ပန်းကိုကို

Posted on

ပန်းကိုကို (စ/ဆုံး)

————–

ရွာကျောင်းဆရာဘဝ ငတ်သဗျ။ နေ့တိုင်း ပဲပြုတ်နဲ့ မျှစ်စားနေရတာ ကြာတော့ တစ်ကိုယ်လုံးလည်း မျှန်စော်နစ် မျှစ်စော်နံ

“တပည့်ကြီးရေ ငါတော့ ထမင်းစားရမှာတောင် ကြောက်တောက်တောက်”

“ဘာဖြစ်လို့လဲ ဆရာကြီးရ”

“နေ့တိုင်း မျှစ်နဲ့ ပဲပြုတ်ဆိုတော့ … ဟင်း”

ကျွန်တော်က သက်ပြင်းကြီးချလိုက်တယ်။ တပည့်ကျော် မောင်ချစ်က ကျွန်တော်နဲ့အတူလာနေတာ။ ကျောင်းတစ်ကျောင်းလုံးမှာ သူနဲ့ ကျွန်တော်နှစ်ယောက်ပဲရှိတယ်။ ကျောင်းကလည်းပိတ်ပြီလေ။ အားလုံးပြန် ချိန်မှာ ကျောင်းဆောက်နေတော့ မောင်ကြီးရယ်မှ မပြန်နိုင်။

“ဆရာကြီးကလည်း ရွာထဲ မုန့်ဟင်းခါးလေးဘာလေး သွားစားရအောင်”

“မင်းကလည်း အကြွေးကထပ်နေပြီ။ အားနာလို့”

“အပျိုကြီးမဝိုင်းက ဆရာကြီးကို အကြွေးတောင်းပါ့မလားလို့”

“အကြွေးပဲကွာ တစ်နေ့တော့ ပေးရမှာ”

“မဝိုင်းကပြောသား”

“ဘာများလဲကွ”

“ဆရာကြီးကို ကြွေးနဲ့သိမ်းရင် ကောင်းမလားလို့တဲ့”

“အလိုဗျာ … ကြွေးလေး ၁၂ ကျပ်နဲ့များ။ ငါက ၁၂ ကျပ်ပဲတန်သလား”

ထမင်းလည်းမစားချင်။ ရွာနဲ့ ၅ မိုင်လောက်ဝေးတဲ့ ကရင်ရွာက ဖိုးကဲတို့ဆီကိုသွားရင် တစ်ခုခုတော့ စားရမှာ ကျိန်းသေတယ်။

“မောင်ချစ်ရေ … ဖိုးကဲတို့ဆီသွားရအောင်”

“ဟုတ်သား … မေ့လို့ဆရာကြီးရေ … ဖိုးကဲတို့ ဒီနေ့အင်းဖော်မှာဗျ”

ကျွန်တော်နဲ့တပည့်ကျော်မောင်ချစ် ကရင်ရွာကိုထွက်ခဲ့တယ်။ ထုံးစံအတိုင်း မောင်ချစ်ကတော့ ဓားတစ်ချောင်း၊ လေးခွတစ်လက်နဲ့။

“ဆရာကြီး ရွာထဲမသွားနဲ့ အဲကောင်တွေမရှိဘူး။ အင်းထဲမှာ”

ဒီလိုနဲ့ တောင်ဘက်က ငှက်ကြီးအင်းထဲကို ချောင်းရိုးအတိုင်းတက်ခဲ့ကြတယ်။ ဟုတ်သား လူတွေ အုပ်စုလိုက် အင်းထဲက ရေတွေကိုဖောက်ထုတ်ပြီး ငါးတွေဖမ်းနေကြတာ။ ရွှံ့တွေနဲ့ဆိုတော့ သရဲရုပ်တွေ။

“ဆရာကြီး … အတော်ပဲ … ငါးရှဉ့်တွေ လာပေးမလို့”

ပလိုင်းကြီးမပြီးတော့ တပည့်ကျော်ဖိုးကဲက ရွှံ့တွေထဲက တက်လာတယ်။

“လာမပေးနဲ့တော့ မင်းတို့ရွာမှာပဲ လိုက်စားမယ်”

“သားတို့ မပြန်သေးဘူး … ဒီမှာပဲ ထမင်းစားသွား”

မောင်ချစ်က ရွှံ့တွေထဲဆင်းပြီး ငါးတွေ ဝိုင်းစမ်းနေတယ်။ ကျွန်တော်ကလည်း သူတို့အုပ်စုလိုက် ငါးဖမ်းနေ တာကိုကြည့်ပြီး ပျော်လိုက်တာ။

အင်းတဲထဲမှာဖိုးကဲတို့ အမိုးနဲ့ ထမင်းတွေချက်နေတယ်။ ငါးရှဉ့်ကြီးတွေက လက်မောင်း လက်ဖျံလောက်တွေ။ ဒီလောက်ကြီးတာ တစ်ခါမှ မတွေ့ဖူးဘူး။

“ဖိုးကဲ ငါးရှဉ့်တွေကို ဘယ်လိုချက်မလဲ”

“မချက်ဘူးဆရာကြီး … ဆရာကြီးကို သင်္ဘောအောင်းသားကျွေးမှာ”

“ဘာလဲကွ သင်္ဘောအောင်း”

သူတို့လုပ်တာကိုင်တာတွေကြည့်နေမိတယ်။ တဲခေါင်းရင်းက သင်္ဘောပင်ကို သွားခုတ်လာပြီး သုံးပိုင်း ပိုင်းလိုက်တယ်။ သင်္ဘောပင် အူတိုင်အခေါင်းထဲကို ဝါးလုံးနဲ့ ထိုးရှင်းပြီးတော့ ငါးရှဉ့်တွေကိုရေဆေး သင်္ဘောပင်ခေါင်းထဲကို အရှည်အတိုင်းထည့်လိုက်ကြတယ်။ တစ်ဘက်က ငှက်ပျောရွက်နဲ့ပိတ်။ ရွှံ့တွေနဲ့ ပိတ်ပြီး သူ့အမိုးထောင်းထားတဲ့ ငရုတ်သီး၊ စပါးလင်၊ ချင်းစတဲ့ အစာတွေကို တစ်ဘက်ကထိုးထည့်။ ငှက်ပျောရွက်၊ ရွှံ့တွေနဲ့ ပြန်ပိတ်ပြီးထားလိုက်တယ်။

သင်္ဘောပင်သုံးလုံး၊ ငါးရှဉ့်သုံးကောင်။ မီးတွေဖို၊ မီးကျီးတွေပေါ် သင်္ဘောပင်တွေတင်။ အပေါ်က ကောက်ရိုး တွေ၊ ဝါးခြောက်တွေတင်ပြီး တစ်နာရီလောက်ဖုတ်တာ။

ကျွန်တော်လည်း ဝါးရုံပင်အောက်မှာ မှေးခနဲဖြစ်နေတုန်း မောင်ချစ်ကလာခေါ်တယ်

“ဆရာကြီး ထမင်းစားတော့မယ်တဲ့”

ကျွန်တော်လိုက်သွားတော့ ငှက်ပျောဖက်တွေခင်းထားတဲ့ဝိုင်းအလယ်မှာ မီးဖုတ်ထားတဲ့ သင်္ဘောပင်တွေကိုချ ထားတယ်။ မဲတူးနေပြီ။ ဖိုးကဲက ဓားနဲ့ သင်္ဘောပင်တွေကို အရှည်အတိုင်းဖွင့်ချလိုက်တယ်။ မွှေးလိုက်တဲ့အနံ့။ အထဲမှာ ငါးရှဉ့်တွေက အရေခွံတွေကွာပြီး ရဲနေတယ်။

“ဆရာကြီးရေ စားကြရအောင်”

ကျွန်တော့် ထမင်းပုံထဲကို ဖိုးကဲက ငါးရှဉ့်သားတစ်ဖဲ့ ထည့်ပေးတယ်။ ကျွန်တော်က မရဲတရဲနဲ့ တစ်ဖဲ့ယူစား လိုက်တယ်။ အို ကောင်းလိုက်တာ။ တကယ့်ကို နတ်သုဒ္ဓာ။

“ဖိုးကဲရေ … ကောင်းလိုက်တာ။ ဆရာတစ်ခါမှ မစားဖူးဘူး”

“စား … ဆရာကြီးရေ … သေအောင်သာစားပေတော့ … ဆရာကြီးအတွက်ပဲ”

“ဒီကောင် ပြောလိုက်မှ”

သူတို့ဆရာကြီးကို အဝသာစားလို့ အားရပါးရပြောလိုက်တာများ သေအောင်သာစားပေတော့တဲ့။ စိတ်ဆိုး စရာလား။ သူတို့ စိတ်ရင်းထဲကအတိုင်းပြောတာလေ။

ဒါပေမဲ့ ကံကောင်းလို့မသေ … သံချောင်းတို့အဖေ

အဲဒီနေ့က ငါးရှဉ့်သင်္ဘောအောင်းသားစားပြီး ကျောင်းပြန်ရောက်တော့ တကတည်း ပန်းကိုကိုဖြစ်ပြီး ဆေးပါထိုး ယူရသဗျာ။ ဘဝမှာ အမှတ်ရစရာတွေပါ။
▪️▪️▪️
#တင်ညွန့်
၁၈.၁၀.၂၀၁၇