ညာဉ်ဆိုး (စဆုံး)
(၁)
“ကိုမောင်ဦးတစ်ယောက်ခိုင်လာပြီနဲ့တူတယ်”
ဘီယာဆိုင်အတွင်းသို့ ပြုံးဖြီးဖြီးနှင့်ဝင်ရောက်လာသည့် ကိုမောင်ဦးကို လုပ်ဖော်ကိုင်ဖက်များက ပြောဆိုလိုက်ကြသည်။ ထိုသူများပြောသည့်အတိုင်း ကိုမောင်ဦး၏မျက်နှာမှာလည်း မှိုရသည့်မျက်နှာကဲ့သို့ ပြုံးဖြီးနေလေသည်။ ကိုမောင်ဦးက လုပ်ဖော်ကိုင်ဖက်များရှိသည့် စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်လေသည်။
“ဆိုစမ်းပါအုံးဗျာ၊ ခင်ဗျားဒီလောက်ပြုံးဖြီးလာပုံထောက်တော့ ပွဲတစ်ပွဲတော့ အဆင်ပြေခဲ့ပြီနဲ့တူတယ်”
“ပွဲအဆင်ပြေခဲ့တာတော့မဟုတ်ဘူးဗျို့၊ ပေါချောင်ကောင်းလေးတစ်စီးရလာတာဗျ”
“ဆိုစမ်းပါအုံးဗျာ၊ ဘယ်လောက်ပေါလို့လဲ”
“ပရိုဘောက်တစ်စီးဗျာ၊ တစ်ရာမပြည့်တဲ့ဈေးနဲ့ရလာခဲ့တယ်”
“ဟာ . . .ဟုတ်ရဲ့လားဗျာ၊ ခင်ဗျားကားက တိုက်ကြေကြီးထင်ပါတယ်”
“ဘယ်က တိုက်ကြေမှာလဲဗျာ၊ ကားက ဘော်ဒီလည်းနည်းနည်းပါးပါးပုတ်လိုက်ရင် ရှယ်လန်းသွားမယ့်ကားဗျ”
“ကိုမောင်ဦးတို့ကတော့ ဝယ်ရောင်းလောကမှာ ဆရာတစ်ဆူလို့မပြောရဘူး တော်တော်ရှာတတ်တဲ့လူပဲဗျာ၊ ကဲ ခင်ဗျားကားဘယ်မှာလဲ ပြစမ်းဗျာ”
“လောလောဆယ်တော့ ဝပ်ရှော့အပ်ထားတယ်ဗျ၊ နည်းနည်းပါးပါး ရင်းလိုက်မယ်ဆိုရင် တစ်ရာ့ငါးဆယ် နှစ်ရာလောက်က ပြေးမလွတ်ဘူးဗျို့”
“ကဲ ကိုမောင်ဦး၊ ခင်ဗျားဒီနေ့တော့ ဒီဝိုင်းကိုရှင်းလိုက်တော့ဗျို့”
“ရှင်းမယ် . . . ရှင်းမယ်၊ ရှင်းချင်လို့ကိုလာခဲ့တာ၊ ခင်ဗျားတို့လည်း ကျုပ်ကားအတွက် ဝယ်လက်လေးဘာလေး ခေါ်လာခဲ့ကြအုံးဟုတ်ပြီလား၊ ဂွင်ရိုက်ပြီးရောင်းလို့ရမယ့်လူပေါ့ဗျာ”
“ပူမနေစမ်းပါနဲ့ ကိုမောင်ဦးရာ၊ ကားကောင်းရင် ပရိုဘောက်က တစ်ရက်နှစ်ရက်ဆိုထွက်ပါတယ်ဗျ”
ကိုမောင်ဦးတို့ ကားပွဲစားတစ်သိုက်မှာ ဘီယာခွက်များကိုကိုင်မြှောက်လိုက်ကာ ခွက်ချင်းထိလိုက်လေသည်။ သောက်စားပြီးသည့်အခါ ညကိုးနာရီခန့်ရှိနေပြီဖြစ်သည်။
အချိန်အားဖြင့် ၂၀၁၆ ခုနှစ်ခန့်ကဖြစ်သည်။
ကိုမောင်ဦးက သူငယ်ချင်း ကိုငယ်လေး၏ ဝပ်ရှော့သို့ဝင်လာခဲ့လေသည်။ ကိုငယ်လေးမှာ ကိုမောင်ဦး၏သူငယ်ချင်းဖြစ်ကာ ဝပ်ရှေ့အလတ်စားကလေးဖွင့်လှစ်လုပ်ကိုင်နေသူဖြစ်သည်။ ကိုငယ်လေးဝပ်ရှော့မှာ ကိုမောင်ဦး၏ လက်စွဲဝပ်ရှော့ဖြစ်ကာ ပြင်ဆင်စရာရှိသည့် ကားများအားလုံးလိုလိုကို ကိုငယ်လေး၏ ဝပ်ရှော့တွင်သာ အပ်နှံလေ့ရှိသည်။ ကိုငယ်လေးကလည်း လက်ခသက်သာစွာလျော့ယူသည်မို့ ကိုမောင်ဦးနှင့် ရေရှည်လက်တွဲဖြစ်နေလေသည်။
ဝပ်ရှော့သို့ရောက်သည့်အခါ ကိုငယ်လေးမှာ ဝပ်ရှော့အပြင်သို့ထွက်ကာ ဆေးလိပ်သောက်နေလေသည်။ ဘီယာမူးပြီး ပြန်လာသည့် ကိုမောင်ဦးက ကိုငယ်လေးအားပြုံးပြပြီး
“ဘယ်လိုလဲကိုငယ်လေး၊ ဒီကားမှာ ဘာအပြစ်အနာအဆာတွေရှိသလဲဗျ”
ကိုငယ်လေးမျက်နှာမှာ ကွက်ခနဲပျက်သွားလေသည်။
“ဘာအပြစ်အနာအဆာမှတော့မရှိပါဘူးဗျာ၊ ခင်ဗျားကားကို ခင်ဗျားမြန်မြန်ပြန်ယူသွားစမ်းပါ”
“ဟ ပြင်တာမြန်လှချည်လားဗျ၊ ကျုပ်က တစ်ရက်နှစ်ရက်ကြာမယ်ထင်တာ”
“ခင်ဗျားကားကို ကျုပ်မကိုင်ရဲဘူး ကိုမောင်ဦး၊ ခင်ဗျား တခြားဝပ်ရှော့သာ သွားအပ်ဗျာ”
ကိုမောင်ဦးက ပြီတီတီရယ်မောလိုက်ပြီး
“ဘာလဲ ကိုငယ်လေး ခင်ဗျားက ကျုပ်ကိုစိတ်ဆိုးနေတာလား၊ ကျုပ်ခင်ဗျားအပေါ် တစ်ခုခုမှားထားလို့ ကျုပ်ကိုစိတ်ခုနေတာလား”
“ခင်ဗျားဘာမှ မမှားပါဘူး ကိုမောင်ဦးရာ၊ ခင်ဗျားရဲ့ကားသာ ခင်ဗျားပြန်ယူသွားပါ၊ ဒီကားကို ကျုပ်မပြင်နိုင်ဘူးဗျ”
ကိုငယ်လေးမှာ အကြောက်အကန်ငြင်းနေသဖြင့် ကိုမောင်ဦးပင်ဒေါသထွက်လာလေသည်။
“ခင်ဗျားက ကြီးကြီးကျယ်ကျယ်ဗျာ၊ အရင်ကဆို ကျုပ်ယူလာတဲ့ကားတွေအကုန် ခင်ဗျားပဲစစ်ဆေးပြီး ပြင်စရာရှိတာပြင်ပေးနေကျမဟုတ်လား အခုမှဘယ်လိုဖြစ်တာလဲ၊ ခင်ဗျားက စိတ်ကြီးဝင်သွားတာလား”
ကိုငယ်လေးမှာ ကိုမောင်ဦးလက်မောင်းအားဆွဲကာ ဝပ်ရှော့အတွင်းသို့ဆွဲခေါ်သွားပြီး
“ကဲပါဗျာ၊ ဟောဒီမှာ ခင်ဗျားကားရဲ့သော့၊ ခင်ဗျား ဒီကားကိုမြန်မြန်ယူသွားပါတော့ဗျာ”
ကိုမောင်ဦးမှာ ကားတံခါးဖွင့်လိုက်ကာ ကားအတွင်းသို့ဝင်ထိုင်လိုက်ပြီး ဝပ်ရှော့အတွင်းမှ မောင်းထွက်လာခဲ့သည်။ ကိုမောင်ဦးမောင်းထွက်သွားသည်နှင့် ကိုငယ်လေးက ကားဝပ်ရှော့တံခါးကိုပိတ်လိုက်လေသည်။ ကိုမောင်ဦးက ဝပ်ရှော့အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရင်း
“ဒီလူဘယ်လိုလူလဲမသိပါဘူးကွာ”
ထိုသို့ရေရွတ်ပြီး ကားကိုဆက်မောင်းလာခဲ့သည်။ ပြည်လမ်းအတိုင်းမောင်းနှင်လာခဲ့ပြီး လေဆိပ်ဘေးလမ်းမှနေ၍ ကိုမောင်ဦးနေထိုင်ရာ မြောက်ဒဂုံမြို့နယ်ဆီသို့ ဦးတည်မောင်းနှင်လာခဲ့သည်။ စော်ဘွားကြီးကုန်းအကျော် ဆယ်မိုင်သို့အရောက်တွင် ကားရှိရေဒီယိုမှာ သူ့အလိုလိုပွင့်ကာ သီချင်းသံများထွက်ပေါ်လာသည်။ ညနက်နေပြီဖြစ်သဖြင့် ကားလမ်းမမှာအနည်းငယ်ရှင်းလင်းနေပြီဖြစ်သည်။ ကိုမောင်ဦးက ရေဒီယိုပွင့်သွားသဖြင့် တစ်ချက်ထိတ်လန့်သွားကာ ကားရေဒီယိုကိုလက်နှင့်ပုတ်လိုက်သည်။
“ဟာလခွမ်း၊ လန့်သွားတာပဲကွာ၊ ရေဒီယိုက ပျက်နေတာထင်တယ်”
ကိုမောင်ဦးက ရေဒီယိုကိုပိတ်ရန် ခလုပ်များနှိပ်သော်လည်း ရေဒီယိုမှာ ရပ်တန့်မသွားဘဲ အသံများဆက်လက်မြည်နေသည်။ သို့နှင့် ရေဒီယိုကိုမပိတ်တော့ဘဲ အသံအတိုးအကျယ်လုပ်သည့် ခလုပ်အားလှည့်လိုက်ကာ အသံကိုပိတ်လိုက်လေသည်။ လေဆိပ်မီးပွိုင့်မှ ချိုးကွေ့လာခဲ့သည့်အခါ ပတ်ဝန်းကျင်တွင် လူနေအိမ်မရှိဘဲ သစ်ပင်ချုံပင်များသာဖုံးလွှမ်းနေသည့် စစ်တပ်အုတ်တံတိုင်းကြီးရှိလေသည်။ ထိုနေရာအရောက်တွင် ရေဒီယိုမှာ သူ့အလိုလိုအသံကျယ်လာပြန်သည်။ အသံအတိုးအကျယ်လုပ်သည့်ခလုပ်မှာ သူ့အလိုလိုတစ်ပတ်လည်ကာ အသံမှာလည်း ကျယ်လောင်စွာထွက်ပေါ်လာသည်။ ရေဒီယိုအသံလိုင်းက မရှင်းမလင်းဖြစ်နေကာ မြူးကြွသည့်သံစဉ်များ၊ ဂီတာတီးသံများနှင့်အတူ လူတစ်ယောက်စူးစူးရှရှအော်လိုက်သည့် အသံမှာလည်းထွက်ပေါ်လာပြန်သည်။ ကိုမောင်ဦးပင် ထိတ်လန့်သွားပြီး ကားကိုလမ်းနံဘေးသို့ကပ်ဆင်းကာရပ်တန့်လိုက်သည်။
ကိုမောင်ဦးက ရေဒီယိုအားဆဲဆိုပြီး လက်နှင့်ပုတ်လိုက်လေသည်။ ရေဒီယိုအားလက်သီးနှင့်သုံးလေးချက်ခန့်ထိုးထည့်လိုက်သည့်အချိန်မှ အသံရပ်သွားတော့သည်။ ကိုမောင်ဦးက ရယ်မောလိုက်ကာ
“ဟေ့ကောင် မင်းလားကွ ငါ့ကိုများ ပညာပြချင်နေသေးတယ်ဟုတ်လား၊ မနက်ဖြန်ကျတော့မှ မင်းကိုငါဖြုတ်ပြီးလွှင့်ပစ်မယ် ရေဒီယိုစုတ်ရဲ့”
ကိုမောင်ဦးက ဆဲဆိုရေရွတ်ပြီး ကားစက်နှိုးလိုက်သည့်အခါ ကားမှာစက်မနိုးတော့ပေ၊ ကိုမောင်ဦးက နည်းမျိုးစုံနှင့်စက်နှိုးကြည့်သော်လည်း ကားစက်မနိုးသဖြင့် ကားပေါ်မှဆင်းကာ ကားအရှေ့ဘောနပ်ဖုံးကိုဖွင့်ရန်ကြိုးစားလိုက်လေသည်။ ထိုအချိန် ကားနောက်ခန်းတွင် လူတစ်ဦးထိုင်နေသည့်အရိပ်ကိုမြင်တွေ့လိုက်ရသဖြင့် ကျောချမ်းသွားမိသည်။ ထိုစဉ် အနောက်မှမောင်းနှင်လာသည့် ကားတစ်စီး၏မီးရောင်နှင့် အသေအချာပြန်လည်ကြည့်ရှုလိုက်ရာ ထိုလူရိပ်မှာ ရုတ်ခနဲပျောက်ကွယ်သွားလေသည်။
ကိုမောင်ဦးမှာ သရဲတစ္ဆေကို အယုံအကြည်မရှိသူဖြစ်သောကြောင့် လူရိပ်မြင်လိုက်ရသည်ကိုပင် မိမိမှာဘီယာမူးပြီး အမြင်မှားနေသည်ဟုသာ ထင်လိုက်မိသည်။ ကားဘောနက်ဖုံးအား ဖွင့်လှစ်လိုက်သည့်အချိန်တွင် လေအေးတစ်ချက်က ဝေ့ခနဲတိုက်သွားသဖြင့် ချမ်းအေးသွားမိသည်။ ကားစက်ဖုံးအားဖွင့်ပြီး အတွင်းမှ ဘက်ထရီကလစ်များ၊ ဆီပလပ်ခေါင်းများကိုစစ်ဆေးနေသည့်အချိန် နံဘေးတွင်လူတစ်ယောက်လာရပ်သည့် သဏ္ဍာန်ကို မျက်လုံးထောင့်မှ ဖြတ်ခနဲတွေ့လိုက်ရသည်။ ကိုမောင်ဦးက ထိုလူအားလှည့်ကာ စကားပြောမည်ဟုကြံရွယ်လိုက်စဉ် ထိုလူမှာ ကားအနောက်ဘက်ဆိသို့လှမ်းလျှောက်သွားလေသည်။ ကိုမောင်ဦးက ထိုလူအနောက်သို့လိုက်ကြည့်လိုက်သည့်အခါ ကားအနီးတွင် လူသူတစ်ဦးတစ်ယောက်မှ မတွေ့ရပေ။
သရဲမယုံကြည်သည့် ကိုမောင်ဦးပင် အတော်ထိတ်လန့်သွားမိသည်။ ထိုအခိုက် တစ်သက်နှင့်တစ်ကိုယ်တစ်ခါမှမတွေးဖူးသည့် အတွေးတစ်ခုက ခေါင်းထဲဝင်ရောက်လာလေသည်။
“ငါ . . .ငါ သရဲခြောက်ခံရတာများလား”
ကိုမောင်ဦးမှာ ကားစက်ဖုံးကိုပိတ်လိုက်ပြီး ကားပေါ်သို့ပြန်တက်လိုက်သည်။ ကားမောင်းရန်အတွက် သော့ပေါက်အားစမ်းသပ်ကြည့်လိုက်သည့်အခါ ကားသော့ပေါက်ကိုမတွေ့ရပေ၊ ထို့အတူ ကားမောင်းသည့်စတီယာရင်ကိုလည်း မတွေ့ရဘဲ ကားရှေ့ခန်းတွင် ဟာလာဟင်းလင်းကြီးဖြစ်နေသည်။ ကိုမောင်ဦးမှာ ကြောက်လန့်ရမည့်အစား မူးနေသည့်အရှိန်ကြောင့် ဒေါသထွက်သွားကာ သရဲကိုအော်ဟစ်ဆဲဆိုမိသည်။ ကားထိုင်ခုံများကိုလည်း လက်နှင့်ပုတ်ခါနေမိသည်။ ထိုစဉ် နံဘေးနားရှိထိုင်ခုံတွင် လူတစ်ဦးမှာ ဘွားခနဲပေါ်လာခဲ့သည်။ ထိုလူက ကိုမောင်ဦး၏လည်ပင်းအား လက်အေးအေးကြီးဖြင့်ညှစ်လေတော့သည်။ ကိုမောင်ဦးမှာ ထိုလူအားပြန်လည်တိုက်ခိုက်ခုခံနေရင်း ကားတံခါးပွင့်ထွက်သွားကာ ကိုမောင်ဦးလည်း ကားပေါ်မှဒလိမ့်ခေါက်ကွေးပြုတ်ကျသွားလေသည်။
ထိုအခိုက် ကားမှာ ရှေ့မီးများပွင့်ကာ ကားတံခါးလေးဖက်စလုံးမှာလည်း ပွင့်လိုက်ပိတ်လိုက်နှင့် တဂျုန်းဂျျန်းအသံမြည်နေပြီး ကားတစ်စီးလုံးမှာလည်း ခုန်ပေါက်လှုပ်ရှားနေလေသည်။ ကိုမောင်ဦးမှာ ဟန်မဆောင်နိုင်တော့ဘဲ ထိုနေရာမှအမြန်ပြေးထွက်လာခဲ့သည်။ တစ်ဦးတည်း ကာလမ်းအတိုင်းပြေးလွှားလာခဲ့ပြီးသည့်နောက် ခပ်လှမ်းလှမ်းအရောက်တွင် အနောက်သို့ပြန်လှည့်ကြည့်လိုက်သည့်အခါ ပရိုဘောက်ကားလေးမှာ မောင်းနှင်သူမပါဘဲ ကိုမောင်ဦးအနောက်သို့ တလိမ့်လိမ့််လိုက်လာသည်ကိုတွေ့လိုက်ရသည်။ ကိုမောင်ဦးလည်း ကြောက်လန့်ကာ ခြေကုန်ပြေးရင်း မကြာခင် ကေတီဗွီနှင့်စားသောက်ဆိုင်တန်းများရှိရာသို့ရောက်လာသည်။ စားသောက်ဆိုင်ရှေ့တွင်ရပ်ထားသည့် တက္ကစီတစ်စီးကိုငှားလိုက်ကာ တက္ကစီပေါ်သို့ပြေးခုန်တက်လိုက်သည်။
“အမြန်မောင်း၊ အမြန်မောင်း . . . အနောက်မှာလိုက်လာတယ် အမြန်မောင်း”
တက္ကစီယာဉ်မောင်းက ကိုမောင်ဦးအား အထူးအဆန်းသဖွယ်ကြည့်ရင်း
“ဟေ့လူ၊ ဘာလိုက်လာလို့လဲ”
“မောင်းသားမောင်းစမ်းပါဗျာ၊ မြောက်ဒဂုံ လေးဆယ်ရပ်ကွက်ကိုသာ ရောက်အောင်မောင်းစမ်းပါ၊ ခင်ဗျားတောင်းသလောက်ပေးပါ့မယ်”
ကိုမောင်ဦး၏အသံမှာ ကြောက်ရွံ့လှသဖြင့်တုန်ယင်နေလေသည်။ တက္ကစီယာဉ်မောင်းလည်း ကားကိုမောင်းနှင်လိုက်လေသည်။ ကိုမောင်ဦးမှာ အသက်လုပြေးခဲ့ရသဖြင့် အလွန်မောပန်းနေလေသည်။ ထို့ကြောင့် တက္ကစီပေါ်ရောက်သည့်အခါ အမောဖြေရင်း ခေါင်းမူးဝေလာကာ ငိုက်ခနဲအိပ်ပျော်သွားတော့သည်။
(၂)
“ကိုမောင်ဦး . . . ကိုမောင်ဦး”
နားထဲတွင်ခေါ်သံကြားကာ လက်ကိုပုတ်နှိုးခံလိုက်ရသဖြင့် ကိုမောင်ဦးတစ်ယောက် လန့်နိုးသွားမိသည်။ လာနှိုးသူကိုကြည့်လိုက်သည့်အခါ ကိုမောင်ဦး၏ ဇနီးဖြစ်သူ မခင်ဦးဖြစ်နေလေသည်။ ကိုမောင်ဦးမှာ ဘေးဘီကိုလှည့်ကြည့်လိုက်သည့်အခါ မြောက်ဒဂုံလေးဆယ်ရပ်ကွက်အတွင်းရှိ နေအိမ်ရှေ့သို့ရောက်နေသည်ကိုတွေ့ရသည်။
“ကိုမောင်ဦး . . ရှင်ဘယ်လိုဖြစ်လို့ ကားပေါ်မှာအိပ်နေတာလဲ”
“ငါ ကားငှားစီးလာရင်း . . . အင်း . . . အင်း”
ကိုမောင်ဦးက ကားကိုတစ်ချက်ဝေ့ကြည့်လိုက်သည့်အခါ အငှားကားမဟုတ်ဘဲ ညကမောင်းနှင်လာခဲ့သည့် ပရိုဘောက်ကားကလေးဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ ထိုအခါ ကိုမောင်ဦးမှာ သွေးပျက်မတတ်ကြောက်လန့်သွားမိသည်။ ကားပေါ်မှချက်ချင်းဆင်းလိုက်ကာ ကားနံပတ်ပြားကိုဖတ်ရင်း ကားနံပါတ်အား ရေရွတ်လိုက်မိသည်။
“ဟာ ဒီကားပဲ . . . ဒီကားပဲကွ”
ထို့နောက် မခင်ဘက်သို့လှည့်လိုက်ရင်း
“မိန်းမ၊ ငါဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲဟင်”
“ကျုပ်လည်းဘယ်သိပါ့မလဲ၊ အခုမိုးလင်းလို့ အိမ်ရှေ့ထွက်ကြည့်လိုက်တော့ ကားပေါ်မှာရှင်အိပ်နေတာကိုမြင်လို့ လာနှိုးလိုက်တာ၊ ရှင့်ကိုယ်ရှင်တောင် ဘယ်လိုပြန်ရောက်လာသလဲမသိဘူးလား”
ကိုမောင်ဥိးမှာ ပြူးကြောင်နေမိသည်။
“ရှင်အရက်သောက်ပြီး ကားမောင်းတာတွေလျော့နော် ကိုမောင်ဦး၊ ရှင်အဲဒီလိုသာ ကြပ်ကြပ်ဆက်မောင်းရင် တစ်နေ့နေ့ကားတိုက်ပြီးသေလိမ့်မယ်”
ကိုမောင်ဦးမှာ ဘာမှဆက်မပြောဖြစ်ပေ။
“ဒါနဲ့ ဒီကားက ရှင်ဝယ်လာတာလား”
“သြော်၊ အေး . .ဟုတ်တယ်၊ ဒီကားက ငါပြန်ရောင်းဖို့ဝယ်လာခဲ့တာ”
မခင်ဦးအိမ်ထဲသို့ပြန်ဝင်သွားသည့်အခါ ကိုမောင်ဦးလည်း ကြောင်တောင်တောင်နှင့်အိမ်ထဲသို့လိုက်လာမိသည်။ ရေမိုးချိုးအဝတ်အစားလဲပြီးသည်နှင့် မခင်ဦးပြင်ဆင်ပေးသည့် ထမင်းကြော်ကိုစားသောက်နေမိသည်။ ထိုသို့စားသောက်နေရင်း အိမ်ရှေ့မှ ကားကိုအမှတ်မထင်ငေးကြည့်ကာ တွေးတောနေမိပြန်သည်။
“ငါညက ကားငှားစီးတာပါ၊ ဒီကားကိုလည်း ဟိုနေရာမှာပစ်ထားခဲ့တာပဲ၊ ဘယ်လိုလုပ်ပြီးအခုကျမှ ငါ့အိမ်ရှေ့ကိုရောက်နေတာလဲ၊ ညကလည်း ငါသိပ်မူးနေတာမဟုတ်ပါဘူး၊ ဘယ်လိုဖြစ်တာပါလိမ့်”
ထိုအခါ မခင်ဦးက အနားတွင်ထိုင်ချလိုက်ကာ
“ကိုမောင်ဦး ရှင်ဘာတွေ တွေးနေတာလဲပြောစမ်း၊ ညက အိမ်ပြန်မအိပ်ဘဲ ဘယ်တွေအလေလိုက်နေတာလဲ၊ ရှင် မဟုတ်မဟတ်ကောင်မတွေနဲ့များ တွေ့နေတာလား”
“ဟာ၊ မဟုတ်ပါဘူးမိန်းမရာ၊ ညက ကိုမောင်တင့်တို့နဲ့ စားသောက်ပြီး အလုပ်အကြောင်းဆွေးနွေးရင်း နည်းနည်းအချိန်ကုန်သွားတာပါကွ”
“ကျုပ် ကြိုတင်ပြီးပြောထားမယ်နော် ကိုမောင်ဦး၊ ရှင်အလုပ်ရှုပ်တာက ကြိုက်သလောက်ရှုပ်လို့ရတယ်၊ ဒါပေမယ့် ဇယားတော့မရှုပ်နဲ့နော်”
မခင်ဦးပြောသဖြင့် ကိုမောင်ဦးမှာ ဇက်ကိုပုထားလိုက်လေသည်။ ထို့နောက် သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်များအား ဖုန်းဆက်ခေါ်လိုက်လေသည်။ တစ်နာရီခန့်အကြာတွင် ကားပွဲစားသူငယ်ချင်းများက အိမ်သို့ရောက်လာကြသည်။ အိမ်သို့မဝင်ခင် ကိုမောင်ဦး၏ ပရိုဘောက်ကားကလေးကို လှည့်ပတ်ကြည့်နေကြသည်။
“ခင်ဗျားပြောတဲ့ကားက ဒီကားလား ကိုမောင်ဦး”
ကိုမောင်ဦးက ခေါင်းညိတ်ပြလိုက်လေသည်။ ကားပွဲစားများအနက် ကိုမောင်တင့်ဆိုသူက ကားနံပါတ်ပြားအားဖတ်ကြည့်လိုက်ကာ ခေါင်းခါလိုက်သည်။
“ခင်ဗျားတော့ ဂျင်းမိသွားပြီ ကိုမောင်ဦး”
ကိုမောင်တင့်ပြောလိုက်သဖြင့် ကိုမောင်ဦးမှာ ဒေါသထွက်သွားလေသည်။
“ဘာဖြစ်လဲကိုမောင်တင့် ကျုပ်ကားက ဘာဖြစ်နေလို့လဲ”
“ဒီနံပါတ်ကို ကျုပ်မှတ်မိတာပေါ့ဗျာ၊ ဒီကားက ညာဉ်ဆိုးတဲ့ကားတစ်စီးဗျ၊ ညာဉ်ဆိုးလွန်းလို့ ကျုပ်တို့ကားပွဲစားတန်းကလူတွေ လက်ရှောင်ထားတဲ့ကားပဲ၊ ဟောဒီမှာကြည့် ကျုပ်ရဲ့မှတ်စုစာအုပ်ထဲမှာတောင် ဒီကားနံပါတ်ကိုမှတ်ထားသေးတယ်”
ကားပွဲစားများအရှေ့တွင် အပြောအဆိုခံလိုက်ရသဖြင့် ကိုမောင်ဦးတစ်ယောက် စိတ်ထဲမခံချင်ဖြစ်သွားသည်။
“ကျုပ်ကတော့ ဒါတွေမယုံဘူးဗျာ၊ ညာဉ်ဆိုးတယ်ဆိုတာ ခင်ဗျားတို့လိုကားပွဲစားတွေက ကားဈေးကိုနှိမ်ချင်လို့ လျှောက်ပြောကြတဲ့ ယုံတမ်းစကားတွေပါ”
“ခင်ဗျားဒီကားအကြောင်းဘယ်လောက်သိသလဲ ကိုမောင်ဦး”
ကိုမောင်တင့်မေးလိုက်သည့်အခါ ကိုမောင်ဦးမှာဘာမှမပြောနိုင်တော့ပေ။
“ဒီကားက ကောင်မလေးတစ်ယောက်ကို သေအောင်တိုက်ခဲ့ဖူးတယ်၊ အဲဒီလိုတိုက်ပြီးကတည်းက ဒီကားက ညာဉ်ဆိုးသွားတယ်၊ ညာဉ်ဆိုးတယ်ဆိုတာ ခင်ဗျားတို့သိမှာပါ၊ ကားက ပျက်ချင်ရင်ထိုးထိုးပျက်တယ်၊ အမျိုးမျိုးဗွေဖောက်တယ်၊ အဆိုးဆုံးကတော့ ဒီကားက သရဲခြောက်နေတာပဲ၊ အဲဒီသရဲကို ကားပိုင်ရှင်အဆက်ဆက်နှင်ထုတ်ဖို့ကြိုးစားခဲ့ပြီးပြီ ကိုမောင်ဦး၊ ဒါပေမယ့် ဘယ်သူမှ အဲဒီသရဲကိုနှင်မရဘူး”
“ခင်ဗျားလျှာအရိုးမရှိတိုင်း လျှောက်ပြောမနေပါနဲ့ကိုမောင်တင့်ရယ်၊ ခင်ဗျားမဝယ်ချင်လည်းနေပါ၊ ကျုပ်ဒီကားကို ရအောင်ရောင်းထုတ်ပြမယ်”
“ခင်ဗျားက ဝယ်မောင်းလောကလုပ်တာ သုံးနှစ်လောက်ပဲရှိပါသေးတယ် ကိုမောင်ဦးရယ်၊ ကျုပ်က ကားပွဲစားတန်းထဲလှည့်လာတာ ဆယ်နှစ်ကျော်ပြီဗျ၊ ဒီကားကို ခင်ဗျားသုံးလမ်းဆုံအနားက ခြံဝင်းကျယ်ကြီးတစ်ခုထဲကနေ ဝယ်လာခဲ့တာမဟုတ်လား၊ ခင်ဗျားကိုရောင်းလိုက်တဲ့လူကလည်း အဘိုးကြီးအဘွားကြီး လင်မယားက ရောင်းလိုက်တာမဟုတ်လားဗျ”
“ခင်ဗျားဘာဖြစ်လို့ ဒီလောက်သိနေတာလဲ ကိုမောင်တင့်”
“သိဆို၊ ဒီကားကို အဲဒီအဘွားကြီးလင်မယားဆီ ဂျင်းထည့်ပြီးရောင်းခဲ့တာ ကျုပ်ကိုယ်တိုင်ဖြစ်နေလို့ပဲ ကိုမောင်ဦး”
ကိုမောင်ဦးမှာ ထိတ်လန့်သွားပြီး မည်သည့်စကားမှမပြောနိုင်တော့ပေ။ ကိုမောင်တင့်က ကိုမောင်ဦးအနီးသို့တိုးကပ်လာပြီး
“ခင်ဗျားကိုရော ဒီကားက မခြောက်လှန့်ဘူးလား”
ကိုမောင်ဦးမှာ ခေါင်းကိုခပ်သွက်သွက်ခါပြလိုက်သည်။
“ကျုပ်ခင်ဗျားကို အကောင်းဆုံးအကြံပေးမယ် ကိုမောင်ဦး၊ ခင်ဗျားဒီကားကို ကားပွဲစားလောကမှာ ရောင်းထုတ်လို့ရမှာမဟုတ်ဘူး၊ ဒီတော့ ခင်ဗျားကားကို လိုင်းပေါ်တင်ချင်ရင်တင်၊ ဒါမှမဟုတ် ရန်ကုန်မှာမဟုတ်ဘဲ တခြားနယ်မြို့မှာ သွားရောင်းချင်ရောင်းပါ၊ ဒီမြို့မှာတော့ ခင်ဗျားကားကို ဘယ်သူမှဝယ်မှာမဟုတ်ဘူး”
ကိုမောင်ဦးမှာ ဒေါသထွက်ကာ ကိုမောင်တင့်၏အင်္ကျီလည်ပင်းကို လက်ဖြင့်ဖမ်းဆုပ်ကိုင်လိုက်သည်။
“ဒီမှာ ကိုမောင်တင့် ခင်ဗျားက ကားပွဲစားလောကမှာ ကျုပ်တို့ထက်အရင်ကျင်လည်နေခဲ့တယ်ဆိုပြီး ကျုပ်ကိုပညာပြချင်တာလား၊ ဒါမှမဟုတ် ကျုပ်ကားကိုညာဉ်ဆိုးတယ်ဆိုပြီး ဈေးမတန်တဆနဲ့ဝယ်ချင်တာလား”
ကိုမောင်ဦးမှာ မျက်နှာကိုရှုံ့မဲ့လိုက်ပြီး
“ဒီမှာ ကျုပ်ခင်ဗျားသိအောင်ပြောလိုက်မယ်၊ ဟောဒီကားကို ကျုပ်ရအောင်ရောင်းမယ်၊ တက်ဈေးနဲ့ရအောင်ရောင်းပြမယ်ဗျ”
ကိုမောင်တင့်က ပြီတီတီနှင့်ရယ်မောလိုက်ကာ
“လုပ်စမ်းပါ ကိုမောင်ဦး၊ ခင်ဗျားရောင်းနိုင်ခဲ့ရင် ခင်ဗျားကိုကျုပ်က တစ်ဝိုင်းဧည့်ခံမယ့်အပြင် ဟောဒီလူတွေအရှေ့မှာ ဆရာလို့တောင် ခေါ်ပြလိုက်မယ်ဗျာ”
“ခင်ဗျားကတိ ခင်ဗျားတည်နော် ကိုမောင်တင့်”
ကိုမောင်ဦးမှာ ကိုမောင်တင့်အားဖမ်းချုပ်ထားရာမှ လွတ်ပေးလိုက်သည်။ ကိုမောင်တင့်က အင်္ကျီကိုပြန်လည်တည့်မတ်ပြင်ဆင်လိုက်ပြီး ကိုမောင်ဦးအိမ်ရှေ့မှထွက်သွားလိုက်သည်။ ကိုမောင်တင့်နှင့်အတူပါလာသည့် ပွဲစားများမှာလည်း ထွက်ခွာသွားလေတော့သည်။ ထိုအဖြစ်အပျက်ကိုမြင်တွေ့လိုက်သည့် မခင်ဦးမှာ ကိုမောင်ဦးအနီးသို့ပြေးလာလေသည်။
“ကိုမောင်ဦး ရှင်သူတို့နဲ့ဘာဖြစ်တာလဲ”
“ဘာမှမဟုတ်ပါဘူးကွာ၊ ဒီလူလည်ပွဲစားတွေက ငါ့ကားကိုများ ညာဉ်ဆိုးသလေးဘာလေးနဲ့ ဈေးနှိမ်ချင်နေကြတာကွ”
ကိုမောင်ဦးမှာ ကားသော့ကိုဖြုတ်ယူလိုက်ပြီး
“ကြည့်နေစမ်းပါ၊ ငါ့ကားညာဉ်ဆိုးသလား မဆိုးဘူးလားဆိုတာသိရအောင် ငါကိုယ်တိုင်မောင်းပြမယ်ကွ”
ကိုမောင်ဦးမှာ မခံချင်စိတ်နှင့်ကားကိုမောင်းထွက်လာခဲ့သည်။ ညကဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဘီယာမူးနေသဖြင့် ထင်ယောင်ထင်မှားဖြစ်နေသည်ဟုသာ တွေးတောနေမိသည်။ ထိုသို့မောင်းနှင်နေရင်း မင်္ဂလာဒုံဘက်သို့ရောက်လာခဲ့သည်။ ကိုငယ်လေး၏ ကားဝပ်ရှော့ထံသွားရန် သတိရသွားကာ ကိုငယ်လေးကားဝပ်ရှော့ဘက်သို့ ဦးတည်လာခဲ့သည်။
ဝပ်ရှော့အရှေ့တွင် ကားရပ်ပြီးဆင်းလာလိုက်သည့်အခါ တစ်ချိန်လုံးကွမ်းမြုံ့ကာ ပြုံးနေတတ်သည့် ကိုငယ်လေးမှာ မျက်နှာထားတင်းမာသွားလေသည်။ ကိုမောင်ဦး ဝပ်ရှော့အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့်။
“ဗျို့ ကိုမောင်ဦး၊ ခင်ဗျားကားကို ကျုပ်ကိုင်မပေးဘူးလို့ ပြောလိုက်ပြီးသားနော်”
ကိုမောင်ဦးက ကိုငယ်လေးအနီးတွင်ထိုင်ချလိုက်ကာ
“ခင်ဗျားကိုလည်း မပြင်ခိုင်းပါဘူးဗျာ၊ ခင်ဗျားကိုမေးစရာတစ်ခုရှိလို့ လာခဲ့တာဗျ”
“ဘာမေးချင်တာလဲ”
“ခင်ဗျားကျုပ်ကားကိုပြင်ရင်း ဘာတွေ့လိုက်လို့ ဒီလိုအကြောက်အကန်ဖြစ်သွားတာလဲ”
ကိုငယ်လေးမှာ မျက်နှာတစ်ချက်ပျက်သွားသည်။
“ပြောမှာသာပြောစမ်းပါဗျာ၊ ကျုပ်သိသင့်သလောက်သိပြီးပါပြီ”
“ဒါဆိုရင်လည်း ကျုပ်ပြောမယ်၊ ခင်ဗျားကျုပ်ကိုစိတ်မဆိုးနဲ့နော်”
ကိုငယ်လေးမှာ သူကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကိုပြောပြလေသည်။
“ခင်ဗျားကားကိုပြင်မယ်ဆိုပြီးလာပေးသွားပေမယ့် ကျုပ်က ညနေဘက်မှ အေးအေးဆေးဆေးကိုင်မယ်ဆိုပြီးလုပ်ထားတာဗျ၊ ထမင်းစားပြီးတော့ ကားကိုတစ်ချက်ကြည့်မယ်ဆိုပြီး စက်ဖုံးဖွင့်လိုက်တဲ့အချိန်မှာ ကားထဲကိုလူတစ်ယောက်ဝင်ထိုင်လိုက်သလိုလိုမျိုး သိမ့်ခနဲတစ်ချက်လှုပ်သွားတယ်၊ ကျုပ်လည်း အစကထူးဆန်းသွားပေမယ့် စိတ်ထင်တာနေမှာပါဆိုပြီး အင်ဂျင်ကိုစစ်ဆေးနေတုန်းမှာ ကားတံခါးက ဂျလောက်ခနဲအသံမြည်ပြီး သူ့အလိုလိုပွင့်ထွက်သွားတယ်ဗျာ၊ ကားတံခါးဆိုတာ သူ့အလိုလိုပွင့်ရိုးထုံးစံမရှိဘူးမဟုတ်လားဗျ”
ကိုမောင်ဦးက ခေါင်းညိတ်လိုက်လေသည်။
“ဒါနဲ့ကျုပ်လည်း ဇဝေဇဝါဖြစ်လာတယ်၊ အဲဒီလိုနဲ့ကားတံခါးကို သွားပိတ်မယ်လုပ်လိုက်တော့ ကားတံခါးက ကျုပ်လက်နဲ့မထိရသေးခင်မှာပဲ သူ့အလိုလိုဂျိန်းခနဲပိတ်သွားတယ်ဗျာ၊ ပိတ်သွားရုံတင်မကဘဲ ကားတံခါးသော့ပါ ဂျလောက်ခနဲကျသွားတာကိုမြင်လိုက်ရတယ်၊ ဒီအထိ ကျုပ်မကြောက်တတ်သေးဘူးဗျ၊ ကားတံခါးပျက်တာပဲလို့ စိတ်ထဲတွေးနေမိတာ”
ကားအနောက်ပိုင်းက ဘော်ဒီအချိုင့်ရာကလေးကိုမြင်တော့ ဘော်ဒီချိုင့်တာကို နည်းနည်းပြန်ဆွဲကြည့်မယ်ဆိုပြီး လုပ်တုန်းမှာ ကားနောက်ခန်းတံခါးအောက်ကနေ အရည်တွေစီးကျလာတယ်၊ ကျုပ်ခြေထောက်ကိုတောင် အဲဒီအရည်တွေက စိုကုန်တယ်ဗျာ၊ ကျုပ်လည်း အရည်တွေကိုလက်နဲ့စမ်းကြည့်လိုက်တော့ ပျစ်ချွဲချွဲနဲ့သွေးတွေဖြစ်နေတာကို မီးရောင်အောက်မှာတွေ့လိုက်ရတယ်၊ ဒီတော့မှ ကျုပ်လည်းတော်တော်လန့်သွားတာပဲဗျို့၊ ကားအပေါ်ကိုကြည့်လိုက်တဲ့အခါ ကားအရှေ့ခန်းမှာ မိန်းကလေးတစ်ယောက် ဆံပင်ဖျားလျားချပြီးထိုင်နေတာကိုမြင်လိုက်ရတော့ ကျုပ်ဟန်မဆောင်နိုင်တော့ဘဲ ဝပ်ရှော့တံခါးကိုပိတ်ပြီး အိမ်ပေါ်ကိုပြန်တက်ပြေးရပါရော၊ ခင်ဗျားလာတော့မှ ကျုပ်ဝပ်ရှော့ထဲကိုပြန်ဆင်းခဲ့တာဗျ”
ကိုမောင်ဦးမှာ ကိုငယ်လေးပြောပြနေသည်ကို မျက်မှောင်ကြုတ်ကာ နားထောင်နေမိသည်။
“ကိုငယ်လေး ခင်ဗျားတကယ်ပြောတာလားဗျ”
“တကယ်ပါဆိုဗျာ၊ ခင်ဗျားကားမှာ သရဲတစ္ဆေလား၊ မကောင်းဆိုးဝါးတစ်ကောင်ကောင်လား တွယ်ကပ်နေတယ်လို့ ကျုပ်ထင်တယ်”
ကိုမောင်ဦးမှာ ခေါင်းညိတ်လိုက်ပြီး ဝပ်ရှော့အတွင်းမှပြန်ထွက်လာခဲ့သည်။
“ဟေ့လူ ခင်ဗျားဘယ်သွားမလို့လဲ”
“ခင်ဗျားပြောတဲ့ သရဲဆိုတာကို သွားရှာမလို့လေဗျာ”
ကိုမောင်ဦးက ရယ်ကျဲကျဲပြောလိုက်ပြီးသည့်နောက် ကားအတွင်းသို့ဝင်လိုက်ကာ စက်နှိုးလိုက်လေသည်။ နေ့လည်စာစားချိန်ရောက်လာသဖြင့် ဗမာထမင်းဆိုင်တစ်ဆိုင်တွင်ဝင်ရောက်စားသောက်လိုက်လေသည်။ ထိုဆိုင်မှာ ဟင်းလျာစုံလင်လှပြီး အတို့အမြှုပ်လည်းကောင်းလှသဖြင့် ကိုမောင်ဦးတစ်ယောက် စားကောင်းကောင်းနှင့်သုံးပန်းကန်ခန့် စားသောက်လိုက်သည်။ ထမင်းစားသောက်ပြီးစီးသည့်အခါ ကားကိုပြန်လည်မောင်းထွက်လာခဲ့သည်။
ထမင်းစားပြီး ပြည့်အင့်နေပြီဖြစ်ရာ ကားမောင်းလိုက်သည့်အခါ လေတိုးပြီးမျက်ခွံများလေးလံလာကာ အိပ်ငိုက်လာလေတော့သည်။ ကားမောင်းနေရင်း လူကတစ်ချက်တစ်ချက်ငိုက်ကျသွားမိသည်။ ဗဟိုလမ်းမကြီးပေါ်သို့တက်မိသည့်အချိန်တွင် လူတစ်ကိုယ်လုံးအသိစိတ်မကပ်တော့ပဲ ဟန်မဆောင်နိုင်အောင် အိပ်ချင်လာမိသည်။ ကားမောင်းရင်း တစ်ချက်ငိုက်မြည်းသွားကာ တစ်ဖက်လမ်းကြောပေါ်သို့ ကားကမေးတင်သွားလေသည်။ ထိုအခါ မျက်နှာချင်းဆိုင်မှ ကားကြီးတစ်စီးက ဟွန်းရှည်ကြီးတီးလိုက်သဖြင့် ကိုမောင်ဦးတစ်ယောက် အသိစိတ်ပြန်ဝင်လာကာ လမ်းမတစ်ဖက်သို့ကားကိုဆွဲချလိုက်ရသည်။ ထိုကားသာ ဟွန်းမတီးခဲ့လျှင် ကိုမောင်ဦးမှာ တစ်ဖက်လမ်းကြောမှလာသည့်ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိမည်ဖြစ်သည်။
ကိုမောင်ဦးမှာ စီယာတိုင်ကိုကိုင်ရင်းချွေးပြန်လာလေသည်။ ထိုစဉ် အိတ်အတွင်းမှဖုန်းက အော်မြည်လာခဲ့သည်။ ဖုန်းကိုကိုင်လိုက်သည့်အခါ ဇနီးသည်ဖြစ်သူ မခင်ဦးခေါ်ဆိုခြင်းဖြစ်သည်။ မခင်ဦးက ဈေးဝယ်စင်တာတစ်ခုမှ ပစ္စည်းတစ်ခုဝင်ဝယ်လာရန်အတွက် မှာကြားလိုက်သည်ဖြစ်ရာ ကိုမောင်ဦးလည်း ဈေးဝယ်စင်တာတစ်ခုသို့မောင်းနှင်လိုက်ကာ မြေအောက်ကားပါကင်အတွင်းတွင် ကားကိုရပ်တန့်လိုက်လေသည်။
ကားပေါ်မှဆင်းမည်ဟုကြံရွယ်လိုက်ကာ ကားတံခါးဖွင့်လိုက်စဉ် ကားတံခါးမှာ လော့များကျကုန်လေသည်။ ကိုမောင်ဦးက ကားတံခါးသော့ကိုဖွင့်သော်လည်း မည်သို့မှဖွင့်မရဘဲရှိနေလေသည်။ ကိုမောင်ဦးကြိုးစားနေစဉ် ကားနောက်ခန်းထိုင်ခုံအလယ်တည့်တည့်တွင် ဆံပင်ဖျားလျားချထားသည့် မိန်းကလေးတစ်ဦးထိုင်နေသည်ကိုတွေ့လိုက်ရသဖြင့် ကိုမောင်ဦးမှာ သွေးပျက်မတတ်ကြောက်လန့်သွားမိသည်။
မိန်းကလေးမှာ စက်ရုံယူနီဖောင်းကဲ့သို့ မိုးပြာရောင်အဝတ်အစားကိုဝတ်ဆင်ထားပြီး ကျောလယ်ခန့်ရှိသည့်ဆံပင်များက ဖျားလျားကျနေလေသည်။ မျက်နှာတစ်ခြမ်းမှာ အသားစများမရှိတော့ဘဲ အရိုးဖြူဖြူကြီးများကိုတွေ့ရသည်။ မျက်ခွံများမရှိတော့သည့် မျက်လုံးမှာလည်း အလုံးလိုက်ကြီးပြူးထွက်နေသည်။ မိုးပြာရောင်အဝတ်အစားပေါ်တွင် သွေးစက်များနှင့်ပေကျံနီရဲနေလေသည်။
ကိုမောင်ဦးမှာ ကားမောင်းသည့်ထိုင်ခုံပေါ်တွင် ပြန်ထိုင်ချလိုက်ပြီး အသက်ကိုမနည်းရှုရှိုက်နေရသည်။ နောက်ကြည့်မှန်မှကြည့်လိုက်သည့်အခါ အလွန်ကြောက်စရာကောင်းသည့် သရဲမမျက်နှာကြီးကိုမြင်တွေ့ရသည်။
“မင်း . . .မင်းဘယ်သူလဲ ဘာဖြစ်လို့ ငါ့ကားပေါ်ကိုရောက်နေတာလဲ”
“မောင်း . . .အခုချက်ချင်းမောင်း”
သရဲမက အသံကွဲကြီးဖြင့်အော်ဟစ်လိုက်လေသည်။ ကိုမောင်ဦးမှာ လက်များတုန်ယင်နေပြီး ကားစက်နှိုးရန်အတွက်ပင် မနည်းကြိုးစားနေရသည်။ ထိုအခိုက် ကားစက်မှာ သူ့အလိုလိုနိုးသွားပြီး ကားစတီယာရင်မှာလည်း သူ့အလိုလိုပင်လည်ပတ်ကာ ကားမှာကုန်တိုက်အတွင်းမှမောင်းထွက်လာခဲ့လေသည်။
အပြင်သို့ရောက်သည့်အခါ ပတ်ဝန်းကျင်မှာ အမှောင်ဖုံးနေလေသည်။ ကားကလေးမှာ အလွန်လျှင်မြန်သောအရှိန်ဖြင့် မောင်းနှင်နေကာ ကားလမ်းပေါ်ရှိ အခြားကားများနှင့် ပွတ်ကာသီကာ ရှောင်တိမ်းမောင်းနှင်နေလေသည်။ ကိုမောင်သိန်းတစ်ယောက် အလွန်ကြောက်လန့်ကာ မျက်စိကိုစုံမှိတ်ထားမိသည်။ ကားလမ်းပေါ်မှ ကားကြီး၊ ကားငယ်များက ဟွန်းများတီးနေကြသည်။
ပရိုဘောက်ကားကလေးမှာ ထိုသို့မောင်းနှင်ပြီးသည့်နောက် လမ်းမကြီးတစ်ခုထက်ဆီသို့ရောက်လာခဲ့သည်။ လမ်းမကြီးမှာ ကွန်ကရစ်လမ်းဖြူဖြူကြီးဖြစ်ကာ လမ်းနံဘေးတွင် ဓါတ်တိုင်ကြီးများက အစီအရီရှိနေကြသည်။ လမ်းတစ်ဖက်တစ်ချက်တွင်လည်း မြက်ရိုင်းပင်ရှည်ကြီးများကိုတွေ့ရသည်။ ကိုမောင်ဦးမှာ ထိုလမ်းအနေအထားကိုကြည့်လိုက်ရင်း အမှတ်သုံးလမ်းမသော်လည်းကောင်း၊ သို့မဟုတ် ဇေကမ္ဘာဝင်းအတွင်းမှလမ်းမသော်လည်းကောင်း၊ ထိုမှမဟုတ်လျှင် စက်မှုဇုန်တစ်ခုခုရှိ လမ်းတစ်ခုဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။
လမ်းတစ်နေရာအရောက်တွင် ကားကကျွှီခနဲထိုးရပ်သွားကာ ကားတံခါးမှာပွင့်ထွက်သွားပြီး ကိုမောင်ဦးကိုလူတစ်ဦးက ဆွဲထုတ်လိုက်သကဲ့သို့ခံစားလိုက်ရကာ ကိုမောင်ဦးတစ်ယောက် ကားလမ်းနံဘေးသို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားသည်။
ကားလမ်းနံဘေးမှ ကုန်းထလိုက်သည့်အခါ ပရိုဘောက်စ်ကားအား မတွေ့ရတော့ပေ၊ ကိုမောင်ဦးကာ ကားအသွားအလာတစ်စီးမှမရှိသည့် ကားလမ်းမကြီးကို ငေးကြည့်နေမိသည်။
ထိုစဉ် ဆွဲခြင်းတောင်းကလေးကိုင်ကာ လမ်းလျှောက်လာသည့် မိန်းကလေးတစ်ဦးကိုတွေ့လိုက်ရသည်။ ကိုမောင်ဦးမှာ လူသူတွေ့လိုက်ရသဖြင့် အားတက်သွားကာ ထိုမိန်းကလေးအား အော်ခေါ်မည်ဟုကြံရွယ်လိုက်စဉ်မှာပင် ထိုမိန်းကလေးမှာ ပရိုဘောက်စ်ကားအတွင်းတွင် တွေ့လိုက်ရသည့် မိန်းကလေးဖြစ်နေလေသည်။ မိန်းကလေးမှာ ကားလမ်းဖြတ်ကူးရန်အတွက် လမ်းလယ်သို့တဖြည်းဖြည်းလျှောက်လှမ်းလာသည်။ ထိုစဉ်မှာပင် မိန်းကလေး၏ နောက်ကျောဘက်မှ ပရိုဘောက်ကားတစ်စီးက အရှိန်ပြင်းစွာဖြင့်မောင်းနှင်လာကာ လမ်းဖြတ်ကူးနေသည့်မိန်းကလေးကို ဘွားခနဲတွေ့လိုက်ရသဖြင့် ကားကိုလမ်းဘေးဆွဲချလိုက်သော်လည်း ကား၏အနောက်ဘက်နံဘေးနှင့်မိန်းကလေးအား တိုက်မိသွားလေသည်။ ထိုမိန်းကလေးဝတ်ဆင်ထားသည့် ထမီစမှာ ကားနောက်ဘီးအကြားသို့ညပ်ပါသွားကာ ထိုမိန်းကလေးမှာလည်း ကားအနောက်သို့တရွတ်တိုက်ဆွဲပါသွားပြီး ဦးခေါင်းနှင့် ကွန်ကရစ်ကြမ်းပြင်ပွတ်တိုက်မိကာ သွေးများက စွပ်ကြောင်းအရာကြီးအဖြစ်ကျန်နေခဲ့လေသည်။ ပရိုဘောက်ကားကလေးမှာ လမ်းဘေးတစ်နေရာတွင်ထိုးရပ်သွားပြီး ကားပေါ်မှာ အင်္ကျီအနီကွက်ဝတ်ဆင်ထားသည့် လူတစ်ဦးမှာပြေးဆင်းလာလေသည်။
ထိုလူက မိန်းကလေးအားစိုက်ကြည့်ကာ အလွန်ထိတ်လန့်သွားပြီး ကားလမ်းမပေါ်သို့ဖင်ထိုင်လျှက်သား လဲကျသွားသည်။ ထို့နောက် ဘေးဘီဝဲယာသို့ လှည့်ကြည့်လိုက်ပြီး ကားဆီသို့အမြန်ပြေးကာ ကားကိုမောင်းထွက်သွားလေတော့သည်။ ကိုမောင်ဦးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် မိန်းကလေးအနီးသို့တိုးကပ်ခဲ့သည်။ ကွန်ကရိလမ်းပေါ်တွင် မှောက်လျှက်သားလဲကျနေသည့်် မိန်းကလေးမှာ ငေါက်ခနဲထထိုင်လိုက်ပြီး ကိုမောင်ဦးအား စိုက်ကြည့်လျှက်
“မြင်လိုက်လား၊ ရှင်အဲဒီလူကိုမြင်လိုက်သလား”
ကိုမောင်ဦးမှာ ခေါင်းကိုဆတ်ခနဲညိတ်လိုက်သည်။
“အဲဒီလူယုတ်မာကို ကျုပ်ရှာနေတာကြာပြီ”
“တကယ်လို့ မင်းအဲဒီလူကိုတွေ့ရင် ဘာလုပ်မှာလဲ”
“လက်စားချေမယ်၊ အဲဒီလူ ကျုပ်လိုခံရအောင်လက်စားပြန်ချေမယ်”
“လက် . . လက်စားချေပြီးရင်ရော”
“ရှာပေး . . . အဲဒီလူကိုရှာပေး”
မိန်းကလေးမှာ အသံနက်ကြီးနှင့်ဟစ်အော်လိုက်သဖြင့် ကိုမောင်ဦးတစ်ယောက် လန့်နိုးသွားလေသည်။ ကိုမောင်ဦးတစ်ကိုယ်လုံးတွင် ချွေးစေးများထွက်ကာ စိုရွဲနေလေသည်။ ဘေးပတ်ဝန်းကျင်သို့ကြည့်လိုက်သည့်အခါ ဈေးဝင်စင်တာကြီး၏ မြေအောက်ကားပါကင်တွင်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
“လတ်စသတ်တော့ ငါအရမ်းအိပ်ချင်လာပြီး ဒီအောက်မှာအိပ်ပျော်သွားတာထင်တယ်”
ကိုမောင်ဦးမှာ အသက်ကိုမနည်းလုရှူနေရသည်။
“ဒါပေမယ့် ငါအခုနကတွေ့ခဲ့ရတာတွေက အိပ်မက်ပဲလား၊ တကယ်များလား”
ထိုစဉ် ကားရေဒီယိုမှာ ချောက်ခနဲပွင့်သွားကာ သီချင်းသံများထွက်ပေါ်လာလေသည်။ ထိုအဖြစ်ကိုကြည့်ချင်းဖြင့် ကိုမောင်ဦးတစ်ယောက် ကားပေါ်တွင် သရဲမရှိနေသည်ကို သိလိုက်ရသည်။
“တကယ်လို့ ငါမင်းကိုကူညီမယ်ဆိုရင် မင်းငါ့ကိုပြန်ကူညီမလား”
သီချင်းသံထွက်နေသည့် ရေဒီယိုမှာ အသံပိတ်သွားပြီးသည့်နောက် ခဏကြာမှအသံပြန်ပွင့်လာသည်။ ကိုမောင်ဦးက ထိုအဖြစ်ကိုသရဲမ အချက်ပြသည်ဟုသတ်မှတ်လိုက်သည်။
“ဒါဆို ငါအဲဒီလူကိုရှာပေးမယ်၊ ဒီလူကိုရှာတွေ့ရင် မင်းဒီကားထဲကနေ ထွက်သွားပေးရမယ်”
ရေဒီယိုမှာ အသံပိတ်သွားပြန်သည်။ ကိုမောင်ဦးလည်း နားလည်လိုက်ပြီမို့ ဖုန်းကိုဖွင့်လိုက်ကာ ကိုမောင်တင့်ဆီသို့ဖုန်းခေါ်လိုက်သည်။
“ဟဲလို ကိုမောင်တင့်လား၊ ကျုပ်သိချင်တာတစ်ခုရှိတယ်၊ ခင်ဗျား ဒီကားကိုအရင်တုန်းက ဘယ်သူ့ဆီကနေရလာခဲ့တာလဲ”
ကိုမောင်တင့်၏ ချိတ်ဆက်ပေးမှုဖြင့် ပွဲစားများတစ်ယောက်ပြီးတစ်ယောက်နှင့် ဆက်သွယ်မေးမြန်းခဲ့ရာ နောက်ဆုံးတွင်တော့ ထိုကားအား ဦးစွာရောင်းချခဲ့သည့် ကားပိုင်ရှင်တစ်ဦး၏ လိပ်စာကိုရရှိခဲ့သည်။
“ရွှေလင်ပန်းစက်မှုဇုန်ဆိုပါလား”
ထိုအခါ ကားဟွန်းမှာ တီခနဲမြည်သွားသည်ကိုတွေ့လိုက်ရသည်။ ကိုမောင်ဦးလည်း ကားကိုစက်နှိုးလိုက်ကာ ရွှေလင်ပန်းစက်မှုဇုန်ဆီသို့ ဦးတည်မောင်းနှင်လာခဲ့သည်။
(၃)
ပွဲစားညွန်ပေးလိုက်သည့်အတိုင်း ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ လမ်းတစ်ခုအတွင်းသို့ရောက်လာခဲ့သည်။ ထိုလမ်းကိုဝင်သည့် စက်မှုဇုန်လမ်းမကြီးမှာ ကိုမောင်ဦးအိပ်မက်ထဲတွင် မြင်တွေ့ခဲ့သည့် ကွန်ကရိလမ်းမကြီးနှင့် တူညီလှပေသည်။ လမ်းသွယ်ကလေးဆီသို့ရောက်ခဲ့သည့်အခါ စက်ရုံကြီးများတန်းစီနေသည်ကိုတွေ့ရသည်။ စက်ရုံဆင်းချိန်ဖြစ်သဖြင့် စက်မှုဇုန်လမ်းမကြီးတွင် လူများ ကားများရှုပ်ထွေးနေကြသည်။ စက်ရုံအလုပ်သမားများအား ကြိုပို့လုပ်သည့် ဖယ်ရီကားများ၊ စက်ရုံအတွင်းမှ ပစ္စည်းများသယ်ဆောင်လာကြသည့် ကုန်တင်ကားကြီးများနှင့် ရှုပ်ထွေးနေလေသည်။
“စက်ရုံအမှတ် ၁၃၁ ဆိုတော့ ဒီစက်ရုံပဲဖြစ်ရမယ်”
ကိုမောင်ဦးက ထိုစက်ရုံအရှေ့နားတွင် ကားကိုထိုးရပ်လိုက်သည်။ စက်ရုံနှင့်လမ်းတစ်ဖက်ခြမ်းတွင်တော့ သဲခင်းထားသည့် ခြင်းကွင်းကလေးတစ်ခုရှိပြီး ခြင်းကွင်းတွင် လူငယ်လူရွယ်များက ခြင်းခတ်ဆော့ကစားနေသည်ကိုတွေ့ရသည်။ ကိုမောင်ဦးက ကားပေါ်မှဆင်းရန်ပြင်လိုက်စဉ် စက်ရုံအမှတ်(၁၃၁)အတွင်းမှ လူတစ်ဦးပြေးထွက်လာသည်ကိုတွေ့ရသည်။ ကိုမောင်ဦးမှာ ထိုလူကိုကြည့်လိုက်သည့်အခါ အိပ်မက်အတွင်းမြင်တွေ့လိုက်ရသည့်လူနှင့် တစ်ထေရာတည်းတူညီနေသည်ကိုတွေ့လိုက်ရသည်။ ထိုလူမှာ အလုပ်သမားမိန်းကလေးအား ကားဖြင့်တိုက်သွားသည့်သူဖြစ်မည်ဟုတွေးမိလိုက်ကာ ကိုမောင်ဦးက ကားပေါ်မှဆင်းသက်ရန်ပြင်ဆင်လိုက်သည်။
သို့သော် ကားတံခါးမှာဖွင့်၍မရပေ၊ ကားတစ်စင်းလုံးမှာလည်း ဝုန်းခနဲတုန်ခါသွားပြီးနောက် ကားခေါင်မိုးပေါ်မှ အရိပ်သဏ္ဍာန်မဲမဲအရာကြီးတစ်ခုက လွှားခနဲခုန်ထွက်သွားကာ ထိုလူ၏လည်ကုပ်ပေါ်သို့ တွယ်ကပ်သွားသည်ကိုတွေ့ရသည်။ ထိုလူမှာ အလွန်ကြောက်ရွံ့သွားပြီး တုန်တုန်ယင်ယင်ဖြစ်ကာ ခြေဦးတည့်ရာပြေးလွှားလေသည်။ ကိုမောင်ဦးမှာ ထိုလူအား အော်ဟစ်သတိပေးရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ ထိုလူမှာ သရဲကောင်ကြီးနှင့်တွေ့သည့်အခါ ကြောက်လန့်၍ ခြေဦးတည့်ရာပြေးလွှားရာမှ စက်မှုဇုန်လမ်းမအတိုင်းမောင်းနှင်လာသည့် ကုန်တင်ကားကြီးတစ်စင်းနှင့်တိုက်မိကာ ကုန်တင်ကားဘီးအောက်သို့ ကြိတ်မိသွားသည်ကိုတွေ့လိုက်ရသည်။
ကိုမောင်ဦးတစ်ယောက် မျက်စိအရှေ့မှာပင်လူတစ်ဦးသေဆုံးသွားသည်ကိုမြင်တွေ့လိုက်ရသည့်အတွက် စိတ်တုန်လှုပ်ချောက်ခြားသွားလေသည်။ ခြင်းခတ်နေသူများ၊ လမ်းမတွင်သွားလာနေသူများက ကုန်တင်ကားကြီးနှင့်တိုက်မိသည့် ထိုလူအားပြေးကြည့်ကြလေသည်။ ကုန်တင်ကားဘီးအောက်သို့ ဝင်ရောက်သွားသည့်ထိုလူမှာ အသက်ရှင်နိုင်ဖွယ်မရှိဟု ကိုမောင်ဦးယူဆလိုက်လေသည်။
ကိုမောင်ဦးတစ်ယောက် စိတ်ကိုတည်ငြိမ်အောင်ချုပ်ထိန်းပြီး ကားကိုထိုနေရာမှမောင်းထွက်လာခဲ့သည်။ ကားမောင်းနေရင်း ကားအနောက်ခန်းသို့တစ်ချက်ကြည့်လိုက်ကာ
“မင်းရှိနေသေးလား၊ မင်းငါ့ကိုကတိပေးထားတယ်လေ၊ ငါမင်းကိုကူညီပြီးရင် မင်းဒီကားကနေထွက်သွားတော့မယ်ဆို”
ကိုမောင်ဦးပြောဆိုလိုက်သော်လည်း ကားမှာမည်သို့မျှထူးခြားခြင်းမရှိပေ၊ ကိုမောင်ဦးမှာ သုံးလေးခွန်းမျှပြောဆိုလိုက်သော်လည်း မည်သည့်အရာမှမတွေ့ရတော့သဖြင့် ထိုမိန်းကလေး ကားပေါ်မှဆင်းသွားပြီဖြစ်မှန်းသိလိုက်ရသည်။
ကိုမောင်ဦးက သက်ပြင်းတစ်ချက်ချလိုက်ကာ ကားရေဒီယိုကိုဖွင့်လိုက်လေသည်။ ထိုအခါ ကိုမောင်ဦးကြိုက်နှစ်သက်သည့် သီချင်းတစ်ပုဒ်ကို ရေဒီယိုမှထုတ်လွှင့်လာနေသည်။ ကိုမောင်ဦးက သီချင်းအားညည်းညူသီဆိုလိုက်ရင်း ကားကလေးကိုရန်ကုန်မြို့ဆီသို့ ဦးတည်မောင်းနှင်လာလေတော့သည်။
ပြီးပါပြီ။