နူးညံ့သော လက်ကြမ်းကြီးများ

Posted on

နူးညံ့သော လက်ကြမ်းကြီးများ(စ/ဆုံး)
—————————————-

“ရေနွေးရမယ် ရေနွေး ရေနွေး ရေနွမ်းကြမ်းပူပူလေး”
“ကြက်ဥပြုတ်တွေရမယ်နော် ကြက်ဥပြုတ်
လေးလုံးမှ တစ်ထောင်တည်း ယူကြအုံးမလား ကြက်ဥပြုတ် ”
” ဟဲ့ အထုပ်ကို အောက်ကိုရောက်အောင်ထိုး ဒီမှာတစ်ထုပ် ရော့”
” အစ်မရေ ခြေထောက်ကလေးခဏ ရပြီ ရပြီ ”
“ဟဲ့ ဒီနေရာလွတ်တယ် လာဒီကို”
ဘူတာတစ်ခုကိုရောက်လာတာပဲ။ဟင်္သါတဘူတာကနေစစီးလာခဲ့တာ ​​​ ယုန်သလင်းဘူတာဆိုပါလား။ ညက ဂိမ်းဆော့တာများသွားလို့ အိပ်ရေးပျက်ခဲ့တယ်။ရထားပေါ်ရောက်မှ ပြန်အားဖြည့်နေရ။စိတ်ပျက်လိုက်တာ။ခုလို ကုန်သည်တွေနဲ့ အာရုံနောက်လို့ မစီးချင်တဲ့ ရိုးရိုးတန်းကို မဖြစ်မနေစီးခဲ့ရတယ်။အထက်တန်းတွဲကို ကြိုမှာရအောင်လည်း ခရီးစဥ်က ညကမှ ပေါ်ပေါက်တယ်လေ။ခုမနက်ကျတော့ လက်မှတ်ကမရတော့။သိသိနဲ့ရမလားလို့တော့ ယူလိုက်သေးတယ်။ထုံးစံအတိုင်းပေါ့။ရိုးရိုးတန်းနဲ့ပဲ စခန်းမြန်းရပေပြီလေ။ဂုဏ်ထူးသုံးဘာသာနဲ့ ဆယ်တန်းအောင်ပြီး ပညာရေးတက္ကသိုလ်ကို အဓိကထားလျှောက်ထားတဲ့ လက်ရှိကိုယ်က ခုချိန်အားနေတယ်လေ။ညကမှ ပုသိမ်က အစ်ကိုဝမ်းကွဲတော်က သူ့ဆီမှာကွန်ပျူတာလာသင်ဆိုလို့ ချက်ချင်းကြီးထွက်လာခဲ့တာ။အိမ်ကလည်း သွားသွားဆိုပြီး အတင်းကိုလွှတ်နေတာ။အေးလေ အိမ်မှာ ဆူညံနေအောင်ဂိမ်းဆော့ရင်းအချိန်ကုန် ~ဂီတာတီးသူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား အချိန်ကုန်နေတော့ အမေက သူ့တူဆီဖုန်းချိတ်ပြီး မိသားစုတွေဖန်တီးလိုက်တဲ့ ဇာတ်ညွှန်းကို သရုပ်ဆောင်ဖို့ပဲပြောပါတော့။ကိုယ့်ရှေ့မှာဝင်ထိုင်လိုက်တဲ့ ကုန်သည်ဒေါ်ကြီးနှစ်ယောက်။အသက်ငါးဆယ်ကျော်ခန့် အဒေါ်ကြီးနှစ်ယောက်။ထိပ်နှစ်ဖက်မှာ ဆံပင်ထုံးနှစ်ထုံးခပ်ကြီးကြီးတွေထုံးထားပြီး မျက်နှာမှာက သနပ်ခါးပါးကွက်ကြီးကြီးမျက်နှာအပြည့်ကိုယ်စီနဲ့။တစ်ယောက်က ကွမ်းစား တစ်ယောက်က ပိုက်ဆံစစ်နေသလားမသိ။ကိုယ်က ကုန်သည်မိန်းမတွေဆို သိပ်ပြီးရွံကြောက်။သူတို့က ခပ်စွာစွာတွေများတယ်မို့မဟုတ်လား။စိတ်ထဲမှာ သူတို့ကို အထင်ကိုသေးတာ။သူတို့တွေဆို ခပ်ဝေးဝေးနေတာကိုယ်က။ကိုယ်က ကျော့ရှင်းအသန့်ကြိုက်တဲ့သူ။ခုတောင်
ကိုယ့်ဘေးထိုင်တဲ့သူက ပေစုတ်စုတ်လေးနဲ့ အသက်​​ကျော်လေးဆယ်ကျော် လူကြီးတစ်ယောက်ဖြစ်နေလို့ ကိုယ့်မှာ သူနဲ့မထိအောင် ပြတင်းပေါက်ဘက်နံရံကပ်ပြီး အိပ်လိုက်လာခဲ့တာ။

“သားက အမေဒီတစ်ခေါက်ပြီးရင်တော့ နားကိုနားရမယ်တဲ့ တော်ရေ အေးငါကလည်း သိတဲ့အတိုင်း အလုပ်မရှိဘဲ မနေချင်ဘူးအေ့ ”

“ကျွန်မကတော့ မနားနိုင်သေးဘူး မမရေ မမတူမအတွက် ကျောင်းစာရိတ်က ရှာရအုံးမယ်မို့လား”

နားတွေငြီးတော့မယ်။စိတ်ပျက်လိုက်တာ ပြန်အိပ်နေတာပဲ ကောင်းပါတယ်။ရထားကြီးကတော့ ပူပြင်းတဲ့နေရောင်အောက်မှာ လယ်ကွင်းပြင်ရှည်ကြီးတွေကို မပျင်းမရိ ခုတ်မောင်းဖြတ်သန်းနေလေရဲ့။
“ဝါးးဟား ဝါးး”
ပြန်အိပ်အုံးမှ။

အခန်း(၂ )

“အောင်ထွန်းရေ ဒီဘက်တွဲမှာ ဒီဘက်မှာဟေ့ ဒီအပေါက်ကယူ”
” အမေရေ သမီးဒီမှာ သမီးဒီမှာ”
“ဟဲ့ နင်တို့ကဆင်းမှာလား မဆင်းရင် ဖယ်ပေးအုံးလေ”
” လေးလေး သမီး ဒီအထုပ်လေး ချပေးနော်”
“စိုးမာ ရေ ချလိုက် ချလိုက်”
အိပ်ပျော်နေရာမှ လန့်နိုးပြီ။ဘူတာရောက်တာပဲ အသုပ်ဘူတာတဲ့။ရှေ့က ကုန်သည်မိန်းမကြီး နှစ်ယောက်ဆင်းပြီ။ကောင်းတယ်နားငြီးသက်သာပြီ။
ဘေးက ဟိုဦးလေးကြီးတောင် အိပ်ပျော်နေပါလား။
ရှေ့ကနေရာလွတ်သွားပြီဆိုတော့ ရှေ့ခုံပြောင်းထိုင်မှ။နှစ်ယောက်စာနေရာမှာ တစ်ယောက်တည်း လွတ်လပ်စွာနေရရာပြီမို့ ရထားနံရံမှီကာ ​ခြေဆင်းပြီး လှဲလိုက်တယ်။ပုသိမ်ရောက်ခါနီးမို့ထင်တယ် တဖြေးဖြေးတွဲက လူချောင်လာတယ်။ပြတင်းပေါက်ကနေ ဘူတာဘက်တစ်ချက်ဝေ့ဝဲကြည့်မိလိုက်သေးတယ်။ရထားဥသြဆွဲပြီးစတင်ထွက်လေပြီလေ။ဟိုအဒေါ်ကြီးနှစ်ယောက် ပါလား။ဘူတာဘေးက စားသောက်ဆိုင်ထဲ ဝင်သွားလေရဲ့။စားသောက်ဆိုင်က သေးသေးကုပ်ကုပ်လေးမဟုတ်။ခန်းနားထည်ဝါမှုရှိလှတဲ့ ဆိုင်ပဲ။ပိုက်ဆံတွေပေါနေသလား မသိ။ဆိုင်ထဲမဝင်ခင် ဆိုင်အနားက အလှူခံဏ္ဍပ်မှာ အလှုငွေထည့်နေကြတာလည်း မြင်ရတယ်။
ဖုန်းထုတ်ပြီး ဂိမ်းဆော့ရန်ပြင်လိုက်ပြီး ရေသန့်ဘူးကိုအရင်ဖွင့် အားရပါးရမော့ချလိုက်တယ်။
ဟူး ရင်ထဲအေးသွားတာပဲ။

*****************
အခန်း(၃)

ပုသိမ်မှာ နှစ်လလောက် ကွန်ပျူတာ သင်ကြားပြီးတဲ့နောက် တက်ခွင့်ရသည့် ပညာရေးတက္ကသိုလ်အတွက် ပြင်ဆင်ဖို့ ​​​ပြန်အုံးမည်​။အိမ်ရောက်ပြီး တစ်ပတ်ကြာတော့ ပညာရေးတက္ကသိုလ်ကို ချီတက်ခဲ့ပြီ။မေမေရယ် ဖေဖေရယ် မမလေးရယ် လိုပ်ပို့တယ်။ရန်ကုန်မှာ တက်ရမည်မို့ စတိုင်အပြည့်နဲ့ ကျော့ကျော့လေးတက်ချင်နေတဲ့ ကိုယ် စိတ်ကူးတွေနဲ့ ပျော်ရွှင်တက်ကြွနေလေရဲ့။
” စိတ်နှစ်ကိုယ်နှစ် ပေါင်းရမယ့်သူ အပေါ်ယံပဲ ပေါင်းရမယ့်သူ ကြည့်ရွေးပေါင်း အလိုက်အထိုက်ဆက်ဆံသင့်ရင် အလိုက်အထိုက်ဆက်ဆံ~~ နေတတ်စားတတ်အောင်နေ ကိုယ့်ကိုကိုယ် ဦးဆောင်ရမှာ လူချစ်လူခင်ပေါအောင်နေ”
” စာလည်ကြိုးစား ပိုက်ဆံလိုတာ လွှဲလွှဲပေးမယ်
လိုတဲ့အချိန်ပြော အပေါင်းအသင်းသာမမှားနဲ့”
” မောင်လေး ကောင်မလေးတွေလည်း အများကြီးလည်း ထားမနေနဲ့အုံး မရှုပ်နဲ့နော်”

ကားပေါ်မှာ တစ်လမ်းလုံး ဆုံးမစကားတွေ ရေမဝင်အောင် ပြောနေကြတဲ့ ဖေဖေတို့ သုံးယောက်။

“စိတ်ချပါ ”
“စိတ်ချပါ”
စကားလုံးတိုင်းကို ဒီစကားသုံးလုံးလေးနဲ့ နိဂုံးချုပ်ချလိုက်တာကတော့ ကိုယ်ပေါ့။ကဲ ရောက်ပါပြီဗျာ။

ရန်ကုန်ပညာရေးတက္ကသိုလ်***

အခန်း -၃

အဆောင်မှူး ဆိုသူ ဆရာဦးဇော်လင်းထွန်း။

အသက် ၂၇ အရွယ်ကောင်းလူရည်သန့် စိတ်ထားနူးညံ့သည်။အဆောင်သားများအပေါ် ကိုယ်ချင်းစာတရားအပြည့်နဲ့ ဆက်ဆံသည်။သုံးရက်မြောက်နေ့မှာပင် စပ်စုအကဲခတ်တတ်တဲ့ ကိုယ် က သုံးသပ်နေမိပြီ။
ဟာ ဆရာမြို့ထဲ စျေးဝယ်သွားတာထင်တယ်။
အဆောင်ထဲက ဝတ်ကောင်းစားလှနဲ့ ဆရာကိုတွေ့လို့ ။
စနေနေ့ ပိတ်ရက် ဆရာအစောကြီးရေတွေချိုးဝတ်စားပြင်ဆင်ပြီး အဆောင်ရှေ့မှာ ကျောပိုးအိတ်တစ်လုံးနဲ့။
” ဆရာ မြို့ထဲလား ဆရာ သားတို့လည်း မြို့ထဲလိုက်မလို့ ဆရာနဲ့တစ်ခါတည်းလိုက်မယ်လေ”
အေး သားတို့လိုက်လေ ဆရာလည်းအဖော်ရတယ် မပျင်းရတော့ဘူးဟေ့”
ဆရာနဲ့ သူငယ်ချင်းသုံးယောက် လိုက်သွားဖြစ်သည်။ဧရာဝတီတိုင်းသား သူငယ်ချင်းသုံးယောက်ပေါင်းမိခဲ့သည်။သုံးယောက်လုံးက အသန့်ကြိုက်လွန်းသူ တော်ရုံအထင်သေး ရွံရှာတတ်သေးအကျင့်တွေတူလို့ တူရာစုမိသည်ပေါ့။
” သားတို့ခဏ ”
ဟင်… မြို့ထဲစျေးဝယ်အပြီး အပြန်ဟန်ပြုစဥ်ပဲ ဆရာက ခဏဆိုပြီး အပြေးအလွားသွားလေရဲ့။သူငယ်ချင်းတွေရပ်နေကြပြီး ဆရာပြေးရာ ဘာလဲဆိုသည့် အတွေးများနဲ့ စိုက်ကြည့်နေတုန်း။
စျေးသည် အဒေါ်ကြီးတစ်ယောက်။အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးခန့်။အဝတ်အစားတွေက နွမ်းဖတ်ဖတ်နဲ့ ခေါင်းက ထုံးထားတဲ့ ဆံထုံးခပ်သေးသေးမှာ ဆံပင်တွေက မသပ်မရပ်ရှုပ်ပွေဖြာကျနေတယ်။ပါးစပ်ကလည်း ကွမ်းစားပါးစပ်ထူထူနဲ့။ဆရာက စျေးခြင်းတောင်းကြီးကို ကူပင့်ပေးနေတယ်။
ဟင်းး ဆရာကလည်း မရွံမရှာ သန့်သန့်ပြန့်ဝတ်စားထားပြီးမှ သွားပတ်သင်နေရသေးတယ်။ ရင်ထဲကအတွေးနဲ့ နှခေါင်းရှူံးလိုက်တာက သုံးယောက်လုံး ပုံစံတူပင်။အတွေးတွေလည်း တူပေမပေါ့။

ဆရာအနားပြန်လာတော့ ဆရာ့အနားတောင် သိပ်မကပ်ချင်ကြ။ကိုယ်တွေက ပေစုပ်စုပ်နွမ်းဖတ်ဖတ်တွေဆို ဝေးဝေးကရှောင်တတ်သမားတွေ။

ဆရာ က ပင့်ပေးရုံးသာမက အဲ့အဒေါ်ကြီးကို ဘာတွေပြောလိုက်သေးတယ်မသိ။ဖော်ဖော်ရွေရွေ မျက်နှာကို ကြည်လို့။

အံ့ပါ့ ဆရာရယ် အံပါ့။
“လှည်းတန်း သမိုင်း ဘာတာ အုတ်ကျင်း သမိုင်း အင်းစိန် လိုက်မလား
လိုက်မလား ”

” သားတို့ လာဟေ့. ”
**************

ဇာတ်သိမ်းပိုင်း
************

ညဘက် ဆရာ့အဆောင်ဘက် မျိုးလင်းနှင့် နှစ်ယောက်သား ခဏသွားလိုက်တယ်။
” လာ သားတို့ ဆရာလည်းခုပဲဘုရားရှိခိုးပြီးတယ် အမေနဲ့ ဖုန်းပြောပြီးလို့ခုလေးပဲ အပြင်ထွက်ခဏလမ်းလျှောက်မလို့ ခုတော့ လာကွာ ထိုင်စကားပြောကြတာပေါ့”
ဟုတ်ကဲ့ဆရာ ဆရာ သောကြာနေ့ နေ့လည် အိမ်ပြန်မလို့ဆို ပုသိမ်ဟာလဝါလေး မှာချင်လို့ပါဆရာ ”
” အေး ဟုတ်တယ်သားတို့ရေ ခုပဲ ဆရာ့အမေက ဘယ်ကားနဲ့ပြန်မှာလဲ ဘယ်ချိန်ထွက်လာမှာလဲ မေးနေတာလေ”
ဒါနဲ့ သားတို့ကရော ခုစနေ တနင်္ဂနွေ ဘယ်တွေသွားကြအုံးမလဲ ပြန်ကြအုံးမှာလား.”
မပြန်တော့ဘူး ဆရာ နောက်အပတ်ကျမှ သက်ဖြိုးတို့ ဟင်္သါတ လိုက်လည်မလို့လေ”
မျိုးလင်းက မအူပင်သားလေး။သက်ဖြိုးက ဟင်္သါတသား အရမ်းခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်။အသွက်နှစ်ယောက်။အိမ်ခေါ်သွားရင်တော့ အမေချစ်လိုက်မယ့်အဖြစ်။
“ဟေ အေး ဒါ ဆို ဆရာ့ပုသိမ်လိုက်ခဲ့ကြလေ သက်ဖြိုးကတော့ နေဖူးပေမယ့် မျိုးလင်းရောက်ဖူးအောင်ပေါ့”
” လိုက်မယ်ဆရာ သားအဒေါ်တွေလည်း ပဲခူးပြောင်းသွားကြပြီဆိုတော့ ပုသိမ်ကနောက်ရောက်ဖို့နည်းသွားပြီ လိုက်ကြမယ်လေ မျိုးလင်း မင်းရောက်ဖူးတာပေါ့ ”
အေး လိုက်မယ်လိုက်မယ် ငါလည်းရောက်ဖူးချင်နေတာ ”
ဆရာက ပုသိမ်နာရီစင်ကြီးအနားက လမ်းမှာနေတာတဲ့။ကိုယ်နေစဥ်က အမှတ်(၂) ရပ်ကွက် မန်ကျည်းပင်လမ်းမှာ​​နေခဲ့တာ။ဆရာက အမှတ် (၃) ရပ်ကွက် ပန်းခြံလမ်းတဲ့။
ပုသိမ်မြို့တွင်းဝင်လိုက်စဥ်မှာ အန်တီတို့ကို သတိရလိုက်တာ။စောစောက အဒေါ်တို့ဆီ ဖုန်းလှမ်းဆက်လိုက်သေးတယ်။ပုသိမ်လာနေတာလို့။
” အေးအေး သိပ်လည်းကဲမနေနဲ့အုံး
ညဘက်အပြင်မထွက်နဲ့အုံး”
“ဆရာ နဲ့ပဲ အဒေါ်ကလည်း စိတ်ချစမ်းပါ.”
တူတော်မောင်က လူကြီးဆန်နေပါပြီအဒေါ်ရယ်။
သန်းရှင်းသပ်ရပ်လှပသော ခြံကျယ်ကြီးထဲက ရှင်းရှင်းလေးဆေးရောင်ခြယ် တည်ငြိမ်အေးချမ်းသောအရောင်လေးနဲ့ ခန့်ငြားတဲ့ တိုက်ကြီး။
” ဟ ကလေးတွေလည်း ပါတာလား
လာ လာ သားလေးတို့ လာလာ ”
ညက အိပ်ရာဝင်နောက်ကျတဲ့ ကိုယ်က ကားမူးမူးလေးနဲ့ ရီဝေဝေ။မျိုးလင်းကလည်း သိပ်မလန်းဆန်း။
ဒီအဒေါ်ကြီး ငါမြင်ဖူးသလိုပဲ အသံကလည်းကြားဖူးပါတယ်။စိတ်ထဲဒီလိုပဲ အမှုမဲ့အမှတ်မဲ့။ကားမူးတာကလည်း ရှိလေတော့။
” အမေရေ သူတို့တွေ ကားနည်းနည်းမူးနေတယ် သံ”
” သံပရာ ဖျော်ရည်လေး ဖျော်တိုက်မယ် ဖျော်တိုက်မယ် ခဏလေး”
ဆရာ့စကားမဆုံး​နိုင်ခင်ပဲ အလိုက်သိလွန်းချက်ချာ သွက်လက်လွန်းတဲ့ ဒေါ်ကြီးရဲ့ စကားသဲလေးက နွေးထွေးသွားသလို။
ဆရာ့အိမ်မှာ ဆရာ့အဖေမတွေ့ပါလား။အဝတ်လျှော်နေတဲ့ အစ်မတစ်ယောက်တော့တွေ့သည်။
” မောင်လေးရေ နင့်အကြိုက် ငါးဖယ်သုပ်နဲ့ ကျောက်ဖရုံသီးချဥ်ဟင်းရယ် ကြက်သား​ကြော်ထားတယ်” အဝတ်လျှော်နေတဲ့ အစ်မထွက်လာပြီး ပြောတော့ ” ဟာ ဟုတ်လား ရှယ်ပဲ ”
” ဆရာ့ ဆရာ့ တို့အိမ်က ဘယ်နှစ်ယောက်နေတာ ဟို ဟို ”
” ဆရာ့မှာ အဖေမရှိတော့ဘူး ဆုံးတာငါးနှစ်ကြာပြီ ဒီအမေက ..”
” ဒေါ်ကြီးက သားတို့ဆရာ့အဖေ ဆုံးပြီးတည်းက ကုန်စိမ်းသည် လုပ်ခဲ့တာပေါ့….”
ဆရာ့စကားကို ဖြတ်ပြီး သံပုရာဖော်ရည်လာချပေးရင်း ဒေါ်ကြီးက စကားဆက်လိုက်တာ။ဟင် ဟာ ဒါ ဒါဆို ဟုတ်ပါပြီ ဒီဒေါ်ကြီးဒီဒေါ်ကြီး ငါရထားပေါ်မှာ ဆုံခဲ့တဲ့ဒေါ်ကြီး ဒါကြောင့် ဒါကြောင့်…။ဆရာက မီးဖိုချောင်ထဲကို သူ့အစ်မဆိုသူနဲ့ ဟင်းသွားမြည်ရအောင်ဆိုပြီး ထသွားလေ၏။
အတွေးမဆုံးခင်ပဲ
” သားလေး တို့ သောက်လိုက်သောက်လိုက် အေးအေးလေး ”
” ခု သားတို့ဆရာ ခုလို ဘဝရောက်အောင် ဒေါ်ကြီးဟာ နေ့မအားညမအား ရထားပေါ်မှာ ကုန်စိမ်းသည်မကြီးဘဝနဲ့ ကြိုးစားပေးခဲ့ရတာပေါ့ကွာ အရင်က ဒေါ်ကြီးတို့က ရေကြည်မှာနေတာလေ၊သားကိုလည်း လူလူချင်းစာနာတတ်အောင် ရိုင်းပင်းကူညီတတ်အောင်
အောက်​ခြေဘဝတွေကိုနားလည်စာနာတတ်အောင် ဟိုးငယ်ငယ်လေးတည်းက ဒေါ်ကြီးကပုံသွင်းခဲ့တာပေါ့ သားတို့ရယ်”
မြို့ထဲသွားတုန်းက ဒေါ်ကြီးတစ်ယောက်ကို သွားကူညီခဲ့တဲ့ ဆရာ့ကို ပြန်မြင်မိတယ်~ သြော် စာနာတတ်တဲ့ စိတ်ပါလား။
ရေကြည်ဘူတာမှာ ဒေါ်ကြီးဆင်းသွားတဲ့ပုံရိပ်လေးကိုလည်း ပြန်မြင်လာတယ်။အဲ့အချိန်တုန်းက ကိုယ်က ရွံရှာလို့ ခုတော့ ဒီသံပရာရည် ဒီစကားသံတွေ ဂရုစိုက်မှုတွေက လုံခြုံချိူမြိန်နေလိုက်တာ။

ညရောက်စားသောက်ပြီး၊ စကားစမြည်အနည်းငယ်ပြောကြပြီး ခရီးပန်းလာသည်မို့ ဒေါ်ကြီး ပြင်ပေးထားတဲ့ အိပ်ရာထက်မှာ အနားယူလိုက်ကြသည်။ဆရာကတော့ စားပွဲခုံလေးတစ်ခုမှာ စာရေးနေလေ၏။သူငယ်ချင်းနှစ်ယောက် အိပ်ယာထဲ မအိပ်သေးဘဲ ဖုန်းခဏကြည့်နေကြသည်။ဒေါ်ကြီးကတော့ ဘုရားရှိခိုးနေသည်။သြော် ရထားပေါ်က ကုန်စိမ်းမတွေဆိုရင် အပေါက်ဆိုးဆိုး စရိုက်ကြမ်းကြမ်း နဲ့ နူးညံ့သိမ်မွေ့မှုမရှိတဲ့သူတွေချည်းပါပဲလို့ ထင်ခဲ့မိတာ။ဒေါ်ကြီးက ဘဝအတွက်နူးညံ့တဲ့နှလုံးသားကို ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ မုဆိုးမမိခင်တစ်ယောက်ရဲ့ အစွမ်းအစကို အောင်နိုင်သူဖြစ်နေပါလား။လူတိုင်းကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ချက်ချတတ်တဲ့ ငါ ဆင်ခြင်ရမယ်။တကယ်တော့ ဘဝမှာ နူးနူးညံ့ညံ့ထွေးပွေ့တတ်ဖို့ ဒီဒေါ်ကြီးလို ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ကြိုးစားခဲ့ရတဲ့ မိခင်တွေ ဖခင်တွေ အများကြီးရှိကြမှာပါပဲ~~~~~။

” ကုသိုလ် အမျှ အမျှ အမျှ ”

ဇာတ်သိမ်းပါပြီ။ကုန်စိမ်းသည် ဒေါ်ကြီးများအတွက် ခံစားရေးဖွဲ့ပေးပါသည်။

ပြည့်ရှင်သွေး