နေရာ

Posted on

နေရာ(စ/ဆုံး)

——-

” သမီးရေ ”
” ဒေါ်မမကြီးတို့တိုက်က မွေးနေ့အလှူလာဖိတ်ထားတယ်နော် ”
” အဲ့ဒါ အမေက အထိုင်အထ လူကြားထဲ မကောင်းဘူး ”
” သမီးပဲ သွားလိုက်နော် ”

” အဲ့ဒီ့အိမ်ကို သမီးမသွားချင်ပါဘူး အမေရာ ”
” အဆင့်အတန်းခွဲတယ် ”
” ဟိုတစ်ခါကလဲ ဆွမ်းကျွေးဖိတ်လို့သွားတာ သူတို့ vip တွေကိုတော့ အတင်းလက်ဆွဲ တိုက်အပေါ်ထပ်မှာ ကျွေးတာ ”
” ရပ်ကွက်ထဲက မျက်နှာသိပ်မရှိတဲ့ သမီးတို့ကျတော့ အိမ်အောက်မှာ ”
” သူ့သမီး ၂ ယောက်ကလဲ ဂုဏ်မက်တွေကြီးပဲ ”
” ခေါ်မဲ့အိမ်ရှင်တောင်မရှိပဲ ကြောင်တောင်တောင်နဲ့ ”

” အလှူသွားတာ တရားနာကုသိုလ်အမျှယူရ အမြတ်လို့ သဘောထားပေါ့သမီးရယ် ”
” လိုက်တွေးနေရင် အကုသိုလ်ဖြစ်တယ် ”

” ဟွန် အမေကလဲ ”
” သူ့အိမ်ဆို ဘယ်သူမှ မသွားချင်ကြဘူး ”
” ကျွေးတဲ့အစားအသောက်ကလဲ လူခွဲကျွေးတာ ”
” မချမ်းသာရင်တောင် နှိမ်ချင်သလိုလို ”

” ချမ်းသာကြတာကိုး သမီးရယ် ”
” မာန်တော့ ရှိမှာပေါ့ ”

” မာန်မဟုတ်ဘူး အမေရဲ့ ”
” လူလူချင်း မတူမတန်နှိမ်တာ ”
” ငါ့လို လှူနိုင်လား ငါ့လိုကျွေးနိုင်လား ငါ့လိုဝတ်နိုင်လား ဆိုတဲ့စိတ်နဲ့ ”
” အသက်ကသာ ၇၀ကျော် ၈၀ နီးပါး ဝတ်ထားတာ ပူလောင်လိုက်တာ ”
” အိမ်နေရင်းနဲ့ကို မျက်စိကျိန်းအောင် ဝတ်ပြနေတာ ”
” တစ်ချို့ ချမ်းသာသူတွေ အသက်အရွယ်တစ်ခုရောက်လာရင် သူ့အလိုလို ငြိမ်းချမ်းတယ် ပြည့်ကြပါတယ် အမေရာ ”

” အေးပါအေ ညည်းသဘော သွားချင်သွား မသွားချင်လဲနေ ”

……………………………………

” မမ မြတ်ဝေရေ ”

အိမ်ဝက လှမ်းခေါ်သံကြောင့် မြတ်ဝေ စက်ချုပ်နေရာကနေ အိမ်ဝကို လှမ်းကြည့်လိုက်သည် ။

” ဟဲ့ ခင်ဆွေ ဝင်လာလေ ”

အိမ်ထဲရောက် ထိုင်ပြီးတာနဲ့

” အမယ်လေး မမမြတ်ရေ ပြောပြအုန်းမယ် သိလား ”

ဧည့်သည် အသံကြားတာနဲ့မီးဖိုထဲ တကုပ်ကုပ် အလုပ်ရှုပ်နေတဲ့ အမေပါ အိမ်ရှေ့ထွက်လာပါတော့သည် ။
မြတ်ဝေက စက်ချုပ်တာကြောင့် အိမ်မှာ အကျီ င်္ အပ်သူ ရွေးသူတွေနဲ့ အမြဲ လူစည်သည် ။
ဧည့်သည်လာပြီဆိုတာနဲ့ရပ်ကွက်အတင်းက အလိုလို ပါလာစမြဲ ။
ဒူးနာလို့ အိမ်ထဲမှာပဲ အနေများတဲ့ အမေကလဲ ဧည့်သည်လာရင် ရေနွေးကြမ်း လဘက် မပြတ်စေရအောင် ဧည့်ခံ စကားထောက်ဖော် ။
မြတ်ဝေကတော့ စက်ချုပ်ရင်း အင်း လိုက်နားထောင်ပေးရတာမျိုး ။

” ဟဲ့ ညည်း ဟိုတလောက ရိပ်သာ ဝင်သေးဆို ”

” ဟုတ်တယ် အရီးရဲ့ အဲ့ဒါ ပြောပြရအုန်းမယ်သိလား ”

” အေး ဘာတွေဖြစ်လို့လဲ ”

” ဟို ဂုဏ်ကြီးရှင် အန်တီကြီးအကြောင်းလေ ”
” သူလှူထားတဲ့အခန်းကို သော့ပိတ်ပြီး သော့ကို သူ့အိမ်မှာထားတာတဲ့ ”
” အဲ့ဒါ ရိပ်သာကလဲ အခန်းတွေပြည့်နေတော့ အခန်းမရှိတော့လို့ သူ့အခန်းသော့ကို အိမ်လိုက်တောင်းရတယ်တဲ့ ”
” ဆရာတော်ကလဲ အားနာလို့လားမသိပါဘူး ”
” သူနဲ့အကြောင်းပေါင်းသင့်တဲ့သူတွေဝင်ရင် သူ့ဆီက သော့သွားတောင်းဝင်ကြရတာ ”
” ရိပ်သာမှာ လှူတာလား နေရာဝယ်တာလား မသိပါဘူး ”
” ကိုယ်လှူပြီးပြီပဲ ဘယ်ယောဂီလာနေနေပေါ့ ”
” ခုတော့ ငါစွဲနဲ့ ငါ့အခန်းဆိုတာနဲ့ ”

မြတ်ဝေက စက်နင်းရင်းနားထောင်ပြီး ပြုံးလိုက်မိသည် ။

” ဒါတင်မကသေးဘူး ”
” ယောဂီတွေပြန်ပြောပြတာ သူရိပ်သာလာဝင်တုန်းကလေ ”
” ကျောင်းကကျွေးတဲ့ ဟင်းတွေမစားနိုင်လို့ဆိုပြီး သူ့အ်ိမ်က ချိုင့်ကြီး ချိုင့်ငယ် အသွယ်သွယ်နဲ့အခန်းထဲထိ လာပို့ရတာ ”
” ဘုန်းကြီးပွဲထက်သာသေး ”
” ညနေဆိုလဲ ညနေမလို့ လဘက်သုပ် ဂျင်းသုပ် ကော်ဖီ အစုံ ”

” ဆရာတော်က မသိဘူးလား ”

” ဆရာတော်ကလဲ ကျောင်းအစ်မ အသက်ကလဲကြီးနေတော့ လွှတ်ထားတာထင်ပါတယ် အရီးရယ် ”

” အေးလေ ဟုတ်တာပဲ ”
” လှူတန်းနေတဲ့ ကျောင်းအစ်မကြီးပဲဟာ ”

” အရီးရယ် ”
” ဟုတ်တာလဲဟုတ်ပါတယ် ဒါပေမဲ့ မဟုတ်တာကလဲ မဟုတ်ပြန်ဘူး ”
” တကယ်ဆို ရိပ်သာဆိုတာ ငါစွဲတွေဖြုတ်ခဲ့ရမဲ့နေရာလေ ”
” ခုက ရိပ်သာမှာတောင် ငါလှူတဲ့ကျောင်း ငါ့လိုလှူနိုင်လားဆိုပြီး ကျောင်းအစ်မကြီး ဂုဏ်မောက်နေတာ ”

မြတ်ဝေကနားထောင်ရင်း တွေးလိုက်မိသည် ။

” အင်းလေ ကျောင်းအစ်မကြီးပဲ ”
” ကျောင်းကတောင် သူ့ညီမဖြစ်နေတာ ဒီလောက်တော့ ရှိမှာပေါ့ ”

……………………………………

သင်္ကြန်ပိတ်ရက်မှာ မြတ်ဝေညီမ ခက်ဝေကျောင်းပိတ်တာကြောင့် အမေ့ကိုထားပြီး တရားစခန်းဝင်ဖြစ်သည် ။
မြို့နဲ့လဲ အနည်းငယ် လှမ်းတာကြောင့် အထုပ်အပိုးတွေကို ကားနဲ့သယ်ပြီးသွားရသည် ။
ဆရာတော်ကို လျှောက်ပြီး နေရာချပေးတဲ့ အခန်းကိုရောက်လာတော့ အလှူရှင်အမည်ကို ဖတ်ကြည့်လိုက်မိသည် ။

” အဲ ဒေါ်မမကြီးတို့ လှူထားတာပါပဲလား ”
” ဒီမှာတော့ သော့ ယူသွားလို့မရဘူးထင်တယ် ”

စိတ်ထဲက အတွေးကို ကမန်းကတမ်းနှင်ထုတ်ပစ်လိုက်ရသည် ။
” ငါရိပ်သာလာဝင်တာ သူများမကောင်းကြောင်း ခေါင်းထဲ မရောက်စေနဲ့ ”

အခန်းလေးက ၃ ယောက်တော့ အနည်းဆုံးနေလို့ရသည် ။
ပါလာတဲ့ အိပ်ယာခင်းကို ခင်းပြီး ခဏနားလိုက်သည် ။
အခန်းဖော် ယောဂီအမျိုးသမီးတစ်ယောက်တော့ရှိသည် ။
တစ်ဦးနဲ့တစ်ဦး ပြုံးပြရုံမှအပ စကား အပိုမပြောဖြစ် ။
တရားထိုင်ချိန်ရောက်တော့ သတ်မှတ်ထားတဲ့ ဓမ္မာရုံမှာ ထိုင်ကြရသည် ။
ရေချိုးခန်း အိမ်သာပါတွဲလျှက်ပါတော့ အဆင်ပြေလှသည် ။
အလှူရှင်တွေ ကျန်းမာချမ်းသာပါစေဟုလဲ မြတ်ဝေ မေတ္တာစိတ်လေးထား ပို့သမိသည် ။

………………………………………

နေ့လည် တရားထိုင်ပြီး အဆောင်ကို ခဏ ပြန်နားတော့ ………

” ကျောင်းအစ်မကြီး အဆင်ပြေရဲ့လား ”
” လိုတာရှိရင် ကျမတို့ကိုပြောနော် ”
” စားချင်တာရှိရင်လဲပြော ”

အခန်းထဲမှာ လူစုံနေကြသည် ။
မြတ်ဝေ ဘေးမှာ အိပ်ယာခင်းနဲ့ဒရင်းဘတ်တစ်ခု တိုးလာသည် ။
ဒရင်းဘတ်ပေါ်မှာ ဒေါ်မမကြီး ။
ဘေးမှာယောဂီတွေဝိုင်းပြီးတစ်ယောက်တစ်ပေါက် ပြောဆိုနေကြခြင်းဖြစ်သည် ။
အမြဲတမ်းရိပ်သာဖြစ်တာကြောင့် အချိန်မရွေးယောဂီတွေ ဝင်လို့ထွက်လို့ရသလို အမြဲနေ ရိပ်သာစောင့်ယောဂီတွေလဲရှိသည် ။
မြတ်ဝေ ဝင်လာတော့ အားလုံးရဲ့မျက်စိတွေက မြတ်ဝေဆီရောက်လာသည် ။
အတူနေ အခန်းဖော်ယောဂီကလဲ မြတ်ဝေနဲ့စကားမပြောဖြစ်ပေမဲ့ ဒေါ်မမကြီးနဲ့တော့ သိပုံရပြီး အနား ဖောင်ဖွဲ့နေသည် ။
မြတ်ဝေနဲ့တော့ စကားမပြောဖြစ်ရုံမက အခန်းထဲ သူပါလာတဲ့အိတ်ကို သော့အထပ်ထပ်ခတ်ရတာ အမော ။

သြော် !!!!!
စိတ်ထဲ မိမိနဲ့သူ ၂ ယောက်ထဲမလို့ မယုံမကြည် ဥစ္စာခြောက်နေတာကိုကြည့်အဆင်မပြေလှပေမဲ့ သူလဲ သူ့အကြောင်း ကိုယ်လဲ ကိုယ့်အကြောင်းသာ မှတ်ပြီး ဥပေက္ခာသာ ပြုထားလိုက်သည် ။
တရားလဲ အချိန်ပြည့်သွားမထိုင် ။
ဖုန်းတစ်လုံးနဲ့ v call တွေခေါ်လိုက် စကားတွေပြောလိုက်နှင့် ။

ခုလဲ တစ်ရပ်ကွက်ထဲနေတာကြောင့် မျက်မှန်းတန်းမိနေပြီဖြစ်လို့ ဒေါ်မမကြီးအကြည့်ကို မြတ်ဝေက အပြုံးနဲ့တုန့်ပြန်လိုက်သည် ။
ဒါပေမဲ့လဲ စိန်နားကပ်ရောင်နဲ့အပြိုင် တဖျတ်ဖျတ်တောက်နေသော ဒေါ်မမကြီးမျက်လုံးက ဘာမှဝတ်စားထားတာမရှိတဲ့ မြတ်ဝေကို ခပ်တည်တည်ပြန်ကြည့်ရုံသာ ။
ဒီတော့လဲ ကိုယ့်နေရာလေးမှာ ကိုယ့်ဘာသာ ပြန်ဝင်ပြီး လုပ်စရာရှိတာ လုပ်နေလိုက်သည် ။
အခန်းထဲမှာတော့ မနက် နေ့လယ် ညနေ လူစည်လှသည် ။
စားစရာ သောက်စရာတွေကလဲ လာပို့ကြတာ အလျှံအပယ် ။
ခက်တာက ဒေါ်မမကြီး ။
ဘာကြောင့်မှန်းမသိ မြတ်ဝေကို မြင်တာနဲ့မျက်နှာကြောက အလိုလို တင်းနေတတ်သည် ။
မြတ်ဝေကလဲ ရိပ်သာလာတာ တရားအားထုတ်ဖို့ကလွဲ တခြား ဘာမှမတွေး ။
သူမနှုတ်ဆက်ချင်တာသိတာကြောင့် တတ်နိုင်သမျှ ဓမ္မာရုံထဲမှာပဲ တရားကို အချိန်ပြည့်ထိုင်သည် ။
ထိုင်ကောင်းတဲ့အခါလဲ အချိန်ပိုထပ်ထိုင်ဖြစ်သည် ။
အခန်းထဲ ရေချိုးချိန်နဲ့အိပ်ချိန်ကလွဲ မပြန်ဖြစ်သလောက် ။
မြတ်ဝေပြန်လာချိန်ဆို ဒေါ်မမကြီးရဲ့ အကြည့်က အထင်သေးသလို နှိမ်ချသလို ။
မြတ်ဝေနဲ့သူလှူထားတဲ့အခန်းက မတန်သလိုလို ။
သူ့အနားဝိုင်းနေတဲ့ ယောဂီတစ်ချို့ကိုလဲ
” အန်တီတို့က လှူပြီဆိုတာနဲ့အယုတ် အလတ် အမြတ်မရွေး လာတရားအားထုတ်ဖို့ဆိုပြီး ”
” စိတ်ကပြတ်ပြီးသား ”
” ငါလှူထားတဲ့ အခန်းဆိုပြီးလဲ စိတ်ထဲမရှိပါဘူး ”
” အိမ်မှာဆို သီးသန့် တစ်ခန်းနဲ့နေတာ ”
” အန်တီ့အခန်းက အကျယ်ကြီး ”
” TV အဲကွန်း ဘာညာ အခန်းထဲ အကုန်အပြည့်အစုံ ထားတာ ”
” အဲကွန်းမပါတဲ့အခန်းထဲ လူများများကြားနေရပြီဆို အသက်ရှုလို့ကို မကောင်းဘူး ”
” ကိုယ့်အခန်းပေမဲ့လဲ တရားဝင်တဲ့သူတွေ အဆင်ပြေပါစေတော့ဆိုပြီး ဆရာတော့်ဆီလဲ မလျှောက်တော့ပါဘူး ”
” အဆင်ပြေတယ်မဟုတ်ပေမဲ့လဲ ဒီလိုပဲ တွဲနေလိုက်တော့တာ ”

ဟွန် !!!!!!
အခန်းထဲ တွဲနေရတာ မကြိုက်လို့လားမသိ ။
ကျောတနေရာစာ ခဏလေးကို ရိပ်သာလာဝင်တုန်း ဘယ်နားရရဟု မြတ်ဝေက အစထဲက တွေးထားသူ ။
သက်ဆိုင်ရာ ဆရာတော်နေရာချပေးတဲ့ အခန်းမှာသာ နေခြင်းဖြစ်သည် ။
သူမကြိုက်တာက မြတ်ဝေ တစ်ယောက်ထဲကိုသာ ကွက် မကြိုက်ဖြစ်နေတာ ။
သူများတွေလို အနား ဖားယား မခစားလို့များလားမသိ ။
လူ့စိတ်သည် ခက်လှသည် ။
ရိပ်သာဝင်တဲ့ရက်ပိုင်းလေးတောင်မှ မြတ်ဝေသည်လဲ တရားသာအားထုတ်နေရပေမဲ့ ပြန်လာတိုင်း အထင်သေးသလို အချောင်ရိပ်သာလာစားနေသလို ဒေါ်မမကြီးရဲ့ အကြည့်တွေကို တရားနဲ့ဖြေမရ ။
မြတ်ဝေတို့က မချမ်းသာပေမဲ့ မွဲနေတာလဲမဟုတ် ။
ညီမအငယ်က အထက်တန်းပြဆရာမလစာနှင့် မြတ်ဝေစက်ချုပ်တဲ့ဝင်ငွေက လူတန်းစေ့လေးတော့ လှူနိုင် နေနိုင်သည် ။

ဒါပေမဲ့လဲ သူလှူတဲ့အခန်းနေပြီး သူ့မဖားရကောင်းလား အမြင်ကပ်နေတာလားမသိ ။

၇ ရက်ဝင်ပြီးထွက်လာတဲ့ထိ ဒေါ်မမကြီးကတော့ ကျန်ခဲ့သည် ။
သူတို့ရိပ်သာဝင်တာကလဲ ပျော်ပွဲစားတစ်ခု ထွက်နေသလို ။
စိတ်ကူးရမှ တရားကိုထိုင်ပြီး ကျန်ချိန်တွေမှာတော့ အိမ်ကသယ်လာတဲ့ အစားအသောက်မျိုးစုံနှင့်ပို့ဆွမ်းအစုံနှင့် ရေပူရေချမ်း ကမ်းလှမ်းပေးမဲ့သူ အစုံနှင့် ။
အတင်းပြော သတင်းပြောသူအစုံနှင့် ။

စခန်းရက်မဟုတ်တာကြောင့် ဆိုင်ရာဆရာတော်တွေက စည်းကမ်းကို အရမ်းမတင်းကြပ်ထား ။

………………………………………

အိမ်ပြန်ရောက်တော့ အမေ့ကို မြတ်ဝေပြောပြမိသည် ။
အမေကတော့ ရွှေရင်အေး အမေ ။

” သမီးရယ် ခေါင်းထဲထားမနေနဲ့ ကုသိုလ်ရအောင်သွားယူတာ ”
” အကုသိုလ် အတွဲပါခေါ်မလာနဲ့ ”

ဒါပေမဲ့လဲ မြတ်ဝေစိတ်ထဲ တော်တော်မောက်မာတဲ့ အမျိုးသမီးဆိုတဲ့ အတွေးကတော့ ပျောက်မသွားတော့ ။

ထိုနှစ်မေလမှာ အပူလှိုင်းဒဏ်ကို သိသိသာသာပင် ခံစားကြရသည် ။
လူတွေလဲ လာအပ်လိုက်ရင် စပန့်သား ချည်သားထဲက မထွက် ။
အပူက အပ်ထည်တွေကို ကော်ကိုင် မီးပူသုံး မလုပ်ချင်တော့လောက်အောင် ပူလှသည် ။
အပ်သမျှကလဲ အရင်မလိုတာမရှိ ။
ရက်ချိန်းကျော်မှရပြန်လဲ ပွစိ ပွစိ စက်ကြာမင်း ဟု အခေါ်ခံရသေးသည် ။
ဒီနွေနဲ့ဒီအပူနဲ့ ဒီအပ်ထည်တွေနဲ့ မနည်း အမှီ လုချုပ်နေရသည် ။

” မမမြတ်ရေ ”

” ဟေ ဝင်လာခဲ့ဟေ့ ”

” မိစောလေး အပ်ထည်က ရက်ချိန်းမဟုတ်ဘူးနော် ”

” အမယ်လေး သိပါ့ မမမြတ်ရယ် ”
” ခုက ဒေါ်မမကြီးအိမ်ဘက်သွားရင်း လမ်းကြုံလို့ ဝင်လာတာ ”

မိစောလေးသည် ဒေါ်မမကြီးရဲ့တူမအရင်းခေါက်ခေါက် ။
မိစောလေး အဖေက မိဘသဘောမတူတဲ့ ရပ်ကွက်ထဲက မူလတန်းပြဆရာမလေးနဲ့ယူသွားတာကြောင့် အမွေပြတ်ကြေငြာခံခဲ့ရသည် ။
မိဘတွေသေတော့ လက်ကြားယို အမွေလေးဘာလေး နည်းနည်းပါးပါးသာရပြီး ကျန်တာကို ဒေါ်မမကြီးက အပိုင်စီးလိုက်သည် ။
ပြောရမည်ဆို မိစောလေးကလဲ ဒေါ်မမကြီးအိ်မ် အဝင်အထွက်မရှိသလောက် ခပ်တန်းတန်းပင် ။
အဒေါ်အရင်းဆိုပေမဲ့ ဒေါ်မမကြီးဟုပဲ အမြဲခေါ်သည် ။
မိစောလေးအဖေ ဦးမောင်မောင်ကြီးက ဒေါ်မမကြီးအောက် ၅ နှစ်ငယ်သည် ။
မောင်နှမက ၂ ယောက်ထဲ ။
ဒါပေမဲ့လဲ မိဘတွေအမွေပြတ်စွန့်တာကို အကြောင်းပြပြီး အမွေမှန်သမျှ လက်ဝါးကြီးအုပ်ယူထားတာလဲ အကုန်သိကြသည် ။
ဒါပေမဲ့လဲ မောင်အရင်းကိုယ်တိုင်ကလဲ မိဘ အမွေ မက်မက်မောမော ရှိပုံမရ ။
အိမ်ဝိုင်းလေးနဲ့ရိုးရိုးအေးအေးသာနေကြသည် ။

ခု မိစောလေး ဒေါ်မမကြီးအိမ်က ပြန်လာသည်ဆိုတာကြောင် မြတ်ဝေ အံ့သြသွားမိပြီး

” မိစောလေးက ဒေါ်မမကြီးအိ်မ်တွေဘာတွေ လည်လို့ပါလား အထူးအဆန်း ”

” အမယ်လေး လည်တာမဟုတ်ပါဘူး မမြတ်ရယ် ”
” ဒေါ်မမကြီး သတိလစ်သွားလို့ ဆေးရုံတင်ထားရတာ အခု အခြေအနေမကောင်းလို့ အိမ်ပြန်ခေါ်လာတယ်ကြားတာနဲ့ သတင်း သွားမေးတာ ”

” ဟေ ဟုတ်လား ”
” ဘယ်လိုဖြစ်တာလဲ မိစောလေးရဲ့ ”

” ဦးနှောက်သွေးကြောပြတ်တာ နေကပူပူနဲ့အုန်းနို့ခေါက်ဆွဲ ၂ ပွဲဆိုလားစားတယ်တဲ့ ”
” နောက်ခေါင်းလျှော်တယ်ဆိုလား ”
” အိပ်ယာထဲဝင်အိပ်နေတယ်ထင်ပြီး ချက်ချင်းမသိကြဘူး ”
” ညနေထိ ထွက်မလာလို့ ဝင်ကြည့်မှ သတိလစ်နေတာ ”

” ဖြစ်ရလေဟယ် ”

” သတိတော့ ပြန်မလည်တော့ဘူး ”

ဒီလိုကြားရတော့လဲ မြတ်ဝေ ရင်ထဲမကောင်း ။
မိစောလေး ပြန်သွားတဲ့ထိ စိတ်ထဲက မထွက် ။

……………………………………

နောက်တစ်နေ့မှာပဲ ဒေါ်မမကြီးဆုံးသည် ။
အသုဘချတော့ မြတ်ဝေလိုက်ပို့ဖြစ်သည် ။

မွန်းတည့်သာသာနေအပူကလဲ အလွန်ပြင်းလှသည် ။
အလောင်းတင်ထားသောယာဉ်ပေါ်က စာတမ်းကို မြတ်ဝေကြည့်မိသည် ။

” ဘုရားသိမ်ကျောင်း ရဟန်းဒါယကာမကြီး ဒေါ်မမကြီး
အသက် ( ၇၆ ) နှစ် ”

အခေါင်းသည် လူတစ်ကိုယ်စာ ဆန့်ရုံထက်မပိုခဲ့ ။

ဘာမဆိုင် ညာမဆိုင် နွေနေပူပူနဲ့လူတစ်ကိုယ်စာသာဆန့်သော အခေါင်းထဲမှာ အဲကွန်းမပါ ဘာမပါ ဒေါ်မမကြီးတစ်ယောက်ပူကြပ် နေမလားလို့လဲ စိတ်ကတွေးမိပြန်သည်။

” ဟာ ငါဘာတွေ တွေးနေမိပါလိမ့် ”

စိတ်ထဲကအတွေးကို ကမန်းကတမ်း ဖယ်ထုတ်ရပြန်သည် ။

ဂူသွင်း သဂြိုလ်တာဖြစ်တာကြောင့် အဖြူရောင်အုတ်ဂူတစ်လုံးက အုတ်ဂူတွေကြားမှာ အသစ်စက်စက် ။
တစ်ဘဝနိဂုံးချုပ်ကြတဲ့ အထိမ်းအမှတ် ပညတ်တွေကတော့ ဆိုင်ရာ ဆိုင်ရာ အသီးသီးမှာ ။
ကျဉ်းသည် ကျယ်သည်ဟု အရေးဆိုခွင့်မရှိသော ထိုနေရာသည် အနိမ့်အမြင့် အတန်းအစား သိပ်မရွေး ။
အားလုံးတိတ်ဆိတ်ငြိမ်သက်စွာ ကျန်ခဲ့ရမြဲသာဖြစ်သည် ။

သုဿန်က အပြန်ခရီးမှာ မြတ်ဝေအတွေးတွေက…………

” တကယ်တော့ လူ့ဘဝရောက်လာကြတဲ့လူတိုင်း မသေခင်သာ လောဘတွေ မာန်မာနတွေနဲ့ မောက်မာခက်ထန်ပြနေကြတာ ”
” သေသွားရင် အခေါင်းတစ်လုံးစာသာသာထဲမှာ အားလုံးတူတူပဲ ”
” ငါ ငါ့ဟာ ငါတွေဘယ်လိုစွဲစွဲ သူတို့ရသွားမှာက သူတို့လုပ်ခဲ့တဲ့ စိတ်ရင်းစေတနာကံတွေရဲ့လမ်းကြောင်းအတိုင်းပဲ ”

ဘာပဲဖြစ်ဖြစ်လေ…………

ဘုရားသိမ်ကျောင်း ရဟန်းဒါယကာမကြီး ဒေါ်မမကြီးတစ်ယောက်
ကောင်းရာဘုံဘဝမှာ စံစားနိုင်ပါစေ ဟုသာ ။ ။

ယဉ်ယဉ် ( ရွှေခယ်မြေ )