ပင်လယ်ကြီးရဲ့ ဘေး

Posted on

မေလှိုင်းဖြူ
ပင်လယ်ကြီးရဲ့ ဘေး

“ ငါးကင် … ဟောဒီက ငါးကင်ဗျို့”

“အစ်မ လာပါဦးဗျ။ အချဉ်ရည်ကော ပါရဲ့လား”

“ပါတာပေါ့ ကိုကြီးရ။ ဘိတ်ချဉ်ဖျော်ထားတာ၊ ကောင်းမှ ကောင်း’’

မနက်မိုးမလင်းခင် ဝေလီဝေလင်းကတည်းက ဝိုင်းစိန် ကမ်းခြေသဲပြင်တစ်လျှောက် ခြေတိုအောင်လျှောက်ရင်း စုန်ဆန်ပြေးလွှား ဟော်ဟစ်ရောင်းနေခဲ့တာပါ။

ဝိုင်းစိန်ခြေထောက်တွေ ဘယ်လိုပင် ညောင်းနေပါစေ။ ခုလို “လာပါဦး” ဆိုတဲ့ အသံများ ကြားလို့ကတော့ လေလိုမြန်တဲ့အဟုန်နဲ့ ‘ဝှစ်’ ဆို ရောက်ပြီးသား။

ခုပဲ အုန်းပင်အောက်မှာ စုထိုင်နေကြတဲ့ ဧည့်သည်တွေဆီကို ဝိုင်းစိန် အဆောတလျင် ရောက်လာပြီလေ။ ဝိုင်းစိန်တို့ ကမ်းခြေဈေးသည်တွေ အနေနဲ့လည်း အိပက်အိပက် တုန့်နှေးနှေး လုပ်နေလို့ရတာမျိုးမဟုတ်။ မျက်လုံးရော၊ နားရော၊ ခြေထောက်တွေရော ရှင်ရှင်ထားရတာမျိုး။ သွက်လက်ဖျတ်လတ်ဖို့အတွက်တော့ ဝိုင်းစိန်တို့က တမင်လုပ်ယူစရာမလို။ သွက်လက်မြန်ဆန် ရဲအောင်လံပါပဲ။

“ဒါက ငါးမိုးသီး … တစ်ကင်ကို တစ်ထောင် ကိုကြီး။ ငါးထောင်ဖိုး ၆ ကောင်ယူ။ ဒါက ငါးပါးနီ… သူကဈေးကြီးတယ်။ တစ်ကင်ကို ၂၅ဝဝ ရောင်းတာ။ ကျန်ဖြတ်လေးမို့ ၂ဝဝဝ နဲ့ပဲ ယူလိုက်တော့”

“ငါးက လတ်ရော လတ်ရဲ့လား ညီမ”

“ပင်လယ်ထဲကိုပဲ ဒိုင်ဗင်ထိုးပြီး ဖမ်းလာတာပါ။ တဆတ်ဆတ်ထခုန်နေတဲ့ ငါးကို ကင်လာတာပါနော့။ မချိုရင် လုံးဝ ပိုက်ဆံမပေးနဲ့လေ”

ဝိုင်းစိန်ရဲ့အပြောကြောင့် ဧည့်သည်တွေ ဝါးခနဲ ပွဲကျသွားလေရဲ့။

ဧည့်သည်တွေနဲ့ ဈေးသည် ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်ရှိမှပဲ နောက်နေ့အတွက် အော်ဒါလေးဘာလေး ရတတ်တာမျိုး မဟုတ်လား။ မျက်နှာကို သကာရည်လောင်းထားသလို အစွမ်းကုန် ချိုမြထားပြီး အာဝိဇ္ဇာန်းရွှင်ဖို့လည်း လိုသေးတာ။

ကမ်းခြေဈေးသည်ရဲ့ အရည်အချင်းဆိုတာကလည်း တစ်ထောင့်တစ်ညပုံပြင်လို ပြောမကုန်။ ဒါကြောင့် လူချင်းတူပေမယ့် မူချင်းကွဲသလို အရည်အချင်းရှိရင်ရှိသလို အဆင်ပြေနိုင်တာမျို။

ငါးကင်ရောင်းသူလေးဟာ ဗျပ်တစ်ချပ် ခေါင်းပေါ် ရွက်လိုက်တာနဲ့ပင် အလုပ်ဖြစ်လှချေပြီလို့ လွယ်လွယ်မထင်လိုက်ကြပါနဲ့ဦး။ ငါးကင်ဈေးသည်တစ် ယောက်ရဲ့ အရည်အချင်းဆိုတာကလည်း ဖျတ်လတ်မှု၊ သွက်လက်ဖော်ရွေမှုတို့နဲ့ အချိုးကျပြီး စာဖွဲ့မကုန်နိုင်ရယ်။

ဝိုင်းစိန်တို့ဘဝ ကြမ်းပါတယ်။

ငါးလှေတွေ အဝင်ကိုစောင့်၊ ပင်လယ်ထဲက လှေကိုမြင်တာနဲ့ လှေကမ်းနားကိုရောက်ဖို့ ဝါးနှစ်ရိုက်အကွာလောက်မှာပဲ ပိုက်ဆံအိတ်ကို ခါးကြားထိုးပြီး ပင်လယ်ထဲကို တဝုန်းဝုန်း ပြေးဆင်းရတယ်။ လှေကိုရောက်ရင် လှေနံရံတွေကို လက်နဲ့ဖက်တွယ်ပြီး ငါးအမြီးတွေကို လက်နဲ့ဖမ်းဆုပ်၊ ဒါ ငါ့ငါးဆိုပြီး ဦးအောင် ပိုင်ရှင်ခံရတာ။

လက်က လှေနံရံတွေကို ဖမ်းဆုပ်ထားချိန် လှေက ယိမ်းထိုးပြီး လှိုင်းရိုက်တိုင်း လှေရွေ့တိုင်း လိုက်ပါနေတာမို့ ခြေထောက်တွေက ရေအောက်ကြမ်း ပြင်ကို မထိပဲ ရေထဲမှာ ဝဲပျံလို့ ယက်ကန်ယက်ကန်နဲ့နေ။

အခုလို ငါးတောင်းလုချိန်ဆို ဝိုင်းစိန်တို့ဘဝက ခပ်ကြမ်းကြမ်း အက်ရှင်ကားထဲကလို စွန့်စားခန်းတွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်းပါ။

အကင်အတွက် ငါးမြင်တိုင်း ကင်လို့ရတာမျိုး မဟုတ်။ အကောင်ကြီးလွန်ရင် ကင်လို့မရသလို အကောင်သေးလွန်းပြန်တော့လည်း ကင်လို့ အဆင်မပြေနိုင်ပါဘူး။

အချိုပြင်းတဲ့ ကျောက်ငါးပြေ၊ ငါးတောက်တူ၊ ငါးမိုးသီးလို ငါးမျိုးတွေပဲ ကင်လို့ရတာမျိုးပါ။ ပြီးတော့ငါးက လတ်မှ ချိုတာ။ လတ်ဆတ်တဲ့ငါးနဲ့ အကင်ဆိုဒ်ကို ရဖို့အတွက်က ပင်လယ်ထဲက ငါးလှေပေါ်မှာ တိုက်ပွဲတစ်ပွဲ။

“ကောင်မလေး … ငါးတစ်တောင်းလုံးကို ကိုင်ထားတယ်၊ ငွေကော ရှင်းနိုင်လို့လား။ ဝယ်မှာကနည်းနည်း၊ ကိုင်ထားတာလည်း ကြည့်ဦး။ ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ရုံလုပ်။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းမစားနဲ့”

တွေ့လား။ ငါးဝယ်သူတွေကြား မျက်နှာမွဲ ဝိုင်းစိန်တို့က အနှိမ်ခံရတာ။ ကိုယ့်မှာ ငွေနည်းပေမယ့် ငါးလတ်တာတွေကို မြင်တိုင်းလည်း ကိုယ်က လိုချင်နေရောလေ။

နေ့ပြန်တိုးချေးတဲ့ ဒေါ်ယုဆီကလည်း ငါးသောင်းထက် ပိုယူလို့ရတာမဟုတ်တော့ အရင်းက မလုံလောက်။ ငွေငါးသောင်းအတွက် တစ်နေ့ ၂၅ဝဝကျပ်စီ ဖဲ့သွင်းရတယ်။

ဝိုင်းစိန်က ကိုယ်လုပ်တဲ့အလုပ်ကို အမြဲတမ်း စေတနာလေးစွက်ပြီး လုပ်တတ်တဲ့ အကျင့်ရှိတယ်။ ငါးအကြေးခွံတွေကို ဓားနဲ့ ပြောင်အောင်ထိုး၊ အူနိုက်၊ ရေပြောင်အောင်ဆေးပြီးမှ ကိုယ်တိုင်ဖျော်ထားတဲ့ ဆော့လေးနဲ့ ဆီပါသုတ်၊ တံစို့ထိုးပြီး မီးခဲရဲရဲမှာ ဟိုဘက်လှည့် ဒီဘက်လှည့် ကင်လိုက်ပြီဆိုရင်ပဲ ငါးကင်နံ့လေးက စွဲမက်ဖွယ်ကောင်းအောင် မွှေးပျံ့လို့လာပါပြီ။

ဝိုင်းစိန်ကိုယ်တိုင်ဖျော်ထားတဲ့ ဘိတ်ချဉ်ဆိုတာများ ကောင်းလွန်းလို့ ဈေးအတူရောင်းတဲ့ မမချိုမာကိုတောင် ဖျော်ပေးရသေးတာ။ ဒီတော့ ဝိုင်းစိန်ရဲ့ ငါးကင် စားဖူးတဲ့သူတိုင်းက ပြောစမှတ်တွင်လောက်အောင် စွဲမက်စရာ အချဉ်ရည်ပါပဲ။

တပေါင်းနွေကလည်း ပူလိုက်တာ ကျက်လို့။ ပင်လယ်ပြင်ကို ဖြတ်တိုက်လာတဲ့ အနောက်လေကလည်း တိုက်လိုက်တာ သုန်လို့။ ပူလို့မက ကျက်နေပါစေ ဝိုင်းစိန် ဒီနေ့ ဈေးရောင်းကောင်းနေတာမို့ အပူဒဏ်ကို ဂရုစိုက်မနေအား။ ပင်လယ်ကြီးရဲ့ ရင်ခွင်ထဲမှာ လူစုစုမြင်တိုင်း အသံစာစာလေးနဲ့ “ငါးကင် … ငါးကင် ” လို့ အသံပြုရမြဲ။

“ငါးကင် … လာပါဦး”

ဟင် ဧည့်သည်တစ်ဖွဲ့ လက်ယက်ခေါ်နေပြီ။ ဝိုင်းစိန် ပျော်လိုက်တာ။ ဗျပ်ထဲမှာ ငါးကင်က အကောင်တစ်ဆယ်ကျော်။ စုစုပေါင်း တစ်သောင်းဖိုးလောက်သာ ရှိတော့တာမို့ ဒါကုန်ရင် အိမ်ကိုပြန်ရမှာလေ။

“တစ်ကင် ဘယ်လောက်လဲ ညီမ”

“တစ်ကင် တစ်ထောင်၊ သုံးကင် ၂၅ဝဝ ယူ အစ်မ”

‘“တစ်ထောင်တန် တစ်ကင်ပေး၊ အစ်မ စားကြည့်လိုက်မယ်””

ဟင် လူကအများကြီး ငါးက တစ်ကင်ထဲလားကွယ်။ ဝိုင်းစိန် စိတ်နည်းနည်းညစ်သွားပေမယ့် ဟန်ကိုယ့်ဖို့ မဟုတ်လား။

ဧည့်သည်အစ်မက ငါးကင်ကို အချဉ်ရည်လေးနဲ့ တို့ဖဲ့ကြည့်တယ်။ ပြီးတော့ ကျေနပ်တဲ့ အမူအရာနဲ့ လက်မထောင်ပြီး “ဂွတ်” တဲ့။

ဩော် သိပြီ … အစ်မက ကောင်း မကောင်း မြည်းကြည့်တာကိုး။ ငွေတစ်ထောင် မရသေးတာမို့ ဝိုင်းစိန် လည်း ဈေးဗန်းလေး မပင့်သေးဘဲ ဆိုင်းငံ့နေရတယ်။

“ညီမ … အဲဒီ ငါးကင်အားလုံး ဘယ်လောက်ဖိုးရှိလဲ၊ ထည့်လိုက်ပါညီမ။ ပြီးတော့ ညီမကို အစ်မ ငါးကင်အော်ဒါမှာတယ်”

“ဟုတ် အစ်မ”

“မနက်ဖြန် အစ်မတို့အဖွဲ့ ဒင်နာလုပ်မယ်။ အဲဒါ ညီမဆီက ငါးကင် တစ်သိန်းဖိုးလောက် အော်ဒါမှာချင်လို့”

ဝိုင်းစိန် ပျော်လွန်းလို့ ဆွေ့ဆွေ့ခုန်ချင်စိတ်ကို မနည်းအောင့်ထားရတာ။ ခြေထောက်တွေက သဲပြင်နဲ့ မထိတော့ဘူး။ လေပေါ်မှာ ကြွတက်ချင်နေပြီ။ မတတ်သာလို့ မျက်နှာပိုးသတ်ထားရတယ်။

ဝိုင်းစိန်ရဲ့ တစ်ရက်ရောင်းကြေးက ခါတိုင်း သုံးသောင်းထက်မပို။ အဲဒါကုန်အောင် နေပူထဲ စုန်ချည် ဆန်ချည် လွန်းထိုးပြေးရတာ။ ခုလို အော်ဒါဝင်ရင် တစ်နေကုန် နေပူလည်းသက်သာသလို ခြေညောင်းလည်း သက်သာတယ်။

အိမ်ရောက်ရင် “အော်ဒါဟေ့” ဆိုပြီး အသံကျယ်ကျယ်နဲ့ ရင်ကော့ ကြွားပစ်ဦးမှာ။

ဝိုင်းစိန် ကုန်သွားပြီဖြစ်တဲ့ ငါးဗျပ်ကို ပင်လယ်ထဲဆင်းပြီး ပင်လယ်ရေနဲ့ ပွတ်တိုက်ဆေးလိုက်တယ်။ ခြေသလုံးကို လှိုင်းလုံးခပ်ကြမ်းကြမ်းတွေ တမျောမျောလာရိုက်တာကိုခံပြီး တစ်နေကုန် လျှောက်သွားသမျှ အညောင်းဖြေရတယ်။

တစ်ခါတစ်လေ အိမ်ပြန်ချိန်ဆို ဝိုင်းစိန်တို့ ရေကူးတယ်။ ပင်လယ်ရေက အညောင်းအညာပြေတယ်လေ။ ဆားငွေ့ပါတဲ့ ပင်လယ်လေရဲ့ တို့ထိမှုကိုလည်း ဝိုင်းစိန်က ကြိုက်သူမို့ ရင်ဖွင့်ပြီး အားရအောင် ရှူရသေး တယ်။

ပင်လယ်မှာတော့ ရေကစားသူတွေ ချိတ်ချိတ်မည်းလို့။ အော်သံဟစ်သံ၊ ပျော်ပါးတွန်းထိုး ကျီစယ်သံတွေက လှိုင်းသံတွေကြား နစ်ချည်ပေါ် ချည်။

ဧည့်သည်တွေကိုမြင်မှ ဝိုင်းစိန်ရင်မှာ ဘဝင်ကျတာရတယ်။ ဧည့်သည်တွေမရှိ ငွေမရှိ။ ကမ်းခြေဈေးသည်ဆိုတာ ဧည့်သည်မျှော်ပြီး ထမင်းစားရတာ မဟုတ်လား။

ဝိုင်းစိန် အပြောကျယ်တဲ့ ပင်လယ်ကြီးကို တငေး တမော ကြည့်နေမိတယ်။ ဒါကြောင့် ဝိုင်းစိန် ပင်လယ်ကြီးကို ချစ်တယ်။ ငပလီကို မြတ်နိုးတန်ဖိုးထားတယ်။ ပင်လယ်ပြင်ကြီးနဲ့တကွ ကိုယ့်ဒေသကို မခွဲနိုင်ဘူး။

အမေက ပြောပါတယ်။ ရန်ကုန်က အဒေါ်နဲ့နေပြီး အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ပါဆိုတာတောင် မသွားနိုင်ဘူး။

“တစ်ရွာမပြောင်း သူကောင်းမဖြစ်ဘူးဆိုတာ မသိဘူးလား”တဲ့။

ရန်ကုန်က အဒေါ်က ဖုန်းဆက်ပြီး အပြစ်တင်တယ်။

ဝိုင်းစိန်က မြေကိုချစ်တဲ့ တီမလေးပါလို့ စိတ်ထဲက ဆင်ခြေပေးနေမိတယ်။

“ဝိုင်းစိန်ရေ … ပြန်ကြရအောင်”

ဟော … မမချိုမာတောင် အကင်တွေ ကုန်လာပြီထင်ပါရဲ့။

“လာပြီ မမရေ”

ဝိုင်းစိန်တို့ရွာက ခု ဈေးလာရောင်းတဲ့ ပင်လယ်ချိုင်နဲ့ နှစ်မိုင်လောက်ဝေးပါတယ်။ ဒါကြောင့်မို့ မမချိုမာနဲ့ အဖော်သဟဲပြုပြီး အတူသွား အတူပြန်ကြတာ။

အိမ်ပြန်လမ်းတစ်လျှောက် အရှုံးအမြတ်စာရင်းတွေ တွက်ရင်း၊ ဧည့်သည်တွေနဲ့ ဆက်ဆံရေး တွေ့ကြုံဆုံခဲ့ရတာတွေကို ဖလှယ်ကြရင်း စကားတွေ ဖောင်ဖွဲ့မကုန်နိုင်ဘူးရယ်။

အိပ်တန်းပြန် ငှက်ငယ်ကလေးတွေကလည်း ဝေဟင်ပေါ်မှာ အတန်းလိုက်လေး ပြန်ကုန်ကြပြီ။

ပင်လယ်ထဲကို မကြာခင် ထိုးဆင်းပျောက်ကွယ်တော့မည့် နေလုံးကြီးတောင် ညှိုးရော်အားပျော့နေပါပြီ။

မနက်ဖြန်ဆိုတဲ့ နေ့သစ်အတွက် အစီအစဉ်တွေချရင်း မျှော်လင့်ချက်ရောင်ခြည်တွေက အားအင်အပြည့်။

“ညည်းကို ငါးသောင်းချေးပြီးပြီလေ။ တစ်နေ့ ၂၅ဝဝ သွင်းနဲ့။ အဲဒါ ငါက ထပ်ချေးရဦးမှာလား … ကြည့်လည်း လုပ်ပါအေ”

မိုးခြိမ်းသလို ဟိန်းပြီးထွက်လာတဲ့ ဒေါ်ယုရဲ့အသံလှိုင်းတွေအောက် ဝိုင်းစိန် မြေကြီးထဲ ကျုံ့ဝင်သွားမလား ထင်မိတယ်။ ခေါင်းကလေး ပုချလိုက်ရင်း မမချိုမာလက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားရတယ်။

ဒေါ်ယု ရဲ့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေကိုလည်း ဝိုင်းစိန် ကြောက်လှပါတယ်။ ဒေါ်ယုဆီမှာ ငွေချေးဖို့ ဝိုင်းစိန်တစ်ယောက်တည်း သတ္တိမရှိတာမို့ ဝိုင်းစိန်ထက် အသတ်လည်းကြီး၊ သတ္တိလည်းရှိတဲ့ မမချိုမာကို အဖော်ခေါ် လာခြင်းပါ။

“ဒေါ်ယုရယ် … သူလည်း ဒေါ်ယုကို တစ်နေ့ ၂၅ဝဝ မှန်မှန်သွင်းနေတာပဲ။ ရက်ပျက်ဖူးလို့လား။ ခုက နေ့ပြန်တိုးချေးဖို့ မဟုတ်လေ။ မနက်ဖြန်အတွက် သူ့မှာ ငါးကင်အော်ဒါတွေ တစ်သိန်းဖိုးတောင်ရလာတယ်။ အဲဒါ အရင်းမလောက်လို့ လာချေးတာ။ ဒီနေ့ ချေးတဲ့ငွေကို မနက်ဖြန်အော်ဒါတွေ ပို့ပြီးတာနဲ့ ပြန်ဆပ်မှာ။ တစ်ညအိပ်ပဲကြာမှာပါ ဒေါ်ယုရဲ့”

မချိုမာ စကားကြောင့် ဒေါ်ယုက မျက်မှောင်ကြုံ့ပြီး စဉ်းစားဟန်ပြုတယ်။ ဝိုင်းစိန်တို့နှစ်ယောက် မျက်နှာတွေကို စေ့စေ့စပ်စပ် အကဲခတ်တယ်။ သက်ပြင်းချရင်း

“ငါက မချေးချင်လို့မဟုတ်ပါဘူး ချိုမာရေ။ တစ်ရက်တည်းနဲ့ အတိုးယူရမှာ အားနာလို့ပါ။ ပြီးတော့ ငါးဗန်းမှောက်ကျလို့ဆိုပြီး ပြန်မဆပ်နိုင်မှာလည်း စိုးလို့ပါ”

“အုံဖွ … လွဲပါစေ။ ငါးဗန်းက ဘာလို့ မှောက်ကျရမှာလဲ ဒေါ်ယုကြီးကလဲ”

“အေးပါအေ … ငါက သဘောကို ပြောတာပါ။ မနက်ဖြန်တော့ ဆက်ဆက်ပြန်ဆပ်ရမယ်နော်။ ပြီးတော့ တစ်ရည်တည်းပေမယ့် တစ်ဆယ်တိုးတော့ ပေးရမယ်။ ငွေတစ်သိန်းကို တစ်သောင်းနော်။ ညည်းလည်း မနစ်နာပါဘူးအေ။

ငါးကင် တစ်သိန်းဖိုးဆို ညည်း သုံးသောင်းတော့ ရမှာပါ။ ငါ့ကို တစ်သောင်းပေးတောင် နောက်နှစ်သောင်း ကျန်အုံးမယ်။ သနားလို့ ချေးတာနော်။ တကယ်ဆို ငါက ကမ်းနားဈေးသည်တစ်ယောက်ကို ငါးသောင်းထက် ပိုချေးချင်တာ မဟုတ်ဘူး”

“ဟုတ်ပါပြီ ဒေါ်ယုရယ် မောနေပါ့မယ်။ ရေလေးဘာလေး သောက်လိုက်အုံး။ ကျွန်မတို့လည်း ငါးလှေဝင်တာ မမီလိုက်လို့ ဟုတ်ပေ့ဖြစ်နေအုံးမယ် … သွားပြီ”

ဒေါ်ယုဆီက ငွေတစ်သိန်းကိုယူပြီး ကမ်းနားကို အပြေးကလေး လာခဲ့ကြတယ်။ ကမ်းနားကိုရောက်တော့ ငါးလှေကို ပင်လယ်ထဲမှာ သဲသဲကွဲကွဲ မြင်နေရပါပြီ။ တော်သေးရဲ့ … မီတယ်ဆိုရုံလေး။

“ဝိုင်းစိန်ရေ မြန်မြန်လုပ်ဟ။ ငါးမရလိုက်ဘဲ နေမယ်။ ငါတို့က ဒီနေ့ အဝယ်များမယ် မဟုတ်လား လာ”

မချိုမာက ပြောလည်းပြော ပင်လယ်ထဲကို ဆင်းပြေးသွားတာများ ရေတွေ တဗွမ်းဗွမ်းကို ထရော။

“ဟေ့ ညည်းတို့နှစ်ယောက် များနေပြီနော်။ သူများအတွက်လည်း ချန်ထားအုံး”

“ဦးလေးမောင်စိန် ကျွန်မတို့မှာ အော်ဒါလက်ခံပြီးသားမို့ပါ ကတိပျက်လို့ မဖြစ်ဘူးလေ”

မမချိုမာက လှေနံရံကို ကိုင်ထားရာကနေ လှေပေါ်ကို စွေ့ခနဲ ရောက်သွားပြီ ငါးတွေကို ဇိုးဇိုးဇက်ဇက်ရွေးပြီး ဘေးနားသို့ ပုံချနေတာမို့ ကိုယ်လုံးဖိုင့်ဖိုင့်ကြီးနဲ့ လှေပေါ်ကို မတက်နိုင်တဲ့ အန်တီမမြင့်တို့က အံတကြိတ်ကြိတ်။

ငါးဖိုးငွေရှင်းပြီး ငါးတောင်းကြီးကို လှေပေါ်က ထမ်းပိုးချချိန်မှာတော့ ဝိုင်းစိန်မျက်နှာ ပြုံးဖြီးဖြီးရယ်။

အော်ဒါဝင်ချိန်မျိုးဆို ဝိုင်းစိန်တို့နှစ်ယောက် စပ်တူပူးပေါင်းရတယ်။ တစ်ယောက်တည်း မနိုင်တော့ဘူးလေ။

ငါးတွေကို ကြေးခွံထိုး၊ စူးတောင်ခုတ် ပါးဟက်ထုတ်၊ အူနိုက် လုပ်ရတာက ငါးများများလုပ်ရချိန်ဆို ဝိုင်းစိန်တို့ လက်တွေ မွစာကြဲနေရောပဲ။

ဖျင် သင်ထားတဲ့ ငါးတွေကို သေချာရေဆေး၊ အသင့်ထောင်းထားတဲ့ ဂျင်း၊ ကြက်သွန်ဖြူနယ်ပြီး တံစို့ထိုးရတယ်။ အုန်းပင်အောက်မှာ အုန်းသီးခွံတွေစုပြီး မီးဖိုကြတယ်။ အုတ်ခဲတွေ ကိုယ်စီချပြီး အပေါ်မှာ သံဇကာတင်၊ အုန်းသီးခွံမီးရဲရဲနဲ့ ကင်ရတယ်။

ငါးကင်သူ ကင်၊ ကိုင်သူကိုင်နဲ့ ငါးကင် ၁ဝဝ ကို အတော်ကင်ယူရတယ်။

ငါးကင်ဆိုတာမျိုးက တစ်ကောင်တည်း ကင်ရင်သာ “ငါးကင်နံ့လေးက မွှေးလိုက်တာ’” ဆိုရလောက်အောင် အနံ့လေးက သင်းနေတာမျိုး။

ဟော အခုလို ငါးများများ ကင်ရချိန်မျိုးကျတော့ ငါးကင်နံ့က မွှေးမနေတော့ဘူး။ ညှော်နံ့တွေကြောင့် ခေါင်းတစ်စီစီ ကိုက်ရတာမျိုးပါ။ တစ်ကိုယ်လုံးလည်း ငါးနံ့တွေစွဲလို့ နံစော်နေတော့တယ်။

ပင်လယ်လေအဝှေ့မှာ ငါးကင်ညှော်နံ့တွေလည်း တလှိုင်လှိုင်မို့ ခေါင်းတွေ တဆစ်ဆစ်ကိုက်လာ သလို မျက်လုံးတွေကလည်း မီးခိုးမွှန်လို့ ကျိန်းစပ်စပ်နဲ့။

ငါးအားလုံး ကင်ပြီးချိန်ကျတော့ ဆွဲခြင်းကလေးမှာ ငှက်ပျောဖက်လေးခင်းပြီး အစီအရီထည့် အမြတ်ကလေးကိုတွေးပြီး ပျော်ရတာပေါ့လေ။

ဘယ်လောက်ပဲ ပင်ပန်းပါစေ ငွေစလေးတွေမြင်ရင် ဝိုင်းစိန်တို့က အမောပြေပါတယ်။

“တစ်သိန်းရင်း သုံးသောင်းမြတ်၊ ဒေါ်ယုကြီးကို အတိုးတစ်သောင်းပေး၊ မမချိုမာနဲ့ ငါနဲ့ တစ်ယောက် တစ်သောင်း။ ဟေ … ဟေ့”

“နောက်မှ စိတ်ကူးယဉ်ပါ ဝိုင်းစိန်ရေ၊ ဧည့်သည်တွေမျှော်နေရော့မယ်။ ညနေ ဒင်နာတဲ့။ တို့ကို စောင့်နေရရင် ဘယ်ကောင်းပါ့မလဲ”

မမချိုမာ သတိပေးတော့မှ ဝိုင်းစိန်လည်း စိတ်ကူးယဉ်ကမ္ဘာထဲက ခုန်ထွက်ပြီး ငါးကင်ဆွဲခြင်းကို ကမန်းကတန်း လှမ်းယူကာ ကမ်းခြေသို့ သုတ်ခြေတင်ရတယ်။

ကမ်းခြေက ဘန်ဂလိုကို ဝိုင်းစိန်တို့ရောက်တော့ နေလုံးကြီးက မိုးကုတ်စက်ဝိုင်းထဲ မှေးတင်နေပါပြီ။
ဝန်းကျင်တစ်ခုလုံး မှောင်တစ်ဝက် လင်းတစ်ဝက်နဲ့ တိတ်ဆိတ်နေတယ်။

ငပလီရဲ့ နေဝင်ဖြိုးဖျအချိန်က သာယာအေးချမ်းလှပါဘိ။

အုန်းပင်လေးတွေက ညင်ညင်သာသာ ယိမ်းနွဲ့လို့နေကြတယ်။ အဆုပ်လိုက်ပွင့်နေကြတဲ့ စိန်ပန်းပင်တွေက စွေးစွေးနီလို့။

ဟိုး ဝေးဝေးက ကျော့ပိုက်လှေတွေကို မီးရောင်လေးတလက်လက်နဲ့ လှမ်းမြင်ရတယ်။

ရွာနဲ့ ငပလီ(၂)မိုင်ခရီးကို ငါးကင်ဆွဲခြင်းကြီး တစ်ယောက် တစ်ခြင်းစီရွက်ပြီး အမြန်လျှောက်လာရတာမို့ ဝိုင်းစိန်တို့နဖူးမှာ ချွေးတွေ ဒလဟော စီးကျနေပါပြီ။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ငါးနံ့တွေနဲ့ လှိုင်လို့ပေါ့။

ဘန်ဂလိုရှေ့ရောက်တော့ ခြံအဝင်ဝက ထိုင်ခုံပေါ်မှာ ငါးကင်ဆွဲခြင်းကို ပစ်တင်လိုက်တော့မှပဲ လူက ပေါ့ပေါ့ပါးပါး ဖြစ်သွားတော့တယ်။ နဖူးပေါ် စီးကျနေတဲ့ ချွေးကို ခေါင်းခုပုဆိုးနဲ့ ဖိသုတ်ရတယ်။

“အဘ ဒီဘန်ဂလိုက ဧည့်သည်တွေ ငါးကင်မှာထားလို့ လာပို့တာပါ။ သူတို့ကို ခဏလောက် သွားပြောပေးပါလား”

“ဟေ”

ခြံဝမှာ သစ်ရွက်ကြွေတွေကို တံမြက်စည်းနဲ့ တရှဲရှဲလှည်းကျင်းပြီး မီးရှို့နေတဲ့ အဘက အံဩသလို ပြူးကြောင်ပြီး ကြည့်နေတယ်။

အဘကကြည့်နေတော့ ဝိုင်းစိန်တို့ကလည်း ဘာစကားမှ ပြန်မပြောနိုင်ဘဲ ပါးစပ်အဟောင်းသားနဲ့ တအံ့တသြ ငေးကြည့်နေမိတယ်။

“ငါးကင်မှာထားတယ် … ဟုတ်လား။ ဘယ်လောက်ဖိုးတောင်လဲ”

“တစ်သိန်းဖိုး အဘ၊ အကင် ၁ဝဝ”

“ဒီခြံကဆိုတာ သေချာလို့လား”

“သေချာပါတယ် အဘရဲ့။ ယောက်ျားလေးတွေအများကြီးလေ။ သူတို့အဖွဲ့ လူများတယ်၊ ညနေ ဒင်နာလုပ်မှာတဲ့ အဘ’”

အဘက သက်ပြင်းချတယ်။ အဘရဲ့မျက်လုံးတွေ အရောင်ပြောင်းပြီး ဝိုင်းစိန်တို့ကို ဂရုဏာသက်စွာ ကြည့်နေတာမို့ ဝိုင်းစိန်တို့ နားမလည်နိုင်။ တစ်ခုခုများလွဲနေပြီလားလို့ စိုးရိမ်ရပါပြီ။

“ဟုတ်တယ်လေ ကလေးမ၊ လူ ၂၃ ယောက်အဖွဲ့ ဒီမှာတည်းတာ မှန်ပါတယ်။ သူတို့ မနက်စာစားပြီး ၁၂ နာရီလောက်ကတည်းက ပြန်သွားကြပြီ။ သူတို့နေခဲ့တဲ့ အခန်းတောင် အဘက ရှင်းထားပြီးပြီ”

အဘစကားတွေက ဝိုင်းစိန်တို့ရဲ့ခေါင်းပေါ်ကို မိုးကြိုးပစ်ချလိုက်သလိုပါ။

“ဟာ”

ကြားလိုက်ရတဲ့စကားကြောင့် ဝိုင်းစိန် အရုပ်ကြိုးပြတ်ဖြစ်ပြီး သဲပြင်ပေါ် ဖင်ထိုင်ကျသွားတာပါ။

ရင်ထဲမှာ အလုံးကြီးတစ်လုံးက တင်းကျပ်လို့ နေတယ်။ မျက်ရည်တွေက သူ့အလိုလို ဒလဟောစီးကျလာတာကို ဘယ်လိုမှ တားမရ။ လည်ချောင်းဝမှာ အပူလုံးကြီးဆို့နစ်ပြီး ဘာစကားမှ ပြောမထွက်တော့။

မနက်ခင်းက လှေထဲမှာ ငါးတောင်းလုရတဲ့ ပင်ပန်းမှု၊ တစ်နေ့ခင်းလုံး ငါးကင်ထားရလို့ ပူနေတဲ့အပူ၊ ငါးတောင်းကြီးရွက်ပြီး နှစ်မိုင်ခရီးကို ဒုန်းစိုင်းခရီးနှင်လာခဲ့တဲ့ မောပန်းမှု။

အပူတကာ့ အပူဆုံးက မနက်မှာ ရင်ဆိုင်ရမည့် ငွေရှင် ဒေါ်ယုရဲ့မျက်နှာကြီး။

ဝိုင်းစိန် ဘယ်လိုမှ တောင့်မခံနိုင်တော့။ ကူကယ်ရာမဲ့စွာနဲ့ ပင်လယ်ဆီ ဒုန်းစိုင်းပြေးလာခဲ့လိုက်တော့တယ်။ နောက်က ပြေးလိုက်လာတဲ့ မမချိုမာနဲ့ အဘတို့ရဲ့ အော်သံတွေကလည်း သောသောညံလို့။

ပင်လယ်နားကိုရောက်တော့ “ဟီး” ခနဲ အော်ငိုလိုက်တဲ့ ဝိုင်းစိန်ရဲ့အသံကြီးက ပင်လယ်ရေပြင်ကြီး နှစ်ခြမ်းကွဲလောက်တယ်။

ဒီနေ့မှပဲ ပင်လယ်လှိုင်းသံတွေကလည်း မကောင်းဆိုးဝါးတစ်ကောင် အော်မြည်နေသလို တဝေါဝေါနဲ့ ပိုပြီးဆူညံလို့ ကမ္ဘာပျက်သည့်အလား။

ကံဆိုးမသွားလေရာ မိုးလိုက်လို့ ရွာလေသလား။

ပင်လယ်ကြီးရဲ့ နံဘေးမှာ ဝိုင်းစိန် တစ်ယောက် သောကတွေနဲ့ ပွက်ပွက်ဆူလို့။

ရိုးမအလင်္ကာစာပေဝိုင်း ဝတ္ထုစုစည်းမှု (၉)

– ပြီး –

စာရေးသူ – မေလှိုင်းဖြူ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
မုဆိုး တံငါ စာပေများpageမှကူးယူဖော်ပြသည်