ဖေးလို့မသား(စ/ဆုံး)
——————–
“အမယ်လေး ကျွတ်ကျွတ်ကျွတ်
ခါးကလည်းနာလိုက်တာနော်
အသက်ကြီးလာရင်ဘာမှကို
မကောင်းပါလာနော်”
“အမေ ဘာဖြစ်လို့လဲဟင်”
“စျေးရောင်းသွားမလို့ စျေးဗန်းကိုရွက်လိုက်တာခါးကနာနေတယ်သားရယ်”
“ဒါများအမေရယ်သားကိုခိုင်းရောပေါ့
ကဲကဲ သားပင့်ပေးမယ်နော်အမေ”
“အေးအေး ကျေးဇူးတင်ပါတယ်
သားရယ်၊မွေးထားတဲ့သားသမီး
အရင်းတွေကဘာမှသုံးစားမရကြဘူး
သားကတော့အမေ့သားအရင်း
မဟုတ်တာတောင်အမေ့ကို
အစစအရာရာဂရုစိုက်ပေးလို့
အမေဝမ်းသာရပါတယ်သားရယ်”
“သြော်အမေရယ်
ဒါတွေပြောမနေပါနဲ့ဗျာ
ကျွန်တော်ဆိုတာကအမေလည်းမရှိ
အဖေလည်းမရှိတဲ့တစ်ကောင်ကြွက်ဘဝပါအမေ။
အမေလို့ခေါ်စရာမရှိတော့တဲ့သားဘဝမှာ
အန်တီဟာသားအမေလိုပါပဲဗျာ”
“သားကလည်းအမေ့သား
အရင်းလိုပါပဲသားရယ်
ကဲအမေသွားပြီနော်”
“ဟုတ်အမေ”
အသက်အရွယ်နဲ့မလိုက်
စျေးဗန်းကြီးခေါ်င်းပေါ်တင်ကာ
အရပ်တကာလှည့်ရောင်းနေရသည့်
ဒေါ်တင်မိကိုကြည့်ကာ သန်းနိုင်
တစ်ယောက်စိတ်မကောင်းဖြစ်နေမိသည်
ဒေါ်တင်မိတွင်သားတစ်ယောက်
သမီးတစ်ယောက်ရှိပါသော်လည်း
မိခင်အိုကြီးအားယောင်လို့တောင်
လှည့်မကြည့်ကြချေ။
သားဖြစ်သူကိုတင်မောင်စန်းသည်လည်း
အိမ်ထောင်ကျပြီးသည့်တိုင်အောင်
မိခင်ကြီးအားစိတ်ဒုက္ခအမျိုးမျိုး
ပေးလေသည်။
နေ့စဥ်နေ့တိုင်းအရက်ဖိုးလာတောင်း
သည်မှာအကြိမ်ပေါင်းမရေနိုင်တော့
အသာတကြည်တောင်း၍မရသည့်
နေ့များတွင်မိခင်ကြီးအား အော်ဟစ်ဆဲဆိုကာတောင်းပြန်သည်။
ထို့ကြောင့်အရပ်ထဲကကိုတင်မောင်စန်းအားဝိုင်းဝန်းပြစ်တင်ပြောကြလေသည်
ပတ်ဝန်းကျင်ကမည်ကဲ့သို့ပင်
ပြောစေကာမူ ကိုတင်မောင်စန်းကတော့
မိခင်ကြီးထံ၌အရက်ဖိုးတောင်းစမြဲပင်
သမီးဖြစ်သူမတင်မေသည်လည်း
အစ်ကိုနှင့်အပြိုင်ဆိုးသွမ်းတတ်သူ
ဖြစ်သည်။
မိန်းမပျိုဖြစ်ပေမယ့် ယောကျာ်းများနှင့်ရင်ဘောင်တန်းကာ ဖဲရိုက်တတ်သူ
ဖြစ်သည်။
ဖဲရိုက်ရမည်ဆိုလျှင်ထမင်းမေ့ဟင်းမေ့
ဆော့ကစားတတ်သူဖြစ်သည်။
ဖဲရိုက်ဖို့အတွက်မိခင်ကြီးထံမှ
လက်ဝါးဖြန့်တောင်းလေသည်။
အလုပ်လုပ်ကာငွေရှာဖို့အရေး
မိခင်ကြီးကပြောဆိုဆုံးမပေမယ့်
ပြောစကားနားမထောင်လုပ်ချင်ရာသာ
လုပ်နေတော့သည်။
ဖဲရိုက်ဖို့အတွက်ပိုက်ဆံမရှိလျှင်
အိမ်တွင်ရှိသောပစ္စည်းတစ်ခုခုအား
ရသည့်စျေးကြောင့်ရောင်းကာ
ဖဲရိုက်တတ်လေသည်။
သားဆိုးသမီးဆိုးနှစ်ယောက်ကြောင့်
မိခင်ကြီးဒေါ်တင်မိမှာနေ့ရောညပါ
သောကအဖြာဖြာရနေတော့သည်။
တစ်ခါတစ်ရံမိမိကိုယ်ကိုယ်သ.တ်သေကာဒီဘဝကြီးမှထွက်သွားချင်မိသည်။
သို့ပေမယ့်ဘုရားဟောသည့်
အဖန်ငါးရာငါးကမ္ဘာအားကြောက်မိသ
ဖြင့်မိမိစိတ်ကိုမိမိထိန်းထားရလေသည်။
(အခန်း၂)
“အမေ အမေ့ အမေမရှိဘူးလား”
အိမ်ရှေ့မှနေ၍အသံဆိုးဖြင့်
အော်ဟစ်နေသည့်အသံအား
ဒေါ်တင်မိတစ်ယောက်စိတ်ပျက်စွာဖြင့်
ကြားလိုက်ရသည်။
ထို့ကြောင့်လျှော်လက်စအဝတ်များအား
ပစ်ထားပြီးအိမ်ရှေ့သို့ထွက်လာခဲ့သည်။
“အမေ့ ”
“ဟဲ့ဘာလဲအကောင်
ငါ့အိမ်ရှေ့လာပြီး
အော်ကြီးဟစ်ကျယ်နဲ့ဘာလာလုပ်တာလဲ”
“ခင်ဗျားဆီလာတာပိုက်ဆံတောင်း
ချင်လို့ပေါ့ဗျ”
“နင်တောင်းတိုင်းပေးရအောင်
နင်ကငါ့ကိုဘယ်နှပြားအပ်နေ
လို့လဲအကောင်ရဲ့”
“အမေ ခင်ဗျားကျုပ်ကိုအကောင်လို့
မခေါ်နဲ့၊ကျုပ်တိရစ္ဆာန်မဟုတ်ဘူးဗျ”
“အေး,တိရစ္ဆာန်ကမှ
ပြန်ရောင်းစားရင်မွေးထားတဲ့လူကို
အကျိုးကျေးဇူးပြုသေးတယ်။
မင်းလိုကောင်ကတိရစ္ဆာန်လောက်တောင်
တန်ဖိုးမရှိဘူးဟဲ့ အကောင်ရဲ့”
“တော်ဗျာ နားငြီးတယ်
ကျုပ်အရက်သောက်ချင်တယ်
ကျုပ်ကိုအရက်ဖိုးပေးစမ်းဗျာ”
“မပေးနိုင်ဘူး နင့်ဟာနင်
အလုပ်လုပ်ပြီးရှာသောက်ပေါ့”
“အသာတကြည်တောင်းတုန်း
ပေးရင်ပေးနော် မဟုတ်လို့ကတော့
ကျုပ်အဆိုးမဆိုနဲ့”
“မပေးတော့မင်းကဘာလုပ်ချင်တုန်း”
“လုတယ်ဗျာ”
“ဟဲ့အကောင် မပေးဘူးလို့ပြောနေတယ်နော်၊နင်လွှတ်စမ်း”
သားဖြစ်သူကိုတင်မောင်စန်းက
မိခင်အိပ်ကပ်ထဲမှပိုက်ဆံအား
အသည်းအသန်လုယူတော့သည်။
“မပေးဘူးလို့ငါပြောနေတယ်
အကောင်စုတ်ရဲ့ နင်ဖယ်စမ်း”
“ကဲကွာဒီလောက်ရှိလှတာ သွားစမ်းအဖွားကြီး”
“အမယ်လေး”
ယောကျာ်းအားဖြင့်အတင်းလုယူကာ
တွန်းချလိုက်သည့်အတွက်ဒေါ်တင်မိ
တစ်ယောက်မြေပေါ်သို့ပက်လတ်လန်
ကာလဲကျသွားတော့သည်။
အထိတ်တလန့်ဖြင့် မြေပြင်အား
လက်ဖြင့်ထောက်မိရာ လက်မှာအကြောထုံးသွားပြီး အသည်းခိုက်မတက်နာကျင်သွားရလေသည်။
သားဖြစ်တဲ့ကိုတင်မောင်စန်းကတော့
မိခင်အားလှည့်ပင်မကြည့်ပဲ
ထွက်သွားလေသည်။
“အားကျွတ်ကျွတ်ကျွတ်
နာလိုက်တာ ဘုရားဘုရား
ဒင်းလိုသားဆိုးသားမိုက်ကို
နတ်ကောင်းနတ်မြတ်များဒီအတိုင်း
ကြည့်မနေကြပါနဲ့ အဟင့်အဟင့်
ဟီးဟီးဟီး”
ဒေါ်တင်မိတစ်ယောက် ခိုက်မိ၍
နာသည်ကတစ်ကြောင်း၊မိမိမွေး
ထုတ်ထားသည့်သားဖြစ်သူက
မိမိအားကိုယ်ထိလက်ရောက်
စော်ကားသွားခြင်းကြောင့်
ဝမ်းနည်းကာချုံးပွဲချငိုနေမိတော့
သည်။
“အမေ အမေ ဘာဖြစ်တာလဲဟင်
အမေငိုသံကြားလို့သားလာကြည့်တာ”
မောင်သန်းနိုင်ရောက်လာပြီး
ဒေါ်တင်မိအားပွေ့ထူပေးလိုက်သည်။
“အမေ ဒီတန်းလျားပေါ်ထိုင်လိုက်နော်
ဟင်,အမေလက်ကယောင်ကိုင်းလို့ပါလား”
“ဟုတ်တယ်သား
ဟိုသားဆိုးသားမိုက်ကအမေ့ကို
တွန်းချပြီးအမေ့ဆီကပိုက်ဆံကို
အတင်းလုယူသွားလို့။
အမေ့လက်ခိုက်မိသွားတယ်သားရယ်”
“အကြောထုံးသွားတာထင်တယ်
ခဏနေဦးနော်အမေ သားရွာထဲက
အကြောပြင်ဆရာကိုသွားပင့်ပေးမယ်”
“အေးအေး ”
မောင်သန်းနိုင်လည်းသုတ်ခြေတင်ပြေး
ကာအကြောပြင်ဆရာအားသွားခေါ်
တော့သည်။
သိပ်မကြာလိုက်ပေ
မောင်းသန်းနိုင်နှင့်အတူအကြောပြင်ရောကြီးပါတပါတည်းပါလာခဲ့သည်။
“အမေ ဒီမှာဆရာပင့်လာခဲ့ပြီ”
“ပြစမ်းပါဦး ဒေါ်ရီးရဲ့
လက်ကတော်တော်ယောင်နေတာပဲ”
အကြောပြင်ဆရာကဒေါ်တင်မိရဲ့
လက်အားစမ်းသပ်ကြည့်လိုက်သည်။
“တော်သေးတာပေါ့ကျိုးမသွားတာ
အဆစ်လေးပဲလွဲသွားတာပါ။
“ဟုတ်ကဲ့ဆရာ”
“အင်း,ဒေါ်ရီးဆေးလိမ်းတဲ့အခါ
နှိပ်လိမ်းလိမ်းမှာဖြစ်တဲ့အတွက်
နည်းနည်းတော့နာမယ်နော်”
“ဟုတ် ဟုတ်ကဲ့ပါဆရာ”
အကြောပြင်ဆရာကြီးက
လွယ်အိတ်ထဲမှဆေးဘူးအား
ထုတ်ကာဘူးအတွင်းမှဆေးရည်များ
အားဒေါ်တင်မိလက်အားလိမ်းပေးလေ
သည်။
“အား နာနာ တယ်ဆရာ”
“ခဏတော့သည်းခံပါဗျာ
အရေပြားထဲစိမ့်နေအောင်လိမ်းရတာရယ်၊လွဲနေတဲ့အကြောကိုပြန်တည့်နေရတာကြောင့်နာနေတာပါ”
အကြောပြင်ဆရာကြီးက
ပြောပြောဆိုဆိုဒေါ်တင်မိလက်အား
ဆတ်ခနဲဆွဲစောင့်လိုက်သည်။
“ဖျောက်”
“အမယ်လေး”
“ကဲ,အဆစ်တော့တည့်ပေးပြီးပြီ
ဒီဆေးပဝါလေးကိုမသက်သာမချင်း
စည်းထားရမယ်နော်။
ပြီးတော့ကျွန်တော်ဆေးဘူးလေးပေးခဲ့မယ်၊ဒီဆေးလေးကိုမနက်တစ်ခါ
နေ့လယ်တစ်ခါ၊ညတစ်ခါလိမ်းပေးပါ
မကြာခင်သက်သာသွားပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်ဆရာ
ဒါ ဒါ ဒါပေမယ့်ဆရာ့ကိုပေးဖို့
ဆေး ဆေး ဆေးဖိုးက”
“မပူပါနဲ့အမေရာ သားပေးလိုက်ပါ့မယ်”
“နေပါစေ ဘယ်သူမှဆေးဖိုးမပေးပါနဲ့
အသက်ကြီးတဲ့သူကိုကုသိုလ်လုပ်ဆယ်လို့သဘောထားလိုက်ပါ”
“သာဓုပါဆရာရယ် သာဓုသာဓု”
“ကဲ ဒေါ်ရီးကျွန်တော့်ကိုပြန်ခွင့်ပြုပါအုံး
“ဆရာကျွန်တော်လိုက်ပို့ပါရစေ”
“ကောင်းပါပြီ”
မောင်သန်းနိုင်ကဆရာဖြစ်သူအား
ပြန်လိုက်ပို့ပေးလေသည်။
“အမေ”
“သြော်သားပြန်လာပြီလား”
“ပြန်လာပြီအမေရဲ့
ဒါနဲ့အမေနောက်ရက်စျေးရောင်းမထွက်ပါနဲ့အုံး”
“ဘာဖြစ်လို့လဲသားရဲ့ အမေသွားနိုင်ပါတယ်”
“မဟုတ်တာပဲအမေရာ
ကိုယ့်မှာဒီလောက်ဖြစ်ထားတာ
စျေးရောင်းသွားလို့ဘယ်ဖြစ်မလဲ။
တစ်ရက်တစ်လေနားနားနေနေ
နေအုံးမှပေါ့”
“သြော်သားရယ် အမေလည်းနားချင်တာပေါ့၊ဒါပေမယ့် အမေတို့ဘဝတွေက
တစ်နေ့လုပ်မှတစ်နေ့စားရတာမလား
မထွက်လို့မဖြစ်ပါဘူးသားရယ်”
“အမေကလည်းဘာမှပူမနေနဲ့
သားအိမ်ကနေပြီးအမေ့အတွက်
ထမင်းတွေဟင်းတွေလာပို့ပေးမယ်
စိတ်ချ”
“အမေတစ်ယောက်စာက
မစားရလို့ဘာမှမဖြစ်ဘူး
အိမ်မှာကတင်မေလည်းရှိသေးတယ်
သားရဲ့”
“ရပါတယ်အမေရဲ့
သူ့တစ်ယောက်စာတော့ဘာမှ
အပန်းမကြီးပါဘူး”
“သြော်သားရယ်
မင်းမလည်းဘာမှသွေးမတော်သား
မစပ်ပဲအမေတို့ရဲ့ဒုက္ခတွေကို
လာခံနေရပါလား”
“အမေရယ် သားကတော့
အဲဒါတွေကိုဒုက္ခလို့မမြင်မိပါဘူး
သားအမေရှိစဥ်အခါတုန်းကလည်း
ဒီလိုပဲအမေ့ကိုပြုစုလုပ်ကိုင်ပေးခဲ့တာဗျ
အမေမရှိတော့တဲ့နောက်ပိုင်း
အန်တီဟာသားရဲ့အမေပါပဲ
ဟိုစကားပုံလည်းအမေကြားဖူးမှာပေါ့
တစ်လုပ်စားဖူးသူ့ကျေးဇူးတဲ့”
“ဟွန်,အမေကသားကိုဘာမှမကျွေးဖူးပါဘူးသာရဲ့၊ဒီစကားပုံနဲ့ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့အမေရဲ့ဆိုင်တာမှ
သိပ်ဆိုင်၊သားမွေးခါစကသားအမေရဲ့နို့မှာအနာတွေပေါက်လို့သားအမေရဲ့နို့ကို
ကောင်းကောင်းမစို့ခဲ့ရဘူး။
အဲဒါနဲ့အိမ်နီးချင်းဖြစ်တဲ့အန်တီဒေါ်မိကပဲသားကိုနို့တိုက်ခဲ့တာလို့အမေကပြောတယ်။
ဒါကြောင့်အန်တီဟာလည်း
သားရဲ့အသက်သခင်ကျေးဇူးရှင်
အမေပါပဲ”
“မှတ်မိပြီ မှတ်မိပြီ တင်မေနဲ့
မင်းနဲ့ကမီးဝင်မီးထွက်ပဲကွာတာ
မင်းအမေမစိုးဖြူကနို့မှာအနာတွေ
ပေါက်လို့ မင်းကိုငါကနို့တိုက်ခဲ့ရတာ
အင်းအင်း မင်းတောင်ဒီအရွယ်ကို
ရောက်မှန်းမသိရောက်လာပြီပေါ့
သားရဲ့။
မင်းသာအမေ့ရဲ့သားအရင်းသာဆို
ဘယ်လောက်ကောင်းလိုက်မလဲကွယ်”
“အခုလည်းသားကအမေ့သားပဲ
မဟုတ်လား”
“ဟုတ်ပါတယ်သားရယ်”
“အမေ အမေ သမီးပြန်လာပြီ
သမီးအတွက်ဘာချက်ထားလဲ
မနေ့ကလိုတော့အရွက်ပေါင်းစုံချက်
တစ်ခွက်တည်းနဲ့တော့မကျွေးနဲ့နော်
ကျုပ်မစားနိုင်ဘူး”
“တင်မေရယ် ငါဘာဖြစ်နေလဲဆိုတာ
နင်မေးကြည့်ပါအုံး၊ငါ့မှာနင့်အစ်ကို
ကြောင့်ခိုက်မိထားတယ်ဆိုတာ
နင်မမြင်ဘူးလား”
“ကျုပ်ဒါတွေမသိချင်ဘူး
ဒီမှာအမေလူကဖဲရှုံးလို့ညစ်လာတာနော်
တခြားရှည်ရှည်ဝေးဝေးတွေ
ပြောမနေနဲ့ မကြားချင်ဘူး
ကျုပ်ဖို့ထမင်းသာသွားခူးပေး”
“ဘာရယ် ညည်းမှာလက်မပါဘူးလား
မအေတစ်ယောက်လုံး ဒီလောက်ဖြစ်နေတာတောင်ထမင်းခူးခိုင်းနေသေးတယ်
မွေးရကျိုးနပ်လိုက်တဲ့ သားသမီးတွေ”
“ဟုတ်ပါတယ် မတင်မေရယ်
အမေလည်းလက်ကခိုက်မိထားလို့
ဘာမှမလုပ်နိုင်ဘူး။
ကိုယ့်ပါသာကိုခူးစားလိုက်ပါဗျာ”
“နေပါအုံး နင်နဲ့ဘာဆိုင်လို့
နင်ကဝင်ပြောနေတာလဲ။
အဲဒါနင့်မအေလား၊ငါ့မအေလား
ငါ့အမေကိုငါခိုင်းတာနင်ကဘာဖြစ်
နေတာလဲ။
“ခင်ဗျားတို့လုပ်ပုံမဟုတ်လို့
ကျုပ်ကဝင်ပြောနေရတာဗျ
ဒီအရွယ်တောက်ရောက်နေပြီ
ထမင်းတော့ကိုယ့်ဟာကိုယ်ခူးစားပေါ့ဗျ”
“အောင်မာ,ဘာလဲ နင်က နင့်မယားကိုခိုင်းလို့ငါ့ကိုစိတ်တိုနေတာလား
ပထွေးရဲ့”
“ခင်ဗျား မိုက်ရိုင်းလှချေလား”
“တင်မေ ညည်း ညည်းဘယ်လိုပြောလိုက်တာလဲ”
“ကြားတဲ့အတိုင်းပဲပြောလိုက်တာ”
“ဟွန်း တောက်,မိုက်ရိုင်းတဲ့ကောင်မ
မအေကိုလူမလေးခွေးမခန့်
ပြောဆိုနေတာ ညည်းငါ့ရှေ့ကထွက်သွား
ထွက်သွား”
“သွားမှာပါ သွားမှာပါ
တော်ကြီးကျုပ်ကိုနှင်စရာမလိုပါဘူး
ကျုပ်ကလည်းဒီအိမ်မှာနေချင်လွန်းလို့
နေနေတယ်များထင်နေသလား”
“သွား သွား ငါ့အိမ်ကိုဘယ်တော့မှ
ပြန်မလာနဲ့ ထွက်သွားကြ”
ဒေါ်တင်မိလည်းသမီးဖြစ်သူအား
စိတ်ဆိုးမာန်ဆိုးဖြင့်အော်ငေါက်ကာ
နှင်ထုတ်လိုက်သည်။
မတင်မေလည်းအဝတ်သေတ္တာအား
ဆွဲကာအိမ်မှထွက်သွားလေသည်။
“သား တင်မေပြောသွားတာတွေကို
စိတ်ထဲမထားပါနဲ့သားရယ်
ဒီကောင်မကဒီလိုပဲစကားကို
စည်းလွတ်ဝါးလွတ်ပြောတတ်တာ”
“ဘာမှမဖြစ်ပါဘူးအမေရယ်
အမေလည်းဒါတွေစိတ်ထဲထားမနေနဲ့
ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်”
“အေးပါသားရယ်”
(အခန်း၃)
“ဒေါ်တင်မိ ဒေါ်တင်မိရှိလား”
“သြော်,မပုပါလား လာလေအိမ်ထဲဝင်ခဲ့”
“ပြောစရာရှိလို့လာခဲ့တာဒေါ်တင်မိရဲ့”
“ဘာများလဲမသိဘူး”
“ဒေါ်တင်မိသမီးအကြောင်းပြောဖို့ပါ”
“ကျွန်မသမီးအိမ်ကထွက်သွားတာ
တစ်ပတ်လောက်ရှိပြီရှင့်။
သူ့သူငယ်ချင်းအိမ်မှာနေတယ်လို့
ကြားသိရတယ်”
“တကယ်တော့အဲဒါသူငယ်ချင်းအိမ်မှာ
နေတာမဟုတ်ဘူးရှင့်၊ဟိုဘက်ရွာက
အရက်သမား၊ဖဲသမားစိန်ဖေဆိုတဲ့
ကောင်နောက်လိုက်သွားတာ”
“ဟုတ်ရဲ့လား”
“ဟုတ်ပါတယ်ဒေါ်တင်မိရဲ့
စိန်ဖေနဲ့ကျွန်မတို့နဲ့ကအမျိုးမကင်း
ကြဘူးလေ။
အဲဒီတော့သူ့အကြောင်းအကုန်လုံး
ကြားသိတာပေါ့။
စိန်ဖေမိန်းမရသွားပြီဆိုလို့
ဘယ်သူများလဲဆိုပြီးစုံစမ်းကြည့်တော့
ဒေါ်တင်မိသမီးဖြစ်နေတယ်ရှင်။
ဒီလိုအရက်သမား၊ဖဲသမားကို
ဘာလို့ယူလိုက်တာပါလိမ့်
ကျွန်မဖြင့်စဥ်းစားလို့တောင်
မရဘူး”
“အင်း,ကျွန်မကိုစိတ်ဆိုးပြီး
သူလုပ်ချင်ရာလုပ်သွားတာ
သူ့ထိုက်နဲ့သူ့ကံလို့ပဲပြောရတော့မှာပေါ့
ကောင်းလည်းစံ၊မကောင်းလည်းခံ
ရုံရှိတော့တာပဲ”
“အဲ့ကိစ္စဒေါ်တင်မိမသိမှာစိုးလို့
လာပြောပြတာ၊ကျွန်မသွားအုံးမယ်နော်”
“ကျေးဇူးပါရှင်အခုလိုလာပြောပြတာ”
မပုလည်းသတင်းစကားပါးပြီးသည်နှင့်
ပြန်ထွက်သွားလေသည်။
“အမေရေ အမေ”
“သြော်ချွေးမပါလား ဘာကိစ္စရှိလို့လဲ”
“အမေ့သားကိုတင်မောင်စန်းလေ
သွေးတွေအန်နေလို့ အခုဆေးရုံကို
ပို့ထားရတယ်”
“ဟေ,ငါ့သားဆေးရုံတင်ထားရတယ်
အခုအခြေအနေဘယ်လိုရှိတုန်း”
“အခြေအနေကဘာမှန်းမသိဘူး
အမေ့ကိုလာပြီးပြောပြတာ”
“အေးအေး အမေတစ်ခါတည်း
လိုက်ခဲ့မယ်”
ဒေါ်တင်မိလည်းတဘတ်ကလေး
ခေါင်းပေါ်တင်ပြီးဆေးရုံသို့လိုက်
လာခဲ့သည်။
“လူနာရှင်ရှိပါသလား”
“ဟုတ်ကဲ့ကျွန်မပါ
ကျွန်မကလူနာရဲ့အမျိုးသမီးပါ”
“လူနာရဲ့အခြေအနေက
အမှန်အတိုင်းပြောရရင် သိပ်အားမရဘူး
စစ်ဆေးကြည့်လိုက်တော့
လူနာရဲ့အသည်းတစ်ခုလုံးလည်း
ပျက်စိီးနေတာတွေ့ရတယ်။
အရက်ကိုလုံးလုံးမသောက်ပဲနေနိုင်ရင်
တောင်မှသူ့အသက်ကိုအာမမခံနိုင်ဘူး
ထပ်သောက်နေမယ်ဆိုရင်တော့
လူနာရဲ့အသက်ကိုမြန်မြန်ဆုံးရှုံးရရလိမ့်မယ်”
“ဟုတ်ကဲ့ပါဆရာ”
“ချွေးမဘာတဲ့လဲဟင်”
“အမေ့သားရဲ့အသည်းက
ရစရာမရှိအောင်ပျက်စီးနေပြီတဲ့
ထပ်သောက်နေမယ်ဆိုရင်
အသက်မြန်မြန်သေလိမ့်မယ်လို့
ပြောသွားတယ်အမေ”
“ဖြစ်မှဖြစ်ရလေ သားရယ်”
ဝမ်းနှင့်လွယ်ပြီးမွေးထားရသည်မို့
ဒေါ်တင်မိတစ်ယောက်သားဖြစ်သူအား
စိတ်မနာနိုင်ပဲသနားပင်သနားနေမိ
လေသည်။
တောင်းဆိုးပလုံးဆိုးကိုသာပစ်ရိုးထုံးစံ
ရှိပေမယ့်၊သားဆိုးသမီးဆိုးကိုတော့
ပစ်ရိုးထုံးစံမရှိတိုသည့်စကားပုံမှာ
ဒေါ်တင်မိအတွက်ဖွဲ့ဆိုခဲ့သည်ဟု
ပြော၍ရလောက်ပေသည်။
ကိုတင်မောင်စန်းအားတစ်ယောက်
ဆေးရုံ၌တစ်ပတ်ခန့်ကြာမြင့်ခဲ့လေ
သည်။
ဆေးရုံပေါ်၌ကျင်ကြီးကျင်ငယ်
ကိစ္စအဝဝနှင့်အလျှော်အဖွတ်များကို
ဒေါ်တင်မိနှင့်ဇနီးဖြစ်သူကလုပ်ကိုင်
ပေးခဲ့လေသည်။
ဆေးရုံမှဆင်းပြီးတစ်လခန့်တွင်တော့
ကိုတင်မောင်ဆန်းတစ်ယောက်
အသည်းရောဂါဖြင့်ဆုံးပါးသွားလေ
သည်။
ဒေါ်တင်မိတစ်ယောက်မိမိအား
ဒုက္ခပေးမည့်လူတစ်ယောက်
လျော့သွားပေမယ့် သားသမီးဆိုသော
စိတ်ကြောင့်စိတ်မကောင်းဖြစ်ရသည်မှာ
အမှန်ပင်ဖြစ်သည်။
သမီးဖြစ်တဲ့မတင်မေသည်လည်း
အိမ်ထောင်ကျပြီးကတည်းက
မိမိထံသို့ရောက်မလာသည်မှာကြာပြီ
ဖြစ်သည်။
“အမေ”
“သြော်သားပါလား လာလေ
လက်ထဲမှာလည်းပန်းကန်ကြီးနဲ့
ဘာတွေယူလာတာလဲသားရဲ့”
“အမေ့အတွက်ဗမာကြက်လေးကို
စွပ်ပြုတ်လေးလုပ်ပြီးလာပို့တာ
အမေရဲ့”
“ဒုက္ခရှာလို့သားရယ် အမေ့အတွက်
ဒါတွေမလိုပါဘူး”
“လိုတာပေါ့အမေရဲ့
အမေတို့အရွယ်ဆိုတာအားရှိနေမှ
ဖြစ်မှာပေါ့။
ပူတုန်းလေးသောက်လိုက်နော်အမေ”
“အေးပါသားရယ်”
“အမေပူတယ်နော်
ဖြည်းဖြည်းသောက်”
“သားကဒီလိုသိတတ်တော့
အမေ့မှာလေရင်ထဲဘယ်လိုကြီးမှန်း
မသိဘူး။
သေသွားတဲ့အမေ့ရဲ့သားသာ
သားလောက်သိတတ်မယ်ဆိုရင်
အမေဘယ်လောက်ပျော်ရွှင်ရမလဲ
သားရယ်။
သူဘယ်လောက်ဆိုးဆိုး သူမရှိတော့
သူ့ကိုသတိတော့ရတယ်သားရယ်”
“အမေမငိုပါနဲ့ဗျ
သေတဲ့သူကသေသွားပြီပဲ
အမေလည်းကိုယ့်ကျန်းမာရေးကို
ဂရုစိုက်မှပေါ့”
“အေးပါသားရယ်”
“အမေ”
“ဟယ်,သမီး သမီးအမေ့ဆီလာတာလား”
“ဟုတ်တယ်အမေ သမီးသူနဲ့မပေါင်းနိုင်တော့လို့အိမ်ပေါ်ကနေဆင်းလာတာ”
“ဘယ်လိုများဖြစ်ကြတာလဲသမီးရယ်”
“သူကသမီးကိုနေ့တိုင်းရိုက်နှက်နှိပ်စက်
တယ်အမေရဲ့၊သမီးသူ့ကိုမပေါင်းချင်
တော့ဘူး”
“သမီးဒီကိုထွက်လာတာ
သမီးယောကျ်ားသိရဲ့လား”
“သူသိတယ်အမေ
သူကိုယ်တိုင်သမီးကိုနှင်ချလိုက်တာ”
“လင်နဲ့မယားဆိုတာဒီလိုပါပဲ
အခန့်မသင့်ရင်ဒီလိုပဲဖြစ်တတ်ပါတယ်။
စိတ်ဆိုးတုန်းခဏပါ
သူလာခေါ်ရင်သမီးပြန်လိုက်သွားပေါ့”
“လာခေါ်လည်းမလိုက်ချင်ဘူးအမေ
သူ့ကိုသမီးကြောက်သွားပြီအမေ
အမေ့အိမ်မှာပဲတစ်သက်လုံးပဲ
နေပါရစေတော့အမေရယ်
အမေသမီးကိုနေခိုင်းမယ်မလားဟင်”
“နေရမှာပေါ့သမီးရဲ့ နေရမှာပေါ့
သမီးလာနေရင်အမေဝမ်းသာတာပေါ့”
“သမီးလည်းအမေ့အပေါ်မှာ
အမှားတွေအများကြီးလုပ်ခဲ့တဲ့
အတွက်အမေ့ကိုတောင်းပန်ပါတယ်နော်
သမီးနောင်တလည်းရပါပြီ”
“တောင်းပန်ဖို့မလိုပါဘူးသမီးရယ်
အမေခွင့်လွှတ်ပြီးသားပါကွယ်”
“ဟေး,အခုလိုသားအမိနှစ်ယောက်
ကြင်ကြင်နာနာဆက်ဆံနေတာမြင်ရလို့
ဝမ်းသာတယ်ဟေ့”
“သန်းနိုင် နင့်ကိုလည်းငါတောင်းပါတယ်”
“ရပါတယ်ဗျာ
ကျွန်တော်ဗွေမယူပါဘူး”
“ဒါနဲ့အမေအစ်ကိုကြီးဆုံးသွားပြီဆို
အစ်ကို့အသုဘကိုတောင်သမီး
လိုက်မပို့နိုင်ခဲ့ဘူးအမေ”
“ဟုတ်တယ်သမီး
သမီးအစ်ကိုကအသည်းရောဂါနဲ့
ဆုံးသွားတာကွယ့်”
“ဒါနဲ့သမီးမရှိတဲ့အခိုက်
အမေတစ်ယောက်တည်းပေါ့နော်
အမေဘယ်လိုများနေထိုင်ခဲ့ရလဲ
အမေရယ်”
“အမေတစ်ယောက်တည်း
မဟုတ်ပါဘူးသမီးရယ်။
အမေ့ကိုဖေးမတဲ့သားတစ်ယောက်လုံး
ရှိနေတာပဲ ဟုတ်တယ်နော်သား”
“ဘယ်သူလဲအမေရဲ့”
“အမေပြောတဲ့ဖေးလို့မတဲ့သားဟာကျွန်တော်ပါပဲဗျာ”
“သြော်,ထင်တော့ထင်သားပဲ
သန်းနိုင်လောက်အမေ့အပေါ်ကို
ဖေးမတာသန်းနိုင်ပဲရှိပါတယ်”
“ဒါကြောင့်အမေကပြောတာပေါ့
ဖေးမတဲ့သားအမေ့မှာရှိတယ်လို့”
“ဟား ဟား ဟားဟား
အမေကတော့မြှောက်ပြောပြီဗျာ”
“ကဲ,ဒီနေ့ကစပြီးသမီးလည်း
လိမ်လိမ်မာမာနဲ့နေပြီး အမေ့အနားမှာပဲ
နေပါတော့မယ်အမေရယ်”
“အမေအကြားချင်ဆုံးစကားပါပဲကွယ်”
ဒေါ်တင်မိလည်းသမီးဖြစ်သူနှင့်
မောင်သန်းနိုင်အားထွေးဖက်ကာ
ထားလိုက်တော့သည်။
ပြီးပါပြီ။
ဤဇာတ်လမ်းလေးအားLike.&.Share
ဖြင့်အားပေးနိုင်ပါတယ်ခင်ဗျာ
#fblifestyle #followersreelsfypシ゚viralシfypシ゚viralシalシ #followerseveryone