တဲအိုပျက်မှာ နေနိုင်သော်လည်း(စ/ဆုံး)
——————————–
ကျွန်မနှင့် ကျွန်မယောကျာ်းသည် ချစ်လွန်းမက ချစ်၍ မခွဲနိုင်မခွာသောကြောင့် ယူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကျွန်မတို့၏ အိမ်ထောင်ရေးတွင် ယခုလို အဖုထစ်လေးများ ရှိလိမ့်မည်ဟု မတွေးမိပေ။
ကျွန်မယောကျ်ားသည် အမြဲတမ်း ဆယ့်နှစ်ရာသီနားရက်မရှိ အရက်ကို အမြဲပင် တစွဲလမ်းလမ်း သောက်သုံးလျက်ရှိသည်။ သူ၏ ပါးစပ်တွင် အရက်နံ့ပျက်ပြယ်သည့် အချိန်ဟူ၍ မရှိပေ။ နေ့ရက်တိုင်း အရက်ပုလင်းကို အိပ်ရာဘေးတွင်တောင် ထားအိပ်တတ်၏။ သန်းခေါင်ကျော်နိုးသည့်အချိန်နှင့် မနက်မိုးလင်းလင်းချင်းတွင် အရက်နှင့်မျက်နှာသစ်ရန် အသင့်ဆောင်ထားလေသည်။
ကျွန်မတို့ အိမ်ထောင်ကျပြီဆိုကတည်းက ကျွန်မကသာလျှင် သူ့ကို ရှာကျွေးရသည်။ သူ ရှာကျွေးသည့် ထမင်းနပ်မှာ ဆယ်နပ်ပင် မပြည့်ပေ။ သူသည် လူပျိုဘဝကတည်းက အရက်အနည်းငယ်သောက်တတ်သည်ကို ကျွန်မသိသည်။ သို့သော်လည်း ကျွန်မနှင့် အိမ်ထောင်ကျသည့်အချိန်တွင် ပြင်၍ရလောက်မည်ဟု တွေးထားသောကြောင့် သူ့ကို ယူမိခဲ့ခြင်းဖြစ်သည်။ သူ့ကို ချစ်သည့် စိတ်များလည်း ပါသောကြောင့်ပင်။
ကျွန်မသည် ကျွန်မနေသည့် မြို့တွင် အဝတ်ဖွပ်သည့် အလုပ်ကို လုပ်၍ သူ၏ အရက်ဖိုးနှင့် မိသားစု စားဝတ်နေရေး ပြေလည်စေရန် ရုန်းကန်ရသည်။ သည်ကြားထဲတွင် အရက်မူးရင်းဖြင့် ကလေးတစ်ယောက်ပါ အဖက်တင်သွားသော ကျွန်မတို့၏ အိမ်ထောင်ရေးသည် ပိုမို၍ ကျပ်တည်းလာ၏။ ကလေးကလည်း သမီးငယ်လေးဖြစ်သောကြောင့် အရက်မသောက်ဖို့ရာကို ကျွန်မ အတန်တန်ပြောသည်။ သို့သော်လည်း ထိုသို့ ပြောသည့်နေ့တွင် ကျွန်မ၏ ကျောတွင် အရှိုးရာများ အနှံ့အပြားဖြစ်၍နေ၏။
ကျွန်မတို့သည် အိမ်ထောင်ကျသော်လည်း အဖေ၏ ဝိုင်းထဲတွင် အိမ်သေးသေးလေးဆောက်၍ နေခြင်းကြောင့် ကျွန်မတို့ စကားများသည်ကို ကျွန်မ မိဘအပြင် မောင်နှမတွေပါ ကြားလျက်ရှိသည်။ ကျွန်မသည် သူ့ကို အလုပ်မလုပ်၍လည်း အပြစ်မတင်။ အိမ်တွင် အေးဆေးနေ၍ ဧည့်ခန်း၌ အခန့်သားနေကာ ဇိမ်နှင့် တင်ကလိမ်ချိတ်နေစေချင်သည်။ သို့သော်လည်း ကျွန်မ မကြိုက်သော အရက်ကိုတော့ မသောက်ဖို့ ကတိတောင်းသည်။ ထိုသို့သော ရက်မျိုးတွင် ကျွန်မ အတော်ပင် သူ၏ အထုအထောင်းကို ခံရလေသည်။ ကျွန်မတို့ ရန်ဖြစ်သည်ကလည်း တခြားကြောင့်မဟုတ်။ အရက်အကြောင်းကို ကျွန်မက ပြောလိုက်သည့် အချိန်တွင် ကျွန်မတို့ မတည့်ခြင်းဖြစ်သည်။ အရက်သောက်ခြင်းကို မပြောလျှင် ကျွန်မယောကျ်ားနှင့် တစ်ရက်လုံး အဆင်ပြေလေသည်။ သို့သော်လည်း ကျွန်မ သူ့ကို အရက်ပြတ်စေချင်သောကြောင့် တဖွဖွ ပြောနေသည်။
“ကိုအောင်တင်… ရှင် အရက်ပြတ်ပါလားတော်…. အရက်မသောက်ရင် သိပ်ကောင်းမှာပဲ”
ကျွန်မ၏ အပြောအဆုံးတွင် သူ၏ လက်သည် ကျွန်မ နားထင် ထက်ဝယ် ရောက်ရှိနေသည်။ ပုံပမာပြောရလျှင် ပန်းပွင့်ထက်သို့ ပျားပိတုံးလေး ပျံဝဲနေသကဲ့သို့ပင်။
“ဖြောင်း…
“ စကားမရှည်နဲ့…”
ကျွန်မ နားထင်တွင် ပူနွေးသွားလျက်ရှိပြီး သူ၏ အသံနှင့်အတူ ထုံအမ်းအမ်းဖြစ်သွား၏။ ထို့နောက် ကျွန်မ နာကျင်ခြင်းကို သိခဲ့ရလေသည်။
“ကိုအောင်တင်ရယ်… ကျွန်မ ပြောတာက အမှားမပါပါဘူးတော်… ရှင်အရက်အလွန်အကျွံသောက်ရင် ကျွန်မ မြန်မြန် မုဆိုးမ ဖြစ်လိမ့်မယ်… ရှင့်ကို သေမှာစိုးလို့ ပြောနေတာ ရှင်က နားမလည်ဘူး… ကလေးရှေ့ရေးတွေ ဘာတွေလဲ မတွေးဘူး…”
နာကျင်ခြင်းနှင့်အတူ ကျွန်မ၏ မျက်ဝန်းအိမ်မှ မျက်ရည်စများသည် ဒလဟော စီး၍ ကျလာ၏။
“ နင် စကားမရှည်နဲ့ မိညို… ငါ အရက်ကြိုက်လို့ သောက်တာ… ဆရာကြီး လာမလုပ်နဲ့… နင် သေလိမ့်မယ်နော်… ကိုယ့်ဘာသာကို အေးအေးဆေးဆေးနေစမ်း…”
“အွတ်…”
ကျွန်မ၏ တင်ပါးကို သူ၏ ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သောကြောင့် ကျွန်မမှာ ကြမ်းပေါ်သို့ ပုံလျက်ကျသွားသည်။ ထိုသို့ ဖြစ်သွားခြင်းကို မြင်သောကြောင့် သမီးငယ်သည် အာခေါင်ကို ခြစ်၍ အော်လေသည်။
“ ဟီး…. အီး… အီ….”
ထိုသို့ သမီးငယ် ငိုသံကြားသောကြောင့် ကျွန်မ၏ မောင်သည် ကျွန်မတို့ အိမ်ဘက်သို့ လှမ်း၍ စကားဆိုလိုက်သည်။
“ဘာတွေဖြစ်နေတာတုံးဟ… ကလေးက ငိုနေတာ…”
ထိုအချိန်တွင် ကျွန်မယောကျ်ားသည် ကျွန်မ မောင်ကို စိုက်ကြည့်ကာ
“ဟျောင့် … မင်း က ဘာမို့ အမိန့်လာပေးနေတာလဲ… မင်းက ဘာကောင်လဲ…”
ကျွန်မသည် လဲနေရာမှာ အားယူ၍ ထလိုက်သည်။ ကျွန်မမောင်သည် ကျွန်မတို့အိမ်ပေါ်သို့ တက်၍ လာခဲ့၏။ ထို့နောက် ကိုအောင်တင်ကို စူးစူးစိုက်စိုက်ကြည့်ကာ လက်ဟန်ပြင်၍
“မင်းကရော ဘာကောင်မို့လဲ… “
“ရွှေအေး မောင်လေး ဘာမှ ဖြစ်တာမဟုတ်ဘူး သွားသွား မူးတဲ့လူနဲ့ တုမဖြစ်နေနဲ့…”
ကျွန်မသည် ရွှေအေးကို နားချ၍ ချော့မော့ပြောနေခဲ့သည်။
“ဟဲ့ … ကောင်မ မိညို… ဘာမူးတဲ့လူနဲ့ မတုနဲ့လဲ… ငါ့ကို မူးတဲ့လူလေး ဘာလေးနဲ့ … သေချင်လို့လား…”
ကိုအောင်တင် မူးတိမူးကန်းနှင့် ကျွန်မ၏ နောက်ကျောကို ထပ်မံ၍ ခြေထောက်နှင့် လှမ်းကန်လိုက်သည်။ ထိုအချိန်တွင် ရွှေအေးသည် ကျွန်မကို နိုင့်ထက်စီးနင်းပြုကျင့်နေသော ကိုအောင်တင်ကို လက်သီးဖြင့် နှစ်ချက်ဆင့်၍ ထိုးပစ်လိုက်သည်။
“ခွပ်… ခွပ်”
ကျွန်မသည် ရွှေအေးကိုလည်း မလုပ်ပါနှင့်ဟု မတားတော့ပေ။ ထို့နောက် ကျွန်မယောကျ်ားနှင့် ကျွန်မမောင်တို့ ရောထွေးလုံးပတ်၍ သတ်ပုတ်နေကြသည်။
“မောင်လေး… လုပ်မှာဆို နိုင်အောင်လုပ်… မောင်သေရင် မောင်စား မရဘူး… လင်သေရင် လင်စားရတယ်… နိုင်အောင်လုပ်…”
ကျွန်မသည် ကိုအောင်တင်ကို ချစ်သော်လည်း ကျွန်မ၏ တစ်အူထုံဆင်းနှင့် ရန်ဖြစ်နေသည့် အခါတွင် လျှပ်တပြက် ထိုစကားများထွက်ပေါ်သွားလေသည်။
“မင်း သေလိမ့်မယ်နော်… မူးရင်လည်း အေးဆေးနေ… မညံနဲ့…”
ရွှေအေးသည် ပြောပြောဆိုဆိုနှင့် အင်္ကျီကို ဆန့်ဆွဲ၍ အိမ်ပေါ်မှ ဆင်းသွားခဲ့လေသည်။ ကျွန်မ မောင်ဖြစ်သူ ပြန်သွားမှ ကိုအောင်တင်သည် ကျွန်မကို စိတ်ဆိုးစွာဖြင့် လှမ်းပြောလိုက်သည်။
“ မိညို… နင်ကလည်းဟာ… နည်းနည်းတောင် ငါ့ကို လုပ်မကူဘူး… ငါ့ကို ဟိုကောင် ထိုးနေတာ သိသိကြီးနဲ့ ဝင်ပြီး မလုပ်ကူးဘူး… တော်တော်နေနိုင်တဲ့ မိန်းမ…”
“ဘာ…လုပ်ကူရမယ်ဟုတ်လား… လင်သေရင် လင်စားရတယ်… မောင်သေလို့ မောင်စားမရဘူးဆိုတာကို နားမလည်ဘူးလား…”
ကျွန်မပြောလိုက်သည့် စကားကို ကြားသည့်အချိန်၌ ကိုအောင်တင်မှာ ကျွန်မကိုသာလျှင် အကြောင်သား ငေးကြည့်နေခဲ့သည်။ သူ၏ အကြည့်တွင် အချစ်ဆိုသည်မှာ ဘယ်မှာလဲဟု မေးရန်ဖြစ်လိမ့်မည်။ အချစ်ဆိုသည်မှာ သက်တမ်းရှိမည်ဟု ကျွန်မ ပြန်ဖြေမိသည်မှာ သေအချာပင်ဖြစ်သည်။
စာဖတ်သူကို အစဉ်လေးစားလျက်။
လွင်ကိုကိုထက်
၁၆.၆.၂၀၂၃(သောကြာနေ့)