#အဏ္ဏဝါစိုးမိုး
ပန်းပန်မှ နန်းဆန်တော့သည် (အပိုင်း ၁)
(၁)
နေအရုဏ်တက်ချိန်မှစ၍ လေပြင်းတိုက်ခတ်လာ သည်။ အာကာသတစ်ခွင်လုံး ရုတ်တရက် အုံ့ဆိုင်းမှုန်မှိုင်းသွားပြီး မိုးသက်လေပြင်းကျ၍ မုန်တိုင်းတိုက်ခတ်လေတော့သည်။
ပိတောက်ပင်အိုထက်မှ ရွက်ဝါတစ်ခက်သည် ရုပ်ပျက် ဆင်းပျက် ပြုတ်ကျသွားသည်။
ရွက်နုတစ်ရွက်သည် ပြတ်လွင့်မျောပါသွားပြီး လေနှင့်အတူ လူးလွန့် နိမ့်မြင့်လွင့်ပါးသွားလေသည်။
ရွာဦးထိပ်ရှိ ကုန်းကမူပေါ်က စေတီတော်၏ ဆည်းလည်းများပင် အသံမထွက်နိုင်တော့။
စေတီတော်ကို ကျောမီကပ်၍ လေတိုက်ရာအရပ်ကို မျက်နှာမူပြီး ဟားတိုက်ရယ်မောနေသော အရူးမလေး မိအေးနု၏ ဆံပင်များသည် ကြောက်စရာ လေမှာလွင့်မျောနေသည်။
နေမွန်းတည့်ချိန်လောက်တွင် မုန်တိုင်းစဲသွားသည်။ လောကကြီးသည် ဘာမှမဖြစ်ခဲ့သလို ပကတိငြိမ်သက်သွားသည်။ အပြေးအလွှား ရုတ်သိမ်းနေသော တိမ်လွှာဝတ်ရုံကြီးနောက်မှ တောက်ပသော နေရောင်ခြည် လှလှလေးသည် ရွာဦးစေတီလေးပေါ်သို့ ကျရောက် ပက်ဖျန်းလိုက်သောအချိန်တွင် အရူးမလေးမိအေးနု ဘုရားရင်ပြင်ပေါ်မှာ နှစ်ခြိုက်စွာ အိပ်မောကျသွားလေပြီတည်း။
အစာရှာထွက်လာကြသော ကျေးငှက်ကလေးတို့၏ တေးဆိုသံနှင့်အတူ လွမ်းဆွေးကြေကွဲဖွယ်ရာ ဆွဲဆွဲငင်ငင်မှုတ်လိုက်သော ပုလွေသံသာသာ တစ်ချက်ကို ရွာဘက်ဆီက ကြားလိုက်ရပါတော့သည်။
(၂)
မှော်ဘီမြို့အစွန်ရှိ မှော်ဘီတိုက်ကြီးသွား ကားလမ်းမကြီးဘေးမှ တစ်ထပ်တိုက်ပြားပြားလေးသည် ပေတစ်ရာပတ်လည် ခြံဝင်းကျယ်လေးအတွင်းဝယ် တင့်တယ်စွာ ငြိမ်သက်နေသည်။
နွေးထွေးသော နေရောင်ခြည်သည် ခြံဝင်းအတွင်းမှ စိုပြည်လန်းဆန်းသော သီးပင်နှင့် လှပသော ပန်းပင်တို့အပေါ် တွင် ရွရွကလေး ကျရောက်ပက်ဖျန်းနေသည်။ အိမ်ရှေ့မြက်ခင်းပြင်အစပ်အထိ ထိုးထွက်နေသော ဆင်ဝင်အမိုးအောက်တွင် ဆလွန်းကား အဖြူရောင်ကလေးတစ်စီးက တစ်နေရာရာကို သွားရတော့မည့်ဟန်ဖြင့် သူ့ဆရာ အိမ်ထဲမှ ထွက်အလာကို စောင့်နေသည်။
ဆလွန်းကားလေးအနီးမှ အိမ်ရှေ့နံရံတွင် ကပ်ထား သော ပေါ်လစ်ရောင်တင် ကျွန်းသားပြား ဆိုင်းဘုတ်ကလေးက အိမ်ပိုင်ရှင်အမည်နှင့် အလုပ်အကိုင်ကို ဖေါ်ပြနေသည်။
U NYUNT TIN ( B. A)
Radio Officer
ဦးညွန့်တင် (B.A)
ရေဒီယိုဆက်သွယ်ရေးအရာရှိ
ဆိုင်းဘုတ်ကလေးအနီးမှ ဘာဂျာတံခါးလေး လှုပ်ခါ သွားပြီး အသက်သုံးဆယ့်ငါးနှစ် သို့မဟုတ် လေးဆယ်ဟု တိတိကျကျ အသက်အရွယ်ကို ခန့်မှန်းရခက်သည့် ခန့်ခန့်ချောချော အမျိုးသားတစ်ဦး အိမ်ထဲမှ ထွက်လာသည်။
ကော်လာကတုံး ရှပ်လက်ရှည်အဖြူ၊ တိုက်ပုံအင်္ကျီ မီးခိုးရောင်၊ ရေဘင်နေကာမျက်မှန်၊ ဂျိန်းစဘွန်းအိတ်ခေါ် အတက်ချီကေ့စ်တို့ကြောင့် အထက်တန်းကျလှသည်။ မလေးရှားလုံချည် နီညိုရောင်ကွက်တုံး နှင့် အုန်းခွံရောင် ကတ္တီပါဖိနပ်တို့ကြောင့် ကြက်သရေ ရှိနေသည်။
အိမ်အပြင်ရောက်သည်နှင့် ဘာဂျာတံခါးကို ဆွဲစေ့ပြီး အပြင်မှ သော့ခတ်လိုက်ခြင်းဖြင့် ဤပုဂ္ဂိုလ်မှာ နိုင်ငံခြားသင်္ဘောလိုက်နေသော ရေဒီယိုဆက်သွယ်ရေးအရှာရှိ ဦးညွန့်တင် သို့မဟုတ် ကိုညွန့်တင်ဟု သိနိုင်ပါသည်။
ကိုညွန့်တင် ကားပေါ်သို့တက်ရန် ကားတံခါးဖွင့်နေသောအချိန်မှာပင် အသက်ငါးဆယ်ခန့်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ပလတ်စတစ်ဆွဲခြင်း အလွတ်ကြီးတစ်လုံးကိုဆွဲပြီး အိမ်ခြေရင်းဘက်မှ သုတ်သီးသုတ်ပျာ ပြေးထွက်လာသည်။
“ဆွဲခြင်းကြီးက ဘာလုပ်မှာတုံး ဒေါ်ဒေါ်ရဲ့”
“အိုကွယ် သူ့အဝတ်အစား အဟောင်းတွေနဲ့ မလျှော်ရသေးတဲ့ ကလေးအနှီးတွေ ဘာတွေ ထည့်ရတာပေါ့”
“သူ့ဆီမှာလည်း တစ်လုံးရှိနေတာပဲဟာ”
“ရှိနေလည်း လိုလိုမယ်မယ်ပေါ့ကွယ်၊ အပြန် ဈေးလေး ဘာလေးဝင်ရင်လည်း ထည့်ချင်တာ ထည့်လို့ရတာပေါ့၊ ယူသွားတာ မမှားပါဘူး”
ကိုညွန့်တင် ပြုံးလိုက်မိသည်။ အရာရာတွင် စေ့စပ်သေချာလှသော ဒေါ်လှစိန်ကို သဘောကျသွားသည်။ ကားထွက်သွားလျှင် ခြံဝင်းတံခါးပိတ်ရန် ဒေါ်လှစိန်၏ယောက်ျား ဦးထွန်းကြိုင်က သော့ခလောက်သီးကြီးကိုကိုင်ပြီး ကားအနီးသို့ ရောက်လာသည်။
“ဦးလေးထွန်း ကျွန်တော်တို့ ညနေခင်းလောက်မှ ပြန် ရောက်မယ်၊ ဘယ်သူလာလာ ခြံတံခါး ဖွင့်မပေးနဲ့ ၊ နက်ဖြန်မနက်မှလာပါလို့ ပြောပါ”
“စိတ်ချပါ မောင်ညွန့်တင် ၊ အေးအေးဆေးဆေးသာ သွားပါ၊ အပြန်လည်း မလောနဲ့၊ ကလေးနဲ့ အန္တရာယ်ဖြစ်မှာ စိုးလို့ “
“စိတ်ချပါ ဦးလေးထွန်း ၊ ဒေါ်ဒေါ် လာ ရှေ့ခန်းက ထိုင်လေ ၊ လမ်းမှာ စကားလေးဘာလေး ပြောသွားရတာ အဆင်ပြေတာပေါ့ ”
ကားနောက်ခန်းမှတက်ရန် ဟန်ပြင်နေသော ဒေါ်လှစိန်ကို ကိုညွန့်တင်က ကားရှေ့ခန်းတံခါး ဖွင့်ပေးလိုက်သည်။ ဒေါ်လှစိန် ကားပေါ်ရောက်သည်နှင့် ကားဖြူလေးသည် ညင်သာစွာ လိမ့်ထွက်သွားတော့သည်။
မှော်ဘီဈေးအနီးသို့ ရောက်သောအခါ ဆိုက်ကား၊ သုံးဘီး၊ လေးဘီး၊ မြင်းလှည်းစသော ယာဉ်အမျိုးမျိုးနှင့် ဈေးသည်၊ ဈေးဝယ်များ ရှုပ်ထွေးလှသဖြင့် ကိုညွန့်တင်သည် ကားအရှိန်ကိုလျှော့၍ သတိဖြင့် မောင်းနေရသည်။
ရန်ကုန်သို့ ထွက်မည့် ခရီးသည်တင် ဘတ်စ်ကားကြီးမှ လက်မှတ်ရောင်း ရဲဘော်၏ “ရန်ကုန် ရန်ကုန်” ဟု တအားကုန်အော်လိုက်သော အသံကပင် အထိတ်တလန့် ရှိလှသည်။
မှော်ဘီဈေးကို လွန်လာသောအခါမှာတော့ လမ်းရှင်း သွားပြီဖြစ်၍ ကိုညွန့်တင် ဂီယာပြောင်းလိုက်သည်။ မြို့လယ်လမ်းမကြီးအတိုင်း မောင်းလာပြီး ယာဉ်အန္တရာယ်ကင်းနိုင်လောက်သည့် အမြန်နှုန်းဖြင့် ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင်နေသည်။
ဒေါ်လှစိန်က ကားရှေ့သို့ လက်အုပ်ချီရင်း ပါးစပ် မှ ရွစိရွစိဖြင့် တစ်စုံတစ်ခုကို ရွတ်ဖတ်သရဇ္ဈာယ်ရင်း လိုက်ပါလာသည်။
“ဒေါ်ဒေါ် ကားစီးရတာ ကြောက်လို့လား“
“မဟုတ်ပါဘူး မောင်ညွန့်တင်ရယ်၊ သမီးနဲ့ မြေးလေး ကို မေတ္တာပို့နေတာပါ ”
အားလုံး စိတ်ချရပါပြီ ဒေါ်ဒေါ်ရယ်၊ ပူစရာမလို တော့ပါဘူး”
“အေးကွယ် ကျန်းမာပါစေ၊ သူ ဒေါ်ဒေါ့်ကို မှတ်မိပါ့မလား မသိဘူး”
ဒေါ်လှစိန်က တစ်ခါခံထားဖူး၍ စိုးရိမ်ပြီး မေးလိုက်ခြင်း ဖြစ်သည်။ ခံခဲ့ရသည့်အဖြစ်ကိုလည်း ပြန်လည်မြင်ယောင်လာမိသည်။
သူ ရန်ကုန်ကို ရောက်စက ဖြစ်သည်။ မီးဖိုချောင်ထဲ ဝင်လာပြီး ခါးထောက်ကြည့်၍ ထမင်းချက်နေသော ဒေါ်လှစိန်ကို မျက်နှာထားတင်းတင်းဖြင့် ဟောက်ပါလေတော့သည်။
“ဒီမှာ အဒေါ် ကျွန်မခြေထောက်ပေါ် ကျွန်မ ရပ်နိုင် ပြီ။ အဒေါ်တို့ အကူအညီကို လုံးဝမလိုတော့ဘူး၊
။ ကိုယ့်အိမ်ကိုယ်ပြန်ပါ ”
ဒေါ်လှစိန်မှာ ကြောက်လွန်း၍ ဆူပွက်နေသည့် ထမင်းအိုးကြီး ပစ်ထားပြီး မိမိတို့အိမ်လေးဘက်သို့ ထွက်ပြေးခဲ့ရသည်။
ခဏအကြာတွင် ကိုညွန့်တင် လိုက်လာပြီး တောင်းပန်သည်။
“ကျွန်တော် တောင်းပန်ပါတယ် ဒေါ်ဒေါ်။ သူ ဒေါ်ဒေါ့်ကို အမြင်မှားသွားတာပါ၊ သူ့ကို ဒုက္ခပေးခဲ့တဲ့ သူ့အဒေါ်လို့ထင်ပြီး ပြောမိတာပါတဲ့။ အဒေါ့်ကို စိတ်ယောင်ပြီး ပြောမိတဲ့အတွက် စိတ်ထိခိုက်ပြီး ငိုနေလို့ ချော့ခဲ့ရတယ် “
“မောင်ညွန့်တင်ရယ် အဒေါ်ဖြင့် ကြောက်လိုက်တာ မပြောပါနဲ့တော့ ”
ဒီကိစ္စအတွက် အတော်ရှက်သွားဟန်တူသည်။ အဲဒီ နောက်ပိုင်းကစပြီး ဒေါ်လှစိန်ကို အတွေ့မခံတော့ဘဲ အိမ်တွင်းပုန်းနေခဲ့သည်ကိုပင် ပြန်လည်မှတ်မိသေးသည်။
ကိုညွန့်တင်သည် ဒေါ်လှစိန်၏ အမေးကို တော်တော်နှင့် အဖြေမပေးသေးဘဲ စီးကရက်တစ်လိပ်ကို ထုတ်ယူပြီး မီးညှိဖွာရှိုက်လိုက်သည်။
“မှတ်မိပါတယ် ဒေါ်ဒေါ်ရယ်။ သူ မသိတာမှမဟုတ် ဘဲ၊ သူ့ကို အတိတ်တစ္ဆေ အခြောက်ခံနေရတာပါ။ စောစောပိုင်းကတော့ ကျွန်တော့ကိုတောင် မကြာခဏ အမြင်မှားပြီး ဒုက္ခပေးခဲ့သေးတယ်။ အခုတော့ မေ့ဆေးအပေးခံရပြီးတဲ့နောက် သတိပြန်ရတဲ့ အချိန်ကစပြီး ကျွန်တော်ဟာ ဘယ်သူဘယ်ဝါဆိုတာကို ကြည်ကြည်လင်လင် သူ သိသွားလို့ သိပ်ဝမ်းသာနေတယ်။
ကျွန်တော် သူ့ကို အမျိုးမျိုးစမ်းပြီးပြီ။ သူနဲ့ ကျွန်တော်တို့ရဲ့ ငယ်ငယ်ကအကြောင်းတွေကို မှန်မှန်ကန်ကန် ပြန်ပြောနိုင်တယ်။ သူ သိပ်ပျော်နေတယ် ဒေါ်ဒေါ်ရယ်။ သူ့သားကိုလည်း သိပ်ချစ်တာပဲ။ ဆေးရုံရောက်ရင် ဒေါ်ဒေါ် တွေ့ပါလိမ့်မယ်”
“အေးကွယ် ဝမ်းသာစရာပေါ့၊ မောင်ညွန့်တင်နဲ့ သူနဲ့ က ငယ်သူငယ်ချင်းတွေထင်ပါရဲ့”
ဒေါ်လှစိန်က မဝံ့မရဲမေးပြီးမှ အားတုံ့အားနာ ဖြစ်သွားသည်။ ကိုညွန့်တင်က ကားကို ဂီယာပြောင်း၍ ဂရုစိုက်ထိန်းမောင်းရင်း ပြုံးလိုက်သည်။
ဦးလေးထွန်းကြိုင်နှင့် ဒေါ်လှစိန်တို့၏ရင်မှာ ပဟေဠိ ဖြစ်နေသော ပြဿနာကို ဖွင့်ပြောဖို့အချိန် တော်ပြီဟု နားလည်လိုက်သည်။
“ဟုတ်ပါတယ် ဒေါ်ဒေါ်ရယ်၊ တစ်ရွာတည်းမှာ အတူ မွေးပြီး တစ်ကျောင်းတည်းမှာ အတူတက်ခဲ့ကြတဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေပါ၊
။ သူ့အကြောင်းကိုမပြောခင် ကျွန်တော့်အကြောင်းကို အလျင်ပြောမှ ပြည့်စုံမှာ ဒေါ်ဒေါ်ရဲ့ ဟဲ … ဟဲ”
“အေးကွယ်၊ ဒေါ်ဒေါ်တို့မှာ သားသမီးအရင်းအချာ မရှိတော့ မောင်ညွန့်တင်ကို သားအရင်းလိုပဲ ချစ်ပါတယ်။ လေးလည်းလေးစားပါတယ်၊ အားလည်းကိုးပါတယ်။ ဒါကြောင့်လဲ မောင်ညွန့်တင်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မေးရမှာ မဝံ့မရဲပါဘူး၊
။ အားလည်းနာပါတယ်။ ဒေါ်ဒေါ်တို့မှာ မောင်ညွန့်တင်ရဲ့အရိပ်ကို ခိုလှုံနေရတော့ မောင်ညွန့်တင် စိတ်ခုသွားမှာကို အထူးစိုးရိမ်ပါတယ်။”
“ကျွန်တော် သဘောပေါက်ပါတယ် ဒေါ်ဒေါ်။ ကျွန်တော့်ဘဝမှာ လူလားမမြောက်ခင် ကလေးဘဝအရွယ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးသွားကြလို့ ဦးလေးထွန်းတို့ ဒေါ်ဒေါ်တို့ကိုပဲ မိဘလို သဘောထားနေမိပါတယ်”
“သာဓုကွယ် . . . သာဓု . . သာဓု”
ကိုညွန့်တင်သည် ကားကို ဂရုစိုက်ထိန်းမောင်းရင်းမှ ဆက်ပြောသည်။
“ကျွန်တော့်တို့မှာ မွေးချင်းညီအစ်ကို သုံးယောက် ရှိ ပါတယ်။ ကျွန်တော်က အငယ်ဆုံးပါ ဒေါ်ဒေါ်။
မြန်မာပြည် လွတ်လပ်ရေးရပြီးတော့ ကွန်မြူနစ်တွေ တောခိုကြတဲ့အခါ ကျွန်တော့အစ်ကိုအကြီးဆုံးဟာ သူ့ယုံကြည်ချက်တစ်ခုကြောင့် တောခိုသွားခဲ့ပါတယ်။ အစ်ကိုကြီး တောခိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့အဖေနဲ့ အမေဟာ ရွာမှာမနေနိုင်အောင် ဖြစ်ခဲ့ရတယ်။
ရဲဘော်ဖြူက ခေါ်စစ်လိုက်၊ အလံနီက ခေါ်ညှဉ်းဆဲလိုက်နဲ့ နောက်ဆုံး ရွာမှာ မနေရဲတော့တာနဲ့ အဖေရော အမေရော အစ်ကိုကြီးနောက်ကို လိုက်သွားပြီး တောခိုခဲ့ကြရတယ်။ ကွန်မြူနစ်တွေ တောတွင်းမှာ အချင်းချင်း သတ်ကြ ဖြတ်ကြလို့ ကျွန်တော့်အစ်ကိုကြီး ကျဆုံးသွားပြီဆိုတာ သတင်းစကားကြားလိုက်ရပါတယ်။ အလောင်းတောင် မမြင်လိုက်ရပါဘူး။
အဖေနဲ့ အမေကတော့ ၁၉၅၅ ခုနှစ်လောက်မှာ ရွာကို ပြန်ရောက်လာနိုင်ခဲ့ပေမယ့် တောတွင်းကရလာတဲ့ ငှက်ဖျားရောဂါနဲ့ပဲ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ခဲ့ကြတယ်။ အဲဒီတုန်းက ကျွန်တော့်အသက်ဟာ ဆယ်နှစ်တောင် မပြည့်သေးပါဘူး။ ကျွန်တော့်အစ်ကိုလတ် ဦးညွန့်လှိုင်ဆိုတာ အခုထိ ရေတပ်မတော်ထဲမှာ ရှိနေပါတယ်။ ဒုအရာခံဗိုလ်တောင် ဖြစ်နေပြီ။ အဲဒီတုန်းက အစ်ကိုညွန့်လှိုင်က လူပျိုပေါက်ကလေးပေါ့ဒေါ်ဒေါ်ရယ်။
ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို အဘိုးနဲ့ အဘွားက မနိုင်ရင်ကာ ကျွေးမွေးစောင့်ရှောက်ခဲ့ရတယ်။ မြေးတွေက စားတုန်း၊ အဘိုးနဲ့အဘွားက ခါးကုန်း နောက်ဆုံး မကျွေးနိုင် မမွေးနိုင်တော့တာနဲ့ ရွာဦးကျောင်းဆရာတော်တံမှာအပ်ပြီး ဆွမ်းကျန်ဟင်းကျန်လေးတွေ ကျွေးပါဘုရား။ ခိုင်းစရာရှိတာလည်း ခိုင်းပါဘုရားဆိုပြီး အပြီးအပိုင် အပ်ခြင်းခံခဲ့ရတယ်။ထမင်းသိုး ဟင်းသိုးစားပြီး ကြီးပြင်းခဲ့ရတယ်ဆိုပါတော့ ဒေါ်ဒေါ် ရယ် “
ကိုညွန့်တင်သည် အစ မကောင်းခဲ့သော သူ့ဘဝ အကြောင်းကို ပြောပြရာတွင် ဆို့နှင့်ကြေကွဲသံပါလာသည်။ နေကာမျက်မှန်တပ်ထား၍ မျက်ရည်ဝဲနေသလား မသိရသော်လည်း အသံတိမ်ဝင်သွားသည်ကို ဒေါ်လှစိန် သတိပြုမိလိုက်သည်။ စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်ပြီး စိတ်ကိုထိန်းလိုက်သည်။ လမ်းဖြတ်ကူးလာသော နွားတစ်အုပ်ကို အရှိန်လျှော့၍ ရှောင်ပေးလိုက်သည်။
“ဆရာတော်က အစ်ကိုညွန့်လှိုင်ကို သင်္ကန်းစည်းပေး တယ်။ ကျွန်တော့်ကိုတော့ ငယ်သေးလို့ သင်္ကန်းမနိုင်ဘူးဆိုပြီး ကျောင်းသားလေးဘဝနဲ့ထားတယ်။ ကျောင်းသားကြီးတွေက ဆွမ်းတောင်းထမ်း ကျွန်တော်က ကြေးစည်ရိုက်၊ အစ်ကိုကိုရင် က သပိတ်ပိုက်လို့ပေါ့ ဒေါ်ဒေါ်ရယ်။ ကျွန်တော်တို့ဇာတိ ကိန္နရီ ချောင်းရွာကြီးမှာ ဆယ်နှစ်လောက် ကြာခဲ့ပါတယ်။
ကျွန်တော်တို့ညီအစ်ကိုအတွက် စိတ်ချသွားရပြီးဖြစ်လို့ ထင်ပါရဲ့။ အဘိုးနဲ့အဘွားလည်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြပါတယ်။ လူ့ဘဝအလယ်မှာ ညီအစ်ကိုနှစ်ယောက်တည်း မျက်နှာငယ်ငယ်နဲ့ ကျန်ခဲ့ကြပါတယ် ဒေါ်ဒေါ်ရယ်”
ကားဖြူလေးသည် မှော်ဘီမြို့မှထွက်၍ ရန်ကုန်သို့ ဦးတည်ပြေးသွားနေတော့သည်။
( ၃ )
“ဆွမ်းတော်ခင်ဗျာ”
“ဒူဝေဝေ . . . ဒူဝေဝေ”
သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ ကိန္နရီချောင်းကျေးရွာကြီး အတွင်းက လမ်းများပေါ်တွင် တစ်လမ်းဝင် တစ်လမ်းထွက် စည်းချက်ကျကျ နှက်သွားသော ကြေးစည်သံလွင်လွင်နှင့်အတူ ဘုန်းကြီးကျောင်းသား သျှောင်ပေစူးလေး မောင်ညွန့်တင်၏ ကရုဏာသံရွှင်ရွှင်လေးကိုပါ နေ့စဉ်ကြားကြရသည်။
ရွာလယ်လမ်းဆုံမှ တရုတ်အရှောင်၏ ‘ပြည်တော်သာ’ ခေါက်ဆွဲဆိုင်ရှေ့ ရောက်ပြီဆိုလျှင် ကြေးစည်သံကို အဆက်မပြတ် တီးခတ်၍ ဆွမ်းလောင်းမည့်သူ ထွက်မလာမချင်း
“ဆွမ်းတော်ခင်ဗျာ”
အော်နေတတ်သည်။
ကောက်ကြီးဆန်ထမင်းနှင့် ဟင်းကောင်းကောင်း လောင်းတတ်သည်သာမက နေ့စဉ် ဝတ်မပျက် ဆွမ်းလောင်းသောကြောင့်ဖြစ်သည်။
တစ်ခါတစ်ရံ အရှောင်၏ဇနီးဒေါ်အေးမြ ထွက်လောင်းသည်။ တစ်ခါတစ်ရံ ဒေါ်အေးမြ၏ သမီးကြီး မအေးခင် ထွက်လောင်းသည်။
မအေးခင်မှာ ဒေါ်အေးမြဘက်ကပါသော သမီးအပျို ဖြစ်သည်။ သမီးတစ်ယောက်ရှိသော မုဆိုးမဘဝဖြင့် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားနေရစဉ် မြို့မှရောက်လာသော တရုတ်လူမျိုး ကိုအရှောင်နှင့် ညားခဲ့ကြခြင်းဖြစ်သည်။
ထိုအချိန်က ရေကြည်ရာမြက်နုရာ အရှာအဖွေထွက်လာကြသော တရုတ်ကုလားများ တောရွာများသို့ ရောက်လာကြသော အခါသမယဖြစ်သည်။
မောင်ညွန့်တင်တို့ ကိန္နရီချောင်းရွာကြီးသို့လည်း ဒိုဘီ ဆံသ ကုလားဘာဆာမြားဆိုသူနှင့် ခေါက်ဆွဲဆိုင် အရက်ဆိုင် တရုတ်အရှောင်ဆိုသူတို့ ရောက်လာကြသည်။
အားကိုးရာရှာနေသော မုဆိုးမဒေါ်အေးမြမှာ တရုတ် အရှောင်ကို ဒုတိယအိမ်ထောင်အဖြစ် လက်ဆက်လိုက်ပြီး ရွာလယ်လမ်းဆုံ လမ်းခွပေါ်ကအိမ်ကိုပါ ထိုးအပ်လိုက်တော့သည်။
ကိုယ့်ထက်အသက်ငယ်သည့် လူမျိုးခြားကို ယူရပါမည်လားဟု တစ်ဆွေလုံး တစ်မျိုးလုံးက သေခန်းဖြတ်ကြသည်။ ကိုယ့်ထမင်းကိုယ်စားပြီး သူများအတင်းအဖျင်း ပြောတတ်သူများကတော့
“အေးမြတစ်ယောက် အချောင်သမားနဲ့ တွေ့သွားပြီ၊ နာမည်ကိုက အချောင်တဲ့။ သမီးလိုချင်လို့ မအေကို ကြံတာတွေ”
စသည်ဖြင့် ချိုးချိုးဖဲ့ဖဲ့ ပြောကြသည်။
မုဆိုးမဘဝနှင့် ငတ်နေတုန်းက ဘယ်သူကမှ တစ်ဆုပ်တစ်ခဲ ကျွေးဖော်ပေးဖက်မရ၍ ဒေါ်အေးမြ ကလည်း ဘယ်သူဘာပြောပြော ဂရုမစိုက်ပေ။ မကြာမီ အကြံအဖန်ကောင်းသော ကိုအရှောင်က ခေါက်ဆွဲဆိုင် အရက်ဆိုင်ဖွင့်ပြီး ကြီးပွားချမ်းသာလာခဲ့သည်။
အလုပ်ကိုကြိုးစား၍ ချွေတာစုဆောင်းသော ဦးဘာဆာမြားက အဝတ်လျှော်ရင်း ဆံပင်ညှပ်ရင်းဖြင့် ရွာလယ်မှာ ကုန်စုံဆိုင်ကြီး ဖြစ်လာခဲ့ကြသည်။
ဒေါ်အေးမြမှာ အသက်လေးဆယ်ပြည့်ခါနီးမှာ ကိုအရှောင်နှင့် သမီးတစ်ယောက်ထပ်မွေးသည်။ တရုတ်သွေးပါသူလေးမို့ ဖြူဖြူဖွေးဖွေး ချစ်စရာလေးဖြစ်သည်။
မအေးနုဟု အမည်ပေးထားသည်။ မောင်ညွန့်တင်နှင့် သက်တူရွယ်တူပင် ဖြစ်နေပါပြီ။
နေ့စဉ် ဆွမ်းလောင်းသည့်အလုပ်မှာ မအေးနုလေး၏ အလုပ်ဖြစ်သည်။ မအေးနု အဆော့လွန်နေ၍ အိမ်မှာမရှိမှသာ ဒေါ်အေးမြသော်လည်းကောင်း မအေးခင်သော်လည်းကောင်း ထွက်လောင်းသည်။
ယနေ့တော့ မအေးနုလေး ဆွမ်းလောင်းခွက်ကိုင်၍ ပြေးထွက်လာသည်။
“တရုတ်မ ကြာလိုက်တာ။ ဘာတွေလုပ်နေမှန်း မသိဘူး”
မောင်ညွန့်တင်က ဆီးဟောက်လိုက်သည်။
အေးနုလေးက ကိုရင့်သပိတ်ထဲ ဆွမ်းလောင်းထည့်နေရင်းက ကြောက်စရာမျက်စောင်းကြီး ထိုးကြည့်လိုက်သည်။ ဆွမ်းလောင်းပြီးတော့မှ မောင်ညွန့်တင်ကို ရင်ဆိုင်လိုက်သည်။
“အုန်းသီးနော် အုန်းသီး ပါးကျိုးသွားမယ်”
မောင်ညွန့်တင်၏ပါးကို လက်ဝါးလေးထောင်ပြပြီး ဟန်ပါပါ ရန်တွေ့လိုက်သည်။
အုန်းသီးခေါ် မောင်ညွန့်တင်က စပ်ဖြဲဖြဲ အမူအရာဖြင့် မအေးနု၏ နားဝအနီးကပ်၍ ကြေးစည်ကို တအားနှက်ပြီး ကိုရင်ရှေ့သို့ရောက်အောင် ပြေးထွက်သွား လေတော့သည်။
တရုတ်မဟု အခေါ်ခံရ၍ စိတ်ဆိုးသူက အုန်းသီးဟု ပြန်ခေါ်လိုက်ရ၍ ကျေနပ်ပြီး အိမ်ထဲဝင်သွားလေ တော့သည်။
ဘုန်းကြီးကျောင်းသားနှင့် ရွာကျောင်းသားဟူ၍ နှစ်မျိုးရှိသည်။ မိဘချမ်းသာသော သားသမီးများနှင့် မိန်းကလေးများက ခေတ်ပျက်အလုပ်လက်မဲ့ ကျောင်းဆရာကြီး ဦးစံငွေဖွင့်ထားသည့် အလွတ်ပညာသင်ကျောင်းတွင် တက်ကြသည်။
သူတို့ကို ရွာကျောင်းသားဟု ခေါ်သည်။ ကျောင်းလခအဖြစ် တစ်လလျှင် ငွေသုံးကျပ် သို့မဟုတ် စပါးတစ်တင်းပေးကြရသည်။ အင်္ဂလိပ်စာ၊ မြန်မာစာနှင့် သင်္ချာ သုံးဘာသာသင်ပေးသည်။ ဆရာကြီး ဦးစံငွေ၏ ခြေတံရှည်အိမ်မြင့်ကြီးအောက်တွင် စာသင်ခန်းလုပ်ထားသည်။
မအေးနုတို့က ဆရာကြီးဦးစံငွေကျောင်းတွင် တက် ကြသည်။ မောင်ညွန့်တင်တို့လို မိဘမဲ့ကလေးများနှင့် မိဆင်းရဲ ဘဆင်းရဲ သားသမီးများမှာ ရွာဦးကျောင်းဆရာတော်ကိုသာအားကိုးကြရသည်။
ရွာကျောင်းသားများက ဘုန်းကြီးကျောင်းသားများကို နှိမ်ကြသည်။
“ဘုန်းကြီးကျောင်းသား အုန်းသီးတောင်းစား”
ဟု အော်ပြီး စကြသည်။ နောက်တော့ ဘုန်းကြီးကျောင်းသားဆိုလျှင် အတိုကောက်အခေါ်ဖြင့် “အုန်းသီး” ဟုသာ ခေါ်ကြတော့သည်။
ဆွမ်းခံထွက်လာသော မောင်ညွန့်တင်တို့ ဦးစံငွေအိမ် ရှေ့အရောက်တွင် နံနက်ပိုင်းကျောင်းလွှတ်ချိန်နှင့် ကြုံတတ်သည်။
မောင်ညွန့်တင်နှင့် ရွယ်တူကောင်လေးများက ဆံပင်သျှောင်ပေစူးလေး မောင်ညွန့်တင်ကိုကြည့်ပြီး “အုန်းသီး, အုန်းမုတ်ခွက်” ဟု အော်ပြေးလေ့ရှိကြသည်။
ကောင်လေးတွေထဲတွင် ကွန်မြူနစ်ဗိုလ် ဦးမြင့်ဖေ၏ သား မြင့်နိုင်ဦးဆိုသည့် အကောင်လေးက အကဲဆုံး ဖြစ်သည်။
“အုန်းသီး” ဆိုတာကတော့ ဘုန်းကြီးကျောင်းသားဟု စခြင်းဖြစ်သည်။ “အုန်းမှုတ်ခွက်” ဆိုသည်မှာ မောင်ညွန့်တင်၏ ဆံပင်ကြာရစ်ကလေးမှာ အုန်းမှုတ်ခွက် ဆောင်းထားသည်နှင့် တူသောကြောင့်ဖြစ်သည်။
မောင်ညွန့်တင်ကလည်း သတ္တိနည်းသူတော့ မဟုတ်ပေ။ ကြေးစည်တုတ်နှင့် လိုက်ပစ်သည်။ ကောင်လေးတွေက လျှာထုတ်ပြပြီး ထွက်ပြေးသည်။ မဟုတ်လျှင် မခံတတ်သော တရုတ်မအေးနုက အဖေ့အရှိန်အဝါဖြင့် လူပါးဝနေသော မြင့်နိုင်ဦးကို မုန်းနေပုံရသည်။ မောင်ညွန့်တင်ကို မြှောက်ပေးသည်။
“တုတ်နဲ့ မပစ်နဲ့ဟဲ့၊ ကြေးစည်နဲ့ လိုက်ခုတ်ပါလား ”
“တစ်နေ့နေ့တော့ ဒီကောင့်ကို ငါလုပ်ပြမယ် အေးနုရာ၊ နင် ကြည့်နေပါ ”
မောင်ညွန့်တင်သည် လုံချည်ပြင်ဝတ်ပြီး ကြေးစည်တုတ်ကို လိုက်ကောက်သည်။ ကိုရင်နှင့် ဆွမ်းတောင်းထမ်းကျောင်းသားနှစ်ယောက်က ဝေးသွားပြီဖြစ်၍ ကြေးစည်နှက်ရင်း ပြေးလိုက်သွားလေသတည်း။
(၄)
မှော်ဘီလေတပ်အဝင် လေယာဉ်နှစ်ကောင်ခေါ် လေ ယာဉ်ပျံငယ်နှစ်စီး တည်ရှိရာဘက်သို့ ကားအဖြူလေး ရောက်လာသည်။ ကားပေါ်တွင် ပါလာသူ ဒေါ်လှစိန်က ဝေဒနာတစ်ရပ်ကို တစ်ဘက်လူနှင့် ထပ်တူထပ်မျှ ခံစားနေရသောအမူအရာဖြင့် ကြေကွဲစွာ ပြောလိုက်သည်။
“အင်း … ဒေါ်ဒေါ်တို့လဲ မောင်ညွန့်တင်လိုပါပဲ။ ငယ်ငယ်က ပညာမသင်ခဲ့ရပါဘူးကွယ်။ လယ်သမား ချောင်းသမား သားသမီးပီပီ သေစာရှင်စာလေးလောက် ရေးတတ်ဖတ်တတ်အောင် ဦးလေးဗိန္ဓောဆရာတစ်ယောက်ဆီမှာ သင်ခဲ့ရတယ်ကွဲ့ “
ကိုညွန့်တင်သည် လက်ကိုင်ဘီးကိုထိန်း၍ ဂီယာချိန်း စီးကရက်တစ်လိပ် ထုတ်ယူမီးညှိလိုက်သည်။
“လူ့ဘဝမှာ ကံတရားရဲ့ အလှည့်အပြောင်းလေးတွေဟာ အလွန်ဆန်းကြယ်ပါတယ် ဒေါ်ဒေါ်။ ကျွန်တော်တို့ ညီအစ်ကိုရဲ့ အနာဂတ်ဟာ မရေမရာ လမ်းစပျောက်နေခဲ့ပေမယ့် ဖြစ်ချိန်တန်လာတဲ့ အခါကျတော့ သူ့ဟာနဲ့သူ ဖြစ်လာခဲ့ပါတယ်။
ကျွန်တော် ထင်တယ် ၁၉၅၆ ခုနှစ်လောက်မှာ ကျွန်တော်တို့ရွာအတွက် အစိုးရမူလတန်းကျောင်းလေး ရပါတယ်။ လွတ်လပ်ရေးမရမီက ရှိခဲ့တဲ့ ကျောင်းလေးကိုလည်း သူပုန်က မီးရှို့ပစ်လိုက်လို့ လော လောဆယ် ကျောင်းအဆောက်အဦး မရှိသေးတာနဲ့ ဆရာတော်က ဥပုသ်ဇရပ်တစ်ဆောင်ကို ကျောင်းအဖြစ်သုံးဖို့ ခွင့်ပြုပါတယ်။
ဆရာကြီးဦးစံငွေပဲ ကျောင်းအုပ်ဖြစ်လာပါတယ်။ အဲဒီမှာ ဆရာတော်က ကျွန်တော့်ကို ဆရာကြီးဦးစံငွေထံမှာအပ်ပြီး ကျောင်းတက်စေပါတယ်။ ဆယ်နှစ်သားလောက်ကျမှ ကျောင်းစနေရတယ်ဆိုပါတော့ ဒေါ်ဒေါ်ရယ်။ ကျွန်တော့် အစ်ကိုကတော့ ကျောင်းဟောင်းမှာတုန်းက ခုနစ်တန်းလောက်အထိ နေခဲ့ဖူးတယ်ဆိုတော့ စကောစက ဘယ်မှတက်လို့မရတာနဲ့ ကိုရင်ဝတ်နဲ့ပဲ ဆက်နေတယ်။
ဆရာကြီးက ကျွန်တော့်ကို အစမ်းသဘောနဲ့ လေးတန်းမှာ တက်ခိုင်းထားတယ်။ ကျွန်တော်ကလည်း နှစ်တန်း သုံးတန်းသာ မအောင်သေးပေမယ့် အေဘီ စီဒီနဲ့ ဂဏန်းသင်္ချာကို ဦးပဉ္ဇင်းပညာဝံသ သင်ပေးထားလို့ အတော်အတန် တီးမိခေါက်မိနေပါပြီ။
ခြောက်လလောက်ကြာ တော့ စာလိုက်နိုင်တယ်ဆိုပြီး လေးတန်းမှာ မှတ်ပုံတင်စာရင်းသွင်းခံရပါတယ်“
ကိုညွန့်တင်သည် စကားဖြတ်၍ ဂီယာပြောင်းလိုက် သည်။ ကားလေးသည် အရှိန်မြင့်တက်သွားပြီး လေယာဉ်နှစ်ကောင်ကို ဖြတ်ကျော်၍ ရန်ကုန်ဘက်သို့ ဦးတည်ပြေးသွားလေတော့သည်။
( ၅ )
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အစိုးရမူလတန်းကျောင်း
ကိန္နရီချောင်းကျေးရွာ
သံတွဲခရိုင်၊ ရခိုင်ပြည်နယ်
အိမ်မိုးသွပ်ပြားအဟောင်းကိုဖြန့်၍ ဘောင်ခတ်ပြီး သင်္ဘောဆေးအနက်ရောင်ပေါ်တွင် ဆေးအဖြူဖြင့် မသေမသပ် ရေးထားသော အထက်ပါ ဆိုင်းဘုတ်ကလေးကို ရွာဦးကျောင်း ဥပုသ်ဇရပ်ရှေ့အလယ်တိုင်တွင် ခန့်ညားစွာ ချိတ်ဆွဲထားသည်။
ဥပုသ်ဇရပ်ပတ်ချာလည်တွင် ပြေးလွှားဆော့ကစားနေကြသော ကျောင်းသားကျောင်းသူလေးများသည် ကျောင်းတက်ခေါင်းလောင်းတီးသံ ကြားလိုက်သည်နှင့်တပြိုင်နက် ဇရပ်ပေါ် ပြေးတက်သွားကြတော့သည်။
ဇရပ်ပေါ်ရောက်တော့လည်း ချွေးတစ်လုံး သန်တစ်လုံးဖြင့် သူတို့မို့လို့ မမောနိုင် မပမ်းနိုင် အဆော့က မရပ်ကြသေး။ တို့ကြ ဆိတ်ကြ၊ စာအုပ်ထုတ်ကြ၊ ခဲတန်ချွန်ကြဖြင့် လက်ပံပင်ဆက်ရက်ကျသလို ဆူညံနေတော့သည်။
ဆရာကြီးက ကျောက်သင်ပုန်းကြီးကို ကြိမ်ဖြင့် တဗျန်းဗျန်း မြည်အောင်ရိုက်၍ တုတ်သံပေးလိုက်တော့မှ မီးကိုရေနဲ့ဖြန်းလိုက်သလို ငြိမ်သွားတော့သည်။
“ပါးစပ်တွေ ပိတ်ထားကြစမ်း။ တစ်ယောက်မှ အသံ မထွက်နဲ့”
ဆရာကြီးသည် မိတစ်ရာသားတွေကို ကြိမ်လုံးပြပြီး အသံတိတ်ခိုင်းလိုက်သည်။ မကြာမီကမှ မြို့ကရောက်လာသော ဆရာမလေးကို အတန်းအပ်ပြီးသည်နှင့် ရုံးလုပ်ငန်းတွေကို ဆက်လုပ်နေတော့သည်။
ဆရာမလေးသည် ပြုံးရွှင်သောမျက်နှာဖြင့် တပည့်လေးတွေကို နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ တပည့်တို့”
“မင်္ဂလာပါဆရာမ “
“မနေ့က ပေးလိုက်တဲ့ အိမ်စာတွေ တွက်ခဲ့ကြရဲ့လား”
“တွက်ခဲ့ပါတယ် ဆရာမ”
“ကောင်းပြီ အကုန်လုံး စုပြုံထလာတာကို မလိုချင်ဘူး။ ရှေ့တန်းကစပြီး တစ်ယောက်ပြီးတစ်ယောက် လာပြပါ။ ရှေ့တန်းတွင် ထိုင်ရသော မိန်းကလေး ရှစ်ယောက်အနက်မှ ယာအစွန်မှာထိုင်သော မမြရွှေကို ဆရာမကခေါ်လိုက်သည်။
မမြရွှေက ထသွားပြီး သင်္ချာတွက်ထားသော စာအုပ်ကို ဆရာမလက်သို့ ရိုရိုသေသေပေးလိုက်သည်။ ဆရာမရှေ့တွင် လက်ပိုက်ပြီး ရပ်နေသည်။
ဆရာမက ပုစ္ဆာငါးပုဒ်လုံး မှန်ချက်ပေး၍ “တော်တယ်” ပြောပြီး စာအုပ်ပြန်ပေးလိုက်သည်။
မမြရွှေ သူ့နေရာမှာ ပြန်ထိုင်သည်။ နောက်တစ်ယောက် မတင်ညို၊ နောက်တစ်ယောက် မမြကြည်၊ နောက်တစ်ယောက်၊ ပြီးတော့ အားလုံးနေရာမှန် ကြသည်။
မအေးနုသည် ဝဲဘက်အစွန်ဆုံး နံပါတ်ရှစ်နေရာတွင် ထိုင်ရင်း သူ့အလှည့်ကို စောင့်နေသည်။ မောင်ညွန့်တင်သည် မအေးနု၏ နောက်မှနေ၍ မအေးနု၏ အဖြေစာအုပ်ကို ကြည့်လိုက်ရာ သင်္ချာငါးပုဒ်တွင် အောက်ဆုံးနှစ်ပုဒ်မှားနေသည်ကို သွားတွေ့သည်။
“ဟေ့ တရုတ်မ မှားနေပါပြီကွယ်။ အရိုက်ခံရတော့မယ်”
မောင်ညွန့်တင်သည် သီချင်းဆိုသလိုဆို၍ မအေးနုကို သတိပေးလိုက်ရာ မအေးနုမှာ ပျာလောင်ခတ်သွားတော့သည်။ မောင်ညွန့်တင်ပြောတာကို မယုံ၍ ငါးမှတ်အပြည့်ရပြီး ပြန်လာသည့် မခွေး၏ အဖြေတွေနှင့် သူ့စာအုပ်မှ အဖြေကို တိုက်ကြည့်ရာအောက်ဆုံးနှစ်ပုဒ်နှင့် အဖြေမတူကြောင်း တွေ့ရတော့မှ ခေါင်းနပန်းကြီးသွားတော့သည်။
သာမန်အချိန်မှာသာဆိုပါက သူ့ကို တရုတ်မဟုခေါ်သော အုန်းသီးကို ရန်တွေ့လိုက်ဦးမည် ဖြစ်သည်။ အခုတော့ မိန်းကလေးတန်မဲ့ တစ်ဦးတည်း ကွက်ပြီး အရိုက်ခံရတော့မည်ဟု တွေးပူပြီး ယောက်ယက်ခတ်နေတော့သည်။
မောင်ညွန့်တင်က မအေးနု၏စာအုပ်ကို ဆွဲယူပြီး အချိန်မီပြင်ပေးရန် ကြိုးစားနေစဉ်မှာပင် မအေးနု၏ အလှည့်သို့ ရောက်လာတော့သည်။ မောင်ညွန့်တင်က ဘာမှစဉ်းစားမနေတော့ဘဲ သူ့စာအုပ်ကို မအေးနုထံ ထိုးပေးလိုက်တော့သည်။
မအေးနုကလည်း ခပ်တည်တည်ပင် ထသွားပြီး မောင်ညွန့်တင် ၏စာအုပ်ကို သွားပြရာ ငါးမှတ်အပြည့်ရလာခဲ့ပြီး ရင်ခုန်ခဲ့ရသော ပြဿနာကြီး အေးသွားတော့သည်။
ဤလုပ်ရပ်အားလုံးကို အစအဆုံးမြင်သော မြင့်နိုင်ဦးနှင့် အပေါင်းပါတစ်စုက မျက်လုံးပြူး မျက်ဆံပြူးဖြင့် တိုးတိုးတိတ်တိတ်ကြိတ်ပြီး ခြိမ်းချောက်နေတော့သည်။
“ဆရာမနဲ့ တိုင်ပြောမယ်ကွယ်”
မောင်ညွန့်တင်က မြင့်နိုင်ဦးကို မျက်စောင်းထိုးကြည့်ပြီး ဂရုမစိုက်သည့် အမူအရာပြလိုက်သည်။ မအေးနု၏ စာအုပ်မှ အမှားကို အချိန်မီပြင်ပေးရန် ကြိုးစားပါသော်လည်း အချိန်မမီတော့ပေ။
မအေးနု ပြန်ရောက်လာပြီး ထိုင်လိုက်သည်နှင့်
ယောက်ျားလေးတန်းမှ မောင်ညွန့်တင်ကစပြီး ထပြရတော့သည်။ သုံးပုဒ်မှန် နှစ်ပုဒ်မှား၍ လက်ပိုက်ခံပြီး ဆရာမ၏ ကြိမ်ဒဏ်နှစ်ချက်ကို လှလှပပကြီး ခံလိုက်ရတော့သည်။
ကျောင်းဆင်းသောအခါ မအေးနုက မောင်ညွန့်တင်ကို ကျေးဇူးတင်ကြောင်းနှင့် သူ့ကိုယ်စား အရိုက်ခံရ၍ စိတ်မကောင်းကြောင်း လာပြောသည်။
“ကျေးဇူးတင်တယ်ဟယ် ညွန့်တင်ရယ်။ ဒါပေမယ့် နင် အရိုက်ခံနေရတာကိုမြင်တော့ ငါ ဝမ်းနည်းသွားတယ်ဟဲ့ သိလား”
“အောင်မယ်လေး အေးနုရယ်၊ ဒီလောက်တော့ တို့က အပျော့ပါ၊ ကျောင်းမှာ စာမကျက်လို့ ဆော့လို့ ဆရာတော်ဆော်တာကမှ ရေရေလည်လည် အီစလံဝေတာ၊ ဒီအတွက်တော့ ဝမ်းမနည်းပါနဲ့၊ နင် အရိုက်မခံရတာကိုပဲ ငါ ဝမ်းသာလှပါပြီ”
မောင်ညွန့်တင်၏ စကားကြားရတော့ မအေးနု ဝမ်းသာသွားသည်။ သူတို့နှစ်ယောက် စကားပြောနေသည်ကိုမြင်သော မြင့်နိုင်ဦးက လှောင်ပြောင်ချင်သည့် အမူအရာဖြင့် ပါးစပ်ဆော့လေတော့သည်။
“တရုတ်မ အုန်းသီးကြိုက်ပါသည်၊ ခြေဆေးရန် အုန်း မှုတ်ခွက်ယူခဲ့ပါ”
ကျောင်းစာ အော်ကျက်သကဲ့သို့ အော်လိုက်ရာ ကျောင်းသားများအားလုံး ဝိုင်းရယ်ကြသည်။ မအေးနု ရှက်ပြီး မျက်နှာနီရဲသွားသည်။
တစ်ခုခုလုပ်တော့မည့်ဟန်ဖြင့် ကျောင်းလွယ်အိတ်ကို စလွယ်သိုင်းဖြတ်လွယ်ပြီး ထဘီတိုတို တင်းတင်း ပြင်ဝတ်လိုက်သည်။ ရှေ့ရောက်သွားပြီဖြစ်သော မြင့်နိုင်ဦး၏နောက်သို့ ပြေးလိုက်ပြီး ကျောပေါ်သို့ ခုန်အုပ်လိုက်တော့သည်။ မာန်ဖီနေသော ကျားသစ်မလေး တစ်ကောင်ကဲ့သို့ မိရာဖမ်းကုတ် ကိုက်ဖဲ့လုပ်တော့သည်။
နှစ်ယောက်သား ထွေးလားလုံးလားဖြစ်နေကြစဉ် မောင်ညွန့်တင်က ပြေးဝင်လာပြီး မြင့်နိုင်ဦးကို ချုပ်ကိုင်ပေးသည်။ မအေးနုက မြင့်နိုင်ဦး၏ ပါးကို ခပ်စပ်စပ်ရိုက်ပစ်လိုက်သည်။ မြင့်နိုင်ဦးက ရုန်းထွက်လိုက်ပြီး မောင်ညွန့်တင်ကို လက်သီးဖြင့်ထိုးသည်။ မအေးနုက မြင့်နိုင်ဦး၏ ကျောင်းလွယ်အိတ်ကို နောက်ကနေ တအားဆောင့်ဆွဲလိုက်ရာ မြင့်နိုင်ဦး ဟန်ချက်ပျက်သွားသည်။ မောင်ညွန့်တင်က မြင့်နိုင်ဦး၏ ဟန်ချက်အပျက်တွင် အလစ်ဝင်ထိုးသည်။
ကျောင်းသားကျောင်းသူများက ကြက်ပွဲ ကြည့်သလို ဝိုင်းအုံကြည့်နေကြသည်။ စာအုပ်တွေပိုက်ပြီး ကျောင်းမှထွက်လာသော ဆရာကြီးဦးစံငွေသည် လမ်းဘေးမှ ရိုက်တန်ကောင်း သစ်ကိုင်းတစ်ခုကို ချိုးယူပြီး ရန်ဖြစ်နေသော သုံးကောင်လုံးကို ပြေးဝင်ရိုက်လိုက်တော့မှ လူစုကွဲပြီး ထွက်ပြေးကုန်ကြတော့သည်။
( ၆ )
နွေအကြွင်းအကျန်၏ နေရောင်ခြည်သည် ရွာဦးစေတီတော်လေးကို လာရောက်ဦးချနေသည်။ စေတီတော်လေးသည် ထုံးဖြူဖွေးဖွေးဖြင့် တောင်ကမူ စိမ်းညိုညိုလေးပေါ်တွင် သပ္ပါယ်စွာ အဖူးမြော်ခံနေသည်။
မြူးမြူးကလေး တိုက်ခတ်လိုက်သော နွေနှောင်းလေပြေကြောင့် စေတီတော်၏ ဆွဲလည်းလေးများက သာယာနာပျော်ဖွယ်သော ဓမ္မတေးလေးများကို သီဆိုနေကြသည်။ အနောက်ဘက်တောင်ကုန်းပေါ်ရှိ ပင်မြင့်ထက်မှ လွမ်းလွမ်းဆွေးဆွေး ငိုကြွေးနေသော ဖေါ်ဝေးငှက်တစ်ကောင်သည် သူ့အမည်ကိုဖေါ်၍ အော်ငိုနေသည်။
“ဥဩ ဥဩ” တဲ့။
တစ်နှစ်တစ်ရာသီအတွက် တာဝန်ပြီးဆုံး၍ ထွက်ခွာသွားတော့မည့် နွေကို နှုတ်ဆက်လက်ပြလိုက်သော မုတ်သုန်ရာသီ၏ လေပြည်သည် မိုးရနံ့လေးများကို သယ်ဆောင်လာတတ်သည်။
စေတီငယ် ရင်ပြင်အနီးမှ ထန်းပင်အိုကြီး၏ အလက်များက ရှဲကနဲ အသံထွက်အောင် သက်မကြီးချသံကို ကြားလိုက်ရသည်။
မနေ့ညက မိုးချုပ်မှ ဆရာကြီးဦးစံငွေ ဘိုင်စကယ် တစ်စီးဖြင့် မြို့မှ ပြန်ရောက်လာသည်။ စာမေးပွဲအောင်စာရင်း ပါလာသည်။ မိုးလင်းမှ လမ်းခွဆုံမှာ ကပ်မည်ဟုပြောပြီး လာမေးသူများကို မောင်းထုတ်နေသည်။
မြင့်နိုင်ဦးကတော့ သူအောင်ကြောင်းကို မနေ့ညတည်းက သိနေသည်။ သူ့အဖေ ကွန်မြူနစ်ခေါင်းဆောင် ဦးမြင့်ဖေက ဆရာကြီးအိမ်ကို လိုက်သွားပြီး မေး၍ သိခဲ့ရသည်ဟု ဆိုကြသည်။
နံနက် ၉ နာရီတွင် ဆရာကြီးသည် အလွန်ကျက်သရေရှိသော ပီတိအပြုံးကြီးဖြင့် ရွာလယ်လမ်းမပေါ် လျှောက်လာသည်။ စာမေးပွဲအောင်စာရင်းဟု ထင်ရသော စာရွက်တစ်ရွက်နှင့် တူတစ်လက်ကိုလည်း လက်မှာကိုင်လာသည်။
ကျောင်းသား ကျောင်းသူများက ဆရာကြီးနောက်မှ ဝိုင်းအုံလိုက်လာကြသည်။ ကျောင်းသားမိဘများက ကျွန်တော့်သမီး အောင်လား ကျွန်မကလေး အောင်လား ထွက်မေးကြသည်ကို လုံးဝပြန်မဖြေဘဲ မကြားယောင်ဆောင်၍ ဆက်လျှောက်သွားသည်။
ကျောင်းသား မိဘအချို့ပါ နို့စို့ကလေးချီ၍ တစ်မျိုး၊ ရေအိုးကြီးရွက်၍တစ်ဖုံ ပုံစံအမျိုးမျိုးဖြင့် ဆရာကြီးနောက်သို့ လိုက်ကြရတော့သည်။ ဆရာကြီးသည် ရွာလယ်လမ်းမဆုံရှိ မအေးနုတို့ပိုင် ပြည် တော်သာခေါက်ဆွဲဆိုင်အနီးက ညောင်ပင်ကြီးတွင် အောင် စာရင်းစာရွက်ကို သံချက်နှက်၍ ကပ်လိုက်ပြီးမှ ကျောင်းသားများဘက်သို့လှည့်၍ ဂုဏ်ယူဝင့်ကြွားသောအသံကြီးဖြင့် အော်ပြောလိုက်သည်။
“ငါ့တပည့်တွေ သိပ်တော်တယ်၊ အားလုံးအောင်တယ်”
ကျောင်းသားကျောင်းသူလေးများ ဝမ်းသာ၍ ကသူက၊ ခုန်သူခုန်၊ ကျွမ်းထိုးသူထိုး၊ မိဘများကလည်း ဝမ်းသာစရာ သတင်းကို အိမ်ကို ပြေးပြောသူကပြော၊ ပီတိအပြုံးတွေဖြင့် တစ်ရွာလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်ကြသည်။
ပျော်နေသူများအထဲတွင် ညှိုးငယ်နေသော မောင်ညွန့်တင်။
“အေးနုမ သိပ်ပျော်နေတယ်ပေါ့လေ”
“ပျော်တာပေါ့ဟဲ့ ၊ နင်ကော မပျော်ဘူးလားလို့ ”
“ပျော်တော့ ပျော်တာပေါ့ဟာ၊ ဒါပေမယ့် ”
မောင်ညွန့်တင်က သူ့ဆံပင်ဂျာရစ် ကြက်တောင်စည်းလေးပေါ်တွင် လက်နှစ်ချောင်တင်ပြီး ပြောရင်း စကားကို ရပ်ပစ်လိုက်သည်။
ဒါပေမယ့် မြို့ကိုသွားပြီး အလယ်တန်းကျောင်း ဆက်မတက်နိုင်လို့ ဝမ်းမသာနိုင်ဘူးဟု ဆိုလိုခြင်းဖြစ်သည်ကို မအေးနုက သိလိုက်ပါသည်။
“သွားတော့မယ်ဟာ၊ ဆွမ်းခံထွက်ရဦးမယ် ”
ရွာဦးကျောင်းဘက်သို့ ပြေးထွက်သွားသော မောင်ညွန့်တင်ကို ငေးကြည့်ရင်း မအေးနုက သက်ပြင်းချလိုက်ပါသည်။
နောက်တစ်နေ့နံနက်တွင် စာမေးပွဲအောင် ကျောင်းသားများ ဝတ်ကောင်းစားလှလေးတွေကိုယ်စီဖြင့် ဆရာကြီးအိမ်ဘက်သို့ သွားနေကြသည်။ လက်ထဲမှာလည်း ငှက်ပျောဖီးကြီး၊ သင်္ဘောသီးကြီး၊ နာနတ်သီးအလုံးကြီးကြီး၊ ဖယောင်းတိုင်ထုပ်၊ ဆေးပြင်းလိပ်ထုပ် စသည်ဖြင့် မိမိတို့တတ်နိုင်သမျှ ဆရာ ကန်တော့လက်ဆောင်လေးများ အသီးသီး ကိုင်ဆောင်၍ ဆရာကြီးကိုကန်တော့ရန် သွားနေကြခြင်းဖြစ်သည်။
မောင်ညွန့်တင်တစ်ယောက်ကတော့ နေ့စဉ်ဝတ်နေကျ အင်္ကျီနွမ်းနွမ်းပွပွ၊ လုံချည်ညစ်ထပ်ထပ်လေးကို ခါးပုံစတွဲလောင်းချဝတ်၍ လမ်းဆုံလမ်းခွမှာ ယောင်ချာချာ ဖြစ်နေရှာသည်။
ဘာလက်ဆောင်မှ မရှိသဖြင့် အများနှင့်ရောလိုက်ရကောင်းနိုးနိုး၊ ဘုန်းကြီးကျောင်းကို ပြန်ရကောင်းနိုးနိုးဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်နေရှာသည်။
ဝတ်ကောင်းစားလှများဝတ်၍ ဆရာကြီးအိမ် ဘက်ကို သွားနေကြသော သူငယ်ချင်းတွေကိုကြည့်ပြီး လက်ပိုက်လျက် ရပ်နေသည်။
မြင့်နိုင်ဦးကတော့ ဘောင်းဘီရှည် ရှူးဖိနပ်တွေ ဘာတွေနှင့် စမတ်ကျနေသည်။ စက္ကူဘူးအနီရောင်ဖြင့် ထုပ်ထားသော လက်ဆောင်ပစ္စည်း အထုပ်တစ်ခုကို လက်နှစ်ဖက်ဖြင့် မကိုင်သွားသည်။
မအေးနုသည် ဂိုးလ်ဒင်းပါ့ဖ် မုန့်ကြွပ်ပုံးကြီးကို ကိုင်ပြီး အိမ်မှ ပြေးထွက်လာသည်။ ပြောင်လုံချည် အပြာနုရောင်နှင့် အင်္ကျီလက်ရှည် အဖြူဝတ်ထားပြီး နှုတ်ခမ်းနီ ပါးနီတွေပါ ဆိုးထားသဖြင့် သူ့အသားလေးဖြူဖြူမို့ တအားလှနေတော့သည်။ ဖဲကြိုးအဝါလေးစည်းထားသော ဆံပင်လေးမှာ အုပ်လုံးသိမ်းစ ဆံတောက်ကလေးချပြီမို့ တကယ့်အပျိုလေးနှင့်ပင် တူသေးတော့သည်။
နောက်ကျနေ၍ ခပ်သွက်သွက်လေး ပြေးအထွက်
တွင် လက်ပိုက်ပြီး သူငယ်ချင်းတွေကို ရပ်ကြည့်နေသော မောင်ညွန့်တင်ကို မြင်လိုက်တော့ ပါးစပ်က “ဟယ်” ကနဲအ ထွက်သွားသည်။
“ညွန့်တင် နင် မသွားဘူးလား “
“ငါ မသွားတော့ပါဘူးဟာ”
မအေးနုလေးသည် မောင်ညွန့်တင်၏ အဝတ်အစား တွေကိုကြည့်ပြီး သက်ပြင်းကြီးတစ်ချက် ဆွဲတင်၍ ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။ ခေါင်းကို လေးတွဲ့စွာ ခါယမ်းလိုက်သည်။
“ကဲ လာ”
မောင်ညွန့်တင်၏ အင်္ကျီလက်မောင်း ပွပွကြီးကိုဆွဲပြီး ဦးဘာဆာမြား၏ ကုန်စုံဆိုင်ကြီးထဲသို့ ဆွဲသွင်းသွားတော့သည်။
“ဦးလေး ပုသိမ်ဟာလဝါ တစ်ဘူးဘယ်လောက်လဲ ”
“ဘူးကြီး နားကျပ်၊ ဘူးတေး တုန်းကျပ် ကန်မာကလေး”
“ဘူးကြီးတစ်ဘူး ပေးပါ ”
ကုလားကြီးသည် ပုသိမ်ဟာလဝါဘူးကြီး တစ်ဘူးကို ချိတ်မှဖြုတ်ယူပြီး မအေးနုလက်သို့ လှမ်းပေးလိုက်သည်။
“ဦးလေး နေ့လည်ကျရင် ကျွန်မ ပိုက်ဆံလာပေးပါ့ မယ်၊ မယုံရင် ရော့ ဒီဆွဲကြိုး ယူလားလိုက်”
လည်ပင်းမှဆွဲကြိုးကို ချွတ်ယူပြီး ကုလားကြီးဦးဘာဆာမြား ရင်ဘတ်ဆီသို့ ပစ်ပေးလိုက်သည်။ ကုလားကြီး ကြောင်သွားပြီးမှ သတိရပြီး လှမ်းအော်လိုက်သည်။
“ဟေ့ ကန်မာကလေး နာမယူဘူး၊ ပြန်ယူသွား နင့်ဆွဲကြီး၊ ပွန်ဆန်နားကျပ်လာပေးရင် ပြီးရောပေါ့၊ အလကား ဆုတ်တယ် ”
ကုလားကြီး၏လက်မှ ဆွဲကြိုးကို ပြန်ယူဝတ်ပြီး ဟာလဝါဘူးကြီးကို မောင်ညွန့်တင်လက်သို့ ထည့်ပေးလိုက်သည်။ နောက်ကျနေကြပြီဖြစ်၍ မပြေးရုံလေး လျှောက်သွားကြသည်။
ဆရာကြီးအိမ် အပေါ်ထပ်တွင် ဆရာကြီးနှင့် ဆရာကြီးကတော်တို့သည် ကုလားထိုင်တစ်လုံးစီပေါ်တွင် ထိုင်နေကြပြီး ဝမ်းသာကြည်နူးမှု အပြုံးတွေကိုယ်စီဖြင့် တပည့်လေးတွေကို ကြည့်နေကြသည်။
မိဘတို့မည်သည် သားသမီးတွေ ထွန်းထွန်းပေါက်ပေါက် ဖြစ်တာမြင်က ဝမ်းသာကြည်နူးကြသည်။
ဆရာတို့မည်သည်မှာလည်း မိမိတပည့်တွေ အောင်မြင်တာ မြင်ရတော့ ဝမ်းသာပီတိ ဖြစ်ကြသည်။ လှိုက်လှဲဝမ်းသာသည့် ပီတိအပြုံးမျိုး ဆိုသည်မှာ တစ်သက်တစ်ခါ ကြုံတောင့်ကြုံခဲ မြင်တွေ့ရခဲလှ ပေသည်။
ဝမ်းသာလွန်းလို့ ဆရာကြီးနှင့် ဆရာကြီးကတော်တို့ ပီတိမျက်ရည် သီသီဝေနေဩသည်။ လက်ထောက်ဆရာမလေးသည် ဆရာကြီးကတော်၏ ကုလားထိုင်အနီးက ကြမ်းပြင်ပေါ်တွင် ဖျာခင်း၍ ထိုင်နေသည်။ ထမင်းစားစားပွဲဝိုင်းကြီးပေါ်တွင်မူ တပည့်လေးတွေ ယူလာကြသည့် လက်ဆောင်ပစ္စည်းတွေဖြင့် ပြည့်နေသည်။
နောက်ကျနေသော မအေးနုနှင့် လက်ဆောင်ပစ္စည်း တွေထဲမှာ အကောင်းဆုံးဖြစ်နိုင်သည့် ပုသိမ်ဟလဝါဘူးကြီးကို ဆွဲလာသော မောင်ညွန့်တင်ကို ဆရာကြီးက တအံ့တဩကြည့်နေသည်။
လူစုံပြီဖြစ်၍ ဩကာသရွတ်ဆိုပြီး ကန်တော့ကြသည်။ ဩကာသဆုံး၍ ညီညီညာညာ ဦးချကန်တော့လိုက်ကြသောအခါ ဆရာကြီးက အားရပါးရ ဆုပေးပါသည်။
“သာဓု သာဓု သာဓု၊ လိုအပ်သောဆုနှင့် တစ်လုံးတစ်ဝ ပြည့်စုံကြပါစေ၊ ငါ့တပည့်တွေ အခုလို ဆရာ့ကို ကန်တော့ကြသော အကျိုးကြောင့် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာ ထက်မြက်ခြင်းတို့နှင့် ပြည့်စုံကြ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ မိနှင့်ဘနှင့် အိုအောင်မင်းအောင် ပေါင်းသင်းကြရခြင်းဆိုတဲ့ ဆုထူးကြီးကို ခံစားကြပြီးလျှင် ဘဝတိုတိုနှင့် မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်ကြပါစေ၊ မဂ်ဖိုလ်မရမီစပ်ကြား ဖြစ်လေရာဘဝများစွာ သံသရာမှာ လူဖြစ်လျှင်လည်း လူချမ်းသာ၊ နတ်ဖြစ်လျှင်လည်း နတ်ချမ်းသာ စသော ဝိသာခါ အနာထပိဏ်တို့ကဲ့သို့ စည်းစိမ်ဥစ္စာ ရတနာ ရွှေ ငွေ ပေါများသော ဘုရားဒါယကာ၊ ကျောင်းဒါယကာများ ဖြစ်၍ အသက်ရာကျော်ရှည်ကြပါစေဗျာ၊ ဆရာ့တပည့်တွေ ကျန်းမာကြပါစေ ”
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ”
ပြိုင်တူအော်ကြပြီး ဦးသုံးကြိမ်ချ ကန်တော့လိုက်ကြ သည်။ ကြမ်းပေါ်တွင် ကျုံ့ကျုံ့ကလေးတွေထိုင်ကြပြီး ဆရာကြီးပြောကြားလာမည့် သြဝါဒစကားတွေကို နားထောင်နေကြသည်။
တပည့်တို့ကို ဝမ်းသာစရာတစ်ခု ပြောရဦးမယ်၊ ဆရာ တို့ရွာအတွက် အလယ်တန်းကျောင်း ပြန်ချပေးဖို့ အမိန့်ကျနေပါပြီ၊ နယ်မြေ မအေးချမ်းလို့ ခေတ္တရုပ်သိမ်းထားခဲ့တာ အခု ပြန်ရပါတော့မယ်၊ နောက်နှစ်လောက်မှာ ကျောင်းပြန်ဖွင့်နိုင်လိမ့် မယ်လို့ ဆရာထင်တယ်။
အဓိက ပြဿနာကတော့ အဆောက်အဦးပြဿနာပဲ၊ အရင် မီးလောင်သွားတဲ့ ကျောင်းကြီးထက်ကြီးတဲ့ အဆောက်အဦးဆောက်ဖို့ ရည်ရွယ်တယ်လို့ ဆရာ သိခဲ့ရတယ်။ ခရိုင်ပညာဝန်ကြီး မကြာခင် ရွာကို လာပါလိမ့်မယ်။
မကြာခင် အကောင်အထည် ပေါ်ပါတော့မယ်။ ဒီနှစ်အောင်ကြတဲ့ တပည့်တွေအတွက်ကတော့ နည်းနည်း ကသီလင်တနိုင်သွားပြီပေါ့ကွယ်။ တတ်နိုင်တဲ့သူတွေက မြို့ကျောင်းကို သွားတက်ကြ၊ မတတ်နိုင်တဲ့သူတွေကတော့ စောင့်ကြရလိမ့်မယ်။
ဒါပေမယ့် အားမငယ်ပါနဲ။ ဆရာ့အိမ်မှာ ငါးတန်း၊ ခြောက်တန်း အလွတ်သင်နိုင်အောင် ဆရာကြိုးစားကြည့်ပါဦးမယ်။ ဒီက မင်းတို့ရဲ့ ဆရာမလည်း ရှိနေပြီပဲ။ ဆရာတို့ တိုင်ပင်ပါဦးမယ်။ စိတ်ဓာတ် မကျကြပါနဲ့နော်။
အေး အေး သာဓုကွယ် .သာဓု၊ ဒါနဲ့ မောင်ညွန့်တင်က ဘယ်က ပိုက်ဆံရလို့ ဟာလဝါဘူးကြီး ဝယ်လာ တာလဲကွဲ့ ”
ဆရာကြီးသည် တပည့်မောင်ညွန့်တင်ကို ကရုဏာ မျက်လုံးများဖြင့်ကြည့်ပြီး မေးလိုက်သည်။ မောင်ညွန့်တင်၏ အဖြေကို အားလုံးက စိတ်ဝင်စားစွာ နားထောင်နေကြသည်။
မောင်ညွန့်တင်ထံမှ ဘာသံမှ ထွက်မလာဘဲ ခေါင်းငုံ့ထားသဖြင့် မျက်လုံးပေါင်းစုံ ဝိုင်းကြည့်ခြင်းခံနေရသည်။
မောင်ညွန့်တင်မှာ ပုသိမ်ဟာလဝါဘူကြီး ဝယ်နိုင်ရန် ပိုက်ဆံငါးကျပ်မပြောနှင့် ငါးပြားတောင် မကိုင်နိုင်တာကို လူတိုင်းသိနေကြ၍ဖြစ်သည်။
“သူ့မှာ ဝယ်စရာ ပိုက်ဆံမရှိလို့ ကျွန်မ ဝယ်ပေးလိုက် တာပါ ဆရာကြီး”
မအေးနုက ဝင်ပြောလိုက်ရာ ဆရာကြီးမှာ တအံ့တဩ ဖြစ်ပြီး ပါးစပ်မှ “ဟေ” ဟု အသံထွက်သွားသည်။
ကျောင်းသားများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိစိ လုပ်နေကြသည်။ မြင့်နိုင်ဦးတို့ အုပ်စုကတော့ ဆရာကြီးမမြင်အောင် ကျိတ်ပြီး ရယ်နေကြသည်။
မောင်ညွန့်တင်ခမျာ ရှက်လွန်း၍ ခေါင်းကိုငုံ့ထားလိုက်သည်မှာ ဒူးနှစ်လုံးကြားထဲ ဝင်လုမတတ် ဖြစ်နေတော့သည်။
ဆရာကြီးသည် မောင်ညွန့်တင်ကို ကရုဏာအပြည့်ပါသော မျက်လုံးများဖြင့်ကြည့်ပြီး ခေါင်းတညိမ့်ညိမ့်လုပ်ရင်း တဖြည်းဖြည်း ပြုံးလာသည်။ ပြီးတော့မှ လေးနက်သောစကားကို မိန့်ကြားလေသည်။
တပည့် မောင်ညွန့်တင်ရဲ့သဒ္ဓါတရားနဲ့ တပည့်မလေး မအေးနုရဲ့ စေတနာကို ဆရာအသိအမှတ်ပြုတယ်ဟေ့၊ ဒါပေမယ့် တပည့်တို့ ဒီနေ့ကစပြီး မှတ်သွားကြစမ်းကွဲ့၊ ရတနာသုံးပါး နဲ့ ဆရာမိဘတည်းဟူသော အနန္တောအနန္တငါးပါးကို ပူဇော်ကန်တော့ရာမှာ ဘာလက်ဆောင်မှ ပါစရာမလိုပါဘူးကွဲ့။
တစ်ခုပဲ ပါဖို့လိုတယ်။ အဲဒါက ဘာလဲဆိုတော့ ရိုသေလေးစားခြင်းတည်းဟူသော ဂရုဂါဝရ စေတနာသဒ္ဓါတရားလက်ဆောင်ပစ္စည်းတစ်ခုတည်းနှင့် လက်အုပ်ချီပြီး ကန်တော့ရင် လုံလောက် ပါပြီ။ အလွန်ရှားပါးပြီး တန်ဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းပါပဲ။ ဆရာသမားတို့မည်သည် မနိုင်ရင်ကာလာကန်တော့တဲ့ တပည့်ရဲ့ လက်ဆောင်ပစ္စည်းမျိုးကို သိလျက်နဲ့ လက်မခံကောင်းဘူး ကွယ့်နော်၊ မှတ်ထားကြ
အေး … အေး သာဓုကွယ် … သာဓု ။ ဣစ္ဆိတံ ပတ္တိတံ တုံယှံ ခိပ္ပမေဝ သမိဇ္ဖတု ။ ငါ့တပည့်တို့ လိုအပ် သောဆုနှင့် ပြည့်စုံကြပါစေ။ ကဲ အိမ်ကို ဖြောင့်ဖြောင့်တန်းတန်းပြန်ကြ”
ကျောင်းသားများ အားလုံးပင် ဆရာကြီးကို ကန်တော့လိုက်ကြပြီး ထိုင်ရာမှ ထလိုက်ကြသည်။
မြင့်နိုင်ဦးနှင့် အပေါင်း အသင်းတစ်စုက လှေကားသို့ အလျင်ဦးအောင် ပြေးသွားကြသည်။
လမ်းပေါ်ရောက်တော့လည်း အော်ဟစ်ခုန်ပေါက်ပြီး ကြွားလိုက်သေးသည်။
“တို့ကတော့ မြို့ကျောင်းတက်မယ်ကွ။ မြို့မှာ ငါတို့ အဒေါ်နဲ့ ဦးလေးရှိတယ်။ ကျောင်းနဲ့ နီးနီးလေးပဲ။
ဂါးသမ္ဗာန်ပိုင်ရှင် ကုန်သည်သူဌေးသား အောင်တင်ကလည်း အားကျမခံ ကြွားပြန်သည်။
“ငါတို့အဖေက ငါ့ကို မြို့ကျောင်းလိုက်ပို့ဖို့ နွားလှည်းတောင် ပြင်ထားပြီးပါပြီကွ။ ရုပ်ရှင်ရုံနားက ငါ့အစ်မအိမ်မှာ နေရမှာ”
ကိန္နရီချောင်းရွာကြီးမှ သံတွဲမြို့သို့ မိုင်လေးဆယ်ဝေးသဖြင့် ကလေးများ ခြေကျင်မသွားနိုင်ကြ။ လူကြီးများသာ တစ်ညအိပ်ခရီးဖြင့် ခြေကျင်သွားကြသည်။
မြို့သွားလမ်းသည် တော်လှန်ရေးကာလအတွင်းက ရေတိုက်စား၍ ချောက်ကြီးတွေဖြစ်ပြီး နွားလှည်းပင် ခက်ခက်ခဲခဲ မောင်းနေရသည်။
သံတွဲမြို့မှ ထွက်လာသော မော်တော်ကားများသည် မြို့မှ ဆယ်မိုက်အကွာ ဇလွန်ရွာတွင် ခရီးဆုံးတော့သည်။
“လှဖေ မင်းကော မြို့ကျောင်းတက်မှာလား “
ဆရာကြီးအိမ်ပေါ်မှ ဆင်းလာကြ၍ လမ်းပေါ်ရောက် သောအခါ မောင်ညွန့်တင်က ကျောင်းမှာ တစ်ခုံတည်းအတူထိုင်သော သူငယ်ချင်း လှဖေကို မေးစမ်းကြည့်ရသည်။
လှဖေမှာ မိစုံဘစုံရှိသော်လည်း ဆင်းရဲသား လယ်သမားသားဖြစ်၍ သိပ်တော့ မျှော်လင့်ချက်ရှိပုံမရ၍ မေးကြည့်မိခြင်းဖြစ်သည်။
“မသိပါဘူးကွာ၊ အဖေက ဘာမှ မပြောသေးဘူး”
မအေးနုတို့ မမြရွှေတို့ မိန်းကလေးအုပ်စု အနားရောက် လာကြသဖြင့် တစ်ယောက်တစ်ပေါက် ဆူညံလာသည်။
တရွေ့ရွေ့လျှောက်လာကြရင်း ကိုယ့်အိမ်ရှေ့ရောက်လျှင် ဝင်သွားကြသမို့ တဖြည်းဖြည်း လူစုကွဲသွားကြသည်။
ဘုန်းကြီးကျောင်းပိုင်း သို့ပြန်ရမည့် လှဖေနှင့် မောင်ညွန့်တင်တို့က လမ်းဆုံအထိ အတူသွားရမည့် မအေးနုကိုစောင့်ပြီး အတူလျှောက်လာကြသည်။
“အေးနုမ ကျေးဇူးတင်တယ်ကွာ။ နင့်ကျေးဇူးကို ငါ ဘယ်တော့မှ မမေ့ဘူး။ တစ်နေ့နေ့မှာ ငါတတ်နိုင်တဲ့ နည်းနဲ့ နင့်ကို ကျေးဇူးဆပ်မယ်”
“မလိုပါဘူး ညွန့်တင်ရယ်၊ ဒီလောက်ကလေးကငါ့ အတွက် အပန်းမကြီးပါဘူး။ ဒီအတွက်တော့ ကျေးဇူးမတင်ပါနဲ့။ နင့်ရဲ့စေတနာကို ဆရာကြီးသိခွင့်ရသွားတာကိုပဲ ငါက ဝမ်းသာလှပါပြီ ”
သင်္ချာနှစ်ပုဒ်မှား၍ မိန်းကလေးတန်မဲ့ အရိုက်ခံရတော့မည့်အခြေအနေမှ မိမိကိုယ်တိုင် အရိုက်ခံပြီး ကယ်တင်ခဲ့စဉ်က မအေးနုက ကျေးဇူးတင်စကား ပြောလာသည်ကို မိမိက ပြန်ပြောခဲ့သည့် လေသံအတိုင်း ယခု မအေးနုက ပြန်ပြောလိုက်ခြင်းဖြစ် သည်ဟု မောင်ညွန့်တင် သဘောပေါက်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် မအေးနုကတော့ သူတတ်နိုင်သည့် နည်းဖြင့် ကျေးဇူးတုန့်ပြန်တတ်ကြောင်း လက်တွေ့ပြသွားပေပြီ။ မိမိကရော ဘယ်အချိန်မှာ ဘယ်လိုကျေးဇူး တုံ့ပြန်နိုင်ပါ့မလဲဟု မောင်ညွန့်တင် စဉ်းစားနေမိသည်။
“နင်ကော မြို့ကျောင်းကြီး တက်မှာလားဟင်”
– ဆက်ရန် –
စာရေးသူ – အဏ္ဏဝါစိုးမိုး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ