ဘုန်းကြီးကျောင်းသား

Posted on
ဘုန်းကြီးကျောင်းသား(စ-ဆုံး)
အကြင်သူ(ေယာမြေ)
…. …..
သည်မနက် ရွာထိပ်က ကြေးစည်သံ နောင်ကနဲ ကြားရသည်နှင့်တပြိုင်နက် ဆွမ်းခံတန်းကြွလာပြီကိုသိရသည်။ ဝါစဥ်အလိုက် စီတန်းလာသည့် သံဃာတန်းတွင် ချစ်စဖွယ် ကိုရင်ပုတုလေးများက ထိပ်ဆုံးတွင် ပါလာသည်။ ကြေးစည်ကိုင်ထားသည့် မောင်ကျောင်းသားကား ငိုက်နေသည်။ မျက်စိစုံမှိတ်ကာလမ်းလျှောက်ရင်း တချက်တချက် ကြေးစည်ကို ချော်ထုသည်ကိုမြင်ရသဖြင့် မပြုံးပဲဝါးလုံးကွဲရယ်လိုက်မိတော့သည်။
ပြောသာပြောရ သည်အရွယ်ကလေးများက မိဘအရိပ်တွင် စာသင်ရင်း အိပ်လိုက်စားလိုက်
ဆော့ကစားလိုက်နေရမည့်အရွယ်ပေကိုး။
ဘုန်းကြီးမိန့်ကြားချက်အရမူ တချို့မှာစစ်ရှောင်စခန်းမှလာကြသူဖြစ်ပြီး မိဘမစုံတော့သူနှင့် မိဘမဲ့သူ ကလေးငယ်များဖြစ်ကြသည်ဟုဆိုသည်။ တချို့မှာမူ မိဘများက ကျွေးမွေးစောင့်ရှောက်ရန် လက္ခဏာမဲ့ရှာကြသဖြင့် ဘုန်းကြီးထံ လာရောက်အပ်နှံထားသူများဖြစ်ကြပေသည်။
ထို့ကြောင့် မိမိက ထို မောင်ကျောင်းသား ကိုရင်လေးများ၏ ကျန်းမာရေးကို တတ်စွမ်းသမျှကူညီစောင့်ရှောက်ပေးနေရသည်။ သူတို့လေးတွေဖျားပြီဆိုလျှင် များသောအားဖြင့် ငှက်ဖျားပိုးတွေ့ရတတ်သလို သွေးလွန်တုပ်ကွေးရာသီနှင့် ဝမ်းပျက်ဝမ်းလျောချိန်တို့တွင် အလုပ်ပိုရသည်။ ကိုရင်အများစုကမူ ခေါင်းတွင်ဒက်ထူကြသည်။ စာအံချိန်တွင် ခေါင်းကိုတဗျစ်ဗျစ်ကုတ်ရင်း ပိုးဝင်ပြီး ပြည်တည်နာဖြစ်ကာ အနာခွဲရသူများလည်းရှိသည်။
ထို့ကြောင့် သူတို့အိပ်ယာအသုံးအဆောင်တို့ကို လျော်တန်လျော်၊နေပူတွင် လှန်းတန်လှန်းပေးရသည်။ မှိူပိုးသတ်ဆေးကို မြို့သို့လှမ်းမှာရသည်။
နေထိုင်မကောင်းလျှင်
အာဟာရဖြစ်စေမည့် ချိုချိုချဥ်ချဥ်လေးများကို တတ်စွမ်းသမျှရှာဖွေကျွေးမွေးရပေသည်။
တခြားသူမဆိုထားဘိ အိုစနာကျနေသည့်အရွယ်ဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းလည်းဖြစ်သေးသည့် မိမိပင်လျှင် နေထိုင်မကောင်းသည့်အချိန်တွင် မိဘရင်ခွင်ကို တမ်းတမိသည်။
မိဘမဲ့ရှာသည့် ကိုရင်နှင့် မောင်ကျောင်းသားလေးတို့အရွယ်မူကား ဆိုဘွယ်ရာမရှိတော့ပြီ။ အားငယ်စိတ်ဖြင့်ညှိူးနွမ်းနေရှာသည့် သူတို့လေးတွေကိုကြည့်ပြီး ရင်ထဲလှိူက်တက်လာသည့် ဝမ်းနည်းမှူက ဘာနှင့်မှနှိူင်း၍မရ။
သူတို့ နေကောင်းကျန်းမာချိန်ဝယ် ကိုရင်လေးများက သက်န်းခါးတောင်းကျိုက်ကာ ဂျွမ်းထိုး၊ မောင်ကျောင်းသားတို့က အမှိူက်လှည်းရင်း ​တံမျက်စည်းရိုးကို ဒက်ဂလုပ်.. ဒက်ဂလုပ်ဟုပါးစပ်မှအော်ရင်း မြင်းစီးနေကြသည့်မြင်ကွင်းကိုကြည့်ကာ ကြည်နူးရသည်။ ထိုထိုဘဝတို့ကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ရသည့် မိမိငယ်ဘဝကိုပင် ပြန်လည်အမှတ်ရမိသွားသည်။
….. …..
မိမိ သုံးတန်းစာမေးပွဲဖြေပြီး၍ နွေရာသီကျောင်းပိတ်ချိန်တွင် အမေကဆွမ်းတအုပ်ဖြင့် မုခ်ဦးကျောင်းဆရာတော်ထံအပ်နှံလေသည်။
ထိုခေတ်က ယဥ်ကျေးလိမ်မာသင်တန်းဟူ၍မခေါ်သေး။ ဗုဒ္ဓဘာသာယဥ်ကျေးမှူသင်တန်းဟူ၍ခေါ်သည်။ အမျိုး ဘာသာ သာသနာစွဲကာ အစွန်းရောက်သည့် မဘသဘုန်းကြီးလည်းမရှိပေ။
မိမိကိုယ်ပိုင် သီလ သမာဓိ သိက္ခာတို့ဖြင့်သာ နှလုံးသားထဲတွင် သာသနာအပြည့်တည်ပြီးမှ မိမိတာကို လုံအောင်ကာတတ်သည့် သံဃာစစ်စစ်က သာ၍များခဲ့သည်။
ဆိုရလျှင် အမေကား ဆရာတော်ထံဆွမ်းတအုပ်နှင့်သမီးကို စိတ်ချစွာ အပ်ပြီးပြန်သွားလေပြီ။
မိမိမှာသာ သွားလေရာ ပက်ကျိလို အရာရာနှင့်အကြောင်းကြောင်း ဆိုသလို ကျောင်းစအပ်သည့်နေ့မှာပင် ဆောက်လုပ်ဆဲ ဆွမ်းစားဆောင်အပေါ်သို့တက်ကာ ခိုနှိူက်ရာမှ လိမ့်ကျပြီး လက်ကျိုးလေတော့သည်။
လက်ကျိုးသောလူနာကား နှစ်ရက်ခန့်သာ ကုပ်နေပြီး နောက်ရက်များတွင် လုံးဝငြိမ်ငြိမ်မနေ။
နံက်ကိုးနာရီသာသာကတည်းက ကျောင်းသို့သွားပြီး ဘုန်းကြီးကျောင်းအောက် တနိမ့်ဆင်ခြေလျောတွင် ဆောက်ထားသည့်
ဘုန်းကြီးမယ်တော် အိုကျော့(ဒေါ်ကျော့) တဲသို့သွားပြီး မွှေသည်။ တဲဘေးမှ သကြားသီးပင်ကို လက်ကျိုးနေ၍ အပင်ပေါ်တက်မခူးနိုင်သည့်အတွက် ခဲနှင့်ပစ်သည်။
မယ်တော်ကြီးက တဟဲ့ဟဲ့ လှမ်းအော်လျှင်နီးရာခြုံပုပ်ထဲတွင် ပုန်းကာခိုရသည်။ မိမိလက်ချက်မှန်းမသိရှာသည့် မယ်တော်ကြီးကား သူ့စိတ်ထင်သည့် ကျောင်းသားများကို နာမည်တပ်ကာမာန်လေတော့သည်။ ခြုံပုပ်ထဲမှ မယ်မွှေသီးကား တခွိခွိရယ်ကာ သဘောကျ၍မဆုံးတော့ပြီ။
…… …….
ဘုန်းကြီးကျောင်းသားလက်သစ်ကား တာဝန်များလှခြိမ့်။
ဆွမ်းစားပြီးချိန်တွင် အပေါ်ကျောင်းမှ “မယ်မယ်ကြီး ဆွမ်းလာယူလို့ရပါပြီခင်ဗျား”ဟူသည့် ကျောင်းသားများအသံကြားသည်နှင့်တပြိုင်နက် ဟင်းခွက်အလွတ်များစီထည့်ကာ အသင့်ပြင်ထားသည့် ကြေးလင်ဗန်းကြီးကို ခေါင်းပေါ်ရွက်ကာ မယ်တော်ကြီးအိုကျော့ကို လက်တဘက်ကတွဲရင်း တက်လာရသည်။
သီလ သမာဓိ ပညာပြည့်စုံလှသည့် ထေရ်ကြီးဝါကြီးမို့ ဆွမ်းဟင်းများကားစုံလှပေသည်။
မျက်စိလျင်သည့်မိမိက လှေကားအတက်ကတည်းကပင် ဟင်းပွဲများကို စုံတကာစိအောင်မြင်ပြီးသားမို့ မယ်တော်ကြီးအကြိုက်ထက် မိမိကြိုက်သည့်ဟင်းခွက်တို့ကို မောင်ကျောင်းသားတို့နှင့် မျက်လုံးချင်း စစ်ခင်းပြီး ဖျိုးကနဲဖျတ်ကနဲ လှယ်ယူတော့သည်။
မယ်တော်ကြီးကမူ အသက်ကြီးပြီမို့ ဟင်းခွပ်ပွင့်သုပ်၊ ပဲကြီးနှပ်၊ ပဲပုပ်ထောင်း၊ ကင်ပွန်းချဥ်နှင့်ငါးလေးအိုးကပ်ဟင်းတို့လောက်ကိုသာ ယူတတ်သည်။
အချိုပွဲဘုဥ်းပေးနေသည့် ဆရာတော်ကြီးက
ဘုန်းကြီးကျောင်းသားလက်သစ်ကို ပြုံးပြီးကြည့်နေသည်။
” ဟဲ့ ကျောင်းသားတွေ.. မယ်ကြင့် သွက်လက်ချက်ခြာပုံကိုတွေ့လား..ကလေးဆိုတာ အဲသလိုမှပေါ့ကွဲ့…ယူ..ယူ..သမီးကြိုက်တဲ့မုန့်တွေပါထည့်သွား ကြားလား”
ဘုန်းကြီးက ပ စားပေးထားသည့်အတွက် ကျောင်းသားများက မိမိကိုမကျေနပ်သော်လည်းအထွန့်မတက်ရဲကြ။
မိမိကလည်း မယ်တော်ကြီး၏ လက်ကသုံးတောင်ဝှေးမို့ အဝတ်လျှော်ပေး၊ ချိုးရေခပ်ပေး၊ ထမင်းပြင်ကျွေးယုံမက နင်းနှိပ်ပေး ဆံပင်ဖြူပါနှူတ်ပေးသေးသည်။ ဥပုသ်နေ့များတွင် သားတော်ကြီးထံ သီလယူရန်တက်လာသည့် မယ်တော်၏ရှေ့ကပြေးနှင့်ကာ ဖျာချောလေးကို တတန်တက ခင်းထားပေးရသေးသည်။
ထို့အပြင် အမေဆူငေါက်လိုက်သည့်နေ့များတွင် လင်းနို့ချေးနံ့ နံနေသည့် သူ့တဲလေးဆီ ခဏခဏ အိမ်ဆင်းလာတတ်သေးသည်။
သူ့မယ်တော်ကို စောင့်ရှောက်သောကြောင့် ဘုန်းကြီးကလည်း မိမိကိုချစ်ခင်ရှာပေသည်။
သို့သော်ကလေးပီပီ အိုးနင်းခွက်နင်း မကြာခဏဖြစ်တတ်သည်။
ဥပမာ အလျင်လိုသည်ဟုဆိုပြီး
ယောဂီလုံချည်ကို မယ်တော်ကြီးခေါင်းမှစွပ်ပြီးဝတ်ပေးလိုက်မိခြင်း၊ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဟုဆိုကာ မယ်တော်ကြီးဘုရားစင်မှ
ဆွမ်းတော်မကပ်ရသေးသည့်ဆွမ်းပွဲကို ဘုမသိဘမသိစွန့်ကာ အဝတွယ်နှင့်ခြင်း ၊ သူ ရေနွေးကြမ်းဝိုင်းဆင်ချိန်တွင် အမြည်းခွက်ကို ရှပ်တိရှပ်ပလာဖြင့် တက်နင်းမိခြင်း၊ ရှေးလူပီပီ အတိုအစအဟောင်းလေးများသိမ်းထားတတ်သည်ကို အမှိူက်ဟုဆိုကာ ချောက်ကမ်းပါးထဲသို့သွန်ချမိခြင်း ၊ သူတရားနာလက်စ ကက်ဆက်ခွေကိုထုတ်ကာ ပန်တျာတင်တင်မြင့်၏ မုန်တိုင်းအငြိမ့်ခွေကိုထည့်ထားမိခြင်းအစရှိသည့် အချင်းအရာများကားတနေ့တမျိုးမရိုးရပေ။
တရက်သား အသက်ကြီးနေသည့်မယ်တော်ကြီးအား တရော်ကင်ပွန်း သပွတ်ခါးသီး ရှောက်ရွက်တို့ဖြင့် ခေါင်းလျှော်ပေးရင်း အချိန်ကြာသွားမိသည်။
မယ်တော်ကြီးချမ်းနေပြီဟုဆိုသော်လည်း
ကလေးဆိုတော့ မလုပ်တတ်မကိုင်တတ်သဖြင့် တရော်အချွဲက တော်တော်နှင့်မပြောင်။
ရပ်ပါတော့ဟုပြောနေသည့်ကြားက ခေါင်းလျော်ရည်မစင်သေးဟုဆိုကာ တဗွမ်းဗွမ်းလောင်းချိုးမိသဖြင့် ခမျာ ဖျားရှာလေတော့သည်။ အဖျားက တော်တော်နှင့်မကျသဖြင့် ရှူံးရှီရွာထဲမှ ဆရာကိုပင့်ကာဆေးထိုးရလေသည်။
ရာဇဝတ်အိုးကို ခြေမနှင့်ထိုးမိသော မိမိကား ကြောက်လန့်ပြီး ကျောင်းသို့ပင်မသွားရဲတော့။
အမေတို့မေးလျှင်လည်း မဖြေရဲပဲ တရှိူက်ရှိူက်သာငိုနေမိတော့သည်။
နောက်ရက်တွင်ကျောင်းသားတယောက်ကို ဘုန်းကြီးက အခေါ်လွှတ်လိုက်သဖြင့် မိမိမှာ ဘုရားတပြီး ကျောင်းသို့လိုက်လာရသည်။ ဘုန်းကြီးကို ကန်တော့ရင်း မျက်ရည်လည်ရွှဲဖြစ်နေသည့်မိမိကို ဘုန်းကြီးက မဆူပဲ ပြုံးပြုံးကြီးကြည့်ကာ
” အလို..ကျောင်းပြေး ရောက်လာမင့်ကိုး.. သွား သွား ..မယ်တော်ကြီးဆီ လူမမာကြည့်ချေ..”ဟုလွှတ်လိုက်မှ မျက်ရည်ကြားက ဟီးကနဲ ရယ်မိရသည်။
……. …..
စပါး ပဲ ပြောင်း နှမ်းတို့ ကျီဝင်ပုတ်ဝင်သိမ်းပြီးသည့် ကောက်ခြေပြတ်ချိန်တွင် ဘုန်းကြီးကျောင်းမှ အလှူခံထွက်တတ်ကြသည်။ ရလာသည့် ဆန် ဆီတို့ကို မိမိရွာ ဆွမ်းတော်ကြီးကပ်ပွဲနှင့် ဝါတွင်းဥပုသ်သည်များကို ကျွေးမွေးရန် ၊ မဟာမိတ်ရွာများ၏ ဆွမ်းတော်ကြီးကပ်ပွဲများသို့ မိမိရွာမှပွဲလှည့်ထွက်ချိန် အလှူရံအဖြစ် ထည့်လှူရန် ကျောင်းဂေါပကများက စီစဥ်ကြခြင်းဖြစ်သည်။
အလှူခံထွက်ချိန်တွင် ဘုန်းကြီးကျောင်းသားများနှင့်မိမိတို့ ဗုဒ္ဓဘာသာယဥ်ကျေးမှူ သင်တန်းသူလေးများက မိုးဇာဗျော၊ ရုပ်သေးပွဲ၊ ရပ်ကြီးသူ၊ ပန်တျာကြည်လင်နှင့် ပန်တျာတင်တင်မြင့်စုံတွဲခုနစ်သံချီမြိုင်ထ သီချင်းများဖြင့်တီးမှူတ် ကခုန်ကြရသည်မှာ အင်မတန်ပျော်စရာကောင်းလှသည်။
ရွာလုံးကျွတ်အိမ်ပေါက်စေ့ မလှူသူမရှိ ။
ကာလသားများက ဆီအိုးကြီးကို ဝါးလုံးဖြင့်ပင်ထမ်းယူရသည်။
အလှူခံအဖွဲ့အတွက် အချို့က အိမ်ရှေ့တွင် မန်ကျည်းဖျော်ရည် ၊ဆီးဖျော်ရည်၊ မုန့်လက်ဆောင်း နှင့်စားစရာ လက်လုပ်မုန့်ကလေးများကို ချပေးထားတတ်ကြသည်။
မိမိတို့ သားငယ်သမီးငယ်လေးများ ကခုန်နေသည်ကို ကြည့်ကာပီတိဖြစ်ရင်း ဆန်တပြည် ဆီတမှူတ်ကို သဒ္ဓါကြည်ဖြူ လောင်းလှူတတ်ကြပေသည်။
မျက်နှာချေအဖွေးသားနှင့်မိမိတို့ကား ထုံးစံအတိုင်း လှည်းပေါ်တွင် သူ့အလှည့် ငါ့အလှည့်ငြင်းခုန်ရင်းလိုက်ပါလာကြသည်။ ဓာတ်စက်ကိုင်သည့် ဦးသန်းဖေလည်း သီချင်းပေါင်းစုံကို
ဖွင့်၍မနိုင်တော့ပြီ။
ပြောသာပြောရ မိမိတို့အုပ်စုကား
အလှူခံမထွက်ခင်ကတည်းကပင် ကျောင်းဝင်းထဲတွင် တဗိန်းဗိန်း ကခဲ့ကြသေးသည်။ အားလုံးကား “ဖိုးဆိုချင်”” မ က ချင်”တွေချည်းမဟုတ်တုံလော။
…… ……
“ဘောဒေဝပုတ္တ -အို..နတ်သား
လောကဓမ္မေဟိ -လောကဓံတရားရှစ်ပါးတို့နှင့် ဖုဌဿ -ကြုံတွေ့ရသောအခါ ယဿ -အကြင်သူ၏ စိတ္တံ -စိတ်သည်၊ န ကမ္မတိ မတုန်မလှူပ် အသောကံ-စိုးရိမ်ခြင်းမရှိ ဝိရဇံ-တပ်မက်ခြင်းဟူသောမြူလည်းမရှိ ခေမံ-ဘေးလည်းမရှိ
အတ္တိ-ရှိ၏။
ဧတံ -ဤလေးပါးသော တရားတို့သည် ဥတ္တမံ -မြတ်စွာသော မဂ်လံ -မဂ်လာမည်၏ဟူ၍ တွံ -သင်နတ်သားသည် ဂဏှာဟိ -မှတ်လေလော့။ “
“ဇေတဝန်ကျောင်းတော်သည် လေးထောင့်လော စမ္ပာယ်ရုံလော ဦးပြည်းလော”
“တိဘုမ္မိကေသု ဂန္ဓကုဋိ ဆိုသည့်အတွက် စုလစ်မွမ်းချွန် ဘုံသုံးတန်အဆင့်ရှိသော ဇေတဝန်ကျောင်းတော်ဖြစ်ပါသည်အရှင်ဘုရား”
“ကယောက်ကယက် ကျက်ကျက်ပျောက်ပျောက် စားသောက်အိပ်နေ မရှိစေနှင့်၊ သေသေသပ်သပ် စိတ်ယူစွဲ၍အမြဲမှတ်”
“သုံးဆောင်ရေနှင့် သောက်ရေအိုးတွင် ရေနည်းမြင်သော် ခေါ်ငင်ညီညွတ် သွား၍ခပ်”
“ရေခပ်သွားလည်း ကစား၍သာမနေနှင့် ။ကစား၍သာ ရေမှာကြာသော် သဲဒဏ်ရေဒဏ် ပေးရမှန်သည် ခံမည်သာကြံလော့ မင်းတို့ကျော”
“ရှေ့ကစူးစူး ဒူးလက်ကိုထောင် ထိုင်ဆောင့်ကြောင့်နှင့် ပေါင်ထောင်လက်ကား အပါးကြပ်ကြပ်မနေအပ်”
“ရှင်နှင့်သူငယ် သောက်ရေအိုးကို အခြားတည်၊သုံးဘွယ်မသင့် ကျောင်းဦးရေကို မသောက်နှင့်”
ဘုန်းဘုန်းက စာအံခိုင်းလျှင် ပါဠိအနက်နှင့်တကွ ပြန်ရသည်။ ရှင်မဟာသီလဝံသဆုံးမခန်းကို ဆိုရမည့်အလှည့်ကျလျှင် အမူအယာတွေလုပ်ပြီး
တယောက်နှင့်တယောက်လက်ညှိူးထိုးကာ စာအံလျှင် ဘုန်းဘုန်းက ရယ်လေတော့သည်။
“ဟဲ့…မယ်ကြင်..နင်တို့တွေ
ကြက်တူရွေးစာအံသလိုမလုပ်ကြနဲ့…လက်တွေ့လိုက်နာကျင့်ကြံဘို့ သင်နေတာ ကြားလား”
“တင်ပါ့ဘုရား “
ဘုန်းကြီးမည်သို့ပင်ဆုံးမစေကာမူ ဆရာကွယ်လျှင် စာအံသံကြီးက တဖြည်းဖြည်းတိုးလာကာ များမကြာမီ လုံးလုံးပျောက်ကွယ်လေတော့သည်။
အသို့နည်း။
မိမိတို့ကား တယောက်နှင့်တယောက် ရွှံ့လုံး၊ ဆီးဖြူသီးတို့နှင့်ထုသူထု၊ ပေသီး(ဂျင်)ကို ခိုးပြီး ပေါက်သူပေါက် ၊ သရေကွင်းကို တပင်ချင်းဆက်ကာ ကျိုးကျစ်ပြီး ဖန်ခုန်သူကခုန်ကြ၊ ခွေးလှေးယားသီးမှူန့်ကို သူများ နောက်ကျောထဲ အသာထည့်သူထည့်ဖြင့်မျောက်ရှူံးအောင်ဆော့နေကြတော့သည်ကိုး။
ဘုန်းကြီးက သူ မကျိန်းသေးခင် အသံတိတ်သွားလျှင် သူ့အိပ်ယာဘေးမှကြိမ်လုံးဖြင့် ကြမ်းပြင်ကိုတဗြန်းဗြန်းရိုက်ကာ ခရာတုတ်တတ်သည် ။ ထိုအခါမျိုးဝယ် တော်လဲသံထက်ဆိုးအောင် ပါးစပ်ထဲတွေ့သမျှစာကို ကျွက်ကျွက်ညံ အံကြပြန်လေသည်။
ဘုန်းကြီးနိုးလာလျှင် နေ့လည်ခင်း သွားရည်စာ မုန့် သစ်သီးတို့ကိုကျွေးတတ်သဖြင့် ထိုအခါမျိုးဝယ် မိမိတို့မှာ မှိန်မှိန်ရရ နေရသေးသည်။ သို့မဟုတ်လျှင် ဘုန်းကြီးစိတ်ဆိုးပြီး ကျက်သရေခန်းကို ပိတ်ထားပါက မိမိတို့မုန့်ငတ်လျှင်မခက်ပါလော။
နောက်ပိုင်းတွင် မြို့၌ စာသင်ရာမှ ခဏပြန်လာကြသည့် ဦးပဥ္ဇင်းနှစ်ပါးက အလှည့်ကျ လူဆိုးထိန်းရပေသည်။ဦးပဥ္ဇင်းတို့က အသက်နှစ်ဆယ်သာသာအရွယ် ပဥ္ဇင်းပျိုများပေမို့ ကလေးများကို အလိုလိုက်ကြသည်။
ထို့ကြောင့် အ ဂါရဝ ဆိုသည်ကို နားမလည်သေး
သောမိမိတို့မှာ မကြောက်ကြ။ သူတို့ကလည်းဘုန်းကြီးလစ်လျှင် ကလေးများနှင့်အတူစကားပြောလိုက် အတူကစားလိုက်လုပ်ပေးတတ်ကြသည်။
“ဘုန်းကြီး ဘုန်းကြီး ကတုံးကြီး အုန်းသီးမစားရ”ဟု မိမိကဆိုလျှင် “စားမယ် စားမယ် ဘာဖြစ်လဲ နင့်အမ ငါယူမယ်” ဟု ဦးပဥ္ဇင်းတို့က ပြန်ချေပတတ်သည်။
သို့ဆိုလျင် အမ အပျိုအရွယ်များရှိသောမိမိမှာ ပြန်မချေပတတ်သဖြင့် ငိုရတော့သည်။
ညနေရေခပ်ဆင်းချိန်ရောက်လျှင် ဘုန်းကြီးကျောင်းသို့ ရေလှူသည့်ဓလေ့ရှိသည့်အတွက် မိန်းမပျိုလေးများက ရွက်အိုးကိုယ်စီဖြင့် ရောက်လာကြပေပြီ။
မိန်းကလေးများပီပီ စကားဝါ၊ လုမ္ဗဏီအင်ကြင်း၊ ဇွန် ၊စပယ်၊ မြတ်လေး၊နှင်းဆီတို့ မြိုင်ထနေသည့် ပန်းစုံတောကို မခို့တရို့ကြည့်ကာ တီးတိုးစကားဆိုကြလျှင် ကျောင်းသားကြီးများက ခါးတောင်းကျိုက်ပြင်ကြတော့သည်။ မိမိတို့ ကလေးများက ပန်းကိုတစာစာတောင်းသော်လည်း သူရို့က မကြားဟန်ဆောင်နေတတ်ကြသည်။
သို့ဆိုလျှင် ကျောင်းသားကြီးများကို ဆုံးမ
နိုင်သည့် ဦးပဥ္ဇင်းများထံသွားပြီးပူဆာရသည်။
“ဟဲ့ မယ်ကြင် ပန်းတွေ နင်တယောက်တည်း အကုန်ယူမထားနဲ့နော် ရေလာလှူတဲ့သူတွေ ဝေပေးလိုက်ဦး သူငယ်မ”
လောဘအိုးမိမိမှာ မပေးချင်ပေးချင်ဖြင့် အပျိုများကိုပန်းဝေရတော့သည်။
“ရော့ မမထွေးပန်ဖို့တဲ့.. ဦးဇင်းကပေးခိုင်းတာ “
“ဒီနေ့ စကားဝါပန်းက ခါတိုင်းထက် အပွင့်လှလှကြီးတွေနော် အင့်…မမနီဖို့ တဲ့…ဦးဇင်းက ရွေးပေးလိုက်တာ”
“မမသန်းရေ..ဦးဇင်းက ပန်းပေးခိုင်းတာ ဘယ်သူ့မှမပြောနဲ့နော်”
အစရှိသဖြင့် အဓိပ္ပာယ် နှစ်ခွထွက်သည့်စကားမှန်းမသိ ဘာမှန်းမသိ လျှောက်ပြီးအာချောင်မိသည်။ သူတို့ကဘေးလူကို လက်တို့လျှင် ဟိုလူကပေးပါဦး သည်လူကပေးပါဦး ဆိုပါက
မိမိဝေစုပန်းထဲမှ ထပ်နှူတ်ရမည်ကိုစိုးသည်လည်းပါပေသည်။
ပန်းကိုယူကာ ရှက်သွေးဖြာနေသည့် အပျိုချောများကို ဦးပဥ္ဇင်းပျိုတို့ခမျာ နားမလည်ရှာကြ။
မိမိကား အပျိုများထံမှ မာလကာသီး၊ သရက်သီး၊ မြေပဲလှော်၊ ရှားမီးချိုချဥ်တို့ကို တွယ်လိုက် ဦးပဥ္ဇင်းများထံမှ ပန်းကိုသွားပေးလိုက်လုပ်ရင်း နေ့တိုင်းလိုလို ခံတွင်းနှစ်ခွ မြင်းလှရာဇာလုပ်နေတော့သည်။
နောက်ပိုင်းတွင် ကျောင်းသားကြီးများထံမှသတင်းပေါက်ပြီး ဗျတ္တပန်းဆက်ဇာတ်လမ်းပျက်သွားသလို ဦးပဥ္ဇင်းများလည်း သူတို့အခန်းမှ အပြင်သို့ပင် မထွက်ရဲကြတော့ပေ။
မိမိကိုကား “သယ် ဒီကလေးမ တယ်စွေ့သကိုး “ဟု အနည်းငယ်သာ မာန်ယုံမာန်ကြ၍ တော်ပေရော့သည်။
…… ……
အဘိဓမ္မာ သဒ္ဒါ သဂြိုဟ်တို့ သင်ရသည့်နှစ်တွင် မိမိက လေးတန်းဖြေဆိုပြီးချိန်ဖြစ်သည်။
စိတ် စေတသိက် ရုပ် နိဗ်လေးရပ် ပရမတ်”
“သိ ပယ် ဆိုက် ပွား လေးပါးကိစ္စအပိုင်ရ မုချပရမတ်”
“လောရှစ် ဒေါနှစ် မောလည်းနှစ် ဆယ့်နှစ်အကုယူ”
အစရှိသည့် စာတို့ကို အံရင်း အကုသိုလ်စေတသိက်ဆယ့်လေးပါး ၊ မဂ္ဂင်ရှစ်ပါး အစရှိသည်တို့ကို ဘုန်းကြီးက ပုံပြင်ထုတ်ပေးလျင် မိမိတို့က သရုပ်ခွဲရသည်။
ဘုန်းကြီးသင်သည့်သခ်န်းစာကို အင်မတန် အာတွေ့နေသောမိမိမှာ မြောက်ကြွကြွဖြစ်လာပြီး
အိမ်တွင် တရားဟောယုံအားမရပဲ အခြားသူများကိုပါ ခဏခဏသွား၍အာချောင်တတ်သဖြင့် အမေက “ပိဋကတ်အိုးကွဲ” ဘွဲ့ကိုပေးလေတော့သည်။
မှတ်မှတ်ရရ အဖြစ်တခုလည်းရှိဖူးသည်။
ရွာထဲတွင် အသက်ခုနစ်ဆယ်သာသာ ဆွမ်းဒါယိကာမ အပျိုကြီးတဦးရှိသည်။
ထိုအပျိုကြီးက ကပ္ပိယများနှင့်အဆင်မပြေ။
ကျောင်းသားများကိုလည်း ကြည့်မရ။
ထို့ကြောင့် ဆွမ်းစားကာနီးမှ ဆွမ်းလာပို့တတ်သလို သူယူလာသည့်ဆွမ်းပွဲကိုလှယ်ပြီးလျှင် သူ့ဟင်းကို ဘုန်းကြီးစား မစား ငုပ်တုပ်ထိုင်ကြည့်နေတတ်သည်။
ဘုန်းကြီးပွဲစွန့်လျှင် သူ့ဟင်းကိုကပ္ပိယများစားမည်စိုးသဖြင့် ပြန်လှယ်ယူသွားတတ်သည်။ သူက ကုံလုံကြွယ်ဝသူမို့ ဆွမ်းဟင်းတွင်အသားတမျိုးမျိုးနှင့် မြို့တွင်သာရသည့် မုန့်ခဲဖွယ် အဆန်းလေးများပါတတ်သည်။ မိမိတို့ကလည်း ကလေးများပီပီ သူ့ဆွမ်းပွဲကို မက်စက်စွာ စိတ်ဝင်စားကြရသည်။
တရက်သား သူ့အိမ်တွင် မြက်နှူတ်ကူ ဟင်းရွက်သင်ကူရင်း မင်းကုသနှင့်ပပဝတီဇာတ်ထုတ်ကို ပြောကာ ဆွမ်းဟင်းကျန် ပြန်လှယ်မယူရန်စည်းရုံးရသည်။
မိမိလို သူငယ်နှပ်စားမလေးက ကြားဖူးနားဝဖြင့် စေတနာသုံးတန်မပြတ်လျှင် အကျိုးပေး မည်သို့မည်ပုံ ကွာသွားသည်ကို ပြောလေရာ “အံမယ် ရှင်မယ်ကြည့်သမီးက တယ် တတ်လှပါကလား”ဟုဆိုကာ
အပျိုကြီးက တဟားဟားရယ်တော့သည်။
တဆက်တည်း တချို့ပန်းများက လှသော်လည်းမမွှေးကြောင်း၊ မွှေးသောပန်းတိုင်းလည်း မလှကြောင်း၊ လှသော မွှေးသောပန်းများကို လူတိုင်းနှစ်သက်ကြကြောင်း ထိုပန်းတို့လို အရီးကိုဖြစ်စေချင်ကြောင်း ပန်းတို့၏နိမိတ် နမူနာက
လူတွေ၏ ဒေါသ၊ မာန၊ ဒိဌိတို့နှင့် အလားသဏ္ဍာန်တူကြကြောင်း ထပ်လောင်းကာ ဝါယောပွားရသည်။
အသက်ကြီးသော်လည်း အင်မတန်အလှကြိုက်သော အရီးအပျိုကြီးကား ငွေကြေးချမ်းသာသော်လည်း အကျည်းတန်ရှာသူမို့
သူ့မျက်နှာကိုစမ်းကာ ဘုရားတလေတော့သည်။
“အလို.. ငါ့မျက်နှာက ကျောက်ခွက်မာတွေက ဂျပန့်ခေတ်က အမွေပါအေ.. ညည်းပြောကာမှ ငါ့မှာ မိစ္ဆာဒိဌိ လုံးလုံးဖြစ်ရပါပကော..နောင်ကိုဆွမ်းဟင်းတွေ အိမ်ပြန်မယူတော့ပါဘူး..သို့ပေသိ သည်စကား သည်မှာတင်ရပ်..ကြားလား”
အပျိုကြိးထံ အာမဘန္တေခံခဲ့သော
မိမိကား စပါးငါးတင်းမရချင်​နေဆိုသည့်အတိုင်း ထိုအကြောင်းကို ဘုန်းကြီးထံ ပြန်လျှောက်တော့ ဘုန်းကြီးရော ကပ္ပိယများ ကျောင်းသားများပါခွက်ထိုးခွက်လှန် ရယ်ကြလေတော့သည်။
“ညည်းက အာဂဘုန်းကြီးကျောင်းသားပဲဟဲ့ .. ​မိန်းခလေးပေမို့သာပဲ.. ယောကျာ်းလေးသာဆိုမလွယ်လောက်ဘူး”ဟု မိန့်လေသည်။
……. ……..
ဘုန်းကြီးကချီးမွမ်းသော်လည်း
ကျောင်းသားလူစွေ့ မိမိတို့မှာ ကပ္ပိယကြီးများအလစ်တွင် သူတို့ စိမ်ထားသည့် ဖန်းခါးသီးနွားသေးစိမ်အိုးကြီးထဲသို့ လက်နှိူက်ကာ စားကြသလို ကြွပ်ရွနေသည့်မုန့်လေပွေကို အထပ်လိုက်ယူပြီး အသံမထွက်စေရန် အသာ ရေထဲနှစ်ကာ ခိုးစားတတ်ကြသည်။ တဗွက်ဗွက်ထနေသည့် ဟင်းပေါင်းအိုးကြီးထဲမှ ဟင်းဖတ်တို့ကို ယူကာ ခွေးကျွေးတတ်ကြသေးသည်။
ကပ္ပိယကြီးများသိလျှင် အသာကုတ်ပုကာ ပြေးကြရသည်ကို ပျော်စရာဟုထင်ခဲ့သည်။ ဘုန်းကြီးထံ သူတို့ပြန်တိုင်လျှင် အရိုက်ခံရမည်ဖြစ်သဖြင့် သူတို့က ဟန့်ယုံသာဟန့်ကြပြီး ပြန်မတိုင်ကြရှာပေ။
ဘုန်းကြီးကချစ်သော်လည်း
မိမိ အရိုက်ခံရသည့်အကြိမ်လည်းရှိဖူးသည်။
ထိုခေတ်က ရွာ့ထုံးစံ အသုဘချလျှင် ရှေ့ဆုံးမှ မိန်းမသူများက ပန်းပေါက်ပေါက်ကြဲကာ
ဘုရားပင့်လာရသည်။ ဘုရားဆိုင်းအဖွဲ့က ထိုအနားတွင်နေရပြီး ဗျိုင်းတောင် ၊မျောက်မင်းအူသံတီးသည့်အဖွဲ့က အလောင်းစင်နောက်မှ ကပ်လိုက်ရသည်။
ဘုရားပင့်အဖွဲ့နောက်မှ သံဃာတို့က လက်ကန်တော့ထိုးကာ စက္ခုအိန္ဒြေချပြီး အသုဘကမ္မဌာန်းစီးဖြန်းရင်းလိုက်ပါကြသည်။ ထိုနောက်မှ လှူဖွယ်ပစ္စည်းတို့ကို အပျိုများက စီတန်းရွက်လာကြသည်။
သူတို့နောက်မှ အလောင်းထမ်းစင်နှင့်အတူ မိသားစု ဆွေမျိုးမိတ်သဂ်ဟတို့ စုရုံးလိုက်ပါကြသည်။ မျက်နှာကြီးအသုဘဆိုလျှင် လိုက်ပါပို့ဆောင်ကြသည့် လူတန်းကြီးက ရှည်လှသည်။
မိမိတို့စာသင်ကျောင်းက သုဿန်အဝတွင်ရှိသည်မို့ အသုဘချလာတိုင်းမြင်နေရသည်။ တရက် အသုဘချလာချိန် ဘုန်းကြီးမြို့သို့ကြွနေသဖြင့် ခန်းနေဦးဇင်းပျိုနှစ်ပါးနှင့် အခြားရွာကျောင်းမှ ပင့်သံဃာများလိုက်ပါလာကြသည်။
အသုဘချချိန်နှင့် မိမိတို့ကျောင်းအားလပ်ချိန်ပေးသည်နှင့်ကြုံလျှင် စိမ်းခက်ရွက်ခံပေါ်ဝယ် ဖြူဖွေးနေသည့်စံပယ်တောကြီးလို ကျောင်းသားကျောင်းသူများကလည်း တပြုံကြီးထွက်ကြည့်တတ်ကြသည်။
သစ်ရွက်လှူပ်သည်ကို တခစ်ခစ်ရယ်တတ်သည့် အထိန်းမတတ်သည့် စိမ်းဆတ်ဆတ်မလေးတချို့မှာ “ဟဲ့ ဟိုဦးဇင်းလေးက အသားဖွေးဖွေး နှူတ်ခမ်းမွှေး ရေးရေးလေးနဲ့ တယ် ချောလှပါကလား”
“အို..နောက်က ဦးဇင်းကမှ ညိုစိမ့် ဗိုလ်လိမ့်ပါနော်” အစရှိသဖြင့် မောင်မစ္စက ဇာတ်ကိုတီးတိုးခင်းကြသည်။
ဘယ်သူကဖြင့်မငိုဘူး.. ဘယ်သူကဖြင့် သည်းအူပြတ်အောင်ငိုနေပါ့ကလား အစရှိသဖြင့်လည်း စပ်စုတတ်သေးသည်။(အခွင့်သာလျှင် ငိုအားထက်ရယ်အားသန်ရသည့် မသာများအကြောင်း ရေးပါဦးမည်)
ဤတွင် နေရာတကာ “အရာတွင် မကြီး “လုပ်ချင်သောမိမိမှာ ဦးဇင်းတို့နှင့် မည်မျှခင်ကြောင်းကြွားချင်ကာ “ဦးဇင်း ဦးဇင်း ” ဟုလှမ်းခေါ်လိုက်မိသည်။
ဦးဇင်းတို့က ဖျတ်ကနဲလှမ်းအကြည့် မိမိကလည်း ကလေးပီပီ လျှာထုတ်ကာ ပြောင်ပြလိုက် လက်ပြလိုက်လုပ်သဖြင့် ဦးဇင်းတို့မျက်နှာ ပြုံးတုံ့တုံ့ဖြစ်သွားပြီး ချက်ချင်းအိန္ဒြေဆယ်ကြရသည်။
နောက်တနေ့တွင် ဦးဇင်းများက လူအများရှေ့တွင် ထိုသို့မလုပ်ရန်ဆုံးမသော်လည်း ပိဋကတ်အိုးကွဲ မိမိမှာ သူတို့ကိုမြင်တိုင်း ဆက်လုပ်ပြနေသဖြင့် ဘုန်းကြီးကခေါ်ယူကာ ဦးဇင်းတို့ကိုကန်တော့စေပြီး သုံးချက်တိတိ ရိုက်ကာ ဆုံးမလေတော့သည်။
ထို့မျှမက “ရဟန်းသံဃာ အရိယာကို လူသာမဏေတို့ ချို့ချို့ငဲ့ငဲ့ ကဲ့ရဲ့ကျီစား လှည့်စားမပြု တုဖက်မဆို ရိုသေကြစေ။ မြွေပွေးမြွေဟောက် မထိစောက်သို့ ရွံ့ကြောက်စေ”ဟူသည့်ဆုံးမစာကို မရပ်မနားရွတ်စေကာ ကျောင်းဝင်းအတွင်း တံမြက်စည်းလှည်းခြင်း၊ သက်န်းလျှော်ရခြင်းတို့ကို ဒဏ်ခပ်လေသည်။
မိမိကား ဘုန်းကြီးရှေ့တွင် ဆုံးမစာကိုရွတ်ပြီး ကွယ်လျှင် “မုခ်ဦးကျောင်းလို့သာဆိုတယ် တကယ်က တုတ်ဦးကျောင်းကြီးပါတော့”ဟုဆိုကာ အဆက်မပြတ် ငိုကြောရှည်လေတော့သည်။
…… ……
မိမိတို့ ပထမနှစ်တွင် ဂုဏ်တော်များနှင့် အခြေခံဘုရားရှိခိုး ၊သီလဆောက်တည်ခြင်း၊ ဆွမ်း ရေချမ်း ပန်း ဆီမီးကပ်၊ ဆုတောင်းနှင့် ပရိတ်ကြီးဆယ့်တသုတ်၊ ဆုံးမစာတို့ကိုသင်ယူရသည်။ (စာမေးပွဲတွင် မဂ်လသုတ်ပါဠိနှင့် အနက်ကို အဓိကမေးတတ်သည်)။
ထို့အပြင် လောကနီတိကို ရာဇကဏ္ဍ၊ ပဏ္ဍိတကဏ္ဍ၊ မိတ္တကဏ္ဍ၊ သုဇနကဏ္ဍ အစရှိသဖြင့် ကဏ္ဍအလိုက်သင်ကြားရသည်။
ဒုတိယနှစ်နွေရာသီ
တွင်မူ အဘိဓမ္မာမြန်မာစာ ကို အသေးစိတ်သင်ယူရပြီး
တတိယနှစ်တွင် သဒ္ဒါ သဂြိုဟ်ကို အပိုင်းလိုက်သင်ယူခဲ့ရသည်။
ဘုန်းကြီးကား ထိုခေတ်အခါက ပရိယတ္တိ အရာတွင် ဓမ္မာစရိယ၊ ဝိနယပါဠိပါရဂူဘွဲ့နှင့် ပဋိပတ္ထိအရာတွင် မဟာစည်ဆရာတော်ဘုရားကြီးထံမှ နည်းနိဿယကို ကျင့်ကြံအားထုတ်ခဲ့သည့် မထေရ်မြတ်ပေမို့ တပည့်များကိုသင်ကြားရာတွင်လည်း သညာအသိနှင့် ပညာအသိကိုရှင်းလင်းလွယ်ကူစွာ ပို့ချသင်ကြား
ပေးတတ်သည်။
ထိုအရာတို့ကို ငယ်နုစဥ်က သိပ် နားမလည်ခဲ့။ မိမိအရွယ်ရောက်လာသောအခါမှ သိရှိနားလည်လာရသည် ။
ထို့ကြောင့် ဆရာ့ကျေးဇူး ဂုဏ်အင်ထူးကို ရည်စူးအခါခါ ကန်တော့မိရသည်။
……. …….
ဆွမ်းခံတန်းက ကျောင်းသို့ပြန်ရောက်သွားပြီဖြစ်သော်လည်း မိမိအတွေးစတို့မှာမူ သားသည်မအေ ရက်သည့် ရက်ကန်းလို တော်တော်နှင့် အဆင်မပြတ်နိုင်သေး။
အခြေနေအရပ်ရပ်နှင့် အကြောင်းတရားအမျိုးမျိုးတို့ကြောင့် ဂုဏ်တော်ပဌာန်းတို့ကို နှူတ်တက်ရွရွ ရွတ်ဆို ဦးချဖို့ရာ ဘုရားစင်နှင့်ကင်းကွာသည်မှာကြာခဲ့ပြီ။ သို့သော် နှလုံးသားဝယ် ဓမ္မနွယ်အနှစ်ကို အတတ်နိုင်ဆုံး တွယ်ရစ်ကာ ထားသည်မို့ နောင်တ မရမိ။
အမှန်တကယ်ဆိုရပါမူ ယခုအချိန်မှာ သီအိုရီ တဖွဖွ ရွတ်နေရမည့်ကာလ လွန်မြောက်ကာ လက်တွေ့ပရက်တီကယ် ဆင်းရမည့်အချိန်သို့ရောက်ပြီ မဟုတ်တုံလော။ ။
……. …..
စာချစ်သူတို့၏ မေတ္တာရိပ်အောက်မှ
အကြင်သူ (ယောမြေ)