နားခိုရာ(စ/ဆုံး)
———-
ရင်ထဲမှာမွန်းကြပ်လွန်းလို့၊ နားခိုရာနေရာတနေရာကိုခင်လေးထွက်သွားချင်နေပြီ၊ ဘယ်ကိုထွက်သွားရမလဲ၊ ခင်လေးမစဥ်းစားတတ်အောင်ပါဘဲ၊ တကယ်ကိုရင်ပွင့်အောင်ငိုပစ်ချင်နေတာပါ၊ ခင်လေးဘာကြောင့်ဒီလိုဖြစ်နေရတာလည်းဆိုတော့ သူ့ရဲ့တဦးတည်းသောသားလေးကြောင့်ပါ။
သားလေး (၁၀)နှစ်သားအရွယ်လောက်မှာသူ့အဖေဆုံးသွားခဲ့တာမို့၊ သားအမိနှစ်ယောက်ဘဲ ဘဝတလျှောက်လုံးမရှိမရှားအခြေအနေနဲ့ဖြတ်သန်းလာခဲ့ကြပါတယ်။
ခင်လေးကအစိုးရရုံးတရုံးမှာအရာရှိတယောက်ဖြစ်နေတာကြောင့်၊ သူ့သားလေးတယောက်ကိုတော့ပူဆာတာမှန်သမျှဝယ်ပေးနိုင်ခဲ့ပါတယ်၊ သူ့သားလေးကလည်း စာမှန်မှန်ကြိုးစားပြီးတကသိုလ်ကဘွဲ့တခုတော့ယူနိုင်ခဲ့ပါပြီ။
သားလေးကဘွဲ့ရပြီးချိန်မှာအသက် (၂၀) ကျော်အရွယ်လေးရှိသေးတာကြောင့်၊ တခြားသူ့သူငယ်ချင်းတွေကနိုင်ငံခြားထွက်အလုပ်သွားလုပ်ကြတာကိုမြင်ပြီး၊ သူလည်းနိုင်ငံခြားကိုသွားခြင်တယ်လို့ပူဆာလာပါတယ်၊ ဘွဲ့ရတာကသတ်မှတ်ချက်တခုပြည့်မှီတာပါ၊ အသက်မွေးဝမ်းကြောင်းအတွက်အတတ်ပညာတတ်ဖို့လိုသေးတာကြောင့် သက်မွေးပညာသင်တန်းကျောင်းတခုကိုစုံစမ်းပြီးတက်ရောက်စေခဲ့ပါတယ်။
သင်တန်းကြေးကအဲဒီအချိန်ကတောင်များလွန်းတာမို့၊ခင်လေးမတတ်နိုင်ခဲ့ပေမဲ့ သားလေးမျက်နှာမငယ်စေဖို့ ၊သူ့လက်စွပ်လေးရောင်းပြီးတက်ခိုင်းခဲ့ပါတယ်။
သင်တန်းကိုတက်ရောက်အောင်မြင်ပြီးပြန်တော့နိုင်ငံခြားထွက်ရဖို့ အဆက်အသွယ်တွေရှာရပြန်ပါတယ်၊ နိုင်ငံကောင်းကောင်းကိုထွက်ဖို့ဆိုရင်ငွေများစွာကုန်တာမို့ ငွေမတတ်နိုင်တဲ့ခင်လေးအဖို့၊ အလိမ်မခံရအောင်သတိထားရင်းမိတ်ဆွေ သူငယ်ချင်းတွေထံမှာလိုက်လံအကူအညီတောင်းရာမှ၊ကံကောင်းထောက်မစွာကူညီမဲ့သူပေါ်လာတာကြောင့်၊သားလေးနိုင်ငံခြားထွက်အလုပ်လုပ်ဖို့အဆင်ပြေခဲ့ပါတယ်။
ခင်လေးကတော့မြန်မာပြည်မှာတယောက်ထဲနေရင်း၊သူ့ရုံးအလုပ်လုပ်ရင်း၊ သားလေးကိုလွမ်းဆွတ်ရင်းကျန်ခဲ့ပါတယ်။ သားလေးကတနှစ်တခေါက်တော့ပြန်လာတာမို့ သားလေးပြန်လာတဲ့အချိန်ဆိုရင်ခင်လေးတယောက်ပျော်တပြုံးပြုံးနဲ့လောကကြီးကိုမေ့နေတတ်ပါတယ်။
သားလေးပြန်သွားရင်ဒုံရင်းဒုံရင်းပြန်ဖြစ်ပြီး၊ တယောက်ထဲနေခဲ့ရာမှ၊ သားလေးနိုင်ငံခြားရောက်တာတနှစ်ကျော်လောက်ရှိတဲ့အချိန်မှာသားလေးကသူနဲ့အတူအလုပ်လုပ်နေတဲ့ မြန်မာပြည်ကလာတဲ့ မိန်းခလေးတယောက်နဲ့ချစ်ကြိုက်နေပြီဆိုပြီးအသိပေးလာပါတယ်။
ဘာမဆိုသားလေးအလိုကျလုပ်ပေးနေကျ ခင်လေးအတွက်တော့ သမီးတယောက်ထပ်ရတာပေါ့ဆိုပြီးဝမ်းသာအားရလက်ခံပေးခဲ့ပါတယ်။
ဒီလိုနဲ့မြန်မာပြည်ကိုသားတို့နှစ်ယောက်စလုံးခွင့်နဲ့ခဏပြန်လာပြီး၊ မဂ်လာဆောင်ပြီး ခင်လေးအိမ်မှာဘဲနေခဲ့ကြပါတယ်၊ ခင်လေးကစုတတ်၊ဆောင်းတတ်သူမို့ သူ့ယောက်ကျားမဆုံးခင်ကရှိတဲ့ငွေလေးနဲ့ခြစ်ချုပ်ပြီး၊ တိုက်ခန်းလေးတခန်းဝယ်ထားတာမို့ ခမည်းခမက်တွေကြားထဲမှာသူတို့သားအမိမျက်နှာမငယ်ခဲ့ရပါဘူး။
သားလေးတို့ပြန်သွားပြီး တနှစ်လောက်အကြာမှာ၊ သူ့ချွေးမမှာကိုယ်ဝန်ရှိနေပြီဆိုတဲ့သတင်းကြားရတော့ခင်လေးမှာသံယောဇဥ်ကြိုးလေးတကြိုးရစ်ပါတ်ခံရပြီဆိုပြီး၊ဝမ်းသာမဆုံးရှိခဲ့ပါတယ်။ မြန်မာပြည်မှာပြန်လာမွေးမယ်ဆိုလို့ လည်း သူတို့ပြန်လာမဲ့ရက်ကိုလက်ချိုးရေတွက်ရင်းမျှောနေခဲ့ပါတယ်။
ကိုယ်ဝန် ၇ လလောက်မှာသားလေးတို့ပြန်လာပြီးချိန်မှာတော့ခင်လေးကပင်စင်ယူပြီးချိန်မို့ အချိန်ပြည့်သူတို့ကိုချက်ပြုပ်၊ ကျွေးမွေးပြီးစောင့်ရှောက်နိုင်ခဲ့ပါတယ်။ သားလေးကရန်ကုန်မှာအလုပ်ဝင်လုပ်လို့နေ့လည်ဆို သူနဲ့ ချွေးမဘဲအိမ်မှာကျန်ခဲ့ပါတယ်။
ချွေူမကလည်းသူ့အခန်းထဲမှာဘဲနေတာမို့ ခင်လေးမှာမနက်ခင်း သူ့သားလေးအလုပ်မသွားခင်သာ သူတို့စားဖို့ချက်ပြုပ်ပြင်ဆင်ပေးပြီးရင်၊ နေ့လည်ဆိုနားနားနေနေ အနားယူလို့ရပါသေးတယ်။
ချွေးမကမြေးမလေးမွေးပြီးချိန်မှာတော့အေးအေးလူလူနေလို့မရတော့ပါဘူး၊ အိမ်ဖော်ကလည်းရှာလို့မရတာမို့၊ခလေးအလုပ်ကတဖက် အိမ်အလုပ်ကတဖက်နဲ့ ဂျင်ဂျင်လည်အောင်လုပ်ရပါတယ်။
ဒီကြားထဲချွေးမကဗိုက်ခွဲမွေးထားလို့မလှုပ်ရှားနိုင်၊ နို့ကလည်းအထွက်နည်းတာကြောင့် ခလေးကိုနို့ဗူးတိုက်ကူပေးရပါတယ်၊ ခလေးဆိုတာတနာရီတခါနို့စို့၊ တနာရီတခါသေးပေါက်၊ သေးပေါက်ပြီးပြန်တော်အနှီးလှဲပေးရနဲ့၊ ခလေးနဲ့ခင်လေးနဲ့သားလေးတို့ကတခန်းအိပ်ကြတာမို့ နေ့လည်ဖက်အလုပ်လုပ်ရတဲ့သားလေးကိုအိပ်ရေးဝဝအိပ်ပါိစေဆိုပြီး၊ခလေးတာဝန်ကိုခင်လေးကဘဲယူခဲ့တာကြောင့်၊ တညလုံးအိပ်ရတယ်မရှိဘဲ မိုးလင်းခဲ့ရတဲ့ညတွေဖြတ်ကျော်ခဲ့ရပြန်ပါတယ်။
အိမ်ဖော်မရသေးရင်လည်းမနက်ခလေးသေးဝတ်တွေလျော်ပေးဖို့ ရပ်ကွက်ထဲကမိန်းမတယောက်ငှားလို့ရလို့သာ အဝတ်လျှော်တဲ့အလုပ်သက်သာခဲ့ပပါတယ်။
ခင်လေးတို့ရုံးကသူငယ်ချင်းတွေကမြေးလေးကိုလာကြည့်ကြတော့ မျက်တွင်းဟောက်ပက်နဲ့ျိက်နှာမှာသနပ်ခါးတောင်မတင်နိုင်တဲ့ခင်လေးကိုတွေ့တော့အံသြကြပြီး၊ “သားအချစ်၊ မြေးအနှစ်” ဆိုတာတကယ်ဖြစ်နေပြီနော်ဆိုပြီးစနှောက်ကြပါတယ်။
တကယ်လည်းခင်လေးမှာမြေးမလေးကိုလက်ကမချနိုင်အောင်အချစ်ပိုလွန်းနေခဲ့တာပါ၊ ဗိုက်ခွဲမွေးပေးတဲ့ချွေးမလေးကိုလည်း ကျေးဇူးတင်ရင်နဲ့ ဘာမှမလုပ်စေဘဲ၊ သူကိုယ်တိုင်ဘဲ အားလုံးကိုလုပ်ကိုင်ပေးခဲ့ပါတယ်။
ဒီလိုနဲ့မြေးမလေးမွေးပြီးလို့ (၁၈) ရက်မြောက်နေ့လည်ဘက်ကို Aircon မဖွင့်တဲ့ကိစနဲ့ချွေးမကစိတ်ဆိုးပြီး သူ့ယောက်ကျားကိုဖုံးဆက်ပြီးချက်ချင်းပြန်လာဖို့ခေါ်လိုက်ပါတယ်။
ခင်လေးတို့ကတိုက်ခန်းဆိုတော့ Aircon ဖွင့်မယ်ဆိုရင်တအိမ်လုံးကတံခါးတွေပိတ်ရတာကြောင့် နေ့လည်ဘက်ဆို Aircon မဖွင့်ဘဲ အပြင်ကလေတိုက်နေတာမို့ အဲလိုလေးဘဲနေတတ်တာပါ၊ ဒါကိုနိုု်ငံခြားမှာအနေကြာတဲ့ချွေးမကမကြိုက်ဘဲ အပြစ်တင်ကာသူ့ယောက်ကျားကိုဖုံးဆက်တိုင်ပြောလိုက်ပါတယ်။
သူ့ယောက်ကျားရောက်လာတဲ့အချိန်မှာချွေးမကသူ့အခန်းထဲကပစည်းတွေအားလုံးသိမ်းပြီးနေပါပြီ၊ ခလေးပိုက်ခါသူ့အမေအိမ်ကိုဆင်းသွားမယ်ဆိုပြီးသားကိုကားငှားခိုင်းပါတော့တယ်၊ သားကအကျိုးအကြောင်းစုံသိပြီးချိန်မှာခင်လေးမှားတာမဟုတ်ဘူးဆိုတာသိပေမဲ့ ၊ သူ့မိန်းမကဒီအိမ်မှာလုံးဝမနေနိုင်တော့ပါဘူးဆိုပြီး ခလေးပိုက်ခါဆင်းသွားပါတော့တယ်။
သားလေးကသူ့မိန်းမကိုမလွန်ဆန်နိုင်တဲ့သူမို့ ခင်လေးဝမ်းနည်းပက်လက်ကျန်ခဲ့တာကိုသိပေမဲ့၊ခင်လေးကိုနောက်မှသားလာခဲ့မယ်နော် ဆိုပြီးသူ့မိန်းမနောက် ကောက်ကောက်ပါအောင်လိုက်သွားပါတော့တယ်။
ခင်လေးမှာတော့ရင်ကွဲနာကျပြီး မျက်ရည်ဖြိုင်ဖြိုင်ရင်း ဆောက်တည်ရာမရဖြစ်ကျန်ခဲ့ပါတယ်၊ရင်ဖွင့်နေကျအမေ့ဆီဖုံးဆက်ပြီးပြော၊ သူငယ်ချင်းတွေဆီဖုံးဆက်ပြောရင်းငိုနဲ့ မအိပ်နိုင် မစားနိုင် ဖြစ်နေရပါတယ်။
ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ခင်လေးကိုအမေကလာခေါ်ပြီး၊ သူသွားနေကြဘုန်းကြီးကျောင်းမှတရားစခန်းကိုလိုက်ပို့ပေးခဲ့ပါတယ်၊ ဘုန်းဘုန်းကြီးကရင်ကွဲနာကျနေတဲ့ခင်လေးကိုတရားရေအေးတိုက်ကျွေးခဲ့တာမို့၊ ခင်လေးစိတ်တွေအနည်ထိုင်ပြီး ဖြေသာနိုင်ခဲ့ပါပြီ။
ပူလောင်မှုတွေနဲ့ပြည့်နှက်နေတဲ့ခင်လေးရင်ကိုတရားရေအေးကသာငြမ်းချမ်းမှုကိုပေးနိုင်ခဲ့တယ်ဆိုတာသိသွားပါပြီ၊ ဒါကြောင့်အခုဆ်ုခင်လေးတရားစခန်းမှန်မှန်ဝင်နိုင်ခဲ့ပြီး သံယောဇဥ်ကြိုးတွေကိုဖြတ်နိုင်အောင်ကြိုးစားနေပါတယ်။
အခုဆိုသူ့အိမ်မှာ (၁၈) ရက်ဘဲနေသွားတဲ့မြေးမလေးက အသက် (၁၀ )နှစ်ဝန်းကျင်လောက်ရှိတဲ့အရွယ်ကိုတောင်ရောက်နေပါပြီ၊ သူ့အိမ်ကဆင်းသွားကတည်းကသူ့ချွေးမကသူ့သမီးနဲ့ခင်လေးကိုပေးမတွေ့တာကြောင့်လမ်းမှာမတော်တဆ မြေးအဖွားနှစ်ယောက်ဆုံဖြစ်ကြရင်တောင် မြေးမှန်း အဖွားမှန်းသိကြမှာမဝုတ်ပါဘူး။
သူ့သားလေးကတော့နိုု်ငံခြားထွက်လိုက်၊ မြန်မာပြည်ပြန်လာလိုက်လုပ်ရင်း အလုပ်လုပ်နေတာမို့ သူ့ဆီတနှစ်တခေါက်လောြ်တော့လာကန်တော့တတ်ပါတယ်၊ မြေးမလေးရဲ့ဓာတ်ပုံလေးတွေဘဲ အလွမ်းပြေကြည့်ဖို့ယူလာတာမို့ ၊ အခုဘယ်အရွယ်ရောက်နေပြီဆိုတာသိရပါတယ်။
အခုလိုသီတင်းကျွတ်အချိန်အခါဆိုခင်လေးတယောက်သူ့သားလေးနဲ့ သူ့မြေးမလေးကိုမျှော်နေတတ်ပါတယ်၊မလာမှန်းသိပေမဲ့ တနေ့လာကန်တော့ရင်းရောက်လာမလားလို့ သူ့မသိစိတ်ကမျှော်နေမိတာပါ။
ဒါပေမဲ့သူ့ရင်ကိုအေးချမ်းမှုပေးနိုင်မဲ့ သူ့ရဲ့နားခိုရာနေရာအစစ်အမှန်ဖြစ်တဲ့တရားစခန်းကိုသာသွားဖို့ ၊ ခင်လေးတယောက်အထုပ်ပြင်ပြီးနေပါပြီ။
မေသင်းလှိုင် (ရွှေဘို)