ဘယ့်အတွက်ကြောင့်များ(စ/ဆုံး)
———————————
“အမေခဏတိုက်အောက်ထပ်ကိုဆင်းနေပေးပါနော်၊တော်ကြာရင် ဦးလာတော့
မယ်။အမေနဲ့တွေ့ရင် မျက်နှာပူစရာကြီး”
ချောဝတီ၏ စကားအဆုံးမှာ မခင်ဝေ တိုက်အောက်ထပ်သို့ ဆင်းလာခဲ့သည်။
နေရတာကခြောက်လွှာမှာဆိုတော့အတက်အဆင်းက ဒူးကို အတော်အလုပ်ပေးရသည်။
တိုက်အောက်ဆုံးလှေခါးကိုရောက်တော့ သူ့ထက်အသက်လေးငါးနှစ်ခန့်ကြီးမည်ထင်ရသော အမျိုးသားကြီးတစ်ဦး ဝင်လာ၍ သူမဘေးသို့တိမ်းရှောင်ပေးလိုက်ရသည်။
အကောင်းစားရှပ်လက်ရှည်၊ဘောင်းဘီရှည်ကိုသပ်ယပ်ခန့်ငြားစွာဝတ်ဆင်ထားသော ထိုပုဂ္ဂိုလ်ထံမှ ရေမွှေးနံ့လည်းရလိုက်သည်။အတော်တန်ဖိုးကြီးထင်ပါရဲ့။သူ့ဘေးမှဖြတ်၍အပေါ်တက်သွားတာတောင်မွှေးရနံ့ကရနေဆဲ။အသားဖြူဖြူအရပ်မြင့်မြင့်၊ဘိုက်ကတော့အတော်လေးပူထွက်နေသော အဖိုးကြီးပေါက်စတစ်ဦးပါ။
သမီးပြောပြောနေတဲ့ဦးဆိုတာ ဒီလူကြီးလားမသိဘူး၊ကိုယ့်ရပ်ရွာမှာဆိုရင်တော့
ခဲနဲ့ပေါက်ခံရမှာသေချာတယ်၊ရန်ကုန်မြို့ကတော့ ချောဝတီတို့လို မိန်းကလေးတွေ
အတော်များများ ရှိကြလိမ့်မှာပေါ့။
တိုက်မျက်စောင်းထိုးက ကွမ်းယာဆိုင်မှာ ကွမ်းဝယ်တော့
“ကွမ်းက နိုင်တီးတူးနဲ့ ငါးရာဖိုးကို လေးယာပဲရတော့မယ်နော်အန်တီ”
“ရိုးရိုးဗမာဆေးနဲ့က ကွမ်းတစ်ယာကိုတစ်ရာလား”
“အန်တီအတွက်နှစ်ရာဘိုး ကွမ်းသုံးယာပေးပါမယ်”
“ဗမာဆေးနဲ့တစ်ထောင်ဘိုးယာထားလိုက်နော်၊စျေးဘက်ခဏလျှောက်အုံးမယ်၊လောလောဆယ်ကွမ်းတစ်ယာအရင်ပေးထားသားရေ၊ပါးစပ်ချဥ်လို့”
ကိုယ့်ရပ်ရွာမှာတော့ကွမ်းအစ်နဲ့တည်စားပေမယ့် ဒီမှာကွမ်းအစ်နဲ့မစားရဟုသမီးကအမိန့်ထုတ်ထားသည်။တိုက်ခန်းညစ်ပတ်မှာစိုးတာရယ်။သူ့ဦးက ကွမ်းနံ့မခံနိုင်တာ၊အသန့်အပြန့်ကြိုက်တာရယ်
စသည်ဖြင့် ပြောလိုက်တာမှစုံလို့။
စျေးထဲလျှောက်ကြည့်ရင်းဘာဝယ်ရမှန်းလည်းမသိသေး။သမီးကတော့သူနှင့်သူ့ဦးစားဖို့ စောစောကပဲ ဒလီနှင့်
အစားအသောက်တွေမှာထားသည်။
“သြော်အစ်မ၊စျေးလာဝယ်တာလား”
မျက်နှာချင်းဆိုင်အခန်းမှ ပွဲစား မမ
ကလှမ်းနှုတ်ဆက်သည်။
“ဟုတ်ကဲ့၊စျေးထဲဘာဝယ်ရမလဲလို့
ကြည့်နေတာ”
ပွဲစားမမက အဓိပ္ပါယ်ပါသောအပြုံးကိုပြုံးရင်း
“စျေးဝယ်ပြီးရင်လည်း ဟိုနားဒီနားသွားလည်နေပေါ့အစ်မရယ်၊ဟင်းဟင်းဟင်းဟင်း”
ပွဲစားမမ၏ ရယ်သံနှင့် စကားအဓိပ္ပါယ်ကို မခင်ဝေသိပါသည်။
ကိုယ့်ဘက်က လူပြောစရာဖြစ်နေတော့
လည်း ခေါင်းငုံ့ခံနေရတာကို ရှက်လှပါသည်။
နောက်ဆုံးတော့ပွဲစားမမစကားအတိုင်း
လဘက်နဲ့အကြော်စုံလေးဝယ်ပြီး အနီးအနားက ဘုရားလေးမှာ ငါးပါးသီလခံယူပြီး အေးအေးဆေးဆေးနေလိုက်တော့သည်။နေ့လည်စာကိုတော့ထမင်းနဲ့လဘက်သုပ်နဲ့ပဲ စားလိုက်ပါတော့မည်။
ပုတီးစင်မှာချိန်ထားသော ပုတီးတစ်ကုံးကိုယူ၍ ဂုဏ်တော်ပုတီးစိပ်နေလိုက်သည်။
စိတ်တည်ငြိမ်မှုကတော့မရသေး။
ချောဝတီကို ရွာပြန်ခေါ်ရင်ကောင်းမလားဟု ပုတီးစိပ်ရင်းအတွေးရောက်ပြန်သည်။
အို၊ငါတောင် လင်နဲ့မယားအတူတူမနေရပဲ လင်ကသမီးကြီးအိမ်မှာ၊ကိုယ်က ချောဝတီဆီမှာ ကပ်နေ နေရတာ၊အစက
တော့ ချောဝတီက မိဘတွေအတွက်လစဥ်နှစ်သိန်းထောက်ပံ့သည်။အခုသုံးလေးလမှာ ဝင်ငွေမကောင်း၍မထောက်ပံ့နိုင်တော့ဘူးဟုဆိုလာတော့ ခင်ပွန်းက သမီးကြီးအိမ်မှာ၊ကိုယ်ကချောဝတီဆီရောက်လာခဲ့သည်။
“သမီးငယ်ဆီကိုအဖေနဲ့အမေ လာနေချင်တယ်”
ဟုပြောစဥ် ချောဝတီကအပြင်းအထန်ကန့်ကွက်သည်။နောက်မှ
“အမေ့ကိုသမီးပြောပြမယ်၊အဖေ့ကိုတော့မသိစေနဲ့နော်၊သမီးကဆယ်တန်းလည်းမအောင်တော့ လစာလည်းမကောင်းဘူးအမေ၊သမီးပွင့်ပ့င့်လင်းလင်းပြောပါမယ်၊သမီးအခု အဖိုးကြီးတစ်ယောက်ရဲ့အငယ်အနှောင်းဘဝနဲ့ ရပ်တည်နေရတာ၊အခုနေ နေတာသူ့တိုက်ခန်းပါ။သမီးနံမည်နဲ့ဝယ်ပေးထား
တာလည်းမဟုတ်ဘူး။သူပေးတဲ့
လစာသဘောမျိုးနဲ့နေရတာ။အခုသူ့အလုပ်တွေအဆင်မပြေလို့ လစာလည်းလျှော့ပေးတာကြောင့်အမေတို့ဆီမပို့နိုင်တာပါ၊အခုအမေအရမ်းအခက်အခဲဖြစ်နေရင် သမီးနဲ့လာနေပါ။အဖေ့ကိုတော့မမကြီးတို့ဆီမှာပဲထားပါ၊အဖေနဲ့ဆိုရင် သမီးဘယ်လိုမျက်နှာနဲ့ရပ်တည်နေရမလဲအမေ”
ပုတီးကတော့စိပ်နေဆဲ၊ဂုဏ်တော်ကိုးပါးနဲ့တစ်ရာ့ရှစ်လုံးပုတီးက တည့်တည့်မကျတော့ ပုတီးအလုံးရေပိုလိုက်၊လိုသွားလိုက်နှင့် နောက်ဆုံးတော့ဘုရားကိုဦးချကာပုတီးကိုသူ့စင်မှာ ပြန်ချိတ်ထားလိုက်သည်။ဘုရားပရဝုဏ်မှာချိတ်ထားသော နံရံကပ်နာရီကဆယ်နာရီကိုညွုန်ပြနေပေပြီ။မိမိထွက်လာတာနှစ်နာရီခွဲပြီပဲ
၊ဒီအချိန်ဆိုရင် သူ့ဦးပြန်လောက်ပေရော့မည်။
********
“အန်တီ၊အခန်းပြန်တက်တော့
မလို့လား၊မတက်နဲ့အုံး၊ဟိုအန်ကယ်ကြီးကားကရပ်နေတုန်းနော်၊စေတနာနဲ့ပြောတာ”
ကွမ်းယာသည်လူငယ်စကားကြောင့် တိုက်ရှေ့မှာရပ်ထားသောကားနက်ကြီးကိုမြင်သည်။
ချောဝတီအကြောင်းကတစ်လမ်းလုံးသိနေကြပြီထင်သည်။သက်ကြားအိုတစ်ယောက်၏အငယ်အနှောင်းက အသက်နှစ်ဆယ့်ငါးနှစ်အရွယ်လေးတစ်ယောက်
ဖြစ်နေသည်။
လင်ကောင်းသားကောင်းရနိုင်တဲ့ရုပ်ရည်နဲ့ အဖိုးအိုဆီမှာ အငယ်အနှောင်းဖြစ်နေရရှာသောသမီးငယ်အတွက် ရင်ထုမနာဖြစ်ရသည်။
ကိုယ်ကရောဘာကူညီပေးနိုင်လို့လဲ၊အခုပဲဒီအဖိုးကြီးရဲ့ပေးစာကမ်းစာထဲမှာ
မိမိကပါ ဝင်ခိုလှုံနေရသည့်အဖြစ်ပါဘဲလေ။
ကွမ်းယာဘိုးတစ်ထောင်ကျပ်ကိုပေးနေစဥ်မှာ ထိုအဖိုးကြီးပြန်ဆင်းလာပြီးကားမောင်းထွက်သွားသည်။
အခန်းပြန်ရောက်တော့ ချောဝတီကရေချိုးရန်ပြင်ဆင်နေသည်။
“အမေနဲ့ဦးလမ်းမှာတွေ့ခဲ့သေးလား”
“ကားအနက်နဲ့လူလား၊တွေ့တယ်လှေခါးမှာ”
“သမီးအမေလားလို့ဦးကမေးတယ်၊သမီးနဲ့တူလို့တဲ့၊ဦးကဒီနေ့မုန့်ဘိုးငါးသိန်းကြီးများတောင်ပေးသွားတာအမေ၊လကုန်ရင်လစာသဘောမျိုးငါးသိန်းထပ်ရအုံးမယ်”
“သူ့မိန်းမနဲ့သားသမီးတွေသိရင် မလွယ်ဘူးနော်ချောဝတီရယ်၊နင်ရှာကျွေးနေတဲ့ထမင်းစားနေရတာ ငါမျိုမကျဘူး”
“အဟင်းဟင်း၊မပူပါနဲ့အမေ၊သူ့အဖွားကြီးက လေဖြတ်နေတာတဲ့၊သူ့သမီးအကြီးကဆရာဝန်၊သားအငယ်ကတော့
နိုင်ငံခြားမှာဆိုလားပဲ၊ဦးက လှ်ုင်သာယာမှာ စက်ရုံပိုင်တယ်လေ၊ဘာစက်ရုံလည်းလို့တော့မမေးမိပါဘူး၊အခုလည်းစက်ရုံသွားရင်းသမီးဆီကိုအရင်ဝင်တာ၊
သူ့မိသားစုလည်း မသိလောက်ပါဘူး၊စိတ်မပူပါနဲ့”
“ဒီတစ်လမ်းလုံးကတော့ညည်းတို့အကြောင်းအကုန်သိနေကြပြီနော်၊
သမီးလမ်းသွားရင် လူအထင်သေးမှာ မရှက်ဘူးလား၊အလုပ်တစ်ခုခုရှာပါလားသမီးလေးရယ်”
“ဆယ်တန်းမှမအောင်တာ ရရင်လည်းအလုပ်ကြမ်းပေါ့အမေ၊ရတဲ့လစာကနှစ်သိန်းပေါ့၊ရန်ကုန်မြို့မှာ ဘယ်လိုရပ်တည်မလဲ၊အခုလကုန်ရင်ငါးသိန်း၊ဒီကြားထဲမုန့်ဖိုးကငါးသိန်းပေး၊တစ်သိန်းပေး ပေးနေတာ၊အိမ်လခလည်းမကုန်ဘူး၊အထင်သေးမေးငေါ့နေကြသူတွေထမင်းမကျွေးပါဘူးအမေရယ်”
ဆင်းရဲတွင်းနက်ထဲက မိမိတို့ဘဝဟာ
မစင်ထဲမှာပျော်နေတဲ့လောက်လိုပါပဲလားဟုတွေးမိသည်။သူများအငယ်အနှောင်းဘဝနှင့်လှလှပပဝတ်စား၊မိဘကိုထောက်ပံ့ကျွေးမွေးနေသော ချောဝတီကတော့ပျော်နေရှာသည်။ချောဝတီလုပ်စာကိုစားနေရပေမယ့် ဘယ်အချိန်မှာဘာဖြစ်လာမလဲဆိုတာ တွေး ကြည့်မိတိုင်း ရင်ထဲမှာပူလောင်နေဆဲ။
*********
“အမေ၊မမကြီးဖုန်းဆက်တယ်၊အဖေရန်ကုန်ကိုထွက်လာပြီတဲ့၊ဘယ်လိုလုပ်မလဲ၊မနက်ဖြန်မနက်ဆို အဖေရန်ကုန် ရောက်ပြီ”
“အမေ ၊သမီးတို့အဖေကို ကားဂိတ်မှာသွားကြိုလိုက်မယ်၊ပြီးတော့အဲဒီကားဂိတ်ကပဲ အမေသူနဲ့ပြန်လိုက်သွားတော့မယ်၊တကယ်တော့အမေနဲ့သမီးအဖေက ငယ်စဥ်ကထဲကတစ်ယောက်စီခွဲမနေခဲ့ကြဖူးဘူး၊အခုစားဝတ်နေရေးခက်ခဲလွန်းလို့သာ သမီးနှစ်ယောက်ဆီမှာ ခွဲနေကြရတာပါ။
ကိုယ့်ရွာပြန်ရင်ပိတ်ထားတဲ့အိမ်တံခါးကိုဖွင့်၊သန့်ရှင်းရေးလုပ်ပြီးကိုယ့်အိမ်လေးမှာပြန်နေကြရမှာပေါ့။
တဝမ်းတခါးအတွက် ကွမ်းယာဆိုင်လေး
ဖွင့်မယ်၊ထုံးစပ်ပုံစပ်နည်းကို ကွမ်းယာသည်လေးကပေးမယ်ပြောထားတယ်၊
သမီးပေးထားတဲ့ငွေလေးကအမေမသုံးပဲစုထားတာနှစ်သိန်းကျော်ရှိသေးတယ်”
“အမေရယ်၊သမီးတို့အဖြစ်ကဆိုးပါတယ်”
“ကံကြမ္မာကိုရိုးမယ်မဖွဲ့ပါနဲ့သမီး၊အခုသမီးရပ်တည်နေတဲ့ဘဝက တစ်ချိန်ချိန်မှာ ဒီလူကြီးဆုံးပါးသွားခဲ့ရင်သမီးဒီတိုက်ခန်းကဆင်းပေးရမယ်၊ဒါမှမဟုတ်
သမီးကိုသူငြီးငွေ့လာရင် သမီးနေရာပျောက်ပြီ၊ဒါမှမဟုတ်သူ့သမီးဆရာဝန်မကသိလို့လာပြီးအရှက်ခွဲနှင်ချရင်လည်း သမီးဘာလုပ်မလဲ”
မခင်ဝေစကားအဆုံးမှာ ချောဝတီတွေဝေသွားသည်။
“ဟုတ်တယ်အမေ၊ဦးမှာသမီးအရင်ကလည်းမိန်းကလေးတွေရှိခဲ့ဖူးတယ်၊
အလွန်ဆုံးတစ်နှစ်လောက်ပဲတွဲတာတဲ့၊သမီးကိုတွဲနေတာတော့သုံးနှစ်ရှိပြီ၊အမေပြောသလိုသမီးကိုသူငြီးငွေ့လာရင်”
“အခုသမီးအနေအထားကိုရပ်လိုက်ပါတော့သမီး၊အမေ့သမီးလေးကိုအမေနှမျောတယ်၊မနက်ဖြန် အမေနဲ့ရွာကို
ပြန်လိုက်ခဲ့တော့နော်၊ကိုယ့်ရပ်ရွာမှာမချမ်းသာလည်း ထမင်းတော့မငတ်သေးပါဘူးသမီးရယ်၊ငါ့သမီးလေးကအခုအချိန်အထိလှနေတုန်း၊အချိန်တန်ရင် လင်ကောင်းသားကောင်းလည်းရနိုင်
သေးတာပေါ့၊”
အလွန်မတရားရာကျသောနွားမရွှံ့ပိတ်စကားကို မခင်ဝေပြောဖြစ်ပါသည်။ကိုယ့်သမီးလေးကို ဆင်စီးပြီးမြင်းရံစေချင်သေးတာပဲ။ကိုယ့်ဒေသနဲ့ရန်ကုန်ကမိုင်ပေါင်းသုံးရာကျော်ဝေးတာပါ။ချောဝတီအကြောင်းလည်းဘယ်သူမှမသိနိုင်ပါဘူးဟု မခင်ဝေအတွေးရောက်သည်။
**********
“အမေပြောသလိုအဖေ့ကိုကားဂိတ်ကခေါ်ပြီးအတူတူအိမ်ပြန်လိုက်ပါ၊အမေတို့ရင်းနှီးစားဖို့အတွက်သမီးငွေဆယ်သိန်းပေးလိုက်ပါ့မယ်၊သမီးကိုတော့ တောကိုပြန်မခေါ်သွားပါနဲ့၊သမီးဒီဘဝမှာနေသားတကျရှိနေပါပြီ၊သမီးက
သူတပါးအိမ်ထောင်ကိုဖျက်တာမဟုတ်ပါဘူး၊အိမ်ထောင်ရေးမသာယာတဲ့လူကသမီးဆီကိုရောက်လာတာပါ။သမီးထိုက်နဲ့သမီးကံရှိပါစေတော့အမေ၊သမီးနောက်ထပ်ဝင်ငွေကောင်းရင်လည်းအမေနဲ့အဖေကိုထောက်ပံ့ပါအုံးမယ်”
ချောဝတီနှင့်စကားအရှည်ကြီးပြောပြီးချောဝတီကရေချိုးခန်းထဲဝင်သွားတော့သည်။
ရေချိုးခန်းထဲမှာ ချောဝတီကသီချင်းဆိုမပျက်။
ဘဝဆိုတာဒါပဲလားဟုမခင်ဝေတွေးမိသည်။
ခဏနေရင် ကွမ်းယာသည်လေးဆီမှာထုံးစပ်နည်းသွားမေးရအုံးမည်။
အခုတော့မနက်ဖြန်လာမည့်ချစ်ခင်ပွန်း
နှင့်ရွာပြန်လိုက်ရန် ပြင်ဆင်ရအုံးမည်။
မိမိထက်အသက်ကြီးသောသမက်မမည်သောသမက်ရုပ်ချောချောအဖိုးကြီးအကြောင်းကိုတော့ ချစ်ခင်ပွန်းရောသမီးကြီးမိသားစုရောမသိစေရဟု မခင်ဝေဆုံးဖြတ်ထားလိုက်ပါသည်။
မေတ္တာဖြင့်
မွန်းသည်းအိမ်
25/9/25