ဒုသနသော

Posted on

ဒုသနသော(စ/ဆုံး)
————–
အပြင်မှာမိုးတွေသည်းနေသလောက် မြသာအာခေါင်တွေခြောက် ရေတွေငတ် လက်တွေတုန်။မျှော်လင့်ခြင်းအရောင်တွေဖြာလဲ့နေတဲ့မျက်ဝန်းတစ်စုံကတော့ဖြင့် မြသာရင်ထဲဖောက်ထွင်းဝင်လာနေရာယူနေပုံက နှလုံးသားအစုံ တဒိတ်ဒိတ်ခုန်ထွက်ရတော့မလိုသာပေ။“မဖြစ်ပါဘူးမှုံနံသာရယ်..မသင့်တော်ပါဘူး လူပြောစရာတွေဖြစ်ကုန်မှဖြင့်..”“အို..ဘယ်သူပြောမှာလဲ ကိုမြသာနဲ့မှုံပဲသိမှာကိုဟာ”“မဖြစ်ပါဘူး မလုပ်ပါရစေနဲ့…ငါ..ငါ.အပြင်သွားပြီးစောင့်နေမယ် နင်ထွက်လာခဲ့ မကြာစေနဲ့မှုံနံသာ”“တော်..ကိုမြသာ..ရိုးလွန်း အလွန်းလိုက်တာ မှုံ့ကိုမသနားတော့ဘူးလားကိုမြသာရယ်..ဟင့်.ဟင့်”“ငါ နင့်ကိုသနားလို့လာခေါ်တာလေ..ဒါကိုနင်က..တော်ပြီဟာ ငါအပြင်မှာပဲစောင့်နေမယ်”
အခန်း(အခန်း၂)
မှုံနံသာနဲ့ကိုမြသာကငယ်ကထဲကသူငယ်ချင်း။မြသာရဲ့အချစ်ဦးမလေး။ခုတော့ အကိုရွှေသာ့မယား။မြသာချစ်ခဲ့ပေမယ့် မှုံနံသာအချစ်တွေက လက်ရဲဇက်ရဲ ကိုရွှေသာအပေါ်ပုံကြခဲ့လေသမျှ ခဲလေသမျှ သဲရေကျ ရင်နာနာနဲ့စွန့်လွှတ်ခဲ့ရ။ ကြိတ်ဆွေး အုံပုံးဆွေးကြီးမြသာ။မမြင်ချင် မျက်စိမှိတ်ထားခဲ့သော်လဲမရ။တစ်အိမ်ထဲအတူနေ။မကြည့်ချင်မြင်လျှက်သား။ကိုရွှေသာ မှုံနံသာအချစ်တွေရပြီးအိမ်ထောင်ပြုကြတော့ တွတ်တီးတွတ်တာ ပလီပလာ စကားအထွေထွေကြားမှာ နားကိုစောင်ပတ် အံတင်းတင်းကြိတ် အတွင်းဆွေး ဆွေးသမျှ ဘယ်ညာလူးလှိမ့် အိပ်ပျော်အောင်အိပ်ရ။အိပ်မရရင်တော့ အပြင်ထွက် ကင်းတဲစောင့်ကြသူတွေနဲ့သွားအိပ်ခဲ့ရတာ နှစ်ကိုပေါက်လာရပြီပေါ့။
အစပိုင်းအိမ်ထောင်ဦးသာယာသလောက် နောက်ပိုင်းမသာယာ။ရန်တကျက်ကျက်က တစ်ခါလဲမက နှစ်ခါလဲမရ။လင်မယားကြား ဝင်ပါလို့ ကိုရွှေသာထိုးချက်တွေက မြသာ ပါး နဖူး လက်မောင်း ကျောပြင်မှာ အကြိမ်ကြိမ်ကျခဲ့ရတာ ဘယ်မှာရေတွက်နိုင်လိမ့်မတုန်း။မှုံနံသာ ခန္ဒာကိုယ်ပေါ် ကိုရွှေသာ့ထိုးချက်တွေ မကြရောက်စေဖို့အရေး မြသာပေးဆပ်ရတာ တန်ခဲ့သလား မတန်ခဲ့သလား မြသာမသိ။ကိုမြသာစိတ်ထဲ အချစ်ဦးမလေး မှုံနံသာ ကိုရွှေသာ အနှိပ်စက်မခံရဖို့။မြသာမရှိတဲ့အချိန်ရန်အဖြစ်ကောင်းလို့ အညိုအမဲစွဲနဲ့ မှုံနံသာ မြို့ပေါ်တက်ပြီး တည်းခိုခန်းငှားနေလို့ လိုက်စုံစမ်းပြီး လာခေါ်ရတာ မြသာ။
အခေါ်ကောင်းတဲ့မြသာ။ မှုံနံသာပြောစကားမှာ ယခုလိုအဖြစ်က….ကိုရွှေသာ သူမကိုနှိပ်စက်ကလူပြုရတာက သူမ ကလေးမရလို့တဲ့။ကိုရွှေသာနဲ့ကလေးမရတော့ မြသာကို ကလေးရအောင် လုပ်ပေးပါလားတဲ့။ရလာတဲ့ကလေး ကိုရွှေသာကလေး။ တချက်ခုတ်နှစ်ချက်ပြတ် အစီအစဥ်ကြီးနဲ့ ပြောလာသူမှုံနံသာ။လူကြားမကောင်းသူကြားမကောင်း။မြသာအဖြစ်က ကျွဲနှစ်ကောင်ခတ်တဲ့ကြားကမြေဇာပင်။မြေဇာပင်မြသာ လေအရှိန်ကြောင့် အမြစ်ကျွတ်မထွက်ခဲ့ရပေမယ့် ခန္ဓာကိုယ်က ဆန္ဒကိုသိက္ခာနဲ့ထိန်းနေရလို့ ရိန်းတိမ်းယိုင်တိုင်။
အခန်း(အခန်း၃)
မှုံနံသာကိုမြို့ကနေခေါ်လာပြီးမကြာပါဘူး“မြသာ”“ဘာလဲမှုံ”” နင့်အကို မြို့ကကောင်မလေးတစ်ယောက်နဲ့ရှုပ်နေတယ်လို့သတင်းကြားတယ် ငါဘယ်လိုလုပ်ရမလဲ ငါ..ငါ ကလေးလိုချင်တယ်ဟာ”“ဗုဒ္ဓေါ လုပ်လာပြန်ပြီဟ”နဂိုထဲကမှ စျန်မခိုင်ယိုင်နဲ့နေတာ ဘယ်လိုနှလုံးသားမျိုးနဲ့ထပ်ပြီးမျက်ကွယ်ပြုရပြန်ဦးမှာလဲ မှုံနံသာရယ်။ငုံးဆူလူမသိ စိတ်ထဲမှာ အကောင်းနဲ့အဆိုး တိုက်ပွဲဆင်နေရတာ ကိုယ်ပါမှုံရယ်။စိတ်အတွင်းထဲကပြစ်မှားမိပေမယ့် အပြင်မှာကာယကံမပါအောင်ထိန်းချုပ်နေရတာ ဘယ်လောက်ဆိုးလဲဆိုတာ မြသာသိပေမယ့်မှုံမသိ။မှုံ…မင်းသိရက်နဲ့များလား…..။အိမ်မှာက အကိုရွှေသာမရှိရင် မျက်မမြင်နားမကောင်းတဲ့အဖေအိုနဲ့မြသာ မှုံနံသာပဲရှိတာ။
အခန်း(အခန်း၄)
ကိုရွှေသာအလုပ်ကိစ္စနဲ့မြို့တက်သွားတဲ့ပထမနေ့။“အင်း…အား ဗိုက်တွေနာလိုက်တာ. အားကယ်ကြပါဦး”“မှုံ..မှုံ.. ဘာဖြစ်လို့လဲ”“မြသာ မှုံ့ကိုကယ်ပါဦး မခံနိုင်ဘူး အား… နာလိုက်တာ”“အစားမှားလို့လားမှုံရယ် ဒီအချိန်ကြီးဒုက္ခပါပဲ”“သြော် မြသာ နင်နော်ငါ့ကိုကြည့်နေရက်သလား…ဆေး ဆေးလိမ်းပေးပါ အိုး..အား နာတယ် ဟင့်ဟင့်”“ငါလိမ်းပေးမယ် လူဆေးဘယ်မှာလဲ ”“ဟို ဟိုမှာ စင်ပေါ်မှာရှိတယ် အင်း..ကျွတ်. ကျွတ်”“ကဲ.ဘယ်နေရာလဲ”“ဒီနေရာ..အာ ဒီနားလေး အင်း ဒီဘက်တိုး ဒီဘက်”မြသာ မှုံနံသာကိုဆေးလိမ်းပေးပြီးကထဲက ညတွင်းချင်း အိမ်ကနေထွက်လာခဲ့လိုက်တာ တဖက်ရွာမှာပဲ အိမ်ထောင်ကျတဲ့အထိနေလာလိုက်တာ သားလေး မင်းထက်သာ မွေးလာတဲ့အထိ။
အခန်း(အခန်း၅)
“အူဝဲ”“အူဝဲ”“မြသာရေ..မွေးပြီဟ ယောက်ကျားလေး ချောမှချော ခြေဆံလက်ဆံကြီးတွေကထွားသနဲ့အေ”လက်သည်အဒေါ်ကြီးအသံနဲ့ အတူ မြသာလက်ထဲရောက်လာတဲ့အနှီးထုတ်ကလေးထဲက နီတာရဲကလေးပေါက်စလေး။“နီနီရော နီနီ နေလို့ကောင်းတယ်မဟုတ်လား”“မင်းမိန်းမကောင်းပါရဲ့တော် ကလေးကိုသူကြည့်ပြီးမှ မင်းကိုလာပြတာ ဝအောင်ကြည့်ပြီးရင် ပြန်ယူသွားမယ် ကလေးကနို့ဆာနေပြီ”“ဟုတ်ကဲ့ပါဗျာ ကျေးဇူးပါဒေါ်ကြီးပြား”“အေး ငါလဲပင်ပန်းနေပြီ တစ်နေ့ထဲနှစ်ရွာအသွားအပြန်လုပ်ပြီးမွေးပေးနေရတာ ဟိုဘက်ရွာက မှုံနံသာလေ မင်းအကိုမိန်းမလဲမွေးပြီ မိန်းကလေးတဲ့တော်”“ဗျာ”ဘာပဲပြောပြော မြသာအတိတ်ကိုတွေးစိတ်အေးရပါသည်။ခုဆို သားလေးကြီးလာတာနဲ့အကိုနဲ့အဖေတို့ဆီမျက်နှာသွားပြရပေမည်။အင်မတန်ခက်ခဲလှတဲ့ သူတစ်ပါး(အကို့မိန်းမ)မယားကို မစော်ကားမပြစ်မှား စည်းစောင့်ထိန်းပြီး ကိုယ့်ကိုအင်မတန်ချစ်မြတ်နိုးပြီးသဘောကောင်းလှတဲ့ ရုပ်ချောဥစ္စာပေါ မိန်းကလေးနဲ့ဖူးစာဖက်ခွင့်ရခဲ့ပြီး ဘဝတစ်သက်လိပ်ပြာလုံလုံနဲ့ရှင်သန်ခွင့်ရခဲ့တဲ့အတွက် မြသာပျော်ပါသည်။တစ်သက်စာ ရတက်အေးရပါသည်။သားအတွက်ဖခင်ကောင်းဖြစ်ခွင့်ရခဲ့လေပြီ။
စောင့်ထိန်းခဲလှတဲ့ ဒုသနသောဆိုတဲ့ သူတစ်ပါးသားမယားပြစ်မှားခြင်း ဆိုတဲ့ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ ဆိုတဲ့သိက္ခာပုဒ်ကိုစောင့်ထိန်းခဲ့ရတဲ့ အမှတ်တရအဖြစ်ကတော့ မြသာပေါင်မှာ ဆေးပုလင်းကိုခွဲပြီးဖန်ခွဲစနဲ့ထိုးစိုက်ထားခဲ့တဲ့ဒါဏ်ရာအနာရွတ်ကတော့ထင်ကျန်နေဆဲအမှတ်တရပါပဲ။
စံဌာနီထွန်း