မနက်လင်းပြီဆိုကတည်းက လက်ပံပင် ဆက်ရက်ကျသလို ဆူညံပွက်လောရိုက်နေသည့် အနှီ ဆိုက်ကား ဂိတ်လေးကား ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် ဖြစ်၏။ ဆိုက်ကားကို ကိုယ်ပိုင်ထောင်ထားသော ဆိုက် ကားသမားများ ပါဝင်သလို အုံနာကြေးပေး၍ အငှားနင်း သော ဆိုက်ကားသမားများလည်း ပါဝင်သည်။ ကား နောက်လိုက် စပယ်ယာဘဝမှ ဆိုက်ကားသမားဘဝသို့ ကူးလာသူများ ပါဝင်သလို အရက်သမားဘဝမှ အုံနာ ကြေး နေ့စဉ်ပေး၍ ဆိုက်ကားနင်းနေသူများလည်း ပါ သည်။ ပြောရလျှင် ဆိုက်ကားဂိတ်လေးသည် လူစုံ၊ စရိုက်စုံ၊ အကျင့်စုံနှင့် ပြွမ်းတီးနေသော အဝန်းအဝိုင်း ကလေးပင် ဖြစ်တော့၏။ မနက်ခင်းကတည်းက ကိုယ့် ဆိုက်ကားကို ဂိတ်ထိုးထားကြသည်။ ခရီးသည် ဈေးဦး ပေါက်ခြင်း၊ မပေါက်ခြင်း မစဉ်းစား။ မနေ့ကတည်းက တမင်ချန်ထားသော ငွေကြေးကလေးက မနက်ခင်း အတွက် ယမကာမှီဝဲရန်ဖြစ်သည်။ ထိုသို့ အရက်ကြိုက် ဆိုက်ကားသမားတချို့ ပါဝင်သလို မြေကြီးပေါ်တွင် ပိုက်ဆံပစ်ကြသူ ဆိုက်ကားသမားများလည်းပါ၏။ သူတို့ဆိုက်ကားကို ခရီးသည် တစ်စုံတစ်ယောက် လာ
မငှားမချင်း ထိုအလုပ်များသည် သူတို့၏ နိစ္စဓူဝ အလုပ် များပင် ဖြစ်၏။ ငြင်းကြခုံကြ၊ စကားများကြနှင့် ပတ် ဝန်းကျင်တစ်ခုလုံး ပွက်လောရိုက်နေတတ်သည်။ ထိုထို သော ဆိုက်ကားသမား အများစုထဲကမှ တစ်မူကွဲပြား ခြားနားနေသည့် ဆိုက်ကားသမားတစ်ယောက် ရှိပါ သည်။ သူ၏အမည်မှာ နေသော်ဖြစ်၏။ အသက် ပတ်ဝန်းကျင်ရှိပြီး ညိုညိုမောင်းမောင်း တုတ်တုတ်ခိုင် ခိုင် ဖြစ်သည်။ နေသော်သည် ဤမြို့ခံလူတစ်ယောက် မဟုတ်ချေ။ သူ့ဇာတိအမှန်ကို မည်သည့်ဆိုက်ကားသမား မှမသိသလို၊ နေသော်ကလည်း စကားနည်းသူဖြစ်သော ကြောင့် သူ့အကြောင်းကို မည်သူ့မျှ မပြောဖူးချေ။ အား လုံးသိထားသည့်တစ်ချက်မှာ မြို့သစ်တွင် ဦးလေးနှင့် အတူ ဆိုက်ကားနင်းစားနေသည့်အချက်ပင် ဖြစ်၏။ နေသော်ကား အခြားဆိုက်ကားသမားများလို ဟေးလား ဝါးလားထဲတွင် မပါဝင်ဘဲ သူ့ဆိုက်ကားပေါ်တွင်ထိုင်၍ ခရီးသည်စောင့်ရင်း ဝတ္ထုစာအုပ်တစ်အုပ်ကို အမြဲ ဖတ် နေလေ့ရှိသည်။ ပတ်ဝန်းကျင် မည်သို့ဖြစ်နေသည်ကို စိတ်မဝင်စား။ သူ၏ မျက်လုံးများကို စာအုပ်ထဲတွင် သာ နှစ်မြှုပ်ထားတတ်၏။ ဆိုက်ကားဂိတ်အနီးမှ ဖြတ်
သွားဖြတ်လာ မိန်းကလေးများကို နှမချင်းမစာနာ စကြ၊ နောက်ကြ၊ သွေးတိုးစမ်းကြသည့်အထဲတွင် နေသော် မပါ။ ကုန်ကုန်ပြောရလျှင် ကမ္ဘာကျော် မင်းသမီးတစ် လက် ဆိုက်ကားဂိတ်အနီးမှ ဖြတ်သွားလျှင်ပင် နေသော် ကြည့်မည် မဟုတ်ချေ။
“ဟေ့သူငယ်၊ ဆိုက်ကားသွားချင်လို့”
“ဟုတ်ကဲ့ခင်ဗျ”
ထိုကဲ့သို့ နေသော့်ဆီကို ခရီးသည် ဆိုက်ရောက် လာလျှင် ဖတ်လက်စ ဝတ္ထုစာအုပ်ကို သူဖတ်နေသည့် စာမျက်နှာထောင့်ကလေးအား ချိုး၍ အမှတ်အသားလုပ် စာအုပ်ကိုပိတ်၊ ဆိုက်ကားထိုင်ခုံအောက် ထိုးထည့်ပြီး ခရီးသည်အား လိုရာခရီး ပို့ဆောင်ပေးသည်။ ဂိတ်သို့ ပြန်ရောက်သည်နှင့် ဖတ်လက်စ ဝတ္ထုစာအုပ်ကို ထုတ်၍ ဆက်ဖတ်နေတတ်သည်မှာ နေသော်၏ စရိုက်ပင် ဖြစ် တော့သည်။ သူက ခပ်တည်တည်နေတတ်သူဖြစ်သော ကြောင့် အခြားဆိုက်ကားသမားများ နေသော့်ကို ခပ်ရှိန် ရှိန်ဖြစ်ကြသည်။ ညိုမောင်းတုတ်ခိုင်သော နေသော်၏ ခန္ဓာကိုယ်တွင် ကျောက်သားကျောက်စိုင်လို ကြွက်သား အဖုအထစ်များက နေသော့ကို ယောက်ျားပီသစေသော ပုံသဏ္ဌာန်ကို ထုဆစ်ပေးထား၏။ လောကတွင် မည် သည့်အလုပ်မဆို ကိုယ့်အလုပ်ကို တည်တည်ကြည်ကြည်၊ ဖြောင့်ဖြောင့်မတ်မတ် လုပ်သူတိုင်း ပတ်ဝန်းကျင်မှ အ ပြောင်အပြက်စကား၊ အနှောင့်အယှက်လုပ်ရပ် စသည် များ လွယ်လွယ်ကူကူ ဝင်မလာနိုင်ချေ။ နေသော်သည် ထိုသို့ နေထိုင်သူဖြစ်သောကြောင့် အခြားဆိုက်ကားသမား များ ရှိန်ကြသည်မှာ မဆန်းပေ။ သို့သော် နေသော်သည် စက္ခုအာရုံကိုသာ ဝတ္ထုစာအုပ်ဆီ ပို့လွှတ်ထားသော်လည်း အကြားအာရုံကိုတော့ သတိမလွတ်ချေ။ “ဆိုက်ကား အားသလား” ဆိုတာမျိုးတော့ အကြားအာရုံ လွတ်သွား ၍ မဖြစ်ချေ။
အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ သော မိခိုင်ခမျာလည်း အိမ်ထောင်ရေးကံမကောင်း။ အဖေတစ်ခု သမီးတစ်ခုဘဝတွင် ဖအေက လေဖြတ်နေ သော ရောဂါသည်။ အားကိုးစရာ ယောက်ျားယူမိမှ
ယောက်ျားကလည်း ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး သွားသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ခဲ့သော မိခိုင်အတွက် အဖတ်တင်တာဟူ၍ ငါးနှစ်သမီးကလေး တစ်ယောက် ကျန်ခဲ့သည်။ သမီးကလေး အခါလည် အရွယ်လောက်တွင် ဖခင်ဆုံးသဖြင့် ဖခင်ကို ဖြူသလား၊ မည်းသလား မသိလိုက်ချေ။ မုဆိုးမဘွဲ့ကိုသာ ပိုင်ဆိုင် သွားသော မိခိုင်မှာ အသက်ငယ်ငယ် ရုပ်ချောချောဖြစ် သဖြင့် သူ့ဘဝကိုလုံခြုံဖို့ ကိုယ့်ဟာကိုယ် သတိနှင့် ကာ ကွယ်စောင့်ရှောက်နေရသည်။ ယောက်ျားရှိစဉ်က ထူ ထောင်ခဲ့သော ကုန်စုံဆိုင်လေးမှာ မုဆိုးမဘဝတွင် ပို၍ ရောင်းအားကောင်းနေ၏။ အတောင်နှစ်ဆယ်ဝတ် ကြီး ကြီးရွယ်ရွယ် ငယ်ငယ်လတ်လတ် မိခိုင်ဆိုင်တွင် ဝယ် ကြ၏။ မိခိုင်၏ အချောအလှတွင် နစ်မျောပျော်ဝင်ကြ သည်ဆိုလျှင် ပို၍မှန်ပါလိမ့်မည်။ မိခိုင်ကလည်း ဈေး သည်ဆိုသောအခါ အရွယ်သုံးပါးမရွေး အလိုက်အထိုက် ဆက်ဆံနေရသည်။ ဈေးဝယ်လာကြသူများထဲတွင် တချို့ ရိုးရိုး၊ တချို့ ဆန်းဆန်း၊ တချို့ ရိတိတိ ကလိတိတိ သွေးတိုးစမ်းကြသည်။ သို့သော် မိခိုင်ကတော့ ကိုယ့် ဖောက်သည်များကို ပြေပြေလျောလျောပဲ ဆက်ဆံပေး သည်။ ရောင်းသူနှင့်ဝယ်သူ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ မဟုတ်ပါလော။ တချို့ ကိုယ့်အဖေအရွယ်လောက် အန်ကယ်ကြီးတချို့က “သမီးရေ’၊ ‘တူမရေ’ ဆိုသည့် နာမ်စားထက် “ညီမလေး အစ်ကိုကြီးကို စီးကရက်တစ် ဘူးပေးပါ”။
မိခိုင်ကို ‘ညီမလေး” ဟုခေါ်၍ ကိုယ့်ဟာကိုယ် သက္ကရာဇ်ဖြိုချင်သော အန်ကယ်ကြီးတချို့က သူတို့ ကိုယ်သူတို့ အစ်ကိုကြီး”ဟု ကင်ပွန်းတပ်ကြ၏။ ထို့ပြင် ငွေသည် စိတ္တဇနာမ်ကို အနိုင်ယူနိုင်သည်အထင်ဖြင့် ငါးထောင်တန်တစ်ရွက်ထုတ်ပေးပြီး စီးကရက်တစ်ဘူး ကိုယူ၍ ချာခနဲ လှည့်ထွက်သွားသည့်စတိုင်မှာ ပြန်အမ်း ငွေကို ဂရုမစိုက်သည့်စတိုင်နှင့် သွေးတိုးစမ်း၏။ သို့ သော် မိခိုင်သည် ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့မိန်းကလေး မဟုတ်ပါ။ အစောက စီးကရက်ဘူးထက် ပိုနေသော ပြန်အမ်းငွေကို ဆိုင်ပေါ်မှဆင်း၍ လိုက်အမ်းတတ်၏။ တချို့ကျတော့လည်း ဥပါယ်တံမျဉ်ဖြစ်၏။ “မိခိုင်ရေ…၊ သမီးကလေးက နောက်နှစ်ဆိုရင်
မူလတန်းတက်ရတော့မှာဆိုတော့ ဟောဒီ ဗလာစာအုပ် နဲ့ ခဲတံ။ ပညာရေးဒါနအဖြစ် လာလှူတာပါကွာ” ထိုသို့သော လူများကို မိခိုင်က ပီယဝါစာလေးနှင့်… “ဪ… ကျေးဇူးတင်ပါတယ်ရှင်။ ဒါပေမဲ့ လက် တော့ မခံပါရစေနဲ့။ ကျွန်မဆိုင်မှာ စာရေးကိရိယာ အစုံ အလင် ရှိပါတယ်။ ကျွန်မက ကျွန်မသမီးလေးကို ကျွန်မ ချွေးနှဲစာနဲ့ ထူထောင်ဖို့ ဆုံးဖြတ်ထားလို့ပါနော်” အသက်ငယ်ငယ် မုဆိုးမတစ်ယောက်အနေနှင့် ကိုယ့်ဘဝကိုယ် လုံခြုံဖို့ နှလုံးသားထက် ဦးနှောက်နှင့် ကာရံနေရသည်။ ကိုယ့်ရုပ်၊ ကိုယ့်ရည်၊ ကိုယ့်အသက် အရွယ်က တစ်ပင်ထူဖို့ အခက်အခဲ မရှိပေ။ သို့သော် သမီးလေးအနာဂတ်က ရှိသေးသည်။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုးဆိုသလို ချက်မပိုင်က တစ်ဘဝစာ မျောရမည်ဖြစ်၏။ ကလေးတစ်ယောက်နှင့် မုဆိုးမပင်ဖြစ်လင့်ကစား မိန်းမသဘာဝပီပီ ကိုယ်ချော တာ၊ ကိုယ်လှတာကိုလည်း သတိမပြုဘဲ နေပါမည် လော။ မိခိုင်ကုန်စုံဆိုင်က ဆိုက်ကားဂိတ်နှင့် မဝေးလှ။ ကိုယ့်ဆိုင်အတွက် လိုအပ်သော ပစ္စည်းများသွားဝယ် လျှင် ဆိုက်ကားဂိတ်မှ ဖြတ်လျှောက်ရ၏။ ထိုအခါ လူစုံ၊ စရိုက်စုံများဆီမှ…
“ညီမလေး ဈေးဝယ်လား” “ညီမလေး သိပ်လှတယ်ကွာ”
စသဖြင့် တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်မျိုး အစ အနောက်ခံရလေ့ရှိ၏။ သို့သော် မိခိုင်ကတော့ ခြေလှမ်း မပျက်၊ ကိုယ်သွားစရာရှိသည်ကို ဣန္ဒြေရရပင် သွားလေ့ ရှိ၏။ အသံဆိုသည်မှာ အသားကပ်ပါနိုင်သော အရာ မဟုတ်ဟု မိခိုင် နှလုံးသွင်းထားသည်။ ဆိုက်ကားဂိတ် တစ်ခုလုံးတွင် နေသော်တစ်ယောက်သာ ကိုယ့်ဆိုက်ကား ပေါ် ကိုယ်ထိုင်ရင်း ကျောက်ရုပ်တစ်ရုပ်လို ဝတ္ထုစာအုပ် ဖတ်နေတတ်သည်။ သူတို့ဘာသာသူတို့ ဘယ်သူ့ကို စစ၊ ဘယ်သူ့ကိုနောက်နောက်၊ လှည့်ကြည့်ဖို့နေနေသာ သာ ဖုတ်လေတဲ့ငါးပိ ရှိသည်လို့ပင် မမှတ်ချေ။
ယနေ့ ဆိုက်ကားဂိတ်တွင် ဖိုးလွင် စောစောစီးစီး ယမကာနံ့များ ထောင်းထောင်းထနေသည်။ အာလေး
လျှာလေးနှင့်…
“မနေ့ညက ဆိုက်ကား အော်ဒါရတယ်လေကွာ။ အရှေ့ဘိလပ်မြေစက်ရုံကို ခရီးသည်နှစ်ယောက်၊ ရှစ် ထောင်ရတယ် ဟဲဟဲ၊ ဒါကြောင့် ဒါကြောင့်”
ဖိုးလွင် မနက်ခင်းကြီးတွင် လေရနေသည်။ ဆိုက် ကားဂိတ်တစ်ခုလုံးတွင် သူ့အသံက ကျယ်လောင်ကျယ် လောင်ဖြစ်နေသည်။ တချို့ဆိုက်ကားသမားများက ကျားထိုးသူထိုး၊ ပိုက်ဆံပစ်သူပစ်နှင့် ခရီးသည် မငှား မချင်း ကိုယ့်အလုပ်နှင့်ကိုယ်။ ထိုစဉ် ယမကာအရှိန် တက်နေသော ဖိုးလွင်မှာ တစ်စုံတစ်ရာကို မြင်လိုက် သည်နှင့် ပုဆိုးကိုပြင်ဝတ်ကာ ရပ်နေသည်။ သူမြင်လိုက် သော တစ်စုံတစ်ရာမှာ မုဆိုးမ ငယ်ငယ်ချောချောလေး မိခိုင် ဈေးဝယ်ထွက်လာခြင်း ဖြစ်၏။ လက်ဆွဲခြင်းကို တစ်ဖက်ကကိုင်၍ လျှောက်လာသောမိခိုင်မှာ အပျိုကလေး နှင့်ပင် တူနေသေး၏။ ဆိုက်ကားဂိတ်ရှေ့ရောက်လာ သော မိခိုင်ဆီကို ဖိုးလွင် မူးမူးရူးရူးနှင့် တိုးကပ်သွားပြီး… “ညီမလေး ဈေးဝယ်သွားမလို့လား”
မိခိုင်က ဖိုးလွင်၏စကားကို တစ်စုံတစ်ရာ တုံ့ပြန်မှ မပေးဘဲ ခပ်မှန်မှန်ပင် လျှောက်နေသည်။ အရက်နံ့ကို မခံနိုင်သောကြောင့် အားနေသော လက်တစ်ဖက်နှင့် နှာခေါင်းကိုပိတ်ကာ ပို၍ပင် ခပ်သွက်သွက်လျှောက် လိုက်သည်။ အရက်သမားဖိုးလွင်က အတင့်ရဲစွာ ပူးကပ် လာပြီး မိခိုင်လက်ထဲမှ ခြင်းတောင်းကို ဆွဲကာ… “အစ်ကိုကြီးက ညီမလေး ဈေးဝယ်တာကို ကူ သယ်ပေးမလို့ပါ။ ဟဲ ဟဲ ဟဲ အစ်ကိုကြီးက စေတနာနဲ့ ပါနော်”
“အို… မလိုပါဘူးရှင်၊ ကျွန်မဟာကျွန်မ သယ် နိုင်တယ်။ ကျွန်မခြင်းတောင်းကို လွှတ်လိုက်ပါ” “အို… ဟိုဟိုဟို၊ ညီမလေးကလည်း အစ်ကိုကြီး က ဟောဒီညီမလေးကို ချစ်လို့ ကူညီတာပါကွယ်၊ ကဲ ပေးပေး လက်ဆွဲခြင်း”
ဖိုးလွင်က တစ်ဆင့်ချင်း ဇာတ်ရှိန်တက်လာသည်။ မိခိုင်လက်ထဲမှ ခြင်းတောင်းကို ဆွဲယူလိုက်သည်။ “ကျွန်မခြင်းတောင်း ပြန်ပေးပါ။ မူးနေရင်လည်း အေးအေး အိပ်နေပါလား”
လက်ဆွဲခြင်းကို ဖိုးလွင်လက်ထဲမှ မိခိုင်က ပြန်လု
သည်။ ဖိုးလွင်နှင့် မိခိုင် လက်ဆွဲခြင်းကို သူတစ်ပြန် ကိုယ်တစ်ပြန် လုနေရာမှ မိခိုင်မျက်နှာ ရဲခနဲဖြစ်ပြီး ထိုင် ငိုလိုက်ချိန်တွင် “ဖြောင်း…”
“အား”
ရုတ်တရက် ဖိုးလွင် ဦးခေါင်းတွင် ပူခနဲ ဖြစ်သွား ပြီး မြေကြီးပေါ်သို့ လဲကျ သတိလစ်သွား၏။ ဦးခေါင်း တစ်ခုလုံးလည်း သွေးခြင်းခြင်းနီသွား၏။ မည်သည့် အရှိန်အဟုန်နှင့် မည်သို့ရောက်လာမှန်း မသိသော ဆိုက်ကားသမားနေသော်၊ သူ့လက်ထဲတွင် နှစ်တစ် လက်မ အသားချောင်းတစ်ချောင်းကိုကိုင်လျက်။ ရုတ် တရက်မြင်ကွင်းကြောင့် မိခိုင် ထိတ်လန့်သွားကာ ဆွံ့ အသွား၏။ ကြောက်ရွံ့စိတ်ကြောင့် ခန္ဓာကိုယ် ဆတ် ဆတ်တုန်ခါနေ၏။ တအောင့်လောက်ကြာမှ မိခိုင် သတိပြန်ဝင်လာကာ လက်ဆွဲခြင်းကို ကောက်အကိုင် တွင်..
“ဒီမယ် ကျုပ် ခင်ဗျားကိုမသိဘူး။ မတရားဘူး ထင်လို့ ဝင်ရိုက်တာ။ ဒီကောင်တွေ ကောင်းတဲ့ကောင် တွေမဟုတ်ဘူး။ နောက်ကို အဖော်လေးဘာလေးနဲ့သွား
နေသော့်စကားက ရိုးရိုးရှင်းရှင်းဖြစ်သည်။ သူပြော တတ်သလို ပြောလိုက်ခြင်း ဖြစ်သည်။ ထိုသို့ပြောပြီး ချာခနဲ လှည့်ထွက်ကာ သူ့ဆိုက်ကားပေါ် ပြန်ထိုင်ပြီး ဖတ်လက်စဝတ္ထုစာအုပ်ကို ဆက်ဖတ်နေ၏။ အစောက ကိစ္စ ဘာမှမဖြစ်ခဲ့သလို၊ မြေကြီးပေါ် ဒဏ်ရာနှင့်လဲကျ နေသော ဖိုးလွင်ကိုတော့ အခြားဆိုက်ကားသမားနှစ်ဦး က ဆေးခန်းသို့ ခေါ်ဆောင်သွားသည်။ ယခုကိစ္စ နေ သော်ကို မည်သူမှ အတွန့်မတက်ရဲကြ။ မိခိုင် ဈေးမဝယ် ဖြစ်တော့။ အိမ်သို့ ခပ်သုတ်သုတ်ပြန်လာရင်း သောက် ရေတစ်ခွက် အမောတကော သောက်လိုက်သည်။ မိန်းမ သားတစ်ယောက်အနေနှင့် စဉ်းစားမိတိုင်း အရှက်တကွဲ ကိစ္စ၊ ပြီးတော့ နေသော့်စကားတချို့ နားထဲ ပြန်ကြား ယောင်မိသည်။ သူ့လို ငယ်ငယ်ချောချော မုဆိုးမတစ် ယောက်ကို ကူညီချင်ကြသူ ပုရိသတွေ ရိုက်သတ်၍ မကုန်။ ခုနက ကိစ္စမျိုးဆိုလျှင် “ညီမလေး ဘာဖြစ်သွား သေးလဲ၊ အစ်ကိုကြီး လိုက်ပို့ပေးမယ်၊ ဒီကောင်တွေ
နှမချင်း မစာနာဘူး” ဆိုသည့် မြောင်းမပေးဘဲ ရေတွေ ဒလဟော စီးလာမည်ဖြစ်သည်။ အခုတော့ သူ့ကို ကူညီ လိုက်သူက သူ့မျက်နှာပင် စေ့စေ့ကြည့်မသွား။ ကဗျာ မဖွဲ့၊ စာမနွဲ့သည့် စကားလုံးအနည်းငယ်သာ ပြောပြီး ထွက်သွားသည်။ မိခိုင် ဘာရယ်ညာရယ်မဟုတ် တွေး မိရင်း သူ့နှုတ်ခမ်းမှာ အပြုံးတစ်ချက် ပွင့်သွားသည်။ သူ့ကိုယ်သူလည်း ဘာကြောင့် ပြုံးမိလိုက်မှန်း အဖြေရှာ မရပါချေ။
မိခိုင် ဟင်းချိုမှုန့် လက်လီထုပ်ကလေးများ ထုပ် ရင်းနှင့် အချိန်ကုန်မှန်းမသိ ကုန်သွားသည်။ နောက်မှ သတိရ၍ နာရီကို လှမ်းကြည့်လိုက်သောအခါ ညနေ ၃ နာရီခွဲနေပြီဖြစ်၏။ သမီးကလေး ကျောင်းသွားကြို ရမည်ကို သတိလွတ်သွား၏။ သမီးကလေးတစ်ယောက် တည်း ကျောင်းတွင် မိခင်ကို မျှော်နေပြီဖြစ်ကြောင်း စဉ်းစားရင်း ကမန်းကတမ်း ထလိုက်သည်။ ထိုစဉ် အိမ် နီးချင်းဖြစ်သော မအေးမူတစ်ယောက် မိခိုင်ဆီသို့ ထိတ် လန့်တကြား ပြေးလာရင်း..
“မိခိုင်ရေ… ဒုက္ခပဲအေ့၊ မိခိုင် နင့်သမီးလေး…” မအေးမူစကားက ပျာယီးပျာယာနိုင်လှသည့်အပြင် အဆုံးမသတ်ဘဲ “နင့်သမီးလေး” တွင် ရပ်သွားသော ကြောင့် မိခိုင်ရင်ထဲ ဒိန်းခနဲ မြည်ဟည်းသွားပြီး မျက်လုံး များ ပြာဝေသွားသည်။ သတိလစ်မသွားအောင် ထိန်း ချုပ်ရင်း…
“ကျွန်မ ကျွန်မ သမီးကလေး ဘာဖြစ်လဲ မအေးမူ၊ ဘုရား.. ဘုရား ဘာဖြစ်သလဲ ဆက်ပြောလေ မအေး
မူရဲ့
“သမီးကလေးက ကျောင်းဆင်းတော့ သူ့ဟာသူ လမ်းလျှောက်ပြန်အလာမှာ ကားတစ်စီးနဲ့ ပွတ်တိုက်မိ တာတဲ့။ အဲဒါ ကားသမားတွေက ကလေးကိုမကြည့်ဘဲ မောင်းပြေးဖို့အလုပ်မှာ ကားရှေ့တည့်တည့်ကို ဆိုက်ကား တစ်စီးလာရပ်ပြီး အဲဒီဆိုက်ကားသမားက တာဝန်မဲ့ ထွက်မပြေးဖို့၊ ကလေးကို ဆေးရုံပို့ဖို့ပြောရင်းနဲ့ ကား သမားတွေက မူးနေတော့ စကားများပြီး ရိုက်ကုန်ကြ တယ်တဲ့။ ဆိုက်ကားသမားက ရိုက်ခဲ့တာ လူသုံးယောက်
လုံး လဲကျနေတယ်တဲ့။ နောက်ပြီး သမီးကလေးကို သူ့ ဆိုက်ကားပေါ်တင်ပြီး ဆေးရုံဘက်နင်းသွားတယ်တဲ့။ အဲဒီနားက မြင်လိုက်တဲ့လူတွေက ငါ့ကို အကုန်ပြောပြ လို့ အခု နင့်ဆီပြေးလာတာ”
“ဘုရား ဘုရား၊ သမီးကလေး ဘာမှမဖြစ်ပါစေနဲ့။ ကဲ မအေးမူ တစ်လက်စတည်း ကျွန်မနဲ့ ဆေးရုံလိုက်ခဲ့၊ သွားရအောင်”
မိခိုင်ရင်တွေ ဗလောင်ဆူနေသည်။ ဖတဆိုးသမီး ကလေးမို့ ပိုချစ်ရ၏။ မအေးမူနှင့် မိခိုင်တို့ ဆေးရုံသို့ မပြေးရုံတမည် ခြေလှမ်းများဖြင့် သွားနေကြသည်။ မြို့ ကလေးကငယ်တော့ ဆေးရုံကတစ်ခုတည်းမို့ တော်သေး သည်။ ဆေးရုံထဲရောက်ရောက်ချင်း မေးမြန်းစုံစမ်းလိုက် သောအခါ သမီးကလေးအခန်းကို သိလိုက်ရ၏။ ထို အခန်းသို့ မိခိုင် အပြေးသွားကာ ဝင်လိုက်တော့ သမီး ကလေး အခြေအနေမှာ ဆိုးဆိုးရွားရွားမဟုတ်၊ မိခင်ကို မြင်လိုက်သည်နှင့်…
“မေမေ
“သမီးကလေး”
မိခိုင်က ခုတင်ပေါ်မှ သမီးကလေးကို ပြေးဖက် လိုက်သည်။ အနီးရှိ သူနာပြုဆရာမက..
“သိပ်ဆိုးဆိုးရွားရွား မဟုတ်ပါဘူး။ ကားကပွတ် ဆွဲသွားတာ၊ နည်းနည်းပါးပါး ပွန်းပဲ့ရုံလောက်ပါ” “ကျေးဇူးတင်ပါတယ် ဆရာမရယ်၊ ဒါနဲ့ သမီး ကလေးကို ဆေးရုံလိုက်ပို့တဲ့သူကိုရော ဆရာမသိသလား
ဟင်”
သူနာပြုဆရာမက မိခိုင်ကို ခေါင်းခါယမ်းပြပြီး… “နာမည်တော့ မသိလိုက်ဘူး၊ ဆိုက်ကားသမားလို့ ပြောတယ်။ သူ့မှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့။ ကျွန်မတို့ ဆေးထည့်ဖို့ပြောတာတောင် လက်မခံဘဲ သူနဲ့ ရန်ဖြစ်ခဲ့တဲ့သူတွေထဲက တစ်ယောက်ယောက် သေမလား၊ ရှင်မလား မပြောနိုင်ဘူးတဲ့၊ အခု ကျွန်တော် ရဲစခန်းသွား ပြီး အဖမ်းခံမလို့ဆိုပြီး ထွက်သွားတာပဲ”
မိခိုင်လည်း စဉ်းစားမရ၊ သမီးကလေးကို ဆေးရုံ ပို့ပေးသူကို အနည်းဆုံး ကျေးဇူးတင်စကားလောက်တော့ ပြောချင်သေးသည်။ ဆိုက်ကားသမားဆိုတော့ မေးကြည့် ရင်လည်း သိနိုင်မည်ဟုတွေးကာ ရင်ခွင်ထဲမှ သမီးက
လေးကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်မိတော့သည်။
သည်နေ့ သမီးကလေး ကျောင်းပိတ်ရက်ဖြစ်သည်။ သမီးကလေးကို ဆေးရုံပို့ပေးသော ဆိုက်ကားသမားကို ရဲစခန်းသို့သွားပြီး စုံစမ်းကာ ကျေးဇူးတင်ကြောင်း ပြော ရင်း မုန့်ပဲသရေစာများ ပေးမည်ဖြစ်၏။ သမီးကလေး လက်ကိုဆွဲ၍ မိခိုင်ထွက်လာခဲ့သည်။ ဈေးဝယ်လျှင် ဖြတ်သွားနေကျဖြစ်သော ဆိုက်ကားဂိတ်ရှေ့အရောက် တွင် မိခိုင်ကို စမည့်နောက်မည့် အသံဗလံများ မကြားရ တော့ချေ။ သို့သော် မသိမသာဆိုသလို တစ်ခါက သူ့ အား ကူညီခဲ့သူ နေသော်ကို တွေ့လိုတွေ့ငြား ရှာကြည့်မိ သည်။ တကယ်ဆိုလျှင် နေသော်မျက်နှာကိုလည်း မိခိုင် အလွတ်မရခဲ့။ ဆိုက်ကားဂိတ်ရှိ ဆိုက်ကားသမား ကျား ထိုးသူ၊ ပိုက်ဆံပစ်သူနှင့် ဟေးလားဝါးလားသမားတွေ သာ တွေ့ ရသည်။ ထိုအထဲတွင်တော့ နေသော်မပါဟု မိခိုင်တွေးကြည့်သည်။ ရှိနေသည့် ဆိုက်ကားသမားများ ကိုလည်း မေးမကြည့်ရဲပါ။ ထို့ကြောင့် သမီးကလေး လက်ဆွဲ၍ ရှေ့ဆက်လျှောက်လာသည်။ “မေမေ၊ သမီးတို့ ဘယ်ကိုသွားမှာလဲဟင်” “ဟိုလေ သမီးရဲ့၊ ဟိုတစ်ခါတုန်းက သမီးလေး ကျောင်းအဆင်း တစ်ယောက်တည်း ပြန်လာတုန်း နဲ့တိုက်မိတော့ သမီးကလေးကို ဆေးရုံလိုက်ပို့တဲ့ ဦးဦး ကို မုန့်တွေပေးမလို့လေ။ အဲဒီဦးဦးကြောင့် သမီးဒဏ် ရာတွေ ပျောက်သွားတာလေ”
“ဟုတ်လားမေမေ၊ ဒါဆို အဲဒီဦးဦးက ကျေးဇူး
ရှင်ပေါ့”
“ဒါပေါ့ သမီးရဲ့”
မိခင်နှင့် သမီး စကားတပြောပြောနှင့် လျှောက်လာ ခဲ့ရာ ရဲစခန်းသို့ ရောက်လာခဲ့သည်။ မိခိုင်က တာဝန်ကျ ရဲတစ်ဦးအား…
“ဒီမှာရှင့်၊ ပြီးခဲ့တဲ့ တစ်ပတ်လောက်က အမှတ် ၈ အ.မ.က ကျောင်းဘေးမှာ ကလေးကို ကားနဲ့တိုက်မိ ပြီး မောင်းပြေးဖို့လုပ်တဲ့ ကားသမားတွေနဲ့ ရိုက်ပွဲဖြစ်ခဲ့တဲ့ ဆိုက်ကားသမားနဲ့ တွေ့ ချင်လို့ပါ”
“လာ.. နောက်ကလိုက်ခဲ့”
တာဝန်ကျရဲက မိခိုင်တို့ကို သူ့နောက်မှ လိုက်ခဲ့ရန် ခေါ်ဆောင်သွားသည်။ အချုပ်ခန်းတစ်ခန်းရှေ့ အရောက် တွင် တာဝန်ကျရဲက…
“နေသော်၊ ဧည့်သည်တွေ့ မယ်”
တာဝန်ကျရဲ၏ အော်သံကြောင့် အချုပ်ခန်းတစ်နေ ရာတွင် ထိုင်နေသော နေသော် ထလာပြီး အချုပ်ခန်း သံတိုင်လက်ရန်းကိုကိုင်ရင်း မိခိုင်တို့သားအမိကို ကြည့် လိုက်သည်။ မိခိုင်ကလည်း နေသော့်မျက်နှာကို ကြည့် လိုက်သည်။ နေသော့်မျက်နှာပေါ်တွင် မည်သည့်ခံစား ချက်မှ ရှာမတွေ့ချေ။ မိခိုင်က…
“ကျွန်မသမီးလေးကို ကားနဲ့တိုက်မိတုန်းက ဆေးရုံ လိုက်ပို့တဲ့သူ မဟုတ်လားဟင်”
မိခိုင်က ထိုသို့ မေးလိုက်သောအခါ နေသော် တစ် ချက် တွေဝေသွားသည်။ ခဏနေမှ သတိရလာပြီး… “ဟုတ်တယ်၊ ဒါ ခင်ဗျားသမီးလား၊ တော်သေး တာပေါ့ ကျုပ်နဲ့တွေ့လို့။ ဟိုကောင်တွေ အတော်ရိုင်း စိုင်းတယ်ဗျာ”
“အခုလိုကူညီတာကို ကျွန်မ ကျေးဇူးတင်ပါတယ် ရှင်။ ဟိုတစ်ခါကလည်း ဆိုက်ကားဂိတ်မှာ အရက်သမား က အနှောင့်အယှက်ပေးတုန်းကလည်း ဝင်ရိုက်ပစ်တာ ရှင်ပဲထင်တယ်”
ဒီတစ်ခါလည်း နေသော် ပြန်စဉ်းစားရပြန်သည်။ သူလုပ်ခဲ့သမျှတွေကို တစ်စုံတစ်ရာ မျှော်လင့်ချက်နှင့် လုပ်ခဲ့တာ မဟုတ်သဖြင့် သူ့ဦးနှောက်တွင် စွဲထင်မကျန် ရစ်ခဲ့။ သို့သော် စဉ်းစားရင်း ပြန်သတိရလာတော့… “သြ… အဲဒါခင်ဗျားလား၊ အဲဒီတုန်းက ခင်ဗျား ကို သေချာတောင် မကြည့်မိဘူး။ ကျေးဇူးမတင်ပါနဲ့ ဗျာ၊ မတရားတာမြင်ရင် ကျုပ် မနေတတ်လို့ပါ” နေသော့်စကားက ရိုးရှင်းသည်။ လုပ်ကြံမှုမပါ
၁ ရင်ထဲမှ စကားများ ဖြစ်၏။ မုသားကင်း၏။ နေသော်၏ ပြော တတ်သလို ပြောသောစကားများကပင် မိခိုင်ရင်ကို ကဗျာတစ်ပုဒ် ဝင်စိုက်သလို ထင်မိ၏။ စိတ်ခံစားမှုဆို သည်မှာ တစ်ယောက်နှင့်တစ်ယောက် တစ်သွေးတည်း၊ တစ်ရောင်တည်း မဖြစ်ချေ။ မိခိုင်က…
တိုက်ရိုက်နှုတ်ခမ်းပေါ်ရောက်လာသော
“အိမ်ထောင်ရှိလားဟင်” “ဆုံးသွားတာ ကြာပါပြီ”
အမေးနှင့်အဖြေ တိရိပြတ်သားသည်၊ ကျစ်လျစ်သည်၊ အပိုဆာလာမပါ။ ဒါကပင် ရိုးသားခြင်းအလှတရားတစ်ခု။ မိခိုင်က လက်ထဲမှ ဝယ်လာသော မုန့်ပဲသရေစာများကို နေသော်လက်ထဲသို့ ထည့်ပေးလိုက်သည်။ တစ်ပြိုင်နက် တည်းပင် ဆုံးဖြတ်ချက်တစ်ခုက ရင်ထဲသို့ အလိုလို ရောက်လာသည်။ မိခိုင်နှုတ်ဖျားသို့ မည်သို့မည်ပုံ တွန်း ထွက်လာမှန်း မသိလိုက်သော စကားက..
“ကျွန်မ ရှင့်ကို နာမည်တောင် မသိသေးပါဘူး။ ဒါပေမဲ့ ရှင်လွတ်လာတဲ့နေ့ ကျွန်မ ရှင့်ကို လက်ထပ်မယ်ရှင်” ကိုယ့်စကားကိုယ် နှလုံးသားနှင့် ပြောလိုက်မိသ လား၊ ဦးနှောက်နှင့် ပြောလိုက်မိသလားဆိုတာကိုပင်
မိခိုင် မရေရာ။ ပြောပြောဆိုဆိုနှင့် သမီးကလေးလက်
ဆွဲပြီး ထွက်ခွာခဲ့သည်။ အချုပ်ခန်းသံတိုင်ကို ကိုင်၍ တွေတွေကြီးရပ်နေသော နေသော်၏ရင်ထဲက ရေအိုင် ထဲမှာတော့ ခဲတစ်လုံးကျသွားပြီး ဂယက်ထသွားသည် ကိုတော့ မိခိုင်တစ်ယောက် မသိနိုင်ပါချေ။ မိခိုင်ရင်ထဲ မှာ မည်သို့ပင်ဖြစ်စေ အချစ်ဆိုသည်မှာ လိုအပ်လာလျှင် လျှပ်ပြက်သလို၊ မိုးထစ်ချုန်းလိုက်သလို တစ်ထောင့် တစ်နေရာမှ အဖုအထစ်ကင်းကင်း ပေါ်ထွက်လာတတ် သည် မဟုတ်ပါလော…။
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ မေ၊ ၂၀၁၇။