင်းသွားပေးစမ်းပါ။ ဟိုဘက်ကမ်းရောက်တော့ ဘာဆက်လုပ်ရမလဲ ဆိုတာ ကျုပ်ထပ်ပြောပါ့မယ် ”
ဘာဖြစ်နေကြမှန်း မသိသေးသော်လည်း သူ့လုပ်ကွက်ပိုင် မန်နေဂျာ ဖေသန်းမောင်က ချောင်းဟိုဘက်ကမ်း မောင်းသွားစမ်းပါ ဆိုတော့လည်း ဆင်ဦးစီးဦးရွှေမှာ “ ဟုတ်ကဲ့ ”ဟုသာ ပြောလိုက်ကာ သူ့ဆင်ကို ဒူးပေးခိုင်းလိုက်သည်။
“ ဟ .. ဟ ရွှေသာ၊ ငါ ဆင်းပါရစေဦးတဲ့ ”
ဦးရွှေ ဆင်က ကညင်ချောင်းဘက် ခြေတစ်လှမ်း အစမှာပင် ဆင်ပေါ်ပါလာ သူ ဆင်အုပ်ဦးဩက ကြောက်ကြောက်နှင့် ကမန်းကတန်း ဆင်ပေါ်က တွဲဆင်းခုန်ချ လိုက်သည်။
“ ခင်ဗျား မလိုက်တော့ဘူးလား ”
ဟု ဦးရွှေက မေးသည်ကိုပင် ဦးဩ မှာ မျက်နှာအပျက်ပျက်နှင့် လက်သာခါပြလိုက်သည်။ ။
ဘာမှန်း ညာမှန်း မသိသေးသော ဦးရွှေသည် သူ့ဆင်ကို ကညင်ချောင်းနား ဘက် စီးချသွားသည်။
“ ဒီကောင်ဖေသန်းမောင်တော့ မူးမူးနဲ့ ဇွတ်လုပ်နေပြီ။ စောစောကပင် မတား မိလိုက်တာ မှားတာပဲ။ တကယ်လို့ ဦးရွှေဆင်ကိုပါ ရေဆင်က ကိုက်လိုက်ရင် တော့
” ဟူသော အတွေးနှင့် မန်နေဂျာဦးလှကျော်သာမှာ ရင်တမမနှင့် ကြည့် နေသလို ဆင်ဆရာဝန်၊ ဆင်သမားများနှင့် စောဟယ်ရီ၊ ဖေသန်းမောင်တို့ကလည်း အသက်ပင် မရှုမိကြတော့ဘဲ ဦးရွှေနှင့် သူ့ဆင်ကိုသာ မျက်တောင်မခတ် ကြည့် နေမိကြလေသည်
ဦးရွှေသည် သူ့ဆင်ကို ကညင်ချောင်းနားသို့ ဖြောင့်ဖြောင့်တန်းတန်းပင် စီး ချသွား၏။ ဝိုင်းကြည့်နေကြသော လူအုပ်ရှိရာ သောင်ပြင်နှင့် ကညင်ချောင်းရေမှာ ဆင် ခြေလှမ်း ဆယ်လှမ်းပင် မရှိသဖြင့် ဦးရွှေဆင်သည် ရေကို မြင်သည်နှင့် ချက်ချင်း နှာမောင်းဖြင့် ချောင်းရေကို စုပ်ယူကာ သူ့သခင်ဦးရွှေအား မှုတ်၍ ကျီစယ်လိုက်သည်။
“ ဟောင်နော် ….. ဟောင်၊ ထော် …. တော် ….”
ဦးရွှေက သူ့ဆင်ကို အမိန့်ဆက်ပေးပြီး ကညင်ချောင်းရေကို ဖြတ်ကူးရန် ရေထဲ,မောင်းချလိုက်သည်။ သို့သော် ဦးရွှေ၏ဆင်က ရေကိုပင် တစ်လှမ်း မဆင်းရ သေးခင် “ကျွီ” ကနဲ့ တစ်ချက်အော်ကာ သောင်ပြင်ပေါ် ပြန်တက်ပြေးလာသည်။ ထို အခါ ဦးလှကျော်နှင့် လူတွေအားလုံးတို့မှာ ချက်ချင်း မျက်လုံးပြူးသွားကြလေ သည်။
“ ဟောင်နော်၊ ဟောင် … ဟောင်၊ ထော်ဆို။ ထော်စမ်း”
“ ဟေ့ .. ဟေ့ … ဦး … ဦးရွှေ၊ တော်တော့၊ တော်တော့ ဆင် .. ဆင်ကို ရေထဲ မဆင်းစေနဲ့ ဆင်ကို ရေထဲမချလိုက်နဲ့။ ရေထဲမှာ ရေဆင်ရှိနေတယ်။ ဆင်ကို ရေထဲ မဆင်းစေနဲ့ ”
ဤတစ်ခါတော့ ဖေသန်းမောင်ပင် အမူးပြေသွားပြီ။ သူ့ဆင်ကို ကညင်ချောင်း ထဲချပြီး အတင်းဖြတ်ကူး ခိုင်းနေသော ဦးရွှေကို ဖေသန်းမောင်က ကမန်းကတန်း အော်ဟစ်,ဟန့်တား ထားလိုက်ရသည်။
ရေဆင်ဟူသော ဖေသန်းမောင်အသံကြောင့် ဆင်ဦးစီးဦးရွှေ မင်တက်မိသွားပြီး သူ့ဆင်ကို မနည်းထိန်းထားလိုက်ရသည်။
“ ဝန်ထောက်မင်း၊ ဒီချောင်းထဲ ရေဆင်ရှိနေတယ် ဟုတ်လား ”
“ ဟုတ်တယ်၊ ဟိုမှာ တွေ့လား ရေဆင်ကိုက်လို့ တစ်ကောင်သေနေတာ ”
“ ဟာ..ဗျာ.. ခင်ဗျား တော်တော် ရက်စက်တာပဲဗျ။ ကျုပ်က ခင်ဗျားကို..”
“ ဦးရွှေ၊ ခင်ဗျား စိတ်ဆိုးမယ်ဆိုတာ ကျုပ် ကြိုတင်သိပါတယ်ဗျာ။ ခုနေ ခင်ဗျား ကျုပ်ကို မကျေနပ်ရင် ဆဲ ရိုက်သွားဗျာ။ ဒီပြဿနာက ဒီလိုမှ မရှင်းရင် ဘယ်လိုမှမရနိုင်လို့ပါ။ နောက်တော့ ခင်ဗျားကို ကျုပ်,သေသေချာချာ လာပြီး ရှင်းပြ
“ ခင်ဗျား ဘာမှ ရှင်းပြနေစရာ မလိုဘူး။ တော်ပြီဗျာ၊ ခုပဲ ကျုပ်,ထိန်ပြင်ဝိုင်း က ထွက်သွားပြီ မှတ်လိုက်ပါ။ လုပ်ရက်တယ်ဗျာ …..”
ဦးရွှေက မန်နေဂျာဦးဖေသန်းမောင်ကို အကြီးအကျယ် စိတ်ဆိုးဒေါသ ဖြစ်သွားသည်။ ထို့ကြောင့်လည်း “ ခင်ဗျား၊ ကျုပ် ” နှင့် ပြောကာ အိမ်ပြန်သွားပြီဟု ယတိ ပြတ်ပြောသွားလေသည်။ ။
သို့သော် ဖေသန်းမောင်ကမူ တဟား … ဟား .. ရယ်ကာ
“ ဦးရွှေ ခင်ဗျား ကို ကျုပ် တောင်းပန်ပါတယ်။ ကျုပ်အကြောင်း ခင်ဗျားသိပါတယ်။ ခင်ဗျားကို ကျုပ် ထပ်ပြီးတောင်းပန်ပါရစေ။ ခင်ဗျားနဲ့ကျုပ်က ရက်စက်ရမယ့်လူမဟုတ်ပါဘူးဗျ။ အခြေအနေ အရပါ၊ ကျေပါဗျာ၊ ဦးရွှေ ကျေပါ။ ဝိုင်းက ထွက်မသွားပါနဲ့။ ခင်ဗျားနဲ့ ကျုပ်က အမြဲဇေပိစ် ( Peace) ဇေပစ်ပါဗျာ။ ခင်ဗျားအိမ်ကို လာပြီး ကျုပ်နောက်တော့ ရှင်းပြပါရစေ”
မန်နေဂျာဖေသန်းမောင်က ဆင်ဦးစီး၊ ဆင်ပိုင်ရှင်ဦးရွှေအား အောက်ကျ နောက်ကျခံကာ တောင်းပန်နေသော်လည်း ဦးရွှေကား သူ့ဆင်ကို မောင်းကာ၊ စိတ် ဆိုး,မာန်ဆိုးနှင့်သာ ထွက်သွားလေသည်။ သူ့ဆီမှာလည်း အလုပ်မလုပ်တော့ကြောင်း၊ ယတိပြတ် ပြောသွား၏။
ထို့ကြောင့် ဦးလှကျော်သာမှာ ဖေသန်းမောင်ကို အားနာကာ ….
“ ဦးရွှေတော့ ခင်ဗျားကို တော်တော် စိတ်ဆိုးသွားပြီ။ စိတ်မကောင်းစရာ
“ ဒါအရေးမကြီးပါဘူး အစ်ကိုကြီးရာ။ ဦးရွှေနှင့် ကျွန်တော်က ပြေလည်ရာ ပြေလည်ကြောင်းတွေ အများကြီး ရှိပါတယ်။ အရွယ်ကလည်း သမီးယောက္ခမ အရွယ် တွေပဲ ဟဲ . ဟဲ။ ဘာစိတ်ဆိုးစရာမှတ်လို့။ မကြာခင် ဦးရွှေ သဘောပေါက်ပြီး ဆင်ဝိုင်း ထဲ ပြန်လာပါလိမ့်မယ်။ အဲဒါ အကြောင်းမဟုတ်ဘူး။ ကဲ … ဆရာဝန်ကြီး ‘
“ မူးမူးရူးရူးနဲ့ ထင်ရာ,ဇွတ်ပြော၊ ဇွတ်လုပ်နေသော ဖေသန်းမောင်ကို ဆင် ဆရာဝန်က “ ဒီငမူးနဲ့တော့ ပြဿနာပဲ” တူသော အကြည့်နှင့် ကြည့်နေ၏။
“ကဲ … ခုဆင်သမားတွေရော၊ မန်နေဂျာ၊ ဆင်ဆရာဝန်ကြီးပါ ဒီကညင်ချောင်း ထဲမှာ ရေဆင်ရှိနေတယ်ဆိုတာ လက်ခံကြပြီနော်။ ဒီတော့ ကျောက်ဘီလူးကြီး ဆီကို အစ်ကိုကြီးက ငွေမိုးကို ရေဆင်ကိုက်လို့ သေတယ်ဆိုတာ အမှန်ဖြစ်ကြောင်း မနက်ဖြန်ခါ အစီရင်ခံစာ တင်လိုက်တော့။ သူမယုံရင် ဒီကိစ္စ ဖေသန်းမောင်နဲ့ ရှင်းကြ လို့ ပြောလိုက် အစ်ကိုကြီးရာ။ ဖေသန်းမောင်နဲ့ စောဟယ်ရီဆိုတဲ့ ငနဲနှစ်ကောင်က ဒီတစ်ပတ်,နှစ်ပတ် အတွင်းမှာ ကညင်ချောင်းထဲက ရေဆင်ကို အရှင် …
အေး ရှင်ရှင်၊ သေသေ ယူလာပြမယ်။ သစ်ထုတ်လုပ်ရေးသမိုင်းမှာ တိမွေးကု ဟစ္စထရီ (History) မှာ ဒီနေ့ ဒီအချိန်ကစပြီး ရွှေစာမျက်နှာအသစ် ဖွင့်လိုက်ပြီ၊ .. ဒါ . ဒါနဲ့ ဆင် သမားတွေဒါ့ …”
ဖေသန်းမောင်က သူ့စကားကို ခဏရပ်ပြီး သူ့အနားတွင် ဆင်သမားများကို ရှာကြည့်သည်။ ဆင်သမား အားလုံးနီးနီးမှာ ရေဆင်ကို မြင်လိုမြင်ငြား၊ တွေ့လိုတွေ့ ငြား ကညင်ချောင်းနားပြေးပြီး စောစောက ဦးရွှေဆင် တက်ပြေးလာရာနားတစ်လျှောက် သွားပြီးကြည့်နေကြသည်။ ထို့ကြောင့် ဖေသန်းမောင်နှင့် မန်နေဂျာ၊ ဆင်ဆရာဝန်အနား တွင် မည်သူမျှ မရှိကြတော့။
ဤသည်ကို ဖေသန်းမောင်က ဒေါသထွက်ပြီး မူးမူးနှင့် ချောင်းနားပြေးလိုက် သွားကာ ဆင်သမားတွေကို ချောင်းရေထဲ အတင်းတွန်းချနေသည်။
“ကဲ … ဆင်းကြ၊ ဆင်းကြည့်ကြစမ်း။ ဒီလောက်တောင် ရေဆင် ကြည့်ချင် နေကြတဲ့လူတွေ။ ဆင်းကြ၊ ဆင်းကြည့်ကြ”
“ ဟာ.. ကို .. ကိုဖေသန်းမောင် တော်တော့ … တော်တော့ဗျာ။ စောဟယ်ရီ ခင်ဗျားသူငယ်ချင်းကိုလည်း ထိန်းဦးလေဗျာ။ အားလုံး ဒုက္ခတော့ ရောက်ကုန်ကြတော့မှာပဲ
ဤဌာနတွင် တာဝန်အရှိဆုံးဖြစ်သော ဦးလှကျော်သာက စိုးရိမ်တကြီးနှင့် ဆင်သမားများကို ရေထဲ,အတင်းတွန်းချနေသော ဖေသန်းမောင်ကို အော်ဟစ် သတိ ပေးလိုက်သလို ဟယ်ရီကိုလည်း အကူအညီတောင်း ထိန်းခိုင်းလိုက်ရသည်။
ဖေသန်းမောင်က မူးမူးနှင့် ရေထဲမှအတင်းတွန်းချခံနေကြရသော ဆင်သမား တွေမှာ မန်နေဂျာကြီးဦးလှကျော်သာဆီ ပြေးလာကြပြီး ကြောက်ကြောက်နှင့် စုရပ် လုပ်နေကြ၏။ ကညင်ချောင်းနားရောက်နေသော ဖေသန်းမောင်ကို စောဟယ်ရီက တွဲဆွဲ ( ဇက်ခတ် ) သွားရသည်။
ဒယီးဒယိုင်နှင့် စောဟယ်ရီနောက် ကန့်လန့် ကန့်လန့် ပါလာသော ဖေသန်းမောင်က ဆင်သမားတွေကို အော်ဟစ် အမိန့်ပေးနေပြန်သည်။
“ ကျုပ် … ပြောမယ်၊ ခင်ဗျားတို့ ဆင်သမားတွေ အားလုံး နားထောင် ဒီ .. ဒီနေ့တော့ အချိန်မရှိတော့ဘူး။ မနက်ဖြန်ခါ ရေဆင်နဲ့ ပတ်သက်လို့ တွေ့ဖူးတဲ့ ဆင်သမား၊ မြင်ဖူး၊ ကြားဖူး၊ ကြုံဖူးတယ်ဆိုတဲ့ ဆင်သမားတွေကို ခင်ဗျားတို့ဆင်ဝိုင်းတွေမှာ ရအောင်ရှာပြီး မနက်ဖြန် ကျုပ်,ရုံးခန်းကို လွတ်လိုက်ကြ။ ဒီကညင်ချောင်းထဲက ရေဆင် ကို ဒီ,မန်နေဂျာ ဒီ,ဆင်ဆရာဝန်တွေက တစ်ပတ် နှစ်ပတ်အတွင်း ရအောင် ဖမ်းပြမယ်။ အားလုံး ကြားကြရဲ့လား”
“ ကြားပါတယ် .. ဝန်ထောက်မင်း “
“ အေး .. ဒါပဲ၊ ကျုပ်တို့ သမိုင်းမော်ကွန်းတင်ရမယ့် စာမျက်နှာသစ်ကို ဒီနေ့၊ ဒီအချိန်ကစပြီး ဖွင့်လှစ်လိုက်ပါပြီဗျို့… အောင်ရမည်၊ အောင်ရမည် ဟဲ . ဟဲ။ အားလုံး လက်ခုပ်တီး ပြန်ကြတော့”
ဆင်သမားများ အားလုံး ဖေသန်းမောင်အမိန့်ပေးသလို လက်ခုပ်တီး ပြန်သွား ကြချိန်တွင် ဦးလှကျော်သာနှင့် ဆင်ဆရာဝန်ဦးကျော်သောင်းတို့က လက်ထောက် မန်နေဂျာဟယ်ရီအား “ ခင်ဗျားလူ တော်တော်မူးနေပြီ၊ ထိန်းခေါ်သွားဗျာ”ဟု တီးတိုး ကပ်ပြောလိုက်ကြရလေသည်။
လက်ထောက်မန်နေဂျာဖေသန်းမောင်၏ ရုံးခန်းထဲသို့ ဦးဆုံးရောက်လာသူမှာ သစ်ရာပင်,ဆင်ဝိုင်းမှ ငထီးလှ ဖြစ်သည်။ ဖေသန်းမောင်က သူ့ကို တစ်ချက် ကြည့်ပြီး “ လာ သူငယ်ချင်း,ထိုင် ”ဟု မျက်နှာ,စပ်ဖြီးဖြီးနှင့် ပြောလိုက်သောအခါ ငထီးလှမှာ ပို၍ အနေရအထိုင်ရခက်သွားသည်။ ထို့ကြောင့် လက်ထောက်မန်နေဂျာ
ဖေသန်းမောင်က “လာ သူငယ်ချင်း,ထိုင်”ဟု ဆိုသော်လည်း ရုတ်တရက် မထိုင် သေးဘဲ ဖေသန်းမောင်၏မျက်နှာကိုသာ ခပ်ကြောင်ကြောင် ကြည့်နေသည်။
ဤလက်ထောက်မန်နေဂျာသည် ကိန်းကြီး ခန်းကြီးမရှိ၊ ဆင်သမား အားလုံး ကိုလည်း သူငယ်ချင်းပေါင်း,ပေါင်းသည်ဟူသော စကားများကိုတော့ ဆင်သမားများ အချင်းချင်း,ဆီက ကြားထားဖူးသည်။ သို့သော် ယခု ငထီးလှမှာ ဤမန်နေဂျာငယ်နှင့် တစ်ခါမှ စကားပြောဖူးကြခြင်း မရှိသလို၊ မျက်နှာသိလည်း မဟုတ်သဖြင့် ကြောင်အမ်း အမ်းဖြစ်ကာ ဖေသန်းမောင်မျက်နှာကိုသာ ကြည့်နေတုန်း။
ရုံးအဖွဲ့သားများကမူ ဆင်သမားများနှင့် ဖေသန်းမောင်၏ ဆက်ဆံရေးကို သိပြီးသား ဖြစ်နေကြသဖြင့် မည်သူကမျှ အလေးမမူကြ။ မိမိအလုပ်ကိုသာ ဆက်လုပ် နေကြသည်။
“ သူငယ်ချင်းက ဘာကိစ္စပါလိမ့်”
“ ကျွန်တော် သစ်ရာပင်,ဆင်ဝိုင်းကပါ ဝန်ထောက်မင်း၊ ဆင်းခေါင်း ဦးထွန်းခ က ရေဆင်နှင့် ပတ်သက်လို့ ဝန်ထောက်မင်းဆီ သွားရမယ်ဆိုလို့ လာပါတယ် ”
“ ဟော …” ဟု ဖေသန်းမောင်ပါးစပ်က အသံထွက်သွားပြီး သူရေးနေသော,ဖောင်တိန်ကို ပစ်ချကာ ချက်ချင်း ငထီးလှဆီ ရောက်လာသည်။
“ ဟုတ်တယ် သူငယ်ချင်း၊ ထိုင် ထိုင်” ပုခုံးကို လှမ်းဖက်၍ ငထီးလှကို ချက်ချင်း ပြန်ထိုင်ခိုင်းသည်။
“ကဲ ….. သူငယ်ချင်း မြင်ဖူးတဲ့ ရေဆင်အကြောင်း ပြောပြစမ်းပါဦး၊ မနေ့က ငွေမိုးကို ရေဆင် ကိုက်လိုက်လို့ သေတယ်ဆိုတာတော့ ခင်ဗျား ကြားပြီးပါပြီနော် ”
“ ဟုတ်ကဲ့ ခင်ဗျား၊ ကြားပြီးပါပြီ ”
“ ဟုတ်ပြီ၊ အဲဒါဆို ခင်ဗျားမြင်ဖူးတဲ့ ရေဆင်အကြောင်း ပြောပြစမ်းဗျာ၊ ခင်ဗျား ရေဆင်ကို ဘယ်အရပ်မှာ မြင်ဖူးတယ်၊ ဘယ်လို ရဖူးတယ် ဆိုတာတွေ …”
“ ကျွန်တော် ရေဆင်ကို မမြင်ဖူးပါဘူး ခင်ဗျား”
“ ဗျာ … ခင်ဗျား ရေဆင်ကို မမြင်ဖူးဘူး”
“ ဟုတ်ကဲ့ပါ ဝန်ထောက်မင်း၊ ကျွန်တော် ရေဆင်ကို မမြင်ဖူးပါဘူး”
“ တော်တော့ဗျာ၊ ဒါနဲ့များ ဦးထွန်းခက ခင်ဗျားကို ကျုပ်ဆီ ဘာလို့ လွှတ်လိုက် ပါလိမ့်”
“ ဒီလိုပါခင်ဗျာ၊ ကျွန်တော်က ရေဆင်ကို မမြင်ဖူးပေမယ့် ရေဆင်ရှိနေလို့ တောဆင်ရိုင်းတွေ ချောင်းကိုဖြတ်မကူးရဲဘဲ အော်ပြီး ပြန်ပြေးကြတာတော့ ကိုယ်တိုင် တွေ့ဖူးတယ်ဆိုလို့ ဦးထွန်းခက လွှတ်လိုက်တာပါ”
“ ဟေ .. ဟုတ်လား”
“ ဟုတ်ပါတယ် ခင်ဗျား”
“ ကဲဗျာ၊ အဲဒါဆို ဘယ်တုန်းကလဲ၊ ဘယ်မှာလဲ ပြောစမ်းပါ”
“လွန်ခဲ့တဲ့ တစ်နှစ်ကပါပဲ၊ ကျွန်တော်တို့ ရိုးမထဲမှာ ဆင်ဖမ်းကြတော့ ဆင် တွေကို မောင်းလာလို့ ကျုံးရောက်ခါနီး ရေပြာချောင်း,ဖြတ်အမောင်းမှာ တောဆင်ရိုင်း တွေ ရေပြာချောင်းကို တစ်ကောင်မှ ဖြတ်မကူးဝံ့ကြဘဲ အားလုံး,အော်ဟစ်ပြေးကြပါ တယ်။ လူတွေလည်း အနာတရ ဖြစ်ခဲ့ကြပါတယ်။ အဲဒီလို ဖြစ်ရတာဟာ ရေပြာချောင်း ထဲ ရေဆင်ရှိနေလို့,လို့ သောင်ဆရာကြီးက ပြောပါတယ်ခင်ဗျား ”
“ ဟင် … ရေပြာချောင်း ဟုတ်လား” “ ဟုတ်ကဲ့ ” ၊
ဖေသန်းမောင်သည် ချက်ချင်း သူ့နောက်ကျောရှိ သစ်ကွက်၊ ချောင်းကွက် များပြမြေပုံကို ပြေးကြည့်သည်။ ပြီး .. သူ့နဖူးသူ,လက်နှင့် ရိုက်လိုက်ပြီးပြော၏။
“ ဟာ .. ဟုတ်ပြီ .. သေချာပြီ၊ ခင်သန်းရေ… ရေဆင်ဆိုတာ အေး ..ခင်သန်း စောဟယ်ရီကို တစ်ယောက်ယောက် ခေါ်ခိုင်းလိုက်စမ်းကွာ ”
“ကဲ .. ခင်ဗျားတို့ အဲဒီတွေ့ ကြုံခဲ့ကြပြီးနောက် …. ဟော့ လာ,သူငယ်ချင်း လာလာ ခဏနော်၊ ဟုတ်ပြီဗျို့ … ကဲ… နောက်တော့ အဲဒီရေပြာချောင်းထဲက ရေဆင်ကို ခင်ဗျားတို့ ဘယ်လိုဖမ်းခဲ့ကြလဲ၊ ဘယ်လို လုပ်ခဲ့ကြလဲ ပြောပါဦး”
ငထီးလှကို မေးနေချိန်တွင် ဆင်သမားတစ်ယောက် ရုံးခန်းထဲ နောက်ထပ် ရောက်လာသဖြင့် ဖေသန်းမောင်က ထိုင်ခိုင်းထားပြီး ငထီးလှကို ဆက်မေး၏။
“ရေထဲမှာနေတဲ့ ရေဆင်ကို ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး။ လူတွေ လည်း ဆင်တိုး ဆင်တိုက်သွားလို့ အနာတရဖြစ်ကြတော့ အဲဒီနှစ်က ကျုံး,စောစော ပိတ်ပြီး ရွာပြန်ခဲ့ကြရတာပါပဲ ခင်ဗျား”
“ ယော် …. အဲဒါဆို ခင်ဗျား သိတာ ဒါပဲပေါ့”
“ ဟုတ်ကဲ့ ခင်ဗျာ”
“ ကောင်းပြီ၊ ကျေးဇူးပဲ …. ဒါဆို ခင်ဗျားပြန်နိုင်ပြီ
“ကဲ … ဒီသူငယ်ချင်းကကော ဘယ်ဆင်ဝိုင်းကလဲ၊ မောင်ရင်ကိုတော့ ကျုပ် မြင်ဖူးသလိုပဲ ”
ဒုတိယရောက်လာသူကို ဖေသန်းမောင်က ဆက်မေးပြန်၏။
“ ကျွန်တော် ကျောက်ချောင်း,ဆင်နာရုံကပါ ခင်ဗျား၊ ဆင်ဆရာဝန်ကြီးနဲ့ ဝန်ထောက်မင်းတို့ ကျွန်တော်တို့စခန်းကို ခဏခဏ ဆင်လာစစ်နေကျပါ”
“အေး .. အဲဒါကြောင့် ခင်ဗျားကို မြင်ဖူးပါတယ်လို့ မှတ်နေတာ။ ကဲ ပြော ပါဦး၊ ခင်ဗျား ရေဆင်ကို မြင်ဖူးလား”
“ ကျွန်တော်တော့ မမြင်ဖူးဘူး ဝန်ထောက်မင်း၊ ရေဆင်ကို မြင်ဖူးတာက ကျွန်တော့်အဘိုးပါ”
“ သူငယ်ချင်းအဘိုးက ဘာလုပ်လဲ”
“ ဟို .. အင်္ဂလိပ် လက်ထက်ကပင် ဆင်အုပ်ကြီးပါ။ ကျွန်တော့် အဖေဆို လည်း ဆင်ခေါင်းပါ ခင်ဗျား”
“ ခင်ဗျား အဘိုးနဲ့ ကျုပ်တွေ့ချင်တယ်ဗျာ” “ ကျွန်တော် အဘိုး ဆုံးသွားတာ ငါးနှစ်ကျော်လောက် ရှိသွားပါပြီ ခင်ဗျား ”
ဖေသန်းမောင်က ခေါင်းကို,တဗျည်းဗျည်း ကုတ်ပစ်လိုက်၏။
“ အင်း … ဒါဆိုလည်း ခင်ဗျား အဘိုးပြောပြဖူးတဲ့ ရေဆင်အကြောင်း ပြော ပြစမ်းပါဦး။ ခင်ဗျား အဘိုး ရေဆင်ကိုတွေ့တာ ဘယ်မှာလဲ ”
“ ချောင်းကောက်မှာလို့ ပြောပါတယ် ”
“ ချောင်းကောက် ဟုတ်လား၊ ခဏနော် ”
ဖေသန်းမောင်က သူ့နောက်ကျောကို မြေပုံကြီးထဲတွင် ချောင်းကောက်ကို လိုက်ရှာနေပြန်သည်။ ။
“ ချောင်းကောက် ဆိုတာ ဘယ်,နယ်ဘက်ကလဲ။ ကျုပ်အကွက်ထဲတော့ ရှာမတွေ့ဘူး သူငယ်ချင်း ”
* မအီထက်ပါ ဝန်ထောက်မင်း”
“ ဟာ ဒါဆို ကျုပ်တို့ လုပ်ကွက်နဲ့ အဝေးကြီးပဲ။ မမြင်မတိမ်ကြောဖြစ်မယ် ထင်တယ် ” “ ဟုတ် .. ဟုတ်ပါတယ် ”
အဲဒီဘက်က ချောင်းတွေက ဒီကညင်ချောင်းဘက်ကို မစီးဘူး “
“ ဟုတ်ကဲ့ ”
“ကဲ .. ခင်ဗျား,အဘိုး ဆက်ပါဦး။ ရေဆင်အရွယ်အစားက ဘယ်လောက် ရှိတယ် ပြောလဲ’
“ ကလေးတွေ လုပ်ကစားကြတဲ့ ရွှံ့ရုပ်ဆင်လောက် ရှိတယ်လို့ ပြောဖူးပါတယ် “
“ ကလေးတွေ လုပ်ကစားကြတဲ့ ရွှံ့ဆင်ရုပ်ဆိုတာ ကျုပ်,မမြင်ဖူးလို့ပါ။ ဘယ်လောက်ရှိလဲ၊ လက်သီးဆုပ်လောက်လား၊ ပန်းကန်ပြားကြီး …”
“ ဒီလောက်ပါ ဝန်ထောက်မင်း ”
ဆင်သမားက လက်နှင့်လုပ်ပြသော အရွယ်အစားကို ဖေသန်းမောင်က သေသေချာချာ မှတ်စုစာအုပ်နှင့် ရေးမှတ်နေသည်။
“ အမြင့်ကကောဗျာ ”
“ အမြင့်က ဒီလောက်မြင့်တယ် ပြောပါတယ် ”
“ အေး … ဟုတ်ပြီ၊ ရေဆင်က ရေထဲမှာပဲ,နေလား၊ သောင်ကမ်း၊ တောင်ပေါ်တွေကော မတက်ဘူးလား ”
“ ညညဆို သောင်ပြင်ကိုတက်ပြီး မြူးထူးတတ်တယ်လို့တော့ အဘိုးက ပြောပါတယ် ”
ဆင်သမားပြောသည်ကို မှတ်စုစာအုပ် တစ်အုပ်နှင့် လိုက်မှတ်နေသော ဖေသန်းမောင်က စောဟယ်ရီရုံးခန်းထဲ ဝင်လာသည်ကို မြင်သဖြင့်
“ လာ သူငယ်ချင်း၊ ဒီ,ကညင်ချောင်းထဲမှာ ရေဆင်ရှိတယ်ဆိုတာတော့ သေချာသွားပြီ”ဟု ပြောလိုက်၏။
“ ဟင် .. ဟုတ်လား၊ ဘယ်လို သေချာလဲ,ပြောစမ်းပါဦး သူငယ်ချင်း
ဟယ်ရီက ဝမ်းသာ,အားရ ပြန်မေး၏။
“ ဒီလိုဗျ၊ စောစောက ဆင်သမားတစ်ယောက် ရောက်လာတယ်။ နေဦး… နေဦး.. ဆင်ဝိုင်းနဲ့ သူ့နာမည်ကို မှတ်စုစာအုပ်ထဲ ကြည့်လိုက်ဦးမယ်”
ပြောပြောဆိုဆိုနှင့် ဖေသန်းမောင်က မှတ်စုစာရွက်တွေကို လှန်နေ၏။
“ ဒီမှာ …. ဒီမှာ တွေ့ပြီ၊ သစ်ရာဆင်ဝိုင်းက ငထီးလှတဲ့။ သူက ပြောတယ် လွန်ခဲ့တဲ့ တစ်နှစ်လောက်က သသူတို့ရေပြာချောင်းမှာ ရေဆင်ရှိနေလို့ တောဆင်ရိုင်းတွေတောင်
ကျုံးဝင်ခါနီး အော်ပြေးသွားကြတယ်တဲ့။ ရေပြာချောင်းကို လုံးဝ,ဖြတ်မကူးရဲ ကြဘူးတဲ့။ ဒီမှာကြည့် … အဲဒီ,ရေပြာချောင်းဆိုတာ ဒီ,ကညင်ချောင်းဖျားက လက်တက်
ချောင်းငယ်တစ်ခုပဲ။ ရေပြာချောင်းက ဒီ,ကညင်ချောင်းကို စီးဆင်းတယ်။ ခု ဒီက,သူငယ် ချင်းကလည်း ရေဆင်ကို သူ့အဘိုးသေသေချာချာ မြင်ဖူးတဲ့အကြောင်း ပြောပြနေတယ် သူငယ်ချင်း”
ဖေသန်းမောင်က မြေပုံကိုထောက်ပြ၍ စောဟယ်ရီကို ရှင်းပြနေ၏။ ဟယ်ရီကလည်း မြေပုံကို အနီးကပ်ကြည့်ပြီး ခေါင်းတညိတ်ညိတ်,လုပ်နေသည်။
“ ကဲ .. ဒီ,မန်နေဂျာတော့ သူငယ်ချင်း သိပါတယ်နော် ”
“ ဟုတ်ကဲ့ .. သိပါတယ် ဝန်ထောက်မင်း”
“ သူက ကျုပ်နဲ့အတူတူ ရေဆင်ရှာမယ့် မန်နေဂျာပဲ။ ကဲ .. ခင်ဗျား,အဘိုး ပြောပြတဲ့ ရေဆင်အကြောင်း ပြောပြပါဦး ဪ …. ဒီမှာ သူငယ်ချင်း သူက ရေဆင် ရဲ့ အရွယ်အစားကို ပြောပြလို့ မှတ်ထားလိုက်တယ်။ အရှည် လေး,ငါးလက်မ၊ အမြင့်က သုံးလက်မလောက် ရှိတယ်တဲ့။ ကဲ … ဆက်ပြောပါဦး၊ ပုံသဏ္ဍန်ကကော ကျုပ်တို့ ကုန်းပေါ်ကဆင်နဲ့ အတူတူပဲလား”
“ ကုန်းဆင်နဲ့ တစ်ပုံစံတည်းလို ပြောပါတယ် ”
“ ဒါဆို ကုန်းပေါ်တက်ပြီး ဝါးတွေ၊ ကျူတွေ၊ သစ်ခက် သစ်ရွက်တွေကိုလည်း စားမှာပေါ့နော် “
“ရေဆင်က ရေထဲမှာပေါက်တဲ့ရေမှော်ပင်တွေကိုပဲ စားတယ်,ပြောပါတယ်”
“ ဪ …. အေး လာ,ထိုင်ကြဗျာ”
နောက်ထပ် ဆင်သားနှစ်ယောက် ရောက်လာကြပြန်သဖြင့် စောဟယ်ရီက ကြို၍ ပြောလိုက်၏။
“ရေမှော်တွေကို စားတယ်ဆိုတော့၊ ရေထဲမှာ အနေများတယ်ပေါ့နော် ”
“ ဟုတ်ကဲ့ ”
“ ဒီလိုဆိုရင် ရေထဲက ရေဆင်ကို ဘယ်လိုဖမ်းရင် ရနိုင်မလဲ ”
ဆင်သမားက ဘာမှမပြောတတ်ဘဲ ဖေသန်းမောင်၏မျက်နှာကိုသာ ကြည့်နေ၏။
“ ရေဆင်က ဘယ်လိုနေရာမျိုးမှာ အနေများလဲဆိုတာ ခင်ဗျားတို့ထဲက ဘယ်လူ,သိလဲဗျာ”
ဖေသန်းမောင်က နောက်ရောက်လာသော ဆင်သမားနှစ်ယောက်ဘက်အား လှမ်း ကြည့်၍
မေးနေပြန်၏။
စောစောက ရောက်နေသော ဆင်သမားက ဘာမှ မပြောဘဲ ရေငုံနေသဖြင့် ယခု,ရောက်လာကြသော ဆင်သမားနှစ်ယောက်ထဲမှ တစ်ယောက်က ဘုမသိဘမသိ နှင့်
“ရေဆင်က ရေထဲ အနေများပါတယ် ဝန်ထောက်မင်း”
ဟု လူစွမ်းကောင်းလုပ်၍ ပြောလိုက်ရာ၊ ရုံးအဖွဲ့ကလူတွေနှင့် စောဟယ်ရီတို့မှာ ဝါးကနဲ့ ရယ်လိုက်ကြသည်။ ထိုအခါ ရေထဲအနေများသည်ဆိုသော ဆင်သမားလည်း ကြောင်သွား၏။
“ကဲ .. ရေဆင်နဲ့ ပတ်သက်လို့ ခုနကသူငယ်ချင်း ပြောစမ်းပါဦး”
ဤတစ်ခါလည်း ရုံးအဖွဲ့သားများနှင့် ဆင်သမားများက ရယ်ကြပြန်သည်။ ဖေသန်းမောင်က “ သူငယ်ချင်း ”ဟု ခေါ်ပြောလိုက်သူမှာ သူ့အဖေထက်ပင် ကြီးနေ သော ဆင်သမားကြီး ဖြစ်နေ၍ပင်။ ဖေသန်းမောင်မှာ ဘယ်လို ဝသီမှန်း မသိ၊ တွေ့ သမျှ လူတကာကို “ သူငယ်ချင်း ”ခေါ်ရမှ သူ့ပါးစပ်က အရသာ,တွေ့နေပုံရသည်။
“ ရေဆင်ဟာ ကျောက်ဆောင်၊ ကျောက်တုံးတွေ ပေါတဲ့ ရေအိုင်တွေမှာ အနေများတတ်ပါတယ် ဝန်ထောက်မင်း။ ကျွန်တော်,ငယ်ငယ်က ဘဲငါးရာဘက်က တောင်ကျချောင်းတစ်ခုထဲမှာ အဖေပြလို့ မြင်ဖူးပါတယ်။ ရေကူး,ကစားနေတာကို ကျွန်တော်နဲ့အဖေ အကြာကြီး ကြည့်နေခဲ့ကြဖူးပါတယ် ”
“ ဟာ … ဟုတ်ပြီဗျို့.. ပြော .. ပြော၊ ခင်ဗျားမြင်ခဲ့တဲ့ ရေဆင်က အကောင် ဘယ်လောက်ကြီးလဲ”
“ သေးသေးလေးပါ”
“ သေးသေးလေးဆိုတာ ဘယ်လောက်လဲ၊ ပြောပါဦး”
“ ကိုယ်လုံးက လက်သီးဆုပ်လောက်ပဲ ရှိပါတယ် ”
“ ရေဆင်ဆိုတော့ ခြေထောက်တွေ အများကြီးလား ”
“ မများပါဘူး ခင်ဗျာ။ ခြေနှစ်ချောင်း လက်နစ်ချောင်းပါပဲ။ ပကတိ ဆင်အတိုင်းပဲ’
“အေးဗျာ .. ကျေးဇူးတင်တယ်။ ရေဆင်နဲ့ ပတ်သက်လို့ ခင်ဗျားတစ်ယောက်ပဲ မြင်ဖူးတာရှိတယ်။ ပြောဗျာ ရေဆင်နဲ့ ပတ်သက်လို့ နောက်,ဘာသိသလဲ ”
“ ဝန်ထောက်မင်း ဘာသိချင်လဲ မပြောတတ်ပါဘူး”
“ အဲဒီ ခင်ဗျားတို့ သားအဖ မြင်ခဲ့ရတဲ့ ရေဆင်က အထီးလား၊ အမလား ”
“ အဲဒါတော့ ကျွန်တော့်ကို အဖေကလည်း မပြောပြပါဘူး”
“ ခင်ဗျားအဖေက နောက်,ဘာပြောသေးလဲ”
“ ရေဆင်က သိပ်,အဆိပ်ပြင်းတယ်၊ ရေထဲမှာ ရေဆင်ရှိနေရင် ဘယ်ဆင်မှ ရေချလို့မရဘူး ပြောပါတယ်။ ရေဆင်ကိုက်ရင် ချက်ချင်း သေတတ်တယ်လို့လည်း ပြော ပါသေးတယ် ”
ဖေသန်းမောင်က ရေဆင်အကြောင်း ဆင်သမားကြီး ပြောပြနေသည်ကို စာအုပ်တစ်အုပ်နှင့် ရေးမှတ်နေရင်းက ဟယ်ရီ၏မျက်နှာကို တစ်ချက်လှမ်းကြည့် လိုက်သည်။ သူ့သဘောမှာ ဟုတ်ပြီ၊ သေချာနေပြီ ဟူသော,ဆုံးဖြတ်ချက်ပင်။
“ပြီးတော့ကောဗျာ ”
“ အဲဒီတုန်းက ကျွန်တော်လည်း,ကလေးပဲဆိုတော့ အဖေက ဒါပဲ ပြောပါတယ်”
“ကဲ .. နောက် ဟိုက သူငယ် … အဲ ခင်ဗျားကော ရေဆင်နဲ့ ပတ်သက်လို့ ဘာသိသေးလဲ ပြောပါဦး”
နောက် ဆင်သမားတစ်ယောက်ကို ဖေသန်းမောင်က ဆက်မေးပြန်သည်။
“ရေဆင်က ကျွန်တော်တို့ ကုန်းဆင်တွေကို နိုင်တယ်လို့ ကျွန်တော့် ဘကြီး က ပြောဖူးပါတယ်။ တောင်ကုတ်ဘက်မှာ လူသုံးယောက် သတ်ထားလို့ ဘယ်သူမှ မစီးရဲတဲ့ ဆင်ဆိုးတစ်ကောင် ရှိဖူးခဲ့ပါတယ်။ အဲဒီဆင်ကိုစီးတဲ့ ကျော်အေးဆိုတဲ့ ဦးစီးမှာ ရေဆင်အစွယ်တစ်ချောင်း ရှိတယ်လို့ပြောကြပါတယ်။ ကျော်အေးကို အဲဒီ ဆင်ဆိုး ဘယ်လောက်ကြောက်သလဲဆိုရင် အဲဒီဆင် ဘယ်လောက်ပဲဆိုးသွမ်းနေနေ ဟော့- ဟိုမှာ ကျော်အေးလာပြီဆိုတဲ့ အသံကို ကြားတာနဲ့ ချက်ချင်း ငြိမ်ကျသွားတယ်တဲ့။ ရေဆင်အဆောင်,ရှိထားတဲ့ လူဆိုရင် ဆင်က အဲသလောက်ထိကို ကြောက်တယ်လို့ သိရပါတယ် ”
“ အေးဗျာ … ခင်ဗျားတို့ နှစ်ယောက်ကို သေသေချာချာ မှတ်ထားပြီး၊ ကျုပ် တို့ ရေဆင်ရှာဖမ်းတဲ့အခါ ခေါ်ပါမယ်။ ခင်ဗျားတို့ ဘယ်ဆင်ဝိုင်းကလဲ၊ နာမည် ဘယ်လို ခေါ်တာလဲ ပြောထားခဲ့ကြပါဦး”
“ ဟုတ်ကဲ့ … ကျွန်တော်က ပျဉ်းမချောင်းဝိုင်းကပါ ဝန်ထောက်မင်း နာမည်က ဦးညိုခေါ်ပါတယ်။ သူကလည်း ကျွန်တော်တို့ဝိုင်းကပါပဲ။ သူ့နာမည်က အောင်လှပါ”
“ အေးဗျာ ကောင်းပြီ၊ ကျေးဇူးပဲ နောက်တော့ ကျုပ်ခေါ်ပါမယ်။ ခု .. ခင်ဗျား တို့ ပြန်နိုင်ကြပါပြီ”
ဖေသန်းမောင်က ဆင်သမားနှစ်ယောက်ကို သူ့မှတ်စုစာအုပ်ထဲ ရေးမှတ် ထားလိုက်၏။ ရေဆင်နှင့် ပတ်သက်၍ အချက်အလက်,အတော်စုံသွားပြီ ဖြစ်သဖြင့် ဆင်သမားများ ပြန်သွားကြသောအခါ ဖေသန်းမောင်နှင့် စောဟယ်ရီတို့မှာ ကညင် ချောင်းထဲ၌ ရေဆင် ရှာဖွေဖမ်းဆီးရေး စီမံကိန်းကြီးကို ဆက်လက် အကောင်အထည် ဖော်ရန် တင်ပြ,ဆွေးနွေးလျက် ကျန်ခဲ့ကြလေသည်။